← Chapters

အခန်း (၇၄၅-၇၄၆)

Vol. 47 Ch. 745-746

အခန်း (၇၄၅-၇၄၆)

Vol. 47 Ch. 745-746

အပိုင်း (၇၄၅)

နိဗ္ဗာနတပ်တော် မြို့ထဲသို့ ဝင်ရောက်ခြင်းမှ တားဆီးရန် ကြိုးစားနေခဲ့သည့် ကျုံးမျိုးနွယ် တပ်တော်မှ ရဲရင့်သည့် ခုခံမှုများက ယခု မရှိတော့ချေ။

သူတို့က မြို့ရိုးကို ကာကွယ်ဖို့ ဆုံးရှုံးသွားပြီဖြစ်သည်။ ပထမ နိဗ္ဗာန တပ်တော်က အနီးကပ် တိုက်ပွဲတွင် လုံးဝ ယှဉ်ပြိုင်၍ ရနိုင်သည့် လူမျိုး မဟုတ်ချေ။ တကယ့်ကို အားကောင်းလွန်းသည်။ ဒုတိယ နိဗ္ဗာန တပ်တော်ကလည်း အဝေးမှ ပစ်ခတ်မှုတွင် မည်သူမှ ယှဉ်ပြိုင်၍ မရနိုင်ချေ။

အခြေအနေက တစ်ဖက်သတ် သတ်ဖြတ်မှုပင် ဖြစ်၏။ တကယ်တော့ နိဗ္ဗာန တပ်တော်မှာ မြားတစ်သိန်း အောက် အနည်းငယ်သာ ကျန်တော့၏။ သို့သော်ငြား ကျုံးမိသားစု၏ တပ်စခန်းတွင် စစ်သည် တစ်သောင်းအောက်သာ ရှိ၏။ တစ်နာရီအကြာမှာတော့ ထျန်းရှစ်မြို့က လုံးဝ ပြိုလဲသွားခဲ့၏။ ကျုံးမိသားစု၏ အင်အား တစ်သောင်းနီးပါး ရှိသည့် တပ်စခန်းကြီးက လုံးဝနီးပါး ပြိုလဲသွားခဲ့၏။

မူလန်က ထျန်းရှစ်နယ်စား၏ စံအိမ်ထဲသို့ ဝင်ရောက်ပြီး ကျုံးမိသားစုဝင် ၅၀၀ ကျော်ကို ဖမ်းဆီး၏။ ယခင်က ဖော်ပြခဲ့သလိုပဲ ထိပ်တန်းသိုင်းပညာရှင်များက တိုက်ပွဲတွင် အသုံးမဝင်သော်လည်း ထွက်ပြေးချင်လျှင်တော့ တားဆီး၍ မရချေ။ ထို့ကြောင့် ကျုံးယောင်၊ ကျုံးအီနှင့် ကျုံးမိသားစု၏ အရေးကြီးသည့် အဖွဲ့ဝင်ပေါင်း များစွာတို့က ထွက်ပြေးတိမ်းရှောင်ကြသည်။

နိဗ္ဗာန တပ်တော် မြို့ထဲသို့ ဝင်ရောက်တိုက်ခိုက်သည့် အချိန်မှာတော့ သူတို့အတွက် မျှော်လင့်ချက် မရှိတော့ကြောင်း ကျုံးယောင်က သိ၏။ ထို့ကြောင့် သူ၏ တိုက်ရိုက် သားစဉ်မြေးဆက်များကို ဦးဆောင်ပြီး အကောင်းဆုံး မြင်းများကို စီးနင်းကာ ထျန်းရှစ်မြို့မှ ထွက်ပြေးသွားခဲ့၏။

သို့ပေမည့် သူတို့ မည်သည့်နေရာကို ထွက်ပြေးမည်နည်း။ အရှေ့ဘက်လား မဟုတ်ပေ။ ထိုနေရာက ထျန်းရွဲ့မြို့၏ ဦးတည်ရာပင်။ မြောက်ဘက်လား မဟုတ်သေးချေ။ ထိုအရာကလည်း အလုပ်ဖြစ်မည် မဟုတ်ချေ။ ထိုနေရာက ယန်ကျိုး ဖြစ်သောကြောင့်ပင်။ အနောက်ဘက်လား ပိုဆိုးသွား ပေမည်။ ထိုနေရာက သေမျိုးရန်သူ ချောင်ပြည်နယ်သို့ ဦးတည်ရာပင် ဖြစ်သည်။

တောင်ဘက်လား ထိုနေရာက ပိုင်ရီတောင်ကြား၏ ဦးတည်ရာဖြစ်ပြီး ကျုံးမျိုးနွယ်စုမှ စစ်သည်ထောင်ပေါင်း များစွာက တောင်ကြားကို စောင့်ကြပ်လျက် ရှိနေတုန်းပင်။ အမြန်ဆုံး ပိုင်ရီတောင်ကြားဆီသို့ ရောက်အောင်သွားပြီး ထျန်းရှစ်ပြည်နယ် တောင်ပိုင်းမှ တပ်သားအားလုံးကို ဦးဆောင်ကာဖြင့် ထျန်းလန်ပြည်နယ်ထဲသို့ ဝင်ကာ ရွှယ်မိသားစု၏နယ်မြေနှင့် ပူးပေါင်းရပေလိမ့်မည်။ ထိုသို့ဆိုလျှင် တခြားတစ်ယောက်၏ အမိုးအကာအောက်တွင် နေထိုင်ရမည် ဆိုလျှင်တောင်မှ အနည်းဆုံးတော့ လုံခြုံရမှာ ဖြစ်၏။

“ပြေးစမ်း ပြေးစမ်း..” ပိုင်ရီတောင်ကြားက ထျန်းရှစ်မြို့နှင့် လီ ၃၀၀ ကျော် အကွာတွင် ရှိ၏။ ကျုံးယောင်နှင့် ကျုံးမိသားစုအဖွဲ့က လမ်းတစ်လျှောက်တွင် မြင်းများကို ခဏခဏ ပြောင်းလဲပြီး နှစ်ရက်နှင့် နှစ်ညအကြာမှာတော့ ပိုင်ရီတောင်ကြား၏ ခြေရင်းဆီသို့ ရောက်ရှိလာခဲ့သည်။

ပိုင်ရီတောင်ကြားက အထင်ကြီးစရာကောင်းပြီး ချိုင့်ဝှမ်းလမ်းကြောင်းကို ပိတ်ဆို့ထားခဲ့၏။ နံရံနှစ်ခုကြား၌ ပုံစံအမျိုးမျိုးရှိသည့် ရဲတိုက် တစ်ဒါဇင်ကျော်ရှိနေ၏။ ထို့ကြောင့် ထိုနေရာ၌ စစ်သည်ပေါင်း တစ်သောင်းကျော် တပ်စွဲထားနိုင်၏။ ကျုံးမျိုးနွယ် တပ်ဖွဲ့ဝင်နှစ်သောင်းခန့်ရှိပြီး ထိုနေရာတွင် တပ်စွဲလို့ နေ၏။

“ပိုင်ရီခံတပ်ရဲ့ တပ်မှူး ကျုံးမင် ဘယ်မှာလဲ။ ငါတို့ရဲ့ အရှင်ရောက်လာပြီ ... တံခါးချက်ချင်းဖွင့်။” ကျုံးအီက ရှေ့သို့ တိုးလာ၏။ ပြီးနောက် တံခါးဝကနေ အော်ဟစ်လိုက်၏။ သို့သော်ငြား မြို့တံခါး၌ လှုပ်ရှားမှုဟူ၍ လုံးဝမရှိချေ။

ကျုံးယောင်နှင့် ကျုံးအီတို့က အကြည့်ချင်း ဖလှယ်လိုက်၏။ သူတို့၏ ခန္ဓာကိုယ်များက အေးစက်သွားခဲ့၏။ “ကျေးဇူးပြုပြီး… ကျေးဇူးပြုပြီး သတင်းဆိုး မဖြစ်ပါစေနဲ့။”

“ပိုင်ရီခံတပ်ရဲ့ တပ်မှူး ကျုံးမင် .. ဘယ်မှာလဲ။ ငါတို့ရဲ့ အရှင်ရောက်လာပြီ တံခါး ချက်ချင်းဖွင့်။”

ထိုအချိန်မှာပဲ ပိုင်ရီတောင်ကြားရှိ တံခါးက ဖြည်းညင်းစွာ ပွင့်လာ၏။ သို့ပေမည့် ကျုံးယောင်က အထဲသို့ ဝင်ရန် မဝံ့ရဲချေ။ ထူးဆန်းလွန်းသောကြောင့်ပင်။ ထိုအချိန်မှာပဲ ရုတ်တရက် ပိုင်ရီတောင်ကြားဆီမှ ကျယ်လောင်သည့် အသံတစ်ခု ထွက်လာခဲ့သည်။

ဟုတ်ပေပြီ။ အဆိုးဆုံးအရာက ဖြစ်ပျက်ခဲ့ပြီ။

“ဒုန်း ဒုန်း ဒုန်း ဒုန်း”

ကျယ်လောင်သည့် စစ်စည်သံများက ဆက်တိုက်ဆိုသလို ပေါ်ထွက်လာပြီး ပိုင်ရီတောင်ကြားတွင် အလံများက တစ်ခုပြီးတစ်ခု လွှင့်ထူလာကြ၏။ ပြီးနောက် ထျန်းရှစ်ပြည်နယ် အုပ်ချုပ်ရေးမှူး ကျန်းချုံး၏ မျက်နှာက မြို့ရိုးတံခါးဝတွင် ပေါ်ပေါက်လာခဲ့၏။ “သခင်ကြီး ကျုံးယောင်... ကျုပ် ဒီနေရာမှာ စောင့်နေရတာ တော်တော်ကြာပြီ။”

ပြီးနောက် ကျန်းချုံး၏ အနောက်ဘက်တွင်တော့ မရေတွက်နိုင်သည့် စစ်သည်များ ပေါ်ပေါက်လာခဲ့၏။ တစ်ယောက်ချင်းစီတိုင်းက ပိန်ပိန်းပါးပါးနှင့် အသားမဲနက်၏။ ရွှဲ့စစ်သည်များ၏ အဝတ်အစားများကို ဝတ်ဆင်ထားသော်လည်း ကျုံးယောင်က ထိုလူတို့ကို ကြည့်လိုက်သည်နှင့် သဲကန္တာရ လူရိုင်းမျိုးနွယ်များ ဖြစ်ကြောင်း တစ်ချက်ကြည့်ရုံနှင့် သိရှိ၏။ ဤမျောက်များက မြို့ရိုးကို တွယ်တက်သည့် နေရာတွင် အကောင်းဆုံးပင်။

ပိုင်ရီတောင်ကြား ပြိုလဲသွားခဲ့ပြီ ဖြစ်၏။ မနေ့ကလား သို့မဟုတ် တစ်နေ့ကလား။ လွန်ခဲ့သည့် သုံးရက်ကမှ ပိုင်ရီတောင်ကြားက ကျုံးမိသားစု၏ လက်ထဲတွင် ရှိနေတုန်းပင်။ အန္တရာယ်များသည့် အခြေအနေကြောင့် ကျုံးယောင်က ပိုင်ရီတောင်ကြားမှ တပ်မှူးကို နောက်သို့ ဆုတ်ခွာစေခဲ့ပြီး တောင်ကြားရှိ စခန်းကို လူတစ်သောင်းကျော်မှ ထောင်ဂဏန်း အနည်းငယ်ထိ လျော့ချခဲ့၏။

သို့ပေမည့် ဤမျှလောက် မဟာဗျူဟာကျသည့် မြို့ရိုးကို ဖောက်ထွင်းဖို့ မည်မျှခက်ခဲလိုက်မည်နည်း။ မမျှော်လင့်ဘဲ သဲကန္တာရ လူရိုင်းမျိုးနွယ်များက သူတို့၏ တပ်များကို ငှားရမ်းခဲ့၏။ ကျင်းကျွင်းက ဤမျှပင် ရူးသွပ်နေသည်လား။ ရှမ့်လန်နှင့် မည်ကဲ့သို့တော့ ဆက်ဆံရေးမျိုး တည်ရှိနေသနည်း။ တကယ်ဆို ကျင်းကျွင်းက ရွှဲ့ပြည်နယ်နှင့် ရန်သူများ ဖြစ်သည် မဟုတ်ပါလား။

“သွား သွား။” ကျယ်လောင်သည့် အော်ဟစ်သံကြောင့် ကျုံးယောင်က မြင်းစီးသူရဲကောင်း တစ်ရာကျော်ကို ဦးဆောင်ပြီး အရှေ့ဘက်သို့ ဒုန်းစိုင်းစီးနင်း၏။ သို့သော်ငြား သူတို့က ဆယ်မိုင် အကွာအဝေးခန့်သာ ပြေးလိုက်ရ၏။ အဘယ့်ကြောင့်ဆိုသော် မြေပြင်ကြီးက တုန်ခါစပြုလာသောကြောင့်ပင်။ အရှေ့ဘက် မိုးကုတ်စက်ဝိုင်းဆီမှ အနက်ရောင် မျဉ်းတစ်ကြောင်း ပေါ်ပေါက်လာခဲ့၏။ ချင်နိုင်ငံမှ မြင်းတပ်သား ထောင်ပေါင်းများစွာတို့က ဒီရေလှိုင်းများကဲ့သို့ပင် တစ်ရှိန်ထိုး ဝင်ရောက်လာခဲ့၏။

“ရှမ့်လန်... မင်းက အရမ်းကို စက်ဆုပ်ရွံရှာဖို့ ကောင်းတာပဲ။”

ယခင်တိုက်ပွဲအတွင်း ချင်မြင်းတပ်နှင့် ကျန်းချုံး၏ တပ်တို့က မလှုပ်ရှားခဲ့ချေ။ စစ်မြေပြင် တစ်ခုလုံးအား ကျင်းမူလန်၏ နိဗ္ဗာနတပ်သားလေးထောင်ဆီ လွှဲပြောင်းပေးခဲ့သည်အလားပင်။

သို့ပေမည့် ယခုအချိန်မှာတော့ သူတို့က နောက်ထပ် တိုက်ခိုက်မှုတစ်ခုနှင့် ထပ်မံကာ ကြုံဆုံနေရ၏။ ကျုံးယောင်က ရူးသွပ်သွားသည် ဆိုလျှင်တောင် မြင်းစီးသူရဲကောင်း တစ်ရာကို ဦးဆောင်ပြီး ချင်နိုင်ငံ၏ မြင်းတပ် တစ်သောင်းကို တိုက်ခိုက်ရဲမှာ မဟုတ်ပေ။ “နောက်ဆုတ်ကြ။”

ကျုံးယောင်၏ အမိန့်အရပင် သူတို့က အနောက်ဘက်သို့ အလျင်အမြန် ထွက်ပြေးကြ၏။ သို့သော်ငြား သူတို့က နောက်ထပ် ဆယ်မိုင်လောက်သာ ပြေးရသေး၏။ နောက်ထပ် မှောင်မိုက်သော အရိပ်ကြီးတစ်ခုက ရှေ့ရှိ မိုးကုတ်စက်ဝိုင်းတွင် ပေါ်ပေါက်လာခဲ့၏။ အရူးကြီး၏ ပထမနိဗ္ဗာနတပ်တော်က အမှီလိုက်လာ နိုင်ခဲ့ခြင်းပင်။

ကျုံးယောင်က အံကို ကြိတ်လိုက်သည်။ “ပြေးကြ။”

ပြီးနောက် သူက မြင်းစီးသူရဲကောင်း ရာပေါင်းများစွာတို့ကို ဦးဆောင်ပြီး မြောက်ဘက်သို့ ဒုန်းစိုင်းစီး၍ ခရီးနှင်၏။

ဤအချိန်မှာတော့ ကျုံးမျိုးနွယ်က ထောင်ချောက်ထဲသို့ ရောက်ရှိနေသည့် သားကောင် တစ်ကောင်ကဲ့သို့ပင် ဖြစ်နေ၏။ ဦးတည်ရာ အရှေ့၊ အနောက်၊ တောင် မည်သည့်နေရာကိုမှ သွားမရတော့ပေ။

ထို့အပြင် နောက်ဆုံးအကြိမ် စစ်မြင်းများကို ပြောင်းလဲခဲ့သည်က နာရီအနည်းငယ် ကြာပြီဖြစ်၏။ အကောင်းဆုံး စစ်မြင်းတောင်မှ မောပန်းနွမ်းနယ်လျက် ရှိနေ၏။ ကျုံးမျိုးနွယ်၏ တိုက်ရိုက်မျိုးဆက်ဆီမှ မြင်းစီးသူရဲကောင်း တစ်ရာကျော်တို့က မြောက်ဘက်သို့ ဦးတည်ကြ၏။ သူတို့က မိုင်ပေါင်းများစွာ ပြေးသွားခဲ့၏။

ထို့အပြင် မြောက်ဘက် မိုးကုတ်စက်ဝိုင်း တည်နေရာတွင် နောက်ထပ် အနက်ရောင် မျဉ်းတစ်ကြောင်း ပေါ်ပေါက်လာခဲ့၏။ အပေါ်ကအလံက ပျံ့အလံပင်။ ဤအရာက ကျိန်းသေပေါက် ပျံ့ရှောင်း၏ မြင်းတပ်ဖြစ်ပြီး ပျံ့ရှောင်း၏ ညီငယ် ပျံ့ယွင်က ဦးဆောင်သည်။

ကျုံးယောင်က တကယ့်ကို ပေါက်ကွဲလုမတတ်ပင်။ “ယုတ်မာလိုက်တာ... ယုတ်မာလိုက်တာ။ မင်းတို့အားလုံး အရင်တုန်းက ဘာတွေလုပ်နေကြတာလဲ။ ကူလန်မြို့ တိုက်ပွဲမှာတုန်းက မတွေ့ခဲ့ရဘူး။ ထျန်းရှစ်မြို့ တိုက်ပွဲမှာလည်း ဘယ်သူ့ကိုမှ မတွေ့ခဲ့ရဘူး။ ငါ့ရဲ့ စစ်သည်ပေါင်း တစ်သိန်းနဲ့ ရင်ဆိုင်နေရချိန်မှာ မင်းတို့ထဲက တစ်ယောက်ကမှ မြို့တံခါးဆီ ရောက်ရှိမလာခဲ့ကြဘူး။ အခု ငါ့ရဲ့ ကျုံးမျိုးနွယ်တပ်တွေ ကျရှုံးသွားခဲ့ပြီး လူအနည်းငယ်ပဲ ကျန်တော့တဲ့အချိန်ကျမှ မင်းတို့က လူဦးရေ နှစ်သောင်း၊ သုံးသောင်းနဲ့ ငါ့ကို ဝိုင်းပြီး တိုက်ခိုက်ခဲ့ကြတယ်။ ဒါက ဘယ်လောက် ရွံရှာဖို့ကောင်းတဲ့ အလုပ်လဲ။”

ကျုံးယောင် လက်ရှိခံစားနေရသည့် စိတ်ပျက်အားငယ်မှုများကို စကားလုံးဖြင့် ဖော်ပြ၍ မရနိုင်တော့ချေ။ အရှေ့၊ အနောက်၊ တောင်၊ မြောက် အားလုံးက ပိတ်ဆို့ခြင်းကို ခံထားရသည်။ သူ ဘယ်ကိုမှသွား၍ မရနိုင်တော့ချေ။ ထျန်းရှစ်မြို့၏ မြောက်ဘက်ပိုင်းက အများအားဖြင့် ပြန့်ပြူးပြီး လွင်ပြင်များရှိ၏။ မြင်းတပ်များ လွတ်လပ်စွာ လှည့်လည်သွားလာရန် သင့်တော်သည့် နေရာမျိုးပင်။ ရာပေါင်းများစွာသော မြင်းစီးစစ်သည်များက လွတ်မြောက်ရန် နည်းလမ်းမရှိတော့ချေ။

“သခင်ကြီး... တကွဲတပြားစီ ထွက်ပြေးကြရအောင်။”

“ဟုတ်တယ် သခင်ကြီး... အရပ်လေးမျက်နှာကို ပြေးကြစို့။ ရန်သူတွေရဲ့ ဝိုင်းရံမှုက အရမ်းကို လျော့ရဲနေတယ်။ ဘာပဲပြောပြော ကျုပ်တို့ ထွက်ပြေးလို့ ရနိုင်လောက်တယ်။”

မြင်းစီးတပ်သားတစ်ရာကျော်ဆိုသည်က ထင်ထင်ရှားရှားကြီး ဖြစ်လို့နေ၏။ လူဖြန့်ခွဲကာဖြင့် သွားမည် ဆိုလျှင် ပစ်မှတ်ထားခံရခြင်းက လျော့နည်းသွားပေလိမ့်မည်။ သူတို့ ထောင်ချောက်တွင်းမှ လွတ်လျှင် လွတ်သွားနိုင်၏။

“သခင်ကြီး... ခင်ဗျားနဲ့ မင်းသားတွေက မြင်းပေါ်ကနေ ဆင်းပြီးတော့ တိတ်တိတ်လေး ထွက်သွားကြ။ ကျုပ်တို့က ကာကွယ်ပေးထားမယ်။”

“သခင်ကြီး... မင်းသားတွေကို ခေါ်သွားပါ။” ကျုံးမိသားစုမှ စစ်သည်တော်များ၏ သစ္စာရှိမှုကို တွေ့မြင်ရ၏။ တိုက်ရိုက်မျိုးဆက်များက တပြိုင်နက်တည်း အော်ဟစ်လိုက်ကြ၏။ ရာစုနှစ် သက်တမ်းရှိသည့် တော်ဝင်မျိုးနွယ် မိသားစုတစ်ခု၏ ပုံစံက ဤကဲ့သို့ပင်။

ဟိုတုန်းက လူပေါင်းများစွာတို့က စုနန်အတွက် အသက်စွန့်ဖို့ ဆန္ဒရှိခဲ့ကြပြီး ယနေ့တွင်လည်း လူပေါင်း များစွာတို့က ကျုံးယောင်အတွက် အသက်စွန့်ရန် ဆန္ဒရှိနေကြ၏။ မျိုးဆက်ပေါင်းများစွာ ပြုစု ပျိုးထောင်လာခဲ့သည့် သစ္စာစောင့်သိမှုကို ဖြိုခွင်းရန် ဆိုသည်မှာ ခက်ခဲလှသည်။

မြင်းစီးနေသည့် ကျုံးယောင်က အဆမတန်ပင် ခေါင်းကိုက်လာခဲ့၏။ အဘယ့်ကြောင့် ဤသို့ ဖြစ်ရသနည်း။ လူတစ်သိန်းရှိသည့် စစ်တပ်က အဘယ့်ကြောင့် ဤမျှ မြန်မြန်ဆန်ဆန်နှင့် ရှုံးနိမ့်သွားရသနည်း။

ဟုတ်ပေ၏။ အကြောင်းရင်းကို သူသိ၏။ လောဘကြောင့်၊ မျက်စိကန်းခဲ့သောကြောင့်၊ အလျင်အမြန် အောင်မြင်မှုနှင့် ချက်ချင်း အကျိုးကျေးဇူးကို လိုချင်သောကြောင့်ပင်။ အင်ပါယာ၏ ဆွဲဆောင်မှုက ကျုံးယောင် စိတ်ကူးထားသည်ထက် အများကြီး ပိုကြီးခဲ့၏။ နိဗ္ဗာနတပ်တော် ဖျက်ဆီးပြီးသည်နှင့် သူက ကိုယ်ပိုင်နိုင်ငံတော်ကို တည်ထောင်ခွင့်ရမည်။ မည်သူက ဤသို့သောသွေးဆောင်ခြင်းကို ခုခံနိုင်မည်နည်း။

အဓိကအချက်အားဖြင့် နိဗ္ဗာနတပ်တော်၌ လူဦးရေက လေးထောင်ကျော်သာလျှင် ရှိသည်။ သူ့၌ တပ်သား တစ်သိန်းကျော်ရှိပြီး သူ့အတွက် အလွန်ကို လွယ်ကူသည့် အလုပ်ဟု ထင်မှတ်ခဲ့၏။ သို့သော်ငြား သူတို့ စေတီတောင်ဆီမှ အကူအညီကို တောင်းခံလိမ့်မည်ဟု ရှမ့်လန်က ကြိုတင်ခန့်မှန်းထားခဲ့သည်။ ဤမျှ ရက်စက်လွန်းသည့် အစီအစဉ်ကို စီစဉ်ခဲ့၏။

ဤပွဲ၏ မဟာဗျူဟာကျမှုက ကောင်းလွန်း၏။ ရူးသွပ်လျက်ရှိနေသည့် တပ်တွင်းတိုက်ခိုက်မှုများသာ မရှိပါက ဤတိုက်ပွဲက လုံးဝရှုံးနိမ့်မည် မဟုတ်ချေ။ နိဗ္ဗာနတပ်တော်၏ လက်ချက်ဖြင့် စစ်သည် နှစ်သောင်းသာ အမှန်တကယ် သေဆုံးခဲ့၏။ ကျန်သည့်သူများကတော့ ရူးသွပ်နေသည့် သူတို့စစ်သည်တို့၏ အစုလိုက်၊ အပြုံလိုက် ဝိုင်းဝန်းတိုက်ခိုက်မှုကြောင့်၊ ထို့အပြင် ဆီကီလိုဂရမ်ပေါင်းများစွာတို့၏ ပေါက်ကွဲမှုကြောင့် ဖြစ်သည်။

စုနန်က လောဘကြောင့် မျက်စိကန်းခဲ့ပြီး တပ်တစ်ခုလုံး ဆုံးရှုံးခဲ့၏။ ယနေ့ ကျုံးယောင်ကလည်း ဤကဲ့သို့ပင် ဖြစ်ခဲ့၏။ သူ၏ မိုက်မဲမှုကို လောကကြီးက ရယ်မောနေတော့မည်လား။ သူက မိုက်မဲရာ ကျလွန်းခဲ့၏။

စုနန်နှင့် ကျုံးယောင် နှစ်ဦးလုံးက သူတို့ခေတ်၏ ထူးချွန်သည့် ပုဂ္ဂိုလ်များဖြစ်၏။ ကောင်းကင်၏ရှုထောင့်မှ ကြည့်ရှုရမည်ဆိုလျှင် ဤလူနှစ်ဦးက တကယ့်ကို မိုက်မဲခဲ့ပုံ ပေါ်၏။ သို့ပေမည့် သူတို့၏ ကိုယ်ပိုင် အမြင်မှာတော့ ဤကဲ့သို့သော သွေးဆောင်မှုကို မည်သူ ခုခံတွန်းလှန်နိုင်မည်နည်း။

စုနန်က လူတစ်ယောက် လွတ်မြောက်ရန်အတွက် သူ၏ မျိုးနွယ်တစ်ခုလုံးကို စွန့်လွှတ်ဖို့ ရွေးချယ်ခဲ့ပြီး ကျင်းမင်းသားဆီ၌ ခိုလှုံကာဖြင့် ဘဝသစ်တစ်ခုကို ပြန်လည်ထူထောင်ခဲ့၏။ သဲကန္တာရ လူရိုင်းမျိုးနွယ်တို့ဆီ ခိုလှုံခဲ့သည်။ ထို့အပြင် ရှမ့်လန်အပေါ် သူ၏ မုန်းတီးမှုအားလုံးကလည်း ပျောက်ကွယ်သွားခဲ့ပြီး တစ်နည်းတစ်ဖုံအားဖြင့် သူတို့က မဟာမိတ်များ ဖြစ်လာခဲ့ကြသည်။

သူ ဘာလုပ်ရမည်နည်း။ ရွှယ်ချီဆီ ခိုလှုံသင့်လား။ မဟုတ်သေးပေ။ ဤအရာက မဖြစ်နိုင်ပေ။

သူ ... ကျုံးယောင်က မျိုးနွယ်တစ်ခုလုံးကို စွန့်လွှတ်ပြီး ထွက်ပြေးသွားမည်ဆိုလျှင် မည်သည့်နေရာကို ပြေးရမည်နည်း။ တော်ဝင်ရန်အင်ပါယာဆီ ပြေးရမည်လား။ ထျန်းရှစ်ပြည်နယ်နှင့် သူ၏ စစ်သည်ပေါင်း တစ်သိန်းကို ဆုံးရှုံးလိုက်ရခြင်းကြောင့် သူက တော်ဝင်ရန်အင်ပါယာ၏ ရှေ့တွင် အသုံးမဝင်တော့ချေ။

ထိုသို့ဆိုလျှင် ဘာဆက်လုပ်ရမည်နည်း။

ကျုံးအီက ပြော၏။ “အစ်ကို... ဆုံးဖြတ်ချက်ချရမယ့် အချိန်ရောက်နေပြီ။ ရန်သူတွေက ကျုပ်တို့ကို ဝိုင်းထားပြီ။”

“သခင်ကြီး... သခင်ကြီး... ကျုပ်တို့ သေတဲ့ထိ တိုက်ခိုက်ကြရအောင်။ ဒူးထောက်ပြီး အသက်ရှင်မယ့်အစား မတ်တပ်ရပ်ပြီး သေဆုံးရတာကို ပိုပြီး နှစ်သက်တယ်။”

“ဟုတ်တယ်။ သေတဲ့ထိ တိုက်ကြရအောင်။ တစ်ယောက်ကို သတ်ရင် လုံလောက်တယ်။ နှစ်ယောက်သတ်ရင် အပိုဆုပဲ။”

ကျုံးမိသားစုသည် ဘယ်တုန်းကမှ ဤကဲ့သို့ ရဲစွမ်းသတ္တိနှင့် တိုက်ပွဲဝင်စိတ်ဓာတ် ချို့တဲ့ခဲ့ခြင်းမျိုး မရှိခဲ့ချေ။ သူတို့က ချောင်ပြည်နယ်ကို နှစ်ပေါင်းတစ်ရာကျော် တိုက်ခိုက်ခဲ့ပြီး သူတို့၏ မွေးရာပါ ရက်စက် ကြမ်းကြုတ်မှုကလည်း ဘယ်တော့မှ ပြောင်းလဲလိမ့်မည် မဟုတ်ပေ။

အတန်ကြာပြီးနောက် ကျုံးယောင်က လက်ထဲရှိ လက်နက်ကို လွှင့်ပစ်လိုက်၏။ “လက်နက်ချ။ မျိုးနွယ်စုက လုံးဝ လက်နက်ချတယ်။ ဘုရင့်ထံ အညံ့ခံမယ်။”

ထိုစကားကြောင့် လူတိုင်းက အံ့အားသင့်သွားခဲ့သည်။ “သခင်ကြီး.... ဘာလို့ လက်နက်ချတာလဲ။ လက်နက်ချရင် ရှမ့်လန်က ကျုပ်တို့ကို လွှတ်ပေးမယ် ထင်လို့လား။”

ကျုံးယောင်က ပြော၏။ “ရှမ့်လန်နဲ့ ငါတို့ ဘယ်လောက်ထိ ရန်ငြိုးကြီးမားလဲ။”

မဟုတ်ပေ။ ရှမ့်လန် သေရေးရှင်ရေးတမျှ ရန်ငြိုးထားသည့်အရာက ကျုံးမိသားစု မဟုတ်ဘဲ ရွှယ်မိသားစု ဖြစ်၏။ ရှမ့်လန်က ကျုံးမိသားစုကို သုတ်သင်ရှင်းလင်းမည်ဟု တစ်ခါမှ မပြောခဲ့ပေ။ တိုက်ရိုက်မုန်းတီးမှု တစ်ခုက ကျုံးရှစ်ရှစ် အပေါ်တွင်သာ တည်ရှိ၏။ ရိုက်နှက်ခံခဲ့ရသူက ကျုံးရှစ်ရှစ်သာ ဖြစ်ခဲ့သည်။

ထို့အပြင် မိဖုရားကြီးကျုံးနှင့် ရှမ့်လန်တို့က ကောင်းမွန်သည့် ဆက်ဆံရေးရှိ၏။ မိဖုရားကြီးကျုံးနှင့် ဆက်ဆံနေစဉ် နင်ယွမ်ရှန်းက ဦးနှောက်သွေးကြောပြတ်ပြီး လေဖြတ်ခဲ့သည်။ ထိုရောဂါကို ရှမ့်လန်က ကုသပေးခဲ့၏။

ထိုစဉ်တည်းက မိဖုရားကြီးကျုံးသည် ရှမ့်လန်ကို ဘာမှ ထပ်မလုပ်တော့ချေ။ ရှမ့်လန် သားတစ်ယောက်၊ သမီးတစ်ယောက် မွေးဖွားချိန်တွင်ပင် မိဖုရားကြီးကျုံးက လက်ဆောင်များ ပေးပို့ခဲ့၏။ ရွှယ်ချီက သူ၏ ကျွမ်းကျင်သူများကို ဦးဆောင်ပြီး နင်ကျန်းကို ချုံခိုတိုက်ခိုက်သည့် နောက်ဆုံးအချိန်တုန်းက ကျုံးမိသားစုက လူတစ်ယောက်မှ မပါဝင်ခဲ့ချေ။

ကျုံးယောင်က ပြောလိုက်သည်။ “ရှမ့်လန်က စုနန်နဲ့ ပြန်လည်သင့်မြတ်အောင် နေထိုင်နိုင်ခဲ့တယ်။ ဒါဆို ငါတို့ ကျုံးမိသားစုကို ဖျက်ဆီးဖို့ သူ့မှာ ဘာအကြောင်းပြချက် ရှိမှာလဲ။ လက်နက်ချလိုက်။”

ခဏအကြာတော့ ကျုံးယောင်က သူ၏ မျိုးနွယ်စု တပ်ဖွဲ့ဝင် တစ်ရာကျော်တို့ကို ဦးဆောင်ပြီး မြင်းပေါ်မှဆင်း၍ လက်နက်နှင့် သံချပ်ကာအားလုံးကို စွန့်ပစ်ပြီး အရူးကြီး၏ နိဗ္ဗာနတပ်တော်ဆီ ဦးတည်သွားခဲ့၏။ သူတို့က ပျံ့မိသားစုကို ဖြစ်စေ၊ ချင်ဘုရင်မကို ဖြစ်စေ၊ ကျန်းချုံးကို ဖြစ်စေ လက်နက်ချလိုခြင်း မရှိချေ။

နာရီဝက်ခန့် ကြာချိန်မှာတော့ အရူးကြီးက ပထမနိဗ္ဗာနတပ်တော်ကို ဦးဆောင်၍ ချီတက်လာခဲ့၏။ ကျုံးယောင်၏ လူတစ်ရာကျော်ကို မြင်ချိန်မှာတော့ အရူးကြီးက သူ၏ အနက်ရောင် သံတုတ်ကြီးကို ရုတ်တရက် မြောက်ကာ တိုက်ခိုက်ရန် ပြင်ဆင်၏။

ရလဒ်အားဖြင့် ကျုံးယောင်က ရှေ့ကို တိုး၏။ ပြီးနောက် ဦးညွတ်လိုက်သည်။ “စစ်သူကြီး... သခင်လေးရှမ့်လန်။ ဘယ်မှာလဲ ကျုံးမိသားစုက တရားဝင် လက်နက်ချပါ‌တယ်။”

အရူးကြီးက သူ၏ အမဲရောင် တုတ်ကြီးကို ခပ်မြင့်မြင့် ကိုင်ထားရင်း အံ့အားသင့်နေ၏။ သူက နောက်သို့ ပြန်လှည့်မကြည့်ဘဲ မနေနိုင်ချေ။ ယခု သူဘာလုပ်ရမည်နည်း။

“ရှမ့်လန် အခု ဒီမှာ မရှိဘူး။”

အရူးကြီးက မေး၏။ “တိုက်ခိုက်မှာ မဟုတ်ဘူးလား။”

ကျုံးယောင်က ပြောသည်။ “ကျုံးမိသားစု တရားဝင် လက်နက်ချပါတယ်။”

အရူးကြီးက ခဏလောက် စိုက်ကြည့်၏။ “ဒါဆို ဒီမှာ စောင့်နေအုံး။ ကျုပ် မရီးကို သွားမေးလိုက်အုံးမယ်။”

ပြီးနောက် သူက ထျန်းရှစ်မြို့ဆီသို့ အရှိန်အဟုန် မြှင့်ကာ ပြေးသွား၏။ သို့ပေမည့် သူက ခပ်လှမ်းလှမ်းဆီသို့ ပြေးသွားပြီးနောက် ရုတ်တရက် ရပ်လိုက်သည်။ “မဟုတ်ဘူး ငါ ထွက်သွားလို့မှ မရတာ။ ငါ မရှိတုန်း ဒီမှာ တိုက်ခိုက်ကြရင် ဘယ်လိုလုပ်မလဲ။ ကျန်းတာ့.. ငါ့မရီးကို သွားပြောလိုက်အုံး။”

“ကောင်းပါပြီ။” နိဗ္ဗာနစစ်သည်တော်တစ်ဦးက ထျန်းရှစ်မြို့ဆီသို့ ဒုန်းစိုင်းသွားခဲ့၏။ နှစ်နာရီခန့် ကြာပြီးနောက် ရွှဲ့ပြည်နယ်၏ နိဗ္ဗာနတပ်တော်၏ တပ်မှူး ကျင်းမူလန်က ကျုံးယောင်၏ လက်နက်ချမှုကို တရားဝင် လက်ခံခဲ့၏။

နောက်တစ်နေ့မှာတော့ ထျန်းရှစ်စီရင်စု အုပ်ချုပ်ရေးမှူး ကျန်းချုံးက တပ်သား တစ်သောင်းကို ဦးဆောင်ပြီး ထျန်းရှစ်မြို့ဆီသို့ သွားရောက်၏။ ထျန်းရှစ်မြို့ကို သိမ်းပိုက်ခဲ့သည်။

ကျင်းမူလန်က နိဗ္ဗာန တပ်တော်ကို ဦးဆောင်ပြီး ကျုံးမျိုးနွယ်မှ သုံ့ပန်း တစ်ထောင်ကျော်တို့ကို ထျန်းရွဲ့မြို့တော် ဆီသို့ ပြန်လည် ခေါ်ဆောင်လာခဲ့၏။ သူ၏ စိတ်ရင်းမှန်ကို ပြသရန်အတွက် ကျုံးယောင်က သူ၏ ခြေထောက်နှင့် လက်တို့ကို ချုပ်နှောင်ခြင်းအား လက်ခံ၏။

ထျန်းရှစ်စီရင်စု၏ ပုန်ကန်မှုကို နှိမ်နင်းသည့် စစ်ဆင်ရေးက လုံးဝ ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။

အပိုင်း (၇၄၆)

“ဒါ တကယ်လား။” သူတို့ လုံးဝ နားမလည်နိုင်ကြတော့ချေ။ ကောင်းကင်ကြီးက အလွန် လျင်မြန်စွာဖြင့် ပြောင်းလဲနေခြင်း ဖြစ်ပေလိမ့်မည်။ ဤအရာက နန်းမြို့တော်တွင် ရှိနေသည့် လူတိုင်း၏ နှလုံးသားထဲမှ ခံစားချက်ပင် ဖြစ်၏။ ယခင်က စိတ်ပျက်အားငယ်မှု၊ ကျရှုံးမှုများနှင့် နှလုံးသားတစ်ခုလုံး စိုးရိမ်နေခဲ့သော်လည်း ယခုအချိန်မှာတော့ လမ်းပေါ်တွင် လုံးဝ အောင်ပွဲခံနေကြ၏။

ကျုံးမိသားစု ပုန်ကန်ကြောင်း ကြေညာသည့်အချိန်တွင် နန်းမြို့တော်မှပြည်သူများက အစဉ်အမြဲ ကြောက်ရွံ့ထိတ်လန့်မှုများနှင့် မနေထိုင်ရသော်လည်း စိုးရိမ်ပူပန်မှုတော့ ရှိနေကြ၏။ အဘယ်ကြောင့်ဆိုသော် လူတိုင်းက နားလည်နေကြသောကြောင့်ပင်။ ဤအရာက ပြည်တွင်းစစ်ကြီးတစ်ခု ဖြစ်၏။ ထီးနန်းအတွက် ပြည်တွင်းစစ် တစ်ခုလည်း ဖြစ်သည်။

တကယ်တော့ ကျုံးယောင်၏တိုက်ပွဲက နင်ချီအတွက် တိုက်ခိုက်ခဲ့သည်မဟုတ်ဘဲ သူ၏ ကိုယ်ပိုင် နိုင်ငံတော် တည်ထောင်ရန် ရည်ရွယ်ချက်နှင့် တိုက်ခိုက်ခဲ့ခြင်း ဖြစ်၏။ သို့ပေမည့် လူတွေ၏ အမြင်မှာတော့ ကျုံးယောင်က နင်ချီအတွက် ထီးနန်းကို သိမ်းပိုက်ရန် စစ်တပ်တစ်ခုကို စုစည်းခဲ့ခြင်းပင်။ သူတို့က ထျန်းရှစ်ပြည်နယ်ကို သိမ်းပိုက်ပြီးသည်နှင့် ကျုံးယောင်၏ စစ်တပ်က နန်းမြို့တော်သို့ တန်းဝင်မည်။ ပြီးနောက် အင်ပါယာကို လုပ်ကြွေးပြုစုမည်ဟု ကြွေးကြော်ကာ နင်ချီကို ထီးနန်းတင်ပေးလိမ့်မည်။

ထို့ကြောင့် နန်းမြို့တော်တွင် တကယ့်ကို အဆုံးအဖြတ်တိုက်ပွဲ ပေါ်ပေါက်လာမည်ကို လူတိုင်းက စိုးရိမ်နေကြ၏။ ထိုအချိန်သို့ရောက်လျှင် နေရာအနှံ့ ဆင်းရဲဒုက္ခ ၊ သေခြင်းတရားကို ကြုံတွေ့ရပေလိမ့်မည်။ ကျုံးမိသားစု၌ တပ်သားတစ်သိန်း အပြည့်အဝ ရှိကြောင်း အားလုံး သိရှိ၏။

ပျံ့ရှောင်း၏တပ်သာ တောင်ဘက်သို့ မချီတက်လာပါက မင်းသားနင်ကျန်း၏ တပ်တွေက အကြီးအကျယ် ရှုံးနိမ့်ပေလိမ့်မည်။ သို့သော်ငြား မမျှော်လင့်ဘဲ ကျုံးမိသားစုက တစ်လကျော်အတွင်း ရှုံးနိမ့်ခဲ့၏။ အင်အားတစ်သိန်းရှိသည့် စစ်တပ်က လုံးဝနီးပါး ပျောက်ကွယ်သွားခဲ့သည်။

သူတို့၏ ရွှဲ့စစ်သည်များက မည်သည့်အချိန်က ဤမျှ အင်အားကြီးမားသွားခဲ့သနည်း။ ကြီးကြီးမားမား ကျယ်ကျယ်ပြန့်ပြန့်နှင့် ဝမ်းသာအားရမှု မရှိသော်လည်း နန်းမြို့တော်မှ ပြည်သူများက တကယ်ကို စိတ်လှုပ်ရှားနေကြဆဲပင်။

နင်ကျန်းအပေါ် ထောက်ခံမှုက တစ်ဖန် မြင့်တက်လာခဲ့၏။ ကြီးကျယ်ခမ်းနားသည့် ဘုရင်တစ်ပါး ဖြစ်လာရန် မည်သည့်အရာ လိုအပ်မည်နည်း။ ပြည်သူများအနေဖြင့် ပြည်တွင်းစစ်တစ်ခု ဖြစ်ပွားလျှင်တောင် စိုးရိမ်ကြောက်ရွံ့မှုကို မခံစားရခြင်းပင်။ စိုးရိမ်ပူပန်မှုများက ခဏအတွင်း ပျောက်ဆုံးသွားခဲ့၏။

ရှမ့်လန်က အလွန်အမင်းတော်၏။ နန်းမြို့တော်တွင် ရှိသည့်လူများက ထုတ်ဖော်ပြောဆိုခြင်း မရှိသော်လည်း နှလုံးသားထဲတွင်တော့ ထိုအရာကို သိရှိနားလည်ကြပြီးသား ဖြစ်၏။ ရှမ့်လန်၏ မိန်းမက တိုက်ပွဲတစ်ခုလုံးကို တိုက်ခိုက်ခဲ့သည်ဟု ကြား၏။ လူလေးထောင်လောက်နှင့် လူတစ်သိန်းကို တိုက်ခိုက်ခဲ့၏။ တကယ့်ကို မယုံကြည်နိုင်စရာဟု ထင်ရ၏။ ဝတ္ထုဇာတ်လမ်းများတွင်ပင် ဤသို့ရေးရဲမည် မဟုတ်ချေ။ အံ့ဖွယ်အမှု ကိစ္စရပ်များက တစ်ခုပြီးတစ်ခု ဖြစ်ခဲ့သည်။

“အရမ်းတော်တာက ရှမ့်လန်ရဲ့ မိန်းမ၊ ရှမ့်လန် မဟုတ်ဘူး။”

“ကျင်းမူလန်က အရမ်းအားကောင်းပေမဲ့ အရာအားလုံး ရှမ့်လန် စီစဉ်ပေးထားတာလေ။ ဒါက ရှမ့်လန် ပိုပြီး အံ့အားသင့်စရာ ကောင်းတယ်ဆိုတဲ့ အချက်အလက်ပဲ မဟုတ်လား။”

“ရှမ့်လန်က ကျင်းမူလန်ကို စီမံပေးခဲ့တယ်ဆိုတာ ဘယ်လိုလုပ်သိတာလဲ။ ကျင်းမူလန်က ရှမ့်လန်ကို စီမံ ပေးထားတာလည်း ဖြစ်နိုင်တာပဲ။”

ဤလောကကြီးတွင် အမှန်တရားကို ရှာဖွေတွေ့ရှိနိုင်သည့် မျက်လုံးများက အဘယ်ကြောင့် ချို့တဲ့နေရ သနည်း။

“ရှမ့်လန်က ပိုပြီး အံ့အားသင့်စရာ ကောင်းတယ်လို့ ခံစားမိတယ်။ သူက ဒီလောက် အစွမ်းထက်ပြီး လှပတဲ့ မိန်းမတစ်ယောက်ကို လက်ထပ်နိုင်ခဲ့တယ်။ သူက ထူးထူးခြားခြားလည်း လုပ်နေစရာမလိုဘူး။ သူက ကုတင်ပေါ်တက်လှဲပြီး ပျော်ရွှင်နေရုံပဲ။”.

.......................

တတိယမင်းသား နင်ချီ၏ အိမ်အတွင်း၌ နင်ချီက ခြံဝင်းထဲတွင် မလှုပ်မယှက်နှင့် တိတ်ဆိတ်စွာ ရပ်လျက် ရှိနေ၏။ သူက နောက်ထပ် အသက်အန္တရာယ်ရှိသည့် ထိုးနှက်ချက်တစ်ခုကို ခံစားနေရ၏။

အဘယ်ကြောင့် သူက နန်းမြို့တော်တွင်နေရန် အတင်းအကျပ် တောင်းဆိုခဲ့ရသနည်း။

ကျုံးမျိုးနွယ်က အင်အားကြီးမားသည့်အပြင် ရွှယ်မိသားစုကလည်း အင်အားကြီးမား၏။ ကျုံးမျိုးနွယ်က ပုန်ကန်ပြီး လူဦးရေတစ်သိန်းရှိသော ထိုသူတို့၏ စစ်တပ်က အစွမ်းပြနေချိန်တွင် နင်ချီက နန်းမြို့တော်ထဲတွင် သိသိသာသာ ဩဇာလွှမ်းမိုးလာပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ကျုံးနှင့် ရွှယ်မျိုးနွယ်များက သူ့အတွက် တိုက်ခိုက်နေကြသောကြောင့်ပင်။

ရွှယ်မျိုးနွယ်၏ စစ်သည်တစ်သိန်းရှိသည့် စစ်တပ်သာ နန်းမြို့တော်ကို ကျူးကျော်ဝင်ရောက်လာမည် ဆိုပါက မည်သူက အခြေအနေကို တည်ငြိမ်အောင် လုပ်မည်နည်း။ သို့သော်ငြား တစ်လအတွင်းမှာပဲ ကျုံးမိသားစု၏ စစ်သည် တစ်သိန်းကျော်တို့က အလုံးစုံ ဖျက်ဆီးခြင်း ခံလိုက်ရ၏။

“နိဗ္ဗာန တပ်တော်လို စစ်တပ်မျိုးက လောကမှာ ရှိမနေသင့်ဘူး။” နင်ချီက မှတ်ချက်ပြုလိုက်သည်။

သူ ဘာလုပ်သင့်သနည်း။ ကျုံးမျိုးနွယ်က ဖျက်ဆီးခံလိုက်ရသော်လည်း ရွှယ်မိသားစုကတော့ အင်အား ကြီးမားနေဆဲပင်။

သို့သော်ငြား တစ်စိတ်တစ်ပိုင်းအားဖြင့် ရွှယ်မိသားစုက ရွှဲ့ပြည်နယ်၏ ထိန်းချုပ်နိုင်မှု အကန့်အသတ်ထက် ကျော်လွန်သွားခဲ့ပြီ ဖြစ်၏။ ရွှယ်မိသားစုက တောင်ပိုင်းကျွန်းစုတွင် ဆယ်စုနှစ်ပေါင်းများစွာ လည်ပတ်ခဲ့ပြီး လွတ်လပ်သည့် နိုင်ငံတစ်ခုနီးပါးကို တည်ထောင်နိုင်ခဲ့၏။ ထို့အပြင် စေတီတောင်၏ ပံ့ပိုးမှု၊ ယင်ယွမ် အဖွဲ့အစည်းနှင့် မဟာမိတ်ဖွဲ့မှုများကြောင့် ရွှယ်ချီက အင်ပါယာအဆင့်ထိ ဆက်ဆံရေးကို ခိုင်မာစွာ စီမံ ဆောင်ရွက်ထားနိုင်၏။

ကျုံးမိသားစုနှင့် နင်ချီတို့၏ ဆက်ဆံရေးက တကယ်ကို ရင်းနှီးပြီး ရွှယ်မိသားစုနှင့်မူ အနည်းငယ် အလှမ်း ကွာဝေး၏။ ယခု ကျုံးမိသားစုက လက်နက်ချသွားခဲ့ပြီ ဖြစ်သောကြောင့် နင်ချီ၏ ဩဇာလွှမ်းမိုးမှုက လျော့ကျသွားခဲ့၏။ တကယ် အာဏာမရှိဘဲ ထီးနန်းကို သိမ်းပိုက်သည့် မင်းသားတစ်ပါးက အနာဂတ်တွင် ဘာလုပ်နိုင်တော့မည်နည်း။ သူက နင်ကျန်းကို သွားရောက် ခစားရတော့မည်လား။ ဘာလုပ်သင့်သနည်း။

“ကျူးဟုန်ကျူး ... ဒါက အာရုံမတက်ခင် မှောင်မိုက်ခြင်းလို့ ခင်ဗျားပြောခဲ့တယ်။ ဒါပေမဲ့ အဲဒီ မှောင်မိုက်မှုက ဘယ်လောက်တောင် ကြာမှာလဲ။”

ရက်အနည်းငယ်အတွင်းမှာတော့ ကျင်းမူလန်က နိဗ္ဗာနတပ်တော်ကို ဦးဆောင်ပြီး လှည်းပေါင်းများစွာကို ခမ်းနားထည်ဝါစွာ လိုက်ပါပို့ဆောင်၏။ ဦးဆောင်သည့်အကျဉ်းသားက ကျုံးယောင်ပင် ဖြစ်၏။ ကျုံးမိသားစုဝင်အားလုံးက အကျဉ်းသားများ ဖြစ်ခဲ့သည်။

အိမ်ရှေ့စံ နင်ကျန်းက သူတို့ကို ကြိုဆိုရန် ဗာမေလီယန်ဂိတ်တံခါးသို့ ကိုယ်တိုင် ရောက်ရှိလာ၏။ “မရီး အရမ်းကို အလုပ်ကြိုးစားခဲ့ပြီ။”

“အရှင်မင်းသား”

နင်ကျန်းက သူမကို မရီးဟု ခေါ်သည်။

ကျုံးယောင်က နင်ကျန်းကို ဒူးထောက်တော့မယောင်ပင် ဖြစ်နေ၏။

“ကျုံးသခင်ကြီး ဒီလိုတွေ လုပ်ဖို့မလိုပါဘူး။”

နင်ကျန်းက ကျုံးယောင်ကို တားဆီးလိုက်၏။ ပြီးနောက် နှစ်ယောက်သား တိတ်ဆိတ်ငြိမ်သက်သွားသည်။

“အဖေနဲ့တွေ့ပြီး အားလုံးဆွေးနွေးကြတာပေါ့။”

နင်ကျန်းက ပြော၏။ “မရီး... နယ်စားကြီးကျုံးရဲ့ ခန္ဓာကိုယ်ပေါ်က ချုပ်နှောင်ထားတာတွေကို ဖယ်ရှား လိုက်ရအောင်။”

ကျုံးယောင်က ပြောသည်။ “ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ အပြစ်ပေးခံရသူ တစ်ယောက်ကို သံကြိုးနဲ့ ချည်နှောင်ထားတယ်ဆိုတာ သင့်တော်ပါတယ်။”

နင်ကျန်းက ဘာမှမပြောဘဲ ကျုံးယောင်ကို ဦးညွှတ်လိုက်၏။ “အဖေက စောင့်နေတာ ကြာပြီ။ ကဲ အခု နန်းတော်ထဲကို သွားကြရအောင်။”

ပြီးနောက် နင်ကျန်းက မြင်းကိုစီးသည်။

ကျုံးယောင်က စိတ်ထဲတွင် သက်ပြင်းချလိုက်၏။ သူနှင့် နင်ကျန်းက ဘယ်တုန်းကမှ အဆက်အသွယ် မရှိသလောက်ပင်။ သို့ပေမည့် အတူတူ ကုန်ဆုံးခဲ့ရသည့် အချိန်တိုအတွင်းတွင် ခံစားချက် အများအပြားကို ပေးစွမ်းခဲ့၏။

ပထမဦးဆုံး နင်ကျန်းက စကားပြောရာတွင် မကျွမ်းကျင်ပေ။ ထို့အပြင် သရုပ်ဆောင်ခြင်းကလည်း မကောင်းပေ။ ဒုတိယအချက်အနေနှင့် သူ၏ အောင်ပွဲခံနိုင်မှုက ကြီးမားခဲ့သော်လည်း မာန ထောင်လွှားသည့် လက္ခဏာမျိုး မပြဘဲ ကျုံးယောင်အပေါ်တွင် ရှိသည့်အကြည့်များကလည်း ရန်လိုမှု နည်းပါးသည်။

ရှေးခေတ်မှ ပညာရှိဘုရင်တစ်ပါး၏ စရိုက်လက္ခဏာမျိုးနှင့် ပြည့်စုံနေ၏။ ရက်ရောပြီး လက်တွေ့ကျသည့် ကိစ္စရပ်များကိုသာ အာရုံစိုက်၏။ အနှစ်သာရ မရှိသည့် စကားလုံးများကို ရှောင်ကြဉ်၏။

အာဏာရှိလာသည့် အခါတွင်လည်း ခွင့်လွှတ်နိုင်သည့်အရာအားလုံးကို ခွင့်လွှတ်ပေး၏။ ထိုကဲ့သို့သော ဘုရင်တစ်ပါးက လောကတွင် ရှိနေသည့် အရည်အချင်းရှိသော ဝန်ကြီးအားလုံး အိမ်မက်မက်ကြသည့် ဘုရင်မျိုးပင် ဖြစ်ပေမည်။

နင်ချီက ပိုကာထက်မြက်ပြီး ပိုကာလွှမ်းမိုးနိုင်မှု ရှိသော်လည်း သူ၏ နည်းလမ်းများက ရက်စက်၏။ လက်အောက်ငယ်သားများအတွက် ဤကဲ့သို့သော အုပ်စိုးသူများက ကြောက်ရွံ့စရာ တကယ်ကိုကောင်း၏။

တစ်နာရီကျော် ကြာချိန်မှာတော့ ကျုံးယောင်က နင်ယွမ်ရှန်း၏ ရှေ့တွင် ဒူးထောက်လိုက်သည်။ “အပြစ်သားက အရှင်မင်းကြီးကို ဂါရဝပြုပါတယ်။”

နင်ယွမ်ရှန်းက ဘီးတပ်ကုလားထိုင်ပေါ်တွင် ရှိနေဆဲပင်။ ဆံပင်များက ဖြူဖွေးနေပြီး လက်တွေက လှုပ်ရှားမှု အများစုကို ပြန်လည် ပြုလုပ်နိုင်ပြီဖြစ်သော်လည်း တုန်ခါမှုကတော့ ပြင်းထန်လျက် ရှိနေတုန်းပင်။

“ကျုံးယောင်... ခင်ဗျားက အရမ်းကို ငယ်သေးတယ်လို့ ထင်ရပေမယ့် ကျုပ်ကတော့ အသက်ကြီးနေပြီ။” နင်ယွမ်ရှန်းက ပြုံးကာပြော၏။

ကျုံးယောင်က ဦးညွှတ်ကာ တိတ်ဆိတ်လျက် ရှိနေ၏။ ဤလူက မာနကြီးပြီး နင်ယွမ်ရှန်းနှင့် တွေ့သည့် အချိန်တိုင်း အမြဲတမ်း တိတ်ဆိတ်နေတတ်သည်။

နင်ယွမ်ရှန်းက ပြော၏။ “ကျုံးယောင်... ကျုပ်တို့ တစ်ယောက်နဲ့တစ်ယောက် မနှစ်သက်ခဲ့ကြဘူး။ ခင်ဗျားက ကျုပ်ကို အထင်သေးတယ်။ ကျုပ်ကလည်း ခင်ဗျားကို အထင်သေးတယ်။ အခု ကျုပ်တို့ နှစ်ယောက်လုံး မြေတွင်းထဲကို ပြုတ်ကျသွားတဲ့အချိန်မှာ တစ်ယောက်နဲ့တစ်ယောက် တည်ငြိမ်စွာ ဆက်ဆံနိုင်ခဲ့ပြီ။”

ကျုံးယောင်က ဦးညွှတ်သည်။ “ဒီအပြစ်သားက မဝံ့ရဲပါဘူး။”

နင်ယွမ်ရှန်းက ပြော၏။ “အမှန်အတိုင်း ပြောရမယ်ဆိုရင် ခင်ဗျားတို့ ကျုံးမိသားစုကို တိုက်ခိုက်ဖို့က လွဲပြီး ကျုပ်မှာ ရွေးချယ်စရာ မရှိတော့ဘူး။ ဒါပေမဲ့ ကျုံးယောင်က ကိုယ့်ကျင့်တရားအရ ဖြစ်စေ၊ မူအရပဲ ဖြစ်စေ ဘာတစ်ခုမှ အမှားမလုပ်ခဲ့ပါဘူး။”

မှန်ပေ၏။ ကိုယ့်ကျင့်တရားနှင့် ပတ်သက်ပြီး ကျုံးယောင်က ရက်စက်ကြမ်းကြုတ်သည့် မည်သည့်အရာကိုမှ မလုပ်ခဲ့ချေ။ ထို့အပြင် နင်ချီကို ထောက်ခံဖို့ သူ၏ ရွေးချယ်မှုကလည်း မှားယွင်းသည့် ရွေးချယ်မှုဟု ပြော၍ မရနိုင်ပေ။

ချောင်နှင့်ရွှဲ့ပြည်နယ်တို့၏ ကြီးမားသည့်တိုက်ပွဲတွင် ကျုံးယောင်က အင်အားသုံးသိန်းရှိသည့် ချောင်တပ်မတော်ကို တစ်ဦးတည်း ခုခံခဲ့၏။ သူ့ကြောင့်သာ မဟုတ်ပါက ချောင်တပ်မတော်က နန်းမြို့တော်သို့ပင် တိုက်ရိုက်ချီတက်ပြီး ဖြစ်ပေလိမ့်မည်။ သူက အစောကြီးတည်းက ဘယ်တော့မှ နောက်မတွန့်ဘဲ ချောင်ဘုရင်ကို ခုခံဖို့ အစွမ်းကုန် ပေးဆပ်ခဲ့သူပင်။

ဟုတ်ပေ၏။ သူက တော်ဝင်ရန်အင်ပါယာ၏ မျက်နှာသာရမှုကို ကြိုးစားခဲ့၏။ ကျုံးရှစ်ရှစ်ကို အင်ပါယာမှ မင်းသာဝူ၏ သားနှင့် လက်ထပ်ပေးစေချင်ခဲ့၏။ သို့ပေမည့် မည်သူမှ ပြီးပြည့်စုံသည်ဟူ၍ မရှိချေ။ စုနန်၊ ရွှယ်ချီတို့နှင့် နှိုင်းယှဉ်လျှင် ကျုံးယောင်က အခြေအနေကို သဘောပေါက်ရန် တကယ်ပင် နှေးကွေးခဲ့၏။

ထို့အပြင် နောက်ဆုံးအချိန်၌ ကျုံးမျိုးနွယ်၏ ပုန်ကန်မှုကလည်း ဘုရင်အား လုပ်ကျွေးပြုစုရန် ဆိုသည့် အမည်ခံနှင့်ဖြစ်ပြီး တိုက်ရိုက်ပုန်ကန်ခြင်း မဟုတ်ခဲ့ချေ။ ထို့ကြောင့် နင်ယွမ်ရှန်းက ကျုံးယောင်အား အဓိက ကိုယ်ကျင်တရားများနှင့် မူများကို ဖျက်ဆီးခဲ့ခြင်း မရှိဟု ပြောကြားခဲ့ခြင်းပင်။

“ကျုပ် ခင်ဗျားတို့ ကျုံးမိသားစုကို မသတ်ဘူး”

နင်ယွမ်ရှန်းက ပြောလိုက်သည်။ “ခင်ဗျားတို့ ကျုံးမိသားစုက နန်းမြို့တော်မှာ အိမ်ကြီးတစ်လုံးရှိတယ်။ ပြီးတော့ လုံလောက်အောင်လည်း ကျယ်ဝန်းတယ်။ နန်းမြို့တော်မှာ အခြေချ နေထိုင်ကြ။ နှစ်အနည်းငယ် ကြာရင် ကျုံးမိသားစုရဲ့ သားစဉ်မြေးဆက်တွေက ဆက်ပြီး အောင်မြင်နေအုံးမှာပါ။”

ကျုံးယောင်က ဦးညွှတ်ရင်း တုန်ယင်နေသည့် လေသံဖြင့် လျှောက်တင်၏။ “အရှင်မင်းကြီး... အရှင်မင်းကြီးရဲ့ ကြီးမားတဲ့ ကရုဏာတရားအတွက် ကျေးဇူးတင်ပါတယ်”

နင်ယွမ်ရှန်းက ရယ်မောလိုက်သည်။ “အင်း... မိဖုရားကြီးကျုံးက ရဲရင့်ပြီး ငယ်ရွယ်သေးတယ်။ အရင်က ကျုပ်နဲ့ လိုက်ဖက်တယ်လို့ ထင်ခဲ့ပေမယ့် အခု သူက ကျုပ်ရဲ့သမီးလို ဖြစ်နေပြီ။ အခု ခင်ဗျား မြို့တော်ထဲကို ဝင်လာပြီ ဆိုမှတော့ သူက သူ့မိသားစုနဲ့ ပိုပြီး နီးစပ်လာတာပေါ့။ ဒီအဘိုးကြီးရဲ့ အနားမှာ ပျင်းရိပြီး အဖော်လုပ် မနေရအောင် အိမ်ကို ခဏလောက် ပြန်သွားလို့လည်း ရတယ်။”

ကျုံးယောင်က တိတ်ဆိတ်သွားခဲ့၏။

“ကျုံးယောင်” နင်ယွမ်ရှန်း၏ အသံက တင်းမာလာသည်။

ကျုံးယောင်က ဒူးထောက်ကာဖြင့် အာရုံစိုက် နားထောင်၏။

နင်ယွမ်ရှန်းက ပြောလိုက်သည်။ “လောကကြီးက အမြဲတမ်း ပြောင်းလဲနေတယ်။ ကံကြမ္မာက နှစ်အနည်းငယ်အတွင်း သိသိသာသာ ပြောင်းလဲနိုင်တယ်။ ဘယ်သူမှ အနာဂတ်ကို ကြိုပြီး မပြောနိုင်ဘူး။

ခင်ဗျားအပေါ်မှာ ရွှဲ့ပြည်နယ် ရှိပြီးတော့ အဲဒီအပေါ်မှာလည်း တော်ဝင်ရန်အင်ပါယာ ရှိတယ်။ ဒီတော့ ခင်ဗျားရဲ့ ကျုံးမိသားစုဝင်တွေကို ကျုပ် မသတ်ဘူး။ ဒါကြောင့် အနာဂတ်မှာ လောကကြီး ပြောင်းလဲသွားခဲ့တယ်ဆိုရင် ခင်ဗျားရဲ့ ကျုံးမိသားစုက ဒီနေ့ကို မှတ်မိနေစေဖို့ မျှော်လင့်မိတယ်။”

ကျုံးယောင်က စကားလုံး တစ်လုံးကိုမှ မလွတ်ဘဲ ဂရုစိုက် နားထောင်၏။

“ချောက်ထဲမှာ သိုဝှက်နေတဲ့ နဂါးတစ်ကောင်က တော်တော်လေး အားကောင်းတယ်။”

နင်ယွမ်ရှန်းက ပြုံးကာပြောသည်။ “ခင်ဗျားက နှစ်အနည်းငယ်လောက် အေးအေးဆေးဆေး နေလိုက်အုံးပေါ့။ ရာသီဥတု ဘယ်လိုပဲ ပြောင်းလဲလာပါစေ ဆုံးဖြတ်ချက်မချခင် ဖြစ်ပေါ်လာနိုင်တဲ့ အရိပ်သင်္ကေတတွေကို ရှင်းရှင်းလင်းလင်း မြင်အောင်ကြည့်ပေါ့။

ကျုပ်က ကြီးကျယ်ခမ်းနားတဲ့ ဘုရင်တစ်ပါး မဟုတ်ခဲ့ပေမဲ့ ဒါတွေက ခင်ဗျားကို ပြောချင်တဲ့ စကားတွေပဲ။ ခင်ဗျားက ကျူးမိသားစု မဟုတ်ဘူး။ ခင်ဗျားတို့က အောက်ခြေစည်မျဉ်းမရှိတဲ့ ရွှယ်မိသားစုနဲ့လည်း မတူဘူး။”

ကျုံးယောင်က ဦးညွှတ်၏။ “အရှင်မင်းကြီးရဲ့ စကားကို စိတ်ထဲမှာ မှတ်ထားပါမယ်။”

နင်ယွမ်ရှန်းက ရှေ့ကို တိုးလိုက်သည်။ ကျုံးယောင်၏ ပခုံးကို အသာပုတ်လိုက်သည်။ “ရာသီဥတုက ပြောင်းလဲနိုင်ပေမဲ့ အခြေအနေကို ပြန်လှည့်သွားမှာ မဟုတ်ဘူး။ အဲဒါကို မှတ်ထား သူငယ်ချင်းဟောင်းကြီး”

ပြီးတော့ နင်ယွမ်ရှန်းက ပြောကြား၏။ “ကျုံးယောင်ကို ထျန်းရှစ်နယ်စားကြီးဘွဲ့ ရုပ်သိမ်းပြီး အန်းနင်နယ်စားကြီးဘွဲ့ ပေးအပ်ဖို့ အမိန့်ထုတ်ပြန်လိုက်။”

မိဖုရားကြီးကျုံး၏ နန်းတော်အတွင်းမှာတော့ ကျုံးယောင်က နောက်ဆုံးတွင် သူ၏ ညီမလေးကို ပြန်တွေ့ခဲ့၏။ နင်ယွမ်ရှန်း ပြောသလိုပင် မိဖုရားကြီးကျုံးက အသက်အရွယ် ကြီးမြင့်ပုံ ပေါ်သော်လည်း အလွန်လှပနေဆဲဖြစ်ပြီး အသက် ၃၀ ထက်မပိုဘဲ ငယ်ရွယ်ပုံပေါက်နေ၏။ သူမ၏ လွမ်းမိုးနိုင်သည့် စရိုက်က မည်သူ့ကိုမဆို ခေါင်းကိုက်စရာပင်။

သူမက ဘုရင်နင်ယွမ်ရှန်းကိုပင် ဝေဖန်ရဲသည်။ နင်ယွမ်ရှန်းက သူမကို လျစ်လျူရှုခဲ့သလို သူမကလည်း နင်ယွမ်ရှန်းကို လျစ်လျူရှုခဲ့၏။ ထို့ကြောင့် သူတို့၏ အိမ်ထောင်သက်တမ်း နှစ် ၂၀ ကျော်အတွင်း တစ်ယောက်နှင့်တစ်ယောက် သဘောထား ကွဲလွဲခဲ့ကြ၏။

သို့သော်ငြား မိဖုရားကျုံး၏ စရိုက်လက္ခဏာက မကြာသေးခင်က တော်တော်ကို ပြောင်းလဲသွားခဲ့၏။ ကျုံးမိသားစုက အားနည်းသွားကြခြင်း မဟုတ်ဘဲ နင်ယွမ်ရှန်း ဖျားနာသွားခဲ့သောကြောင့်ပင်။ အားနည်းပြီး အသက်ကြီးသည့် နင်ယွမ်ရှန်းကို ပြုစုရင်း မိဖုရားကြီးကျုံးက ပိုမိုကာ နူးညံ့သိမ်မွေ့လာခဲ့၏။ သူမ၌ မနာလိုစိတ် ဟူ၍ မရှိပေ။

သေလောက်အောင် ဒေါသထွက်လျှင်ပင် သူမက ခင်ပွန်းသည်ကို စာနာခဲ့၏။ နင်ယွမ်ရှန်းက သူမ၏ ဘဝတွင် တစ်ဦးတည်းသော ယောက်ျားဖြစ်၏။ အဘယ်သို့ မချစ်ဘဲ နေမည်နည်း။ နင်ယွမ်ရှန်း၏ အသက်အရွယ် ကြီးမင်းပြီး အားနည်းသည့် ပုံပန်းသွင်ပြင်ကို မြင်ချိန်တိုင်း သူမ၏ နှလုံးသားထဲတွင် နာကျင်မှုမျိုးကို ခံစားရ၏။

All Chapters