အခန်း (၇၄၇-၇၄၈)
Vol. 47 Ch. 747-748
အပိုင်း (၇၄၇)
“ဒါလည်း ကောင်းပါတယ်။”
မိဖုရားကြီးကျုံးက ပြောသည်။ “ကျွန်မတို့ မိသားစုက အဆုံးသတ် ကောင်းမှာ မဟုတ်ဘူး။ ကျွန်မတို့ အားလုံး ပျက်စီးသွားမှာကို ကျွန်မ စိုးရိမ်ခဲ့မိတယ်။”
ကျုံးယောင်က အကူအညီမဲ့သလိုပင်။ သူ၏ ညီမငယ်က အရင်လိုပဲ ပွင့်ပွင့်လင်းလင်း ပြောဆိုနေဆဲ ဖြစ်၏။
“ကျွန်မတို့ရဲ့ နယ်မြေနဲ့စစ်တပ်ကြီးတစ်ခုကို ဆုံးရှုံးရတယ် ဆိုပေမယ့် ကျွန်မတို့ မိသားစု တစ်ခုလုံးက ဒီအတိုင်း ရှိနေဆဲပဲ။ ဒါကလည်း ကောင်းတယ်။”
မိဖုရားကြီးကျုံးက ပြောသည်။ “ဒီနည်းနဲ့ ကျွန်မတို့ ပြန်စနိုင်တယ်။ ဆယ်စုနှစ် အနည်းငယ်အတွင်း ကျွန်မတို့ မိသားစုက ပြန်ပြီး ကြီးပွားတိုးတက်နိုင်တယ်။ မိသားစုတစ်ခုလုံး ပျောက်ကွယ်သွားခဲ့ပြီး နေ့တိုင်း ကလေးယူဖို့ ကြိုးစားနေတဲ့ အဘိုးကြီးတစ်ယောက်တည်း ကျန်ခဲ့တဲ့ စုမျိုးနွယ်ထက်စာရင် ကျုံးမျိုးနွယ်က တော်ပါသေးတယ်။”
ကျုံးယောင်က ထွက်ခွာသွားရန် ဆုံးဖြတ်လိုက်၏။ သူ ဤစကားဝိုင်းကို ထပ်၍ မဆက်ချင်တော့ပေ။ တကယ့်ကို ခက်ခဲလွန်းလှချေ၏။ ဆယ်စုနှစ်ကျော်ကို သူ မည်သို့ ဖြတ်သန်းလာခဲ့သည် ဆိုသည်ကို တခြားသောသူများ မသိချေ။
ပြောရမည် ဆိုလျှင် နင်ယွမ်ရှန်းက သူ၏ မိန်းမများအပေါ် အလွန်ကောင်းမွန်၏။ ပထမ မိန်းမကို အတင်းအကျပ် နန်းချခဲ့ပြီးနောက် သူမက စိတ်ကျရောဂါနှင့် သေဆုံးသွားခဲ့၏။ ထိုအကြောင်းအရာနှင့် ပတ်သက်၍ အပြစ်ရှိသည်ဟု ခံစားခဲ့ရပြီး တခြားသော မိန်းမများကို ပြန်လည် ပေးဆပ်ဖို့ ကြိုးစားခဲ့၏။
မိဖုရားကြီးစုက မည်မျှထိ စိုးမိုးနိုင်ခဲ့သနည်း။ စုနိုင်၏ ပုန်ကန်မှု မအောင်မြင်ခဲ့ပြီးနောက် လူတိုင်းက မိဖုရားကြီးစု သေဆုံးသွားလောက်ပြီဟု ထင်ခဲ့၏။ သူမက မသေဆုံးခဲ့သလို မိဖုရားအဖြစ်ကပင် ဖြုတ်ချခံရခြင်း မရှိပေ။
မိဖုရားကြီးကျူးက အလွန့်ကို မောက်မာပြီး နင်ယွမ်ရှန်းကို အထင်သေး၏။ နည်းလမ်းပေါင်းစုံနှင့် မထီမဲ့မြင် ပြု၏။ ယခု ကျူးဟုန်ကျူးကို ဝန်ကြီးချုပ်ရာထူးမှ ထုတ်ပယ်လိုက်သော်လည်း မိဖုရားကြီးကျူးက ထိခိုက်မှု မရှိခဲ့ချေ။
မိဖုရားကြီးကျုံးကလည်း ထိုထဲမှ တစ်ယောက်ပင် ဖြစ်၏။ ကျုံးမိသားစု ပုန်ကန်သည့်အချိန်တွင် နင်ယွမ်ရှန်းက မိဖုရားကြီးကျုံးကို မည်သို့မှ အပြစ်ပေးခြင်း မရှိခဲ့ချေ။
နင်ယွမ်ရှန်းက ပြင်ပလူများအပေါ် အလွန်ရက်စက်ပြီး ကျေးဇူးမသိတတ်သော်လည်း သူ၏ လူများအပေါ်တွင်တော့ တကယ်ကို ကောင်းမွန်ပြီး မေတ္တာထားတတ်သူပင်။
........................
“အား အား”
တော်ဝင်နန်းတော်ထဲမှာတော့ မင်းသမီးနင်ယန်က ဝမ်းနည်းဆွေးမြေ့စွာဖြင့် အော်ဟစ်လျက် ရှိနေ၏။ သို့သော်ငြား အော်ဟစ်သံက အနည်းငယ် ခြောက်သွေ့ပြီး အတုအယောင်ဆန်ပုံ ပေါ်၏။ သူမ မပေါ်လာသည်က အတော်ကြာ၏။ ဘာလုပ်နေသနည်း။ သူမက ကိုယ်ဝန်ကို ဂရုစိုက်နေရသောကြောင့်ပင်။
သူမ၏ ကိုယ်ဝန်ဆောင်မှုက အရမ်းကို ခက်ခဲခဲ့သည်။ ကိုယ်ဝန်ဆောင်နေစဉ်တွင်လည်း အလှည့် အပြောင်းများနှင့် ပြည့်နှက်ခဲ့၏။ တချို့သောကိစ္စရပ်များက တော်တော်လေး အန္တရာယ်များခဲ့၏။ ထို့ကြောင့် သူမက ကိုယ်ဝန်ကို ပြုစုပျိုးထောင်ရန် အိမ်ထဲတွင်သာနေခဲ့ပြီး ပြင်ပလောကနှင့် အဆက်အသွယ် မရှိသလောက်ပင်။
ယခုအချိန်မှာတော့ ဤအသီးက မှည့်ရန် အချိန်ရောက်လာ၏။ သို့ပေမည့် သူ သိပ်ပြီး မနာကျင်သေးချေ။ မီးဖွားခြင်းက နာကျင်သည် ဆိုသော်လည်း ကျောကပ်ကပ် ကျောက်တည်ခဲ့သည်ထက် နာကျင်နိုင်ပါ့မည်လား။ ရောဂါကို ခံစားခဲ့ရပြီးနောက် နင်ယန်၏ နာကျင်မှုအပေါ် သည်းခံနိုင်စွမ်းက သိသိသာသာ တိုးတက်လာခဲ့၏။ ထို့အပြင် သူမ၏ ရုပ်ပိုင်းဆိုင်ရာ အခြေအနေအရ ကလေးမွေးဖွားခြင်း ဆိုသည်က သူမအတွက် အလွန်လွယ်ကူသည်။ သူမ၏တင်က စွင့်ကားလွန်းကြောင့်ပင်။
သားဖွားဆရာမများ၏ အဆိုအရ ရှောင်ပင်း ကလေးမွေးဖွားခဲ့သည်က ကြက်မ ဥ, ဥ သည်ထက်ပင် ပိုမိုကာ မြန်ဆန်သည်ဟု ဆိုခဲ့၏။ နင်ယန်က ထိုစကားကို သွားကာ သတိရမိသည်။ သူမကလည်း ထိုကဲ့သို့ပင် ဖြစ်နေမည်လား။ ထို့ကြောင့် မီးဖွားနေစဉ်တွင် သူမက နာကျင်မှုကို ခံနိုင်ရည်ရှိသည် ဆိုသော်လည်း ကျယ်လောင်စွာ အော်ဟစ်နေ၏။ သူများအပြောအဆို မခံချင်ပေ။
“ကလေးလေး.... ထွက်မလာခင် ခဏလောက် စဉ်းစားလိုက်အုံး။ မင်းအမေက ကြက်မ ဥ, ဥသလိုမျိုး လွယ်ကူလို့တော့ မဖြစ်သေးဘူး။” ထို့ကြောင့် သူမက အလွန်နာကျင်စွာ အော်ဟစ်နေခဲ့၏။ ကလေးမွေးဖွားရသည်က မည်မျှနာကျင်ကြောင်း တခြားသောသူများ သိရှိအောင် ကြိုးစားနေခြင်းပင်။ သို့သော်ငြား သူမ၏ ရုပ်ပိုင်းဆိုင်ရာ အခြေအနေက အလွန် ကောင်းမွန်နေ၏။
“ထွက်လာပြီ။ ထွက်လာပြီ။ ဒီကလေးလေးရဲ့ ခန္ဓာကိုယ်က တကယ့်ကို အံ့အားသင့်စရာပဲ။”
နင်ယန်က ငိုချင်နေသော်လည်း မျက်ရည် မကျခဲ့ချေ။ ဤမျှလောက်တော့ မလွယ်ကူသင့်ပေ။ ထို့ကြောင့် နည်းနည်းပါးပါးတော့ ထိန်းသိမ်းထားစေချင်၏။ သို့ပေမည့် ကလေးက ဗိုက်ထဲ မနေချင်ဟန်ဖြင့် ခပ်မြန်မြန် ထွက်လာခဲ့သည်။
“ဂုဏ်ယူပါတယ်။ ယောက်ျားလေးပါပဲ။ ခြောက်ပေါင်ပါ။”
ထိုစကားကိုကြားချိန်မှာတော့ မိဖုရားကြီးပျံ့က ကလေး၏ ကိုယ်အလေးချိန်က ၆ ပေါင်အောက်သာ ရှိပြီး သားဖွားဆရာမက မင်္ဂလာရှိစေရန် ရည်ရွယ်ချက်ရှိရှိ (၆) ဂဏန်းအဖြစ် အလေးချိန်ကို တိုးကာ ပြောဆိုခဲ့ခြင်း ဖြစ်ကြောင်း အတပ်သိ၏။
နင်ယန်၏ ကိုယ်ဝန်လွယ်ခြင်းက ချောမွေ့ခဲ့သည် မဟုတ်ပေ။ ရှမ့်လန်နှင့် တော်ဝင်သမားတော်များက အကောင်းဆုံး ကြိုးစားအားထုတ်ခဲ့ရသော်လည်း သူမ၏ ဝမ်းဗိုက်ထဲမှ ကလေးက သိပ်ပြီး သန်မာလှသည် မဟုတ်ချေ။ ကိုယ်လေးချိန် ၅ ပေါင်ကျော်နှင့် လမစေ့မွေးဖွားခြင်းက ကြီးကျယ်ခမ်းနားသည့် အောင်မြင်မှုပင် ဖြစ်သည်။
“ကျွန်မ ခဏလောက် ချီထားပါရစေအုံး” မိဖုရားကြီးပျံ့က ကလေးကို ပွေ့ချီထား၏။
ရှမ့်လန်၏ ယခင်ကလေးအားလုံးက ဝါဖြိုးပြီး အသားဖြူဖြူနှင့် မွေးဖွားကြ၏။ အရွယ်ရောက်သည့် အချိန်တွင်လည်း ချစ်ဖို့ ကောင်း၏။ ဤကလေးမှာတော့ မွေးရာပါ အနီရောင် အသားအရေနှင့် မျက်လုံးက မဖွင့်ရသေးပေ။ သူ့အစ်ကို၊ အစ်မထက် အားနည်းပုံပေါ်သည်။
“နည်းနည်းလေး အားနည်းတာလည်း မဆိုးပါဘူး။ မင်းရဲ့အဖေလိုပဲ မင်းက ကောင်းချီးခံစားရလိမ့်မယ်။” မိဖုရားကြီးပျံ့က အလွန်အမင်း ချစ်ခင်စွာဖြင့် ပြော၏။
“အင်း..... ကျွန်မ ချီပါရစေအုံး” နင်ယန်က တောင်းဆိုလိုက်သည်။
မူလန်က ကလေးကို ချီရင်းမှ နင်ယန်ဆီ လှမ်းပေး၏။ မင်းသမီးနင်ယန်က သားဖြစ်သူကို ချစ်ခင် ကြင်နာစွာ ကြည့်ရင်း တိုးတိုးလေး ပြော၏။ “ကလေးလေး.... မင်းရဲ့ အစ်ကို၊ အစ်မတွေလောက် မသန်မာတဲ့အတွက် စိတ်မကောင်းပါဘူး။ ဒါပေမဲ့ စိတ်မပူနဲ့။ ငါကိုယ်တိုင် မင်းကို ကျွေးမွေးပြုစုပြီး သန်သန်မာမာနဲ့ ကြီးပြင်းအောင် မွေးမြူပေးမယ်။”
နင်ယန်က ကျန်းမာရေး ကောင်းမွန်သော်လည်း ကျောက်ကပ်တွင် ကျောက်တည်နေတာ ကြာပြီ ဖြစ်သောကြောင့် သူမ၏ အတွင်းစိတ် ပတ်ဝန်းကျင်နှင့် သားအိမ်ပတ်ဝန်းကျင်အတွင်းက ထိခိုက်စေခဲ့ပြီး ကိုယ်ဝန်ရဖို့ ခက်ခဲစေခဲ့သည်။
“မင်းရဲ့ အဖေ ဒီမှာ မရှိပေမဲ့ ကိစ္စမရှိဘူး။ ငါတို့က သန်သန်မာမာ နဲ့ ကြီးပြင်းလာရမယ်။” နင်ယန်မင်းသမီးက ချော့မော့လိုက်၏။
ရှမ့်လန်က ဤနေရာတွင် မရှိချေ။ နင်ယန် ဤအချိန်လောက် ကလေးမွေးမည်ကို သိသော်လည်း သူမကို ပြုစုစောင့်ရှောက်ရန် သူက အလုပ်များလွန်းနေသည်။
မူလန်က နင်ယန်ကို ကြည့်၏။ “ရှင် ကံကောင်းတာပဲ။ ကျွန်မ ရှမ့်ယီလေးကို မွေးတုန်းက တကယ့်ကို ဒုက္ခရောက်ခဲ့တယ်။ ယောက်ျားက ဘာပဲပြောပြော သူ့ကလေးတွေကို အကုန်လုံး ထပ်တူချစ်တာတော့ ကျွန်မ သိတယ်။”
နင်ယွမ်ရှန်းက သူ၏မြေးကို နာမည်ပေးဖို့ ဦးနှောက်ကို အလုပ်ပေး၍ အပြင်းအထန် ကြိုးစား၏။ သူက ရှေးဟောင်းကျမ်းစာများကို မရေတွက်နိုင်အောင် ဖတ်ရှုပြီး နောက်ဆုံးတွင်တော့ နာမည်တစ်ခုကို ရခဲ့သည်။
...................
နင်ယန်က ဤနာမည်ကို ကြားတော့ ငိုတော့မလိုပင် ဖြစ်ခဲ့၏။ “အဖေ.. ဒီနာမည်က ကြီးကျယ်ခမ်းနားတဲ့ ပုံလည်း မပေါ်ပါဘူး။ သမီးလေး ရှမ့်မီအတွက် အဖေပေးခဲ့တဲ့ နာမည်ကလည်း အရမ်းကောင်းတယ်။ ပြီးတော့ ကျွန်မရဲ့ ယောက်ျားပေးတဲ့ ရှမ့်ယီ ဆိုတဲ့ နာမည်ကလည်း ပေါ့ပါးတယ် ဆိုပေမဲ့ ကောင်းတာပဲ။ ကျွန်မသားကျမှ ဘယ်လိုဖြစ်ပြီး ရှမ့်လီလို့ ပေးရတာလဲ။ ရှမ့်တာလီလို့ ပေးရင် ပိုကောင်းမယ်နဲ့ တူတယ်။”
နင်ယွမ်ရှန်းက ပြုံးလိုက်သော်လည်း တိတ်ဆိတ်နေသည်။
မိဖုရားကြီးပျံ့က တိုးတိုးလေး ပြောလိုက်၏။ “ရှမ့်လီ ဆိုတာက နာမည်က ဘာမှမှားတာ မဟုတ်ဘူး။ ကလေးက နည်းနည်း အားနည်းတာကြောင့် သူ့ကို ရှမ့်လီလို့ နာမည်ပေးတာ ကောင်းတယ်။ ကလေးရဲ့ ကြီးထွားမှုကို ပိုပြီး အထောက်အကူ ဖြစ်စေလိမ့်မယ်။ ပြီးတော့ ကလေးရဲ့ ကံကောင်းမှုတွေကို ပိုမို တိုးတက်စေလိမ့်မယ်။”
နင်ယွမ်ရှန်းက အမှန်ပင် ကောင်းမွန်သည့် ရည်မှန်းချက်များ ရှိခဲ့၏။ သူသည် ယခင်တုန်းက အလွန် မာနကြီးခဲ့၏။ သူ၏မြေးလေး ကံကောင်းမှုများ ရရှိရန် ကောင်းကင်ဘုံကိုပင် အသနားခံနေလေသည်။
ရှမ့်လီ၏ နာမည်က အာယုကျွမ်းနှင့် အတော်လေး ဆင်တူ၏။ သို့ပေမည့် မင်းသားအာယုကျွမ်းက သာမန်ကလေး တစ်ယောက်မဟုတ်ပေ။ သုံးနှစ်မပြည့်ခင်မှာပင် မြင်းစီးနေ၏။ ထို့အပြင် မြင်းပေါ်မှ လေး၊ ငါးကြိမ်မက ပြုတ်ကျဖူးသော်လည်း အလုံးစုံ အဆင်ပြေ၏။ ခေါင်းကလည်း မာလွန်း၏။ တစ်ခါတစ်ရံ မြင်း မနာခံသည့်အချိန်မျိုးတွင် မြင်းနှင့်ပင် နပန်းလုံးကာ တိုက်ခိုက်တတ်သေး၏။
ထို့အပြင် မြင်းနှင့်အတူ ခွက်တစ်ခုတည်းတွင်လည်း စား၏။ ထို့အပြင် သူက မြင်းနှင့်အတူ ရက်အနည်းငယ် တင်းကုပ်ထဲတွင် အိပ်တတ်၏။ ချင်ဘုရင်မ အာယုနာနာကလည်း ထိုကလေးကို သိပ်ပြီး ဂရုမစိုက်လှချေ။ အတိုချုပ်ပြောရမည်ဆိုလျှင် အာယုကျွမ်းက မင်းသားတစ်ပါးလို လုံးဝမနေချေ။
အာယုကျွမ်း နှင့် ရှမ့်ယီကမှ တကယ်ညီအစ်ကို ဖြစ်သင့်သည်။ ဤနှစ်ကောင်က သူတို့မိဘများ လက်လွှတ်ပေးထားရသည့် ပါရမီရှင်လေးများပင်။
သို့ပေမည့် ကလေးငယ်လေးရှမ့်လီက သူ့အစ်မ ရှမ့်မီထက် ပိုကာ ယဉ်ကျေး၏။ မွေးမွေးပြီးချင်း အချိန်အနည်းငယ်လောက် ငိုသည်ကလွဲလျှင် ထပ်ကာ မငိုတော့ချေ။ မိန်းကလေးတစ်ယောက်လို တိတ်ဆိတ် နေတတ်၏။ သူက နင်ယန်နှင့် တော်တော်လေးတူပြီး ချောမောလှပသည့် ကလေးလေးတစ်ယောက် ဖြစ်၏။
သို့သော်ငြား ရှမ့်မီ၊ ရှမ့်ယီတို့၏ အံ့မခန်းအလှနှင့် နှိုင်းယှဉ်မည်ဆိုလျှင် အနည်းငယ်ကွာခြားချက် ရှိနေတုန်းပင်။ ထို့ကြောင့် နင်ယန်က အနည်းငယ် စိတ်ပျက်မိ၏။ သူမက ရှောင်ပင်းထက် ချောသည် ဆိုသည်မှာ သေချာသော်လည်း သူမ မွေးသည့် ကလေးက အဘယ်ကြောင့် ရှမ့်မီလေးလောက် မလှပရသနည်း။ ကျင်းမူလန်ကို ရှုံးရသည်က အဓိပ္ပာယ် ရှိသေး၏။ သို့ပေမည့် အဘယ်ကြောင့် ပင်းအာကိုပါ ရှုံးရသနည်း။
‘ပင်းအာ... မင်းက သာမန် အစေခံမလေးတစ်ယောက်ပဲ။ ဒါပေမဲ့ မင်းမွေးခဲ့တဲ့ သမီးက မင်းနဲ့မတူဘဲ မင်းသမီးလေးနဲ့ ပိုတူနေတယ်။ ဒါတို့အားလုံးက ယောက်ျားရဲ့ သွေးမျိုးဆက် ကောင်းလို့ပဲ။ မဟုတ်ရင် ရှောင်ပင်း .. မင်းရဲ့ အရည်အချင်းနဲ့ဆိုရင် ဒီလိုကလေးမျိုးလေးကို မွေးနိုင်မှာ မဟုတ်ဘူး။ ဟင်း.. ဟင်း ... ဟင်း..’
မိဖုရားကြီးပျံ့က တော်တော်လေး ကျေနပ်နေ၏။ “ဘာမှ မမှားပါဘူး။ ရှမ့်မီနဲ့ ရှမ့်ယီတို့ ကလည်း အရမ်းကို လှတယ်။ မင်းတို့မိသားစုက လောကမှာရှိတဲ့ အကောင်းဆုံးဂုဏ်ဒြပ်တွေ အားလုံးကို ရယူချင်နေကြတာလား။ သာမန်ကလေးတစ်ယောက် ရှိတာလည်း အဆင်ပြေပါတယ်။”
ပျံ့ဖေးက ရှမ့်လီ၏ နဖူးကို နမ်းသည်။ “အနည်းဆုံးတော့ ငါတို့ရဲ့ကလေး ရှမ့်လီက သူ့အမေဘက်က အဘွား ထက်တော့ အများကြီး လှပါသေးတယ်။”
မိဖုရားကြီးပျံ့က သူ့ကိုသူ လုံးဝမလှဟု နောက်ပြောင် ကျီစယ်လိုက်ခြင်းပင်။
...................
နင်ချီက နေ့တိုင်းလိုလို စကားပြောလေ့ ရှိနေ၏။ “ကျူးဟုန်ကျူး.. ခင်ဗျားပြောတဲ့ အာရုံမတက်ခင် မှောင်မိုက်ခြင်းဆိုတာ ဘာကိုပြောတာလဲ။ အာရုံမတက်ခင် နောက်ဆုံးမှောင်မိုက်ခြင်းက ဘယ်တော့ ရောက်လာမှာလဲ။”
ကျုံးမိသားစုက နန်းမြို့တော်တွင် အခြေချ နေထိုင်နေခဲ့ပြီး ထျန်းရှစ်နယ်စားကြီးအိမ်တော်ကို အန်းနင်မြို့စားကြီး အိမ်တော်ဟု ပြောင်းလဲ သတ်မှတ်လိုက်၏။ ပြီးနောက် ကျုံးမိသားစုက သူတို့၏ တံခါးများကို ပိတ်ထားပြီး ပြင်ပလောကနှင့် လုံးဝအဆက်အဆံ မလုပ်တော့ဘဲ အလွန်ရိုကျိုးစွာ နေထိုင်ခဲ့သည်။
ကျုံးယောင်က တစ်ခါတစ်ရံ နယ်စားကြီးအိမ်ဆီမှ ထွက်ခွာပြီး နန်းတော်ထဲသို့ ဝင်၍ ဘုရင်နှင့်အတူ စစ်တုရင် ကစားလေ့ရှိ၏။ သို့သော်ညား သူက နင်ချီနှင့် ဘယ်တော့မှ အဆက်အသွယ် မရှိခဲ့ပေ။ စကားတစ်ခွန်းမှလည်း မပြောခဲ့ချေ။ ညီလာခံလည်း တစ်ခါမှ မတက်ရောက်ခဲ့ချေ။
နှစ်သစ်ကူး ရောက်ရှိလာခဲ့ပြန်၏။ နှစ်သစ်ကူးညမှာတော့ တော်ဝင်နန်းတော်အတွင်း မိသားစုပြန်လည် စုစည်းပွဲများနှင့် ပြည့်နှက်နေ၏။
ဘုန်းကြီးဝတ်လျက် ရှိနေသည့် ဒုတိယသားနှင့် အကျဉ်းချခြင်းကို ခံထားရသည့် နင်ယီမှလွဲလျှင် ကျန်သည့် ညီအစ်ကိုမောင်နှမ အားလုံးက တက်ရောက်ကြသည်။
အိမ်ရှေ့စံ နင်ကျန်းက အပြေးအလွှားရောက်ရှိလာပြီး အစားအစာများကို စားသောက်ကာ အလျှင်အမြန် ပြန်လည် ထွက်ခွာသွား၏။ သူက အလွန့်ကို ကြိုးစားသူဖြစ်ပြီး နှစ်သစ်ကူးညတွင်ပင် ညီအစ်ကိုချင်း ချစ်ခင်ကြင်နာမှုကို ပြသဖို့ အရေးမစိုက်နိုင်ခဲ့ပေ။ သူက ထီးနန်းပင် မတက်သေးချေ။ သို့ပေမည့် တစ်နေ့ကို နှစ်နာရီကျော်ကျော်လောက်ပဲ အိပ်၏။ ကျန်သည့်အချိန်များကို နိုင်ငံရေး ကိစ္စရပ်များနှင့် ကုန်ဆုံးခဲ့၏။
ဘုရင်မင်းမြတ် နင်ယွမ်ရှန်းက လုံးဝကို စိတ်အေးလက်အေး ဖြစ်နေ၏။ စစ်တုရင် ကစားခြင်း၊ စာအုပ်ဖတ်ခြင်း၊ သူ၏မြေးများနှင့် ကစားခြင်း၊ ထိုကဲ့သို့ မသေနိုင်သည့် လူတစ်ယောက်၏ ဘဝအဖြစ် နေထိုင်လျက်ရှိနေပြီး ပျော်ရွှင်စရာ ကောင်းသော ဘဝကို ဖြတ်သန်းနေသည်။
“နင်ကျန့်၊ နင်ကျင်း” နင်ယွမ်ရှန်းက ပြော၏။
“အဖေ”
“ဒါက မင်းတို့ရဲ့ နှစ်သစ်ကူး မုန့်ဖိုးပဲ။” နင်ယွမ်ရှန်းက ကလေးတိုင်းကို အနီရောင် စာအိတ်အိတ်စီ ပေး၏။ အထဲတွင် ရွှေဒင်္ဂါး တစ်ပြားတည်းသာ ပါရှိသော်လည်း လူတစ်ဦးချင်းစီ၏ ရာသီခွင် လက္ခဏာနှင့် တူညီသည့်အပြင် တစ်ယောက်ချင်းစီ၏ နာမည်ကိုပါ အလွန်လက်ရာမြောက်စွာ ထွင်းထုထားသည်။
မင်းသားအားလုံးက အံ့အားသင့်သွား၏။ “နှစ်သစ်ကူးအတွက် မုန့်ဖိုးပေးတာ။”
အဖေက ဤကဲ့သို့သော အရာများကို တစ်ခါမှ မလုပ်ပေးခဲ့ဖူးချေ။
“ငါက စံပြပုဂ္ဂိုလ် တစ်ယောက်တော့ မဟုတ်ဘူး။ ဒါပေမဲ့ မင်းတို့ရဲ့ ဦးလေး နင်ယွမ်ဝူနဲ့ ငါက အကြီးအကျယ် ရန်ဖြစ်ခဲ့ဖူးတယ်။ သူ မှားတာတော့ မှန်တယ်။ ဒါပေမဲ့ ငါလည်း မှားခဲ့တယ်။”
နင်ယွမ်ရှန်းက ပြော၏။ “မင်းတို့ ညီအစ်ကိုတွေ အားလုံးက အရင်တုန်းက နင်ကျန်းကို အတိုင်းအတာ တစ်ခုထိ အနိုင်ကျင့်ခဲ့ကြတယ်။ ဒါပေမဲ့ စိတ်မပူနဲ့။ နင်ကျန်းက ဒီကိစ္စမှာ ငါ့ထက်ပိုပြီးတော့ သည်းခံနိုင်မှု ကောင်းတယ်။ သူက အငြိုးအတေး မထားဘူး။ မင်းတို့ ညီအစ်ကိုတွေ အနာဂတ်မှာ တစ်ယောက်နဲ့ တစ်ယောက် ချစ်ချစ်ခင်ခင် နေထိုင်သင့်တယ်။”
“အမိန့်ကို နာခံပါ့မယ်။”
အပိုင်း (၇၄၈)
“နင်ချီ” နင်ယွမ်ရှန်းက လှမ်းခေါ်သည်။
နင်ချီက ချက်ချင်း ရှေ့ကိုတိုး၏။ နင်ယွမ်ရှန်း၏ ရှေ့တွင် ဒူးထောက်လိုက်၏။
နင်ယွမ်ရှန်းက သူ၏သားကို ရှုပ်ထွေးသည့် အကြည့်ဖြင့် ကြည့်၏။ ဤသားက ကြီးမားသည့် အရည်အချင်းနှင့် ပြည့်စုံပြီး ရည်မှန်းချက်က ကြီးမား၏။ ထို့အပြင် ရက်စက်ကြမ်းကြုတ်လွန်းသူ တစ်ယောက်ပင်။
“လောကကြီးက အမြဲပြောင်းလဲနေတယ်လို့ ကျုံးယောင်ကို ငါ ပြောဖူးတယ်။ လောကကြီးက ပြောင်းလဲသွားနိုင်တယ်။” နင်ယွမ်ရှန်းက ဖြည်းညင်းစွာ ပြောသည်။
“မင်းဆီမှာ ကိုယ်ပိုင် အတွေးအခေါ်တွေ ရှိတယ်ဆိုတာ ငါသိတယ်။ ဒါပေမဲ့ လောကကြီး ပြောင်းလဲသွားမယ် ဆိုရင်တောင် အစွန်းမရောက်သင့်ဘူးဆိုတာကို မှတ်မိနေဖို့ မျှော်လင့်မိတယ်။ အနာဂတ်မှာ မျှော်လင့်ချက် ရောင်ခြည်လေး တစ်ခုခုကို ချန်ထား။ ရွှဲ့ပြည်နယ်နဲ့ မင်းရဲ့ မိသားစုအတွက် မျှော်လင့်ချက် ရောင်ခြည်လေး တစ်ခုကိုတော့ ချန်ထားပေး။”
နင်ချီက ပြောလိုက်၏။ “နားထောင်နေပါ့မယ်။”
နင်ယွမ်ရှန်းက ပြောသည်။ “မင်း ဒီတစ်ကြိမ်မှာ ထီးနန်းကို မသိမ်းပိုက်နိုင်ခဲ့ဘူး။ နင်ကျန်းက မင်းကို အပြစ်တင်ခဲ့လား။ ငါက မင်းကို အပြစ်တင်ခဲ့လား။”
နင်ချီက ဦးညွှတ်လိုက်၏။ “တစ်ခါမှ မလုပ်ခဲ့ပါဘူး။”
နင်ယွမ်ရှန်းက မေးလိုက်သည်။ “ရှမ့်လန်က မင်းကို သတ်ဖို့ ရည်ရွယ်ချက် ရှိလား။”
နင်ချီက ဦးညွှတ်လိုက်၏။ “မရှိပါဘူး။”
နင်ယွမ်ရှန်းက ပြောသည်။ “မင်းက ထူးချွန်တယ်။ ပြီးတော့ အရမ်းလုပ်နိုင်တယ်။ ငါ့ထက် အများကြီး ပိုပြီး လုပ်နိုင်တယ်။ ဒါပေမဲ့ မင်းရဲ့ လူသားဆန်မှုတွေက လျော့နည်းနေတယ်။ အဲဒီနေ့မှာ မင်းက နင်ကျန်းကို သတ်ဖို့ တခြားသူတွေကို စေလွှတ်ခဲ့တယ်။ ပြီးတော့ နင်ဟန်က ငါ့ကို တိုက်ခိုက်ခိုင်းတယ်။
အခြားတစ်ယောက်ယောက် ဒါမှမဟုတ် တခြားနိုင်ငံတစ်ခုခုဆိုရင် မင်းရဲ့အသက် ၁၀ ခု ရှိရင်တောင် အဆုံးသတ် သွားလိမ့်မယ်။ ဒါပေမဲ့ နင်ကျန်းက မင်းကို ဘာမှမပြောခဲ့ဘူး။ ငါကလည်း မင်းကို ဘာမှမပြောခဲ့ဘူး။ ဘာကြောင့်လဲ မင်းသိလား။”
နင်ချီက ခေါင်းငုံ့ထား၏။
နင်ယွမ်ရှန်းက ပြောလိုက်သည်။ “ဘာပဲပြောပြော ... ဘယ်တော့မှ အစွန်းမရောက်ဖို့ ဆိုတာကို မမေ့နဲ့။ နင်မိသားစုနဲ့ ရွှဲ့ပြည်နယ်အတွက် မေတ္တာတရားကို အခြေခံရမယ်။”
နင်ချီက တုန်လှုပ်သွားခဲ့၏။
နင်ယွမ်ရှန်းက ရှေ့ကို တိုးလာ၍ နင်ချီ၏ ပုခုံးကို အသာပုတ်သည်။ “အခု ငါသေမှာ မကြောက်တော့ဘူး။ ဒါပေမဲ့ မင်း အခုလိုနေနေရတာလည်း မကောင်းတဲ့အရာ မဟုတ်ပါဘူး။”
နင်ချီက ထိုစကားလုံးများကို ကြားချိန်မှာတော့ အနည်းငယ် တုန်လှုပ်သွားခဲ့၏။ “ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ့မယ်။”
..........
နောက်တစ်နေ့ နင်ချီက အိမ်ရှေ့စံမင်းသား နင်ကျန်းကို သွားရောက်ကာ ဂါရဝပြုသည်။ “အိမ်ရှေ့စံ... ရွှယ်မိသားစုကို ဘုရင်အမိန့်တော် ပေးပို့ပြီးတည်းက လပေါင်းများစွာ ကြာနေပြီဆိုပေမယ့် ရွှယ်မိသားစုက စစ်သားစာရင်း၊ သူတို့ရဲ့ နယ်မြေ နယ်နိမိတ်တွေကို မတင်ပြသေးပါဘူး။ မူဝါဒသစ်ကို အကောင်အထည် ဖော်ဆောင်ရာမှာလည်း ငြင်းဆန်နေပါတယ်။ ကျုပ်က အိမ်ရှေ့စံရဲ့ကိုယ်စား ရွှယ်မိသားစုကို သွားရောက်ပြီး သူတို့ကို တာဝန်ခံဖို့၊ မူဝါဒသစ်ကို အကောင်အထည်ဖော်တဲ့ နေရာမှာ ပူးပေါင်းဖို့ သွားပြောပါ့မယ်။”
နင်ချီက ရွှယ်မိသားစုရှိရာ တောင်ဘက်ကို သွားမည်လား။ နင်ကျန်းက ပြောလိုက်၏။ “အင်း.. တတိယအစ်ကို နန်းမြို့တော်မှာ နေတာ ပိုကောင်းတယ် မဟုတ်လား။”
နင်ချီက ပြောသည်။ “ရွှယ်မိသားစုဆီကို မူဝါဒသစ်တွေ ကြီးကြပ်ဖို့၊ သွားခွင့်ပြုဖို့ တောင်းဆိုပါတယ်။ အိမ်ရှေ့စံ... ကျုပ်ရဲ့ တောင်းဆိုမှုကို ခွင့်ပြုပေးပါ။”
နင်ကျန်းက ပြော၏။ “တတိယအစ်ကို... ဒီတစ်ခါသွားရင် နောက်ပြန်လှည့်လို့ မရလောက်တော့ဘူး။”
နင်ချီက ပြောသည်။ “ကျုပ် နောက်ပြန်လှည့်ဖို့ ရည်ရွယ်ချက် မရှိပါဘူး။ အိမ်ရှေ့စံက ကျုပ်ကို ဖမ်းပြီး ထောင်ချနိုင်ပါတယ်။”
နင်ကျန်းက နင်ချီကို အချိန်ခဏကြာအောင် စိုက်ကြည့်၏။ သူက စိတ်သဘောထား နူးညံ့သူ တစ်ယောက် မဟုတ်သလို သဘောထားပျော့ညံ့သူ တစ်ယောက်လည်း မဟုတ်ချေ။ သူက နင်ချီကို မသတ်ချင်လျှင်တောင် တစ်ဖက်လူ၏ သိုင်းပညာများကို ဖျက်ဆီးပြီး လုံးဝ ထောင်ချထားနိုင်၏။ ဤသည်က သူ၏ မူလ အစီအစဉ်ပင်။ သို့ပေမည့် အခြေအနေက ပြောင်းလဲသွားသောကြောင့် သူနှင့် နင်ယွမ်ရှန်းတို့က ထိုသို့ မလုပ်ခဲ့ခြင်းပင်။
နင်ကျန်းက ပြောလိုက်၏။ “တတိယအစ်ကို... ခင်ဗျားမှာ အစီအစဉ်တစ်ခု ရှိတယ်ဆိုရင်တောင် နန်းမြို့တော်မှာ တိတ်တိတ်လေး စောင့်နေလို့ ရပါတယ်။”
နင်ချီက ပြောလိုက်သည်။ “အဲဒါက အရမ်းကို ညံ့လွန်းနေတယ်။”
နင်ကျန်းက မေးလိုက်၏။ “အဖေ ခင်ဗျားကို ဘာပြောခဲ့တယ်ဆိုတာ မှတ်မိလား။”
နင်ချီက ပြောသည်။ “မှတ်မိပါတယ်။”
နင်ကျန်းက ခဏလောက် စဉ်းစားလိုက်၏။ “အင်း.. တတိယအစ်ကို ကျန်းလီကို ဘယ်လိုထင်လဲ။”
နင်ချီက ပြောသည်။ “ကြီးကျယ်မြင့်မြတ်လွန်းတဲ့ သူရဲကောင်း။ ပြိုင်ဘက်ကင်းတဲ့ သူရဲကောင်း။ ဒါပေမဲ့ လူ့ရဲ့စွမ်းအင်နဲ့ ကောင်းကင်ဘုံကို ဆန့်ကျင်ဖို့ ကြိုးစားတာက ပညာမဲ့လွန်းရာကျတယ်။ သူက သူ တစ်ယောက်တည်း ကျရှုံးရုံမကဘဲ ဘေးနားမှာရှိတဲ့ လူတွေအကုန်လုံးကိုပါ ကျရှုံးစေခဲ့တယ်။”
နင်ကျန်းက ပြော၏။ “ကျုပ်ကတော့ မထင်ဘူး။ အင်ပါယာကျန်းလီ ကျရှုံးသွားခဲ့တယ် ဆိုရင်တောင် တစ်လောကလုံးဆီ အမွေအနှစ်တွေ ချန်ထားခဲ့တယ်။ မရေတွက်နိုင်တဲ့ လူတွေကို မျှော်လင့်ချက်တွေ ပေးခဲ့ပြီး အနည်းဆုံး တကယ့်လောကကြီးကို မြင်တွေ့နိုင်အောင် မျက်လုံးဖွင့်ပေးခဲ့တယ်။”
နင်ချီက ပြောသည်။ “လောကကြီးကို ပြောင်းလဲနိုင်ဖို့က အရင်ဆုံး အသက်ရှင်ဖို့ လိုပါသေးတယ်။”
နင်ကျန်းက မေး၏။ “ကဲ... တတိယအစ်ကို သွားမှာ သေချာပြီလား။”
နင်ချီက ပြောသည်။ “အိမ်ရှေ့စံ... ကျေးဇူးပြုပြီး ကျုပ်ကို ခွင့်ပြုပါ။”
နင်ကျန်းက ပြော၏။ “ကောင်းပြီ။ ဒါဆိုရင်လည်း လုပ်ပါ။”
နှစ်ရက်အကြာမှာတော့ တတိယမင်းသား နင်ချီက ရွှယ်မိသားစုရှိရာ တောင်ဘက်သို့ ခရီးနှင်၏။ ရွှယ်ချီကို မေးမြန်းပြီး မူဝါဒသစ်ကို အကောင်အထည်ဖော်ရန် တိုက်တွန်းခဲ့၏။ ဤသည်က နန်းမြို့တော်တစ်ခုလုံး၊ ပြည်သူအရပ်ဖက်နှင့် စစ်ဖက် အရာရှိ အားလုံးကို လုံးဝ အံ့အားသင့်စေခဲ့၏။
ယခု ဘာဖြစ်သနည်း။ ထိုအရာက ကျားတစ်ကောင်ကို တောထဲ ပြန်လွှတ်လိုက်သလို ဖြစ်နေသည် မဟုတ်ပါလား။
“အိမ်ရှေ့စံ နင်ကျန်း၊ ခင်ဗျားတို့နှစ်ယောက်က အဲလောက်တောင် တုံးအလွန်းတာလား။ ဒါက ထီးနန်းအတွက် ကြိုးစားမှုပဲ။ နင်ချီကို မသတ်ခဲ့ရင်တောင် အနည်းဆုံး သိုင်းပညာကို ဖျက်ဆီးပြီး ထောင်ချထားသင့်တယ်။ အခု နန်းမြို့တော်ကနေ ထွက်ခွာခွင့် ပေးခဲ့တယ်။ ဒါက ဘာကိုဆိုလိုတာလဲ။ ကျုပ်တို့ တကယ့်ကို နားမလည်တော့ဘူး။ ကျုပ်တို့ မသိလိုက်တဲ့ ပြောင်းလဲမှု တစ်စုံတစ်ရာ ရှိခဲ့တာလား။”
တကယ်လည်း တစ်ယောက်မှ နားမလည်ခဲ့ကြချေ။ ဦးကြီးတော် နင်ချီ၊ နင်ကန်နှင့် ဝမ်ချောင်ချန်တို့ပင်လျှင် နင်ကျန်းထံသို့ ပြေးလွှားလာပြီး အော်ဟစ် ဆူငေါက်ကြ၏။ ဆုံးဖြတ်ချက်ကို ပြန်လည်ရုပ်သိမ်းပေးပါရန် တောင်းဆို၏။ ဝမ်ချောင်ချန်၏ တံတွေးများက နင်ကျန်း၏ မျက်နှာပေါ်သို့ပင် စင်၏။ သူတို့က လမ်းတွင် နင်ချီကို ချုံခိုတိုက်ခိုက်ပြီး သတ်ဖြတ်ပစ်ရန် လျှောက်ထား၏။
နင်ကျန်းက ငြင်းလိုက်သည်။ နောက်ပိုင်းမှာတော့ ဝမ်ချောင်ချန်၊ နင်ကန်နှင့် နင်ချီတို့က ဝန်ထမ်းရေးရာ ဝန်ကြီးဌာနနှင့် အတိုင်ပင်ခံကောင်စီအာဏာကို အသုံးပြုပြီး နင်ချီကို လမ်းခုလတ်တွင် ချုံခိုတိုက်ခိုက်ရန် အမှန်တကယ် စီစဉ်ခဲ့သည်။
ဝမ်ချောင်ချန်၏ စကားက ရက်စက်လွန်း၏။ ဘုရင်က သူ၏သားတော်ကို စားဖို့ မဖြစ်နိုင်ချေ။ အိမ်ရှေ့စံ ကလည်း သူ၏အစ်ကိုကို မသတ်ချင်ပေမဲ့ ရွှဲ့ပြည်နယ်အတွက် ဤကဲ့သို့သော ကိစ္စရပ်များကို သူတို့က လုပ်သင့်၏။
သုံးယောက်သား လမ်းကြောင်းတစ်ခုကို စီစဉ်ပြီး လမ်းတွင် နင်ချီကို ချုံခိုတိုက်ခိုက်ရန် လျှို့ဝှက်တပ်တော် တစ်ခုကို ခေါ်ယူကာ ပြင်ဆင်၏။ သို့ပေမည့် အစီအစဉ်က မစရသေးချေ။ နင်ယွမ်ရှန်းက ထိုအရာကို ရပ်တန့်ရန် လီစွမ်းကို စေလွှတ်ခဲ့၏။ သူတို့က ပို၍ပင် အံ့အားသင့်ခဲ့သည်။
အဘယ့်ကြောင့်နည်း။ မသတ်ချင်လျှင်တောင် အနည်းဆုံး ထောင်ချထားသင့်၏။ နင်ချီကို လောက အလယ်တွင် ဆက်ထားပါက တိုင်းပြည်အတွက် ကပ်ဘေးကြီး ကျရောက်လာပေလိမ့်မည်။ သို့ပေမည့် အဘယ့်ကြောင့်နည်း။ လောကကြီး၌ အဘယ်သို့သော ပြောင်းလဲမှုများ ဖြစ်ပျက်ခဲ့သနည်း။
ရွှဲ့ဘုရင်က မူဝါဒသစ်များကို ချက်ချင်း အကောင်အထည်ဖော်ရန်၊ နယ်မြေကို လွှဲပြောင်းပေးရန်နှင့် ကိုယ်ပိုင်စစ်တပ်များကို ဖျက်သိမ်းရန် အမိန့်ပေးသည့် အမိန့်တော်ကို ထုတ်ပြန်၏။ ရွှယ်မိသားစုက လျစ်လျူရှုထား၏။ တတိယမင်းသား နင်ချီက ဘုရင်၏အမိန့်တော်ဖြင့် ရွှယ်မိသားစု၏ နယ်မြေထဲသို့ ဝင်ရောက်ပြီး ခြေရာလက်ရာပါ ပျောက်ကွယ်သွားခဲ့၏။
နင်ယွမ်ရှန်းက ရွှယ်မိသားစုအား တတိယမင်းသားကို ဖမ်းဆီးထားသည့်အတွက် ပြန်လည်ထုတ်ပေးရန် အမိန့်ထုတ်ပြန်ခဲ့ပြီး ထိုအရာက နိုင်ငံတော် ပုန်ကန်မှုမြောက်ကြောင်း ပြောဆို၏။ နင်ချီအား လဝက်အတွင်း လွှဲပြောင်းပေးရန်နှင့် နန်းမြို့တော်ဆီသို့ ကိုယ်တိုင်လာရောက် တောင်းပန်ရန် အမိန့်ပေးခဲ့သည်။
အားလုံးက တိတ်ဆိတ်လျက်ရှိ၏။ ဘုရင် နင်ယွမ်ရှန်းက သူ၏ သည်းခံနိုင်မှု အကန့်အသတ်ကို ရောက်ရှိသွားခဲ့ပြီး လောကကြီးကို တရားဝင် ကြေညာခဲ့၏။
ရွှယ်ချီက ဘုရင်မင်းမြတ်၏ ဆန္ဒကို ဆန့်ကျင်ပြီး မူဝါဒသစ်ကို ခုခံကာ တတိယမင်းသားကို ဖမ်းဆီးထားပြီး ရက်စက်ကြမ်းကြုတ်သည့် ရာဇဝတ်မှုများကို ကျူးလွန်ခဲ့၏။ ရွှယ်မိသားစု ပုန်ကန်နေပြီ ဖြစ်ကြောင်း တလောကလုံးဆီ ကြေညာခဲ့သည်။
မကြာသေးခင်က ပြီးဆုံးသွားခဲ့သည့် ပြည်တွင်းစစ်က ပြန်လည်ကာ ဖြစ်ပွားလာ၏။ သို့သော်ငြား ကျုံးမိသားစုနှင့် မတူဘဲ ရွှယ်မိသားစုက အစမှအဆုံးထိ အသံတစ်သံမှ မထွက်ခဲ့ချေ။ သူတို့က ဘုရင်ပေါ် သစ္စာရှိသည်ဟု မပြောဆိုခဲ့သလို မည်သည့် ဖြောင့်ချက်ကိုမှလည်း မပေးခဲ့ချေ။
“ဒုတိယ နိဗ္ဗာနတပ် ... သင်္ဘောပေါ်ကို တက်။”
အမိန့်အရ နိဗ္ဗာနတပ်တော် စစ်သည် သုံးထောင်တို့က သင်္ဘောပေါ်သို့ တပြိုင်နက်တည်း တက်၏။ ထိုအရာက ကျင်းမိသားစု၏ ရေတပ်ဖြစ်ပြီး စုစုပေါင်း စစ်သင်္ဘော အစင်း ၄၀ ရှိ၏။ အချိန်တော်ကြာ ပျောက်ဆုံးနေသည့် ရှမ့်လန်က ထိုအလံတင်သင်္ဘောပေါ်တွင် ပြန်ပါလာ၏။ နှိုင်းယှဉ်၍ မရနိုင်အောင် လှပလွန်းသည့် မူလန်ကလည်း သူ၏ဘေးတစ်ဖက်တွင် မှီကာ ရပ်နေ၏။
ရှမ့်လန်၏ ရှေ့တွင် ကြီးမားသည့် ကျောက်သင်ပုန်းကြီး တစ်ခု ရှိ၏။ ရွှယ်ဟူသည့် စာလုံးကြီးကို ရေးသားထားခဲ့၏။ လောကတွင် ရန်သူဆိုတာ မရှိသင့်ပေ။ ထိုအရာက ရှမ့်လန်၏ နောက်ဆုံးရန်သူအဖြစ် သတ်မှတ်သင့်သည်။
ရွှယ်ချီ - ဤလူက ကျင်းမိသားစုအတွက် ကြီးမားသည့် ရန်သူတစ်ယောက်ပင်။ ကျင်းမိသားစုက ရွှယ်မိသားစုကို ကြီးမားလွန်းသည့် ကြင်နာမှု ပြသခဲ့၏။ ကျေးဇူးတရား မရှိပါက ရွှယ်မိသားစုဆိုသည်က လွန်ခဲ့သည့် နှစ်ပေါင်း ၁၀၀ ကျော်တည်းက ပျောက်ကွယ်သွားပေလိမ့်မည်။
ရလဒ်အားဖြင့် လွန်ခဲ့သည့် နှစ်ပေါင်း ၂၀ ကျော်က ရွှယ်ချီက ယင်ယွမ်အဖွဲ့အစည်း၊ ချောင်ထျန်းဝေတို့နှင့် ပူးပေါင်းခဲ့ပြီး မြို့စားကြီး ကျင်းယုကို အကွက်ဆင်ကာဖြင့် ကျင်းမိသားစု တစ်ခုလုံးကို ဖျက်ဆီးခဲ့၏။ ထိုတင်သာ မဟုတ်သေးချေ။
ရွှယ်ချီက ရှမ့်လန်ကို သတ်ဖို့၊ ထို့အပြင် ကျင်းမူလန်ကို သေစေဖို့ စေတီတောင်နှင့် ပူးပေါင်းကာဖြင့် ရှမ့်လန်သွားမည့် ခရီးလမ်းကိုပင် တားဆီးပိတ်ပင်ခဲ့သေး၏။
လွန်ခဲ့သည့် လအနည်းငယ်တုန်းက ရွှယ်ချီက နှင်းတောင်ပေါ်တွင် နင်ကျန်းကို ချုံခိုတိုက်ခိုက်ခဲ့၏။ လီချင်းချိုးမိန်းမ၏ ဘယ်ဘက်လက်ကိုလည်း ဖြတ်တောက်ခဲ့၏။ ရွှယ်ရွှယ်က မိဘမဲ့ကလေးတစ်ယောက် ဟန်ဆောင်ပြီး ဓားဘုရင်ဆီမှ လျှို့ဝှက်သိုင်းကျမ်းကို ရယူရန် လှည့်စားခဲ့၏။ ဓားဘုရင်၏ မိန်းမကို အကြပ်ကိုင်ခဲ့၏။ ဒုက္ခပေးခဲ့၏။ မိမိ၏ မွေးစားအမေကိုပင် အဆိပ်ခတ်ခဲ့သည်။
ဤမိသားစု၌ အောက်ခြေစည်းမျဉ်းဟူ၍ မရှိချေ။ ရက်စက်မှုအရ ပြောရမည်ဆိုလျှင် သူတို့က စုနန်ထက်ပင် သာလွန်နေ၏။ ထို့ကြောင့် ရှမ့်လန်က ရွှယ်မိသားစုကို လုံးဝ ဖျက်ဆီးပေးရပေမည်။
“ယောက်ျား... ရွှယ်မိသားစုကို ဖျက်ဆီးပြီးရင် ရွှဲ့ပြည်နယ်ကနေ ထွက်သွားမှာလား။” မူလန်က မေး၏။
ရှမ့်လန်က ခေါင်းညိတ်လိုက်သည်။
မူလန်က တိုးတိုးလေး ပြန်ပြော၏။ “အင်း... ဒီလိုဖြစ်လာဖို့လည်း မျှော်လင့်မိတယ်။”
ရှမ့်လန်က ပြောသည်။ “ဒါက ငါတို့ရဲ့ နောက်ဆုံးရန်သူ။ စုမိသားစုကို လွန်ခဲ့တဲ့ သုံးနှစ်က ဖျက်ဆီးခဲ့ပြီးပြီ။ ရွှယ်မိသားစုကို ဖျက်ဆီးဖို့ ဒီလောက်ကြာလိမ့်မယ်လို့ မထင်ထားခဲ့မိဘူး။ ဒါကြောင့် အံ့အားသင့်စရာ ကောင်းတဲ့ အချိန်တွေကို လက်လွှတ်ခဲ့ရတယ်။”
မူလန်က မေးလိုက်၏။ “ယောက်ျား... ဒီတစ်ခါ ရွှယ်မိသားစုကို ဖျက်ဆီးဖို့ ဘယ်လောက်ကြာနိုင်မလဲ။”
ရှမ့်လန်က ပြောသည်။ “ရက် ၂၀ လောက်ပေါ့။ ဒီတစ်ကြိမ် ရွှယ်မိသားစုကို ဖျက်ဆီးတဲ့အချိန်မှာ အံ့အားသင့်စရာ ကိစ္စရပ်တွေကို မြင်ရလိမ့်မယ်။”
မူလန်က ပြော၏။ “ဟုတ်တယ်။ ချင်ဘုရင် အာယုခန် ဖျက်ဆီးခံလိုက်ရတာနဲ့ ပင်လယ်ဓားပြ ချောင်ထျန်းဝေကို ဖျက်ဆီးရတာထက် ဆယ်ဆလောက် ပိုပြီး အံ့အားသင့်စရာ ကောင်းမယ်လို့ အာမခံတယ်။”
ဓားပြဘုရင် ချောင်ထျန်းဝေကို အနိုင်ယူခြင်းက ရှမ့်လန်၏ ဂုဏ်ယူစရာ အကောင်းဆုံးနှင့် အံ့မခန်း အောင်မြင်မှုပင် ဖြစ်ခဲ့၏။ အချင်းမိုင်ပေါင်းများစွာ ရှိသည့် ဧရာမ သတ္တုတွင်းကြီးကို ရေလွှမ်းမိုးအောင် ပြုလုပ်ခဲ့ပြီး ချောင်ထျန်းဝေ ဦးဆောင်သည့် ပင်လယ်ဓားပြ သုံးသောင်းစလုံးကို ရေနှစ် သတ်ဖြတ်ခဲ့သည်။
ချင်ဘုရင်၏ တပ်သားထောင်ပေါင်းများစွာတို့အား နှင်းပြိုစေပြီး သတ်ဖြတ်ခဲ့၏။
ဤအချိန်မှာတော့ ရွှယ်မျိုးနွယ်ကို ဖျက်ဆီးရာတွင် ရှမ့်လန်က ပိုမိုထိတ်လန့်စရာ ကောင်းသည့် အံ့ဖွယ် အမှုကိစ္စကို ပြုလုပ်ရန် စီစဉ်ထား၏။ ထိုအရာက ပင်လယ်ဓားပြဘုရင်နှင့် ချင်ဘုရင်တို့ ပေါင်းစပ်ခြင်းထက် မည်သို့မှ နိမ့်ပါးမည် မဟုတ်သည်ကတော့ သေချာပေသည်။
“သခင်လေး... ရေတပ်တစ်ခုလုံးကို စုဝေးပြီးပါပြီ။”
ရှမ့်လန်က အမြင့်တစ်နေရာသို့ တက်၏။ ပြီးနောက် သူက ရေတပ်ကို ကြည့်လိုက်၏။ အင်အားကြီးမားလွန်းသည့် စီတန်းလှည့်လည်မှုပင်။ တကယ့်ကို စည်ကားသိုက်မြိုက်ပြီး အရည်အသွေး ပြည့်ဝလွန်းသည့် စစ်တပ်ကြီး ဖြစ်၏။
ဟုတ်ပေ၏။ ဤအရာက ကြွားလုံးထုတ်ထားခြင်းပင်။ သင်္ဘောအစင်း ၄၀ ရှိသော်လည်း တစ်စင်းလျှင် လူအင်အား ၄၀၀ ထက် မပိုချေ။ ရွှယ်မိသားစုတွင် သင်္ဘောမည်မျှ ရှိသနည်း။ အလုံးစုံ များပြား၏။ ရွှယ်မိသားစု၏ ရေတပ်အင်အားက ရှမ့်လန်၏ ရေတပ်အင်အားထက် ခုနစ်ဆ သို့မဟုတ် ရှစ်ဆလောက် ပိုများ၏။
“သစ္စာဖောက် ရွှယ်မိသားစုကို ချေမှုန်းဖို့ ထွက်ခွာမယ်။” အမိန့်ပေးလိုက်သည်နှင့် ကျင်းမိသားစု၏ သင်္ဘောအစင်း ၄၀ က ရွှယ်မိသားစု၏ တောင်ပိုင်းကျွန်းများကို သိမ်းပိုက်ရန် တောင်ဘက်သို့ ခမ်းနားကြီးကျယ်စွာ ထွက်ခွာခဲ့သည်။
ရွှယ်မိသားစု၏ ရေတပ်က နုရှောင့်မြို့ကို တိုက်ခိုက်ဖို့ မရောက်သေးချေ။ ရှမ့်လန်၏ ရေတပ်က တောင်ပိုင်းကျွန်းကို တိုက်ခိုက်ပြီး ရွှယ်ချီ၏ အဓိက အခြေစိုက်စခန်းတစ်ခုလုံးကို ဖျက်ဆီးရန် ရွက်လွင့်သွားခဲ့၏။
….
ရွှယ်မိသားစုက ဟိုးယခင်တည်းက လောကကြီးကို သေသေချာချာ ရှုမြင်ကြည့်ရှုခဲ့သည့် မိသားစုပင် ဖြစ်၏။ ကမ္ဘာတစ်ဝန်းလုံးရှိ လူများက မြေပြင်ကို အာရုံစိုက်နေသည့် အချိန်တွင် သူတို့က ပင်လယ်ပြင်ကို အာရုံ စိုက်ခဲ့သည်။
ဟုတ်ပေ၏။ ဤအရာက မြို့စားကြီး ကျင်းကျူးဆီမှ အတိုင်းအတာ တစ်ခုထိ လှုံ့ဆော်မှု ရရှိခဲ့ခြင်းပင်။ လွန်ခဲ့သည့် နှစ်ပေါင်း ၁၀၀ ကျော်က ရွှဲ့ပြည်နယ်၏ အရှေ့ဘက် ကမ်းရိုးတန်းဒေသ တစ်ခုလုံးက ပင်လယ်ဓားပြများ၏ လွှမ်းမိုးမှုကို ခံခဲ့ရ၏။ ရွှယ်မိသားစုက ကြောက်မက်ဖွယ်ရာကောင်းသည့် ထိုးနှက်ချက်ကို ခံစားခဲ့ရ၏။
ကျင်းကျူးက မည်သည့်နေရာကမဆို ပေါ်ထွက်လာခဲ့ပြီး မိုင်ထောင်ပေါင်းများစွာ ရှည်လျားသည့် ကမ်းရိုးတန်း တစ်လျှောက်ရှိ ပင်လယ်ဓားပြများကို တစ်ကိုယ်တော် သုတ်သင်ရှင်းလင်း၏။ ထိုအချိန်မှစ၍ ရွှယ်မိသားစုက ပင်လယ်ပြင်ကို သတိရှိရှိဖြင့် စီမံခန့်ခွဲလာခဲ့ခြင်းပင်။