← Chapters

အခန်း (၇၅၁-၇၅၂)

Vol. 47 Ch. 751-752

အခန်း (၇၅၁-၇၅၂)

Vol. 47 Ch. 751-752

အပိုင်း (၇၅၁)

မူလက ရွှယ်မိသားစု၏ ရေတပ်က ရှမ့်လန်၏ ရေတပ်ကို လုံးဝ မယှဉ်နိုင်ခဲ့ချေ။ သို့ပေမည့် ရှမ့်လန်က တကယ့်ကို လိမ္မာပါးနပ်၏။ အကွာအဝေး အရမ်းဝေးသွားတိုင်း ရွှယ်မိသားစု၏ ရေတပ် လိုက်မီနိုင်အောင် တမင်တကာ အရှိန်ကို နှေးကွေးပေးသည်။

လုပ်ငန်းစဉ် တစ်ခုလုံးတွင် လှပသည့် အမျိုးသမီးတစ်ယောက်က လူယုတ်မာတစ်ယောက်ကို သူမနောက် လိုက်လာရန် စနောက်နေသကဲ့သို့ပင်။

“ဒီကို လာခဲ့ ဒီကို လာခဲ့။ ခစ် ခစ် ခစ် ခစ်” ထိုကဲ့သို့ဖြစ်သည်။

ရလဒ်အားဖြင့် လူဆိုးများက အနောက်သို့ အရူးအမူး လိုက်၏။ သို့ပေမည့် မလိုက်နိုင်ခဲ့ကြချေ။

လက်လျှော့တော့မည့် အချိန်တွင် ထိုလှပသည့် အမျိုးသမီးက ထပ်မံ ပေါ်ပေါက်လာခဲ့ပြီး ရင်သားလေးကို အနည်းငယ်ဟကာဖြင့် “မှီရင်ပေးမယ်။ မှီရင်ပေးမယ်” လို့ ပြောနေသကဲ့သို့ပင်။

နှစ်ရက်နှင့် နှစ်ညလုံးလုံး ကုန်ဆုံးသွားခဲ့၏။ ရွှယ်မိသားစု၏ ရေတပ်က အဆက်မပြတ် လိုက်လံတိုက်ခိုက်ခဲ့သော်လည်း ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်မှုကိုတော့ မပြုလုပ်နိုင်ခဲ့ချေ။

ရွှယ်ဖန်က ပြော၏။ “ဦးရီးတော်.. ရှမ့်လန်ဆီမှာ လှည့်ကွက်တွေ ရှိတယ်။”

ရန်နန်းဖေးက ရယ်မောလိုက်၏။ ရှမ့်လန်၌ အကြံအစည် တစ်ခုခုရှိသည်ကတော့ သေချာ၏။ သို့ပေမည့် ရွှယ်မိသားစု၏ ရေတပ်က မည်သူ့ကို ကြောက်ရမည်နည်း။ ပင်လယ်ပြင်ကို မည်သူ အကျွမ်းကျင်ဆုံးနည်း။ ရှမ့်လန် မဟုတ်ချေ။ သူတို့၏ ရွှယ်မိသားစုသာ ဖြစ်သည်။

“ရှမ့်လန်... မင်းက ကောက်ကျစ်စဉ်းလဲမှုတွေနဲ့ ပြည့်နှက်နေတဲ့ လူတစ်ယောက် ဖြစ်တယ်ဆိုပေမယ့် ငါ ရန်နန်းဖေးကတော့ ပင်လယ်ပြင်မှာ ကြီးပြင်းလာတဲ့ လူတစ်ယောက်ပဲ။ ဒီနေရာက ငါတို့ ရွှယ်မိသားစုရဲ့ အသွေးအသား ပင်လယ်ဖြစ်တယ်။ ဒီနေရာရဲ့ ရေစီးကြောင်းနဲ့ လေကြောင်းကို ငါသိတယ်။”

ကျင်းမိသားစု၏ အဓိကသင်္ဘောပေါ်မှာတော့ မူလန်က လှေဦးထိပ်တွင် ရပ်လျက်ရှိနေပြီး ပင်လယ်ပြင်၏ လေကို ခံစားရန် မျက်လုံးကို မှိတ်ထား၏။ ပင်လယ်၏ အော်သံ၊ ပင်လယ်၏ လေပြည်နှင့် ပင်လယ်၏ အတွင်း အနက်ရှိုင်းဆုံးဆီမှ အသံများကို သူမက ကြားနေရ၏။

ရှမ့်လန်က ရှေ့ကို တိုးလာသည်။ “မိန်းမ... သေချာလို့လား။”

မူလန်က အတည်ပြုလိုက်၏။ “အတည်ပြုပြီးပြီ။ ပင်လယ်ကြီးက ငိုကြွေးနေတယ်။ အဆုံးမဲ့ စွမ်းအားတွေကို စုဆောင်းနေတယ်။ သူက ပေါက်ကွဲမယ့်အချိန်ကို စောင့်နေတာပဲ။”

ရှမ့်လန်က မေးမြန်းလိုက်သည်။ “ဒီပေါက်ကွဲမှုက လုံလောက်အောင် ပြင်းထန်ရဲ့လား။”

မူလန်က ပြောလိုက်၏။ “ကျွန်မတို့ရဲ့ ရေတပ်ပဲဖြစ်ဖြစ်၊ ရွှယ်မိသားစုရဲ့ ရေတပ်ပဲဖြစ်ဖြစ်၊ ပင်လယ်ပြင်ကြီးရဲ့ ဒေါသနဲ့ ရင်ဆိုင်ရတဲ့အချိန်မှာ ကလေးလေးတွေ လက်ထဲက ဆော့စရာအရုပ်တွေလိုပဲ လွယ်လွယ်ကူကူပဲ ပျက်စီး ပျောက်ဆုံးသွားနိုင်တယ်။”

မူလန်က အသွင်ပြောင်းပြီးနောက် ရှေးခေတ်လူသားများ၏ အမြင်ကို ရရှိခဲ့၏။ သဘာဝ လောကကြီးကို သိမြင်ခြင်း၊ မြေ၊ ပင်လယ်၊ ရာသီဥတုကို သိမြင်နိုင်ခြင်း၊ လေတိုက်မည့်အချိန်၊ မိုးရွာမည့်အချိန်၊ မုန်တိုင်းဖြစ်မည့်အချိန်ကို သူမက သိမြင်သည်။

သူမက ပိုမိုဆိုးဝါးသည့် ဘေးအန္တရာယ်များကိုလည်း ကြိုတင်ကာ မြင်နိုင်၏။ သူမ၌ ထိုကဲ့သို့သော စွမ်းရည်မျိုး တည်ရှိခဲ့ကြောင်း လွန်ခဲ့တဲ့ လနည်းငယ်က ပြသခဲ့ပြီးသား ဖြစ်၏။

ထို့ကြောင့် ရှမ့်လန်က ရွှယ်မိသားစု၏ ရေတပ်ကို ငရဲသို့ ခေါ်ဆောင်သွားပေတော့မည်။

နောက်ရက်အနည်းငယ်နှင့် ညအနည်းငယ်အတွင်းမှာတော့ ရှမ့်လန်၏ရေတပ်က ရွှယ်မိသားစု၏ ရေတပ်ကို အဆက်မပြတ် နှောက်ယှက်နေခဲ့၏။ ထို့ပြင် သူတို့က ရှင်းလင်းသည့် ဦးတည်ရာမရှိဘဲ ပင်လယ်ပြင် ဧရိယာတစ်လျှောက်လုံး၌ လှည့်ပတ်ကာ သွားလာလျက် ရှိနေ၏။ လိုက်လံတိုက်ခိုက်ခြင်း၊ ထွက်ပြေးခြင်း၊ ပြီးနောက် ရပ်တန့်ခြင်း၊ နှောက်ယှက်ခြင်း စသည့် နည်းဗျူဟာများကို စဉ်ဆက်မပြတ် လုပ်ဆောင်ခဲ့၏။

ထိုအရာက ရွှယ်မိသားစု၏ ရေတပ်ကို ဒေါသထွက်စေခဲ့၏။ ရှမ့်လန်၏ သင်္ဘောအားလုံးတို့က အဘယ်ကြောင့် ဤမျှ ပါးလွှာပြီး ရှည်ရှည်လျားလျား ဖြစ်နေရသည်ဆိုသည်ကို သူတို့က နောက်ဆုံး၌ နားလည်လိုက်ရ၏။ ဤအရာက လှုပ်ရှားရ လွယ်ကူစေရန်နှင့် ထွက်ပြေးရ လွယ်ကူစေရန်အတွက် သီးသန့် တည်ဆောက်ထားခြင်း ဖြစ်နေသည်။ ထို့ကြောင့် လိုက်မီဖို့ဆိုသည်မှာ ဖြစ်နိုင်ချေ မရှိပေ။

ရန်နန်ဖေးက ရှမ့်လန်၏ ရွက်သင်္ဘောများနောက်သို့ သုံးရက်နှင့် သုံးညတိုင်တိုင် လိုက်ဖမ်းခဲ့ပြီး ရှမ့်လန်ကလည်း သုံးရက်နှင့် သုံးညတိုင်တိုင် စနောက်ခဲ့၏။ ရွှယ်မိသားစုက လုံးဝ လက်လျှော့လိုက်မိသည်။ ရန်နန်းဖေး၏ အမိန့်အရ သူတို့က နုရှောင့်မြို့ကို တိုက်ခိုက်ရန်သာ မြောက်ဘက်သို့ ဆက်လက် ချီတက်ကြ၏။ ရှမ့်လန်၏ ရေတပ်က အလွန်ပင် ဈေးပေါလွန်း၏။ သူတို့ ဆက်လက်ကာ မကစားချင်တော့ချေ။ သူတို့၏ မူလရည်မှန်းချက် ဖြစ်သော နုရှောင့်မြို့ကိုသာ ဖျက်ဆီးရပေမည်။

ရလဒ်အားဖြင့် ရွှယ်မိသားစု၏ ရေတပ်က မြောက်ဘက် မိုင်တစ်ဒါဇင်လောက်ကိုသာ ခရီးနှင်ရသေးသည့် အချိန်မှာပဲ ရှမ့်လန်၏ ရေတပ်က လိုက်မီခဲ့ပြန်၏။ သူတို့က နီးကပ်သည့် နေရာတစ်ခုစီသို့ လိုက်လံကာ တိုးကပ်ပြီးနောက် မြားမိုးများကို ရွာသွန်းကြ၏။ နောက်ထပ် ရွှယ်မိသားစုဆီမှ စစ်သည်ပေါင်း ၁၀၀ ကျော်က သေဆုံးခဲ့ကြ၏။

ရန်နန်းဖေးက ဒေါသထွက်သွားသည်။ သို့ပေမည့် မြောက်ဘက်သို့ ဆက်လက် ဦးတည်ရန် ဆုံးဖြတ်ချက်ချပြီး ဖြစ်သောကြောင့် ရည်မှန်းချက်ကို ဆက်လက် မပြောင်းလဲတော့ဘဲ မြောက်ဘက်သို့သာလျှင် ဆက်သွားသည်။

“ရှမ့်လန်... မင်းရဲ့ စစ်သည်တွေက ထွက်ပြေးသွားနိုင်တယ် ဆိုပေမယ့် လေ့ကျိုးကျွန်းနဲ့ နုရှောင့်မြို့ကတော့ ထွက်ပြေးနိုင်မှာ မဟုတ်ဘူး။ နုရှောင့်မြို့ကို ဖျက်ဆီးပြီး မင်းတို့ရဲ့ ကျင်းမိသားစုကို သုတ်သင်ပစ်မယ်။”

ထို့ကြောင့် ရွှယ်မိသားစု၏ ရေတပ်က ရှမ့်လန်ရေတပ်၏ ရန်စမှု၊ တိုက်ခိုက်မှုအားလုံးကို လျစ်လျူရှုပြီး နုရှောင့်မြို့ဆီသို့ ဆက်လက် ချီတက်လျက်ရှိ၏။ နောက်တစ်နေ့မှာတော့ အခြေအနေက ပြောင်းလဲသွားခဲ့၏။ ထူထပ်သော မြူခိုးများက ဖုံးလွှမ်းလာခဲ့ပြီး ပင်လယ်ရေမျက်နှာပြင် တစ်ခုလုံးကို ဖုံးလွှမ်း သွားခဲ့ခြင်းပင်။ ရှေ့ဆီသို့ မြင်နိုင်စွမ်းက တကယ်ကို နိမ့်ပါးသွားခဲ့၏။ ပျံလွှားတစ်ကောင်ပင် သေသေချာချာ ဂရုပြု ပျံသန်းနိုင်စွမ်း မရှိသော အခြေအနေဆီသို့ ရောက်ရှိလာ၏။

ရှမ့်လန်၏ အရှက်မရှိသော ကောက်ကျစ်စဉ်းလဲသည့် သဘောသဘာဝများကို ထည့်တွက်ရမည်ဆိုလျှင် ဤကဲ့သို့ ထူထပ်သည့် မြူခိုးများကြားထဲတွင် ခိုးကြောင်ခိုးဝှက်နှင့် လာရောက် တိုက်ခိုက်နိုင်သည်။

မျှော်လင့်ထားသည့်အတိုင်းပင်။ ရန်နန်းဖေး၏ သိစိတ်က မှန်ကန်ခဲ့၏။ ခဏကြာမှာပဲ ရုတ်တရက် စူးရှသည့် အသံတစ်ခု ထွက်ပေါ်လာ၏။

“ရွှီ ရွှီ”

ရန်သူ၏ တိုက်ခိုက်မှုပင်။ ရှမ့်လန်၏ရေတပ်က သူတို့ကို အလစ်ဝင်ကာ တိုက်ခိုက်ခဲ့ပြန်၏။ အပြင်းအထန် တိုက်ခိုက်ခဲ့ခြင်းပင်။

“ရွှီ ရွှီ ရွှီ” ကောင်းကင်မှ မြားမိုးများက တစ်ခုပြီးတစ်ခု ရွာကျလာ၏။ ဤအချိန်မှာတော့ ရှမ့်လန်၏ သင်္ဘောများက အရမ်းကို နီးကပ်လာခဲ့၏။ မြားမိုးများကလည်း တကယ်ကို အားကောင်းလာခဲ့သည်။

“တန်ပြန် တိုက်ခိုက်ကြ.... တန်ပြန် တိုက်ခိုက်ကြ။”

အမိန့်ပေးသံနှင့်အတူ ရွှယ်မိသားစု၏ ရေတပ်က ပြင်းထန်သည့် တန်ပြန်တိုက်ခိုက်မှုများကို ပြန်လည်ကာ ပြုလုပ်၏။ သို့သော်ငြား မြူများက အလွန်ပင် ထူထပ်လွန်းနေသောကြောင့် သူတို့၏ လောက်လွှဲ ကိရိယာများက ချိန်ရွယ်ရန် မဖြစ်နိုင်ချေ။ မည်သည့်နေရာက ပစ်ခတ်နေသည်မှန်းကို မသိသောကြောင့်ပင်။ ရှမ့်လန်၏ သင်္ဘောများကတော့ အရွယ်အစား သေးငယ်သောကြောင့် ထိမှန်ရန် ပိုမိုခက်ခဲ၏။

“ဘန်း” ရုတ်တရက် ကျယ်လောင်သော ပေါက်ကွဲသံကြီးတစ်ခုကို ကြားလိုက်ရ၏။ ရန်နန်းဖေးက လန့်ဖျန့်သွားခဲ့မိ၏။ အသံက အလွန်ပင် ကျယ်လောင်၏။ ထိုအရာက သာမန်မြားတစ်စင်း မဟုတ်ဘဲ ဧရာမ မြားကြီးတစ်စင်းကြီးကဲ့သို့ပင် ဖြစ်၏။ ပြီးနောက် နောက်ထပ် မြားသုံးစင်းက ကျဆင်းလာခဲ့သည်။

ရွှယ်မိသားစု၏ စစ်သင်္ဘောတစ်စီး၏ ရွက်တိုင်က မြားထိမှန်၏။

“ဘန်း” ပြီးနောက် ပေါက်ကွဲသွားခဲ့သည်။

မြင့်မားသည့် တိုင်ကြီးက ခါးလယ်မှ ဖြတ်ကာ ကျိုးကျသည်။

“ရွှီ ရွှီ” မြားများက ထပ်မံ၍ ကျရောက်လာပြန်သည်။ ၁၅ မိနစ်ခန့် အကြာမှာတော့ နောက်ထပ် တိုင်တစ်ခုကို ထိမှန်၏။ ထိုတိုင်ကလည်း ပေါက်ကွဲပြီး ခါးလယ်မှ ပြတ်ကျ၏။

ရွှယ်မိသားစု၏ စစ်သင်္ဘောများတွင် ရွက်တိုင် နှစ်ခု သို့မဟုတ် ရွက်တိုင် သုံးခု ရှိကြ၏။ ရွက်တိုင် နှစ်တိုင် ကျိုးသွားလျှင် အသုံးဝင်တော့မည် မဟုတ်တော့ချေ။ စစ်သင်္ဘောတစ်ခုလုံး၏ စွမ်းအင်က ရှေ့ဆီသို့ တိုးနိုင်တော့မည် မဟုတ်ဘဲ နေရာမှာတင် တဝဲလည်လည် ဖြစ်နေမှာ သေချာသည်။

“ရွှီ ရွှီ ရွှီ”

နောက်ထပ် ကြီးမားသော မြားကြီးများက တဒိုင်းဒိုင်းနှင့် ရွာချလာပြန်၏။ အားလုံးက ရွက်တိုင်ကို ချိန်ရွယ်ကာ ပစ်ခတ်နေခြင်းပင်။ ရွှယ်မိသားစု၏ ရေတပ်စစ်သင်္ဘောရွက်တိုင်များက မီးလောင်စ ပြုလာ၏။

“တစ်၊ နှစ်၊ သုံး”

ရန်နန်းဖေး၏ မျက်လုံးများက နီရဲလာခဲ့သည်။ “မြောက်ဘက်ကို ဆက်သွား”

သူက တစ်ဖက်လူများကို ပြန်လည် တိုက်ခိုက်ရန် မစဉ်းစားတော့ချေ။ မြောက်ဘက်ဆီသို့ အရှိန်ဟုန်နှင့် ဆက်လက်သွားရန်သာ အော်ဟစ် အမိန့်ပေးလိုက်၏။

ပြီးနောက် ရွှယ်မိသားစု၏ရေတပ်က ရှမ့်လန်နှင့် လုံးဝ မတိုက်ခိုက်တော့ဘဲ တိုက်ပွဲအတွင်းမှ ထွက်ခွာရန် ကြိုးစားကြ၏။ ရှမ့်လန်၏ရေတပ်က အပြင်းအထန် တိုက်ခိုက်မှုနှင့် နှောက်ယှက်မှုများကို ဆက်လက် လုပ်ဆောင်ပြီး အဆက်မပြတ် ဒုက္ခပေးနေသည်။

သို့သော်ငြား ရာသီဥတုက မိုးရွာမည်ဆိုပါက ကြောက်စရာ ကောင်း၏။ ရှမ့်လန်၏ ရွက်သင်္ဘောနှစ်စင်းက ထိန်းချုပ်မှု လွတ်ကင်းသွားခဲ့ပြီး ရွှယ်မိသားစု၏ စစ်သင်္ဘောများနှင့် တည့်တည့်ဝင်တိုက်မိ၏။ သင်္ဘောက သေးငယ်လွန်းသောကြောင့် ရွှယ်မိသားစု၏ စစ်သင်္ဘောများနှင့် နှိုင်းယှဉ်၍ မရနိုင်ချေ။ တိုက်မိပြီးနောက် ကြီးမားသည့် အားနည်းချက်ကို ကြုံတွေ့ရ၏။

သင်္ဘောတစ်စင်းက ထွက်ပြေးသွားနိုင်ခဲ့သော်လည်း နောက်တစ်စင်းမှာ အလွန်ပျက်စီးသွားခဲ့သောကြောင့် စွန့်ပစ်ထားခဲ့ရ၏။ မြူများ ထူထပ်စွာ ကျရောက်နေသည့် ကြားထဲ၌ တိုက်ခိုက်ခြင်းဆိုသည်မှာ မိမိကိုယ်ကိုယ် သတ်သေနေခြင်းနှင့် မခြားပေ။ ဘာမှ သေသေသေချာချာ မမြင်ရသောကြောင့်ပင်။

နှစ်နာရီခွဲခန့် ကြာမြင့်ပြီးနောက် ထူထပ်သည့် မြူခိုးများက နောက်ဆုံးတွင် ပျောက်ကွယ်သွား၏။ နေရောင်ခြည်က တောက်ပလာခဲ့၏။ ရန်နန်းဖေးက သူ၏ အရှုံးများကို ရေတွက်လျက်ရှိ၏။ နှလုံးသားထဲတွင် သွေးစက်စက် ယိုသလို ခံစားနေမိ၏။ သင်္ဘော ၁၉ စင်းက ပျောက်ဆုံးနေ၏။

ရှမ့်လန်ကလည်း စစ်သင်္ဘော တစ်စင်းခွဲခန့် ဆုံးရှုံးခဲ့သည်။

ဤအချိန်မှာတော့ သူတို့က မိုင်ပေါင်းများစွာ နောက်ကောက်ကျ ကျန်ရစ်ခဲ့၏။ ရှမ့်လန်ရေတပ်က ရွှယ်မိသားစု၏ သင်္ဘောများကို နောက်တစ်ကြိမ် ချေမှုန်းတိုက်ခိုက်နေပြန်၏။ ဤအရာက အလွန် ရက်စက်သည့် လုပ်ငန်းစဉ်တစ်ခုဆိုသည်မှာ သံသယဖြစ်စရာ မလိုအပ်ချေ။ ရွက်တိုင်များ သို့မဟုတ် ရွက်များ ပျက်စီးသွားခဲ့သည့် ရွက်သင်္ဘောများက စွမ်းအားကင်းမဲ့ပြီး ပင်လယ်ပြင်ပေါ်တွင် တဝဲလည်လည် ဖြစ်နေ၏။ ရှမ့်လန်၏ ရေတပ်က ထိုအရာများကို အလွယ်တကူ ဝိုင်းရံပြီး အနီးကပ် ဖျက်ဆီးပစ်နိုင်၏။

ရွှယ်မိသားစု၏ အဓိကသင်္ဘောပေါ်တွင်တော့ ....

“ငါသာ မမှားဘူးဆိုရင် နောက်ရက်အနည်းငယ်မှာ မြူတွေ အများကြီး ထူထပ်လာလိမ့်မယ်။” ရန်နန်းဖေးက မျက်မှောင်ကုတ်လိုက်၏။ အရာအားလုံးကို ဤသို့ ဆက်လက်ကာ အဖြစ်ခံ၍ မဖြစ်တော့ချေ။

မြူခိုးတွေ ထူထပ်နေသည့် ရာသီဥတုက ရှမ့်လန်အတွက် အကျိုးရှိသော်လည်း ရွှယ်မိသားစု၏ ရေတပ်ကဲ့သို့ ကြီးမားသည့် သင်္ဘောကြီးများအတွက်တော့ အားနည်းချက်ရှိ၏။ အဓိကအားဖြင့် ရှမ့်လန်၏ မြားသမားများက အလွန် အစွမ်းထက်နေခြင်းပင်။ အထူးသဖြင့် ကျင်းမူလန်က အကွာအဝေး တစ်ခုကနေ သူမ၏ မြားများကို အလွန်တိကျစွာဖြင့် ပစ်ခတ်နိုင်စွမ်းရှိနေသည်။

ရှမ့်လန်၏ အမိန့်ပေးမှုအောက်မှာတော့ မြားပစ်သမားများက သူတို့၏ အာရုံများကို သေချာစူးစိုက်၍ ပစ်မှတ်ကို လွဲချော်မှု မရှိအောင် ပစ်ခတ်နိုင်ကြ၏။ သို့သော်ငြား ကျင်းမူလန်က မြူများ ထူထပ်နေသည့် ကြားမှပင် မြင်နိုင်၏။ မြူများ ထူထပ်ပြီး ပေပေါင်းများစွာ ဝေးကွာနေသည့် အကွာအဝေး ဆိုလျှင်တောင် သူမက တိုင်ကို ချိန်ရွယ်ကာ ပစ်ခတ်နိုင်ဆဲပင်။

ထို့ပြင် ကျင်းမူလန် ပစ်ခတ်လိုက်သည့် ဧရာမ မြားကြီးများက ထိမှန်သည်နှင့် တပြိုင်နက် ပေါက်ကွဲတတ်၏။ ပြီးနောက် ကြီးမားလွန်းသည့် ရွက်တိုင်ကြီးများကိုပင် ခါးလယ်မှ ကျိုးပြတ်သွားစေခဲ့၏။ ရွက်သင်္ဘောများ အတွက် ရွက်တိုင်လွင့်ထွက်သွားသည်နှင့် လုံးဝ ပျက်စီးခြင်းပင်။ ဆက်လက်သွား၍ မရနိုင်တော့ချေ။

ဤနေရာမှ နုရှောင့်မြို့သို့ ရောက်ရှိရန် မည်မျှ ဝေးကွာသနည်း။ လီပေါင်း ၄,၇၀၀ ဖြစ်ပေ၏။ မှန်ပေ၏။ ပိုပိုပြီး ဝေးကွာလာနေ၏။ ယခင်က ရှမ့်လန်၏ ရေတပ်ကို လိုက်လံဖမ်းဆီး တိုက်ခိုက်ရင်း နောက်ဆုံးမှာတော့ နုရှောင့်မြို့သွားရာလမ်းနှင့် ပိုမိုဝေးကွာသွားခဲ့၏။

ရွှယ်မိသားစု၏ စစ်သင်္ဘောက တစ်နာရီလျှင် မိုင် ၅၀ နှုန်းနှင့် သွားလာနိုင်ပြီး တစ်နေ့လျှင် မိုင် ၆၀၀ အထိ သွားလာနိုင်၏။ ဆိုလိုသည်က နုရှောင့်မြို့ကို ရောက်ရှိရန်အတွက် ၈ ရက် ကြာပေလိမ့်မည်။ နောက် ၈ ရက်ကြာ နေ့တိုင်း မြူများသာ ထူထပ်နေပြီဆိုပါက တစ်နည်းအားဖြင့် ရှမ့်လန်၏ ရေတပ်ဆီမှ ၈ ရက်ကြာ ပြင်းထန်သည့် တိုက်ခိုက်မှုများကို ခံရနိုင်ချေရှိသည်။

မြူထူထပ်စွာ ကျဆင်းနေသည့် မြင်ကွင်းထဲတွင် နှစ်ဖက်ရေတပ်များက မျက်စိကွယ်လျက် ရှိ၏။ သို့ပေမည့် ရှမ့်လန်ရေတပ်ဘက်မှ ကျင်းမူလန်ကတော့ မြူခိုးများကြားထဲမှာပင် မြင်နိုင်စွမ်း ရှိနေ၏။ ထိုအရာက ကြီးမားလွန်းသည့် အားသာချက်ကြီး တစ်ခုကဲ့သို့ပင်။

ထို့ကြောင့် ဤတိုင်းသာ ဆက်လက်ဖြစ်ပွားပါက ရွှယ်မိသားစု၏ ရေတပ်က နုရှောင့်မြို့သို့ ရောက်ရှိချိန်တွင် ကြီးမားသည့် ဆုံးရှုံးမှုများကို ကြုံတွေ့ရနိုင်၏။ သူတို့က လေ့ကျိုးကျွန်းစုဆီသို့ ရောက်ခဲ့သည် ဆိုရင်တောင် ရေတပ်က တိုက်ခိုက်ရေး စွမ်းရည် အများစုကို ဆုံးရှုံးသွားပေလိမ့်မည်။

“ရှမ့်လန်က တကယ်ကို ကောက်ကျစ်တဲ့ကောင်ပဲ။” ဆက်ခံသူ ရွှယ်ဖန်က အေးစက်စက်ဖြင့် ကျိန်ဆဲလိုက်၏။

ရန်နန်းဖေးက တိတ်ဆိတ်စွာနေပြီး ပင်လယ်မြေပုံကြီးကို ကြည့်ကာဖြင့် စဉ်းစားဆင်ခြင်နေ၏။ ယခု သူ့၌ ရွေးချယ်စရာ နှစ်ခုရှိ၏။ ပထမ ရွေးချယ်စရာက သင်္ဘောများအား ဆိပ်ကမ်းတစ်ခုတွင် ချက်ချင်း ဆိုက်ကပ်ပြီး မြူများ ကင်းစင်သည်အထိ စောင့်ဆိုင်းရန်ပင်။

သို့သော်ငြား ဆောင်းရာသီအတွင်း၌ ရှိသေး၏။ မြူဆိုင်းသည့် ရာသီဥတု ပြီးဆုံးရန် အဝေးကြီး လိုနေသေး၏။ ထို့ပြင် အခြေအနေကို နောက်ထပ် စောင့်မျှော်၍ မရတော့ချေ။ အင်ပါယာက ကပ်ဘေးတစ်ခု ကျရောက်တော့မည်ဟု ပြောခဲ့၏။ ထိုအချိန်သို့ရောက်ပြီး ကျင်းမျိုးနွယ်ကို မဖျက်ဆီး။ နုရှောင့်မြို့ကို မသိမ်းပိုက် သို့မဟုတ် ရွှဲ့ပြည်နယ်၏ အရှေ့ဘက် ပင်လယ်ဒေသ တစ်ခုလုံးကို မသိမ်းပိုက်နိုင်သေးပါက သူတို့ ကျရှုံးသွားလောက်၏။

မြူများ ပျောက်ကွယ်သွားသည်အထိ မစောင့်နိုင်သောကြောင့် အန္တရာယ်ကို ရင်ဆိုင်ရပေလိမ့်မည်။ သူတို့က ဤသို့ ငြိမ်နေ၍ မရတော့ချေ။ ဦးဆောင်မှုကို ရယူမှ ဖြစ်ပေလိမ့်မည်။ သို့ပေမည့် ဦးဆောင်မှုကို မည်ကဲ့သို့ ရယူမည်နည်း။ သူတို့၏ ရွက်သင်္ဘောများက ပျံသန်း၍လည်း မရချေ။ ဤအရာက တကယ်ကို ဦးနှောက် ရှုပ်ထွေးစေသည်။

သူတို့၏ အားသာချက်က ဘာများဖြစ်သနည်း။ ဤရေပိုင်နက်က သူတို့ကျွမ်းကျင်သည့်နေရာဖြစ်သည်။ ရေဝဲများနှင့် ပုန်းကွယ်နေသည့် သန္တာကျောက်တန်းများ ရှိသည့်နေရာတွင် သူတို့က ရှင်းရှင်းလင်းလင်းနှင့် ရှောင်ရှားကာ သွားနိုင်၏။

ထို့အတူပဲ ရှမ့်လန်၏ ရေတပ်ကလည်း ထိုနေရာအားလုံးကို အားရပါးရ ရှောင်ရှားသွားခဲ့၏။ ထိုသို့ဆိုလျှင် ရွှယ်မိသားစု၏ ရေတပ်က ရှမ့်လန်၏ ရေတပ်ကို ငရဲပင်လယ်ထဲသို့ ဆွဲခေါ်ရန် မည်သို့ ပြုလုပ်ရမည်နည်း။

ရန်နန်းဖေး၏ အကြည့်က ရေကြောင်းမြေပုံ၏ နောက်တစ်နေရာကို ရောက်ရှိသွားသည်။

‘အစွယ်ပင်လယ်’ ဤအရာက ရွှယ်ချီ ပေးအပ်ထားသည့် နာမည် ဖြစ်၏။ ပင်လယ်ပြင်၏ ဤနေရာ၌ တကယ်ကို ချွန်ထက်ပြီး ရှည်လျားလွန်းလှသည့် လျှို့ဝှက် သန္တာကျောက်တန်းများ မရေတွက်နိုင်အောင် ရှိနေ၏။

တိတ်ဆိတ်ငြိမ်သက်ပြီး နေသာသော နေ့ရက်များတွင် ထိုကျောက်တန်းများကို ပင်လယ်၏ တစ်ဖက်မှာပင် မြင်တွေ့နိုင်၏။ သို့သော်ငြား မြူဆိုင်းနေသည့် ရာသီဥတုတွင်တော့ ထိုအရာများကို မြင်နိုင်လိမ့်မည် မဟုတ်ချေ။

ထို့ကြောင့် မြူထူထပ်သည်ကို အခွင့်ကောင်းယူပြီး ရှမ့်လန်၏ ရေတပ်ကို ဤအစွယ်ပင်လယ် ရှိသည့်နေရာထဲသို့ ခေါ်ဆောင်သွားကာဖြင့် ရေတပ်တစ်ခုလုံးကို ဝါးမျိုပစ်ရပေလိမ့်မည်။

အပိုင်း (၇၅၂)

သို့သော်ငြား ထိုအရာက ရွှယ်မိသားစု၏ ရေတပ်အတွက် ကြီးမားသည့် အန္တရာယ်တစ်ခု ဖြစ်၏။ ရန်နန်းဖေးက ဤကဲ့သို့ အစွယ်ပင်လယ် မည်သည့်နေရာတွင် ရှိသည်ကို သေသေသေချာချာ သိသော်လည်း မြူဆိုင်းသည့် ရာသီဥတုတွင် ဖုံးကွယ်နေသည့် သန္တာကျောက်တန်းများကို ရှောင်ရှားဖို့ဆိုသည်က ခက်ခဲနေဆဲပင်။ ရှမ့်လန်၏ ရေတပ်ကို ဖျက်ဆီးပြီးသည်အထိ သူတို့၏ ရေတပ်က ပျက်စီး၍ မရချေ။

မကြာခင်မှာပင် ရန်နန်းဖေးက ဆုံးဖြတ်ချက် တစ်ခုကို ချမှတ်လိုက်၏။ သင်္ဘော ၃၀ ကို ငါးစာအဖြစ် အသုံးပြုပြီး ရှမ့်လန်၏ ရေတပ်ကို ထိုအစွယ်ပင်လယ် တည်နေရာထဲသို့ ဆွဲခေါ်သွားရန်ပင်။ ရှမ့်လန်က အလွန့်ကို လိမ္မာပါးနပ်လှ၏။ တစ်ဖက်လူအား သူ၏ လှည့်ကွက်ထဲသို့ ရောက်ရှိစေလိုလျှင် လုံလောက်သော ပေးဆပ်မှုမျိုးကို ပေးဆပ်ရပေလိမ့်မည်။

ရန်နန်းဖေးက အမိန့်ပေးလိုက်၏။ သင်္ဘောတစ်စင်းချင်းစီကို မီးထွန်းထား၏။ ခဏအကြာတော့ ရွှယ်မိသားစု၏ သင်္ဘောပေါင်း ၂၀၀ တို့က မီးရောင်အောက်ထဲတွင် လင်းထိန်နေ၏။ ညရောက်သည်နှင့်အမျှ မှောင်မိုက်သည့် ပင်လယ်ပြင်ထဲတွင် တလက်လက် တောက်ပနေသည့် မီးရောင်များက လှပသည့် မြင်ကွင်းတစ်ခုကို ဖန်တီးပေးထားသလိုပင်။

ထို့အပြင် ရိုးရိုးမီးလုံးများလည်း မဟုတ်ချေ။ ရှေးခေတ်သုံး ရှာဖွေရေး မီးလုံးများပင် ဖြစ်၏။ အတွင်းပိုင်းတွင် လောင်စာဆီဖြင့် ထွန်းလင်းစေပြီး အလင်းကို ရောင်ပြန်ဟပ်စေရန် ရောင်ပြန်ကိရိယာကြီးများကိုလည်း အသုံးပြုထား၏။

ခေတ်သစ်က ရှာဖွေရေး မီးလုံးများလောက် အလင်းအားမကောင်းသော်လည်း လုံးဝ မှောင်မိုက်နေသည့် အချိန်တွင်တော့ အကွာအဝေး တစ်ခုထိ မြင်နိုင်စွမ်း ရှိ၏။ ရှမ့်လန်၏ ရေတပ်ကို ဟန့်တားရန် ဤရှာဖွေရေး မီးပေါင်း ၁၀၀ ကျော်ကို သူတို့က သင်္ဘော ၃၉ စင်းတွင် ထားထားသည်။

ဤအရာက ရှမ့်လန်အတွက် သတိပေးချက်ပင်။ “ငါတို့ မင်းကို စောင့်ကြည့်နေတယ်။ ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ဖို့ မစဉ်းစားနဲ့။”

ဤသို့နှင့်ပင် နှစ်ဖက်ရေတပ်များက ငြိမ်သက်စွာဖြင့် ရပ်တည်နေပြီး ရှမ့်လန်၏ ရေတပ်က မီတာ ၂,၀၀၀၊ ၃,၀၀၀ လောက် နောက်ကျကျန်ခဲ့ပြီး အနီးကပ် လိုက်လံ တိုက်ခိုက်ရန် ကြံစည်နေ၏။

နောက်တစ်နေ့ ထူထပ်သည့် မြူများ ဖုံးလွှမ်းလာမည်ကို အားလုံးက စောင့်မျှော်လျက်ရှိ၏။ မြူများ ထူထပ်စွာ ကျဆင်းလာသည်နှင့် ဤရှေးရိုးစွဲ ရှာဖွေရေးမီးများ၏ အလင်းရောင်က ထွင်းဖောက်နိုင်တော့မည် မဟုတ်ချေ။

ရန်နန်းဖေးက ရေတပ်ကို ဦးဆောင်ပြီး အစွယ်ပင်လယ်ထဲသို့ ဦးတည်သွားနေ၏။ ရှမ့်လန်၏ ရေတပ်ကို လုံးဝ ဖျက်ဆီးရန်အတွက် သူက သင်္ဘော ၃၀ ကို စတေးခံမည်။ တကယ်ကိုကောင်းသည့် အပေးအယူပင်။ ရေတပ်နှစ်စင်းက တိတ်တဆိတ်ဖြင့် ရှေ့ဆီသို့ ရွေ့လျားသွားနေသည်။

“ဦးရီးတော်.. ရှမ့်လန်က ဒါကို လုပ်ပါ့မလား။”

ရန်နန်းဖေးက ပြော၏။ “ဒီဒေသက သန္တာကျောက်တန်းတွေအကြောင်း သူသိလား။”

ရွှယ်ဖန်က ပြောသည်။ “ဒီဒေသက ကျောက်တန်းတွေအကြောင်း ကျုပ်တို့ သိဖို့တောင် တော်တော် ခက်ခဲခဲ့တာလေ။ ကျုပ်တို့တောင် လွန်ခဲ့တဲ့ လအနည်းငယ်ကမှ သိတာမလား။ ဒီဒေသကို အရင်တုန်းက ဘယ်သူက ရောက်ဖူးလို့လဲ။ သူလည်း မရောက်ဖူးလောက်ဘူး။”

ရန်နန်းဖေးက ပြောလိုက်၏။ “အေး... အဲဒါဆိုရင် ဒါပဲပေါ့။”

.................

“ယောကျာ်း ... ဒါက မမှန်ဘူး။”

“ဘာကို ကြောက်နေတာလဲ။”

“သင်္ဘောပေါ်မှာ အသံတွေ ထွက်နေရင် မကောင်းပါဘူး။ ပြီးတော့ ကြီးမားတဲ့ တိုက်ပွဲကြီးတစ်ခု နီးကပ်လာပြီ ဆိုတော့ ဒီလိုလုပ်တာ မကောင်းဘူး။”

ရှမ့်လန်က ပြောလိုက်သည်။ “အင်း ခေါင်းထဲမှာ စည်းမျဉ်းစည်းကမ်းတွေ ထားမနေပါနဲ့။”

...........

၁၅ မိနစ် ကြာသည့် အချိန်မှာတော့ ရှမ့်လန်က မောပန်းလို့နေ၏။ “အသက်ရှူပါရစေ။ အသက်ရှူပါရစေအုံး။” ဤကဲ့သို့သော အခြေအနေမျိုးတွင်တော့ ရှမ့်လန်က ရှောင်ပင်းနှင့် နင်ယန်တို့ကို အရမ်းလွမ်း၏။ ထိုသူတို့နှင့်ဆိုလျှင် သူက သူရဲကောင်းပင်။ မူလန်က ငရဲပြည်သို့ သူ့ကို ဆွဲခေါ်သွားခဲ့၏။

ရှောင်ပင်း၏ရှေ့ သို့မဟုတ် နင်ယန်၏ရှေ့မှာ ရှမ့်လန်က ကြီးကျယ်ခမ်းနားသည့် လူတစ်ယောက်အဖြစ် သတ်မှတ်ခံရ၏။ သို့ပေမည့် မူလန်၏ရှေ့တွင်တော့ သူက လုံလောက်အောင် သန်မာမှုအား မပြသနိုင်ခဲ့ချေ။ သာမန်လောက် တိုက်ပွဲဝင်နိုင်သည် ဆိုလျှင်ပင် အောင်မြင်မှု တစ်ခု ဖြစ်သည်။

မူလန်က ခြေထောက်နှစ်ချောင်းကို နံရံနှင့် ကပ်၍ ထောင်ထားပြန်၏။

“ဘာလုပ်မလို့လဲ။” ရှမ့်လန်က မေးသည်။

“အင်း... နောက်ထပ် သမီးလေး တစ်ယောက်လောက်မွေးရင် ကောင်းမယ်။” မူလန်က ပြော၏။

တံခါးပွင့်သွား၏။ အမျိုးသမီး စစ်သည်တော် ဝူလဲ့က ဝိုင်နှင့် အမဲသားများကို ကိုင်ဆောင်ရင်း လျှောက်ဝင်လာခဲ့၏။

“ဟင်” ရှမ့်လန်ကို မြင်ချိန်မှာတော့ သူမက တိုးတိုးလေး ကျိန်ဆဲလိုက်၏။ တကယ်ကို ရှက်ရွံ့ခြင်း မရှိချေ။ မူလန်က ပါးလွှာသည့် ပိုးစောင်ကိုခြုံထားသည် ဆိုသော်လည်း သူမက မူလန်ကို မကြည့်ရဲပေ။ မူလန်က တကယ်ကို လှပလွန်းသောကြောင့်ပင်။ ဤနေရာ၌ ဝူလဲ့က မနာလိုပင် ဖြစ်မိသည်။

ရှမ့်လန်က ရေကြောင်းပြ မြေပုံကို ခပ်တည်တည်နှင့် ကြည့်လျက်ရှိ၏။

“သခင်လေး.. နောက်တစ်ခါ အဝတ်အစား မဝတ်ရသေးရင် တစ်ခုခု ပြောသင့်တယ်။” ဝူလဲ့က သတိပေးလိုက်၏။

ရှမ့်လန်က ပြောလိုက်သည်။ “အင်း ညီမလေး ဝူလဲ့... ဘာတွေ မမြင်ဖူးတာ ရှိသေးလို့လဲ။”

“ဟမ့် ... အရှက်မရှိ” ဝူလဲ့က ပြောရင်း ထွက်ခွာသွားခဲ့၏။ သူမက အမျိုးသမီးတစ်ယောက် ဖြစ်သော်လည်း ထိုကိစ္စများနှင့် ကင်းရှင်းသူပင်။

ရှမ့်လန်က မတ်တပ်ထရပ်၏။ ပြီးနောက် အမဲသားကို ဓားနှင့် လှီးဖြတ်လိုက်၏။ ပြီးနောက် တစ်ကိုက် ကိုက်၏။ ဝိုင်တစ်ခွက်ကို ငုံ့သောက်လိုက်၏။ “အင်း… ညီမ ဝူလဲ့ရဲ့ ချက်ပြုတ်မှု စွမ်းရည်က တကယ်ကို တိုးတက်လာတာပဲ။”

ရှမ့်လန်က မူလန်၏ နှုတ်ခမ်းကို နမ်းလိုက်သည်။

မူလန်က ပြော၏။ “ယောကျာ်း... ရန်နန်းဖေးရဲ့ နောက်ကွယ်မှာ ရည်ရွယ်ချက် ရှိနေတယ်လို့ ထင်တယ်။ သူက မြောက်ဘက်ခြမ်းကို ဆက်သွားချင်ယောင် ဆောင်နေတယ်ဆိုပေမယ့် အရှေ့ဘက်ကို ချဉ်းကပ်သွားနေတာပဲ။”

ရှမ့်လန်က ပြောသည်။ “ဒီဒေသက ရွှယ်မိသားစုရဲ့ ဇာတိမြေပဲ။ သူက ငါတို့ကို အန္တရာယ်များတဲ့ ပင်လယ်ဒေသ တစ်ခုဆီကို ခေါ်ပြီး ဖျက်ဆီးချင်တာပဲ ဖြစ်လိမ့်မယ်။”

မူလန်က မေးလိုက်၏။ “သူတို့ရဲ့ လှည့်ကွက်နောက်ကို လိုက်သင့်လား။”

ရှမ့်လန်က ပြောသည်။ “အင်း.. လိုက်သင့်တယ်။ အခုချိန်မှာ မလိုက်ဘူးဆိုရင် နောက်ဘယ်တော့မှ လိုက်ရမှာ မဟုတ်ဘူး။ အန္တရာယ် မရှိဘဲနဲ့ လူဆိုးတစ်ယောက်ကို ဖမ်းလို့ ဘယ်ရပါ့မလဲ။”

မူလန်က ရယ်မော၏။ “ဟုတ်ပါပြီ။”

.............

နောက်တစ်နေ့ နံနက်မှာတော့ မျှော်လင့်ထားသည့်အတိုင်းပင် မြူများ ထူထပ်စွာ ကျဆင်းလျက်ရှိနေပြီး ပင်လယ်ရေမျက်နှာပြင် တစ်ခုလုံးက မြူများနှင့် ဖုံးလွှမ်းနေသည်။

နှစ်ဖက်သင်္ဘောများက အရှိန်လျှော့ လိုက်ကြ၏။

ရွှယ်ဖန်က ပြောသည်။ “ဦးရီးတော်... ဒါကို လုပ်ချင်တာ သေချာလို့လား။ ရှမ့်လန်သာ လိုက်မလာဘူးဆိုရင် ကျုပ်တို့ရဲ့ သင်္ဘော ၃၀ က အလကား ဆုံးရှုံးသွားလိမ့်မယ်။”

“အင်း... ကိုယ့်ရဲ့ အသက်ကို မစွန့်စားဘဲနဲ့ ဝံပုလွေကို ဘယ်လိုလုပ် ဖမ်းလို့ ရမှာလဲ။”

ရန်နန်းဖေးက ရေတပ် အား ဆက်လက်ချီတက်ရန် အမိန့်ပေးလိုက်၏။ မိုးလင်းလာသည်နှင့်အမျှ မြူခိုးများက ပိုမိုထူထပ်စွာ ကျဆင်းလာခဲ့၏။ ရွှယ်မိသားစုရေတပ်၏ ရှေးရိုးစွဲ မီးလုံးများက ထူထပ်သည့် မြူခိုးများကို ထိုးဖောက်နိုင်စွမ်း မရှိတော့ဘဲ အလင်းရောင်မှိန်ဖျဖျလေးကိုသာ မြင်ရ၏။ ပြီးနောက် ရန်နန်းဖေးက ယခင်အမိန့်များအတိုင်းပင် ဆက်လက်လုပ်ဆောင်စေ၏။

ရေတပ်တစ်ခုလုံးက ရှာဖွေမီးလုံးများကို တဖြည်းဖြည်းချင်း ပိတ်ခဲ့ကြ၏။ လုပ်ငန်းစဉ်တစ်ခုလုံးက တိတ်ဆိတ်ပြီး တကယ့်ကို လျှို့ဝှက်ခဲ့၏။ မကြာခင်မှာပဲ ရွှယ်မိသားစု၏ သင်္ဘော ၂၀၀ နီးပါးထဲမှ ၃၀ လောက်ကသာ မီးများဖွင့်ထားဆဲဖြစ်ပြီး အချို့ဆိုလျှင် မီးများကို အလုံးစုံ ဖွင့်ထားသေး၏။ ဤအရာက တကယ်ကို ကြီးကျယ်ခမ်းနားသည့် ပြုမူမှုပင်။

ရန်နန်းဖေးက ရှမ့်လန်၏ရေတပ်သင်္ဘောများ အစွယ်ပင်လယ်ထဲသို့ ရောက်ရှိစေရန် ဤသင်္ဘော ၃၀ ကို ငါးစာအဖြစ် အသုံးပြုရန် ရည်ရွယ်ထားခဲ့၏။ ဤထဲတွင် တကယ့်ထိပ်တန်းသင်္ဘောအချို့တောင် ပါဝင်နေသေး၏။ သူက အလံတင်သင်္ဘောကို အသုံးပြုထား၏။ အထူးမြင့်မားသည့် နေရာတွင် တည်ရှိနေသောကြောင့် အလံတင်သင်္ဘော၏ မီးအရောင်က တကယ်ကို ကြီးမားသည်။

မျှော်လင့်ထားသည့်အတိုင်းပင် ရှမ့်လန်၏ရေတပ်က နောက်မှ နီးကပ်စွာ လိုက်ပါလာ၏။ ဤအချိန်မှာတော့ ရန်နန်းဖေး၏စိတ်ထဲတွင် နောက်ထပ်အတွေးတစ်ခု ပေါ်ပေါက်လာ၏။ မြူများထူထပ်နေသည်ကို အခွင့်ကောင်းယူကာ တစ်ဖက်လူများကို ဝိုင်းလိုက်သင့်လား။ ရေတပ်ကို ဘေးတစ်ဖက်စီသို့ ဖြန့်ကျက်သွားစေပြီး ရှမ့်လန်၏ရေတပ်ကို နောက်မှ ပြန်လည်ကာ ပိတ်ဖမ်းမည်။

သို့သော်လည်း သူက ထိုအစီအစဉ်ကို လျင်လျင်မြန်မြန်ပဲ စွန့်လွှတ်လိုက်၏။ အဘယ်ကြောင့်ဆိုသော် ထိုအရာက အောင်မြင်ရန် မဖြစ်နိုင်သောကြောင့်ပင်။ ဝိုင်းရံထားသည့် နေရာတစ်ခု ဖွဲ့စည်းလိုက်သည်နှင့် မည်သို့ပင် ဆိုစေကာမူ နေရာကျယ်ဝန်းမှုက တော်တော်ကြီးမှာ သေချာ၏။ ထို့ကြောင့် ကြားတည်နေရာထဲမှ ထွက်ပြေးသွားရန် ဆိုသည်က ဖြစ်နိုင်၏။ တစ်ဖက်လူများ၏ သင်္ဘောများကလည်း သေး၍ ရှည်လျား၏။

ထို့အပြင် သူတို့အချင်းချင်း မည်သို့ဆက်သွယ်မည်နည်း၊ မည်သို့အမိန့်ပေးရမည်နည်း။ မြူများထူထပ်စွာ ကျဆင်းနေသောကြောင့် အလံပြတိုင်များကို မမြင်ရပေ။ ထို့ကြောင့် ဝိုင်းရံ ပိတ်ဖမ်းမည်ဆိုသည့် အစီအစဉ်က အိမ်မက် မက်သလို ဖြစ်နေလိမ့်မည်။ မူလအစီအစဉ်အတိုင်း ပြုလုပ်ခြင်းကသာ အကောင်းဆုံး ရွေးချယ်မှုဖြစ်မည်။

ထို့နောက် ရန်နန်းဖေး၏ အလံတင်သင်္ဘောကြီးက အခြားသင်္ဘော ၂၉ စင်းနှင့်အတူ အစွယ်ပင်လယ်ထဲသို့ ဦးတည် ထွက်ခွာသွားခဲ့၏။ ကျန်ရှိသည့် ရေတပ်က နှစ်ဖက်လုံးစီသို့ ဖြန့်ကျက်ကာ ရှောင်ရှားထား၏။ ရှမ့်လန်၏ရေတပ်က အဆက်မပြတ် လိုက်လံရှာဖွေနေသည်။

သန္တာကျောက်တန်းများနှင့် ပြည့်နှက်နေသည့် ရေပြင်နှင့် နီးကပ်လာချိန်မှာတော့ ရန်နန်းဖေးနှင့် ရွှယ်ဖန်တို့က အသက်ရှူနှုန်းများပင် မြန်ဆန်လာခဲ့၏။ အခြားသော သင်္ဘောအစင်း ၂၀ ခန့်က အားလုံး လှေငယ်များ ဖြစ်ပြီး သင်္ဘောပေါ်ရှိ လူအများစုက ထွက်ခွာသွားခဲ့ပြီဖြစ်၏။ အလံတင် သင်္ဘောကသာ တကယ့် အစစ်ဖြစ်၏။

ရှမ့်လန်သာ ထိုသင်္ဘောနောက်ကို လိုက်ခဲ့သည်ဆိုပါက ဤသို့စတေးပစ်ခြင်းကလည်း ထိုက်တန်သည့် အရာမျိုးပင်။ ရှမ့်လန် ထွက်သွားမည်ကိုတော့ သူတို့ စိုးရိမ်မိ၏။ ကံကောင်းထောက်မစွာဖြင့် ရှမ့်လန်၏ ရေတပ်က အဆက်မပြတ် လိုက်လံရှာဖွေနေ၏။ ထို့အပြင် သူတို့က နောက်ထပ် အသက်အန္တရာယ်ရှိသည့် တိုက်ခိုက်မှုတစ်ခုကိုပင် စတင်ခဲ့သေးသည်။

“ရွှီး...”

“ရန်သူတိုက်ခိုက်မှု... ရန်သူတိုက်ခိုက်မှု။” သင်္ဘောတစ်စင်း၏ ရွက်တိုင်က ကျင်းမူလန်၏ မြားနှင့် ထိမှန်ပြီး ကျိုးကျသွား၏။ သင်္ဘောတစ်ခုလုံးက ပင်လယ်ပြင်ပေါ်၌ ဘေးတစ်စောင်း လဲကျသွားခဲ့၏။ ဤမူလန်က တကယ်ကို အစွမ်းထက်လွန်းလှ၏။

ပြီးနောက် ချက်ချင်းပဲ ဒုတိယသင်္ဘောကိုလည်း ဖျက်ဆီးခဲ့၏။ ရွက်တိုင်တစ်ခုလုံးက မီးလောင်ကျွမ်းစပြု၏။ ခဏအကြာတွင် တတိယသင်္ဘော၏ ရွက်တိုင်ကိုလည်း ထိမှန်ပြန်သည်။

ရန်နန်းဖေးက အံကိုကြိတ်ကာဖြင့် သင်္ဘောများကို အစွယ်ပင်လယ်ဆီသို့ ဆက်လက်ဦးဆောင်သွားစေ၏။ မြန်နှုန်းကလည်း တကယ်ကို မြင့်တက်လာ၏။

ရှမ့်လန်၏ရေတပ်က အဆက်မပြတ် လိုက်လံတိုက်ခိုက်နေ၏။ အကွာအဝေးက ပိုမိုနီးကပ်လာသလိုပင်။ ဤသို့ဖြင့် ကြောက်မက်ဖွယ်ရာကောင်းသည့် အစွယ်ပင်လယ်ထဲသို့ တရားဝင် ဝင်ရောက်လာခဲ့ပြီဖြစ်သည်။

“ဘန်း..”

သင်္ဘောတစ်စင်းက ခပ်ပြင်းပြင်း တုန်ခါသွားခဲ့၏။ သူတို့က သန္တာကျောက်တန်းတစ်ခုဆီ ရောက်ရှိသွား၏။ သင်္ဘော၏ အောက်ခြေတွင် အကွဲအရာကြီးတစ်ခု ပေါ်လာပြီး ပင်လယ်ရေများစွာတို့က အထဲသို့ တရဟော စီးဝင်၏။

ပြီးနောက် ဒုတိယ၊ တတိယ၊ စတုတ္ထ။ ရန်နန်းဖေး၏ လှည့်စားထားသည့် သင်္ဘောများက အစွယ်ပင်လယ်ထဲသို့ ဝင်ရောက်လာခဲ့သည်။

ပြီးနောက်မှာတော့ အရာအားလုံးက ကံတရားပေါ်သာ မူတည်တော့၏။ ကံကောင်းသည်ဆိုပါက ဤပင်လယ်ဒေသကို ကျော်ဖြတ်နိုင်ပေလိမ့်မည်။ ကံမကောင်းလျှင်တော့ အားလုံး ပြီးဆုံးသွားပေ လိမ့်မည်။ ပုန်းကွယ်နေသည့် သန္တာကျောက်တန်းများကို တစ်ခါတွေ့ပြီဆိုလျှင်တော့ တောက်လျှောက်တွေ့ပြီ ဖြစ်၏။ သို့ဆိုလျှင် တကယ်ကို ကံဆိုးပြီဖြစ်၏။ ခဏအကြာမှာပဲ ရန်နန်းဖေးက ကွဲပြားသည့် ခေါင်းလောင်းသံ တစ်မျိုးကို ကြားလိုက်ရ၏။

“ရွှီး… ဒေါင် ဒေါင် ဒေါင် ဒေါင်…”

“မဟုတ်သေးဘူး… ငါတို့ ထောင်ချောက်ထဲကို ကျသွားပြီ။ ငါတို့ ထောင်ချောက်ထဲကို ကျသွားပြီ။ ဒီမှာ သန္တာကျောက်တန်းတွေ ရှိနေတယ်။ သန္တာကျောက်တန်းတွေ ရှိနေတယ်။”

ထိုအသံများက ရှမ့်လန်၏ရေတပ်ဆီမှ လာခြင်းပင်။ ပြီးနောက် ကျယ်လောင်သည့် ပေါက်ကွဲသံများက ဆက်တိုက်ဆိုသလို ထွက်ပေါ်လာ၏။

ရန်နန်းဖေးက တကယ်ပင် ပျော်ရွှင်သွားမိ၏။ ရှမ့်လန်၏ရေတပ်က သူတို့ကို အလျင်အမြန်နှင့် လိုက်လံ တိုက်ခိုက်နေသောကြောင့် ဤကဲ့သို့ အစွယ်ပင်လယ်ထဲသို့ အလွယ်တကူ ဝင်ရောက်မိခြင်း ဖြစ်သည်။

“သင်္ဘောကိုစွန့်… သင်္ဘောကိုစွန့်ခွာကြ… နစ်တော့မယ်၊ နစ်တော့မယ်… အား… အား…”

မြူခိုးများ ထူထပ်စွာ ဖုံးလွှမ်းလျက် ရှိနေသည့်နေရာမှ ရှမ့်လန်၏ရေတပ်သားများ၏ နာကျင်စွာ အော်ဟစ်နေသံများ ထွက်ပေါ်နေ၏။

ရွှယ်ဖန်ကလည်း အလွန်ပျော်ရွှင်မိသည်။ “ဟား ဟား ဟား… ရှမ့်လန်တော့ ထောင်ချောက်ထဲ ကျသွားပြီ။ သူကတော့ သွားပြီပဲ။ ရှမ့်လန်က သူ့ရဲ့ နတ်ဆိုးအဆင့်ရှိတဲ့ ဉာဏ်ရည်နဲ့ပတ်သက်ပြီး ဂုဏ်ယူနေတယ်ဆိုပေမဲ့ လောဘတရားအောက်ကနေ မလွတ်မြောက်နိုင်ခဲ့ဘူးပဲ။ သူ့ရဲ့ရေတပ်ကတော့ ပြီးသွားပြီ။ ကျုပ်တို့ရဲ့ တာဝန် ပြီးမြောက်ခဲ့ပြီ။”

ရန်နန်းဖေးက အမိန့်ပေးလိုက်၏။ “အင်း… အယောင်ပြ သင်္ဘောတွေက တဖြည်းဖြည်းနဲ့ ဆက်ပြီးချီတက်။ ဒီကနေ ထွက်ဖို့ ကြိုးစားသင့်ပြီ။ လမ်းပြတွေ… လမ်းပြကြတော့”

ဤဒေသ၌ သန္တာကျောက်တန်းများ အလွန် များပြားသည့်အတွက် အရာအားလုံးကို ကာကွယ်ဖို့ဆိုတာ မဖြစ်နိုင်ချေ။ ထို့ကြောင့် ရန်နန်းဖေး၏ အယောင်ပြ လှည့်စားထားသည့် သင်္ဘောများက သတိထားပြီး မူလပင်လယ်ပြင်ထဲသို့ ပြန်ရောက်ရန် ကြိုးစားနေကြ၏။ ထိုသို့ဆိုလျှင်တောင်မှ သူတို့က သန္တာကျောက်တန်းများ သို့မဟုတ် သင်္ဘောတစ်စင်းနှင့်တစ်စင်း တိုက်မိပြီး ရေထဲသို့ မြုပ်ကြသည်။

All Chapters