← Chapters

အခန်း (၇၅၃-၇၅၄)

Vol. 47 Ch. 753-754

အခန်း (၇၅၃-၇၅၄)

Vol. 47 Ch. 753-754

အပိုင်း (၇၅၃)

ရန်နန်းဖေးက ဤနေ့တွင် အလွန်ကံကောင်းသည်ဟု ခံစားရ၏။ သူ၏ အလံတင်သင်္ဘောကြီးက ဤအစွယ်ပင်လယ်ထဲမှ အောင်မြင်စွာ ထွက်ခွာလာနိုင်သောကြောင့်ပင်။ ရှမ့်လန်၏ရေတပ်က မည်မျှအထိ အခြေအနေ ဆိုးဝါးခဲ့သနည်း။

ရန်နန်းဖေးနှင့် ရွှယ်ဖန်တို့က ထိုအရာကို သိရရန် လုံးဝစိတ်အားထက်သန်လျက် ရှိသည်။ သူတို့က တကယ်ကို သတိထား၍ ပြန်လည် ထွက်ခွာခဲ့သော်လည်း အယောင်ပြစေလွှတ်ခဲ့သည့် သင်္ဘော ၃၀ ၏ ၆၀၊ ၇၀ ရာခိုင်နှုန်းကျော်က သန္တာကျောက်တန်းများနှင့် ထိမှန်ပြီး နစ်မြုပ်ခဲ့၏။

ရှမ့်လန်၏ရေတပ်က တကယ်ကို ရန်လိုပြီး လုံးဝ သိနားလည်ခြင်း မရှိချေ။ ထို့ကြောင့် အစွယ်ပင်လယ်ထဲသို့ ဝင်ရောက်ခဲ့ပြီး အခြေခံအားဖြင့် အားလုံး ဖျက်ဆီးခံရဖို့သာ ရှိတော့၏။ ကံမကောင်းစွာဖြင့် ဤနေရာ၌ မြူများ ထူထပ်စွာ ဖုံးလွှမ်းနေသောကြောင့် မည်သည့်အရာများ ဖြစ်ပျက်ခဲ့ကြောင်းကို သူတို့ မမြင်ခဲ့ရချေ။ အနည်းဆုံး ရှမ့်လန်၏ရေတပ်က ဘယ်တော့မှ သူတို့နောက်သို့ လိုက်ပါလာနိုင်တော့မည် မဟုတ်ပေ။

တစ်နာရီကျော် ကြာမြင့်ပြီးနောက် နေမင်းက ထူထပ်သည့် မြူခိုးများကြားထဲမှ ဖောက်ထွက်လာ၏။ ရန်နန်းဖေးက တကယ်ကို ဝမ်းနည်းဖွယ်ကောင်းသည့် မြင်ကွင်းတစ်ခုကို မြင်ရ၏။ ဤအစွယ်ပင်လယ်က ပေါလောပေါ်နေသည့် အညစ်အကြေး အမျိုးမျိုးတို့နှင့် ပြည့်နှက်လျက် ရှိနေ၏။

သစ်သားအပိုင်းအစများ၊ ရွက်လှေအပိုင်းအစများက မရေတွက်နိုင်ပေ။ သင်္ဘောအများစုက ပင်လယ်ထဲတွင် တိမ်းမှောက်ပြီး နစ်မြှုပ်သွားခဲ့၏။ သင်္ဘောအနည်းငယ်တို့က အခြေအနေ ဆိုးဝါးလွန်းစွာဖြင့် သန္တာကျောက်တန်းများပေါ်တွင် သောင်တင်နေသည်။

“ဟား ဟား ဟား… ရှမ့်လန်ရဲ့ ဆုံးရှုံးမှုက မရေတွက်နိုင်အောင်ပဲ။”

ရန်နန်းဖေးက အမိန့်ပေးလိုက်၏။ “ရေတပ်တွေ ပြန်လည်စုစည်းကြ။ ရှမ့်လန်ရဲ့ ကျန်ရှိနေသေးတဲ့ ရေတပ်ကို ငါတို့ ဒီနေရာတစ်ဝိုက်မှာ ဆက်ပြီး ရှာဖွေမယ်။”

နောက်ထပ် တစ်နာရီခွဲ ကြာချိန်မှာတော့ ရွှယ်မိသားစု၏ ရေတပ်က ပြန်လည်စုစည်းနိုင်ခဲ့၏။ မူလက သင်္ဘောအစင်း ၂၀၀ ရှိခဲ့သော်လည်း ယခု ၁၇၀ သာ ကျန်ရှိတော့၏။ သို့ပေမည့် ထိုအရာက ကြီးကျယ်ခမ်းနားပြီး အထင်ကြီးစရာကောင်းသည့် စီတန်းစစ်ချီမှု တစ်ခုပင်ဖြစ်နေသေးသည်။

ပြီးနောက် ရေတပ်တစ်ခုလုံးက ရုတ်တရက် ဖြန့်ကျက်ကာ ရှမ့်လန်၏ ကျန်ရှိနေသေးသည့် ရေတပ် အရိပ်အယောင်ကို ရှာဖွေရန် အရှေ့မြောက်ဘက်ဆီသို့ အပြည့်အဝ အရှိန်တင်ကာ ဦးတည်၏။ နာရီဝက်လောက်ပဲ ကြာ၏။

“ရှမ့်လန်ရဲ့ ကျန်ရှိနေတဲ့ရေတပ်များကို ရှာဖွေတွေ့ရှိပါပြီ။ ဟုတ်တယ်၊ ကျုပ်တို့ ရှာတွေ့ပြီ၊ ကျုပ်တို့ ရှာတွေ့ပြီ။”

ပင်လယ်၏ မိုင်ဆယ်ဂဏန်းအကွာတွင် ရှမ့်လန်၏ရေတပ်က အလျင်အမြန်ဖြင့် ထွက်ပြေးနေ၏။ တစ်ချိန်က ခမ်းနားထည်ဝါသည့် ရေတပ်က ယခု သူတောင်းစားရေတပ်နှင့်ပင် တူနေ၏။ မူလသင်္ဘော ၃၉ စင်းအနက် ၁၈ စင်းသာလျှင် ကျန်ရှိခဲ့ပြီး ကျန်သည့်သင်္ဘောများက အစအနပင် မကျန်တော့ဘဲ ပျောက်ကွယ်နေသည်။

ရန်နန်းဖေးက အံ့အားသင့်စွာ အော်ဟစ်လိုက်၏။ “ဒီရှမ့်လန်က တကယ်ကို ကံကောင်းတာပဲ။”

အစွယ်ပင်လယ်ထဲကနေ သင်္ဘော ၁၈ စင်းကို လွတ်မြောက်အောင် ထွက်ခွာဖြတ်သန်းလာနိုင်သေး၏။ သို့သော်လည်း ဤသင်္ဘော ၁၈ စင်းလုံး၏ အခြေအနေက အလွန်ပင် ဆိုးဝါးလွန်းပုံပေါ်၏။ သင်္ဘောအချို့က သန္တာကျောက်တန်းများနှင့် တိုက်မိပြီး ပင်လယ်ရေများက ထိုနေရာ၏ အောက်ဝမ်းဗိုက်ထဲသို့ ဝင်နေသည်။

ပြောရမည်ဆိုလျှင် မနစ်မြုပ်သေးသော်လည်း မကြာခင် နစ်မြုပ်တော့မည့် ပုံပင်။ တချို့ သင်္ဘောများမှာတော့ ပဲ့ပိုင်းနှင့် ဦးပိုင်းက ပြင်းထန်စွာ ထိခိုက်ပျက်စီးထား၏။ တစ်ခုခုနှင့် တိုက်မိခဲ့ကြောင်း ရှင်းရှင်းလင်းလင်း ညွှန်ပြနေ၏။ ပြီးနောက် သင်္ဘောအုပ်စုကြီးတစ်ခုလုံးက အရှိန်နှုန်း သိသိသာသာ ကျဆင်းနေ၏။

ရွှယ်ဖန်နှင့် ရန်နန်းဖေးတို့က အလွန်ပင် ဝမ်းမြောက်သွားသည်။ “ရှမ့်လန်ရဲ့ ရေတပ်ကတော့ သွားပြီပဲ။”

“ရှမ့်လန်ရဲ့ ရေတပ်ကတော့ သွားပြီ။ ငါတို့ လိုက်ကြမယ်။ ငါတို့မှာ စုစုပေါင်း သင်္ဘော ၁၇၀ ရှိတယ်။ တစ်ဖက်လူတွေဆီမှာ ၁၈ စင်းပဲ ရှိတာ။ ငါတို့ရဲ့သင်္ဘောတွေက အခြေအနေကောင်းပေမဲ့ တစ်ဖက် ရှမ့်လန်ရဲ့ သင်္ဘောတွေကတော့ ပျက်စီးနေပြီ။ ခဏလေးသွားပြီး တိုက်ခိုက်လိုက်ရုံနဲ့ သူတို့က နစ်မြုပ်တော့မှာ။”

“ရှမ့်လန်… မင်း ဘယ်လောက်ပဲ လိမ္မာပါးနပ်ပါစေ၊ ဒီနေ့ မင်းက ငါ ရန်နန်းဖေးရဲ့ ထောင်ချောက်ထဲကို ကျသွားပြီ။ မင်းနဲ့ ကျင်းမူလန်က မနက်ဖြန် နေထွက်တာကို မမြင်ရတော့ဘူး။ အရင်ဆုံး မင်းရဲ့ တပ်ဖွဲ့ကို ဖြေရှင်းပြီးရင် နုရှောင့်မြို့ကို သွားမယ်။ ပြီးရင် မင်းတို့ ကျင်းမိသားစု တစ်ခုလုံးကို သုတ်သင်ရှင်းလင်း ပစ်မယ်။”

ရန်နန်းဖေးက အော်လိုက်၏။ “အားလုံး… အရှိန်အဟုန် အပြည့်နဲ့ ရှေ့ကို တိုးကြမယ်။ ရှမ့်လန်၏ရေတပ်ကို ဖျက်ဆီးပစ်ကြ။”

သူ၏အမိန့်နှင့်အတူ ရွှယ်မိသားစု၏ ရေတပ်အင်အား သင်္ဘော ၁၇၀ လုံးက ရှမ့်လန်၏ ပျက်စီးနေသည့် ရေတပ်ဆီသို့ အလျင်အမြန် သွားကြ၏။ သူတို့က သတ်ဖြတ်လိုသည့် ဆန္ဒများကို ထုတ်ဖော်လျက်ရှိနေပြီး ကောင်းကင်ယံတွင်ပင် ထိုအရာများက ပျံ့နှက်နေသည်။

“ဒုန်း… ဒုန်း”

ပင်လယ်ပြင်တွင် ပင်လယ်ရေများပင် တုန်ခါစေလောက်သည့် စစ်ဗုံတီးသံများက ပေါ်ပေါက်လာ၏။ “ရှမ့်လန်… ငါ အရင်က မင်းရဲ့ အရှက်ခွဲမှုကို ခံခဲ့ရတယ်။ ဒီနေ့ မင်းရဲ့ ကမ္ဘာပျက်မယ့်နေ့ပဲ။”

ရှမ့်လန်၏ ပျက်စီးနေသည့် ရွက်သင်္ဘော ၁၈ စင်းက အရှေ့မြောက်ဘက်ဆီသို့ ဆက်လက်ချီတက်နေ၏။ သူတို့၏ ဦးတည်ရာက မည်သည့်နေရာ ဖြစ်သနည်း။

“မိန်းမ… ဘယ်လောက်ကြာအုံးမှာလဲ။”

မူလန်က ရုတ်တရက် ပင်လယ်ထဲသို့ ခုန်ဆင်း၏။ သူမက ရေသူမကဲ့သို့ပင် ပြောင်းလဲသွားပြီး ပင်လယ် ရေအောက်ထဲသို့ ငုပ်လျှိုးသွားခဲ့၏။ ပြီးနောက် ပင်လယ်ကြမ်းပြင်တစ်ခုလုံး၏ သဘာဝလေထုကို တိတ်တဆိတ် ခံစားလိုက်၏။ ပင်လယ်ရေကို ခံစားကြည့်၏။ ကမ္ဘာမြေ၏ အသက်ရှူမှုကို ခံစားကြည့်၏။

ငလျင်လှုပ်ခြင်းဆိုသည်မှာ မတော်တဆ ဖြစ်ပွားခြင်းမဟုတ်ချေ။ ထိုအရာက ရုတ်တရက် ပေါက်ကွဲခြင်း မပြုမီ မြေပြင်တွင် ရုတ်တရက် စုပုံနေသည့် စွမ်းအင်များ၏ ရလဒ်ဖြစ်၏။ တကယ်တော့ တောင်ပိုင်း ပင်လယ်ပြင် တည်နေရာတစ်ခုလုံးတွင် ငလျင်လှုပ်မှု တော်တော်များများ ဖြစ်ပွားခဲ့သည်။

လွန်ခဲ့သည့် လအနည်းငယ်ကပင် ထျန်းနန်ပြည်နယ်၌ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီး အိမ်ခြေထောင်ပေါင်း များစွာ ပြိုကျခဲ့သေး၏။ ထိုအချိန်တုန်းက ကောင်းကင်မှ သတိပေးချက်တစ်ခု ဖြစ်ကြောင်း ဘေးအန္တရာယ် ရှောင်ရှားရန် ကောင်းကင်ယဇ်ပူဇော်ပွဲ ပြုလုပ်ရန် ဝန်ကြီးများက တောင်းဆိုခဲ့ကြသေး၏။

ထိုအကြောင်းကြောင့်ပင် ဘုရင်နင်ယွမ်ရှန်းက ခုနစ်လမြောက်လ၏ ကိုးရက်မြောက်နေ့တွင် ကောင်းကင်ပူဇော်ပွဲ တစ်ခုကို ကျင်းပခဲ့ရ၏။ သို့သော်လည်း ထျန်းနန်ပြည်နယ်၌ လှုပ်ခဲ့သည့် ငလျင်က နောက်ဆက်တွဲ ငလျင်တစ်ခုသာဖြစ်ပြီး တောင်ပိုင်းပင်လယ်ဒေသတွင် ငလျင်များ အဆက်မပြတ် ဖြစ်ပွားခဲ့သည်။

ဤငလျင်ဆက်တိုက် လှုပ်ခတ်မှုများက ကျောက်မဲကျွန်းအောက်ရှိ ရှေးဟောင်းအပျက်အစီး တည်နေရာ၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် ဆက်စပ်လျက်ရှိနေသည်ဟု ရှမ့်လန်က သံသယဝင်၏။ ကျင်းမူလန်ကလည်း ထိုအရာကို ခံစားမိပြီးသားပင်။ ယခင်ငလျင်များက အသေးစားငလျင်များသာ ဖြစ်၏။ ဤပင်လယ်ဒေသ၏ ရေမျက်နှာပြင်အောက်တွင်ရှိသည့် အလွန်ကြီးမားသည့် ငလျင်ကြီးတစ်ခု လှုပ်ခတ်ရန် ပြင်နေ၏။ ကြီးမားသည့် ငလျင်ကြီး၏ အင်အားက ပြီးခဲ့သည့် လအနည်းငယ်က ဖြစ်ပွားခဲ့သော အသေးစားငလျင် အားလုံးတို့၏ စုစုပေါင်းအင်အားထက် ကျော်လွန်မည်ဆိုခြင်းကတော့ သေချာ၏။

ဤရေအောက်ငလျင်က ကြီးမားသည့် ဆူနာမီလှိုင်းကြီးကို ဖြစ်ပေါ်စေပေလိမ့်မည်။ ဆူနာမီလှိုင်းနှင့် ရင်ဆိုင်ရသည့်နေရာတွင် မည်သည့်ရေတပ်မဆို လုံးဝပျက်စီးပြီး ဖုန်မှုန့်ကဲ့သို့ ပြောင်းလဲသွားမှာ သေချာသည်။

မူလန်က ပင်လယ်ထဲမှ လျင်မြန်စွာ ခုန်ထွက်လာခဲ့ပြီး ကုန်းပတ်ပေါ်သို့ ပြန်တက်၏။

“အင်း… ဒီညမတိုင်ခင် ရေအောက်ငလျင်ကြီးတစ်ခု သေချာပေါက် ဖြစ်လိမ့်မယ်။”

ရှမ့်လန်က အမိန့်ပေးလိုက်သည်။ “အရှိန်အပြည့်နဲ့ ဆက်သွားတော့။”

ပြီးနောက် ရှမ့်လန်၏ရေတပ်က ရွက်များကို အပြည့်အဝ လွှင့်ကာဖြင့် နေရာတစ်ခုဆီသို့ အရှိန်တင်ကာ ထွက်ခွာ၏။

သူတို့၏နောက်မှာတော့ ရွှယ်မိသားစု၏ရေတပ်က အဆက်မပြတ် လိုက်နေ၏။ သတ်ဖြတ်လိုသည့် ဆန္ဒများကိုလည်း သိသာထင်ရှားစွာ ထုတ်ဖော်ထား၏။ ဤအချိန်မှာတော့ ရှမ့်လန်က သူတို့ကို တကယ်ပင် ငရဲဆီသို့ ခေါ်ဆောင်သွားပေတော့မည်။

ရေတပ်နှစ်ဖက်က အမြင့်ဆုံးအရှိန်နှုန်းဖြင့် ခရီးသွားလျက် ရှိနေ၏။ ရှမ့်လန်၏ရေတပ်က ပျက်စီးချင်ယောင် ဆောင်ထားခြင်းဖြစ်သည်မို့ ရွှယ်မိသားစုရေတပ်၏ အရှိန်နှုန်းက ပိုမိုမြန်ဆန်နေ၏။ ရှေ့ဆီသို့ လျင်မြန်စွာ ရောက်ရှိလာခဲ့၏။

၁၈ လီ၊ ၁၅ လီ၊ ၁၃ လီ ....

ဤအချိန်တွင်တော့ ရန်နန်းဖေးက အလိုလို မသက်မသာ ခံစားချက်ကို ရရှိ၏။ ရွှယ်ဖန်ကလည်း ထိုအရာကို ခံစားမိ၏။ ရာသီဥတုက ကောင်းမွန်ပြီး နေသာနေသော်လည်း ပင်လယ်ငှက်များက တစ်ဖက်စီသို့ ဆက်လက် ပျံသန်းသွား၏။ မရေတွက်နိုင်သည့် ပင်လယ်ငှက်များက အရှေ့မြောက်ဘက်ဆီသို့ အရူးအမူးနှင့် ပျံသန်းသွားသည်။

ထိုသတ္တဝါလေးများက ကြောက်လန့်လွန်းသောကြောင့် ထွက်ပြေးသွားကြပုံပေါ်၏။ မည်သည့်အရာကို ကြောက်လန့်သောကြောင့် ထွက်ပြေးကြသနည်း။ မကြာခဏဆိုသလို တိရစ္ဆာန်များက မူလဗီဇစိတ် ရှိကြပြီး အန္တရာယ်ကို အာရုံခံနိုင်စွမ်း ကောင်း၏။

ထို့အပြင် ဤအချိန်၌ ပင်လယ်ကြမ်းပြင်က တုန်ခါနေပြီဖြစ်သည်။

“ဦးရီးတော်… ဒီငှက်နဲ့ ငါးတွေ အကုန်လုံးက အရှေ့ဘက်ကို ထွက်ပြေးနေကြတယ်။”

ကောင်းကင်ရှိ ပင်လယ်ငှက် အရေအတွက်က နေကို လုံးဝဖုံးအုပ်သွားသည်အထိ များပြား၏။ ပင်လယ်ထဲတွင် ငါးများ ပိုမိုများပြားလာ၏၊ ပြည့်ကျပ်လာ၏၊ မရေတွက်နိုင်လောက်အောင်ပင်။ ပင်လယ်ရေ တစ်ခုလုံးက ဆူပွက်နေပုံရ၏။

ထိုအထဲတွင် ငါးမန်းဖြူကြီးများနှင့် ဝေလငါးများပင် ပါဝင်၏၊ ငါးမျိုးစုံပင်။ မရေတွက်နိုင်အောင် များ၏။ ဤအချိန်က ငါးမန်းဖြူကြီးများ အမဲလိုက်သည့်အချိန်ပင်။ သို့သော်လည်း အရှေ့ဘက်ကို အလွန်အကျွံ ရေကူးသွားဖို့သာ အာရုံစိုက်နေကြ၏။ လက်ရှိအချိန်တွင် အမဲလိုက်ရန် စိတ်ဆန္ဒရှိပုံမပေါ်ချေ။

“ဦးရီတော်… ဒါက ထူးဆန်းတဲ့ အပြုအမူပဲ။ ဒါက တော်တော်လေး ထူးဆန်းနေတယ်။”

ရွှယ်ဖန်တစ်ယောက်တည်း တင်မကချေ။ ရွှယ်မိသားစုတစ်ခုလုံးက ထိုအရာကို ခံစားမိ၏။ သို့သော်လည်း လူတိုင်းက ထူးဆန်းသည်ဟုသာ မြင်ကြ၏။ ပင်လယ်ဆိုသည်မှာ မရေတွက်နိုင်သည့် ထူးဆန်းအံ့ဩဖွယ် များနှင့် ပြည့်နှက်နေသည့် အရာတစ်ခုဖြစ်ပြီး သူတို့ မရင်းနှီးသည့် လောကတစ်ခုပင်။

ရန်နန်းဖေးက အာရုံလွှင့်ပျံ့စေသည့် အရာအားလုံးကို ခဏဘေးဖယ်ထား၏။ “ရေတပ်တွေ… လက်ရှိပုံစံအတိုင်း ပုံစံအတိုင်း ဖွဲ့စည်း။ အရှိန်အဟုန်အပြည့်နဲ့ ရှေ့ကိုချီတက်မယ်။ ရှမ့်လန်ရေတပ်ကို ဖျက်ဆီးလိုက်။”

သူက ကြီးကြီးကျယ်ကျယ်နှင့် အော်ပြောလိုက်၏။ “အားလုံးကို သတ်ပစ်… အားလုံးကို သတ်ပစ်တော့။”

နာရီအတန်ကြာ တိတ်ဆိတ်နေသည့် စစ်ဗုံတီးသံများက တစ်ဖန်ပြန်လည် မြည်ဟီးလာ၏။ ရွှယ်မိသားစု၏ ရေတပ်က စုစုပေါင်း လူဦးရေ ၃ သောင်းရှိပြီး စိတ်အားထက်သန်မှု အပြည့်အဝဖြင့် တိုက်ခိုက်ရန် အဆင်သင့်ဖြစ်နေသည်။

“တိုက်ပွဲအတွက် ပြင်ဆင်ကြတော့။”

ကြီးမားလွန်းသည့် လောက်လေးခွကြီးများကို သူတို့က ပြင်ဆင်ကြ၏။ “ရှမ့်လန်ကိုသတ်… ကျင်းမူလန်ကိုသတ်… လူတိုင်းကို သတ်ပစ်။”

ရွှယ်မိသားစု၏ ရေတပ်က ဧရာမ သားရဲကြီးတစ်ကောင်လို သူတို့၏ ကြီးမားသည့် မေးရိုးကြီးများကို ဟကာ တိုက်ခိုက်ရန် ပြင်ဆင်နေသလိုပင်။

တစ်ချိန်တည်းမှာပဲ ရှမ့်လန်၏ ရွက်သင်္ဘော ၁၈ စင်းရှိသည့် ရေတပ်က ငါးသေးလေးတစ်ကောင်ကဲ့သို့ပင် အလွယ်တကူ ထွက်ပြေးရန် ကြိုးစားနေ၏။ သို့သော်လည်း ဤအချိန်မှာပဲ ရှမ့်လန်၏ရေတပ်က ရုတ်တရက် အရှိန်မြင့်လာခဲ့သည်။

“ဘာဖြစ်တာလဲ… မင်းတို့ သင်္ဘောက ထိခိုက်ပျက်စီးထားတာ မဟုတ်လား။ အရှေ့ကို သိပ်ပြီး မသွားနိုင်ဘူး မဟုတ်လား။ ဒါဆိုရင် ဒါ ဟန်ဆောင်နေတာပေါ့။” လူတွေက အံ့အားသင့်လျက် ရှိနေ၏။

ရှမ့်လန်၏ ရေတပ်က ပိုမိုလျှင်မြန်စွာ ရွေ့လျားသွားလာ၏။ အဆုံးမှာတော့ သူတို့က ရွှယ်မိသားစု၏ ရေတပ်ကို ၂၀ ရာခိုင်နှုန်းကျော် နောက်ကောက်ချ ချန်ခဲ့သည်။

ရွှယ်မိသားစု၏ ရေတပ်က ချက်ချင်းပင် နောက်၌ကျန်ရစ်ခဲ့၏။ ရှေ့တွင် ပျော်ရွှင်မှုကျွန်းကို မြင်နေရ၏။ ထိုအရာက စတုရန်းကီလိုမီတာ ဆယ်ဂဏန်းလောက် ကျယ်ဝန်းသည့် ကျွန်းတစ်ကျွန်းဖြစ်၏။ ကျွန်းက မကြီးမားသော်လည်း အရှေ့ဘက်တွင် လှပသည့် ပင်လယ်အော်တစ်ခု ရှိ၏။

ရှမ့်လန်က အော်ပြောလိုက်သည်။ “အရှိန်အပြည့်နဲ့ ရှေ့ကို ဆက်သွားတော့။ ပျော်ရွှင်မှုကျွန်း ပင်လယ်အော်ဆီကိုသွား။”

ရွှယ်ဖန်နှင့် ရန်နန်းဖေးတို့က ပိုမို၍ စိတ်မသက်မသာ ဖြစ်လာခဲ့၏။ “ဦးရီးတော်… ကျုပ်တို့ ထောင်ချောက်ထဲ ရောက်နေပြီလား။”

ရန်နန်းဖေးက တိတ်ဆိတ်နေသည်။ “အခု ပြောနေတာ ဘာအဓိပ္ပာယ်လဲ။ ကျန်တာတွေ မေ့ထား။ ရှမ့်လန်ရဲ့ ရေတပ်တွေကိုသာ ဖျက်ဆီးပစ်။”

သို့သော်လည်း ရှမ့်လန်၏ရေတပ်က အလွန်ပင် မြန်ဆန်၏။ ထို့ကြောင့် သူတို့နှင့် အကွာအဝေးက ပိုပို၍ ဝေးကွာသွားခဲ့၏။

ထိုအချိန်က နေဝင်သွားပြီဖြစ်ပြီး ကောင်းကင်တွင် ထူးဆန်းသည့် မိုးတိမ်များ ပေါ်လာ၏။ ထိုအရာက ဒဏ္ဍာရီလာ ငလျင်တိမ်တိုက်များလား။ သို့သော် ငလျင်တိမ်တိုက်ဆိုသည်က သိပ္ပံနည်းကျ အခြေခံ မရှိပုံ ပေါ်၏။ ရှမ့်လန်၏ရေတပ်က အရှိန်အဟုန်ဖြင့် ရှေ့ကိုချီတက်နေပြီး နောက်ဆုံးမှာတော့ သူတို့က ပျော်ရွှင်မှုကျွန်း ၏ ဆိပ်ကမ်းသို့ ဝင်လာသည်။

“သင်္ဘောတွေကို ကျောက်ချပြီး သန္တာကျောက်တန်းမှာ သံကြိုးတွေနဲ့ ချည်နှောင်ထားကြ။ အားလုံးပဲ ကျွန်းပေါ်ကိုလာ၊ ကျွန်းပေါ်ကို လာကြ။”

ဤသင်္ဘောတွေကို ကယ်တင်နိုင်ပါမည်လား။ ဤကျွန်းဆိပ်ကမ်းကြီး၏ ကာကွယ်မှုနှင့်တောင် မျှော်လင့်ချက်က နည်းပါးလွန်း၏။

ရှမ့်လန်၏ အမိန့်နှင့် လူပေါင်း ၃၀၀၀ နီးပါးရှိသည့် ရေတပ်က စစ်သင်္ဘောများမှ စွန့်ခွာပြီး အောက်ဆီသို့ ဆင်းသက်ကြ၏။ သူတို့က မီတာ ရာဂဏန်းပေါင်းများစွာ မြင့်သည့် တောင်ထိပ်တစ်ခုဆီသို့ တက်ကြ၏။ ယခု ရှမ့်လန်က ရွှယ်မိသားစု၏ ရေတပ်ကို မြင်လိုက်ရ၏။ မီတာ ရာပေါင်းများစွာ မြင့်သည့် တောင်ထိပ်ပေါ်တွင် ရပ်နေခြင်းဖြင့် ပင်လယ်ပြင်တစ်ခုလုံးကို ရှင်းရှင်းလင်းလင်း မြင်ရသည်။

သင်္ဘော ၁၇၀၊ လူပေါင်း ၃ သောင်းနီးပါး၊ တကယ်ကို အံ့မခန်းပင်။ ရေတပ်တစ်ခုလုံးကို တပ်ဖြန့်ထားသည်နှင့် ထိုအရာက မိုင်ပေါင်းများစွာ ကျယ်ဝန်းသည့် တည်နေရာအား လွှမ်းခြုံထားနိုင်၏။ ဤရေတပ်က ရွှယ်မိသားစု ဆယ်စုနှစ်ပေါင်းများစွာ စုဆောင်းထားခဲ့သည့် ချမ်းသာကြွယ်ဝမှုနှင့် အာဏာကို ကိုယ်စားပြု၏။ ချမ်းသာမှု အရာအားလုံးက ဤသင်္ဘောကြီးများပင် ဖြစ်၏။

ဤရေတပ်က ချောင်ထျန်းဝေ၏ ရေတပ်ထက် ပိုမိုကာ ကျွမ်းကျင်ပြီး ပိုမိုကာလည်း အင်အားကြီး၏။ ထိုအရာကို ဖန်တီးရန် မည်မျှ ကြိုးစားအားထုတ်ခဲ့ရမည်နည်း။ ထို့အပြင် ရွှေဒင်္ဂါး မည်မျှ ကုန်ကျခဲ့မည်နည်း။ မသိချေ။ သို့ပေမည့် အလွန်များပြားသည့် ပမာဏတစ်ခုဖြစ်မှာတော့ သေချာ၏။

ထို့အပြင် ဤအချိန်မှာတော့ ပင်လယ်ပြင်ရှိ ရန်နန်းဖေးနှင့် ရွှယ်ဖန်တို့က ပျော်ရွှင်မှုကျွန်းထိပ်ရှိ ရှမ့်လန်နှင့် အခြားသောသူများကို မြင်တွေ့ရ၏။ သူတို့၏ စိတ်ထဲတွင် ပေါ်ပေါက်လာခဲ့သည့် စိတ်မချမ်းသာမှုက အထွတ်အထိပ်သို့ ရောက်ရှိလာသည်။

တကယ်တော့ ယခုအချိန်တွင် ကြိုတင်ခန့်မှန်းဖို့ မလိုအပ်တော့ချေ။ အဘယ်ကြောင့်ဆိုသော် ပင်လယ်ကြမ်းပြင် တစ်ခုလုံးက တုန်ခါစပြုလာသောကြောင့်ပင်။ ပင်လယ်ရေမျက်နှာပြင်တစ်ခုလုံးက ဆူပွက်စ ပြုလာ၏။

ရန်နန်းဖေးက သူ၏ ကျောရိုးမတစ်ခုလုံး စိမ့်တက်သွားသလို ခံစားရ၏။ သူက အံကိုကြိတ်လိုက်သည်။ ပျော်ရွှင်မှုကျွန်း၏ထိပ်ရှိ ရှမ့်လန်နှင့် ကျင်းမူလန်တို့ကို လက်ညှိုးထိုးကာဖြင့် အော်ဟစ်လိုက်သည်။ “အရှိန်အပြည့်နဲ့ ဆက်သွားစမ်း… ကျွန်းပေါ်ကိုတက်ပြီး ရှမ့်လန်နဲ့ ကျင်းမူလန်တို့ကိုသတ်။ ကျင်းမူလန်ကို သေတဲ့အထိ ညှဉ်းပန်းနှိပ်စက်။”

အပိုင်း (၇၅၄)

ဤအချိန်မှာတော့ ရန်နန်းဖေးက နောက်ထပ်မထိန်းနိုင်တော့ချေ။ အရာအားလုံးတို့ကို လျစ်လျူရှုကာဖြင့် ဒေါသတကြီး အော်ဟစ်နေ၏။ သင်္ဘော ၁၇၀ နှင့် လူပေါင်း ၃ သောင်းကျော်တို့က ပျော်ရွှင်မှုကျွန်းဆီသို့ အလျင်စလို ဦးတည်နေ၏။

၁၀ လီ၊ ၈ လီ၊ ၅ လီ .....။

“ရှမ့်လန်ကို သတ်ပစ်… လုံးဝ သတ်ပစ်တော့။” ရန်နန်းဖေး၏ အတွင်းစိတ်တစ်ခုလုံးက ဒေါသတရားများဖြင့် မုန်တိုင်းထန်နေ၏။ မျက်လုံးများက သွေးကဲ့သို့ နီရဲနေသည်။

ထိုအချိန်မှာတော့ နေဝင်သွားခဲ့ပြီ။ ရှုခင်းက အသက်ရှူမှားလောက်အောင် လှပ၏။ ရှမ့်လန်က တောင်ထိပ်တွင်ရပ်ပြီး ပင်လယ်ပြင်ကို ငေးကြည့်နေ၏။ မူလန်က ရှမ့်လန်၏ ရင်ခွင်ထဲတွင် တိုးဝင်လျက် ရှိ၏။

ရုတ်တရက်… “ဘုန်း”

မိုင် ၁၀၀ နီးပါးအကွာရှိ ပင်လယ်ကြမ်းပြင်ဆီမှ နားကွဲလုမတတ် ပေါက်ကွဲသံကြီးတစ်ခု ထွက်ပေါ်လာ၏။ ရေအောက်ကြမ်းပြင်တစ်ခုလုံးက ရုတ်တရက် ဖိသိပ်ခံလိုက်ရသလိုပင်။ မြေကြီးအချင်းချင်း ရိုက်ခတ်သံများ ပေါ်ပေါက်လာခဲ့ပြီး အလွန်ကြီးမားသည့် ငလျင်ကြီးတစ်ခုက ပင်လယ်ကြမ်းပြင်အောက်တွင် လှုပ်ခတ်၏။ ကြီးမားသည့် ငလျင်လှုပ်ခတ်မှုပင်။

ရှမ့်လန်က မိုင် ၁၀၀ အကွာတွင် ရပ်နေသော်လည်း မြေပြင်၏ တုန်ခါမှုကို ခံစားရ၏။ ငလျင်ဒဏ်ကို ခံရသည့် နေရာက သေးငယ်သော်လည်း ငလျင်ဗဟိုချက်က တကယ်ကို နက်ရှိုင်း၏။ ထို့ကြောင့် အရာအားလုံးကို ဖျက်ဆီးနိုင်စွမ်း ရှိ၏။

ခဏအတွင်းမှာပဲ နတ်ဘုရားကြီးတစ်ပါးက ဧရာမလက်ကြီးတစ်ခုကို ဆွဲထုတ်ကာဖြင့် ပြင်းထန်သည့် မုန်တိုင်းတစ်ခုကို ဖန်တီးလိုက်သကဲ့သို့ပင်။ ပင်လယ်အောက်ငလျင်ကြီးကြောင့် ဖြစ်ပေါ်လာသည့် ဆူနာမီလှိုင်းကြီးတစ်ခု၊ မီတာ ဆယ်ဂဏန်းကျော် မြင့်သည့် ဧရာမ လှိုင်းလုံးကြီးများက ဒီရေလှိုင်းကဲ့သို့ပင် တစ်ရှိန်ထိုး ပေါ်လာသည်။

ထိုအရာ၏ ဖျက်ဆီးအားကလည်း တကယ်ကို ပြင်းထန်လွန်း၏။ မိုင်ဆယ်ဂဏန်း သို့မဟုတ် ရာဂဏန်း နီးပါးခန့်အထိ ကျယ်ဝန်းသည့် ဆူနာမီလှိုင်းလုံးကြီးများက တစ်စက္ကန့်လျှင် မီတာ ၂၀၀ နှုန်းဖြင့် ရုတ်တရက် တိုက်စား၏။

ဤမြင်ကွင်းက တကယ်ကို အံ့အားသင့်စရာပင်။ ဤအရာက တော်ဝင်ကပ်ဘေးနန်းတော်ရှိ ကြီးမားသည့် ဆီးနှင်းပြိုကျမှုထက် အဆတစ်ရာမက ပိုမိုကာ ကြောက်ဖို့ကောင်းသည်။

“ဟာ… အကုန်လုံး တုန်ခါနေပြီ။”

ရန်နန်းဖေးက ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ သူက အလန့်တကြားဖြင့် အော်ဟစ်လျက်ရှိ၏။ “မြန်မြန် မြန်မြန်… အရှိန်နဲ့ သွားစမ်း။ အားလုံး ကျွန်းပေါ်ကို သွားကြ။”

သို့သော်လည်း ငလျင်လှိုင်းလုံးများက ပင်လယ်မျက်နှာပြင်တစ်ခုလုံးကို တုန်ခါစေခဲ့ပြီး လှိုင်းထန်စေသည်။

သင်္ဘောအားလုံးက ထိန်းမရ၊ သိမ်းမရ ဖြစ်ခဲ့၏။ ငလျင်လှုပ်ခတ်မှု ခဏတာ တန့်သွားသည်နှင့် ရွှယ်မိသားစု၏ သင်္ဘော ၁၀၀ ကျော်တို့က ပျော်ရွှင်မှုကျွန်းဆီသို့ အလျင်အမြန်ဖြင့် မောင်းနှင်ကြ၏။ သို့သော် နောက်ကျသွား၏။ ဆူနာမီက တစ်စက္ကန့်လျှင် မီတာ ၂၀၀ ကျော် ကြီးမားသည့် အရှိန်နှုန်းဖြင့် ရောက်ရှိ လာခဲ့သောကြောင့်ပင်။ မိုင်ပေါင်းများစွာသော အကွာအဝေးကို သုံးလေးမိနစ်အတွင်း ဖြတ်သန်းနိုင်၏။ ရွှယ်မိသားစု၏ သင်္ဘောများက ငှက်များကဲ့သို့ မပျံနိုင်ချေ။

ရွှယ်ဖန်က နောက်ကို လှည့်ကြည့်၏။ ရွှယ်မိသားစု၏ မဟာမိတ်တပ်သား ၃ သောင်းတို့က အံ့အားသင့်ဖွယ် အကြောင်းအရာကို မြင်ရ၏။ အဘယ်ကြောင့်ဆိုသော် မိုင်ရာပေါင်းများစွာ ရှည်လျားပြီး မီတာ ဆယ်ဂဏန်းထက် အမြင့်ရှိသည့် ဧရာမ လှိုင်းလုံးကြီးက သူတို့နောက်ကို လိုက်လာသောကြောင့်ပင်။

“ရှမ့်လန်… ရှမ့်လန်… ခွေးကောင်.. ခွေးကောင်…” ရန်နန်းဖေးက မျက်လုံးကို မှိတ်လိုက်၏။

“ဘုန်း..”

စက္ကန့်အနည်းငယ်အကြာမှာတော့ ကြီးမားလွန်းသည့် ဆူနာမီလှိုင်းကြီး တိုက်ခိုက်ပြီး ရွှယ်မိသားစု၏ သင်္ဘော ၁၇၀ စင်းနှင့် စုစုပေါင်း လူဦးရေ ၃ သောင်းကို ဝါးမျိုသွားခဲ့၏။ အားလုံးက ပျောက်ကွယ်သွား၏။ အကုန်လုံး ပျက်စီးသွားခဲ့၏။

….

ဤမြင်ကွင်းက ရှမ့်လန်ရဲ့ ကျောရိုးမကြီးကိုပင် စိမ့်တက်သွားစေခဲ့၏။ တကယ့်ကို အံ့အားသင့်စရာ ကောင်းလွန်းလှ၏။ မူလန်၏ နူးညံ့သည့် ခန္ဓာကိုယ်လေးကပင်လျှင် အနည်းငယ် တုန်ယင်နေ၏။ နှစ်ယောက်သား တောင်ထိပ်ပေါ်တွင် အတူတူရပ်ပြီး ဆူနာမီကြောင့် လူထောင်ပေါင်းများစွာတို့ သေဆုံးသွားသည်ကို ကြည့်ရှုနေ၏။ မည်မျှ စိတ်ကူးယဉ် ဆန်လိုက်သနည်း။

သူတို့၏နောက်တွင်ရှိသည့် ဝူလဲ့၊ နိဗ္ဗာနတပ်တော်နှင့် ကျင်းမိသားစုမှ စစ်သည်တော်များက ဤမြင်ကွင်းကို မြင်တွေ့နေရ၏။ အားလုံး၏ သွားများက တဂတ်ဂတ် ရိုက်ခတ်နေ၏။ တချို့က တောက်မခေါက်မိအောင် မနည်းပင် ကြိုးစားနေရ၏။ ဆူနာမီ မုန်တိုင်းကြီးက တစ်ဖက်လူများကို ဝါးမျိုသွားသည်အား သူတို့ အတိုင်းသား မြင်နေရသည်။ သို့ပေမည့် ဤနှစ်ယောက်က ဟိတ်ဟန်ထုတ်ကာဖြင့် အချစ်သွေး ကြွလျက် ရှိနေ၏။ တကယ့်ကို ကြည့်ရှုရခက်လွန်းလှချေ၏။

သို့ပေမည့် မည်သို့ပင် ဆိုစေကာမူ ခဏအတွင်း သူတို့က ဆူနာမီ မုန်တိုင်းဆီသို့ အာရုံလွဲလိုက်၏။ အသက်ရှူ မှားလောက်စရာပင်။ မျက်စိတစ်မှိတ်အတွင်း ကြီးမားလွန်းသည့် ရေတပ်တစ်ခုလုံးက ပျောက်ကွယ်သွားခဲ့၏။ လူပေါင်း သုံးသောင်းကျော်က ပျောက်ဆုံး သေဆုံးသွား၏။ ပြီးနောက် ကြောက်မက်ဖွယ်ရာကောင်းသည့် ဆူနာမီကြီးက ရိုင်းစိုင်းစွာဖြင့် ဆက်လက် ရိုက်ခတ်နေဆဲပင်။

“ဝေါ ဝေါ..”

မကြာခင်မှာပဲ ပြင်းထန်လွန်းသည့် လှိုင်းလုံးကြီးများက ပျော်ရွှင်မှုကျွန်းဆီသို့ ပြင်းပြင်းထန်ထန်ဖြင့် ရိုက်ခတ်၏။ ဤအချိန်မှာတော့ မြေပြင်တစ်ခုလုံးက တုန်ခါလျက် ရှိနေပြီး ကောင်းကင်ကပင် နောက်တစ်ကြိမ် တုန်ဟီးနေ၏။ ကျွန်းကြီး တစ်ခုလုံးကလည်း တုန်ခါနေသည်။

ကြောက်မက်ဖွယ်ရာကောင်းသည့် လှိုင်းလုံးကြီးက ကျွန်းတစ်ခုလုံးကို ရေဖြင့် နစ်မြှုပ်သွားစေ၏။ တောင်ထိပ်ပေါ်ရှိ လူတိုင်းကို မြေပြင်သို့ တွန်းလှဲတော့မည်သကဲ့သို့ပင် အရှိန်အဟုန် ပြင်းထန်၏။ သို့ပေမည့် နောက်ဆုံးမှာတော့ ဖြစ်မလာခဲ့ချေ။ လှိုင်းများက ကျွန်းကို ရိုက်ခတ်ပြီး မီတာ ရာပေါင်းများစွာ အမြင့် တည်နေရာဆီသို့ ရေမှုန်ရေမွှားများ အဖြစ်သာလျှင် ရိုက်ခတ်၏။

ရှမ့်လန်က သူ၏ မျက်နှာပေါ်မှ စိုစွတ်မှုကို ခံစားမိ၏။ ပြီးနောက် ရေလှိုင်းများက ပြန်လည် ကျဆင်းသွား၏။ ကျွန်းက ဆူနာမီကို ကောင်းကောင်း ပိတ်ဆို့ထားနိုင်ခဲ့၏။ ကျန်ရှိသည့် ဆူနာမီ လှိုင်းလုံးများက ကျွန်း၏ ဘေးတစ်ဖက်တစ်ချက်ဆီမှ ကျော်ဖြတ်သွားခဲ့၏။ မကြာခင် အလွန်ဝေးလံသည့် အကွာအဝေး တစ်ခုဆီသို့ ထွင်းဖောက် ဝင်ရောက်သွားပေလိမ့်မည်။

သို့သော်ငြား သူတို့က တောင်အောက်သို့ မဆင်းနိုင်ကြသေးချေ။ အဘယ်ကြောင့်ဆိုသော် ငလျင်ကြီးတစ်ခု ပြီးနောက် လှိုင်းလုံးကြီးများနှင့် နောက်ဆက်တွဲ ငလျင်များ ဖြစ်ပေါ်တတ်သောကြောင့်ပင်။ ထို့ကြောင့် ဆူနာမီ ဆိုသည်က တစ်ခုထက် ပိုရှိ၏။ လှိုင်းလုံးကြီးများက တစ်ခုပြီး တစ်ခု ပေါ်ပေါက်လာခဲ့၏။ သို့သော်ငြား နောက်ပိုင်း ဖြစ်ပေါ်လာသည့် ဆူနာမီ လှိုင်းလုံးများကတော့ သေးငယ်၏။

နာရီဝက်ကြာချိန်မှာတော့ ပင်လယ်ရေမျက်နှာပြင်က အနည်းငယ် ငြိမ်သက်သွားခဲ့၏။ နောက်ထပ် မြင်ကွင်းတစ်ခု ပေါ်ပေါက်လာခဲ့၏။ ကျွန်းအောက်ရှိ ပင်လယ်တွင် မရေတွက်နိုင်သည့် အပိုင်းအစများနှင့် ဖုံးလွှမ်းနေခြင်းပင်။

ရွှယ်မိသားစု မဟာရေတပ်ဖွဲ့၏ သင်္ဘော တစ်ရာကျော်လုံးက အစိတ်စိတ်အမွှာမွှာ ကျိုးကြေသွား၏။ ဆူနာမီ ရေလှိုင်းက အလွန်အားကောင်းသောကြောင့် အခိုင်ခံ့ဆုံး သင်္ဘောပင်လျှင် တစစီ ဖြစ်ကုန်၏။ အလောင်းများက ရေထဲ၌ ထူထပ်စွာ ပေါ်ပေါက်လာခဲ့၏။ မရေတွက်နိုင်အောင် များပြားသည့် အလောင်းများပင်။ ပင်လယ်ရေမျက်နှာပြင်တွင် အလောင်းများနှင့် ပြည့်နှက်လျက် ရှိနေ၏။ အသက်ရှင်ကျန်ရှိသူ တစ်ဦးတစ်ယောက်မှ မရှိသလောက်ပင်။ အင်အား သုံးသောင်းရှိသည့် မဟာမိတ် တပ်ကြီးက လုံးဝ ပျက်စီးသွားခဲ့သည်။

“မိန်းမ ... မင်းရဲ့ မှော်အစွမ်းကို အသုံးပြုပြီး အသက်ရှင်ကျန်ရစ်သူတွေ ရှိ၊ မရှိ ပတ်ပတ်လည်မှာ ရှာဖွေကြည့်အုံး။ ကျန်နေတဲ့လူတွေ အကုန်လုံး သတ်ရမယ်။” ရှမ့်လန်က သတိပေးလိုက်၏။

မူလန်က တိတ်ဆိတ်ငြိမ်သက်နေသည်။ “ယောက်ျား... ကျွန်မက သဘာဝကို ခံစားနိုင်ပြီး အန္တရာယ်ကို ခံစားနိုင်တယ်။ ဒါပေမယ့် ရှင်ပြောသလို ကျွန်မ လုပ်လို့မရဘူး။”

ရှမ့်လန်၏ အမြင်မှာတော့ မူလန်က မျက်စိမှိတ်ထားရင်တောင် ရေဒါလှိုင်းများကို ထုတ်လွှတ်နိုင်စွမ်း ရှိနေပြီး ကီလိုမီတာ အနည်းငယ်အတွင်းရှိ သက်ရှိများကို စစ်ဆေးကြည့်ရှုနိုင်၏။ ဤအရာကတော့ လုံးဝ မမှန်ချေ။ မူလန်၏ အမြင်က ပင်လယ်နှင့် ရာသီဥတုကဲ့သို့ သဘာဝ ပတ်ဝန်းကျင်အပေါ်မှာသာ မူတည်နေ၏။ သူမ၏ သက်ရှိအပေါ် အာရုံခံစားနိုင်စွမ်းကတော့ အားနည်းလွန်း၏။ ပင်လယ်ဆိုသည်က သူမ၏ အိမ်မဟုတ်ချေ။

ပြီးနောက် ရှမ့်လန်က ကျွန်းတစ်ခုလုံးကို ရှာဖွေရန် အမိန့်ပေး၏။ အသက်ရှင်လျက် တွေ့ရှိသူများကို သတ်ပစ်ရန် ညွှန်ကြား၏။ ရလဒ်အားဖြင့် လူသုံးထောင်နီးပါးတို့က တစ်ညလုံး ရှာဖွေခဲ့၏။ အသက်ရှင် ကျန်ရစ်သူ တစ်ဦးတစ်ယောက်မှ မတွေ့ရှိခဲ့ချေ။

ရှမ့်လန်က အံ့အားသင့်သွား၏။ အားလုံး သေသွားခဲ့ပြီလား။ ဆူနာမီကြောင့် လူပေါင်း သုံးသောင်းတွင် တစ်ယောက်မှ အသက်ရှင်ကျန်ရစ်ခဲ့ခြင်း မရှိပေ။ ဤအရာက တိုက်ဆိုင်မှု သက်သက် မဟုတ်နိုင်ချေ။ သို့ပေမည့် တကယ်တမ်း ရှာမတွေ့ခဲ့ချေ။

သူတို့က ကမ်းစပ်ရှိ ပင်လယ်အော်နားဆီသို့ သွား၏။ မနေ့က သူတို့ ဤနေရာတွင် လှေများကို သန္တာကျောက်တန်းများနှင့် သံကြိုးများနှင့် တွဲကာ ချည်ထားခဲ့၏။ ဤနေရာက ပင်လယ်အော်ရှိ ကွေ့ကြီးတစ်ခုလို ဖြစ်နေပြီး ကျွန်းကြီးတစ်ခုလုံးက ကာကွယ်ထားသောကြောင့် ဆူနာမီ၏ သက်ရောက်မှု မရှိချေ။ သို့သော်ငြား ရလဒ်က ဆိုးဝါးနေဆဲပင်။

စစ်သင်္ဘော ၁၈စင်းအနက် ၈ စင်းက နစ်မြုပ်သွားခဲ့ သို့မဟုတ် ပျောက်ကွယ်သွားခဲ့၏။ ၅ စင်းကတော့ ပြင်းပြင်းထန်ထန် ထိခိုက်ထား၏။ သင်္ဘော ၅ စင်းကသာလျှင် အခြေအနေ ကောင်းမွန်စွာ ကျန်ရှိနေ၏။ ကျွန်းပေါ်တွင် လူပေါင်း သုံးထောင်ကျော်ရှိသောကြောင့် သင်္ဘောငါးစင်းနှင့် အားလုံးကို နေရာထိုင်ခင်း မပေးနိုင်ချေ။

ရှမ့်လန်က သင်္ဘောများကို ပြုပြင်ရန် အမိန့်ပေးပြီး ပင်လယ်အော်တွင် စောင့်ဆိုင်းနေခဲ့၏။ နောက်ထပ် ၃ နာရီ ကြာသွားပြန်၏။ ပင်လယ်ပြင်တွင် စစ်သင်္ဘော ၁၉ စင်း ထပ်မံ ပေါ်ပေါက်လာ၏။ ဤစစ်သင်္ဘောများက မည်သည့်နေရာက လာသနည်း။ ဟုတ်ပေ၏။ ထိုအရာက သူ၏ ရေတပ်ပင်။

ရန်နန်းဖေးက သူတို့ကို အစွယ်ပင်လယ်ထဲသို့ ခေါ်ဆောင်သွားသည့်အချိန်တွင် ရှမ့်လန်နှင့် မူလန်တို့က တစ်ဖက်လူ၏ အကြံအစည်ကို သိရှိပြီးသား ဖြစ်၏။ သို့ပေမည့် ထောင်ချောက်ထဲကို ကျချင်ယောင် မဆောင်ခဲ့ပါက ရန်နန်းဖေးကလည်း စိတ်ကျေနပ်လိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် သူတို့က လှည့်စားခဲ့ခြင်း ဖြစ်၏။

တကယ်တော့ အစွယ်ပင်လယ်ထဲသို့ ဝင်ရောက်ခဲ့သည့် ရှမ့်လန်၏ သင်္ဘောက ၂ စင်းသာ ရှိ၏။ ပြီးနောက် သူတို့က သတိပေး ခေါင်းလောင်းသံများ၊ ကျယ်လောင်သည့် ပေါက်ကွဲသံများနှင့် သင်္ဘောချင်း တိုက်မိသည့် အသံများကို ဖန်တီးကာ ပြန်လည် လှည့်စားခဲ့ခြင်း ဖြစ်သည်။

တစ်ဖွဲ့က ပျော်ရွှင်မှုကျွန်း၏ နောက်ကွယ်ရှိ ပင်လယ်အော်တွင် ပုန်းအောင်းနေပြီး နောက်တစ်ဖွဲ့ ကတော့ ဆူနာမီ တည်နေရာမှ လုံးဝ လွတ်ကင်းသွားသည့် တည်နေရာတစ်ခုတွင် သွားရောက် ပုန်းအောင်းနေခြင်း ဖြစ်၏။

တစ်နာရီကျော်ကြာပြီးနောက် ရှမ့်လန်၏ လူထောင်ပေါင်းများစွာတို့က စစ်သင်္ဘောသို့ တက်ကာဖြင့် ပျော်ရွှင်မှုကျွန်းဆီမှ ထွက်ခွာသွားခဲ့ကြ၏။ ယူဆောင်လာခဲ့သည့် သင်္ဘော ၄၀ တွင် ၂၄ စင်းသာ ကျန်ရှိတော့၏။ စစ်သင်္ဘော တစ်စင်းက ရွှယ်မိသားစု၏ ရေတပ်သင်္ဘောနှင့် တိုက်မိပြီး မတော်တဆ နစ်မြုပ်သွားခဲ့၏။ နောက်ထပ် ၂ စင်းက ထောင်ချောက်ထဲသို့ ကျချင်ယောင်ဆောင်ကာဖြင့် အစွယ်ပင်လယ်ထဲသို့ ဝင်ရောက်ပြီး နစ်မြုပ်သွားခဲ့သည်။

နောက်ထပ် သင်္ဘော ၁၃ စင်းကတော့ ဆူနာမီ မုန်တိုင်း၏ ရေစီးကြောင်းနှင့်အတူ မျောပါပြီး ပျက်စီးသွားခဲ့၏။ လူလေးထောင်လောက် ကြပ်ညပ်နေလျှင်တောင်မှ သင်္ဘော ၂၄ စင်းတွင် ထိုင်ရန် နေရာတော့ ရသေး၏။

ရှမ့်လန်က ချက်ချင်း ထွက်ခွာခြင်း မပြုသေးချေ။ အသက်ရှင် ကျန်ရစ်ခဲ့သည့် လူများကို ရှာဖွေရန် ပျော်ရွှင်မှုကျွန်း တဝိုက် ဆက်လက်ကာ ကင်းလှည့်နေ၏။ ရလဒ်ကတော့ ရှာဖွေတွေ့ရှိမှု မရှိချေ။

“သခင်လေး... ကျုပ်တို့ ဘာဆက်လုပ်ကြမလဲ။ တောင်ပိုင်းကျွန်းစုတွေကို တိုက်ရိုက်သွားပြီး တိုက်ခိုက်ကြမလား။”

သူတို့သာ တောင်ပိုင်းကျွန်းစုများကို တိုက်ခိုက်ချင်သည် ဆိုပါက ပြန်လှည့်ရပေလိမ့်မည်။

ရှမ့်လန်က ပြော၏။ “အရှေ့ဘက်ကို ဦးတည်ပြီး ကျွန်းတွေကို ဆက်ရှာဖွေရအောင်။”

ရှမ့်လန်၏ အမြင်အရ အသက်ရှင် ကျန်ရစ်သူများ ရှိမည်ဆိုလျှင် ဆူနာမီ မုန်တိုင်းကြီးနှင့် မျောပါနိုင်ချေ များ၏။ ဆူနာမီက အရှေ့ဘက်သို့ ဦးတည်နေပြီး အသက်ရှင်ကျန်ရစ်သူများက အရှေ့ဘက်ရှိ ကျွန်းတချို့သို့ ရောက်ရှိသွားနိုင်၏။ သူက မည်သူ့ကိုမှ အသက်ရှင်လျက် မထားချင်ပေ။

...............................

အချိန်မည်မျှ ကြာသွားသည်လည်း မသိချေ။ ရွှယ်မိသားစု၏ အမွေဆက်ခံသူ ရွှယ်ဖန်က မျက်လုံးကို ဖွင့်လိုက်၏။

“ဝေါ့... ဝေါ့..”

သူက ပင်လယ်ရေများကို အန်ထုတ်နေ၏။ သူက သေသွားပြီဟု ထင်မှတ်ခဲ့၏။ သူ၏ သိုင်းပညာ စွမ်းရည်က တကယ့်ကို မြင့်မားသော်လည်း ဆူနာမီ မုန်တိုင်းနှင့် ရင်ဆိုင်ရသည့်အချိန်မှာတော့ တကယ့်ကို ထိခိုက်လွယ်နေဆဲ ဖြစ်ပြီး ခုခံနိုင်စွမ်းဟူ၍ မရှိခဲ့ချေ။

ချက်ချင်းနီးပါး သင်္ဘောအုပ်စု တစ်ခုလုံးက သူတို့၏ ရှေ့မှ ပျောက်ကွယ်သွားခဲ့ပြီး သူ လိုက်ပါခဲ့သည့် သင်္ဘောကြီးကလည်း ပျက်စီးသွား၏။ အသက်ရှင်သန်လိုစိတ်ကြောင့် ရွှယ်ဖန်က သစ်သား အပိုင်းအစ တစ်ခုကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထား၏။

တကယ်တမ်း အသက်ရှင်သန်လာလိမ့်မည်ဟုတော့ မမျှော်လင့်ခဲ့ချေ။ သူက ခြေထောက်နှင့် ရုန်းကန်ကာ ထရပ်၏။ ဤနေရာက ကျွန်းငယ်လေး တစ်ကျွန်းဖြစ်နေပြီး ကျွန်းပေါ်တွင် မီးလှုံနေသည့် လူငါးဦး ရှိနေကြောင်း မြင်ရသည်။

“သခင်လေး နိုးလာပြီကိုး။ ဒီမှာ ငါးကင်တွေနဲ့ ကျွန်းပေါ်က အပင်တွေရဲ့ အမြစ်နဲ့ ပင်စည်တွေကနေ ထုတ်ယူထားတဲ့ အရည်တွေပဲ မြန်မြန်စား၊ သောက်အုံး။” ရေတပ်သားတစ်ဦးက အရည် ပန်းကန်လုံး တစ်လုံးနှင့် ငါးတစ်ကောင်ကို ပေး၏။ ဤပန်းကန်လုံး ဆိုသည်က အရွက်နှင့် ရက်လုပ်ထားသည့် အရာဖြစ်၏။

ရွှယ်ဖန်က ယူကာဖြင့် ခက်ခက်ခဲခဲ စား၏။ သူ မည်မျှကြာကြာ သတိလစ် မေ့မြောနေခဲ့သနည်း။ သူက မေးမြန်းလိုက်မိသည်။

“တစ်ရက်နဲ့ တစ်ည ကြာနေပြီ။”

“ဒါက ဘယ်နေရာမှာလဲ။”

“အမည်မဲ့ကျွန်း တစ်ခုပဲ။ ပျော်ရွှင်မှုကျွန်းကနေ မိုင် ၃၀၀ လောက် ဝေးတယ်။”

ရွှယ်ဖန်က အံ့အားသင့်သွား၏။ “ဟုတ်လား။”

ဆူနာမီက အလွန်ကို မြန်သောကြောင့် သူတို့က အချိန်တိုအတွင်း မိုင်ရာနှင့်ချီသည့် ကမ်းရိုးတန်းကို ဖြတ်သန်း ရောက်ရှိလာခဲ့၏။ ပြီးနောက် ရွှယ်ဖန်က သူ ယုံကြည်ရသည့် ကျွမ်းကျင်သူများထဲမှ တစ်ဦးတစ်ယောက်မျှ ထိုနေရာတွင် မရှိကြောင်း သတိပြုမိ၏။ အသက်ရှင် ကျန်ရစ်သူ အသားမဲသည့်သူများ ဖြစ်ကြောင်း တွေ့ရှိ၏။ ထိုသူတို့က ရေတပ်သားတွေပင်။

ကြီးမားသည့် ဆူနာမီ မုန်တိုင်းကြီးတွင် ထူးချွန်သည့် သိုင်းပညာ စွမ်းရည်ရှိသူများပင်လျှင် အသက်ရှင်နိုင် လိမ့်မည် မဟုတ်ချေ။ အလွန်ကံကောင်းပြီး အလွန်တော်သော ရေကူးသမားများသာလျှင် ဤအခြေအနေထဲမှ လွတ်မြောက်နိုင်၏။

All Chapters