အားလုံးရဲ့ ညီငယ်လေး
Vol. 14 Ch. 187
လူတိုင်း တိတ်ဆိတ်သွားကြပြီး လေထုမှာလည်း ပို၍အနေကျပ် လာလေသည်။
အန်လင်းနှင့် တပိုင်တို့သည် လမ်းဆုံးသို့ ရောက်နေလေပြီ။ အန်လင်း၏ ဓာတ်ပုံအား မြင်နေရသည်တောင်မှ သူတို့ ဘာပြောနိုင်ဦးမည်နည်း။
“တပိုင်ရေ အခုဘာလုပ်ကြမတုံး”
အန်လင်းသည် စိုးရိမ်ပူပန်စွာဖြင့် တပိုင်အား အသံဖြင့် ဆက်သွယ်လိုက်သည်။
“ကျွန်တော်လည်း မသိတော့ဘူး အစ်ကိုကြီး အန်ရေ”
တပိုင်သည် အပြစ်မဲ့သည့်ဟန်ဖြင့် ပြန်ဖြေလေသည်။
တပိုင်သည် သနားစဖွယ် အမူအရာဖြင့် လှည့်ပတ်ကြည့်လိုက် ပြီးနောက် အန်လင်းအား အသံဖြင့် ဆက်သွယ်လိုက် ပြန်သည်။
“ဒါပေမဲ့လည်း ကျွန်တော်က အန္တရာယ်ဇုံထဲကနေ လွတ်ကင်းနေတယ် ထင်တယ်။ စိုးရိမ်ရမှာက အစ်ကိုကြီးပဲ”
အန်လင်းသည် ပါးစပ်ဟောင်းသားဖြင့် ရှိနေပြီး ရေခဲမြစ်ထဲ ပြုတ်ကျသွားသည်ဟုပင် ခံစားမိနေသည်။
တပိုင်မှန်ပေသည်။
ယခုအခါတွင် သူ့အား အန္တရာယ်များ ဝိုင်းရံနေလေပြီ။
“မင်းက အန်လင်း။ ဟုတ်တယ်မလား”
ဩဂတ်စ်သည် ဓာတ်ပုံအား လက်ညှိုးထိုးကာဖြင့် အန်လင်းအား ကြည့်လိုက်သည်။ သူ့စကားအရ အမေးသဘောသာ ဖြစ်သော်လည်း သူ၏ ယူဆချက်မှာ မမှားနိုင်ပေ။
အန်လင်း လှည့်ပတ် ကြည့်လိုက်သည့် အခါတွင် စွမ်းအားကြီးမားသည့် နတ်သား နတ်သမီးလေးများမှ ပတ်ပတ်လည် ဝိုင်းထားကြသဖြင့် မလုံမလဲဖြင့် ပြုံးလိုက်သည်။
“ဟုတ်တယ်။ ငါက အန်လင်းအစစ်ပဲ။ ငါ့မှာလည်း ငါ့ရဲ့ အကြောင်းပြချက်ရှိ.......”
အန်လင်းသည် တောင်းပန်စကားဆိုရန် ကြိုးပမ်းနေစဉ်မှာပင် သူ့ထံသို့ ပြေးလာသည့် ဩဂတ်စ်ကြောင့် အံ့ဩသွားရလေသည်။
အန်လင်းသည် ထိုအခြင်းအရာကြောင့် တုန်လှုပ်ချောက်ချား နေလေသည်။
ဝသဖ ... ကျုပ် ရှင်းပြနေတာတောင် မပြီးသေးဘူး ခင်ဗျားက ထပ်ပြီး တိုက်ခိုက်ဦး မလို့လားဗျ။
‘မရိုက်ပါနဲ့’ ဟု အော်လုနီးနီးမှာပင် ဩဂတ်စ်သည် သူ၏လက်များအား ဆုပ်ကိုင်လာလေသည်။
“ဘယ်လိုတောင် အံ့ဩဖို့ကောင်းတဲ့ တိုက်ဆိုင်မှုလဲ။ ငါတို့က မင်းကိုအခုပဲ လိုက်ရှာနေတာ”
ဩဂတ်စ်သည် စိတ်လှုပ်ရှားစွာဖြင့် ပြောလေသည်။
“ဟမ်”
အန်လင်းမှာ နားမလည်နိုင်ဘဲ ရှိနေလေသည်။
သူ့အား ဝိုင်းထားသည့် အလင်းတောင်ပံ မျိုးနွယ်စုဝင်များ သည်လည်း သူတို့၏ အပြုအမူများ ပြောင်းလဲသွားပုံပေါ်ကာ နူးညံ့လာလေသည်။ အချို့မှာ အန်လင်းအား ပြုံးပြနေသေးသည်။
ဘာတွေဖြစ်နေတာတုံး။
“အာ ... ဟုတ်ကဲ့ပါ။ တွေ့ရတာ ဝမ်းသာပါတယ်။ ဘာလို့များ ကျုပ်ကို ရှာနေရပြန်တာလဲ ဆိုတာ ပြောပါဦး”
အန်လင်းသည် အတတ်နိုင်ဆုံး ကြိုးစား၍ တည်ငြိမ်အောင် ပြုပြီးနောက် သူ၏မျက်နှာတွင် တည်ကြည်သည့် အပြုံးတစ်ခု ဖြစ်ထွန်းစေလိုက်သည်။
စကားလမ်းကြောင်း လွှဲခြင်းဖြင့် ဖြစ်ပျက်ခဲ့သည်များအား မေ့ပျောက်သွားအောင် ကြိုးစားရပေမည်။
ဩဂတ်စ်သည် အန်လင်းအား လေးစားစွာဖြင့် ဦးညွှတ်လိုက်ပြီးနောက်…
“ငါက အလင်းတောင်ပံ မျိုးနွယ်စုက ဩဂတ်စ် ဖြစ်ပါတယ်။ ငါတို့ရရှိထားတဲ့ သတင်းတွေအရ မင်းက မဟူရာည အကြီးအကဲကို သတ်ဖြတ်ခဲ့သူလို့ သိရပါတယ်။ အဲဒါကြောင့် ငါတို့မျိုးနွယ်စုက ကျေးဇူးတင်တဲ့အကြောင်း ဖော်ပြချင်လို့ပါ”
မဟူရာည အကြီးအကဲလား။
ဩဂတ်စ်၏စကားကို ကြားသည့်အခါ အန်လင်းသည် ချက်ချင်း ဆိုသလိုပင် စိတ်ချသွားတော့သည်။
“ကျေးဇူးတင်ဖို့ မလိုပါဘူး။ ကျွန်တော်နဲ့ သူမက ရန်သူတွေပဲလေ”
ဩဂတ်စ်သည် နွေးထွေးစွာ ပြုံးလိုက်ပြီးနောက်…
“တောင်ပံနက် မျိုးနွယ်စုက ငါတို့ရဲ့ ကမ္ဘာမကြေ ရန်သူလေ။ သူတို့ရဲ့ အကြီးအကဲ ၁၂ ယောက်ထဲက တစ်ယောက်ဖြစ်တဲ့ မဟူရာည အကြီးအကဲကို သတ်ဖြတ်ပစ်တာက အလင်းတောင်ပံ မျိုးနွယ်စုကို ကြီးမားတဲ့ကောင်းကျိုး ဖြစ်ထွန်းစေတယ်။ အဲဒါကြောင့် ငါတို့ရဲ့ ကျေးဇူးတင်တဲ့ အကြောင်းကို သေချာပေါက် ဖော်ပြဖို့ လိုအပ်တာပေါ့။ မင်းအတွက် လက်ဆောင် ပြင်လာတယ်။ မငြင်းပယ်ရဘူးနော်”
အန်လင်းသည် ထိုစကားကို ကြားသည့်အခါတွင် နှလုံးခုန်နှုန်းများပင် မြန်လာလေသည်။ လက်ဆောင်ပါ ပါသေးတာလား။
သေချာပေါက် လက်ခံမည်ပင်။
သို့သော်လည်း သူ့မျက်နှာတွင် လက်ခံဖို့ရာ ဝန်လေးသည့်ဟန်ဖြင့် …
“ဩဂတ်စ် ခင်ဗျားက အရမ်း ကြင်နာတတ်တာပဲ”
“ရှယ်လီ”
ဩဂတ်စ် ခေါ်လိုက်သည်။
ဩဂတ်စ်၏ခေါ်သံကြောင့် လှပသည့် အမျိုးသမီးတစ်ဦး ထွက်ပေါ်လာသည်။
သူမ၏ အချိုးအစား ကျနလှသော ခန္ဓာကိုယ်သည် သူမ၏ နတ်မိမယ်တမျှ လှပသည့် သွင်ပြင်နှင့် လိုက်ဖက်နေသည်ကြောင့် ချက်ချင်း ဆိုသလိုပင် အန်လင်းနှင့် တပိုင်တို့၏ မျက်လုံးများ အရောင်လက်လာသည်။
ရှယ်လီ၏ မျက်လုံးများသည်လည်း အန်လင်းကို မြင်လိုက်သည့် အခါတွင် တောက်ပလာပြီး ရည်ရွယ်ချက်ရှိရှိ စိုက်ကြည့်လိုက်သည်။
“ရုပ်ရည်က ၇/၁၀၊ တိုက်ခိုက်နိုင်စွမ်းက ၁၀/၁၀ ဒါပေမဲ့ နင့်ရဲ့ သူရဲကောင်းဆန်တဲ့ လုပ်ရုပ်တွေကြောင့် အဲဒီ နှစ်ခုစလုံးက ၁၀/၁၀ အထိ ရောက်သွားပြီ”
“ဟင်”
ရှယ်လီ၏ တွက်ချက်မှုကြောင့် အန်လင်းသည် နေရာတွင်ပင် ကြက်သေ သေနေမိသည်။
ဩဂတ်စ် လှည့်ကြည့်လိုက်ပြီး …
“ရှယ်လီ ငါတို့ ဒီကိုဘာလာလုပ်တယ် ဆိုတာ မမေ့နဲ့”
“အိုး”
ရှယ်လီသည် ထိုအခါမှသာ အသိပြန်ဝင်လာပြီး သူမ၏ သိုလှောင်လက်စွပ် အတွင်းမှ လူတစ်ဝက်ခန့်ရှိသည့် ဧရာမ အပြာရောင် ဥကြီးအား ထုတ်ယူလိုက်သည်။
“ဒီဟာက ရေခဲမီးလျှံနတ်နဂါးရဲ့ ဥပဲ။ အဲဒီနဂါးက စွမ်းအားမြင့် နဂါးတစ်ကောင်ပဲ။ ဥပေါက်သွားပြီဆိုရင် ကြီးမားတဲ့ ဆင့်ကဲ့ဖြစ်စဉ်တွေ ဖြစ်လာနိုင်တဲ့ နတ်နဂါးထီး တစ်ကောင် ရလာလိမ့်မယ်။ သူက အိမ်မှာမွေးထားလို့ရတဲ့ သဘာဝသားရဲ တစ်ကောင်ပဲ”
အန်လင်းမှာ စိတ်လှုပ်ရှားမှုကြောင့် ရင်တထိတ်ထိတ် ခုန်လာပြီး နှလုံးသားပင် ပါးစပ်ထဲမှ ခုန်ထွက်လုမတတ် ဖြစ်နေမိသည်။ စွမ်းအားမြင့် နတ်နဂါး တစ်ကောင်တဲ့လေ။
မည်သည့်နဂါးဥမဆို အလွန် အဖိုးတန်လှသည်။ ဤ ... ဤဟာသည် စွမ်းအားမြင့် နဂါးဥ ဖြစ်သည်။ ယင်း၏ တန်ဖိုးမှာ အဖိုးဖြတ် မရနိုင်ချေ။
“ဒါက သခင်လေး အန် အတွက် ကျွန်မတို့ မျိုးနွယ်စုရဲ့ လက်ဆောင်ပါ”
ရှယ်လီသည် အန်လင်းအား အပြုံးနှင့်အတူ နဂါးဥအား လွှဲပြောင်းပေးလိုက်သည်။
အန်လင်းသည် နဂါးဥအား ဂရုတစိုက်ဖြင့် လက်ခံယူလိုက် ပြီးနောက် သူ့မျက်လုံးများသည် စိတ်လှုပ်ရှားမှုများ ထင်ဟပ်နေလေသည်။
“ကျေးဇူးပါပဲ။ ဥကို ဘယ်လိုဖောက်ရမလဲဗျ”
ရှယ်လီသည် ချိုသာစွာ ပြုံးလိုက်ပြီးနောက် …
“နေရောင်အောက်မှ နေ့တိုင်း ထားပေးရုံပါပဲ။ တစ်နေ့ကို ရှင့်ရဲ့ သွေးအဆီအနှစ် တစ်စက် ဉပေါ်ကို ချပေးရမယ်နော်။ သူ့ဘာသာ စုပ်ယူသွားလိမ့်မယ်။ ဥပေါက်သွားပြီ ဆိုတာနဲ့ အသစ်မွေးဖွားလာတဲ့ နဂါးလေးက ရှင့်ကို သခင်အဖြစ် သတ်မှတ်ပြီးသား ဖြစ်နေလိမ့်မယ်”
အန်လင်းသည် သူမ၏ ညွှန်ကြားချက်များကို အလေးအနက်ထား ခေါင်းညိတ်လိုက်သည်။ တစ်စုံတစ်ခု ဖြစ်သွားမည်ကို ကြောက်ရွံ့နေသည့်အလား နဂါးဥအား အလွန်ဂရုတစိုက်နှင့် ပွေ့ဖက်ထားလေသည်။
သိုလှောင်လက်စွပ်အတွင်း မည်သည့်ကြောင့် မထည့်ရသနည်းဟု မေးချင်သည်လား။ အကြောင်းမှာ ထိုနဂါးဥအား ပို၍ကြာကြာ ပွေ့ထားလိုခြင်းကြောင့်ပင်။
ဩဂတ်စ်တို့နှင့် အလာပ သလာပ စကားဆိုပြီးနောက်တွင် နှုတ်ဆက်စကား ဆိုလိုက်ကြသည်။
အန်လင်းအား လက်ဆောင် ပေးပြီးသည့်နောက်တွင် ဩဂတ်စ်တို့အဖွဲ့သည် ကျောင်းဝန်းအား လေ့လာရန် ထွက်ခွာသွားလေသည်။
အန်လင်းသည် တပိုင်၏ကျောပေါ်တွင် လိုက်ပါကာ စိတ်လှုပ်ရှားစွာဖြင့် သူနေထိုင်ရာ နေရာသို့ ပြန်လာခဲ့လေသည်။
လေထဲတွင် ပျံသန်းနေရင်းနှင့်ပင် တပိုင်သည် သက်ပြင်း ရှိုက်လိုက်သည်။
“ဒီနေ့ကတော့ တကယ်ကို ကံကောင်းတဲ့နေ့ပဲ။ ရင်သပ်ရှုမောဖွယ်ရာ မြင်ကွင်းကို မြင်လိုက်ရရုံတင် မကဘဲ ဒီဥလေးကိုပါ ရလာလိုက်သေးတယ်”
အန်လင်းသည် ထိုဥအား ပွတ်လိုက်ပြီးနောက် ပီတိဖြစ်လျက်နှင့် …
“အဲဒါက အမြင်ကျယ်ပြီး စွမ်းအားကြီးတဲ့ မင့်အစ်ကိုကြီး အန် ကြောင့်လေ”
တောင်ပံဖြူကျောင်း ပရဝုဏ်အတွင်းရှိ အဆောက်အဦငယ် အတွင်း။
ရှောင်းဟုန်၊ တပိုင်နှင့် ရှောင်ချိုးတို့သည် စုဝေးကာဖြင့် ထိုဥအား အနီးကပ် လေ့လာနေကြလေသည်။
“ဝိုး ... ဥပေါက်လာရင် နဂါးလေးက ရှောင်းဟုန်လေးထက် ကြီးမှာပေါ့နော်”
ရှောင်းဟုန်သည် သူမ၏ ချစ်စဖွယ် ဦးခေါင်းနီနီအား ဘယ်ညာယမ်းကာဖြင့် ချိုသာသည့် အသံလေးဖြင့် ပြောလေသည်။
အန်လင်းသည် ရှောင်းဟုန်အား ကြည့်ကာဖြင့် ဆွံ့အသွားမိသည်။
“နင့်အရွယ် နင်ပြန်ကြည့်ပါဦး။ နဂါးမေမေ ဗိုက်ထဲက ဥကတောင် နင့်ထက် အများကြီး ပိုကြီးဦးမယ်”
“သိပ်မကြာခင်မှာ မိသားစုဝင်အသစ်ကို ကြိုဆိုရတော့မှာပေါ့။ ညီငယ်လေးကို ဘယ်လိုနာမည် ပေးကြမလဲ။ ဝုတ်”
တပိုင်သည် အတော်လေး စိတ်လှုပ်ရှား နေလေသည်။
ရှောင်ချိုး၏ မျက်လုံးကြီးများ သည်လည်း တလက်လက် တောက်ပနေပြီး တစ်စုံတစ်ခုအား အသည်းအသန် စဉ်းစားနေဟန်ရှိသည်။
“ဒါဆို ကျွန်တော်က အစ်ကိုကြီး ဖြစ်တော့မှာပေါ့နော်”
အန်လငင်းသည် လည်ချောင်း ရှင်းလိုက်ပြီးနောက် …
“နဂါးပေါက်ကို နာမည်ပေးဖို့အတွက် ငါ စဉ်းစားထားတာရှိတယ်”
အန်လင်း၏ စကားကြောင့် ရှောင်းဟုန်မှာ မျက်နှာရှုံ့မဲ့နေပြီး ရှောင်ချိုးသည် မျှော်လင့်စောင့်စား နေသည့်ပုံဖြင့် ကြည့်နေလေသည်။ တပိုင်မှာမူ ဘာမှနားလည်ပုံမရဘဲ ခေါင်းညိတ်လျက် ရှိနေသည်။
“ဥက အပြာရောင်ဆိုတော့ သူ့ကို ရှောင်လန်လို့ ဘာလို့မခေါ်ရမှာလဲ”
ရှောင်းဟုန် : “…”
ရှောင်ချိုး : “…”
တပိုင် : “…”
အကြီးဆုံးသော တပည့်မ ဖြစ်သည့်အတွက် ရှောင်းဟုန်သည် ချက်ချင်းဆိုသလို သူမ၏ မမွေးဖွားရသေးသော မောင်ငယ်လေးအတွက် ရပ်တည်လိုက်လေသည်။
သူမသည် အားနည်းချည့်နဲ့သော ရှောင်းဟုန် မဟုတ်တော့သည့်အတွက် ဆန္ဒရှိသလို အနိုင်ကျင့်၍ မရတော့ချေ။ သူမခံစားခဲ့ရသလို တူညီသည့်အဖြစ်မျိုး သူမ၏ မောင်ငယ်လေး ခံစားရမည်ကို မဆိုင်သလို ရပ်မကြည့်နိုင်ချေ။
ရှောင်းဟုန်သည် အန်လင်းအား တိုက်ရိုက်ပင် သရော်လိုက်သည်။
“ဟီးဟီးဟီး ... သခင်က အရောင်တွေအပေါ် အခြေခံပြီး နာမည်ပေးပြန်ပြီလား။ ရှောင်ချိုးရဲ့ အရောင်ကလည်း အဝါရောင်ပဲလေ။ သူ့ကို ဘာလို့များ ရှောင်ဟွမ် လို့ မခေါ်ရတာလဲ အဲဒါဆို ရှောင်းဟုန်၊ ရှောင်ဟွမ်၊ ရှောင်လန် နဲ့ တပိုင်ဆိုပြီး အရောင်လေးတွေ ဖြစ်သွားမှာပေါ့။ ဘယ်လောက်မိုက်လဲ” (ဟွမ်က တရုတ်လိုဆို အဝါရောင်ပါ။ ဟုန်က အနီရောင်၊ လန်က အပြာရောင်၊ ပိုင်က အဖြူရောင်_)
သူမ၏ စကားလုံများ နောက်ကွယ်တွင်ရှိသည့် လှောင်ပြောင်သရော် လိုသော ရည်ရွယ်ချက်မှာ လွန်စွာ ထင်ရှားလှပေသည်။ အန်လင်း၏ ကြောက်မက်ဖွယ်ရာ အမည်မှည့်ခေါ်သည့် စွမ်းရည်ကို မကျေနပ်ကြောင်း သိသိသာသာ ဖော်ပြလိုက်ခြင်းပင်။
သို့သော်လည်း အန်လင်း၏ မျက်လုံးများမှာ ချက်ချင်းဆိုသလို တလက်လက် တောက်ပလာသည်။
“အာ ... အရမ်းမိုက်တယ်။ ငါဘာလို့များ မစဉ်းစားမိတာလဲ။ ရှောင်ချိုးရေ ... မင်းနာမည်က အခုကစပြီး ရှောင်ဟွမ်ဖြစ်သွားပြီ”
အန်လင်းသည် စိတ်လှုပ်ရှားစွာဖြင့် ရှောင်ချိုးအား လက်ညှိုး ထိုးလိုက်သည်။
အန်လင်းမှာ ဉာဏ်အလင်း ပွင့်သွားသည်ဟုပင် ခံစားနေမိသည်။ ယခုမှစ၍ သူ၏ သားရဲအားလုံးအား အရောင်များအား အစွဲပြုကာဖြင့် အမည်မှည့်ခေါ်ရန် ဆုံးဖြတ်လိုက်သည်။ အနီ၊ လိမ္မော်၊ အဝါ၊ အစိမ်း၊ မဲနယ်၊ အပြာ၊ ခရမ်း ဟူ၍ဖြစ်ပြီး ယင်းတို့ကို အစွဲပြုကာ သက်တံတပ်မတော် တည်ထောင်ရမည်။
အန်လင်း၏ ဆုံးဖြတ်ချက်ကြောင့် ရှောင်ချိုးမှာ သတိလစ်သွား မတတ်ပင်။ တပိုင်မှာမူ စိတ်ဓာတ်ပါ ကျသွားလေသည်။
ရှောင်းဟုန်သည် စိတ်ပျက်သည့် အမူအရာဖြင့် ရှိနေပြီး သူမ၏ တစ်နေ့တာအား နေရောင်ခြည် စုပ်ယူခြင်းမရှိဘဲနှင့် ကုန်ဆုံးသွားရသကဲ့သို့ ညှိုးနွမ်းနေလေသည်။
အချိန်သည် အလွန် လျင်မြန်သည့်နှုန်းဖြင့် ကုန်ဆုံးနေပြီး မည်သူမျှ မသိလိုက်ခင်မှာပင် မွန်းတည့်ချိန်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
အလင်းတောင်ပံ မျိုးနွယ်စုမှ အဖွဲ့ဝင်တစ်ဦးသည် နေ့လယ်စာ သုံးဆောင်ရန် အန်လင်းအား လာရောက်ဖိတ်ခေါ် ခဲ့သည်။
အန်လင်းသည် သူတို့ထံမှ နဂါးဥအား လက်ခံထားပြီး ဖြစ်သည်ကြောင့် ဖိတ်ခေါ်မှုအား လက်ခံရုံမှလွဲ ရွေးချယ်စရာ မရှိပေ။
အတော်ကြာအောင် စဉ်းစားပြီးသည့် နောက်တွင် နတ်နဂါးဥအား နေရောင်ရသည့် ပြတင်းဘောင်နံဘေးတွင် နေရာချထားပြီး ရှောင်းဟုန်၊ ရှောင်ချိုး၊ တပိုင်တို့နှင့်အတူ နေ့လယ်စာစားရန် ထွက်ခွာလာခဲ့သည်။
ဤကဲ့သို့သော ပွဲမျိုးတွင် သူ၏ဖြစ်တည်မှုအတွက် အင်အားပြရန် လိုအပ်ပေသည်။ သူနှင့်အတူ လိုက်ပါမည့်သူ မရှိလျှင်လည်း အကြောင်းမဟုတ်ပေ။ သူ၏ သားရဲများအား အစားထိုးလိုက်ရုံပင်။
ထိုသို့ဖြင့် သူတို့ လေးဦးသည် နေ့လယ်စာ စားရန်အတွက် အတူတကွ ထွက်ခွာလာခဲ့ကြသည်။
တဖြည်းဖြည်းနှင့် အချိန်ကုန်လာခဲ့သည်။
အစိမ်းရောင်ဝတ်စုံ ဝတ်ဆင်ထားသော ချစ်စဖွယ် မိန်းမပျိုလေး တစ်ဦးနှင့် အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားသော ချောမော့ခန့်ညားသည့် အမျိုးသား တစ်ဦးတို့သည် အန်လင်း၏ အိမ်တံခါးဝသို့ ရောက်လာလေသည်။
“လူကြီးမင်း အန်လင်းက တစ်နေ့လုံး အနားယူပြီးပြီဆိုတော့ ဒီနေ့ သူ့ဆီကို အလည်လာတာ အနှောင့်အယှက် မဖြစ်လောက်ပါဘူးနော်။ ဟုတ်တယ်မလား”
ယောင်မင်စီသည် အနည်းငယ် တုံ့ဆိုင်းစွာဖြင့် ပြောလေသည်။
“အစ်ကိုကြီးရေ ... ဘယ်အချိန်ကစပြီး အခုလိုမျိုး မပြတ်မသား ဖြစ်သွားရတာလဲ။ သူ့ကို အရမ်းသဘောကျ နေတယ်ဆိုလည်း ဖွင့်ပြောလိုက်လေ”
“သူက ထိန်းသိမ်းခံ ထားရတာကနေ လွတ်လာပြီဆိုတော့ ညီမလေးတို့ရဲ့ အချစ်တွေကို ဖော်ပြရမယ်”
ယောင်ရှုသည် တခစ်ခစ် ရယ်မောလိုက်သည်။
“ညီမလေးပြောတာ မှန်တယ်”
ယောင်မင်စီသည် အနည်းငယ် ရှက်သွေးဖြာလျက်နှင့် တံခါးခေါက်လိုက်သည်။
အချိန်အတော်ကြာ ပြီးသည့်နောက်တွင် ယောင်မင်စီ အနည်းငယ် စိတ်ပျက်လာသည်။
“အိမ်မှာ ဘယ်သူမှ မရှိဘူးလား”
ယောင်ရှုသည် ရုတ်တရက်ဆိုသလို မျက်လုံးများ အရောင်လက်လာသည်။
“အစ်ကိုကြီး ကြည့်ပါဦး။ အဲဒီမှာ ဥတစ်လုံး”
“ဟမ် ... ဒီဥက ကြည့်ရတာ အတော်လေးကို ပုံမှန်မဟုတ်ဘူးပဲ”
“ဒါက လူကြီးမင်း အန်လင်းရဲ့ ညစာထင်တယ်နော် အစ်ကိုကြီး”
“အရမ်းကို ဖြစ်နိုင်တာပေါ့။ နောက်ဆုံးတော့ နတ်ဘုရား အန် ပြန်ရောက်လာပြီလေ။ ဒီဥက ဟုန်သိုနဲ့ တိုက်ခိုက်တုန်းက ရလာတဲ့ ဒဏ်ရာတွေကို ပြန်ကုစားဖို့အတွက်ပဲ ဖြစ်ရမယ်”
“ဟားဟားဟား ညီမလေးရဲ့ အချက်အပြုတ် စကေးက ထိပ်တန်းပဲလေ အစ်ကိုကြီးရဲ့။ လူကြီးမင်း အန်လင်းကို စပရိုက် လုပ်ကြစို့”
“အင်း ... ကောင်းပြီ။ အဲဒီတော့ ညီမလေးပဲ တာဝန်ယူလိုက်တော့”
***