ညီငယ်လေးရေ မင်းအဆင်ပြေရဲ့လား
Vol. 14 Ch. 188
ကြီးမားသည့် ရှေးဟောင်းလှေကြီး တစ်စင်းပေါ်တွင် အရသာရှိလှသည့် စားသောက်ဖွယ်ရာများ တည်ခင်းထားလေသည်။
အလင်းတောင်ပံ မျိုးနွယ်စုမှ တည်ခင်းသည့် စားသောက် ဖွယ်ရာများတွင် စွမ်းအင်လွန်စွာ မြင့်မားပြီး ခန္ဓာကိုယ်အတွက် လိုအပ်သည့် ွမ်းအားများ ပြန်လည် ဖြည့်တင်းရာတွင် လွန်စွာအကျိုး ရှိလေသည်။
များမကြာမီမှာပင် အန်လင်းတို့သည် ခန္ဓာကိုယ်တစ်လျှောက် အပူများ ပျံ့နှံ့လာသည်ကို ခံစားမိလေသည်။
“ရှယ်လီ ... ရေခဲမီးလျှံ နတ်နဂါးဦအတွက် ကျေးဇူးတင်တဲ့ အနေနဲ့ တစ်ခွက် တိုက်ပါရစေ”
အန်လင်းသည် ကျေးဇူးတင်သည့်ဟန်ဖြင့် သူ၏ဖန်ခွက်အား မြှောက်လိုက်သည်။
ရှယ်လီသည် သူမ၏ နှုတ်ခမ်းများကို စေ့လျက်နှင့် ပြုံးပြလိုက်ပြီးနောက် သူမ၏ ဖန်ခွက်အား မြှောက်လိုက်သည်။
သူမ၏ လှပသည့် မျက်လုံးလေးများသည် အန်လင်းကိုသာ ဆက်တိုက် ကြည့်နေပြီး တစ်စုံတစ်ခုအား စဉ်းစားနေသကဲ့သို့ပင်။
ဩဂတ်စ်သည် သူမအား အသံတိုးတိုးဖြင့် သတိပေးလိုက်သည်။
“ရှယ်လီ လူဆိုးမလို လုပ်နေတာ ရပ်လိုက်စမ်း။ မနက်ဖြန်ကျ တာအိုဖလှယ်ခြင်း ညီလာခံ ရှိသေးတယ်”
“ကောင်းပါပြီ ကောင်းပါပြီ ကောင်းပါပြီ။ ဂီး နင်က သိပ်စိတ်ညစ်ဖို့ ကောင်းတာပဲ”
ရှယ်လီသည် သူမ၏ပန်းရောင် နှုတ်ခမ်း ဖူးလေးများအား ဆူကာဖြင့် မကျေမနပ် ပြောလေသည်။
“ဘယ်လိုပြဖြစ်ဖြစ် နင်က အန်လင်းကို မယှဉ်နိုင်ပါဘူး။ ဘာတွေ စိုးရိမ်တကြီး ဖြစ်နေရတာလဲ”
ဩဂတ်စ် : “…”
အန်လင်းတို့သည် ပျော်ရွှင်စွာဖြင့် နေ့လယ်စာ စားသုံးခဲ့ကြသည်။
စားသောက်ပြီးစီးသည့် အခါတွင် ညအချိန်သို့ ရောက်လုနီးပြီ ဖြစ်သည်။
ထို့ကြောင့် အန်လင်းသည် လှေမှ ထွက်ခွာလာခဲ့ပြီး တပိုင်နှင့်အတူ လမ်းလျှောက်ကာဖြင့် သူ၏အိမ်သို့ ပြန်လာခဲ့လေသည်။
“အစ်ကိုကြီး အန်ရေ ... ညီငယ်လေး မွေးလာရင် ဒဏ္ဍာရီသားရဲဂိုဏ်းကို ခဏလောက်ပို့ပြီး ကျင့်ကြံခိုင်းသင့်လား”
ရုတ်တရက်ဆိုသလို တပိုင်မေးလာသည်။
တပိုင်၏ အမေးကြောင့် အန်လင်းသည် အနည်းငယ် အံ့အားသင့်သွားသည်။ ထိုအကြောင်းအား သူ တွေးမကြည့်ရသေးပေ။
ရေခဲမီးလျှံ နတ်နဂါးသည် မွေးဖွားလာစဉ်မှစကာ သခင်ဖြစ်သူအား အသိအမှတ်ပြုနိုင်မည် ဖြစ်သော်လည်း ယင်းအား မည်ကဲ့သို့ လေ့ကျင့်သင်ကြား ပေးရမည်ကို သိရှိခြင်းမရှိပေ။
“အင်း ... သူ့ကို သားရဲမူကြိုကို ပို့ဖို့အတွက် သေချာစဉ်းစားရမယ်”
အန်လင်းသည် ခေတ္တမျှ စဉ်းစားပြီးသည့် နောက်တွင် လက်ခံသည့်အနေဖြင့် ခေါင်းညိတ်လိုက်သည်။
“ဝုတ် ညီငယ်လေးအတွက် ဆရာတစ်ယောက်နဲ့ မိတ်ဆက်ပေးမယ်”
တပိုင်သည် စိတ်လှုပ်ရှားစွာဖြင့် ဟောင်နေလေသည်။ သူ၏ သင်ကြား ပြသမှုအောက်တွင် အရွယ်ရောက်ကာ ကျန်းကျန်းမာမာဖြင့် ကြီးထွားသန်မာလာမည့် ညီငယ်လေးအား မြင်ယောင်နေမိသည်။
“အင်း ... ကျွန်တော်တို့ရဲ့ ညီငယ်လေးက ရေခဲမီးလျှံနတ်နဂါး ဆိုတော့ မီးနဲ့ပတ်သက် ဆက်နွယ်နေနိုင်တယ်။ ကျွန်တော်က မီးဒြပ်စင်နဲ့ ပတ်သက်တာ တော်တော်များများ လေ့လာထားတယ် ဆိုတော့ သင်ပြပေးနိုင်မှာပဲ”
ရှောင်ချိုး၏ လမ်းညွှန်ပြသလိုမှုတို့ တဟုန်ထိုး တောက်လောင် လာလေသည်။ သူ၏ လမ်းညွှန်ပြသမှုတို့ အောက်ဝယ် ကောင်းကင်နှင့် မြေပြင်တစ်ဝှမ်း အုပ်ချုပ်မည့် ညီငယ်လေးအား မြင်ယောင်နေမိသည်။
ရှောင်းဟုန်သည်လည်း သူမ၏ နူးညံ့သည့် အသံလေးဖြင့်…
“အဲဒါဆိုရင်တော့ ရှောင်းဟုန်လေးက မောင်ငယ်လေးကို နေရောင်ခြည် စုပ်ယူတဲ့နည်း သင်ကြားပေးဖို့ တာဝန်ရှိသွားပြီပေါ့”
နေရောင်အောက်တွင် အရပ်ရှည်ကာ ဖွံ့ဖြိုးကြီးထွားလာမည့် မောင်ငယ်လေးအား မြင်ယောင်နေမိသည်။
အန်လင်း : “…”
“ဒီအကြောင်းတွေ ပြောဖို့အတွက် စောပါသေးတယ်။ ငါတို့ရဲ့ညီလေး ဥပေါက်ဖို့ကို အတော်ကြာအောင့် စောင့်ရဦးမှာလေ။ သူ့ကို အရင်ဆုံး သွားကြည့်ကြစို့”
အန်လင်းတို့သည် ခေတ္တမျှ လမ်းလျှောက်ပြီးသည့် နောက်တွင် အိမ်ပြန်ဖို့အချိန် သင့်နေပြီ ဖြစ်သည်။
တပိုင်တို့သည်လည်း သဘောတူစွာဖြင့် ခေါင်းညိတ်လိုက်ကြသည်။ သူတို့သည် ရုတ်တရက်ဆိုသလို အစ်ကိုကြီး/ အစ်မကြီးများ၏ ထမ်းဆောင်ရမည့် တာဝန်များကို ခံစားမိလိုက်ကြသည်။
ဤသို့ဖြင့် သူတို့သည် အန်လင်း နေထိုင်သည့်အိမ် တံခါးဝသို့ လျှောက်လှမ်းလာ ကြလေသည်။
“ဟမ် ... အရသာရှိတဲ့ အနံ့ပါလား”
တပိုင်သည် ခေါင်းငုံ့ကာဖြင့် တရှုံ့ရှုံ့ အနံ့ခံနေလေသည်။
“အဲဒီအနံ့က ဘာလို့များ ငါ့အခန်းကလို့ ခံစားနေရတာလဲ”
အန်လင်းမှာ အံ့ဩနေမိသည်။
ရုတ်တရက်ဆိုသလို ရှောင်ချိုး၏ မျက်လုံးကြီးများ တောက်ပလာပြီး …
“အစ်ကိုကြီး အန် ရဲ့ စူပါဖန် တစ်ယောက်ယောက်က ညစာပြင်ပေးနေတာ ဖြစ်နိုင်တယ်”
ရှောင်ချိုး၏ အသိပေးမှုကြောင့် အန်လင်းမှာလည်း အသိဝင်လာမိသည်။ ဤကဲ့သို့သော အရာများ လုပ်မည့်သူမှာ ယောင်မင်စီနှင့် ယောင်ရှုသာလျှင် တတ်နိုင်သည်။
ထိုသို့တွေးမိသည့်အခါ အန်လင်း၏ မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာလေသည်။
“စဉ်းစားတတ်တဲ့ ကလေးတွေပါလား”
သူ့ပရိသတ်မှ ဤကဲ့သို့ ပြုလုပ်ပေးသည်ကြောင့် အလွန်ပျော်ရွှင် နေမိသည်။
ထိုအချိန်မှာပင် အန်လင်း၏ အိတ်ကပ်အတွင်းမှ ရှောင်းဟုန်၏ နီစွေးစွေး ဦးခေါင်းလေး ထွက်ပေါ်လာလေသည်။
“ဟမ် ငါ့ရဲ့ မောင်ငယ်လေး ဘယ်မှာလဲ”
ရှောင်းဟုန်၏ စကားသည် လူတိုင်း၏ အာရုံအား ပြတင်းဘောင်သို့ ရောက်ရှိသွားစေသည်။
ထိုနေရာတွင် ဘာမျှ ရှိမနေချေ။
အယ်။
သူတို့အားလုံး၏ ညီငယ်လေး ဘယ်ရောက်သွားသနည်း။
အန်လင်း၊ တပိုင်နှင့် ရှောင်ချိုးတို့ အားလုံးသည်လည်း တိတ်ဆိတ်သွားကြသည်။
အသက်ရှူရမည်ကိုပင် ကြောက်ရွံ့နေ ကြလေသည်။
တပိုင်သည် တံခါးဆီသို့ ရောက်သွားသည့်အခါ မတော်တဆ ရှူရှိုက်မိလိုက်သည်။
“ဥအနံ့နဲ့တူတယ်”
အန်လင်းသည် တုန်ယင်နေသည့် လက်များဖြင့် တံခါးလက်ကိုင်အား ဆွဲကိုင်လိုက်သည်။
သူ့တစ်ကိုယ်လုံး တုန်ယင်လာလေသည်။
တံခါးပွင့်သွားချေပြီ။
အခန်းဆီမှ အရသာရှိ မွှေးပျံ့သည့်ရနံ့များ ထွက်ပေါ်လာသည်။
သို့သော်လည်း အန်လင်းတို့ အားလုံးတို့မှာ ရုတ်တရက်ဆိုသလို အသက်ရှူဖို့ပင် ခက်ခဲလာလေသည်။
“စပရိုက်”
ယောင်မင်စီနှင့် ယောင်ရှုတို့သည် သံပြိုင်အော်လိုက်ကြ ပြီးနောက် သူတို့၏ မျက်နှာများတွင် အပြုံးကြီးကြီးများ ဖြစ်ပေါ်ကာဖြင့် သူတို့၏ အိုင်ဒဲလ်အား ကြိုဆိုနေကြလေသည်။
“စီနီယာ အန်လင်းရေ ကျွန်မတို့ စီနီယာအတွက် ညစာ ပြင်ထားပေးပါတယ်။ လာစားကြည့်ပါရှင့်”
ယောင်ရှုသည် အန်လင်း၏ လက်မောင်းပိန်ပိန်အား ဖက်တွယ်လိုက်ပြီးနောက် စားပွဲဆီသို့ ဆွဲခေါ်သွားလေသည်။
သူမသည် စိတ်လှုပ်ရှားစွာဖြင့် စားပွဲပေါ်ရှိ စားသောက်ဖွယ်ရာများအား အဖုံးဖွင့်လိုက်သည်။
“ဒါက ကြာစွယ်ဥကြော်၊ ဥနှစ်ကျောက်ပုစွန်၊ ဥထမင်းကြော်၊ ရွှေဥအနှစ်ဟင်းလျာ”
“စီနီယာအန်လင်းရေ ဒီဥဟင်းလျာတွေက ကျွန်မ ပြင်ဆင်ထားတာပါ။ ဘယ်လိုလဲဟင်”
ယောင်ရှု၏ ချစ်စဖွယ် မျက်နှာလေးသည် အန်လင်းထံမှ ချီးကျူးမှုအား အပြည့်အဝ မျှော်လင့်နေလေသည်။
အန်လင်းသည် စားပွဲပေါ်မှ မြိုင်မြိုင်ဆိုင်ဆိုင် ဟင်းလျာများကို ကြည့်လိုက်ပြီး အသက် မရှူနိုင်တော့သလိုပင် ခံစားနေရသည်။
ယောင်မင်စီ ထင်မိသည်မှာ အန်လင်းသည် သူတို့၏ တည်ခင်းထားမှုကြောင့် အလွန်အမင်း စိတ်လှုပ်ရှား နေသည်ဟုပင်။ ထို့ကြောင့် လွန်စွာရင်းနှီးသည့်ဟန်ဖြင့် အန်လင်းအား ပခုံးပုတ်လိုက်သည်။
“ဒါက ကျွန်တော်တို့ရဲ့ လေးစားမှုကို ပြသရုံပါပဲ။ စီနီယာ သဘောကျတယ်ဆိုရင် ကျွန်တော်တို့က နေ့တိုင်းချက်ပြုတ် ပေးနိုင်ပါတယ်”
“ငါ ... မေးလို့ရမလား”
“အဲဒီလောက်များတဲ့ ဥတွေကို မင်းတို့ ဘယ်ကနေ ရတာလဲ”
အန်လင်းသည် စားပွဲပေါ်ရှိ ဟင်းလျာများကို ညွှန်ပြကာဖြင့် တဆတ်ဆတ် တုန်ယင်နေသော နှုတ်ခမ်းများဖြင့် မေးလိုက်လေသည်။
“အိုး ... စီနီယာ့ ပြတင်းဘောင်ပေါ်က ဥကြီးနဲ့ ချက်ထားတာလေ။ ဥဆိုတာ ခန္ဓာကိုယ်အတွက် ကောင်းတယ် မဟုတ်ဘူးလား။ ဒါပေမဲ့လည်း မှန်ကန်တဲ့နည်းနဲ့ ချက်ပြုတ်မှသာ သူ့ရဲ့ အကျိုးကျေးဇူးကို အပြည့်အဝ ရရှိမှာ”
ယောင်ရှုသည် ဂုဏ်ယူစွာဖြင့် ပြောလေသည်။
သူမသည် အခန်းထောင့်ကို ညွှန်ပြလိုက်ပြီးနောက် ဆက်ပြောလေသည်။
“အဲဒီဟာတွေကို စွပ်ပြုတ် ချက်လိုက်လို့ရတယ်။ သူ့မှာ ကယ်လ်ဆီမယ် ဓာတ်တွေ အများကြီးပါတယ်”
အန်လင်း၊ တပိုင်၊ ရှောင်ချိုးနှင့် ရှောင်းဟုန်တို့သည် ယောင်ရှုညွှန်ပြရာသို့ ကြည့်လိုက်ကြသည်။
အန်လင်း၏ မျက်လုံးများ ဗလာဖြစ်သွားပြီးနောက် မူးမေ့လဲကျမတတ်ပင် ဖြစ်သွားလေသည်။ ရင်နှစ်ခြမ်း ဗြန်းဗြန်းကွဲသလိုပင် ခံစားနေရသည်။
တပိုင်နှင့် ရှောင်ချိုးတို့မှာလည်း တစ်ကိုယ်လုံး တုန်ယင်ကာဖြင့် မျက်ရည်များ ဝေ့သီလျက် ရှိကြသည်။
ရှောင်းဟုန်၏ ပွင့်ဖက်နီနီများ သည်လည်း တုန်ခါလျက် ရှိနေပြီး ဝတ်ရည် စက်ကလေးများ ကျဆင်းကာဖြင့် တိတ်တဆိတ် ငိုကြွေးနေလေသည်။
“ညီလေးးးးးး”
ရှောင်ချိုး၏ ခြေထောက်များ ညွတ်ကျသွားပြီးနောက် သူ၏မျက်လုံးများမှာ အသက် မဲ့သွားလေသည်။
“ညီငယ်လေးရေ ... မင်းရဲ့ သေဆုံးခြင်းကကွာ...”
တပိုင်မှာ ရူးသွပ်သွားတော့ မတတ်ပင် ခံစားရသည်ကြောင့် ဝမ်းနည်းပူဆွေးစွာ အူလိုက်လေသည်။
အန်လင်းသည် တုန်ယင်နေသော ခန္ဓာကိုယ်ဖြင့် အခန်းထောင့်ဆီသို့ လျှောက်လှမ်း သွားလိုက်သည်။ ကွဲကြေလျက်ရှိနေသော ဥခွံ၏ ရှေ့မှောက်တွင် ဒူးထောက်လိုက်လေသည်။ ဧရာမ ဥပြာကြီးသည် ဤကဲ့သို့ အပိုင်းပိုင်းအစစ ဘဝသို့ ရောက်ရှိနေလေပြီ။
ထိုအပိုင်းအစများအား တုန်ယင်နေသော လက်ချောင်းများဖြင့် ဆုပ်ကိုင်ကာ အသံတိုးတိုးဖြင့် …
“ဒါတွေအားလုံး ငါ့အမှားတွေပါပဲ ရှောင်လန်ရေ။ မင်းကို လုံခြုံတဲ့နေရာမှာ သိမ်းဆည်း မထားမိခဲ့တဲ့ ငါ့အမှားပါ”
အခန်းတွင်းရှိ လေထုမှာလည်း အလွန်အမင်း ဝမ်းနည်း ညှိုးငယ်လာလေသည်။
လူတိုင်း၏ အပြုအမူများကြောင့် ယောင်မင်စီနှင့် ယောင်ရှုတို့မှာ ကြောင်အလျက် ရှိကြသည်။
သူတို့နှစ်ဦး၏ စိတ်ထဲတွင် ထိတ်လန့်ဖွယ် ကောင်းသော အတွေးတစ်ခု ပေါ်လာလေသည်။
“မင်းတို့ပြောနေတဲ့ ညီငယ်လေးက...”
ယောင်မင်စီသည် စိုးရိမ်စွာဖြင့် မေးလိုက်သည်။
အန်လင်းသည် ဥခွံတစ်ထွေးအား ဆုပ်ကိုင်ကာဖြင့် ယောင်မင်စီနှင့် ယောင်ရှုတို့အား ကြည့်လိုက်သည်။
“ဒီ ... ဒီဟာက ငါတို့ညီငယ်လေးရဲ့ အကြွင်းအကျန်တွေပဲ။ သူအကောင်ပေါက် လာတာကို ငါတို့မြင်ချင်ခဲ့ကြတာ။ ဒါပေမဲ့ မင်းတို့က....”
ဘုန်း
ယောင်မင်စီနှင့် ယောင်ရှုတို့သည် မိုးကြိုးနှင့် ပစ်ခံလိုက်ရသကဲ့သို့ နေရာမှာပင် အတောင့်လိုက် ရပ်နေမိကြတော့သည်။
သူတို့သည် အရူးများ မဟုတ်ကြချေ။
အန်လင်း၏ အပြုအမူနှင့် စကားလုံးများသည် သူတို့အတွက် ဖြစ်ပျက်ခဲ့သည်များကို စဉ်းစားရန် လုံလောက်ပေသည်။
“ဘုရားရေ ... ငါဘာတွေ လုပ်လိုက်မိတာလဲ”
ယောင်ရှုသည် တစ်ကိုယ်လုံး တုန်ယင်ကာဖြင့် သူမ၏ လက်နှစ်ဖက်အား ကြည့်လိုက်လေသည်။
စီနီယာ အန်လင်း၏ ညီငယ်လေးအား အပိုင်းပိုင်းအစစ ဆုတ်ဖြဲပစ်လိုက်သူမှာ သူမဖြစ်သည်။
ထို့နောက် အကြွင်းအကျန်များအား ချက်ပြုတ် လိုက်သေးသည်။
အဆုံးတွင် ကျန်ရှိနေသော ဥခွံများအား စွပ်ပြုတ်ပင် ပြုလုပ်တော့မည် ဖြစ်သည်။
ယောင်မင်စီသည် မျက်လုံးများပြာလာပြီး သူ၏စိတ်မှာလည်း ဗလာဖြစ်သွားသည်။
သူတို့သည် အိုင်ဒဲလ်ဖြစ်သူ၏ ညီငယ်လေးအား သတ်ခဲ့မိသည်လား။
ထို့အပြင် အကြွင်းအကျန်များအား သူတို့အိုင်ဒဲလ် စားဖို့ရန်အတွက် ချက်ပြုတ်လိုက် သေးသည်တဲ့လား။
“ဟားဟား ဟားဟားဟား”
ယောင်မင်စီသည် မျက်ရည်များစီးကျလာပြီး ပုံလျက်သား လဲကျတော့မတတ်ပင်။
သူကျူးလွန်ခဲ့မိသော ကြီးလေးသည့် ပြစ်မှုအား နားလည်သွားပြီ ဖြစ်သည်။
“ကျွန်တော့်ရဲ့ ညီမလေးကို အပြစ်မတင်ပါနဲ့ စီနီယာ အန်လင်း။ ဒါတွေအားလုံးက ကျွန်တော့်ရဲ့ အသုံးမကျမှုကြောင့် ဖြစ်ရတာပါ။ ကျွန်တော်လုပ်ခဲ့တဲ့ အမှားတွေအတွက် တန်ကြေးကို ပြန်ပေးဆပ်ပါရစေ”
ယောင်မင်စီသည် သူ၏ဓားရှည်အား ဆွဲထုတ်လိုက်ပြီးနောက် လည်ပင်းကို ဖြတ်တောက်လိုက်သည်။ သူ၏ သေဆုံးခြင်းဖြင့် ပြန်လည်ပေးဆပ်နိုင်ရန် မျှော်လင့်ပါသည်။
“အစ်ကိုကြီး မလုပ်နဲ့....”
ယောင်ရှုသည် အာခေါင်ခြစ် အော်ဟစ်လိုက်သည်။
ဝှစ်
စွမ်းအင်အလင်းတန်း တစ်ခုသည် ယောင်မင်စီ၏ ဓားရှည်အား ထိခတ်လာပြီးနောက် အဝေးသို့ လွင့်စဉ်သွားစေသည်။
“စီနီယာ အန်လင်း ... ခင်ဗျား...”
ယောင်မင်စီသည် တုန်ယင်နေသော အသံဖြင့် အန်လင်းအား ကြည့်လိုက်သည်။
ဝင်ရောက်နှောင့်ယှက် လိုက်သူမှာ အန်လင်းမှလွဲ အခြားမဟုတ်ချေ။
အန်လင်းသည် မည်သည့်စကားကိုမျှ မဆိုချေ။ ထို့အစား ဥခွံများကို ကောက်ယူစုဆောင်း လိုက်ပြီးနောက် မီးဖိုချောင်တွင် ထားလိုက်သည်။
ယောင်ရှုအား ကြည့်ကာဖြင့် အမူအရာကင်းမဲ့စွာဖြင့် ပြောလေသည်။
“စွပ်ပြုတ်ချက်မလို့ မဟုတ်ဘူးလား။ လာလေ။ ဒီဟာတွေကို ချက်မယ်ဆိုရင် အချိန်တော့ နည်းနည်းကြာမယ်”
ယောင်မင်စီနှင့် ယောင်ရှုတို့ ဆွံ့အသွားလေသည်။
ရှောင်းဟုန်၏ သေးသေးငယ်ငယ် ခန္ဓာကိုယ်လေးမှာ တဆတ်ဆတ် တုန်ယင်နေပြီး တပိုင်၏ ခြေထောက်များသည်လည်း ခွေကျသွားလေသည်။ ရှောင်ချိုးမှာ မျက်လုံးများ ပြူးကျယ်လာတော့သည်။ သူတို့အားလုံးတို့သည် အန်လင်းအား တုန်လှုပ်မှု အထင်းသားဖြင့် ကြည့်နေကြလေသည်။
အစ်ကိုကြီးအန် ရူးသွပ်သွားခြင်းများလား။
***