← Chapters

တကယ် စားလိုက်ကြတယ်

Vol. 14 Ch. 189

တကယ် စားလိုက်ကြတယ်

Vol. 14 Ch. 189

“စီ ... စီနီယာ အန်လင်း”

ယောင်ရှုသည် စိုးရိမ်မှု အထင်းသားဖြင့် မေးလေသည်။

“အဆင်ပြေပါတယ်။ ငါမရူးသွားပါဘူး။ စွပ်ပြုတ်သာ သွားချက်ပါ။ ဥခွံက ကယ်လ်ဆီယမ်ဓာတ် ကြွယ်ဝတယ်လို့ နင်ပြောခဲ့တယ် မဟုတ်လား။ အလဟဿ မဖြစ်စေနဲ့”

အန်လင်းသည် ခေါင်းညိတ်လိုက်ပြီးနောက် တည်ငြိမ်စွာဖြင့် ပြောလေသည်။

တကယ် မရူးသွားတာကော ဟုတ်ရဲ့လား။

တပိုင်နှင့် ရှောင်ချိုးတို့သည် တစ်ညီတစ်ညွတ်တည်းပင် မကျေနပ်ကြောင်း ထုတ်ဖော် ကြလေသည်။

ယောင်ရှုသည် ကြောက်ရွံ့ ထိတ်လန့်နေသည့် ကြောက်ပေါက်လေးသဖွယ် အန်လင်းထံသို့ သတိကြီးစွာ ချဉ်းကပ်သွားလေသည်။

သူမသည် အန်လင်းအား ကြောက်ရွံ့သည့် မျက်လုံးများဖြင့် ကြည့်လိုက်ပြီးနောက် သူမ၏ လက်သွယ်သွယ် လေးများအား ဆန့်တန်းလိုက်သည်။

“ဒီဥခွံတွေကို တကယ်ကြီး စွပ်ပြုတ် ချက်လိုက်ရမှာလား”

အန်လင်းသည် အလေးအနက်ထား ခေါင်းညိတ်လိုက် ပြီးနောက် သူမအား ဥခွံများ ပေးလိုက်လေသည်။

ယောင်ရှု : “…”

ဒုန်း ဒုန်း ဒုန်း ဒိုင်း ဒိုင်း ဒိုင်း

မီးဖိုခန်းသည် ချက်ပြုတ်နေသည့် အသံများဖြင့် နောက်ထပ်တစ်ဖန် ပြည့်နှက်သွားပြန်သည်။

မကြာမီမှာပင် ယောင်ရှုသည် မီးဖိုလိုက်ပြီးနောက် ဥခွံများအား ပြုတ်လိုက်သည်။

လူတိုင်း စားပွဲပတ်လည်တွင် ထိုင်လိုက်ကြသည်။

စားပွဲပေါ်ရှိ ဟင်းလျာများထံမှ အလွန်မွှေးပျံ့သည့်ရနံ့များ ထွက်ပေါ်လာသည်။

ယင်းမှာ ယောင်ရှု၏ အချက်အပြုတ် စွမ်းရည်ကြောင့် ဖြစ်သလို အလွန်အရသာ ရှိလှသော ညီငယ်လေး၏ ဥ ကြောင့်လည်း ဖြစ်ပေသည်။

တပိုင်သည် သူ၏ ပူဆွေးဝမ်းနည်း နေမှုအား မေ့လျော့သွားလေပြီ။ စားပွဲပေါ်ရှိ ဟင်းလျာများအား ရည်ရွယ်ချက်ရှိရှိ စိုက်ကြည့် နေလေသည်။

တပိုင်သည် သူ၏အရှေ့တွင် ရှိနေသည့် စားသောက်ဖွယ်ရာများကို မျက်စိအစာ ကျွေးနေလေသည်။ သူ၏ ထက်မြက်လှသည့် အနံ့ခံအာရုံကြောင့် စားပွဲပေါ်ရှိ အရသာရှိလှသော ဟင်းလျာများအား ခုခံနိုင်စွမ်း မရှိပေ။

“အားလုံးပဲ စားကြစို့။ ညီငယ်လေးရဲ့ စွန့်လွှတ်အနစ်နာ ခံမှုတွေကို အချည်းနှီး မဖြစ်စေနဲ့”

အန်လင်းသည် ထိုသို့ပြောကာဖြင့် တူကောက်ကိုင်လိုက်သည်။

ရှောင်ချိုး : “…”

ရှောင်းဟုန် : “…”

တပိုင် : “…”

ယောင်မင်စီ နှင့် ယောင်ရှု : “…”

အန်လင်းသည် အခြားသူများ၏ အမူအရာကို သတိမထားမိချေ။

ရှောင်လန်အား သူ၏နှလုံးသားဖြင့် အပြည့်အဝ ခံစားခြင်းသည် ပူဆွေးဝမ်းနည်းမှုကြောင့် ညည်းညူကာ ငိုချင်းချနေခြင်းထက် ပိုကောင်းသည်ဟု ခံယူထားလေသည်။

ဥနှစ်ကျောက်ပုစွန်အား ဦးစွာကောက်ယူလိုက်သည်။

ယောင်ရှုသည် ကျောက်ပုစွန်အား အခွံခွာထားပြီး ဖြစ်သည်။ အရသာရှိလှသည့် ဥအနှစ်များသည် ကျောက်ပုစွန်၏ နူးညံ့သည့် အတွင်းသား ဖြူဖြူတို့အား ဖုံးအုပ်ထားသည်ကြောင့် ကျောက်ပုစွန်၏ အသားအား ရွှေရောင်တောက်ပ နေစေသည်။ လေထုထဲ အလွန်မွှေးပျံ့သည့် ရနံ့များ လွင့်ဝဲနေစေသည်။

အန်လင်းသည် နူးညံ့သည့် ကျောက်ပုစွန်အသားကို ပါးစပ်အတွင်း ထည့်လိုက်သည်။ နူးညံ့သည့် အရသာသည် အရသာခံအာရုံ တစ်ခုလုံးအား လွှမ်းခြုံသွားပြီး ခန္ဓာကိုယ်သည်ပင်လျှင် တုန်ယင်လာစေသည်။

ဖြည်းညင်းစွာ ဝါးနေရင်း အရသာခံနေမိသည်။

“အရသာရှိချက်ပဲ”

အန်လင်း စားပြီးသည့်နောက်တွင် တပိုင် စ စားလေတော့သည်။

သူနှင့် အနီးဆုံးသော ဟင်းလျာမှာ ဥလိပ်ဖြစ်သည်။ (ကြက်ဥလိပ်ကို ပြောတာနော်။ အခုက နဂါးဥမို့ ဥ လို့ပဲ သုံးနေတာ_)

ရိုးရိုးသားသား ဆိုရလျှင် ခင်းကျင်းထားသော ဟင်းလျာများသည် သူ့အား အလွန်အမင်း ဆွဲဆောင်နေလေသည်။ သူ၏ နှလုံးသားထဲရှိ ဝမ်းနည်း ပူဆွေးမှုတို့နှင့် စိတ်ထိခိုက် နာကျင်မှုတို့အား ရပ်တန့်သွားစေသည်။

ဥလိပ်၏ အရသာမှာ ဖော်ပြလို့ပင် မရနိုင်ချေ။ ရိုးရိုးလေးနှင့် လွန်စွာအရသာရှိလှသည်။

ရှောင်းဟုန်သည် သူမ၏ လူသားအသွင့်သို့ ပြောင်းလဲထားလေသည်။ သူမသည် ရှောင်ချိုးနှင့် အကြည့်ချင်း ဆုံသွားပြီး နှစ်ဦးသားသည် သူတို့၏ တူများအား ကောက်ကိုင်လိုက်ကြသည်။

သခင်ဖြစ်သူ စားသောက်နေပြီ ဖြစ်သည့်အတွက် သူတို့သည်လည်း စားသောက်ရပေမည်။

ကြာစွယ်ဥကြော်သည် ကြွပ်ကြွပ်ရွရွနှင့် မွှေးကြိုင်လှသည်ကြောင့် မရပ်မနား စားသောက်နေမိသည်။

ယောင်ရှုသည် ရဲရဲနီနေသော မျက်ဝန်းများရှိ မျက်ရည်များအား သုတ်ဖယ်လိုက်သည်။ တုန်ယင်နေသော လက်အစုံနှင့် တူကောက်ကိုင်လိုက်ကာ သူမ၏ အောက်နှုတ်ခမ်းအား ဖိကိုက်ထားမိသည်။

ယောင်မင်စီသည်လည်း ထိုနည်းအတိုင်းပင်။

နတ်နဂါးဥသည် အလွန်အရသာ ရှိရုံသာမက ယင်းတွင်ပါဝင်သည့် စွမ်းအင်သည်လည်း အဆင့်နိမ့် အင်မော်တယ် သစ်သီးတစ်လုံးတွင် ပါဝင်သည့် စွမ်းအင်ထက် မနည်းပေ။ အရသာရှိသည့် ဟင်းလျာများကို စားသုံးနေသည့် တစ်ချိန်တည်းမှာပင် သူတို့၏ ကျင့်ကြံခြင်း အခြေခံများသည်လည်း တိုးတက်လာလေသည်။

အန်လင်းသည် ပါးပြင်တွင် မျက်ရည်များ စီးကျလျက်နှင့် တီးတိုးပြောဆို နေလေသည်။

“ရှောင်လန်ရေ ... ငါမင်းကို ဘယ်တော့မှ မေ့မှာမဟုတ်ပါဘူးကွာ။ မင်းရဲ့အရသာ၊ မင်းရဲ့သွင်ပြင်၊ မင်းငါ့ကို ပေးအပ်လိုက်တဲ့ စွမ်းအင်တွေ။ ဒါတွေအားလုံးက ငါ့အတွက် စိတ်ခွန်အား တစ်မျိုးပါပဲ”

အန်လင်း၏ စကားများကို ကြားသည့်အခါတွင် တပိုင်သည်လည်း မျက်ရည်များ ဝေ့သီလာလေသည်။ သို့သော်လည်း သူ၏ တူမှု တစ်စက္ကန့်မျှပင် ရပ်တံ့သွားခြင်း မရှိချေ။

“ညီငယ်လေးရေ ... အခြားတစ်ဖက်မှာ သတ်ဖြတ်ခံရခြင်း၊ သုတ်သင် ခံရခြင်းတွေနဲ့ ဝေးပါစေလို့ မင့်အစ်ကိုကြီးက ဆုတောင်းပေးပါတယ်ကွာ”

ရှောင်ချိုးနှင့် ရှောင်းဟုန် တို့သည်လည်း ငိုကြွေးလျက်ရှိနေပြီး စားပွဲပေါ်သို့ မျက်ရည်များ ကျဆင်းလာလေသည်။

“ကျွန်တော်က အစ်ကိုတစ်ယောက် ဖြစ်လာတော့မှာလေ။ ဘယ်သူက ထင်မှာတဲ့လဲ။ ဟူး ... ငြိမ်းချမ်းပါစေ ရှောင်လန်ရေ”

ရှောင်ချိုးသည် ဥလိပ်တစ်ခုအား ပန်းကန်ပြားပေါ် တင်ကာရင်းနှင့် မျက်ရည်များ သုတ်လိုက်သည်။

ရေခဲမီးလျှံနတ်နဂါးသည် မီးမျိုးနွယ်သားရဲ ဖြစ်သည်ကြောင့် ရှောင်ချိုး၏ ကျင့်ကြံခြင်းအား တိုးတက်လာစေရုံသာမက သူ၏ အနက်ရောင် မီးတောက်ကိုပါ ပိုမိုအစွမ်းထက် လာစေသည်။

ရှောင်းဟုန်သည် ကြာစွယ်ဥကြော် တစ်ဖက်အား ပါးစပ်ထဲ ထည့်လိုက်သည်။ ပြိုင်ဘက်ကင်း အရသာနှင့် လတ်ဆတ်မှုတို့အား ခံစားနေလေသည်။ ခန္ဓာကိုယ်တစ်ခုလုံး ပေါ့ပါးကာဖြင့် အင်မော်တယ် လောကထဲ ရှိနေသယောင် ခံစားနေမိသည်။

“အဟင့် ဟင့် ဟင့် ... ငါ့ရဲ့ နေရောင်ခြည်စုပ်ယူတဲ့ နည်းစနစ်ကို ဆက်ခံမယ့်သူ မရှိတော့ဘူးပေါ့။ အဟင့် ဟင့် ဟင့်”

သူမသည် ကြာစွယ်ဥကြော်အား ဝါးကာဖြင့် ငိုရှိုက်နေလေသည်။

ယောင်မင်စီနှင့် ယောင်ရှုတို့သည်လည်း စားသောက်နေရင်းနှင့် ငိုနေမိကြသည်။ သူတို့ကျူးလွန်မိခဲ့သော ကြီးမားလှသည့် ပြစ်မှုကြောင့် လွန်စွာနောင်တရ နေကြလေသည်။

စားသောက်ဝိုင်းသည် လွန်စွာထူးဆန်း နေလေသည်။

လူတိုင်းသည် ဝမ်းနည်းပူဆွေးကာဖြင့် မျက်ရည်ကျလျက် ရှိကြသည်။

သို့သော်လည်း စားသောက်ခြင်းကိုမူ မရပ်တံ့ကြချေ။ စားသောက်နေရင်းနှင့် ငိုကြွေးနေကြလေသည်။

ဤသို့ဖြစ်ရခြင်းသည် စားပွဲပေါ်ရှိ ဟင်းလျာများကြောင့်သာ။

လွန်စွာအရသာ ရှိလှသည်။

မရပ်တံ့နိုင်ကြချေ။

အလွှာအထပ်ထပ်နှင့် ဥတစ်ပန်းကန်အား စားသောက်ပြီးသည့် နောက်တွင် တပိုင်သည် ပန်းကန်အား လက်များဖြင့် ဆွဲယူကာ လျက်လိုက်သည်။

“ဒါက ညီငယ်လေးရဲ့ နောက်ဆုံးသော အကြွင်းအကျန်တွေပဲ။ နည်းနည်းလေးတောင် အလဟဿ အဖြစ်မခံနိုင်ဘူး။ ဝုတ်”

အားလုံး : “…”

ထိုသို့ဖြင့် နောင်တတရားနှင့် ဝမ်းနည်းပူဆွေးမှုတို့ အောက်ဝယ် ဥစားပွဲတော်ကြီး ပြီးဆုံးသွားလေသည်။ ဥထမင်းကြော် တစ်အိုးသည်ပင်လျှင် ကုန်စင်သွားလေသည်။

ယောင်ရှုသည် မီးဖိုချောင်မှ ဥခွံစွပ်ပြုတ်အား ယူဆောင်လာခဲ့သည်။

အရာသာရှိလှသည့် စွပ်ပြုတ်အား သောက်သုံးနေရင်းနှင့် မျက်ရည်များ ကျဆင်းလာကြ ပြန်သည်။

“ယောင်မင်စီနဲ့ ယောင်ရှု။ မင်းတို့အနေနဲ့ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်နေဖို့ မလိုဘူး။ အခုလိုဖြစ်ရတဲ့ အဓိက အကြောင်းအရင်းက ငါ့ရဲ့ ညီငယ်လေးကို ငါ ကောင်းကောင်း ဂရုမစိုက် မိလို့ပဲ”

အန်လင်းမှာ အရသာရှိလှသည့် စွပ်ပြုတ်အား သောက်သုံးပြီးသည့် နောက်တွင် ပြန်လည် တက်ကြွလာသည်ဟု ခံစားမိလေသည်။

“အခု ငါတို့ရဲ့ ညီငယ်လေးကို စားသောက် ပစ်လိုက်ကြပြီ။ သူက ငါတို့နဲ့အတူ အမြဲရှင်သန် နေလိမ့်မယ်”

အန်လင်း၏ စကားများကြောင့် လူတိုင်းနိုးကြွလာကြပြီး သူ၏နောက်မှ သံပြိုင် ရွတ်ဆိုလိုက်ကြသည်။

“ညီငယ်လေးက ငါတို့နဲ့အတူ အမြဲရှင်သန်နေမယ်”

အန်လင်းသည် သူ၏ပန်းကန်လုံးအား မြှောက်ကိုင်လိုက်သည်။

“ညီငယ်လေးကို ကုန်စင်အောင် သောက်သုံးကြစို့”

အချင်းချင်း ကြည့်လိုက်ကြ ပြီးနောက် သူတို့၏ ပန်းကန်လုံးများအား မြှောက်ကိုင် လိုက်ကြသည်။

“ညီငယ်လေးအတွက်...”

ဂလု ဂလု ဂလု

စွပ်ပြုတ် သောက်သုံးပြီးသည့် နောက်တွင် တပိုင်သည် စွပ်ပြုတ်အိုး၏ အောက်ခြေတွင်ရှိသည့် ဥခွံများအား ကုန်စင်အောင် စားသုံးလိုက်လေသည်။ မည်သို့ပင်ဖြစ်စေ ယင်းတို့သည် ကယ်လ်ဆီယမ်ဓာတ် ကြွယ်ဝသည် မဟုတ်ပါလား။

များမကြာမီမှာပင် ဤလောကရှိ ရှောင်လန်၏ နောက်ဆုံးသော တည်ရှိမှုသည် ပျောက်ကွယ်သွားဦး ရလေတော့သည်။

“အေ့”

တပိုင်သည် ရုတ်တရက် လေချဉ် တက်လိုက်မိသည်ကြောင့် လူတိုင်း၏အကြည့်များ သူ့ထံသို့ ရောက်ရှိလာသဖြင့် ရှက်ရွံ့သွားလေသည်။

ရွေးချယ်စရာ မရှိဘဲ ဝန်ခံရပေမည်။

ညီငယ်လေးမှာ အမှန်တကယ်ကို အရသာရှိလှသည်။

ဥဟင်းလျာများအား အဝအပြဲ စားသောက်ပြီးသည့် နောက်တွင် သက်ပြင်း ချလိုက်မိကြသည်။

အန်လင်းသည် သူတို့အား ကိုယ့်ကိုယ်ကိုယ် အပြစ်တင်ခြင်း မပြုရန် ပြောသော်လည်း ယောင်မင်စီနှင့် ယောင်ရှုတို့သည် ဝမ်းနည်းနေမိဆဲပင် ဖြစ်လေသည်။ သူတို့သည် ထပ်မံ၍ ငိုချင်လာမိကြသည်။

သူတို့၏ သက်တမ်း တစ်လျှောက်တွင် ဤကဲ့သို့ ကြင်နာတွေးတော တတ်သူနှင့် ဆုံတွေ့ခဲ့ဖူးခြင်း မရှိကြပါ။ သူတို့၏ အိုင်ဒဲလ်ကဲ့သို့သော လူမျိုးနှင့် ကြုံဆုံရခြင်းသည် သူတို့နှင့် မထိုက်တန်လှသော ကံကြမ္မာနှင့် တူလှပေသည်။

တစ်ဖက်တွင်မူ တပိုင်၊ ရှောင်ချိုးနှင့် ရှောင်းဟုန်တို့သည် ပြန်လည် သက်သာလာပြီ ဖြစ်သည်။ သူတို့သည် ဝမ်းနည်းနေကြဆဲ ဖြစ်သော်လည်း အဖြစ်မှန်အား လက်ခံလိုက်ကြသည်။

အန်လင်းသည် သူ၏ဝမ်းဗိုက်အား လက်ဖြင့် ပုတ်လိုက်ပြီးနောက် လေးနက် တည်ကြည်စွာဖြင့် ကြေညာလိုက်လေသည်။

“ရှောင်လန် သေဆုံးခဲ့ရတဲ့ ဒီနေ့ကို အားလုံး မှတ်မိနေကြမယ်လို့ ငါမျှော်လင့်တယ်။ ဘယ်တော့မှ မမေ့ကြရဘူး”

လူတိုင်း ခေါင်းညိတ်လိုက်ကြသည်။

ထိုညသည် သူတို့၏ ကျန်ရှိနေသေးသော ဘဝတစ်လျှောက်လုံး အတွက် အမှတ်ရနေမည့် ည တစ်ည ဖြစ်လေသည်။

နှလုံးကြေကွဲဖွယ်ရာ ဝမ်းနည်း ပူဆွေးမှုကြောင့်ဖြစ်စေ ပထမတန်းစား ဟင်းလျာများကြောင့် ဖြစ်စေ သူတို့အနေဖြင့် ဤဖြစ်ရပ်အား သေချာပေါက် မေ့လျော့သွားကြလိမ့်မည် မဟုတ်ကြချေ။

ထိုနေ့ည ကောင်းကင်ယံတွင် ထိန်ထိန်သာနေသော လဝန်းနှင့်အတူ ကြယ်စင်တန်း တစ်ခုလည်း ပေါ်လာခဲ့သည်။

အခန်းအတွင်း၌ မွှေးရနံ့ဖျော့ဖျော့ ထင်ကျန်နေဆဲ ဖြစ်သော်လည်း အချို့အရာများသည် သူတို့ဘဝတွင် အချိန်ကြာမြင့်စွာ ထင်ကျန်နေလိမ့်မည် မဟုတ်ပါ။

လူတိုင်းညည်းညူ နေကြစဉ်မှာပင် အနောက်ဘက် နဂါးမျိုးနွယ်စုနှင့် သက်ဆိုင်သည့် တစ်စုံတစ်ခုသည် ညကောင်းကင်ယံ၌ တဖြည်းဖြည်း မြင့်တက်လာပြီး နေရာတစ်ခုတွင် ဆင်းသက်သွားလေသည်။

***

All Chapters