← Chapters

ပါရမီရှင်များ တွေ့ဆုံခြင်း

Vol. 14 Ch. 190

ပါရမီရှင်များ တွေ့ဆုံခြင်း

Vol. 14 Ch. 190

နံနက်ခင်းသို့ ရောက်ရှိလာပြီ ဖြစ်သည်။ စုစည်းညီညွတ် ကျင့်ကြံခြင်း ကျောင်းတော်၏ ကောင်းကင်ယံတွင် ရောင်စုံပိုးစများ လွင့်လူးနေလေသည်။

လူတစ်သိန်းဆန့်သည့် ကောင်းကင်ပြာရင်ပြင်တွင် ပန်းရောင်စုံများ ပွင့်ဝေနေကြပြီး အပင်ရှည်များသည် လေထဲ၌ ယိမ်းထိုးလျက် ရှိကြလေသည်။ အကိုင်းအခတ်များတွင်

“တာအိုဖလှယ်ခြင်း ညီလာခံမှ ကြိုဆိုပါ၏” ဟူသော စာသားပါရှိသည့် ရောင်စုံပိုးစများ ချည်တွယ်ထားလေသည်။

ကျောင်းတော်ရှိ ကျောင်းသား ငါးသောင်းတို့သည် ရင်ပြင်၌ စုဝေးရောက်ရှိနေကြပြီ ဖြစ်သည်။

ကျောင်းသားများအပြင် တာအိုဖလှယ်ခြင်း ညီလာခံ၏ ကိုယ်စားလှယ်များနှင့် ဗုဒ္ဓလောက၊ ဧဒင်ဥယျာဉ် နှင့် ဖန်တီးခြင်းခန်းမတို့၏ ဧည့်ပရိသတ်များ သည်လည်း စုဝေးရောက်ရှိနေကြပြီ ဖြစ်သည်။

အန်လင်းသည် ယနေ့၌ အလွန်ကောင်းမွန်သော အခြေအနေတွင် ရှိနေလေသည်။ ယမန်နေ့တွင် စားသောက်ခဲ့သည့် ဟင်းလျာများ ကြောင့်လားပင်မသိ ခန္ဓာကိုယ်သည် အားအင် ပြည့်ဖြိုးနေသည်ဟု ခံစားနေရသည်။

အင်အားကြီး လေးရပ် တာအိုဖလှယ်ခြင်း ညီလာခံမှာ စတင်ခြင်း မရှိပေးချေ။ ကောင်းကင်ဘုံ ပိုင်နက်အား ကိုယ်စားပြုသည့် ကိုယ်စားလှများ ဖြစ်ကြသော အန်လင်း၊ လျှိုချင်ဟွမ်နှင့် ဝမ်ရွှမ်ကျန့်တို့သည် တာအိုဖလှယ်ခြင်း စင်မြင့်ထက်တွင် စကားစမြည် ပြောဆိုနေကြလေသည်။

ဗုဒ္ဓလောက၏ ကိုယ်စားပြု လူငယ် မျိုးဆက်သစ်များ ဖြစ်ကြသော ချင်ကျစ်၊ ချင်ယန်နှင့် ချင်ရှင်းတို့သည် မျက်လွှာချကာဖြင့် တာအိုဖလှယ်ခြင်း စင်မြင့်ထက်တွင် တိတ်တဆိတ် ရှိနေကြလေသည်။

ဧဒင်ဥယျာဉ်မှ ရှယ်လီ၊ ဩဂတ်စ်နှင့် အာသာတို့သည် နတ်ဘုရားအလင်းများ လွှမ်းခြုံထားသကဲ့သို့ တောက်ပလျက်ရှိနေပြီး ကောင်းကင်ပြာရင်ပြင်တွင် စုဝေးနေကြသူများအား ပေါ့ပါးစွာ ပြုံးပြလိုက်လေသည်။ စူပါမော်ဒယ်များ၏ အဆင်းရူပကာနှင့်အတူ နှစ်လိုဖွယ်ရာ အပြုံးတို့ ပေါင်းစပ်လိုက်သည့် အခါတွင် ပရိသတ်များစွာအား ဆွဲဆောင်လိုက်နိုင်လေသည်။

ရှယ်လီသည် အဓိပ္ပာယ်ရှိသည့် အကြည့်များဖြင့် အန်လင်းအား အချိန်တိုင်း စိုက်ကြည့် နေလေသည်။ သူမ၏လက်ထဲရှိ အပြာရောင် လက်စွပ်မှာ ထူးခြားစွာ တောက်ပနေလေသည်။

သူတို့အားလုံးထဲတွင် လူစိတ်ဝင်စားမှု အနည်းဆုံးသော အဖွဲ့မှာ ဖန်တီးခြင်းခန်းမ၏ လူငယ် ကိုယ်စားလှယ်များအဖွဲ့ ဖြစ်ပေသည်။

ဟုန်သိုသည် တုတ်ခိုင်သန်မာသော ကျောက်ဘီလူး တစ်ကောင်ဖြစ်သည်။ သူ၏ရင်ဘတ်တွင် လောင်ကျွမ်းနေသည့် မီးလုံးများရှိကာ ရဲရဲတောက်နေသည့် မျက်လုံး နှစ်လုံးမှာလည်း သွေးဆာလောင်နေသည့် အလားပင်။ ဗီဒီယိုဂိမ်းများတွင် ပါဝင်သော နောက်ဆုံးပိတ် ဆရာကြီး အသွင်နှင့် တူပေသည်။

တုန်ယန်သည် ‘ပုလဲမင်းသမီး’ ဇာတ်ကားမှ ရှောင်ယန်ကျိထက်ပင် အရပ်ရှည်သေးသည်။ သူမ၏ တောင်ပံများသည် တလက်လက် တောက်ပသည့် အလင်းများ ထုတ်လွှတ်နေပြီး သူမ ခန္ဓာကိုယ်သည် အေးစက်စက် အငွေ့အသက်များ ဖော်ထုတ်နေသည်ကြောင့် သူမအား အေးစက်ကာ နှလုံးသားမဲ့သည့်အသွင် ဖြစ်ပေါ်စေသည်။ (ရှောင်ယန်ဇီက တရုတ် ဂန္ထဝင်ဇာတ်ကား တစ်ကားဖြစ်တဲ့ ပုလဲမင်းသမီး ဇာတ်ကားရဲ့ အဓိကဇာတ်ကောင်လို့ သိရပါတယ်_)

ဟွမ်ရှန့်သည် ပို၍ခန့်ညားသည့်ဟန် ရှိသည်။ အနည်းဆုံးသော လူသားနှင့်တူသည်ဟု ပြောရပေမည်။ သူ၏ခန္ဓာကိုယ် တစ်ခုလုံးသည် ချောမွေ့ကာ ရွှေရောင်တောက်ပနေပြီး သတ္တုအလင်းများ ထုတ်လွှတ်နေလေသည်။ သူ၏မျက်လုံးများ အတွင်း၌လည်း ရွှေရောင် လျှပ်စီးကြောင်းများ တလက်လက် ရှိနေသကဲ့သို့ပင်။

ဖန်တီးခြင်းခန်းမမှ လာသူများသည် ထူးဆန်းသည့် သတ္တဝါများ ဖြစ်ကြသည်။ သူတို့သည် တာအိုဖလှယ်ရန် ရောက်ရှိလာသည့် အသိဉာဏ်မြင့်မားသော မကောင်းဆိုးဝါးများနှင့် တူလှသည်။

ဤသို့ဖြင့် သူတို့အားလုံးတို့သည် ရင်ပြင်ရှိ ကျောင်းသားများ၏ အာရုံစိုက်မှုကို မရရှိရုံသာမက ဖန်တီးခြင်းခန်းမ၏ ထောင်နှင့်ချီသည့် သတ္တဝါများသည် ပျင်းရိပျင်းတွဲ ရပ်နေကြပြီး လူထုအလယ်တွင် နှာခေါင်းနှိုက်ခြင်း၊ ဝက်ခြံညှစ်ခြင်းများပင် ပြုလုပ်နေကြလေသည်။

“အတန်းဖော် အန်လင်းရေ ... မင်းက နောက်ပိုင်းကျရင် ခွန်အားအပြည့်သုံးမှာ မဟုတ်လား။ အဲဒီလို စီစဉ်ထားတယ်ဆိုရင် ငါဘေးထွက်နေပြီး မင်းကို မနှောင့်ယှက်တော့ပါဘူး”

ဝမ်ရွှမ်ကျန့်သည် အန်လင်းအား ကြည့်ကာဖြင့် လေးလေးနက်နက် ပြောလေသည်။

အန်လင်းမှာ သူ၏စကားများကြောင့် ရှုံ့မဲ့သွားရသည်။ ခွန်အားအပြည့် တိုက်ခိုက်မှာတဲ့လား။

ရင်ဘတ်ထဲမှ တင်းကျပ်လာပြီး နောက်တွင် တည်ကြည်စွာဖြင့် ပြန်ဖြေလိုက်သည်။

“ကျွန်တော်က စိတ်ဝိညာဉ် ပျိုးထောင်ခြင်း ကနဦးအဆင့်ပဲ ရှိနေသေးတဲ့ ကျောင်းသား တစ်ယောက်ပါ”

ဝမ်ရွှမ်ကျန့်သည် အန်လင်းအား နားလည် သဘောပေါက်သည့် အကြည့်ဖြင့် ကြည့်လိုက်သည်။

“ကောင်းပါပြီ။ အတန်းဖော် အန်လင်းက သူ့ရဲ့ခွန်အားတွေကို ဖုံးကွယ်ထားချင်တယ် ဆိုတော့တဲ့ ငါရဲ့နိမ့်ကျတဲ့ အစွမ်းတွေကိုပဲ ပြရတော့မှာပေါ့”

အန်လင်းမှာ ဘာပြောရမှန်းပင် မသိတော့ချေ။ ထို့ကြောင့် တိတ်တဆိတ် ပြုံးလျက်နှင့် ဘေးထွက်ကာ ရပ်နေလိုက်တော့သည်။

“ဘာမှ စိုးရိမ်မနေနဲ့။ ငါတို့ဘက်မှာ ဝမ်ရွှမ်ကျန့် ရှိနေသမျှ ဘာမှတောင် လုပ်စရာမလိုဘဲ နိုင်သွားလိမ့်မယ်”

လျှိုချင်ဟွမ်သည် အပြုံးတစ်ခုနှင့်အတူ အန်လင်းအား အသာမှီတွယ်လိုက်သည်။

“တာအိုဖလှယ်ခြင်း ညီလာခံ မစခင် ငါတို့ ပွဲနည်းနည်းလောက် ဆော့ကြရင် ဘယ်လိုလဲ”

အန်လင်းသည် ချက်ချင်းဆိုသလို သူမ၏စကားကို ခေါင်းယမ်းကာဖြင့် ငြင်းပယ် လိုက်လေသည်။

“အစ်မလျှိုရေ ... ဒီမှာ ကြည့်နေတဲ့သူတွေ သောင်းချီ ရှိတယ်နော်။ ကျွန်တော့်ကို မကစားစမ်းပါနဲ့ဗျာ”

“ဟွန့် အဲဒီတော့ ဘာဖြစ်လဲ။ နင်က ငကြောက်လေးလား”

လျှိုချင်ဟွမ်သည် အန်လင်းအား အထင်သေးစွာဖြင့် ကြည့်လိုက်ပြီးနောက် ဂိမ်းဆော့ရန် ဖုန်းထုတ်လိုက်သည်။

အန်လင်းသည် သက်ပြင်းသာ ချလိုက်မိသည်။ အခြားသော ကိုယ်စားလှယ် အဖွဲ့များသည် စူပါစတားများသဖွယ် ပရိသတ်အား ဆွဲဆောင်နေကြသည်များ ရှိသလို သူတော်စင်များသဖွယ် တိတ်ဆိတ်စွာ ထိုင်နေကြသည်များလည်း ရှိလေသည်။

သို့သော်လည်း ကောင်းကင်ဘုံပိုင်နက် အခြမ်းတွင်မူ အန်လင်း၏ ခန့်ညားချောမာသည့် ရုပ်ရည်သည်သာလျှင် သတိထားမိဖို့ရန် ထိုက်တန်လေသည်။

လျှိုချင်ဟွမ်မှာ အတော်လေးလှပသူ ဖြစ်သော်လည်း ရင့်ကျက်မှု မရှိသည့် မိန်းမငယ်တစ်ဦးကဲ့သို့ သူမ၏ဖုန်းအား အချိန်ပြည့် ကြည့်နေလေသည်။

ဝမ်ရွှမ်ကျန့်သည် ဖန်တီးခြင်းခန်းမ၏ ကိုယ်စားလှယ်များကဲ့သို့ ကြောက်မက်ဖွယ် မကောင်းသလို အန်လင်းကဲ့သို့ ချောမောခန့်ညားခြင်းလည်း မရှိချေ။ သာမန် ရုပ်ရည်မျိုးသာလျှင် ဖြစ်ပေသည်။

ဤအခြင်းအရာများ အားလုံးတို့သည် တာအိုဖလှယ်ခြင်း ညီလာခံ စတင်ပြီးနောက် သူ၏စွမ်းရည်များ ပြသပြီးသည့်အခါတွင် ပြောင်းလဲသွားပေ လိမ့်မည်။

ကောင်းကင်ဘုံပိုင်နက်၏ ဒု-ကျောင်းအုပ် ယူဟွာ၊ ဖန်တီးခြင်းခန်းမ၏ ခြင်္သေ့မင်း၊ ဧဒင်ဥယျာဉ်၏ ဗာနက်ဆာ၊ ဗုဒ္ဓလောကမှ ဟွိုင်မင်တို့ အားလုံးတို့သည် ရှေ့ဆုံးတန်း ပွဲကြည့်စင်တွင် ရောက်ရှိနေကြပြီ ဖြစ်သည်။

ယင်းတို့အပြင် လှပသည့် အသွင်အပြင်ရှိပြီး ရိုးရိုးရှင်းရှင်း ဝတ်ဆင်ထားသော အမျိုးသမီး တစ်ဦးသည် သူမ၏ အကြည့်တို့မှာ အန်လင်းထံ ရပ်တံ့သွားလေသည်။

သူမသည် လွန်စွာ ဆုံးဖြတ်ချက် ပြတ်သားသည့် အသံဖြင့် တီးတိုးပြောဆိုလိုက်သည်။

“အန်လင်း ... ဒီတစ်ကြိမ်တော့ ငါ့အလှည့်ပဲ”

အန်လင်းသည် မမျှော်လင့်ဘဲနှင့် ရုတ်တရက်ဆိုသလို အသွေးအသားထဲမှနေ တုန်ခါမှုများ ခံစားမိလိုက်သည်။

လှည့်ကြည့် လိုက်သည့်အခါ ရင်ဘတ်တွင် မီးတောက်များ လောင်ကျွမ်းလျက်ရှိသည့် ကျောက်ဘီလူး တစ်ကောင်သည် ကောက်ကျစ်သည့်ဟန်ဖြင့် သူ့အားပြုံးလျက် ကြည့်နေသည်ကို တွေ့လိုက်ရလေသည်။

မျက်လုံးချင်း ဆုံမိကြသည့်အခါတွင် ဟုန်သိုသည် သူ၏ ကြွက်သားအဖုဖုနှင့် ရင်ဘတ်အား ပုတ်ပြလိုက်ပြီး သူ၏ရင်ဘတ်ရှိ မီးတောက်များသည် ယခင်ထက်ပင် တောက်ပလာလေသည်။

အန်လင်း : “…”

ထိုအချိန်မှာပင် ရုတ်တရက်ဆိုသလို အသံတစ်သံ ထွက်ပေါ်လာသည်။

“ငါးနှစ်တစ်ကြိမ် ကျင်းပမြဲဖြစ်တဲ့ တာအိုဖလှယ်ခြင်း ညီလာခံကို ဝင်ရောက် ဆင်နွှဲရန်အတွက် အဝေးမှ လာရောက်ခဲ့ကြတဲ့ ဧဒင်ဥယျာဉ်၊ ဗုဒ္ဓလောက၊ ဖန်တီးခြင်းခန်းမ တို့မှ ရောင်းရင်းများကို ကြိုဆိုပါတယ်။ ကျွန်တော်တို့အားလုံး ဒီနေရာမှာထိုင်ပြီး တာအိုဖလှယ်ကြစို့ရဲ့။ ပြီးရင် မျိုးဆက်သစ် လူငယ်လေးတွေရဲ့ အစွမ်းအစကို ကြည့်ကြတာပေါ့”

အိမ်ရှင်ဖြစ်သည့် အတွက်ကြောင့် ဒု-ကျောင်းအုပ် ယူဟွာမှ ဦးစွာမိန့်ခွန်း ပြောကြားလေသည်။

အခြားသော အင်အားကြီး သုံးရပ်၏ ခေါင်းဆောင်များ ဖြစ်ကြသည့် ဟွိုင်မင်၊ ခြင်္သေ့မင်းနှင့် ဗာနက်ဆာတို့သည်လည်း ရိုးရှင်းသည့် မိန့်ခွန်းများ ပြောကြားကြသည်။

အနှစ်သာရမဲ့လှသည့် ဇာတ်ညွှန်းဆန်ဆန် ဩဝါဒစကားများ ဖြစ်နေသည့်အတွက် မည်သူကမျှ အာရုံစိုက်ခြင်း မရှိကြချေ။

စိတ်ဆန္ဒရှိသလို ပြောင်မြောက်လှသည့် မိန့်ခွန်းစကားများ ပြောကြားနိုင်သော်လည်း အသုံးမကျသည့် လူငယ်မျိုးဆက်သစ်များ ရှိနေမည်ဆိုလျှင် အကျိုးမရှိချေ။ ထို့ကြောင့် လူတိုင်းစိတ်ဝင်စားသည့် အဓိကအချက်မှာ လူငယ် ကိုယ်စားလှယ်များ၏ စွမ်းပကားသာ ဖြစ်လေသည်။

အန်လင်း ခံစားမိသည်မှာ ဤအနေအထားသည် ကမ္ဘာမြေပေါ်ရှိ အိုလံပစ်ပြိုင်ပွဲများ ကျင်းပပုံနှင့် အနည်းငယ် ဆင်သည်ဟူ၍ ဖြစ်သည်။ အင်အားကြီးလေးရပ်မှ ရွေးချယ်ထားသည့် ကိုယ်စားလှယ် အသီးသီးသည် အားကစားသမားများကဲ့သို့ သက်ဆိုင်ရာ ‘နိုင်ငံ’ များအတွက် အောင်ပွဲရရှိရန် ဖလှယ်ကြရမည် ဖြစ်သည်။

ပြိုင်ပွဲအား မန္တန်၊ တာအို၊ စိတ်ဆန္ဒ၊ ရှင်သန်နိုင်စွမ်း နှင့် Seize ဟူ၍ အမျိုးအစား ငါးမျိုး ခွဲထားကာ စုစုပေါင်းပွဲစဉ် ငါးခု ယှဉ်ပြိုင်ရမည် ဖြစ်သည်။ ပွဲစဉ်တိုင်းအတွက် ထိုက်တန်တဲ့ ရမှတ်အသီးသီးရှိပြီး အမှတ်အများဆုံး အဖွဲ့သည် အံ့ဩဖွယ်ရာ ဆုလာဘ်များ ရရှိမည် သာမက အောင်မြင်မှု အခွင့်အလမ်း များစွာကိုလည်း ရရှိနိုင်မည် ဖြစ်သည်။

အန်လင်းအနေဖြင့် တာအိုဖလှယ်ခြင်း ညီလာခံတွင် မပါဝင်ချင်သည့် အကြောင်းအရင်းမှာ သူ့ကိုယ်သူ ယုံကြည်မှု မရှိ၍ဖြစ်ပြီး သူ၏အဖွဲ့အား ဆွဲချမိမည်ကို ကြောက်ရွံ့သောကြောင့် ဖြစ်သည်။

အကယ်၍ အရူးတစ်ယောက်လို ပြုမူမိခဲ့မည်ဆိုလျှင် ကျောင်းတော်အား အရှက်ရစေရုံသာမက ကိုးပြည်ထောင် နိုင်ငံတော်ကိုလည်း သိက္ခာချသူအဖြစ် လူသိများသွားမည် ဖြစ်သည်။ လွန်စွာကြောက်ဖို့ ကောင်းလှသည့် အခြေအနေဖြစ်ပေသည်။

များမကြာမီမှာပင် မိန့်ခွန်း ပြောကြားခြင်းများ ပြီးဆုံးပြီ ဖြစ်သဖြင့် တာအိုဖလှယ်ခြင်း ညီလာခံ တရားဝင် စတင်ပြီဖြစ်သည်။

ပထမဆုံးသော ပွဲစဉ်မှု မန္တန်ပြိုင်ပွဲ ဖြစ်သည်။ ပြိုင်ပွဲဝင် ကျင့်ကြံသူများ အကြားရှိ မန္တန်အဆင့်အတန်းများကို ပြိုင်ဆိုင်ရခြင်းဖြစ်သည်။

ဗောဓိသတ္တ ဟွိုင်မင်သည် ပြိုင်ပွဲစင်မြင့်ပေါ်သို့ လျှောက်လှမ်းလာခဲ့ပြီး သူ၏ ဗုဒ္ဓပုတီးစေ့များမှ ကြီးမားသည့် အနက်ရောင် ကျောက်ချပ်ပြား တစ်ခုအား ထုတ်ယူလိုက်သည်။ ထိုကျောက်ပြားမှာ အလျား ပေ ၁၀၀၊ အနံ ပေ ၁၀၀၀ ရှိပြီး မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်စွာဖြင့် စင်မြင့်ပေါ်တွင် နေရာယူလိုက်သည်။

“ဒါက မန္တန်တွေရဲ့ အဆင့်ကို စမ်းသပ်ပေးမယ့် ကျောက်ချပ်ပြားပဲ။ ကျင့်ကြံသူတွေ အသုံးပြုလိုက်တဲ့ မန္တန်တွေကို အဝါရောင်အဆင့်၊ အနက်ရောင်အဆင့်၊ မြေကမ္ဘာအဆင့်နဲ့ ကောင်းကင်အဆင့် ဆိုပြီး အဆင့်လေးမျိုး ခွဲပြီးတော့ သတ်မှတ်ပေးလိမ့်မယ်။ လူငယ် ကိုယ်စားလှယ်တွေ အနေနဲ့ ဒီကျောက်ချပ်ပြားဆီကို သူတို့ရဲ့မန္တန်တွေ ပစ်လွှတ်သုံးစွဲဖို့ လိုအပ်တယ်။ အမှတ်တွေကတော့ အဝါရောင် ကနဦးအဆင့်ကို ၁ မှတ်ရမှာဖြစ်ပြီး ကောင်းကင် နောက်ဆုံးအဆင့်ကို ၁၂ မှတ်ရရှိမှာ ဖြစ်တယ်”

ဗောဓိသတ္တဟွိုင်မင်၏ စကားများသည် ကောင်းကင်ပြာရင်ပြင် တစ်ခုလုံး ပဲ့တင်ထပ် သွားလေသည်။ စည်းမျဉ်းများမှာ ရိုးရှင်းပေသည်။ ကျင့်ကြံသူများသည် သူတို့၏ စွမ်းအားအကြီးဆုံးသော မန္တန်များကို ထုတ်ဖော်ကာဖြင့် သူတို့၏ အရည်အချင်းနှင့် ကျွမ်းကျင်မှုတို့ကို ပြသရမည် ဖြစ်သည်။

အနက်ရောင် ကျောက်ချပ်ပြားကြီးသည် ဗာမီလီယန်ငှက်ဂိုဏ်းမှ ကျောက်နီပြားကြီးနှင့် အတော်လေး ဆင်တူသည်ဟု အန်လင်း ခံစားမိသည်။ သို့သော်လည်း ဤကျောက်ချပ်ပြားကြီးသည် မန္တန်များအား အမျိုးအစား ခွဲပေးနိုင်သည်ကြောင့် ပို၍ အဆင့်မြင့်လေသည်။

ပေါ့ပါးစွာ ခေါင်းညိတ်လိုက်သည်။ ဤပွဲစဉ်သည် သူ့အတွက် လွယ်ကူပေလိမ့်မည်။

မည်သို့ပင်ဖြစ်စေ သူ့ထံတွင် ဝှက်ဖဲရှိသည် မဟုတ်ပါလား။

“ကောင်းပြီ။ ဒါဆိုရင် စကြတာပေါ့”

***

All Chapters