အခန်း (၂၀၁)
Vol. 21 Ch. 201
တုပိုင် ပေါ်လာသည်နှင့် တစ်ပြိုင်နက် လီမိသားစုအိမ်တော်မှ တိုက်ပွဲသည် ချက်ချင်းပင် ပျောက်ကွယ်သွားလေသည်။ အာရုံအားလုံးသည် တုပိုင်နှင့် လီချန်ချန်တို့၏ တိုက်ပွဲဆီသို့ ရောက်ရှိသွားကြသည်။ ပင်လယ်ပြင်သို့ ထွက်ခွာသွားသည်မှာ သင်္ဘောတစ်စီးတည်း မဟုတ်ဘဲ သင်္ဘောအများအပြား ဖြစ်သည်။ နင်ဇောင်ဝူ ၊ ကျူးဝူယာ ၊ လီတောက်ကျိန်းနှင့် သခင်လေးဆုန်ယွီကျန် အပါအဝင် လူရာပေါင်းများစွာသည်လည်း ဤအရေးကြီးသော တိုက်ပွဲကို မျက်မြင်ကိုယ်တွေ့ ကြည့်ရှုရန် သင်္ဘောပေါ်သို့ တက်ရောက်လိုက်ပါလာကြသည်။
ယှဉ်ပြိုင်မည့်သူများထဲမှ တစ်ဦးသည် အစပြုသူအဆင့်မျှပင် မရှိဘဲ သိုင်းပညာစွမ်းရည် အလွန်နိမ့်ကျနေ၏။ တစ်ယောက်ကတော့ အဆင့်ခုနှစ်သိုင်းပညာရှင်တစ်ယောက်ဖြစ်သည်။ ယခုအချိန်အထိ တုပိုင်သည် အဘယ်ကြောင့် ဤကဲ့သို့သော တိုက်ပွဲမျိုးကို စတင်ခဲ့သည်ကို မည်သူမျှ နားမလည်နိုင်ကြသေးပေ။ သို့သော် လူတိုင်းတွင် ကိုယ်ပိုင်အဖြေ ရှိကြသည်။ ထိုအရာအားလုံးသည် သူ၏ မွေးစားဖခင် လီဝမ်ဟွေ့ကို ကယ်တင်ရန်အတွက် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် တုပိုင်သည် သိုင်းပညာကို လုံးဝနီးပါး မတတ်မြောက်ဘဲ အစပြုသူအဆင့် သိုင်းပညာသင်ယူသူ တစ်ဦးသာ ဖြစ်ပြီး ဓားသိုင်းတစ်ကွက်ကိုပင် နားမလည်သောကြောင့် ဖြစ်သည်။
လီချန်ချန်ကမူ ပါရမီရှင် ဓားသမားတစ်ဦး ဖြစ်သည်။ လွန်ခဲ့သော နှစ်နှစ်က သူမသည် အသက် ၁၆ နှစ်ပင် မပြည့်သေးသော်လည်း သိုင်းပညာရှင်အဆင့် ၇ သို့ ချိုးဖျက်ဝင်ရောက်နိုင်ခဲ့ပြီး ဖြစ်သည်။ သိုင်းပညာအရ ပြောရမည်ဆိုလျှင် တုပိုင် ဆယ်ယောက်ပေါင်းသည် လီချန်ချန်၏ လက်တစ်ချောင်းကိုပင် အနိုင်ယူနိုင်မည် မဟုတ်ဟု ပြောလျှင်လည်း မမှားပေ။ အမှန်စင်စစ် တုပိုင်သည် လီချန်ချန်ကို မြင်းစီးပြိုင်ပွဲတွင် အနိုင်ယူခဲ့ခြင်းမှာ အလွန်အံ့သြဖွယ် ကောင်းလှသည်။
သို့သော် ထိုအရာသည် တုပိုင်က ကောင်းကင်ဘုံကိုပင် အာခံနိုင်လောက်သည့် ဝိညာဉ်စွမ်းအင် မြင်းစီးနည်းစနစ် ဟူသော ဟာကွက်ကို နားလည်သဘောပေါက်ထားသောကြောင့် ဖြစ်ပြီး ယင်းမှာ နင်ဇောင်ဝူ၏ ကျေးဇူးများစွာ ပါဝင်နေသည်။ သို့သော် သိုင်းပညာစွမ်းရည်နှင့် ရွှမ်းချီအတွင်းအားကိုမူ နေ့ချင်းညချင်း တိုးတက်လာအောင် လုပ်ဆောင်၍ မရနိုင်ပေ။ လုံးဝ မဖြစ်နိုင်ပေ။
ထို့ကြောင့် ဤတိုက်ပွဲအတွက် ရလဒ်တစ်ခုသာ ရှိသည်။ တုပိုင် ချက်ချင်း အသတ်ခံရမည် ဖြစ်သည်။ အခြားရလဒ် ထွက်ပေါ်လာရန် ဖြစ်နိုင်ချေ လုံးဝ မရှိပေ။ လူတိုင်းက လီဝမ်ဟွေ့နှင့် တုပိုင်တို့သည် တောင်တန်းများကဲ့သို့ မြင့်မားသော မေတ္တာထားရှိသည့် ဖခင်နှင့် ပင်လယ်ကဲ့သို့ နက်ရှိုင်းသော ကျေးဇူးတရား သိတတ်သည့် သားတို့ ဖြစ်ကြသည်ဟု စိတ်လှုပ်ရှားစွာ ပြောဆိုနေကြသည်။
တစ်ဦးက မွေးစားသားအတွက် အသက်ကို စတေးရန် ဆန္ဒရှိပြီး နောက်တစ်ဦးက မွေးစားဖခင်အတွက် ကိုယ့်ကိုယ်ကိုယ် စတေးရန် ဆန္ဒရှိနေသည်။ သို့သော် ထိုအရာအားလုံးသည် အဓိပ္ပာယ် မရှိပေ။ ထိုအရာများသည် ကျူးဝူယာ ၊ လီချန်ချန် ၊ လီတောက်ကျိန်းနှင့် အခြားသူများကို စိတ်လှုပ်ရှားစေခြင်းငှာ မစွမ်းသာပေ။ ထိုလူများ၏ စိတ်ထဲတွင် တုပိုင်၏ အပြုအမူကို စကားလုံးတစ်လုံးတည်းဖြင့် အနှစ်ချုပ်နိုင်သည်။ အောက်တန်းစား ဟူ၍ ဖြစ်သည်။ နောက်ထပ် စကားလုံး နှစ်လုံး ထပ်ဖြည့်ရမည်ဆိုလျှင် အရူး ဖြစ်လိမ့်မည်။
တုပိုင်နှင့် လီချန်ချန်တို့သည် လှေတစ်စီးတည်းတွင် ရှိနေကြပြီး ထိုလှေကို သွေးကွမ်ရင်မယ်တော်က မောင်းနှင်နေသည်။ သွေးကွမ်ရင်မယ်တော်သည် တုပိုင်က အဘယ်ကြောင့် တိုက်ပွဲကို အဆိုပြုခဲ့သည်ကို မသိသော်လည်း မြင်းစီးပြိုင်ပွဲ ဖြစ်ရပ်ပြီးနောက်တွင် သူမသည် တုပိုင်ကို အပြည့်အဝ ယုံကြည်သွားခဲ့ပြီ ဖြစ်သည်။ သူမသည် တုပိုင်၌ နိုင်နိုင်ချေ အနည်းငယ်မျှ ရှိသည်ဟု စိတ်ကူး၍ပင် မရသော်လည်း ယုံကြည်နေမိဆဲဖြစ်သည်။
ဤတိုက်ပွဲသည် နေ့ချင်းညချင်း တတ်မြောက်နိုင်သည့် ပစ်မှတ်အာရုံစိုက်ခြင်း သို့မဟုတ် ဝိညာဉ်စွမ်းအင် မြင်းစီးနည်းစနစ်တို့နှင့် မတူဘဲ သိုင်းပညာစွမ်းရည်နှင့် ရွှမ်းချီအတွင်းအား ကျင့်ကြံခြင်းတို့နှင့် သက်ဆိုင်နေသည်။
သို့သော် သူမသည် တုပိုင်ကို ရိုးရှင်းစွာပင် ဤအတိုင်း ယုံကြည်လိုက်သည်။ အချစ်သည်အံ့ဩဖို့ကောင်းလှ၏။ တုပိုင်က သူမအား အဆိပ်တိုက်ကျွေးလျှင်ပင် ပြုံးပြုံးကြီးဖြင့် သောက်ကောင်းသောက်နိုင်သည်။
ခံစားချက်က ဤသို့ဖြစ်သည်… ‘မောင် ဘယ်လိုလုပ်မလဲဆိုတာ မ မသိပေမဲ့ မောင်လုပ်နိုင်မယ်လို့ မ ယုံကြည်တယ်။’ (ညီမလေးတွေမကောင်းဘူး။ မမတွေပဲ ကောင်းတယ်။ 😎)
လက်ချောင်းငါးချောင်း သန္တာကျောက်တန်းကျွန်းသည် လျန်ကျိုးဆိပ်ကမ်းမှ လီ ၁၉၀ ကွာဝေးပြီး ထိုနေရာသို့ရောက်ရန် သုံးနာရီခန့် ကြာမြင့်သဖြင့် ရောက်သည့်အချိန်သည် နေဝင်လုနီးပါး အချိန်ဖြစ်နေမည် ဖြစ်သည်။ သင်္ဘော ဒါဇင်ပေါင်းများစွာသည် တောင်ဘက်သို့ တိတ်တဆိတ် ရွက်လွှင့်နေကြပြီး မည်သူမျှ စကားမပြောကြသဖြင့် လေထုမှာ လေးလံနေသည်။
တုပိုင် ကောင်းကင်သို့ မော့ကြည့်လိုက်သည်။ ကောင်းကင်သည် ကြည်လင်နေပြီး တိမ်ကင်းစင်ကာ မိုးချုန်းခြင်း သို့မဟုတ် လျှပ်စီးလက်ခြင်း လက္ခဏာ မရှိပေ။
**--**--**--**--**--**--**--**
ဤအတောအတွင်း လီဝမ်ဟွေ့သည် ယမန်နေ့ညက သောင်းကျန်းခဲ့ပြီး ကွမ်ရှီးပြည်နယ်ရှိ လီမိသားစု၏ အမာခံစခန်း အားလုံးကို အမြစ်ပါမကျန် ဆွဲထုတ်ကာ လီမိသားစုဝင် အားလုံးကို သုတ်သင်ရှင်းလင်းခဲ့သည့် သတင်းသည် ခိုစာပို့စနစ်နှင့် အခြားနည်းလမ်းများမှတစ်ဆင့် အင်ပါယာ၏ နေရာဒေသ အသီးသီးသို့ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။ ထို့နောက် ချက်ချင်းပင် နောက်ထပ် တုန်လှုပ်ဖွယ်ရာ သတင်းတစ်ခုကို မရေမတွက်နိုင်သော ခိုစာပို့စနစ်များမှတစ်ဆင့် ပေးပို့လိုက်ကြသည်။ လီဝမ်ဟွေ့သည် အိမ်ရှေ့စံ၏ ဆရာဟောင်းနှင့် အမတ်ဟောင်း ကွေ့တုန်းယန်ကို ခြေထောက်ဖြင့်နင်းချေ သတ်ဖြတ်လိုက်သည်။
၁၂ နာရီအောက် လျော့နည်းသော အချိန်အတွင်း ထိုသတင်းသည် တောမီးကဲ့သို့ ပျံ့နှံ့သွားရာ အလွန် ထူးခြားဆန်းပြားနေပုံ ရသည်။ မကြာမီတွင် နောက်ထပ် တုန်လှုပ်ဖွယ်ရာ သတင်းတစ်ခုသည် မရေမတွက်နိုင်သော ခိုစာပို့စနစ်များမှတစ်ဆင့် လျင်မြန်စွာ ပျံ့နှံ့သွားပြီး မိန်းမစိုးဂိုဏ်း အတွင်းရှိ အဖွဲ့အစည်းတိုင်းထံ ရောက်ရှိသွားသည်။
လီဝမ်ဟွေ့သည် ဟန်ကျိုးအထည်အလိပ်ထုတ်လုပ်ရေးဗျူရို၏ တာဝန်ခံ မိန်းမစိုးအသစ်အဖြစ် ခန့်အပ်ခံရသည့် သူ၏ အထက်လူကြီး ဝမ်ရင်ကို သတ်ဖြတ်ပြီးနောက် အရေခွံခွာပြီး ခန္ဓာကိုယ်ကို တစ်စစီ ခုတ်ထစ်ပစ်လိုက်သည်။ အချိန်ကာလ အလွန်တိုတောင်းလွန်းသောကြောင့် လူနည်းစုသာ ဤသတင်းများကို လက်ခံရရှိကြသည်။ သို့သော် တုန်ခါမှုသည် ချက်ချင်းဖြစ်ပေါ်လာပြီး အင်ပါယာတစ်ခုလုံးသို့ လျင်မြန်စွာ ပျံ့နှံ့သွားသည်။
လီဝမ်ဟွေ့၏ လုပ်ရပ်များသည် ပုပ်သိုးနေသော ရေကန်ထဲသို့ ဗုံးများ တစ်လုံးပြီးတစ်လုံး ပစ်ချလိုက်သကဲ့သို့ ဖြစ်နေသည်။ ဤသည်မှာ ချက်ချင်းပင် ကြီးမားသော ရုတ်ရုတ်သဲသဲ ဖြစ်ရပ်ကို ဖြစ်ပေါ်စေခဲ့သည်။ စကားလုံးတစ်လုံးတည်းဖြင့် ဖော်ပြရမည်ဆိုလျှင် ငလျင်လှုပ်ခြင်း ဟု ပြောရပေမည်။
**--**--**--**--**--**--**--**
အမှန်စင်စစ် ဤအရာအားလုံးသည် ယခုအချိန်တွင် လီဝမ်ဟွေ့နှင့် သက်ဆိုင်ခြင်း မရှိပေ။ ယခုအချိန်၌ သူ့စိတ်ထဲတွင် အလွန်အရေးကြီးသော ကိစ္စတစ်ခုသာ ရှိသည်။ ထိုအရာမှာ တုပိုင်နှင့် လီချန်ချန်တို့၏ တိုက်ပွဲ ဖြစ်သည်။
သွေးကွမ်ရင်မယ်တော်ကဲ့သို့ပင် လီဝမ်ဟွေ့သည်လည်း အလွန် မမျှတသော ဤတိုက်ပွဲတွင် တုပိုင် မည်သို့ အနိုင်ရမည်ကို စိတ်ကူးမရနိုင်သော်လည်း သူသည် တုပိုင်ကို ယုံကြည်ရန် ရွေးချယ်ခဲ့သည်။ ထိုယုံကြည်မှုသည် သူတို့ထဲမှ တစ်ယောက် သေဆုံးသွားသည်အထိ ဆက်ရှိနေမည် ဖြစ်သည်။ သင်္ဘောများသည် တောင်ဘက်သို့ ဆက်လက် ရွက်လွှင့်နေကြသည်။ နေမင်းသည် အနောက်ဘက်သို့ ဆက်လက် ဝင်ရောက်နေသည်။ ခြောက်နာရီခန့် ကြာပြီးနောက် တုပိုင်၏ ရင်ထဲတွင် ထိတ်လန့်သွားသည်။
အဘယ်ကြောင့်ဆိုသော် သူသည် လက်ချောင်းငါးချောင်း သန္တာကျောက်တန်းကျွန်းကို ဝေဝါးစွာ မြင်တွေ့နေရပြီဖြစ်ပြီး ကောင်းကင်သို့ မော့ကြည့်လိုက်သောအခါ ဝဲကတော့ပုံစံ မည်းမှောင်နေသော တိမ်တိုက်များ စတင် စုဝေးနေသည်ကို တွေ့လိုက်ရသောကြောင့် ဖြစ်သည်။ ခေါင်းပေါ်တွင် မည်းမှောင်သော တိမ်တိုက်များ မဖြစ်ပေါ်သေးသော်လည်း ပင်လယ်ပြင်ပေါ်တွင် အရိပ်တစ်ခု ကျရောက်နေပြီ ဖြစ်သည်။
ယခုအချိန်တွင် နေမင်းသည် ပင်လယ်ပြင်ထက်တွင် ဆိုင်းငံ့နေဆဲဖြစ်ပြီး နာရီဝက်ခန့်အကြာတွင် ဝင်ရောက်တော့မည် ဖြစ်သည်။ နေမင်း တစ်ဝက်ခန့် ဝင်ရောက်သွားချိန်တွင် လျှပ်စီးလက်မည် ဖြစ်သည်။
**--**--**--**--**--**--**--**
နာရီဝက် အကြာတွင် နေဝင်ချိန်သို့ ရောက်ရှိလာပြီး နေမင်းသည် ပင်လယ်ထဲသို့ စတင် နစ်မြုပ်သွားသည်။
ပင်လယ်ပြင် တစ်ခုလုံးသည် မရေမတွက်နိုင်သော ရွှေစများဖြင့် ဘောင်ကွပ်ထားသကဲ့သို့ ဖြစ်နေပြီး မိုးကုပ်စက်ဝိုင်း တစ်ခုလုံးသည် မီးလောင်နေသကဲ့သို့ ထင်ရသည်။ သင်္ဘောအများအပြားသည် လက်ချောင်းငါးချောင်း သန္တာကျောက်တန်းကျွန်းဆီသို့ တဖြည်းဖြည်း တိုးကပ်လာကြသည်။
ထိုနေရာသည် လွန်ခဲ့သော နှစ်ပေါင်း ၂၀ က နင်ဇောင်ဝူနှင့် လီတောက်ကျိန်းတို့ ယှဉ်ပြိုင်တိုက်ခိုက်ခဲ့သော နေရာဖြစ်သည်။ ထိုပွဲတွင် လီတောက်ကျိန်း ရှုံးနိမ့်ခဲ့သည်။ နောက်ပိုင်း ၁၀ နှစ်တာ ကာလအတွင်း လီတောက်ကျိန်း ထပ်မံ ရှုံးနိမ့်ခဲ့ပြန်သည်။ ယနေ့သည် ဤနှစ်ယောက် တတိယအကြိမ်မြောက် တိုက်ခိုက်မည့်နေ့ ဖြစ်၏။ သို့သော် ယနေ့တွင် ဆရာများအစား တပည့်ကျော်နှစ်ယောက်က တိုက်ခိုက်ကြလိမ့်ပေမည်။
လီချန်ချန်သည် လက်ချောင်းငါးချောင်း သန္တာကျောက်တန်းကျွန်းကို ကြည့်ကာ မျက်မှောင်ကြုတ်လျက် ပြောလိုက်သည်။
“ငါ အဲဒီပေါ်မှာ မတိုက်ခိုက်ချင်ဘူး။”
မလှမ်းမကမ်းရှိ လှေပေါ်မှ လီတောက်ကျိန်းက မေးလိုက်သည်။ “ဘာလို့လဲ။”
လီချန်ချန်က ပြောလိုက်သည်။ “ဒီရေတက်နေပြီ။ အဲဒီနေရာက မကြာခင် ရေမြုပ်တော့မှာ။ ငါ့အဝတ်အစားတွေကို ရေမစိုစေချင်ဘူး။ ငါ့ဂါဝန်က အရမ်း ကျက်သရေရှိတာ။ တုပိုင်လို အောက်တန်းကျတဲ့ မိန်းမစိုးတစ်ကောင်ကို သတ်ဖို့အတွက်နဲ့ ငါ့ဂါဝန်ကို အစိုမခံနိုင်ဘူး။”
သူမ၏ စိတ်ထဲတွင် ထိုခွေးမသားသည် သူမ၏ ဂါဝန်လောက်ပင် တန်ဖိုးမရှိပေ။ သွေးကွမ်ရင်မယ်တော် ပါလာသည့် သင်္ဘော၏ ကုန်းပတ်ကို ဆေးကြောထားသဖြင့် သူမ၏ လှပသော သမင်သားရေ ဖိနပ်အောက်ခြေကို စိုစွတ်စေခဲ့ရာ သူမကို အလွန် မသက်မသာ ဖြစ်စေခဲ့သည်။ ထို့နောက် လီချန်ချန်၏ လှပသော မျက်ဝန်းများသည် ပတ်ဝန်းကျင်ကို ရှာဖွေကြည့်ရှုကာ သူတို့၏ တိုက်ပွဲအတွက် လှပသော နေရာတစ်ခုကို ရှာဖွေရန် ပြင်ဆင်လိုက်သည်။ မကြာမီတွင် သူမသည် ကောင်းကင်ပေါ်ရှိ ဝဲကတော့ပုံစံ မည်းမှောင်နေသော တိမ်တိုက်တစ်ခုကို တွေ့လိုက်ရသည်။
ထိုမည်းမှောင်နေသော တိမ်တိုက်သည် မကြီးမားသော်လည်း အလွန်နိမ့်ကျစွာ တွဲခိုနေသဖြင့် မိစ္ဆာတံခါးပေါက်တစ်ခုကဲ့သို့ ခံစားမှုကို ပေးစွမ်းနေသည်။ ဤအရာသည် လီချန်ချန်၏ စိတ်ဝင်စားမှုကို အလွန်အမင်း နှိုးဆွလိုက်သဖြင့် သူမ ပြောလိုက်သည်။
“ရွက်လွှင့်ပြီး အဲဒီ မည်းမှောင်နေတဲ့ တိမ်တိုက်ဝဲကတော့ အောက်မှာ တိုက်ခိုက်ကြတာပေါ့။”
လီချန်ချန်သည် သူမ၏ ခံစားချက်အတိုင်းသာ ပြုမူပြီး သူမ စိတ်ကျေနပ်သလို လုပ်ဆောင်လေ့ ရှိသည်။ ယခုအချိန်တွင် တုပိုင်သည် စိတ်ထဲမှ သက်ပြင်းချလိုက်ပြီး အရာအားလုံးသည် တကယ်ပင် ကံစီမံရာအတိုင်း ဖြစ်နေကြောင်း သဘောပေါက်လိုက်သည်။ လီချန်ချန်သည် ဤနေရာတွင် သေဆုံးရန် ကံပါလာခဲ့သည်။ သို့သော် သူသည် ဤအခြေအနေကို လုံးဝ မအံ့သြပေ။
လီချန်ချန်သည် သန့်ရှင်းမှုကို အလွန်အမင်း ကြိုက်နှစ်သက်သူဖြစ်ပြီး သူမ၏ အဝတ်အစားနှင့် ပုံရိပ်ကို တန်ဖိုးထားသူ ဖြစ်သည်။ ပင်လယ်ရေကြောင့် သူမ၏ လှပသော ဂါဝန်ကို စိုစွတ်သွားစေရန် လုံးဝ အလိုရှိမည် မဟုတ်ပေ။ လီမိသားစု၏ စစ်သည်တစ်ဦးသည် သူမ၏ အသက်ကိုကာကွယ်ရန်အတွက် သေဆုံးသွားခဲ့ပြီး သူ့သွေးများက သူမ၏ စကပ်ပေါ်သို့ စင်သွားလျှင်ပင် သူမ၏ ပထမဆုံး တုံ့ပြန်မှုသည် ကျေးဇူးတင်ခြင်း ဖြစ်မည် မဟုတ်ဘဲ တစ်ဖက်လူက သူမ၏ စကပ်ကို ညစ်ပေအောင် လုပ်သည်ဟုသာ ပြစ်တင်ဝေဖန်မည် ဖြစ်သည်။
ကန်ရှန် သေဆုံးသွားစဉ်က သူမ ဝမ်းနည်းခြင်း မရှိခဲ့ဘဲ ကန်ရှန် သေခါနီး အသက်တောင်းပန်ခဲ့သည်ကို လီမိသားစုအတွက် သိက္ခာကျစေသည်ဟု ယူဆကာ အတိုင်းအဆမရှိ ဒေါသထွက်ခဲ့သကဲ့သို့ပင် ဖြစ်သည်။
သွေးကွမ်ရင်မယ်တော်က တုပိုင်ကို ကြည့်ပြီး သူ၏ သဘောထားကို မေးမြန်းလိုက်သည်။ တုပိုင် ခေါင်းညိတ်လိုက်သည်။ ထို့နောက် သွေးကွမ်ရင်မယ်တော်သည် လှေကို မောင်းနှင်ကာ နိမ့်ကျနေသော ကောင်းကင်မှ ဝဲကတော့ပုံစံ မည်းမှောင်နေသော တိမ်တိုက်ဆီသို့ ဦးတည်လိုက်သည်။
မိနစ်အနည်းငယ် အကြာတွင် သွေးကွမ်ရင်မယ်တော်၏ သင်္ဘောသည် ဝဲကတော့ပုံစံ မည်းမှောင်နေသော တိမ်တိုက်အောက်သို့ ရောက်ရှိလာသည်။
ဤအချိန်တွင် မည်းမှောင်နေသော တိမ်တိုက်သည် အလွန်ထူထပ်လာပြီး ခေါင်းပေါ်တည့်တည့်တွင် ရှိနေသကဲ့သို့ နိမ့်သထက် နိမ့်ဆင်းလာကာ သူတို့ကို မျိုချတော့မည့်အလား ဖြစ်နေသည်။ နေမင်းသည် မိုးကုပ်စက်ဝိုင်းအောက်သို့ တစ်ဝက်ခန့် ရောက်ရှိနေပြီ ဖြစ်သည်။ လျှပ်စီးလက်ရန် ၁၀ မိနစ်အောက်သာ လိုတော့သည်။
တုပိုင်က သွေးကွမ်ရင်မယ်တော်ကို ပြောလိုက်သည်။ “ဒီသင်္ဘောပေါ်ကနေ အရင်ဆင်းသွားလိုက်ပါ။ ကျွန်တော်တို့ တိုက်ပွဲ ပြီးမှ ပြန်လာခဲ့။”
လီချန်ချန်၏ စရိုက်အရ ဆိုလျှင် သူမသည် နင့်အလောင်းကို လာကောက်ပေးမယ် ဟု ပြောသင့်သော်လည်း သူမ၏ မထီမဲ့မြင်ပြုမှုကြောင့် ထိုစကားကိုပင် မပြောချင်ပေ။ ထို့အစား သူမသည် သူမရှူရှိုက်သော လေကို တုပိုင်နှင့် သွေးကွမ်ရင်မယ်တော်တို့ ရှူရှိုက်သည်ကို မလိုလားသည့်အလား သူတို့နှစ်ဦးဘက်သို့ ကျောခိုင်းလိုက်သည်။
သွေးကွမ်ရင်မယ်တော်က တုပိုင်ကို ကြည့်ပြီး မေးလိုက်သည်။
“သေချာရဲ့လား။”
တုပိုင် ခေါင်းညိတ်ပြီး ပြောလိုက်သည်။ “သေချာတယ်။”
သွေးကွမ်ရင်မယ်တော် ခေါင်းညိတ်လိုက်ပြီး ရွက်များကို သိမ်းဆည်းကာ သင်္ဘောသား အားလုံးကို ဦးဆောင်၍ လီဝမ်ဟွေ့ ပါလာသော အနီးနားရှိ သင်္ဘောပေါ်သို့ ပြောင်းရွှေ့သွားကြသည်။
**--**--**--**--**--**--**--**
“အောက်တန်းစား မိန်းမစိုးခွေးကောင်လေး။ အချိန်ဆွဲမနေနဲ့ မြန်မြန် သေပေးစမ်းပါ။” လီချန်ချန်က မောက်မာစွာပြောလိုက်သည်။
တုပိုင်သည် သူမကို လျစ်လျူရှုကာ ကုန်းပတ်ပေါ်တွင် တင်ပျဉ်ခွေထိုင်ပြီး မျက်လုံးများ မှိတ်လျက် တိတ်ဆိတ်စွာ စဉ်းစားဆင်ခြင်နေသည်။
လီချန်ချန်က ပြောလိုက်သည်။ “အခုမှ ဆုတောင်းနေတော့ရော ဘာထူးမှာလဲ။ ကောင်းကင်ပေါ်က နတ်ဘုရားတွေ အကုန်လုံး ဆင်းကယ်ရင်တောင် နင့်အသက်ကို ကယ်နိုင်မှာ မဟုတ်ဘူး။”
တုပိုင်သည် သူ့ကို ဆက်လက် လျစ်လျူရှုထားပြီး မျက်လုံးများ မှိတ်ကာ တိတ်တဆိတ် ရွတ်ဆိုနေသဖြင့် တကယ်ပင် ဆုတောင်းနေသကဲ့သို့ ဖြစ်နေသည်။
သို့သော် သူသည် အချိန်ကုန်ဆုံးရန် စောင့်ဆိုင်းနေပြီး လင်းပိုင်များ အော်မြည်သံကို စောင့်မျှော်နေခြင်း ဖြစ်သည်။ လျှပ်စီးလက်ခြင်းသည် တစ်ခဏတာမျှသာ ဖြစ်ပြီး တစ်စက္ကန့်မျှပင် အလွတ်ခံ၍ မရပေ။
ယခုအချိန်တွင် တုပိုင်သည် လျှပ်ကာပစ္စည်းဖြင့် ပြုလုပ်ထားသော အဝတ်အစားများဖြင့် ခေါင်းမှ ခြေအဆုံး ဖုံးအုပ်ထားသည်။ အချိန်နီးကပ်လာသောအခါ တုပိုင် ထရပ်လိုက်ပြီး လျှပ်ကာလက်အိတ်များကို ထုတ်ယူ ဝတ်ဆင်လိုက်သည်။ ထို့နောက် လျှပ်ကာသစ်သား ဦးထုပ်ကို ထုတ်ယူပြီး ဆောင်းလိုက်သည်။ ခန္ဓာကိုယ်၏ လက်မတိုင်းကို ကာကွယ်ရန် လျှပ်ကာပစ္စည်းများကို အသုံးပြုထားသည်။
လီချန်ချန်သည် အနည်းငယ် နားမလည် ဖြစ်သွားသော်လည်း လုံးဝ ဂရုမစိုက်ပေ။ တိုက်ပွဲသည် လီတောက်ကျိန်းနှင့် နင်ဇောင်ဝူတို့၏ အမည်ခံဖြင့် ပြုလုပ်ခြင်း ဖြစ်သောကြောင့် ဆရာသခင်ကြီး နှစ်ဦးက စတင်ရန် အတည်ပြုမှသာ စတင်မည် ဖြစ်သည်။
လီတောက်ကျိန်းက ပြောလိုက်သည်။ “ဆရာသခင်နင်။ စလို့ရပြီလား။”
နင်ဇောင်ဝူသည် တိတ်ဆိတ်နေပြီး အနောက်ဘက်မှ ဝင်လုဆဲဆဲ နေမင်းကို ငေးကြည့်နေသည်။
လီတောက်ကျိန်းက လှောင်ပြောင်လိုက်သည်။ “ဆရာသခင်နင်က သူလည်းပဲ နေဝင်ချိန် ရောက်နေပြီဆိုတာကို တွေးပြီး ဆွေးနေတာလား။ ပြန်ထွက်လာလို့ မရတော့ဘူးလေ။”
‘အရူး။’ နင်ဇောင်ဝူ စိတ်ထဲမှ တွေးလိုက်ပြီး နေဝင်ချိန်ကိုသာ ဆက်လက် စိုက်ကြည့်နေသည်။
သူသည် တုပိုင်၏ ပန်းချီကားကို မြင်ဖူးသဖြင့် နေမင်း တစ်ဝက်ခန့် ဝင်ရောက်သွားချိန်တွင် လျှပ်စီးလက်မည်ကို သိရှိထားသည်။ ထို့ကြောင့် စမယ်ဟု အော်ရမည့်အချိန်ကို သူ သိသည်။
လီတောက်ကျိန်းက ပြောလိုက်သည်။ “ဆရာသခင်နင်။ နေဝင်တော့မယ်။ အချိန်ဖြုန်းမနေပါနဲ့။”
အပိုင်း ၂၀၁ ပြီး။