အခန်း (၂၀၄)
Vol. 21 Ch. 204
မိန်းမစိုးဂိုဏ်းသည်လည်း မသန့်ရှင်းပေ။ ဝမ်ရင်သည် လီမိသားစုထံမှ နှစ်စဉ် လာဘ်ငွေများလက်ခံခဲ့သည်။ ကွမ်ရှီး ရေကြောင်းကုန်သွယ်ရေးရုံးသည် နှစ်ဖက်ခွ ကစားရာတွင် ကျွမ်းကျင်ပြီး ကျန်းနန်နယ်စားမင်း၏ ရေကြောင်းအာဏာကို မျက်နှာချိုသွေးကာ လီမိသားစု၏ တရားမဝင် ကုန်သွယ်မှုကို မျက်ကွယ်ပြုထားပြီး သူတို့အတွက် တံခါးကို ကျယ်ကျယ်ဖွင့်ပေးထားသည်။ ဧကရာဇ်သည် ဤကိစ္စနှင့် ပတ်သက်၍ အလွန် ဒေါသထွက်သဖြင့် ပစ္စည်းများစွာကို ရိုက်ခွဲဖျက်ဆီးခဲ့သော်လည်း အကြိမ်တိုင်းတွင် ကွဲသွားသော သစ်သားခွက်များကို ကိုယ်တိုင် ပြန်ကောက်ပြီး ဆေးကြောကာ ပြန်လည် အသုံးပြုခဲ့ရသည်။
သိနေလျှင်ရော အဘယ်အကျိုးထူး ရှိမည်နည်း။ မည်သူက ဝင်ရောက်စွက်ဖက်ရဲမည်နည်း။ ဧကရာဇ်ကရော လီမိသားစုကို စေ့စေ့စပ်စပ် စုံစမ်းစစ်ဆေးဖို့ တကယ်ပဲ အမိန့်ပြန်တမ်း ထုတ်ပြန်ရဲမည်လော။ စုံစမ်းစစ်ဆေးမှု ရလဒ်များသည် စာရွက်အလွတ် တစ်ရွက်ကဲ့သို့ သန့်ရှင်းနေမည်မှာ သေချာသဖြင့် ထိုသို့ လုပ်ဆောင်ခြင်းသည် ဧကရာဇ်နှင့် ဒေသခံ စော်ဘွားများကို စိတ်ဝမ်းကွဲစေရုံသာ ရှိလိမ့်မည်။
ထို့ကြောင့် လီဝမ်ဟွေ့က လီမိသားစုဝင်များကို သတ်ဖြတ်ပြီး သူတို့၏ အမာခံစခန်း အားလုံးကို ဖျက်ဆီးလိုက်ခြင်းသည် ဧကရာဇ် လုပ်ချင်သော်လည်း မလုပ်ရဲ ဖြစ်နေသည့် ကိစ္စဖြစ်သည်။ အမှန်စင်စစ် လန်ထင်သည် ထိုအချက်ကို တွေးမိလျှင်ပင် ဂရုစိုက်မည် မဟုတ်ပေ။ သူ ဂရုစိုက်သည်မှာ တစ်ခုတည်းသာ ရှိသည်။ လီဝမ်ဟွေ့ သွားပြီ ဆိုသည့်အချက်ပင် ဖြစ်သည်။
လန်ထင် ခါးသီးရခြင်းမှာ သူ့တွင် အားကိုးစရာ အင်အားကြီးမားသော နောက်ခံလူ မရှိသောကြောင့် ဝမ်းနည်းရခြင်း ဖြစ်သည်။ သူသည် ကွမ်ရှီးမိန်းမစိုးအကယ်ဒမီ၏ ဒုတိယကျောင်းအုပ်ကြီး အဖြစ် နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့သော်လည်း ယခု လီဝမ်ဟွေ့ ဖယ်ရှားခံရချိန်တွင် သူ့အလှည့် ရောက်မလာသေးပေ။ အမိန့်ပြန်တမ်း လာရောက်ဖတ်ကြားသော မိန်းမစိုးသည် ငွေကြေး အမြောက်အမြား ယူဆောင်လျက် ပြန်လည် ထွက်ခွာသွားပြီးနောက် လန်ထင်သည် ချက်ချင်းပင် ဝမ်ဟုန်ကို ဦးညွှတ်ပြီး ပြောလိုက်သည်။
“ဂုဏ်ယူပါတယ် မိန်းမစိုးဝမ်။”
ဝမ်ဟုန်သည် ကွမ်တုံမိန်းမစိုးအကယ်ဒမီ၏ ကျောင်းအုပ်ကြီးဟောင်း ဖြစ်ပြီး ထန်ယန် အဖွဲ့အစည်းမှ အဖွဲ့ဝင် တစ်ဦး ဖြစ်သည်။ ယခုအကြိမ်တွင် ထန်ယန်ကို ကာကွယ်ရန်အတွက် သူတို့သည် ကွမ်ရှီးမှ ကွမ်တုံသို့ တိုက်ရိုက် ပြောင်းရွှေ့လာကြခြင်း ဖြစ်သည်။ ကွမ်ရှီးမိန်းမစိုးအကယ်ဒမီ၏ ကျောင်းအုပ်ကြီး ရာထူးသည် ကွမ်တုံနှင့် ယှဉ်လျှင် များစွာ နိမ့်ကျသော်လည်း သူ့ကို လျော်ကြေးပေးသည့် အနေဖြင့် အလွန် ဝင်ငွေကောင်းသော ကွမ်ရှီးဆားလုပ်ငန်းမင်းကြီး ရာထူးကိုပါ ပူးတွဲ ခန့်အပ်ထားခြင်း ဖြစ်သည်။
ဝမ်ဟုန်သည် လန်ထင်၏ ပခုံးကို ပုတ်ကာ ပြောလိုက်သည်။ “စိတ်မပူပါနဲ့။ ငါ ဒီရာထူးမှာ ကြာကြာနေမှာ မဟုတ်ပါဘူး။ မကြာခင် မင်းအလှည့် ရောက်လာမှာပါ။”
ချက်ချင်းပင် လန်ထင်သည် ဒူးထောက် ဦးခိုက်လိုက်ပြီး ပြောလိုက်သည်။
“ကျောင်းအုပ်ကြီးရဲ့ လမ်းညွှန်မှုကို ကျေးဇူးတင်ပါတယ်။”
ဝမ်ဟုန်က ပြောလိုက်သည်။ “အကယ်ဒမီ တစ်ခုလုံးမှာရှိတဲ့ အရာရှိတွေနဲ့ ဆရာတွေ အားလုံးကို သွားခေါ်လိုက်။ ငါ ကြေညာစရာတချို့ ရှိတယ်။”
“ဟုတ်ကဲ့။”
လန်ထင်သည် ကျောင်းအုပ်ကြီးအသစ် ဝမ်ဟုန်၏ အမိန့်ကို ပေးပို့ရန် သွက်လက်စွာ ထွက်ခွာသွားသည်။ နာရီဝက်ခန့် ကြာပြီးနောက် ကွမ်ရှီးမိန်းမစိုးအကယ်ဒမီမှ အရာရှိများနှင့် ဆရာများ အားလုံးသည် ကျောင်းအုပ်ကြီးအသစ် ဝမ်ဟုန်၏ ညွှန်ကြားချက်များကို နားထောင်ရန် စုဝေးရောက်ရှိလာကြသည်။
ဝမ်ဟုန် မေးလိုက်သည်။ “လူစုံပြီလား။”
လန်ထင်က ပြောလိုက်သည်။ “မြင်းစီးနည်းပြ လီဝေ မရောက်သေးပါဘူး။”
လီဝေသည် လီဝမ်ဟွေ့၏ လူယုံဖြစ်ပြီး အရေးကြီးသော ကိစ္စရပ်များ လုပ်ဆောင်စရာ ရှိနေသဖြင့် သေချာပေါက် ရောက်လာမည် မဟုတ်ပေ။ ဝမ်ဟုန်က ဒေါသတကြီး ကြိမ်းမောင်းလိုက်သည်။ “လီဝေက အချိန်ကိုမလေးစားအတွက် သူ့ရဲ့ ရာထူးအားလုံးကနေ ထုတ်ပယ်လိုက်တယ်။”
ဝမ်ဟုန်သည် ချက်ချင်းပင် သူ့ကို ဒုက္ခပေးလိုက်သည်။
“ဟုတ်ကဲ့။” လန်ထင် ပြန်ဖြေလိုက်သည်။
အောက်ဘက်ရှိ အရာရှိများနှင့် ဆရာများ အားလုံးကို ကြည့်ကာ ဝမ်ဟုန် ဖြည်းညှင်းစွာ ပြောလိုက်သည်။ “ငါ အကြောင်းအရာ နည်းနည်းလောက် ပြောစရာ ရှိတယ်။”
“ပထမအချက်က လီဝမ်ဟွေ့က ကြီးလေးတဲ့ ပြစ်မှု ကျူးလွန်ခဲ့တဲ့အတွက် ရာထူးကနေ ဖယ်ရှားပြီး ဖမ်းဆီးကာ နောက်ပိုင်း စစ်ဆေးမေးမြန်းဖို့ မြို့တော်ကို ခေါ်ဆောင်သွားဖို့ ရှိတယ်။ ဒါကြောင့် မိန်းမစိုးအကယ်ဒမီမှာရှိတဲ့ ငါတို့အားလုံး လီဝမ်ဟွေ့နဲ့ ပြတ်ပြတ်သားသား လမ်းခွဲရမယ်။”
ဤစကားများသည် အခန်းတစ်ခုလုံးတွင် တုန်လှုပ်ခြင်းနှင့် မယုံကြည်နိုင်ခြင်း ဟူသော ရုတ်ရုတ်သဲသဲ ဖြစ်ရပ်ကို ဖြစ်ပေါ်စေခဲ့သည်။ နှစ်များတစ်လျှောက် လီဝမ်ဟွေ့သည် မိန်းမစိုးအကယ်ဒမီ၏ ကောင်းကင်ဟု သတ်မှတ်ခံထားရသော်လည်း ယခုအခါ ကောင်းကင် ပြိုကျသွားပြီလော။
“ဒုတိယကိစ္စကတော့ နောက်ထပ် ၁၁ ရက် နေရင် ကျရောက်မယ့် ဧကရာဇ်မင်းမြတ်ရဲ့ မွေးနေ့ပွဲပဲ။ ကွမ်ရှီးမိန်းမစိုးအကယ်ဒမီရဲ့ ဘွဲ့ယူစာမေးပွဲကို ရက်ပေါင်း ၇၀ စောပြီး ဧကရာဇ်မင်းမြတ်ရဲ့ မွေးနေ့ကျရောက်တဲ့ နေ့မှာပဲ ကျင်းပမယ်လို့ ငါ ကြေညာလိုက်တယ်။ ဧကရာဇ်မင်းမြတ်ရဲ့ မွေးနေ့ပွဲကို ဂုဏ်ပြုဖို့ လူတိုင်း ထူးချွန်တဲ့ ရလဒ်တွေ ရရှိလိမ့်မယ်လို့ ငါ မျှော်လင့်တယ်။”
ထိုစကားကို ကြားသောအခါ လူတိုင်း အံ့သြတကြီး အသက်ရှူမှားသွားကြသည်။
‘သောက်ကျိုးနည်း။’
မူလက ဘွဲ့ယူစာမေးပွဲ ဖြေဆိုရန် ၈၁ ရက် လိုသေးသဖြင့် တုပိုင်အတွက် အချိန်လုံလောက်မှု ရှိသည်။ သူ လေ့လာရမည့် ဘာသာရပ်များစွာ ကျန်သေးသည်။ ယခုအခါ ဘွဲ့ယူစာမေးပွဲသည် ၁၁ ရက်အတွင်း ကျင်းပတော့မည် ဖြစ်ပြီး တုပိုင်သည် ကြီးမားသော ပြဿနာနှင့် ရင်ဆိုင်နေရသဖြင့် စာဆက်လက် လေ့လာရန် မဖြစ်နိုင်တော့ပေ။ ဤသို့ဆိုလျှင် ဘွဲ့ယူစာမေးပွဲမှာ မည်သို့လုပ်ပြီး ပထမ ရနိုင်တော့မည်နည်း။
“စတုတ္ထအချက်ကတော့ တုပိုင်ဟာ တက္ကသိုလ်သုံးခု ပူးပေါင်းပြိုင်ပွဲမှာ အကျိုးပြုမှုတွေ လုပ်ခဲ့တဲ့အတွက် ဘွဲ့ယူစာမေးပွဲမှာ ရမှတ် ၅၀ ပေါင်းထည့်ပေးထားတယ်။ ဒါက ကျိုးကြောင်းဆီလျော်မှု မရှိသလို တရားမျှတမှုနဲ့လည်း ဆန့်ကျင်နေတဲ့အတွက် ဒီ ရမှတ် ၅၀ ကို ပယ်ဖျက်လိုက်ကြောင်း ငါ ကြေညာတယ်။ လူတိုင်း တန်းတူညီမျှ ယှဉ်ပြိုင်ကြရမယ်။”
ဤအဖွဲ့အစည်းသည် ထန်ယန်ကို ပံ့ပိုးပေးရန်အတွက် အမှန်တကယ်ပင် အရှက်မရှိ ကြိုးပမ်းနေကြသည်။ ထန်ယန်သည် ဘွဲ့ယူစာမေးပွဲတွင် လူတိုင်းကို အပြတ်အသတ် အနိုင်ယူနိုင်ပြီး ပြိုင်ဘက်ကင်း ဖြစ်သည်ဟု သူတို့ အခိုင်အမာ ယုံကြည်ထားသော်လည်း ဤသို့ လုပ်ဆောင်နေကြသည်။
**--**--**--**--**--**--**--**
လျန်ကျိုးစီရင်စုရှိ သွေးကွမ်ရင်မယ်တော်၏ နေအိမ်အတွင်း သူ၏ ဒေါသကို ထုတ်ဖော်ပြီးနောက် လီဝမ်ဟွေ့သည် တိုးညှင်းသော အသံဖြင့် တစ်လုံးချင်း ပြောလိုက်သည်။
“ငါ ထပ်ပြောမယ်။ တုပိုင်ကို ဘယ်သူမဆို ဖမ်းရဲရင် အဲဒီလူရဲ့ မိသားစု တစ်ခုလုံးကို ငါ သတ်ပစ်မယ်။”
ကျစ်လီပြည်နယ် တော်ဝင်မြင်းဇောင်း၏ တာဝန်ခံ မိန်းမစိုး ကျန့်လင်းသည် မျက်နှာထား အေးစက်သွားပြီး လှောင်ပြောင်လိုက်သည်။
“လီဝမ်ဟွေ့။ မင်းက ရာထူးအားလုံးကနေ အထုတ်ခံလိုက်ရပြီ။ ကျရှုံးသွားတဲ့ ဖီးနစ်ငှက်က ကြက်တစ်ကောင်ထက် မပိုပါဘူး။ မင်းက ဘာတွေ မောက်မာနေသေးတာလဲ။”
လီဝမ်ဟွေ့၏ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး အေးစက်သော အရောင်အဝါများ တောက်ပလာကာ ပြောလိုက်သည်။
“ငါ့မှာ ရာထူးမရှိရင်တောင် ၊ ငါ ထောင်ထဲ ရောက်နေရင်တောင် ၊ မင်းတို့ ကျန့်လင်း မိသားစု တစ်ခုလုံးကို သတ်ပစ်ဖို့က ငါ့အတွက် လက်ဖဝါး တစ်ချက် လှန်လိုက်သလိုပဲ လွယ်ကူတယ်။”
ကျန့်လင်းက ပြောလိုက်သည်။ “လီဝမ်ဟွေ့။ ငါတို့က တော်ဝင်အမိန့်တော်နဲ့ လူလာဖမ်းတာ။ မင်းက တော်ဝင်အမိန့်ကို ဖီဆန်မလို့လား။”
လီဝမ်ဟွေ့ မေးလိုက်သည်။ “ဧကရာဇ်မင်းမြတ်ရဲ့ အမိန့်ပြန်တမ်းထဲမှာ တုပိုင်ရဲ့ နာမည် တစ်ခွန်းများ ပါလို့လား။”
ကျန့်လင်းသည် နောက်ထပ် စာလိပ်တစ်ခုကို ဖွင့်လိုက်ပြီး ပြောလိုက်သည်။
“ဒါက အခမ်းအနားများဆိုင်ရာ ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်လိုက်တဲ့ အမိန့်ပြန်တမ်းပဲ။ တုပိုင်ကို ဖမ်းဆီးပြီး စစ်ဆေးမေးမြန်းဖို့ မြို့တော်ကို ခေါ်ဆောင်လာရမယ်လို့ ရှင်းရှင်းလင်းလင်း ဖော်ပြထားတယ်။ အမိန့်မနာခံတဲ့ ဘယ်သူမဆို ခြွင်းချက်မရှိ သေဒဏ်ပေးမယ်။”
အခမ်းအနားများဆိုင်ရာ ညွှန်ကြားမှုဦးစီးဌာနသည် တာ့နင်အင်ပါယာရှိ မိန်းမစိုးဂိုဏ်း၏ အမြင့်ဆုံး အာဏာပိုင် အဖွဲ့အစည်းဖြစ်ပြီး အစိုးရအဖွဲ့နှင့်ပင် တစ်တန်းတည်း ရှိသည်။ အမည်ခံအားဖြင့် ယင်းသည် အရှေ့ဘက်ကွပ်ကဲရေးရုံး ၊ ဆားသယ်ယူပို့ဆောင်ရေးလုပ်ငန်း ၊ ရေကြောင်းကုန်သွယ်ရေးဗျူရိုနှင့် အထည်အလိပ်ထုတ်လုပ်ရေးဗျူရို အပါအဝင် မိန်းမစိုးဂိုဏ်း အဖွဲ့အစည်း အားလုံးကို ထိန်းချုပ်ထားသည်။
အရှေ့ဘက်ကွပ်ကဲရေးရုံး အကြီးအကဲ လီလျန်တင်းပင်လျှင် အမည်ခံအားဖြင့် အခမ်းအနားများဆိုင်ရာ ညွှန်ကြားမှုဦးစီးဌာန၏ လက်အောက်တွင် ရှိသည်။
ထို့နောက် ကျန့်လင်းသည် ဦးညွှတ်လိုက်ပြီး ပြောလိုက်သည်။
“မိန်းမစိုးဝမ်။ လီဝမ်ဟွေ့က ကျွန်တော်လို တော်ဝင်မြင်းဇောင်းက လူတစ်ယောက်ကို မကြောက်ပါဘူး။ အခမ်းအနားများဆိုင်ရာ ညွှန်ကြားမှုဦးစီးဌာနရဲ့ စစ်မှန်တဲ့ ဘုရားရှင် ဖြစ်တဲ့ ခင်ဗျား ကိုယ်တိုင် ထွက်လာပြီး ခေါင်းမာနေတဲ့ ကျရှုံးသွားတဲ့ ဖီးနစ်ငှက် လီဝမ်ဟွေ့ကို ထိန်းချုပ်လိုက်ပါတော့။”
ချက်ချင်းပင် မိန်းမစိုးများနှင့် စစ်သည်များ အားလုံးသည် လူသစ်များကို ကြိုဆိုရန် ဦးညွှတ်လိုက်ကြသည်။
ဒေါင်းပုံ တံဆိပ်တပ်ထားသော အနီရောင် ဝတ်ရုံကို ဝတ်ဆင်ထားသည့် အဆင့်မြင့် မိန်းမစိုးကြီး တစ်ဦး ဖြည်းညှင်းစွာ ဝင်ရောက်လာသည်။ ဤသူသည် အဆင့် ၃ အရပ်ဘက် မိန်းမစိုးတစ်ဦးဖြစ်ပြီး လီဝမ်ဟွေ့ထက် အဆင့်တစ်ဝက် ပိုမြင့်သဖြင့် တာ့နင်အင်ပါယာတွင် အဆင့်မြင့် မိန်းမစိုးတစ်ဦး ဖြစ်သည်။ ထို့အပြင် အရှေ့ဘက်ကွပ်ကဲရေးရုံးသည် အခမ်းအနားများဆိုင်ရာ ညွှန်ကြားမှုဦးစီးဌာန၏ ကြီးကြပ်မှုအောက်တွင် ရှိသဖြင့် ဤမိန်းမစိုး ဝမ်ရွှဲ့သည် လီဝမ်ဟွေ့၏ အထက်အရာရှိ ဖြစ်သည်။
အခမ်းအနားများဆိုင်ရာ ညွှန်ကြားမှုဦးစီးဌာနမှ မိန်းမစိုးဝမ်သည် စံပြမိန်းမစိုး ပုံစံမျိုး ဖြစ်သည်။ သူ၏ မျက်နှာပေါ်တွင် ပေါင်ဒါများ လိမ်းကျံထားပြီး နှုတ်ခမ်းဆိုးဆေးများ ဆိုးထားသည်။ သူသည် အသက် ၅၀ ကျော်ပြီ ဖြစ်သော်လည်း မြင်လိုက်ရုံနှင့် လူများကို ကြက်သီးထစေလောက်သည့် ကောက်ကျစ်ပြီး ဆွဲဆောင်မှုရှိသော အငွေ့အသက်မျိုး ရှိနေသည်။ သူသည် ရှေးဟောင်း စာပေကျမ်းဂန်များစွာ ရှိသော ဧကရာဇ်၏ စာကြည့်တိုက်ကို တာဝန်ယူထားသဖြင့် သူ၏ လက်များသည် အလွန် နူးညံ့နေသည်။
သူသည် တုပိုင်၏ အရှေ့သို့ ဖြည်းညှင်းစွာ လျှောက်သွားပြီး လျှာဖြင့် တေ့ခနဲ စုပ်သပ်လိုက်ကာ ပြောလိုက်သည်။
“အိုး။ ချောမောလိုက်တဲ့ မျက်နှာလေးပဲ။ မင်း မြို့တော်မှာ မသေခင် အဲဒီက အထက်တန်းလွှာတွေကို ပြုစုပေးနိုင်ပါသေးတယ်။ မင်းရဲ့ နောက်ထပ် မျက်နှာလေးကရော ဘယ်လိုပုံစံ ရှိမလဲဆိုတာ ငါ သိချင်လိုက်တာ။”
အောက်ဘက်ရှိ မျက်နှာဆိုသည်မှာ တင်ပါးကို ရည်ညွှန်းခြင်း ဖြစ်သည်။ ထို့နောက် သူသည် သူ၏ ထက်ရှသော လက်ချောင်းငါးချောင်းကို တုပိုင်ထံသို့ ဆန့်ထုတ်လိုက်ပြီး အေးစက်စွာ ပြောလိုက်သည်။
“လမ်းမှာ မင်း မရိုးမသား လုပ်မှာ စိုးရိမ်လို့ မင်းလက်က အရွတ်တွေကို အရင် ချိုးထားလိုက်မယ်။ ဘာပဲဖြစ်ဖြစ် သူများကို ပြုစုဖို့ မင်းလက်တွေကို မလိုပါဘူး။”
ထို့နောက် သူသည် တုပိုင်၏ လက်မောင်းမှ အရွတ်များနှင့် သွေးကြောများကို ဖျက်ဆီးရန် တိုက်ရိုက် ကြိုးပမ်းလိုက်သည်။
လီဝမ်ဟွေ့ အေးစက်စွာ ပြောလိုက်သည်။ “မိန်းမစိုး ဝမ်ရွှဲ့။ ငါ အရင်က ပြောဖူးတယ်။ ငါ့မွေးစားသားကို ဘယ်သူမဆို လက်ဖျားနဲ့ ထိရဲရင် အဲဒီလူရဲ့ လက်တွေကို ဖြတ်ပစ်မယ်။”
အခမ်းအနားများဆိုင်ရာ ညွှန်ကြားမှုဦးစီးဌာနမှ အဆင့် ၃ အရပ်ဘက် မိန်းမစိုး ဝမ်ရွှဲ့သည် ရယ်မောလိုက်ပြီး ပြောလိုက်သည်။
“လီဝမ်ဟွေ့။ ငါ့ကို လာမခြိမ်းခြောက်နဲ့။ မင်း အထွတ်အထိပ် ရောက်နေတဲ့ အချိန်တုန်းကတောင် ငါ့ရှေ့မှာ ဒူးထောက်ခဲ့ရတာ။ ဒါ့အပြင် မင်းက အခု အကျဉ်းသား တစ်ယောက်ပဲ။ မင်းရဲ့ ရှင်သန်ခြင်းနဲ့ သေဆုံးခြင်းက ငါတို့လက်ထဲမှာ ရှိနေတာ။ မင်းက ဘာကို သက်သေပြချင်နေတာလဲ။ သေချာ ကြည့်ထား။ ငါက မင်းမွေးစားသားရဲ့ လက်မောင်းအရွတ်တွေကို ဖြတ်တောက်ပစ်ရုံတင် မကဘူး။ သူ့ရဲ့ ညှပ်ရိုးကိုပါ တစ်စစီ ဖြစ်အောင် လုပ်ပစ်မယ်။”
ကျန့်လင်းက ဘေးမှနေ၍ ပြောလိုက်သည်။ “မိန်းမစိုး ဝမ်ရွှဲ့ကို ထိခိုက်အောင် လုပ်ရဲတဲ့သူ ဘယ်သူ့ကိုမဆို ခြွင်းချက်မရှိ သတ်ပစ်မယ်။”
“ဟုတ်ကဲ့။” သူခေါ်ဆောင်လာသော စစ်သည် ဒါဇင်ပေါင်းများစွာသည် ချက်ချင်း အော်ဟစ်လိုက်ကြသည်။
“ဒါဆို ငါ ဖြုတ်ပစ်တော့မယ်။”
ထို့နောက် ဓားများကဲ့သို့ ထက်ရှသော လက်သည်းများ ပိုင်ဆိုင်ထားသည့် ဤမိန်းမစိုး ဝမ်ရွှဲ့သည် တုပိုင်၏ လက်မောင်းအရွတ်များကို ဖျက်ဆီးရန် ရည်ရွယ်ချက်ဖြင့် ရက်စက်စွာ ကုတ်ခြစ်လိုက်သည်။
“ရွှပ်။”
လီဝမ်ဟွေ့သည် လျှပ်စီးကဲ့သို့ လျင်မြန်သော အရှိန်ဖြင့် ဓားကို ဆွဲထုတ်လိုက်ရာ အေးစက်သော အလင်းတန်းတစ်ခု လက်ခနဲ ဖြစ်သွားသည်။ အဆင့် ၃ အရပ်ဘက် မိန်းမစိုး ဝမ်ရွှဲ့၏ လက်မောင်းနှစ်ဖက်စလုံး အရင်းမှ ပြတ်ထွက်သွားသည်။ သွေးများ ပန်းထွက်လာသည်။
ထို့နောက် သူသည် သွေးထွက်နေသော သူ၏ ပြတ်သွားသည့် လက်မောင်းကို မယုံကြည်နိုင်စွာ စိုက်ကြည့်နေပြီး သွေးပျက်ဖွယ်ရာ စူးရှစွာ အော်ဟစ်လိုက်သည်။
တုပိုင်သည် နှစ်စက္ကန့်ခန့် စဉ်းစားလိုက်ပြီး လီဝမ်ဟွေ့ကို တစ်ချက် ကြည့်လိုက်သည်။ ထို့နောက် မင်းသမီးနင်းရွှဲ့ ပေးထားသော ဓားမြှောင်ကို ထုတ်ယူကာ ဝမ်ရွှဲ့၏ ရင်ဘတ်ထဲသို့ ထိုးစိုက်လိုက်သည်။
လီဝမ်ဟွေ့ အံ့သြသွားပြီးနောက် ဟိန်းဟောက်လိုက်ကာ အဆင့် ၃ မိန်းမစိုး ဝမ်ရွှဲ့၏ ခေါင်းပေါ်သို့ ပြင်းထန်စွာ ခုတ်ချလိုက်သည်။
“ရွှပ်။”
သူတို့သည် အခမ်းအနားများဆိုင်ရာ ညွှန်ကြားမှုဦးစီးဌာနမှ ဤ အဆင့် ၃ မိန်းမစိုးကို နှစ်ပိုင်း ပိုင်းလိုက်ကြသည်။
အခြားသူများ ကျဆုံးနေချိန်တွင် အနိုင်ကျင့် ဗိုလ်ကျရန် ရောက်လာသည့် အခမ်းအနားများဆိုင်ရာ ညွှန်ကြားမှုဦးစီးဌာနမှ ဤ အဆင့် ၃ မိန်းမစိုးသည် ဤကဲ့သို့ပင် ဆိုးရွားစွာ အဆုံးသတ်သွားခဲ့လေသည်။
အပိုင်း ၂၀၄ ပြီး။
(အပိုင်းပဲလွတ်သွားတာလား ဘာလားပဲ လိုက်ရှာပေမဲ့ မတွေ့ဘူးဗျ။ မူရင်းမယ်ကို မလိုအပ်တဲ့လာဖမ်းတာကို ကျော်ပြီး လိုရင်းကိုရေးထားတာဖြစ်မယ်။)