အခန်း (၂၀၇)
Vol. 21 Ch. 207
အမိန့်တစ်ချက် ပေးလိုက်သည်နှင့် တစ်ပြိုင်နက် မျက်နှာဖုံးစွပ်ထားသော အရှေ့ဘက်ကွပ်ကဲရေးရုံး စစ်သည် တစ်ထောင်ကျော်သည် လေးများကို ဆွဲတင်ကာ မြှားမိုးရွာချလိုက်ကြသည်။ ချက်ချင်းပင် အသက်ပေါင်းများစွာသည် ညှာတာမှုကင်းမဲ့စွာ ရိတ်သိမ်းခံလိုက်ရသည်။ တော်ဝင်မြင်းဇောင်း၏ ဒုတိယညွှန်ကြားရေးမှူး ကျန့်လင်းသည် စစ်သည် လေးရာကျော် ခေါ်ဆောင်လာပြီး အသည်းအသန် ခုခံသော်လည်း သူတို့ထက် အဆများစွာ သာလွန်သော အရှေ့ဘက်ကွပ်ကဲရေးရုံး စစ်သည်များကို ရင်ဆိုင်ရသောအခါ ချက်ချင်းပင် တပ်ပျက်သွားကြပြီး မြှားဒဏ်ကြောင့် တစ်ယောက်ပြီးတစ်ယောက် မြေပြင်ပေါ်သို့ လဲကျသွားကြသည်။
ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ကျန့်လင်း၏ မျက်လုံးများသည် နီရဲသွားလေပြီး ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။
“ဓားပြတွေကို ဖမ်းချင်ရင် ခေါင်းဆောင်ကို အရင်ဖမ်းရမယ်။ လီဝမ်ဟွေ့က ပုန်ကန်နေတာ။ သူ့ကို သတ်ကြ။”
ထို့နောက် သူသည် တော်ဝင်မြင်းဇောင်းမှ ကျွမ်းကျင်ပညာရှင် ဒါဇင်ပေါင်းများစွာကို ဦးဆောင်ကာ လီဝမ်ဟွေ့ထံသို့ ဒေါသတကြီး ပြေးဝင်သွားသည်။ လီဝမ်ဟွေ့ကို ဖမ်းမိလျှင် သို့မဟုတ် သတ်ဖြတ်နိုင်လျှင် အခြေအနေကို ပြောင်းလဲနိုင်မည်ဟု သူ ယုံကြည်နေသည်။ သူ့အမြင်တွင် လီဝမ်ဟွေ့ သေဆုံးသွားပါက ဤအရှေ့ဘက်ကွပ်ကဲရေးရုံး စစ်သည်များသည် ခေါင်းပြတ်သွားသော နဂါးကဲ့သို့ ဖြစ်သွားမည်ဖြစ်ပြီး တိုက်ခိုက်စရာမလိုဘဲ ဆုတ်ခွာသွားကြလိမ့်မည် ဟု ယူဆထားသည်။
“တုပိုင်ကို ကာကွယ်ထား။” လီဝမ်ဟွေ့က အမိန့်ပေးလိုက်သည်။ ချက်ချင်းပင် လီစန်းနှင့် လီစစ်တို့သည် နေရာယူလိုက်ပြီး တုပိုင်ကို ရှေ့နောက် ညှပ်ကာ ကာကွယ်လိုက်ကြသည်။ လီဝမ်ဟွေ့သည် သူ့ထံသို့ ပြေးဝင်လာသော ကျွမ်းကျင်ပညာရှင် ဒါဇင်ပေါင်းများစွာကို ကြည့်လိုက်သည်။ သူ့မျက်နှာပေါ်တွင် မထီမဲ့မြင် အပြုံးတစ်ချက် ပေါ်လာပြီး ရုတ်တရက် သူ၏ ဝတ်ရုံလက်များကို ဆွဲဖြဲလိုက်သည်။ သူသည် သံယောဇဉ်ဖြတ်လိုက်ခြင်း မဟုတ်ပေ။ သူ့ဝတ်ရုံလက်များ ရှည်လျားလွန်းသဖြင့် လူသတ်သည့်အခါ အနှောင့်အယှက် ဖြစ်စေသောကြောင့် ဖြစ်သည်။
“ငါက လီတောက်ကျိန်းကို နိုင်ချင်မှနိုင်မာ။ ဒါပေမဲ့ မင်းတို့လို တော်ဝင်မြင်းဇောင်းက ပေါက်လို့ပဲစား အကောင်တွေကို မနိုင်ဘူးလို့ ထင်နေတာလား။” လီဝမ်ဟွေ့က ခမ်းနားထည်ဝါစွာ ဟိန်းဟောက်လိုက်၏။ ထို့နောက် သူသည် ခုခံကာကွယ်ရန် ဆုတ်ခွာမည့်အစား တောရိုင်းသားရဲတစ်ကောင်ကဲ့သို့ ရှေ့သို့ တဟုန်ထိုး ပြေးထွက်သွားသည်။ သူ တစ်ယောက်တည်းဖြင့် တော်ဝင်မြင်းဇောင်း ပညာရှင် ဒါဇင်ပေါင်းများစွာ၏ တိုက်စစ်ကို ရင်ဆိုင်လိုက်သည်။
ချက်ချင်းပင် ကျန့်လင်း အနည်းငယ် ကြောင်အမ်းသွားသည်။ မျက်စိတစ်မှိတ် အတွင်းမှာပင် လီဝမ်ဟွေ့သည် တော်ဝင်မြင်းဇောင်း ပညာရှင်များရှေ့သို့ ရောက်ရှိသွားသည်။ သူသည် သူ၏ ရွှမ်းချီနှင့် အတွင်းအား အကုန်လုံးကို ဓားထဲသို့ စီးဆင်းစေပြီး ပြင်းထန်စွာ ခုတ်ပိုင်းလိုက်သည်။
“ရွှီးးး။ ရွှီးးး။ ရွှီးးး။”
လက်များ မြှောက်လိုက်တိုင်း ဓားချက်များ ကျဆင်းလာသည်။ သူ့အနေဖြင့် အကုန်လုံးကို တစ်ချက်တည်းနှင့် အနိုင်မယူနိုင်သော ပြိုင်ဘက်ဟူ၍ မရှိပေ။ တိုက်ခိုက်လိုက်တိုင်း လူတစ်ယောက် မုချ သေဆုံးရပြီး အလောင်းများမှာ ရုပ်ပျက်ဆင်းပျက် ဖြစ်ကျန်ရစ်သည်။ ဓားချက်တိုင်းသည် ခေါင်းဖြတ်လိုက်ခြင်း ၊ ခါးမှပိုင်းဖြတ်လိုက်ခြင်း သို့မဟုတ် ကိုယ်ကို ထက်ခြမ်းခွဲလိုက်ခြင်းတို့ဖြင့် အဆုံးသတ်သွားသည်။
နှစ်ပေါင်းများစွာ ရာထူးကြီးမားစွာ ရယူထားသော်လည်း လီဝမ်ဟွေ့သည် သူ၏ သိုင်းပညာလေ့ကျင့်ချင်းကို တစ်ခဏမျှပင် လစ်ဟင်းခဲ့ခြင်း မရှိပေ။
“ရွှီးးး။ ရွှီးးး။ ရွှီးးး။” သူသည် လူဒါဇင်ပေါင်းများစွာကို တစ်ယောက်တည်း တိုက်ခိုက်နေသော်လည်း သိုးအုပ်ထဲသို့ ဝင်ရောက်သွားသော ကျားတစ်ကောင်ကဲ့သို့ ဖြစ်နေသည်။ သွေးများ ပန်းထွက်နေပြီး ကြက်ကလေး ငှက်ကလေးများကို သတ်ဖြတ်နေသကဲ့သို့ လွယ်ကူလွန်းလှသည်။ တစ်မိနစ်ခန့် အတွင်းမှာပင် ကျန့်လင်း ခေါ်ဆောင်လာသော တော်ဝင်မြင်းဇောင်းမှ စစ်သည်ပညာရှင် ၃၀ ကျော်သည် လုံးဝ သုတ်သင်ခံလိုက်ရသည်။
ကျန့်လင်း၏ မျက်ဝန်းများ ကျဉ်းမြောင်းသွားသည်။ သူသည် ကျယ်ပြန့်သော ဝတ်ရုံလက်များကို ပင့်တင်လိုက်ပြီး သူ၏ ရှည်လျားသော ဓားကို ဖြည်းညှင်းစွာ ထုတ်ကာ ကျွမ်းကျင်ပညာရှင်တစ်ယောက်၏ ဟန်ပန်ကို ချက်ချင်း ထုတ်ဖော်လိုက်သည်။
“လီဝမ်ဟွေ့။ ငါက မိန်းမစိုးဂိုဏ်းအကယ်ဒမီမှာ မင်းထက် တစ်နှစ် စီနီယာကျတယ်။ မင်းက ဘွဲ့ယူစာမေးပွဲမှာ ပထမရခဲ့သလို ငါကလည်း ပထမရခဲ့တာပဲ။ ငါ့ရမှတ်က မင်းထက် တစ်မှတ် ပိုများတယ်ဆိုတာ ငါ မှတ်မိနေသေးတယ်။ ဟုတ်တယ်မလား။” ကျန့်လင်းက ပြောလိုက်သည်။
လီဝမ်ဟွေ့ ရပ်တန့်လိုက်သည်။ ခါးကို မတ်မတ်ထားလျက် သူ့ဓားပေါ်မှ သွေးများကို ခါလိုက်သည်။
ကျန့်လင်းက ဆက်ပြောသည်။ “ဒါပေမဲ့ ငါ မင်းကို ပြောပြဖို့ မေ့သွားတာ တစ်ခုရှိတယ်။ အဲဒီတုန်းက မိန်းမစိုးဂိုဏ်းအကယ်ဒမီ ဘွဲ့ယူစာမေးပွဲမှာ ငါ အားအကုန်ထုတ်မသုံးခဲ့ဘူး။ တော်ဝင်မြင်းဇောင်းမှာရှိတဲ့ ငါ့အာဏာက အရှေ့ဘက်ကွပ်ကဲရေးရုံးမှာရှိတဲ့ မင်းအာဏာလောက် မကြီးမားပေမဲ့ အားသာချက်တစ်ခုတော့ ရှိတယ်။ ငါက သိုင်းပညာကို စိတ်နှစ်ပြီး ကျင့်ကြံနိုင်တယ်။ မင်းတို့က အထူးအဖွဲ့ဖြစ်နေချိန်မှာ ငါတို့က စစ်သည်တွေကို လေ့ကျင့်ပေးရတာမို့ ငါတို့က ပိုပြီး ကျွမ်းကျင်တယ်။”
လီဝမ်ဟွေ့သည် တိတ်ဆိတ်နေဆဲ ဖြစ်သည်။ သူ၏ မျက်နှာသည် အိပ်ရေးပျက်ထားသောကြောင့် ပိန်လှီနေပြီး မျက်လုံးအိမ်များမှာ ချိုင့်ဝင်နေသည်။
ဆန့်ကျင်ဘက်အနေဖြင့် ကျန့်လင်းသည် ခံ့ညားထည်ဝါပြီး ဇွဲလုံးလ အပြည့်ရှိကာ မျက်ဝန်းများသည် လျှပ်စီးကဲ့သို့ တောက်ပနေသည်။
“လီဝမ်ဟွေ့။ မင်းက အရှင်မင်းမြတ်ရဲ့ အဖော်ဖြစ်သလို လီလျန်တင်းရဲ့ မွေးစားသားလည်း ဖြစ်တယ်။ အာဏာအရဆိုရင် ငါက မင်းနဲ့ ယှဉ်လို့မရဘူး။” ကျန့်လင်းက ပြောလိုက်သည်။ “ဒါပေမဲ့ သိုင်းပညာမှာတော့ ငါက မင်းထက် သာလွန်တယ်။ ငါ့ရဲ့ တော်ဝင်မြင်းဇောင်း လူတွေကို သတ်ဖြတ်ပြီးတဲ့နောက် မင်းရဲ့ အတွင်းအားတွေလည်း ကုန်ခမ်းလုနီးပါး ဖြစ်နေလောက်ပြီ။ အင်ပါယာရဲ့ အဆင့်နှစ် သိုင်းပညာရှင်တစ်ယောက်အနေနဲ့ ဂျူနီယာညီလေး ဖြစ်တဲ့ မင်းရဲ့ အရည်အချင်းကို စမ်းသပ်ဖို့ အချိန်ရောက်ပြီ။”
ဓားတစ်စင်းကဲ့သို့ စူးရှသော လေကို ဖြည်းညှင်းစွာ မှုတ်ထုတ်လိုက်ပြီး ကျန့်လင်းက ဖြည်းညှင်းစွာ ပြောလိုက်သည်။ “လီဝမ်ဟွေ့က အမိန့်တော်ကို ဖီဆန်တယ်။ သခင်က အရှက်ရရင် ကျွန်က သေပေးရစမြဲပဲ။ ငါ ကျန့်လင်းက အရှင်မင်းမြတ်ရဲ့ ဂုဏ်သိက္ခာအတွက် ဒီလူယုတ်မာကို သတ်ဖြတ်မယ်။ လီဝမ်ဟွေ့။ အဆုံးကျတော့ အသက်နဲ့ သေဆုံးခြင်းကို ဆုံးဖြတ်ဖို့ သိုင်းပညာကိုပဲ အားကိုးရတော့မယ်။ ငါ့ဓားချက်နဲ့ သေရတာ မင်းအတွက် ဂုဏ်ယူစရာပဲ။”
ထိုသို့ပြောပြီးနောက် ကျန့်လင်းသည် ပြင်းထန်စွာ ဟိန်းဟောက်လိုက်သည်။ ချက်ချင်းပင် သူ၏ ပုံရိပ်နှင့် ဓားသည် လျှပ်စီးတစ်ချက် ၊ သရဲတစ္ဆေအရိပ်တစ်ခုကဲ့သို့ လီဝမ်ဟွေ့ထံသို့ ပြင်းထန်စွာ ထိုးစိုက်လိုက်သည်။
“ဖောက်” သူ၏ ပုံရိပ်နှင့် ထက်ရှသော ဓားသည် လီဝမ်ဟွေ့ဘေးမှ လျင်မြန်စွာ ဖြတ်သန်းသွားသည်။ ထို့နောက် ကျန့်လင်းသည် နေရာတွင် ကြက်သေသေသွားပြီး မျက်နှာသည် နာကျင်မှုကြောင့် ရှုံ့မဲ့သွားသည်။ အောက်ငုံ့ကြည့်လိုက်သောအခါ သူ၏ ခန္ဓာကိုယ်တစ်ခုလုံး ရုတ်တရက် မြေပြင်ပေါ်သို့ ပြိုလဲကျသွားသည်။
အဘယ်ကြောင့်ဆိုသော် သူ၏ ဒူးအောက်ပိုင်း ခြေထောက်များသည် သေသပ်စွာ ပြတ်တောက်သွားသောကြောင့် ဖြစ်သည်။ သူ၏ ခန္ဓာကိုယ် လဲကျသွားသောအခါ အောက်ပိုင်းမှ ခြေထောက်များသည် မြေကြီးပေါ်တွင် မတ်မတ် ရပ်လျက်သား ကျန်ရစ်ခဲ့သည်။
“အားးးးးးး။” ကျန့်လင်းသည် အလွန်သနားစဖွယ် စူးရှစွာ အော်ဟစ်လိုက်သည်။ လီဝမ်ဟွေ့သည်တော့ လက်ထဲမှ ဓားကို ပေါ့ပါးစွာ ခါလိုက်ပြီး ပြောလိုက်သည်။ “သိုင်းပညာဆိုတာ သေရေးရှင်ရေး တိုက်ပွဲတွေကနေ တိုးတက်လာတာ။ ခြံဝင်းထဲမှာထိုင်ပြီး ရေတွင်းထဲက ဖားသူငယ် စိတ်ဓာတ်နဲ့ လေ့ကျင့်နေရုံနဲ့ မရဘူး။”
ကျန့်လင်း လဲကျသွားသည်ကို မြင်သောအခါ သူခေါ်ဆောင်လာသော ရာပေါင်းများစွာသော စစ်သည်များသည် တိုက်ခိုက်လိုစိတ် လုံးဝ ပျောက်ဆုံးသွားကြသည်။ ထို့အပြင် သူတို့ထက် အဆများစွာ သာလွန်သော အရှေ့ဘက်ကွပ်ကဲရေးရုံး စစ်သည်များကို ရင်ဆိုင်ရသဖြင့် နိုင်နိုင်ချေ လုံးဝ မရှိတော့ပေ။
ချက်ချင်းပင် ကျန်ရှိနေသော လူနှစ်ရာကျော်သည် မြေပြင်ပေါ်တွင် ဒူးထောက်ကာ လက်များကို မြှောက်၍ အော်ဟစ်လိုက်ကြသည်။ “အဖမ်းခံပါမယ်။ အဖမ်းခံပါမယ်။”
လီဝမ်ဟွေ့သည် အမိန့်တော်ကို ဖီဆန်ခဲ့ပြီးဖြစ်သည်။ အကယ်၍ သူတို့ ဆက်လက် ခုခံနေပါက သေလမ်းတစ်လမ်းသာ ရှိတော့သည်။
“ကျွန်တော်တို့က တော်ဝင်မြင်းဇောင်းက မဟုတ်ပါဘူး။ ကျွန်တော်တို့က ကျန်းနန်မျှော်စင်ကပါ။”
“ကျွန်တော်တို့က လျန်ကျိုးစီရင်စုကပါ။”
လီဝမ်ဟွေ့သည် မြေပြင်ပေါ်တွင် ဒူးထောက်နေသော လူနှစ်ရာကျော်ကို ကြည့်လိုက်သည်။ သူ၏ မျက်ဝန်းများ အေးစက်သွားပြီး ရုတ်တရက် လက်ကို ဝှေ့ယမ်းလိုက်သည်။
“ရွှီးးး။ ရွှီးးး။ ရွှီးးး။ ရွှီးးး။ ရွှီးးး။”
သူ့နောက်ရှိ အရှေ့ဘက်ကွပ်ကဲရေးရုံး စစ်သည်များသည် တညီတညွတ်တည်း မြှားများ ပစ်လွှတ်လိုက်ကြသည်။
“ဖောက်။ ဖောက်။ ဖောက်။ ဖောက်။ ဖောက်။”
ခဏအတွင်းမှာပင် ကျန်ရှိနေသော လူနှစ်ရာကျော်သည် လုံးဝ သုတ်သင်ခံလိုက်ရသည်။
ဒူးနေရာမှ ခြေထောက်ပြတ်သွားသော တော်ဝင်မြင်းဇောင်း ဒုတိယညွှန်ကြားရေးမှူး ကျန့်လင်းသည် မြေကြီးပေါ်တွင် တွားသွားရင်း ဟိန်းဟောက်လိုက်သည်။ “လီဝမ်ဟွေ့။ မင်းက အမိန့်တော်ကို ဖီဆန်ရဲတယ်။ ဒါက ပုန်ကန်တာ။ ပုန်ကန်တာကွ။ မင်း ဘယ်လောက်ပဲ ပြေးပြေး ဘယ်သူမှ မင်းကို မကယ်နိုင်ဘူး။ မင်းတော့ သေပြီ။ သေပြီ။”
အပိုင်း ၂၀၇ ပြီး။
(တရုတ်ရိုးရာအရ လက်ဝတ်ရုံကို ဖြဲလိုက်ရင် သံယောဇဥ်ဖြတ်တာကို ဆိုလိုတဲ့ အယူရှိမယ် ထင်တယ်။ တရုတ်မဟုတ်တော့မသိဘူးဗျ။ မူရင်းမယ်ပါတော့လည်း ထည့်ရေးထားရတယ်။ 😅)