အခန်း (၂၀၉)
Vol. 21 Ch. 209
(မိန်းမစိုးအကယ်ဒမီဘာညာပဲ ဆက်သုံးမယ်ဗျ။ ဒါပေမဲ့ လူနာမည်တွေကိုတော့ ကုန်းကုန်းပြောင်းသုံးမယ်ဗျာ။ ပိုပြီးတော့ သဘာဝကျတယ်လို့ ခံစားရလို့ပါ။ ဇာတ်လမ်းတော်တော်ရောက်မှ ပြောင်းတာ အဆင်မပြေသလိုဖြစ်သွားရင် တောင်းပန်ပါတယ်ဗျ။ သည်းခံပြီးဖတ်ပေးပါနော်။ Free များများချပေးပါမယ်။ 🥺)
ခြေလှမ်းတစ်ဆယ်အတွင်း လူတစ်ယောက်ကို သတ်ဖြတ်နိုင်ပြီး လီတစ်ထောင်အကွာအဝေးအထိ ခြေရာဖျောက်နိုင်စွမ်း ရှိသည်။
မင်းသမီးနင်းရွှဲ့သည် ပြိုင်ဘက်ကင်း သိုင်းပညာ ၊ ပြိုင်ဘက်ကင်း အလှတရားနှင့် သူရဲကောင်းဆန်သော စိတ်ဓာတ်တို့ဖြင့် ဖြည်းညှင်းစွာ ဆင်းသက်လာခဲ့သည်။
သူမ၏ လက်ထဲမှ ဓားသည် အိမ်ထဲသို့ ပြန်မဝင်သေးပေ။
ခဏအကြာတွင် ကွမ်ရှီးပြည်နယ် ဒုတိယတပ်မှူး လင်းယောက်၏ ခေါင်းသည် မြေကြီးပေါ်သို့ ပြုတ်ကျသွားပြီး လည်ပင်းမှ သွေးများ ပန်းထွက်လာကာ ခန္ဓာကိုယ်သည် “ဘုန်းးး။” ခနဲ မြေပြင်ပေါ်သို့ လဲကျသွားသည်။
ဤငယ်ရွယ်ပြီး ထင်ရှားသော ကွမ်ရှီးဒုတိယတပ်မှူးသည် သူ၏ ဂုဏ်ကျက်သရေရှိသော အခိုက်အတန့်ကို မခံစားလိုက်ရဘဲ သေဆုံးသွားခဲ့ရသည်။
“စစ်အမိန့်မပါဘဲ တပ်တွေကို ရွှေ့ပြောင်းပြီး စစ်ဘက်ဆိုင်ရာ လက်နက်ကြီးတွေ သုံးတာက နိုင်ငံတော် ပုန်ကန်မှုနဲ့ အတူတူပဲ။ နေရာမှာတင် ကွပ်မျက်စေ။” မင်းသမီးနင်းရွှဲ့က အေးစက်စွာ ပြောလိုက်သည်။
ကွမ်ရှီးဘုရင်ခံ လော့ဝမ်နှင့် တောင်ပိုင်းပင်လယ် သိုင်းကျောင်းတော်၏ ကျောင်းထိုင် ကျူးဝူယာတို့သည် မြေပြင်ပေါ်ရှိ လင်းယောက်၏ အလောင်းကို စိုက်ကြည့်ရင်း ချက်ချင်းပင် မျက်လုံးများ ပြူးကျယ်သွားကြသည်။
ကုန်းကုန်းလီဝမ်ဟွေ့ကို သတ်ဖြတ်ရန် တပ်များကို ရွှေ့ပြောင်းခြင်းသည် ကြီးလေးသော နောက်ဆက်တွဲဆိုးကျိုးများ ရှိလာမည်ကို သူတို့ သေချာပေါက် သိကြသည်။ အဘယ်ကြောင့်ဆိုသော် လီဝမ်ဟွေ့၏ အရှေ့ဘက်ကွပ်ကဲရေးရုံး စစ်သည်များမှာ အရှေ့ဘက်ကွပ်ကဲရေးရုံး၏ အထူးလက်နက်ကိုင်တပ်ဖွဲ့များ ဖြစ်ကြသော်လည်း ဤစစ်သည်များမှာမူ ပုံမှန် စစ်သည်များ ဖြစ်ကြသောကြောင့် ဖြစ်သည်။
ထိုသို့ဖြစ်လျှင်ပင် ကုန်းကုန်းလီဝမ်ဟွေ့သည် လီမိသားစု၏ အမာခံစခန်းကို အရေးယူရန် ပြင်ဆင်သောအခါ ငြိမ်းချမ်းရေးစော်ဘွား၏ တံဆိပ်တုံးကို ဝမ်ရင်ထံမှ ဦးစွာ ရယူခဲ့သည်။
ထို့ကြောင့် လော့ဝမ်နှင့် ကျူးဝူယာတို့သည် အရေးကြီးသော အချိန်တွင် အပြစ်ပုံချရန် ရည်ရွယ်ချက်ဖြင့် တပ်ဖွဲ့ ကွပ်ကဲမှုကို ငယ်ရွယ်သော ကွမ်ရှီးဒုတိယတပ်မှူး လင်းယောက်ထံ လွှဲအပ်ခဲ့ကြသည်။
သို့သော် အပြစ်ပုံချမည် ဆိုလျှင်ပင် ကုန်းကုန်းလီဝမ်ဟွေ့ကို သတ်ပြီးမှ လုပ်ရမည် ဖြစ်သည်။ ယခုမူ လှုပ်ရှားမှုပင် မစရသေးခင် မင်းသမီးနင်းရွှဲ့၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရပြီ ဖြစ်သည်။
ကွမ်ရှီးဘုရင်ခံ လော့ဝမ်သည် သွားများသွေးထွက်လာသည်အထိ အံကိုတင်းတင်းကြိတ်ထားလျက် ဒူးထောက်ကာ ပြောလိုက်သည်။ “မင်းသမီး။ ကုန်းကုန်းလီဝမ်ဟွေ့က အမိန့်တော်ကို ဖီဆန်ပြီး အမိန့်ပြန်တမ်းလာပို့တဲ့ တော်ဝင်သံတမန်ကို သတ်ဖြတ်ခဲ့ပါတယ်။ ဒါက နိုင်ငံတော်ပုန်ကန်မှုနဲ့ အတူတူပါပဲ။ ဒါကြောင့် ဒုတိယတပ်မှူးလင်းက သူ့ကို နှိမ်နင်းဖို့ တပ်တွေကို ရွှေ့ပြောင်းခဲ့တာပါ။ သူက နန်းတော်ရဲ့ တရားမျှတမှုနဲ့ အရှင်မင်းမြတ်ရဲ့ ဂုဏ်သိက္ခာအတွက် လုပ်ဆောင်ခဲ့တာပါ။ အမှားအမှန်ကို မခွဲခြားဘဲ သူ့ကို သတ်ဖြတ်လိုက်တာက မင်းသမီးအနေနဲ့ သိပ်ပြီး မဆင်မခြင်ရာ ကျမနေဘူးလား။”
ဤအရေးကြီးသော အချိန်တွင် ကွမ်ရှီးဘုရင်ခံ လော့ဝမ်သည် ဟန်ဆောင်နေနိုင်ခြင်း မရှိတော့ပေ။
မင်းသမီးနင်းရွှဲ့က ပြောလိုက်သည်။ “ကုန်းကုန်းလီဝမ်ဟွေ့က အမိန့်တော်ကို ဖီဆန်တယ် ဟုတ်လား။ တော်ဝင်သံတမန်ကို သတ်တယ် ဟုတ်လား။ ရှင် ဘယ်လိုသိလဲ။ ရှင် မြင်လိုက်လို့လား။”
လော့ဝမ် လန့်သွားပြီးနောက် ပြောလိုက်သည်။ “ဟုတ်သည်။ မဟုတ်သည် ဆိုတာကို ကျွန်တော်တို့ အတွင်းထဲဝင်ပြီး ကြည့်လိုက်ရင် သိရမှာပါ။”
မင်းသမီးနင်းရွှဲ့က ပြောလိုက်သည်။ “ကောင်းပြီ။ ဝင်ကြည့်ကြတာပေါ့။”
ထိုအချိန်တွင် ပြင်းထန်သော မြင်းခွာသံများ ထပ်မံ ထွက်ပေါ်လာပြီး မြင်းစီးစစ်သည် ရာပေါင်းများစွာသည် ဒုန်းစိုင်းပြေးလာကာ ရပ်တန့်လိုက်ကြသည်။
ဤသူများမှာ မင်းသမီးနင်းရွှဲ့၏ ကိုယ်ရံတော် မြင်းတပ်ဖွဲ့များ ဖြစ်ကြသည်။ အစောက အခြေအနေ အရေးတကြီး ဖြစ်နေသဖြင့် မင်းသမီးနင်းရွှဲ့သည် ကိုယ်ဖော့သိုင်းပညာကို အသုံးပြုကာ လင်းယောက်ကို ကွပ်မျက်ရန် အလျင်အမြန် ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။ သူမ၏ ကိုယ်ရံတော်များ အမီလိုက်ရန် အချိန်အနည်းငယ် ကြာမြင့်ခဲ့သည်။
မင်းသမီးနင်းရွှဲ့ ၊ ကွမ်ရှီးဘုရင်ခံ လော့ဝမ် ၊ ကျူးဝူယာနှင့် အခြားသူများသည် ကုန်းကုန်းလီဝမ်ဟွေ့ အမိန့်တော်ကို ဖီဆန်ခြင်း ရှိမရှိနှင့် ပုန်ကန်ခြင်း ရှိမရှိ စစ်ဆေးရန် သွေးကွမ်ရင်မယ်တော်၏ အိမ်တော်ထဲသို့ ဝင်ရောက်လာကြသည်။
အတွင်းဘက်တွင် အလောင်းပေါင်း ရာနှင့်ချီ၍ နေရာအနှံ့ ပြန့်ကျဲနေသည်။
လော့ဝမ်က အေးစက်စွာ ပြောလိုက်သည်။ “ဒါတွေအားလုံးက တော်ဝင်မြင်းဇောင်းက စစ်သည်တွေပဲ။ အားလုံးက အမိန့်ပြန်တမ်း လာပို့တဲ့ တော်ဝင်သံတမန်ရဲ့ အစောင့်တွေ။ အခုတော့ အကုန်လုံး ဒီမှာ အသတ်ခံလိုက်ရပြီ။ ဒါက ကုန်းကုန်းလီဝမ်ဟွေ့ ပုန်ကန်တာ မဟုတ်ဘူးလား။ သတိပေးချက်အနေနဲ့ သူ့ကို ကွပ်မျက်ပေးဖို့ မင်းသမီးကို တောင်းဆိုပါတယ်။”
ကုန်းကုန်းလီဝမ်ဟွေ့သည် ရှေ့သို့ တိုးလာပြီး မင်းသမီးနင်းရွှဲ့ရှေ့တွင် ရိုသေစွာ ဒူးထောက်လိုက်သည်။ “ကျွန်တော်မျိုး မင်းသမီးကို ဂါရဝပြုပါတယ်။”
မင်းသမီးနင်းရွှဲ့သည် ကုန်းကုန်းလီဝမ်ဟွေ့ကို ထူမပေးလိုက်ပြီး ပြောလိုက်သည်။ “အမတ်မင်းလီ။ ဘုရင်ခံလော့ဝမ်က ပြောနေတယ်။ ရှင်က တော်ဝင်သံတမန်ရဲ့ အစောင့်တွေကို သတ်လိုက်တယ်ဆို။ အဲဒါ အမှန်ပဲလား။”
“လုံးဝ မဟုတ်ပါဘူး။” ကုန်းကုန်းလီဝမ်ဟွေ့က ပြောလိုက်သည်။
လော့ဝမ်က အေးစက်စွာ ပြောလိုက်သည်။ “ဒါဆို ဒီမြေကြီးပေါ်က အလောင်းတွေက ဘယ်သူတွေရဲ့ အလောင်းတွေလဲ။”
ကုန်းကုန်းလီဝမ်ဟွေ့က ဖြည်းညှင်းစွာ ပြောလိုက်သည်။ “ကျွန်တော်လည်း ရှင်းရှင်းလင်းလင်း မေးချင်ပါတယ်။ ဒီမြေကြီးပေါ်က အလောင်းတွေက ဘယ်သူတွေရဲ့ အလောင်းတွေလဲ။”
သူသည် ရုတ်တရက် အလောင်းတစ်ခုကို ဆွဲယူလိုက်ပြီး ပြောလိုက်သည်။ “ဒီတစ်ယောက်က ကျန်းနန်မျှော်စင်က တပည့်။”
“ဒီတစ်ယောက်က လျန်ကျိုးစီရင်စု ကင်းလှည့်စစ်ဆေးရေးမှူး လက်အောက်က စစ်ဘက်အရာရှိ။”
“ဒီတစ်ယောက်က တောင်ပိုင်းပင်လယ် သိုင်းကျောင်းတော်က သိုင်းပညာရှင်အစောင့်။”
“သူတို့ထဲမှာ တော်ဝင်မြင်းဇောင်းက စစ်သည် တစ်ယောက်လောက် ပါလို့လား။”
ထိုစကားများကြောင့် တစ်နေရာလုံးရှိ လူများ ကြောင်အမ်းသွားကြသည်။
“အလောင်းတွေကို ခွဲခြားသတ်မှတ်ဖို့ လူလွှတ်ချင်သေးလား။” ကုန်းကုန်းလီဝမ်ဟွေ့က မေးခွန်းထုတ်လိုက်သည်။
မည်သူမျှ ပြန်မဖြေကြပေ။
ကျန့်လင်း ခေါ်ဆောင်လာသော တော်ဝင်သံတမန် အစောင့်အဖွဲ့တွင် လူဒါဇင်အနည်းငယ်သာ ပါဝင်သည်။ ကုန်းကုန်းလီဝမ်ဟွေ့ကို မသတ်နိုင်မည် စိုးရိမ်သဖြင့် သူတို့သည် ကွမ်ရှီးပြည်နယ် ဒေသခံ ရာပေါင်းများစွာကို တော်ဝင်မြင်းဇောင်း စစ်သည်များအဖြစ် ဟန်ဆောင်ရန် စုဆောင်းခဲ့ကြသည်။ ယခုတွင် သူတို့သည် ကိုယ့်ခြေထောက်ကို ကျောက်တုံးနှင့် ပြန်ထုမိသကဲ့သို့ ဖြစ်သွားကြသည်။
အစစ်အမှန် တော်ဝင်မြင်းဇောင်း စစ်သည်များအတွက်မူ လီဝမ်ဟွေ့သည် သူတို့၏ အလောင်းများကို အစအနမကျန် ဖျက်ဆီးပစ်ခဲ့ပြီး ဖြစ်သည်။
“ဒါဆို ကုန်းကုန်းကျန့်လင်းကရော။ သူ ဘာလို့ မြေကြီးပေါ်မှာ လဲနေရတာလဲ။” လော့ဝမ်က အေးစက်စွာ ပြောလိုက်သည်။ “သူက အမိန့်ပြန်တမ်း လာပို့တဲ့ တော်ဝင်သံတမန်လေ။ သူ ဘာလို့ ဒီမှာ သေနေရတာလဲ။”
ကုန်းကုန်းလီဝမ်ဟွေ့က ပြောလိုက်သည်။ “သူ လုံးဝ မသေသေးပါဘူး။ ခြေထောက်ပြတ်ပြီး လျှာအဖြတ်ခံထားရရုံပါ။ သူက အမိန့်ပြန်တမ်း လာပို့တဲ့ တော်ဝင်သံတမန်လား။ ကျွန်တော်ကတော့ အမိန့်တော်ပြန်တမ်းကို မမြင်မိပါဘူး။ ကျွန်တော်တို့က ကုန်းကုန်းကျန့်လင်းကို တော်ဝင်သံတမန်အစောင့်တွေအဖြစ် ဟန်ဆောင်ထားတဲ့ ဒီဓားပြတွေ လက်ထဲကနေ ကယ်တင်ခဲ့တာပါ။ သူက ကုန်းကုန်းဂိုဏ်းအကယ်ဒမီက ကျွန်တော့်ရဲ့ စီနီယာအစ်ကိုလေ။ ကျွန်တော်တို့ ဆက်ဆံရေးက ညီအစ်ကိုတွေလို ရင်းနှီးတာ။ ကျွန်တော်တို့က ဘယ်လိုလုပ် သူ့ကို သတ်ရမှာလဲ။”
တော်ဝင်မြင်းဇောင်း ဒုတိယညွှန်ကြားရေးမှူး ကုန်းကုန်းကျန့်လင်းသည် ပါးစပ်ကို နာကျင်စွာ ဟလိုက်သော်လည်း စကားတစ်လုံးမှ ထွက်မလာပေ။ အဘယ်ကြောင့်ဆိုသော် သူ၏လျှာသည် ဖြတ်တောက်ခံထားရသောကြောင့် ဖြစ်သည်။ သူ၏ လက်နှစ်ဖက်စလုံး ပြတ်တောက်နေသဖြင့် စာလည်း မရေးနိုင်တော့ပေ။
“ဒီယုတ်မာတဲ့ ဓားပြတွေက သူ့လျှာကို ဖြတ်တောက်ပစ်ရုံတင်မကဘူး။ လက်တွေကိုပါ ဖြတ်ပစ်လိုက်ကြတယ်။” ကုန်းကုန်းလီဝမ်ဟွေ့က ပြောလိုက်သည်။ “ဒီဓားပြတွေက တော်ဝင်သံတမန်ကို ချုံခိုတိုက်ခိုက် သတ်ဖြတ်ပြီး တော်ဝင်သံတမန်အဖြစ်တောင် ဟန်ဆောင်ခဲ့ကြတယ်။ သူတို့မှာ ကြီးမားတဲ့ ပူးပေါင်းကြံစည်မှု ရှိကိုရှိရမယ်။ ဒီကိစ္စကို သေချာ စုံစမ်းစစ်ဆေးဖို့ လိုတယ်။”
ကွမ်ရှီးဘုရင်ခံ လော့ဝမ်နှင့် ကျူးဝူယာတို့သည် ဒေါသထွက်လွန်း၍ ဦးရေပြားထိပ်မှ မီးခိုးထွက်လုမတတ် ဖြစ်နေကြသည်။
မင်းသမီးနင်းရွှဲ့က ပြောလိုက်သည်။ “ကိစ္စက ယာယီအားဖြင့် ရှင်းလင်းသွားပြီ။ ဒါပေမဲ့ သေချာ စုံစမ်းစစ်ဆေးဖို့တော့ လိုသေးတယ်။ အမတ်မင်းနှစ်ယောက်။ ကျွန်မမှာ ကုန်းကုန်းလီဝမ်ဟွေ့အတွက် အမိန့်တော်ပြန်တမ်း ပါတယ်။ ရှင်တို့လည်း ဒီမှာ ဆက်နေဦးမလို့လား။”
ကုန်းကုန်းလီဝမ်ဟွေ့၏ စကားများတွင် ဟာကွက်များ အပြည့်ရှိနေသော်လည်း မင်းသမီးနင်းရွှဲ့ ရှိနေခြင်းကြောင့် လော့ဝမ်နှင့် ကျူးဝူယာတို့သည် ကွမ်ရှီးပြည်နယ်တွင် လီဝမ်ဟွေ့ကို ကွပ်မျက်ရန် အခွင့်အရေး ဆုံးရှုံးသွားပြီ ဖြစ်သည်။
“ကုန်းကုန်းလီဝမ်ဟွေ့။ မင်း သေမင်းလက်ကနေ မလွတ်မြောက်နိုင်သေးပါဘူး။ နောက်ကျရင် အရှင်မင်းမြတ် ကိုယ်တိုင် မင်းကို ကွပ်မျက်လိမ့်မယ်။”
ထို့နောက် လော့ဝမ်နှင့် ကျူးဝူယာတို့ ထွက်ခွာသွားကြသည်။
ထိုလူများ ပင်ပင်ပန်းပန်းဖြင့် စုဆောင်းထားသော စစ်သည်ငါးထောင်သည်လည်း ဆုတ်ခွာသွားကြလေသည်။
အပိုင်း ၂၀၉ ပြီး။