အခန်း (၂၁၀)
Vol. 21 Ch. 210
ဤလူများအတွက် ကုန်းကုန်းလီဝမ်ဟွေ့သည် သေလမ်းသို့ ဦးတည်နေသည်မှာ သေချာသလောက် ရှိသော်လည်း ကွမ်ရှီးပြည်နယ်အတွင်း သူ့ကို သတ်ဖြတ်ရန် ပျက်ကွက်ခဲ့ခြင်းသည် ကြီးမားသော ဆုံးရှုံးမှုတစ်ရပ် ဖြစ်သည်။ ဤအရာသည် သူတို့ကို နက်ရှိုင်းစွာ နာကျင်စေပြီး မင်းသမီးနင်းရွှဲ့အပေါ် အမုန်းပွားကာ အံကြိတ်စေခဲ့သည်။
“ကောင်းကင်ဘုံအမိန့်တော်အရ ဧကရာဇ်မင်းမြတ် မိန့်ကြားလိုက်သည်။ ကုန်းကုန်းလီဝမ်ဟွေ့ကို ဖမ်းဆီးပြီး စစ်ဆေးမေးမြန်းရန် နေပြည်တော်သို့ ခေါ်ဆောင်လာရမည်။ လိုက်နာစေ။”
ကုန်းကုန်းလီဝမ်ဟွေ့သည် နောက်တစ်ကြိမ် ဒူးထောက်လိုက်သည်။ “ကျွန်တော်မျိုး လီဝမ်ဟွေ့ အမိန့်တော်ကို နာခံပါတယ်။ အရှင်မင်းမြတ် သက်တော်ရာကျော် ရှည်ပါစေ။”
ကုန်းကုန်းလီဝမ်ဟွေ့ကို ဖမ်းဆီးပြီး နေပြည်တော်သို့ ခေါ်ဆောင်လာရန် ဧကရာဇ်က အမိန့်တော် ထုတ်ပြန်ပြီးနောက် မင်းသမီးနင်းရွှဲ့သည် ကုန်းကုန်းလီဝမ်ဟွေ့ကို ဖမ်းဆီးရန် စေလွှတ်လိုက်သူမှာ အရှေ့ဘက်ကွပ်ကဲရေးရုံးမှ ကုန်းကုန်းလီလျန်တင်း မဟုတ်ဘဲ တော်ဝင်မြင်းဇောင်း ဖြစ်နေကြောင်း ကြားသိလိုက်ရသည်။
သူမသည် တစ်ခုခုမှားယွင်းနေကြောင်း ချက်ချင်း ခံစားလိုက်ရသည်။ တစ်ဖက်လူများသည် ကုန်းကုန်းလီဝမ်ဟွေ့ကို နေပြည်တော်သို့ ဘေးကင်းစွာ ရောက်ရှိခွင့် ပြုမည်မဟုတ်ဘဲ အမိန့်တော်ကို ဖီဆန်သည်ဟူသော ခေါင်းစဉ်တပ်ကာ ကွမ်ရှီးပြည်နယ်၌ပင် တိုက်ရိုက် သတ်ဖြတ်ပစ်နိုင်ခြေ အလွန်များနေသည်။
ထို့ကြောင့် သူမသည် ဧကရာဇ်ထံမှ ဒုတိယမြောက် အမိန့်တော်ပြန်တမ်းကို ချက်ချင်း တောင်းခံခဲ့ပြီး ကိုယ်ရံတော် ရာပေါင်းများစွာကို ခေါ်ဆောင်ကာ နေ့ရောညပါ အနားမယူဘဲ တောင်ဘက်သို့ အမြန်ဆုံး ခရီးနှင်ခဲ့သည်။ နောက်ဆုံး အခိုက်အတန့်တွင် သူမသည် ကြောက်မက်ဖွယ် အကောင်းဆုံး အခြေအနေကို တားဆီးနိုင်ခဲ့သည်။
ကုန်းကုန်းလီဝမ်ဟွေ့၏ အရပ်ရှည်သော်လည်း ပိန်လှီသော ခန္ဓာကိုယ်သည် မြေပြင်ပေါ်တွင် ဒူးထောက်နေသည်ကို မြင်လိုက်ရသောအခါ မင်းသမီးနင်းရွှဲ့၏ လှပသော မျက်ဝန်းများ နီရဲလာပြီး ပြောလိုက်သည်။ “အမတ်မင်းလီ။ ကျွန်မ တောင်းပန်ပါတယ်။”
ကုန်းကုန်းလီဝမ်ဟွေ့သည် ဧကရာဇ်မင်းမြတ်နှင့်အတူ လိုက်ပါခဲ့သည့် အချိန်ကာလမှာ အလွန်တိုတောင်းပြီး နှစ်နှစ်ကျော်သာ ရှိခဲ့သည်။
ထိုအချိန်က မင်းသမီးနင်းရွှဲ့သည် အလွန်ငယ်ရွယ်သေးပြီး ကုန်းကုန်းလီဝမ်ဟွေ့၏ ပခုံးပေါ်တွင် မကြာခဏ စီးနင်းကာ ဆော့ကစားလေ့ ရှိသည်။
ကုန်းကုန်းလီဝမ်ဟွေ့သည် ဦးခိုက်ကာ ပြောလိုက်သည်။ “အရှင်မင်းမြတ်အတွက် ၊ အင်ပါယာအတွက် ကျွန်တော်မျိုး အသက်သေတဲ့အထိ အစွမ်းကုန် ကြိုးစားပါ့မယ်။”
မင်းသမီးနင်းရွှဲ့က ပြောလိုက်သည်။ “အမတ်မင်းလီကို နေပြည်တော်အထိ ကျွန်မ လိုက်ပို့ပါ့မယ်။ အဲဒီ ပုန်ကန်သူ သစ္စာဖောက်တွေ အမတ်မင်းကို မထိခိုက်စေရဘူး။”
ကုန်းကုန်းလီဝမ်ဟွေ့ ဦးခိုက်ကာ ပြောလိုက်သည်။ “ကျေးဇူးတင်ပါတယ် မင်းသမီး။”
ထိုအချိန်တွင် အနီးနားရှိ တုပိုင် ရုတ်တရက် ပြောလိုက်သည်။ “မင်းသမီး။ ကျွန်တော် မင်းသမီးနဲ့ သီးသန့် စကားနည်းနည်းလောက် ပြောလို့ရမလား။”
မင်းသမီးနင်းရွှဲ့ ခေါင်းညိတ်လိုက်သည်။
**--**--**--**--**--**--**--**
“တုပိုင်။ ရှင် လီချန်ချန်ကို သတ်ခဲ့တယ်။ ကျွန်မရဲ့ မယ်တော်ဧကရီနဲ့ မယ်တော်ကြီးအတွက် လက်စားချေပေးလို့ ကျေးဇူးတင်ပါတယ်။” မင်းသမီးနင်းရွှဲ့က ပြောလိုက်သည်။ “အဲဒီ မောက်မာတဲ့ မိန်းမက အဲဒီတုန်းက မယ်တော်ကြီးကို ဖျားနာလုနီးပါး ဖြစ်အောင် လုပ်ခဲ့တာ။”
တုပိုင်က လေးလေးနက်နက် ပြောလိုက်သည်။ “ဒီတစ်ခါ ကျွန်တော့် မွေးစားအဖေ သေရမှာလား။”
မင်းသမီးနင်းရွှဲ့က ပြောလိုက်သည်။ “ကုန်းကုန်းလီဝမ်ဟွေ့က ခမည်းတော်ရဲ့ အဖော်မွန် ဖြစ်သလို ကျွန်မ ငယ်ငယ်ကတည်းက ကြီးပြင်းလာတာကို စောင့်ကြည့်ခဲ့တဲ့သူပါ။ တော်ဝင်မိသားစုရဲ့ ယုံကြည်အားထားရဆုံး လူတစ်ယောက်လည်း ဖြစ်ပါတယ်။”
တုပိုင်က ပြောလိုက်သည်။ “ကျွန်တော် သိပါတယ်။ ကျွန်တော့် မွေးစားအဖေကို လာကယ်ဖို့ မင်းသမီး နေ့ရောညပါ မနားမနေ ခရီးနှင်လာခဲ့တာကို ကျွန်တော် အတိုင်းအဆမရှိ ကျေးဇူးတင်ပါတယ်။”
မင်းသမီးနင်းရွှဲ့က ပြောလိုက်သည်။ “စီရင်စု ဒါဇင်ပေါင်းများစွာက ကုန်သည်တွေ သပိတ်မှောက်ကုန်ပြီ။ တူးမြောင်းသယ်ယူပို့ဆောင်ရေးလည်း ပြတ်တောက်သွားပြီ။ နေပြည်တော်မှာ မကြာခင် စားနပ်ရိက္ခာ ပြတ်လပ်တော့မယ်။”
“မြောက်ဘက်နဲ့ အနောက်ဘက်မှာလည်း တပ်မတော်ကြီးတွေက စစ်ရေးလေ့ကျင့်မှု ရပ်ဆိုင်းပြီး အရှေ့ဘက်ကွပ်ကဲရေးရုံးကို ဝိုင်းရံထားကြတယ်။ တော်ဝင်အကယ်ဒမီနဲ့ တော်ဝင်ကောလိပ်က ထောင်ပေါင်းများစွာသော ကျောင်းသားတွေ သပိတ်မှောက်ပြီး နန်းတော်တံခါးဝမှာ ဒူးထောက် အစာငတ်ခံ ဆန္ဒပြနေကြတယ်။”
“နေ့တိုင်း လူတစ်ဒါဇင်ကျော်လောက် သေဆုံးနေကြတယ်။ မရေမတွက်နိုင်တဲ့ အရာရှိဟောင်းတွေလည်း သစ္စာဖောက် မိန်းမစိုးဂိုဏ်းကို ကွပ်မျက်ပေးဖို့ ခမည်းတော်ကို နန်းတော်အပြင်ဘက်မှာ ခေါင်းကွဲတဲ့အထိ ဦးခိုက် တောင်းဆိုနေကြတယ်။”
တုပိုင်က ပြောလိုက်သည်။ “သူတို့ ပိုက်ကွန် ဖြန့်ထားကြတာပဲ။ သူတို့ရဲ့ ပစ်မှတ်က ကျွန်တော့် မွေးစားအဖေ တစ်ယောက်တည်း မဟုတ်ဘူး။ အရှေ့ဘက်ကွပ်ကဲရေးရုံးမှူး ကုန်းကုန်းလီလျန်တင်းလည်း ပါတယ်။”
“ဟုတ်တယ်။” နင်းရွှဲ့က ပြောလိုက်သည်။ “ဘာလို့လဲဆိုတော့ ဒီနှစ်ယောက်က ခမည်းတော်အပေါ် အသစ္စာအရှိဆုံး လူတွေ ဖြစ်နေလို့ပဲ။ ကုန်းကုန်းလီလျန်တင်းရဲ့ သိုင်းပညာက ထိပ်တန်းအဆင့် ဖြစ်ပေမဲ့ သူ့က ထိန်းထိန်းသိမ်းသိမ်း ရှိတယ်။ ကုန်းကုန်းလီဝမ်ဟွေ့ကတော့ သတ်ဖြတ်ရာမှာ ပြတ်သားပြီး သစ္စာရှိတယ်။ ကိုယ်ကျိုးမငဲ့ဘူး။ သူသာ အရှေ့ဘက်ကွပ်ကဲရေးရုံးမှူး ရာထူးကို ဆက်ခံလိုက်ရင် ခမည်းတော် လက်ထဲက အထက်မြက်ဆုံး ဓားတစ်စင်း ဖြစ်လာလိမ့်မယ်။”
ထို့နောက် မင်းသမီးနင်းရွှဲ့က ထပ်လောင်း ပြောလိုက်သည်။ “ကုန်းကုန်းလီဝမ်ဟွေ့က ကျွန်မအတွက် ချစ်ခင်ရတဲ့ဦးလေးတစ်ယောက်ဖြစ်သလို ဆရာသခင်ကြီး နင်ဇောင်ဝူကလည်း ကျွန်မရဲ့ ဆရာဖြစ်နေတော့ ကျွန်မတို့က အချင်းချင်းတွေပဲ။ ကျွန်မ ရှင့်ကို အမှန်အတိုင်း ပြောပြမယ်။ ကျွန်မကို အပြစ်မတင်ပါနဲ့။”
တုပိုင်က ပြောလိုက်သည်။ “ကျွန်တော် မဝံ့ရဲပါဘူး။”
မင်းသမီးနင်းရွှဲ့က ပြောလိုက်သည်။ “ဒီတစ်ကြိမ်မှာ အမတ်မင်းလီ သေဆုံးဖို့ အခွင့်အလမ်း ၇၀ ရာခိုင်နှုန်းလောက် ရှိတယ်။ ပြီးတော့ သူ အသတ်ခံရပြီးရင် ခမည်းတော်ရဲ့ သက်တမ်းက ၁၀ နှစ်လောက် တိုသွားလိမ့်မယ်။”
တုပိုင်သည် နာကျင်စွာ မျက်လုံးများကို မှိတ်လိုက်သည်။
မင်းသမီးနင်းရွှဲ့က ပြောလိုက်သည်။ “ခမည်းတော်က တခြား ဖိအားတွေ အားလုံးကို ခံနိုင်ရည်ရှိပါတယ်။ နေပြည်တော်မှာ အစာခေါင်းပါးမှု ဖြစ်တာနဲ့ ပြည်နယ်အတော်များများမှာ မငြိမ်မသက် ဖြစ်တာတွေကိုတောင် ကြိုတင် ပြင်ဆင်ထားပြီးပါပြီ။”
“ဘာလို့လဲဆိုတော့ နေပြည်တော်က ခမည်းတော်ရဲ့ မြို့တော် ဖြစ်ရုံတင် မဟုတ်ဘဲ အရပ်ဘက်အရာရှိတွေ ၊ စစ်ဗိုလ်ချုပ်တွေနဲ့ အင်အားကြီး မိသားစုတွေရဲ့ မြို့တော်လည်း ဖြစ်နေလို့ပဲ။ အနောက်ဘက်နဲ့ မြောက်ဘက်က တပ်တွေ ပုန်ကန်ရင်တောင် သိပ်ဝေးဝေး ရောက်မှာ မဟုတ်ဘူး။ အဲဒါက ဒီစစ်ဗိုလ်ချုပ်အုပ်စုရဲ့ အသက်မွေးဝမ်းကျောင်း အခြေခံအုတ်မြစ် ဖြစ်နေလို့ပဲ။ ဒါပေမဲ့ လီရူဟိုင်က ကျူးကျော်ဖို့ တပ်လှန့်လိုက်ရင်တော့ ကုန်းကုန်းလီဝမ်ဟွေ့ သေချာပေါက် သေရလိမ့်မယ်။”
တုပိုင်က ပြောလိုက်သည်။ “ကျွန်တော် နားလည်ပါတယ်။ အခု ကျန်းနန်နယ်စားမင်း ဆုန်ချွဲက စစ်သည် တစ်သိန်းကို ဦးဆောင်ပြီး တောင်ဘက်ကို ရောက်နေတော့ အင်ပါယာရဲ့ အနောက်တောင်ဘက်ခြမ်းက လွတ်နေတယ်။ လီရူဟိုင်က ကျူးကျော်ဖို့ တပ်လှန့်လိုက်တာနဲ့ ခုခံဖို့ တပ်မရှိတော့ဘူး။ ဒါ့အပြင် လီရူဟိုင်က ဘုရင့်ဘေးက အဆိပ်အတောက်တွေကို ရှင်းလင်းမယ်။ အရှေ့ဘက်ကွပ်ကဲရေးရုံးကို သုတ်သင်မယ် ဆိုတဲ့ ခေါင်းစဉ်တပ်ပြီး တပ်လှန့်လိုက်ရင် လီရူဟိုင် ဆုတ်ခွာသွားဖို့ တစ်ခုတည်းသော နည်းလမ်းက ကျွန်တော့် မွေးစားအဖေကို သတ်ဖို့ပဲ ရှိတော့တယ်။ အဲဒီအခါကျရင် ကျွန်တော့် မွေးစားအဖေ သေချာပေါက် သေရတော့မယ်။ အရှေ့ဘက်ကွပ်ကဲရေးရုံး အကြီးအကဲ ကုန်းကုန်းလီလျန်တင်းတောင် ရာထူးက ဆင်းပေးရလိမ့်မယ်။”
မင်းသမီးနင်းရွှဲ့ ခေါင်းညိတ်လိုက်သည်။ သူမ ဘာမှ ဖုံးကွယ်မထားပေ။ ဟန်ခေတ်က ဧကရာဇ်ကျင်းသည် ချောင်ချွေ့ကို သတ်လိုက်လျှင်ပင် ဘုရင်ခုနစ်ပါးနှင့် နယ်စားများ ဆုတ်ခွာသွားမည် မဟုတ်ကြောင်း သိသော်လည်း ချောင်ချွေ့ကို သတ်ခဲ့သည်။ ယနေ့တွင် ဧကရာဇ်ထျန်ယွင်သည် ကုန်းကုန်းလီဝမ်ဟွေ့ကို သတ်လိုက်ရုံဖြင့် လီရူဟိုင် သေချာပေါက် ဆုတ်ခွာသွားမည် ဖြစ်သဖြင့် သူသည် ဟန်ဧကရာဇ်ကျင်းထက် များစွာ ပိုမို ကြင်နာတတ်သူ ဖြစ်နေပြီ ဖြစ်သည်။
တုပိုင်က ပြောလိုက်သည်။ “ကျွန်တော် မွေးစားအဖေကို ကယ်ချင်တယ်။ ဘယ်လိုပဲ ပေးဆပ်ရပါစေ ကျွန်တော် သူ့ကို ကယ်မယ်။”
မင်းသမီးနင်းရွှဲ့သည် တုပိုင်ကို ကြည့်ကာ ပြောလိုက်သည်။ “ကျွန်မက အမတ်မင်းလီကို နေပြည်တော်အထိ လိုက်ပို့ပေးမှာမို့ သူ့ကို ကယ်တင်ဖို့ တာဝန်က ရှင့်အပေါ်မှာ ရှိတယ်။ မှတ်ထားပါ။ လီမိသားစု စော်ဘွားက ကျူးကျော်ဖို့ တပ်လှန့်လိုက်တဲ့နေ့ဟာ အမတ်မင်းလီရဲ့ သေနေ့ပဲ။”
တုပိုင် ခေါင်းညိတ်ပြီး ပြောလိုက်သည်။ “ကျွန်တော် သိပါတယ်။”
မင်းသမီးနင်းရွှဲ့က ပြောလိုက်သည်။ “ရှင် မြန်မြန်လုပ်မှ ရမယ်။ ကွမ်ရှီးပြည်နယ်မှာ အမတ်မင်းလီကို သတ်ဖို့ သူတို့ရဲ့ အစီအစဉ် ပျက်သွားပြီးနောက် လီရူဟိုင်က အချိန်မရွေး တပ်လှန့်နိုင်တယ်။ ကျွန်မတို့က သေမင်းနဲ့ ပြိုင်နေရတာ။ လီရူဟိုင် တပ်မလှန့်နိုင်အောင် ကျွန်မတို့ တားဆီးရမယ်။”
တုပိုင် ခေါင်းညိတ်ပြီး ပြောလိုက်သည်။ “သေမင်းလက်ထဲကနေတောင် ကျွန်တော့် မွေးစားအဖေရဲ့ အသက်ကို ပြန်လုယူမယ်။”
မင်းသမီးနင်းရွှဲ့သည် သူမ၏ လှပသော လက်ကို ကမ်းပေးလိုက်ပြီး ပြောလိုက်သည်။ “အမတ်မင်းလီကို ကယ်တင်ဖို့ ကျွန်မတို့ အတူတူ ကြိုးစားကြတာပေါ့။”
တုပိုင် အံ့အားသင့်သွားပြီး မင်းသမီးနင်းရွှဲ့၏ လက်ကို လှမ်းဆုပ်ကိုင်ကာ ပြောလိုက်သည်။ “မွေးစားအဖေကို ကယ်တင်ဖို့ အတူတူ ကြိုးစားကြမယ်။”
ခဏအကြာတွင် မင်းသမီးနင်းရွှဲ့သည် တုပိုင်ကို စိုက်ကြည့်ကာ ပြောလိုက်သည်။ “တကယ်တော့ အမတ်မင်းလီကို ကယ်တင်တာတင် မဟုတ်ဘူး။ ကျွန်မကိုပါ ကယ်တင်တာ။”
တုပိုင် မအံ့သြဘဲ မနေနိုင်တော့ပေ။
မင်းသမီးနင်းရွှဲ့က ပြောလိုက်သည်။ “ဘာလို့လဲဆိုတော့ အဲဒီအချိန်ကျရင် လီရူဟိုင် ဆုတ်ခွာဖို့ အခြေအနေက ကုန်းကုန်းလီဝမ်ဟွေ့ကို သတ်ရုံတင် မဟုတ်ဘဲ ကျွန်မကိုပါ သတ်ဖို့ ဖြစ်လာလိမ့်မယ်။”
တုပိုင်၏ မျက်နှာ အမူအရာ ပြောင်းလဲသွားပြီး ပြောလိုက်သည်။ “လီရူဟိုင်က မင်းသမီးကို သူ့သား လီကျန့်နဲ့ လက်ထပ်ပေးဖို့ အရှင်မင်းမြတ်ဆီ ကမ်းလှမ်းထားတာလား။”
မင်းသမီးနင်းရွှဲ့ ခေါင်းညိတ်လိုက်သည်။
တုပိုင်က ပြောလိုက်သည်။ “ဒါပေမဲ့ လီကျန့်က မင်းသမီးယွီကျိန်းနဲ့ လက်ထပ်ရမှာ မဟုတ်ဘူးလား။”
မင်းသမီးနင်းရွှဲ့က ပြောလိုက်သည်။ “ကျွန်မနဲ့ လက်ထပ်ရင် တာ့နင်အင်ပါယာကို ပိုပြီး အရှက်ရစေတာ မဟုတ်ဘူးလား။”
လီမိသားစု၏ရည်ရွယ်ချက်မှာ ငါတို့ လီမိသားစုက ကျန်းနန်နယ်စားမင်း ဆုန်ချွဲရဲ့ သမီးနဲ့ လက်မထပ်နိုင်ရင် ဧကရာဇ်ရဲ့ သမီးနဲ့ လက်ထပ်မယ်။ အဲဒါက ပိုပြီး အထင်ကြီးစရာ မကောင်းဘူးလား။ ဟူပြီး အင်ပါယာအား ပါးရိုက်လိုနေခြင်းဖြစ်သည်။ ထို့အပြင် ဤအချိန်တွင် မင်းသမီးနင်းရွှဲ့သည် တပ်ဖွဲ့များကို ဦးဆောင်တော့မည် ဖြစ်သည်။ အကယ်၍ သူမ လီမိသားစုထဲသို့ ဝင်ရောက် လက်ထပ်လိုက်ပါက ဧကရာဇ်၏ လက်ရုံးတစ်ဖက်ကို ဖြတ်တောက်ပစ်လိုက်ခြင်းနှင့် အတူတူပင် ဖြစ်သည်။
ဤစကားကို ကြားသောအခါ တုပိုင်၏ ရင်ထဲတွင် ပေါက်ကွဲထွက်မတတ် ခံစားလိုက်ရသည်။
သူ၏ ရင်ထဲတွင် သွေးကွမ်ရင်မယ်တော်ရှိသည် ဆိုသော်လည်း မင်းသမီးနင်းရွှဲ့သည် သူ့အတွက် အလွန်အရေးကြီးသည်။ သူမသည် ဤကမ္ဘာ၌ သူ၏ ဒုတိယမြောက် အရေးကြီးဆုံးသော တာဝန်ဖြစ်သည်။ အချစ်ရေး ကိစ္စမဟုတ်လျှင်ပင် မင်းသမီးနင်းရွှဲ့ကို ထိုလူယုတ်မာ လီကျန့်နှင့် လက်ထပ်ခွင့် လုံးဝ မပေးနိုင်ပေ။
ရုတ်တရက် တုပိုင် မေးလိုက်သည်။ “မင်းသမီး။ မင်းသမီးရဲ့ ရင်ထဲမှာ တစ်စုံတစ်ယောက် ရှိနေလား။”
**--**--**--**--**--**--**--**
လီမိသားစု စော်ဘွားအိမ်တော် ၊ မီးနတ်ဘုရားတောင် ထိပ်ရှိ ယဇ်ပလ္လင်ပေါ်တွင်။ ဤနေရာတွင် နေရာအနှံ့ မီးလျှံအလံများ ရှိနေသည်။ အနောက်တောင်ဘက် စော်ဘွားမဟာမိတ်အဖွဲ့ အားလုံးနီးပါးသည် မီးနတ်ဘုရားဘာသာကို ကိုးကွယ်ကြပြီး ဘာသာရေးအာဏာသည် ဒေသခံစော်ဘွားများ၏ အာဏာထက်ပင် သာလွန်နေပြီ ဖြစ်သည်။ ယဇ်ပလ္လင်ရင်ပြင်တွင် လူများ ပြည့်နှက်နေသည်။ အနောက်တောင်ဘက် စော်ဘွားမဟာမိတ်အဖွဲ့ တစ်ခုလုံးမှ ဒေသခံစော်ဘွား ဒါဇင်ပေါင်းများစွာ အားလုံးနီးပါး ရောက်ရှိနေကြသည်။
ဘုန်းတော်ကြီး ရာပေါင်းများစွာသည် ရိုင်းစိုင်းစွာ ကခုန်နေကြပြီး ကြောက်မက်ဖွယ်ကောင်းသော မန္တန်များကို ရွတ်ဆိုနေကြသည်။ ယဇ်ပလ္လင်သည် သရဲတစ္ဆေလေပြင်းများ တိုက်ခတ်နေသကဲ့သို့ ဖြစ်နေသည်။ အခြားနေရာများတွင် လမင်းနှင့် ကြယ်များသည် ကြည်လင် ပြတ်သားနေသော်လည်း ယဇ်ပလ္လင်အထက်တွင်မူ သွေးကဲ့သို့ နီရဲနေသည်။ လီချန်ချန်၏ ခန္ဓာကိုယ်သည် ယဇ်ပလ္လင်ပေါ်တွင် လဲလျောင်းနေပြီး သူမအောက်တွင် မီးခွက်ဆီများနှင့် ထင်းပုံများ ရှိနေသည်။
သူမ သေဆုံးသွားပြီ ဖြစ်သော်လည်း သူမ၏ ချောမောလှပသော မျက်နှာသည် အသက်ရှိနေသကဲ့သို့ပင် ရင်သပ်ရှုမောဖွယ် လှပနေဆဲ ဖြစ်သည်။ သူမသည် မီးလျှံကဲ့သို့ ရှည်လျားသော ဂါဝန်ကို ဝတ်ဆင်ထားပြီး ခမ်းနားထည်ဝါကာ မြင့်မြတ်နေသည်။ သေဆုံးသွားသော လီချန်ချန်သည် အသက်ရှူမှားလောက်အောင် လှပနေသည်။ ယဇ်ပလ္လင်ပေါ်တွင် လဲလျောင်းနေသော သူမ၏ ပုံကြီးချဲ့ထားသကဲ့သို့ ဖြစ်နေသော ခန္ဓာကိုယ်ကောက်ကြောင်းသည် မိစ္ဆာမလေးတစ်ပါးနှင့် ပို၍ တူနေသည်။
“မြင့်မြတ်သောအချိန် ရောက်ရှိပါပြီ။”
ဘုန်းတော်ကြီးအကြီးအကဲက ဟိန်းဟောက်လိုက်သည်။ ချက်ချင်းပင် ဘုန်းတော်ကြီး ရာပေါင်းများစွာသည် သူတို့၏ ရိုင်းစိုင်းသော အကများကို ရပ်တန့်လိုက်ပြီး ကောင်းကင်နှင့် မြေကြီးကို ပဲ့တင်ထပ်စေသော ပိုမိုကြောက်မက်ဖွယ်ကောင်းသည့် မန္တန်များကို စတင် ရွတ်ဆိုလိုက်ကြသည်။ ဒေသခံစော်ဘွား ဒါဇင်ပေါင်းများစွာသည် လေးနက်နေကြပြီး အရေးပါသော ပုဂ္ဂိုလ် ရာပေါင်းများစွာသည်လည်း တည်ကြည်နေကြသည်။
လီမိသားစု စော်ဘွား ၊ အင်ပါယာ အနောက်တောင်ဘက်ဒေသ၏ ဒေသခံဧကရာဇ် ၊ တစ်ခေတ်တစ်ခါက အာဏာရှင်နှင့် ပြိုင်ဘက်ကင်း သိုင်းပညာရှင် လီရူဟိုင်။
သူသည် လက်ထဲတွင် နဂါးပုံစံ မီးရှူးတိုင်ကို ကိုင်ဆောင်ထားသည်။
“အထက်က မီးနတ်ဘုရား။ သမီးတော်ရဲ့ ခန္ဓာကိုယ် ပူဇော်သက္ကာကို လက်ခံတော်မူပါ။”
လီရူဟိုင် ပြောပြီးနောက် မီးရှူးတိုင်ကို ယဇ်ပလ္လင်ပေါ်သို့ ပြင်းထန်စွာ ပစ်ချလိုက်သည်။ ချက်ချင်းပင် မီးခွက်ဆီများနှင့် ထင်းများ မီးတောက်လောင်သွားပြီး လီချန်ချန်၏ ခန္ဓာကိုယ်ကို ဝါးမြိုကာ လောင်ကျွမ်းသွားစေသည့် ကြီးမားသော မီးလျှံများအဖြစ် ပြောင်းလဲသွားလေသည်။
အပိုင်း ၂၁၀ ပြီး။