← Chapters

ဘဝက ခက်ခဲလှသည်၊ အပြိုင်အဆိုင်များလှသော အင်းကွက်ဆရာ (၂)

Vol. 10 Ch. 138

ဘဝက ခက်ခဲလှသည်၊ အပြိုင်အဆိုင်များလှသော အင်းကွက်ဆရာ (၂)

Vol. 10 Ch. 138

"ဒါပေါ့ အခြေအနေကို လေ့လာဖို့ ဈေးတန်းထဲ ငါ ဝင်သင့်တာပေါ့"

ကျန်းဖန်သည် သူ၏လက်သီးများကို တင်းတင်းဆုပ်လိုက်၏။

ယခင်က သူ၏စွမ်းရည်များ မလုံလောက်မည်ကို စိုးရိမ်သောကြောင့် ဆင်းရဲသားရပ်ကွက် အတွင်း၌သာ အောင်းနေခဲ့ပြီး ဈေးတန်းအတွင်းသို့ မဝင်ရောက်ခဲ့ခြင်း ဖြစ်သည်။

ဈေးတန်းအတွင်းသို့ ဝင်ရောက်ပြီးနောက် ကပ်ဘေးကျင့်ကြံသူများ၏ ချောင်းမြောင်းတိုက်ခိုက်ခြင်း ခံရမည်ကို သူ စိုးရိမ်ခဲ့သည်။

သို့သော် ဆယ်ရက်တာ ပြင်းပြင်းထန်ထန် ကျင့်ကြံပြီးနောက်တွင် သူ၏စွမ်းရည်များမှာ သိသိသာသာ တိုးတက်လာခဲ့ပြီ ဖြစ်သည်။

ထို့အပြင် ဤကာလအတွင်း သူသည် အင်းကွက်အမြောက်အမြားကိုလည်း ရေးဆွဲခဲ့ပြီးသား ဖြစ်သည်။

ဤအဆင့်နိမ့် အင်းကွက်များ၏ အကာအကွယ်ဖြင့်ဆိုပါက ကပ်ဘေးကျင့်ကြံသူများနှင့် ကြုံတွေ့ရလျှင်ပင် သူ ကြောက်ရွံ့နေတော့မည် မဟုတ်ပေ။

အကယ်၍ အခြေအနေ အလွန်ဆိုးရွားလာပါက သူ၏ခန္ဓာကိုယ်အတွင်း၌ ရှိနေသော အဖိုးဖူကိုလည်း နှိုး၍ ရသေးသည်။

အဖိုးဖူ၌ လှုပ်ရှားရန် အခွင့်အရေး သုံးကြိမ် ရှိနေသည် မဟုတ်ပါလော။

ထိုကဲ့သို့သော အခွင့်အရေးမျိုးမှာ အလွန်တန်ဖိုးရှိလှသော်လည်း အသက်အန္တရာယ်နှင့် ကြုံလာရပါက အခြားရွေးချယ်စရာ ရှိလိမ့်မည် မဟုတ်ပေ။

ထို့ကြောင့် သူ၏စွမ်းရည်များအရ မြစိမ်းတော ဈေးတန်းသို့ အဝင်အထွက်ပြုလုပ်ခြင်းမှာ ပြဿနာကြီးကြီးမားမား ရှိလိမ့်မည် မဟုတ်ဟု သူ ခံစားလိုက်ရလေသည်။

"ဝေဝေ... ငါ မြစိမ်းတော ဈေးတန်းကို သွားဖို့ လိုတယ်"

ဤသို့တွေးတောရင်း ကျန်းဖန်သည် စုဝေဝေကို ချက်ချင်း ပြောလိုက်လေသည်။

"အင်း... ကျွန်မ နားလည်ပါတယ်ရှင်။ ယောကျာ်း... သေချာ သတိထားပါဦးနော်"

စုဝေဝေသည် မြစိမ်းတော ဈေးတန်း၏ အန္တရာယ်များကို ကောင်းစွာ သိရှိထားသည်။

အထူးသဖြင့် ဆင်းရဲသားရပ်ကွက် ဆိုသည်မှာ လူစုံတက်စုံရှိပြီး လူအမျိုးမျိုးတွင် ရည်ရွယ်ချက် အမျိုးမျိုး ရှိနေကြသဖြင့် ဘယ်သူက မိတ်ဆွေ၊ ဘယ်သူက ရန်သူဆိုသည်ကို မည်သူမျှ မသိနိုင်ချေ။

သို့သော် သူမ အမျိုးသား၏ စွမ်းရည်များဖြင့်ဆိုလျှင် ထိုကျင့်ကြံသူများက သူ့ကို အန္တရာယ်ပြုနိုင်လိမ့်မည် မဟုတ်ဟု သူမ ယုံကြည်ထားလေသည်။

"မင်းအတွက် အဆင့်နိမ့်အင်းကွက်အချို့ ချန်ထားပေးခဲ့မယ်။ အန္တရာယ်နဲ့ ကြုံလာရင် အဲ့ဒါတွေကို သုံးလိုက်။ တွန့်ဆုတ်မနေနဲ့နော်၊ မင်းရဲ့အမျိုးသားက အဆင့်နိမ့်အင်းကွက်ဆရာ တစ်ယောက်ပဲကို။ ငါ့မှာ အနည်းဆုံးတော့ အင်းကွက်တွေ ရှိပါသေးတယ်ဟ"

ကျန်းဖန်သည် သူ မရှိသည့်အချိန်တွင် စုဝေဝေ အန္တရာယ်နှင့် မကြုံတွေ့စေရန်အတွက် ဝှက်ဖဲအချို့ကိုလည်း ချန်ထားပေးခဲ့လေသည်။

"အင်း"

ဒါကို ကြားလိုက်ရချိန်တွင် စုဝေဝေသည် ခေါင်းညိတ်လိုက်ပြီး ရင်ထဲ၌ နွေးထွေးမှုကို ခံစားလိုက်ရသည်။

စုဝေဝေကို နှုတ်ဆက်ပြီးနောက် ကျန်းဖန်သည် မြစိမ်းတော ဈေးတန်းဆီသို့ ဦးတည်ထွက်ခွာလာခဲ့သည်။

မှန်ပါသည်။ ဈေးတန်းထဲသို့ မဝင်မီ သူသည် အရင်ဆုံး ရုပ်ဖျက်လိုက်ပြီး သူ၏ရုပ်သွင်ကို ပြောင်းလဲပစ်လိုက်လေသည်။

၎င်းမှာ သူ့ကိုယ်သူ ကာကွယ်သည့် နည်းလမ်းတစ်ခုဖြစ်၏။ မတော်တဆ ဖြစ်ရပ်တစ်ခုခု ဖြစ်လာပါက သူ၏ သရုပ်မှန်နှင့် ဆက်စပ်မသွားစေရန် ဖြစ်သည်။

"ဆင်းရဲသားရပ်ကွက်၏ သန့်ရှင်းရေးမှာ အလွန်ပင် ဆိုးရွားလှ၏။"

ကျန်းဖန်သည် ဆင်းရဲသားရပ်ကွက်၏ လမ်းတစ်လျှောက် လမ်းလျှောက်လာ၏။ ပတ်ဝန်းကျင်ရှိ လမ်းများမှာ ရွှံ့ဗွက်များဖြင့် ထူထပ်နေပြီး အများစုမှာ မြေလမ်းများသာ ဖြစ်နေသည်ကို သူ သတိပြုမိလိုက်သည်။

မိုးရွာပါက နေရာတိုင်းတွင် ရွှံ့များဖြင့်မို့ အတော်လေး ဒုက္ခရောက်မည်မှာ သေချာသည်။

ထို့အပြင် ဤနေရာတွင် နေထိုင်ကြသော ကျင့်ကြံသူများသည် သူတို့၏ အညစ်အကြေးများကို နေရာအနှံ့ စွန့်ပစ်ကြသဖြင့် ရေဆိုးမြောင်းများမှာလည်း အလွန်ပင် နံစော်နေလေသည်။

သို့သော်လည်း ဤသည်မှာ မတတ်နိုင်သော ကိစ္စပင်။ ဤနေရာတွင် နေထိုင်ကြသော ကျင့်ကြံသူများအားလုံးမှာ ရှင်သန်ရန်အတွက် ရုန်းကန်နေရသူများသာ ဖြစ်ကြသည်။

အချိန်အများစုတွင် သူတို့သည် သားရဲတစ်သောင်း တောင်တန်း အတွင်းသို့ ဝင်ရောက်ပြီး ဝိညာဉ်ကျောက်တုံးများ ရရှိရန်အတွက် သားရဲမိစ္ဆာများကို လိုက်လံအမဲလိုက်နေကြရသည်။

သူတို့ ဘယ်အချိန်တွင် သေဆုံးမည်ကိုပင် သူတို့ မသိနိုင်ကြချေ။

ထို့ကြောင့် သန့်ရှင်းရေးကို အာရုံစိုက်ရန် မည်သူ့တွင်မျှ စိတ်ကူးမရှိကြပေ။

"အလောင်းတွေတောင် ရှိနေတာလား"

ကျန်းဖန်၏ မျက်လုံးများ ကျုံ့သွားခဲ့သည်။

အချို့သော ဆိတ်ငြိမ်သည့် လမ်းကြားလေးများထဲတွင် လူသားကျင့်ကြံသူ တစ်ဦး၏ အလောင်းကိုပင် တွေ့ရသည်။

မြေပြင်ပေါ်၌ သွေးကွက်များဖြင့် ပြည့်နှက်နေသော်လည်း ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများမှာမူ ဤအရာကို ကျင့်သားရနေပုံ ပေါ်လေသည်။

သူတို့သည် ထိုအလောင်းကို ကျော်ခွသွားကြရုံတင်မကဘဲ အလေးအနက်ပင် မထားကြချေ။

ရှုပ်ထွေးမှု၊ အစီအစဉ်မရှိမှုနှင့် သေခြင်းတရားမှာ ဘယ်အချိန်မဆို ရောက်လာနိုင်သည်။ ဤသည်မှာ ဆင်းရဲသားရပ်ကွက်ပင် ဖြစ်သည်။

ကံကောင်းသည်မှာ ယခုရက်ပိုင်းအတွင်း သူနှင့် စုဝေဝေတို့သည် အိမ်ထဲ၌သာ ပုန်းနေခဲ့ကြသဖြင့် ဆင်းရဲသားရပ်ကွက်၏ အမှောင်မိုက်ဆုံးသော အခြမ်းများကို ရှောင်ရှားနိုင်ခဲ့သည်။

သို့သော် အန္တရာယ်မှာ ရှိနေဆဲဖြစ်ပြီး ဘယ်အချိန်တွင် သူ့ထံ ကျရောက်လာမည်ကို မည်သူမျှ မသိနိုင်ပေ။

မြစိမ်းတော ဈေးတန်းအတွင်းသို့ ဝင်ရောက်ခြင်း

ကျန်းဖန်သည် သက်ပြင်းတစ်ချကိ ချလိုက်ပြီး စိတ်ကို တည်ငြိမ်အောင် ထားလိုက်လေသည်။

လမ်းကြားတော်တော်များများကို ဖြတ်သန်းပြီးနောက်တွင် နောက်ဆုံး၌ သူသည် မြစိမ်းတော ဈေးတန်း၏ အဝင်ဝဖြစ်သော ကြီးမားသည့် ကျောက်တံခါးကြီးဆီသို့ ရောက်ရှိလာခဲ့သည်။

ဈေးတန်းတစ်ခုလုံးကို မြင့်မားသော မြို့ရိုးများဖြင့် ဝန်းရံထား၏။ ခရိုင်မြို့ငယ်လေးတစ်ခုနှင့် တူကာ လုံခြုံရေးမှာလည်း အလွန် တင်းကျပ်လှသည်။

ဈေးတန်းတံခါးဝ၏ ပတ်ဝန်းကျင်တွင်လည်း ကျင့်ကြံသူအုပ်စုတစ်စုက စောင့်ကြပ်နေကြသည်။

သူတို့မှာ မြစိမ်းတော ဈေးတန်း၏ အစောင့်များဖြစ်ကြပြီး သူတို့၏ ကျင့်ကြံမှုမှာ အနည်းဆုံး ချီကျင့်ကြံခြင်းအဆင့် ၇ အထက်၌ ရှိကြသည်။

လေလွင့်ကျင့်ကြံသူများ အတွက်မူ သူတို့မှာ အနိုင်မရနိုင်သော တည်ရှိမှုများပင် ဖြစ်သည်။

ဈေးတန်းအတွင်း၌ ပြဿနာရှာရန် မည်သူမျှ မဝံ့ရဲကြချေ။

သို့သော် မြစိမ်းတော ဈေးတန်းသည် ကျင့်ကြံသူအားလုံးကို ကြိုဆိုပြီး ဝင်ကြေးတောင် ကောက်ခံခြင်း မရှိပေ။

ထို့ကြောင့် ကျန်းဖန်သည် မြစိမ်းတော ဈေးတန်းအတွင်းသို့ အတော်လေး လွယ်လွယ်ကူကူ ဝင်သွားနိုင်ခဲ့လေသည်။

ဈေးတန်းထဲသို့ ရောက်သွားသည်နှင့် ကျင့်ကြံသူအရေအတွက်မှာ သိသိသာသာ တိုးလာခဲ့သည်။

လမ်း၏ ဘေးတစ်ဖက်တစ်ချက်တွင် ပစ္စည်းမျိုးစုံကို ရောင်းချနေသော ဈေးသည်အမျိုးမျိုး ရှိနေသည်။

ထူးဆန်းသော ဆေးဖက်ဝင်အပင်များ၊ လတ်ဆတ်သော ဟင်းသီးဟင်းရွက်မျိုးစုံ၊ သစ်သီးများ၊ ဝိညာဉ်ဆန်များ၊ နောက်ပြီး သားရဲမိစ္ဆာအသားများနှင့် အမျိုးမျိုးသော ကိုယ်တွင်းအင်္ဂါများ၊ အရိုးများအထိ ရှိနေလေသည်။

ဒါတွေအပြင် ဝိညာဉ်လက်နက်များ၊ အင်းကွက်များနှင့် ဆေးလုံးများကို ရောင်းချသူများလည်း ရှိနေသည်။

လေလွင့်ကျင့်ကြံသူ အမြောက်အမြားမှာ ဆွဲဆောင်ခြင်းခံရပြီး ဈေးဆစ်ရန် အတွက် အလုအယက် တိုးဝှေ့နေကြသည်။

သို့သော် ဤဈေးဆိုင်လေးများ အပြင် ဈေးတန်းထဲတွင် တည်ဆောက်ထားသော ဆိုင်ကြီးများလည်း အများကြီး ရှိသည်။

ဝိညာဉ်လက်နက်ဆောင်၊ မီးသန့်စင်အလုပ်ရုံ၊ အင်းကွက်ဆောင်၊ ဆေးလုံးရာကျော်အလုပ်ရုံ၊ ရတနာသောင်းခြောက်ထောင်မျှော်စင်၊ မန်ချွမ်းဝန်း စသည်တို့ ရှိကြလေသည်။

"ဒါက ပြည့်တန်ဆာရုံလား"

မန်ချွမ်းဝန်းက အစည်ကားဆုံးနေရာ ဖြစ်နေသည်ကို တွေ့လိုက်ရသောအခါ ကျန်းဖန်သည် ထူးဆန်းသော မျက်နှာပေးတစ်ခု ဖြစ်သွားခဲ့သည်။

ထိုနေရာသည် အနည်းဆုံး အဆောက်အဦး တစ်ဆယ်၊ နှစ်ဆယ်ခန့်ဖြင့် လမ်းတစ်လမ်းလုံးကို ယူထားခြင်း ဖြစ်သည်။

ဤလမ်းပေါ်တွင် ကျင့်ကြံသူအမြောက်အမြားမှာ အဝင်အထွက် လုပ်နေကြလေသည်။

အဆောက်အဦး တစ်ခုချင်းစီ၏ အောက်တွင် ခြယ်သပြင်ဆင်ထားသော၊ ဆွဲဆောင်မှုရှိသော အမျိုးသမီးကျင့်ကြံသူ အုပ်စုများ ရပ်နေကြသည်။

"ဟေး... အချောလေး၊ မန်ချွမ်းဝန်းကို ပထမဆုံးအကြိမ် လာတာလား၊ တကယ်လို့ ဒါ ပထမဆုံးအကြိမ်ဆိုရင် တို့ရဲ့ မန်ချွမ်းဥယျာဉ်က အလကားပါနော်"

ချက်ချင်းဆိုသလို မိစ္ဆာမတစ်ဦးသည် ကျန်းဖန်ကို မျက်စိကျသွားပြီး ဖောက်သည်ခေါ်ရန် အတွက် ချက်ချင်း ချဉ်းကပ်လာခဲ့သည်။

သူမ၏အကြည့်မှာ ညို့ယူနိုင်စွမ်းရှိပြီး နူးညံ့ကာ ဆွဲဆောင်မှုရှိလှပေသည်။

"အဟမ်း... မလိုပါဘူး၊ ငါက ဒီအတိုင်း ဖြတ်သွားတာပါ"

ကျန်းဖန် ချောင်းဟန့်လိုက်၏ သူ ထိတ်လန့်တုန်လှုပ်သွားပြီး ထွက်ပြေးလုနီးပါးပင် ဖြစ်သွားခဲ့သည်။

သူသည် ဤပြည့်တန်ဆာရုံ၏ ဆိုးရွားလှသော သဘာဝကို ကောင်းစွာသိထားသည်၊ ၎င်းမှာ အရိုးပျော်စေသော ညို့ယူမှုများရှိသည့် နေရာပင် ဖြစ်သည်။

အလကားရသည့် အရာမှာ ဈေးအကြီးဆုံးအရာ ဖြစ်သည် မဟုတ်ပါလော။ တစ်ခါ စမ်းကြည့်လိုက်သည်နှင့် ရုန်းထွက်ရန်မှာ အခြေခံအားဖြင့် မဖြစ်နိုင်တော့ချေ။

နာရီအနည်းငယ် ကြာပြီးနောက်တွင် ကျန်းဖန်သည် မြစိမ်းတော ဈေးတန်းတစ်ခုလုံးကို လှည့်ပတ်ကြည့်ရှုနိုင်ခဲ့ပြီ ဖြစ်သည်။

မြစိမ်းတော ဈေးတန်းမှာ အရမ်းမကြီးလှဘဲ သာမန် ခရိုင်မြို့ငယ်လေး တစ်ခုလောက်သာ ရှိသဖြင့် တစ်ပတ်ပတ်ရန် အချိန်အများကြီး မပေးရပေ။

သူ၏အဓိက စိတ်ဝင်စားမှုမှာ မြစိမ်းတော ဈေးတန်းရှိ ကုန်ပစ္စည်းများနှင့် အင်းကွက်များ၏ ဈေးနှုန်းများကို နားလည်ရန်သာ ဖြစ်သည်။

"ဒီမှာရှိတဲ့ အင်းကွက်ဆရာတွေက အပြိုင်အဆိုင် များလှချည်လားဟ"

ကျန်းဖန် ဆွံ့အသွားရသည်။

မူလက ဈေးတန်းထဲတွင် အင်းကွက်အချို့ ရောင်းချပြီး ဝိညာဉ်ကျောက်တုံးများ ရှာဖွေရန် သူ စဉ်းစားခဲ့၏။ သို့သော်လည်း ဤနေရာရှိ အင်းကွက်ဆရာများသည် အလွန်အမင်း အပြိုင်အဆိုင် များနေကြသည်ကို သူသိလိုက်ရသည်။

သူတို့သည် အဆင့်နိမ့်အင်းကွက်များကို ရင်းနှီးသည့် ဈေးနှုန်း သို့မဟုတ် ထိုထက်ပင် လျှော့၍ ရောင်းချနေကြခြင်း ဖြစ်သည်။

ဤအဆင့်နိမ့်အင်းကွက်ဆရာများ ဘာကြောင့် ဤသို့လုပ်ရသည်ကို သူနားလည်သွားခဲ့သည်။

အဘယ်ကြောင့်ဆိုသော် အင်းကွက်ဆရာဟူသော အသက်မွေးဝမ်းကျောင်းမှာ ကျင့်ကြံခြင်းလောက၌ အခြေခံအဆင့်သို့ ရောက်ရန် အလွယ်ဆုံး ဖြစ်နေသောကြောင့်ပင်။

လူအများအပြားမှာ အဆင့်နိမ့်အင်းကွက်များကို သန့်စင်နိုင်ကြသဖြင့် အဆင့်နိမ့်အင်းကွက် အရေအတွက်မှာ ပို၍ များပြားလာခြင်း ဖြစ်သည်။

"ငါ ဒီလိုလူညစ်တွေနဲ့ သွားပြီး မပြိုင်နိုင်ဘူး။ တကယ်လို့ ငါ ဒါကို လုပ်မယ်ဆိုရင် ဒါက အဆင့်မြင့် ထုတ်ကုန်တွေပဲ ဖြစ်ရမယ်။ အဆင့်နိမ့်အင်းကွက်တွေ အပေါ်မှာ ပင်ပင်ပန်းပန်း လုပ်နေတာက သိပ်ပြီး အဆင်မပြေဘူး။ ဒါက တခြားကျင့်ကြံသူတွေ အတွက် အလုပ်လုပ်ပေးနေရသလိုပဲ၊ လုံးဝ မလိုအပ်ဘူး"

ကျန်းဖန်သည် သူ၏လက်သီးများကို တင်းတင်းဆုပ်လိုက်လေသည်။

သူသည် အင်းကွက်များ ရောင်းချမည့် အစီအစဉ်ကို ဖျက်သိမ်းလိုက်ပြီး ဝိညာဉ်ဆန်နှင့် သားရဲမိစ္ဆာအသားအချို့ကို ဝယ်ယူရန်သာ သွားရောက်ခဲ့လေသည်။

သူသည် စုစုပေါင်း ဝိညာဉ်ကျောက်တုံး သုံးဆယ်ခန့် သုံးစွဲလိုက်ရ၏။

အရာအားလုံး ပြီးဆုံးသွားသောအခါ ကျန်းဖန်သည် မြစိမ်းတော ဈေးတန်းမှ ထွက်ခွာပြီး အိမ်ပြန်ရန် ပြင်ဆင်လိုက်သည်။

"ဘာတွေ ဖြစ်နေတာလဲ၊ တစ်စုံတစ်ယောက်က ငါ့ကို ပစ်မှတ်ထားနေသလိုပဲ။ ဝိညာဉ်ဆန်နဲနဲ ဝယ်လိုက်ရုံတင် ရှိသေးတာကို၊ ဒီမှာ ကပ်ဘေးကျင့်ကြံသူတွေက အဲ့ဒီလောက်တောင် များနေတာလား"

ကျန်းဖန်၏ မျက်လုံးများ ကျဉ်းမြောင်းသွားခဲ့သည်။

တစ်စုံတစ်ယောက်က သူ့ကို အမှောင်ထဲမှ စောင့်ကြည့်နေကြောင်း သူ၏ ဗီဇအရ အာရုံခံမိလိုက်သော်လည်း မည်သည့် ခံစားချက်မျှ ထုတ်မပြဘဲ တည်ငြိမ်နေခဲ့လေသည်။ ဘာကိုမှ သတိမပြုမိသလိုမျိုးပင်။

All Chapters