← Chapters

ချီကျင့်ကြံခြင်း တတိယအဆင့်သို့ တက်လှမ်းခြင်း

Vol. 10 Ch. 139

ချီကျင့်ကြံခြင်း တတိယအဆင့်သို့ တက်လှမ်းခြင်း

Vol. 10 Ch. 139

ရှူး…

ကျန်းဖန်သည် မြစိမ်းတောဈေးတန်းမှ ထွက်ခွာလာပြီး ဆင်းရဲသားရပ်ကွက်ရှိ မှောင်မည်းသော လမ်းကြားတစ်ခု အတွင်းသို့ ဝင်ရောက်ခဲ့လေသည်။

ရုတ်တရက် လူနှစ်ဦး ပေါ်လာပြီး ကျန်းဖန်၏ လမ်းကို ပိတ်ဆို့လိုက်ကြ၏။

တစ်ဦးမှာ ချီကျင့်ကြံခြင်း တတိယအဆင့်၌ ရှိပြီး အခြားတစ်ဦးမှာ ဒုတိယအဆင့်၌ ရှိသည်။

သူတို့နှစ်ဦးစလုံးမှာ မျက်နှာကို အနက်ရောင်ပုဆိုးများဖြင့် စည်းနှောင်ထားကြသဖြင့် မည်သူမည်ဝါဖြစ်ကြောင်း ခွဲခြား၍မရနိုင်ချေ။

သူတို့၏ မျက်ဝန်းများတွင် ရက်စက်ကြမ်းကြုတ်သော အရောင်အဝါများ လက်နေသည်ကိုသာ မြင်ရ၏။ ၎င်းတို့သည် ကျောချမ်းစရာကောင်းလှသော အရှိန်အဝါများကို ထုတ်လွှတ်နေကြသည်။

သေချာသည်မှာ သူတို့သည် ဤကဲ့သို့သော ကိစ္စရပ်များကို အကြိမ်ပေါင်းများစွာ လုပ်ဆောင်ဖူးကြသူများ ဖြစ်ပေလိမ့်မည်။

"ကောင်လေး... မင်းရဲ့ သိုလှောင်အိတ်ကို လက်လွှဲပေးလိုက်စမ်း၊ ဒါဆိုရင် မင်းရဲ့အသက်ကို ငါတို့ ချမ်းသာပေးမယ်"

ထွားကျိုင်းသော ကျင့်ကြံသူတစ်ဦးက ခပ်ဩဩအသံဖြင့် ပြောဆိုလိုက်၏။

သူသည် လက်ထဲမှ ကြီးမားသော ဓားမည်းကြီးကို ဝှေ့ယမ်းကာ ကျန်းဖန်ကို ဘယ်အချိန်မဆို ခုတ်ပိုင်းရန် အသင့်ပြင်ထားလေသည်။

အမှန်စင်စစ်တွင် သူသည် ကျန်းဖန် မြစိမ်းတောဈေးတန်း အတွင်းသို့ လှမ်းဝင်လိုက်သည့် အချိန်ကတည်းက ပစ်မှတ်ထားနေခဲ့ခြင်း ဖြစ်သည်။

အကြောင်းမှာ ဤလူငယ်လေးမှာ စျေးတန်းသို့ အခုလေးတင်မှ ရောက်လာသည့် လူသစ်တစ်ဦးနှင့် တူနေသောကြောင့်ပင်။

ထိုကဲ့သို့သော လူသစ်များသည် များသောအားဖြင့် ခွန်အားကြီးကြီးမားမား မရှိကြသဖြင့် လုယက်ရန်အတွက် အကောင်းဆုံး ပစ်မှတ်များ ဖြစ်ကြလေသည်။

သူတို့တွင် ရတနာ အမြောက်အမြား မရှိခဲ့လျှင်ပင် အနည်းနှင့်အများတော့ ရိတ်သိမ်းမှု ရှိနိုင်သည် မဟုတ်ပါလော။

ဤကပ်ဘေးကျင့်ကြံသူများအတွက်မူ သူတို့ပစ်မှတ်ထားသောသူတွင် မည်မျှအထိ ချမ်းသာသနည်းဆိုသည့် အချက်ထက် ထိုသူမှာ မည်မျှအထိ အားနည်းသနည်းဆိုသည့် အချက်က ပို၍ အရေးကြီးလှ၏။

အကယ်၍ သူတို့က တစ်ဖက်လူကို မနှိမ်နင်းနိုင်ပါက ရတနာမည်မျှပင် ရှိနေပါစေ အဓိပ္ပာယ်ရှိမည် မဟုတ်ပေ။

"သေလိုက်စမ်း"

အခြားသော ကိုယ်လုံးသေးသေးနှင့် ကျင့်ကြံသူကမူ သူ၏ အဖော်ဖြစ်သူ စကားပြောနေသည့် အချိန်ကို အခွင့်ကောင်းယူကာ တိုက်ခိုက်လိုက်တော့သည်။

ဟုတ်ပါသည်။ သူ၏ အဖော်ဖြစ်သူမှာ ကျန်းဖန်၏ အာရုံကို လွှဲရန်အတွက်သာ စကားပြောနေခြင်း ဖြစ်၏။

ကျန်းဖန်၏ အာရုံ ပျံ့လွင့်သွားသည်နှင့် တစ်ပြိုင်နက် သူက သေစေနိုင်သော တိုက်ခိုက်မှု တစ်ချက်ကို ပေးရန် ပြင်ဆင်ထားခြင်း ဖြစ်သည်။

သူတို့သည် ယခင်ကလည်း ဤကဲ့သို့သော ချောင်းမြောင်းတိုက်ခိုက်မှုများကို အကြိမ်ပေါင်းများစွာ ပြုလုပ်ခဲ့ဖူးပြီး သတိမမူမိသော အခြားကျင့်ကြံသူများကို အလွယ်တကူ အဆုံးစီရင်ခဲ့ကြသည်။

သူသည် ရှည်လျားသော ဓားတစ်လက်ကို ကိုင်ဆောင်ကာ အနက်ရောင် ဓားချီတစ်ခုကို ကျန်းဖန်ထံသို့ ပစ်လွှတ်လိုက်၏။

၎င်းမှာ တစ်ချက်တည်းနှင့် ကျန်းဖန်ကို သတ်ပစ်ရန် ရည်ရွယ်ထားပုံရလေသည်။

"သတ်စမ်း"

သို့သော် ကျန်းဖန်သည် ဤကဲ့သို့သော လှည့်ကွက်မျိုးကို အစကတည်းက ပြင်ဆင်ထားပြီးသား ဖြစ်သည်။

ကျန်းဖန်က သူ၏ လက်ထဲတွင် လေဓားအင်း လေးကွက်ကို ဆုပ်ကိုင်ထားပြီး သူ၏ ယွမ်ချူးဝိညာဉ်စွမ်းအားများကို အသက်သွင်းလိုက်ကာ ထိုအင်းကွက် လေးကွက်လုံး၏ စွမ်းအားကို တစ်ပြိုင်နက်တည်း ထုတ်လွှတ်လိုက်လေသည်။

ချက်ချင်းပင် အင်းကွက်များထံမှ စိမ်းပြာရောင် အလင်းများ ဖြာထွက်လာခဲ့ပြီး ပတ်ဝန်းကျင်ရှိ လေဓာတ်ဝိညာဉ်စွမ်းအားများကို စုပ်ယူလိုက်တော့၏။

ရှူး... ရှူး... ရှူး…

ခဏချင်း အတွင်းမှာပင် လေဓား လေးခုမှာ ပွင့်ထွက်လာခဲ့ပြီး ထိုကပ်ဘေးကျင့်ကြံသူ နှစ်ဦးဆီသို့ ဦးတည်ကာ ပျံထွက်သွားတော့သည်။

၎င်းတို့တွင် ကြောက်မက်ဖွယ်ကောင်းသော ထက်မြက်မှုစွမ်းအားများ ကိန်းဝပ်နေကာ အလွန်လည်း မြန်ဆန်လှပေသည်။

၎င်းမှာ ဓားကျင့်ကြံသူ တစ်ဦးက ထုတ်လွှတ်လိုက်သော အထွတ်အထိပ် ဓားချီနှင့် ဆင်တူလှပြီး အရာအားလုံးကို ဆွဲဖြဲပစ်ရန် လုံလောက်လှပေသည်။

"လေဓားအင်းတွေ ဒီလောက်တောင် များတာလား"

"ဒီကောင်က ဘယ်သူလဲ"

"တောက်... ဒီတစ်ခါတော့ တို့တွေ အကောင်ကြီးနဲ့ တိုးသွားပြီဟ"

ထိုကပ်ဘေးကျင့်ကြံသူ နှစ်ဦး၏ မျက်နှာများမှာ ချက်ချင်းပင် ပျက်ယွင်းသွားခဲ့ရသည်။ သူတို့ လုံးဝ မယုံကြည်နိုင်ကြချေ။

ဤလူသစ်ကျင့်ကြံသူလေးတွင် ဤမျှအထိ များပြားလှသော အင်းကွက်များ ရှိနေလိမ့်မည်ဟု သူတို့ လုံးဝ ထင်မှတ်မထားခဲ့ကြပေ။ ထို့ပြင် လေဓားအင်း လေးကွက်လုံးကို တစ်ပြိုင်နက်တည်း အသက်သွင်းနိုင်လိမ့်မည်ဟုလည်း မထင်ထားခဲ့ကြပေ။

ဤအရာများသည် သာမန် လေလွင့်ကျင့်ကြံသူတစ်ဦး အလွယ်တကူ ရရှိနိုင်သော အင်းကွက်များ မဟုတ်ကြချေ။

သူတို့ တုံ့ပြန်ရန် အခွင့်အရေး မရရှိလိုက်မီမှာပင် လေဓားများမှာ သူတို့ဆီသို့ ရောက်ရှိလာခဲ့သည်။

စူးရှသော အော်ဟစ်သံများနှင့်အတူ ထိုနှစ်ဦးမှာ ပြန်လည်တိုက်ခိုက်ရန် အခွင့်အရေးပင် မရလိုက်ဘဲ ချက်ချင်းပင် လေးပိုင်း ပြတ်ထွက်သွားခဲ့ရ၏။ သွေးများမှာလည်း ချက်ချင်း အိုင်ထွန်းသွားလေတော့သည်။

တိုက်ခိုက်မှု တစ်ချက်တည်းဖြင့် ထိုကပ်ဘေးကျင့်ကြံသူ နှစ်ဦးမှာ အသတ်ခံလိုက်ရလေပြီ။

သူတို့သည် မျက်လုံးများမှာ ပြူးကျယ်လျက် မြေပြင်ပေါ်သို့ လဲကျသွားကြ၏။

သူတို့သည် ဤကဲ့သို့ အလွယ်တကူ သေဆုံးသွားရသည်ကို လုံးဝ မယုံကြည်နိုင်ကြပေ။

"ဒီလောက်နဲ့ပဲ သွားပြီလား။ သူတို့ တတ်နိုင်တာက ဒါဘဲလားဟ။"

ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ကျန်းဖန်သည် မျက်တောင်ခတ်လိုက်မိပြီး ဘာပြောရမှန်းမသိအောင်ပင် ဆွံ့အသွားရသည်။

မူလက သူသည် အမျိုးမျိုးသော နည်းလမ်းများနှင့် အရန်အစီအစဉ်များစွာကို ပြင်ဆင်ထားခဲ့သည်။ စောစောက လေဓားအင်း လေးကွက်ဆိုသည်မှာ စမ်းသပ်ကြည့်ရုံမျှသာ ရှိသေး၏။

နောက်ထပ်လည်း သူ့တွင် မီးလုံးအင်းနှင့် အခြားသော စွမ်းအားများစွာ ကျန်ရှိနေသေးသည် မဟုတ်ပါလော။

သူ၏ စမ်းသပ်မှုအဆင့်ကိုပင် တောင့်မခံနိုင်လောက်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့ပေ။ ဤသည်မှာ သူ၏ မျှော်လင့်ချက်ထက် များစွာ ကျော်လွန်နေခဲ့လေသည်။

"နောက်ဆုံးတော့ သူတို့က လေလွင့်ကျင့်ကြံသူတွေပဲလေ၊ အရမ်း အားနည်းလွန်းနေသေးတာပဲ။ ဘာအရည်အချင်းမှ မရှိဘဲနဲ့ ကပ်ဘေးကျင့်ကြံသူ လုပ်ချင်နေကြတာ၊ တကယ်ပဲ အသက်ရှင်ရတာ ငြီးငွေ့နေကြပုံရတယ်"

ကျန်းဖန်သည် သေသေချာချာ စဉ်းစားကြည့်လိုက်သောအခါ ဤသည်မှာ အလွန် ပုံမှန်ဖြစ်သော ကိစ္စရပ်ပင် ဖြစ်ကြောင်း သိလိုက်ရသည်။

မည်သို့ဖြစ်စေ သူသည် ယွမ်ချူးဝိညာဉ်အင်းဂိုဏ်း၏ နောက်ဆုံးသော ဆက်ခံသူဖြစ်ပြီး မြေကမ္ဘာဝိညာဉ်အမြစ် ပါရမီရှိသော အနှစ်သာရတပည့် တစ်ဦးလည်း ဖြစ်သည် မဟုတ်ပါလော။ သူသည် ပြည့်စုံလှသော အမွေအနှစ်များကို လက်ခံရရှိထားသူ ဖြစ်သည်။

ဤလေလွင့်ကျင့်ကြံသူ နှစ်ဦးမှာမူ အနိမ့်ဆုံးအဆင့် ကျင့်စဉ်များကိုသာ လေ့ကျင့်ထားကြရသူများ ဖြစ်နိုင်ပြီး အဆင့်နိမ့် ဝိညာဉ်အမြစ်သာ ရှိကြပေလိမ့်မည်။

သူတို့မှာ အလွန် ဆင်းရဲလှသဖြင့် ဝိညာဉ်လက်နက်များ သို့မဟုတ် မန္တန်ဝတ်ရုံများပင် မရှိကြချေ။ သူတို့၏ ဘဝကို လုယက်မှုများဖြင့်သာ အသက်ဆက်နေကြရခြင်း ဖြစ်သည်။

ဤကဲ့သို့သော သူများသည် အနည်းငယ်မျှ သန်မာသော ကျင့်ကြံသူနှင့် တွေ့ဆုံလိုက်သည်နှင့် ချက်ချင်း သေဆုံးသွားကြမည်မှာ မဆန်းပေ။

အကယ်၍ သူသာ သူတို့နှင့် တိုက်ပွဲအကြာကြီး ဆင်နွှဲနေရမည်ဆိုပါက ၎င်းမှာ သူ့အတွက် ရှက်စရာပင် ဖြစ်နေပေလိမ့်မည်။

ဝုန်း…

ဤသို့ တွေးတောရင်း ကျန်းဖန်သည် လက်ကို ဝှေ့ယမ်းလိုက်ကာ မီးလုံးအင်း တစ်ကွက်ကို ထုတ်လွှတ်လိုက်ပြီး ပုံပျက်ပန်းပျက် ဖြစ်နေသော ထိုအလောင်း နှစ်လောင်းကို ပြာအဖြစ်သို့ လောင်ကျွမ်းစေလိုက်၏။

ထို့နောက် သဘာဝကျကျပင် သူတို့၏ သိုလှောင်အိတ်များကို ကောက်ယူလိုက်လေသည်။

ရှူး…

ခဏချင်းအတွင်းမှာပင် ကျန်းဖန်သည် လမ်းကြား၏ ပတ်ဝန်းကျင်၌ ပုန်းအောင်းနေကြသော အခြားသော ကျင့်ကြံသူများကို အာရုံခံမိလိုက်သဖြင့် သူသည် ကိုယ်ပျောက်အင်းနှင့် အရှိန်အဝါဖုံးကွယ်အင်းကို လျင်မြန်စွာ အသက်သွင်းလိုက်ပြီး လမ်းကြားအတွင်းမှ တိတ်တဆိတ် ပျောက်ကွယ်သွားတော့သည်။

ဤအချက်က လမ်းကြားပတ်ဝန်းကျင်၌ ချောင်းမြောင်းနေကြသော လေလွင့်ကျင့်ကြံသူများကို အံ့အားသင့်သွားစေခဲ့၏။

"ဒီကောင်က ရိုးတော့မရိုးဘူး၊ ဒီလောက်ထိ အဆင့်မြင့်တဲ့ ထွက်ပြေး နည်းစနစ်တွေကို ကျွမ်းကျင်ထားတာပဲ။ တို့တွေရဲ့ ဆင်းရဲသားရပ်ကွက်ထဲကို အကောင်ကြီးတစ်ကောင် ရောက်လာတယ် ထင်တယ်၊ ရှန်းညီအစ်ကိုတွေ သေသွားရတာကတော့ မတန်ဘူးလို့ ပြောလို့မရဘူးပေါ့"

"ဟက်... မြစ်နားမှာ လမ်းလျှောက်နေရင် ဖိနပ်ကတော့ စိုမှာပဲလေ။ ကပ်ဘေးကျင့်ကြံသူ လုပ်လာတာ ကြာပြီဆိုတော့ တစ်နေ့မှာတော့ ကျောက်ဆောင်နဲ့ တိုးမှာပဲ။ ရှန်းညီအစ်ကိုတွေက စျေးတန်းမှာ တစ်ယောက်တည်းလာတဲ့ ကျင့်ကြံသူတွေကိုပဲ အမြဲ ပစ်မှတ်ထားပြီး လုနေကြတာ၊ အခုတော့ သူတို့နဲ့ ထိုက်တန်တာကို ရသွားကြပြီပေါ့"

"အဲ့ဒါ ဟုတ်ပါ့မလား၊ လူပဲဖြစ်ဖြစ်၊ ကျင့်ကြံသူပဲဖြစ်ဖြစ် အရေးကြီးဆုံးကတော့ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်ဖို့ပဲလေ။ မတော်တဆ ရလာမယ့် အရာတွေအပေါ်မှာပဲ အားကိုးနေရင်တော့ တစ်နေ့မှာ ပြန်ပေးဆပ်ရမှာပဲ။ ဒါက တကယ့် သာဓကတစ်ခုပဲ"

"ပြောရတာတော့ လွယ်တာပေါ့။ အကယ်၍ စည်းကမ်းတွေကို လိုက်နာပြီး ဝိညာဉ်ကျောက်တုံးတွေ ရှာလို့ရမယ်ဆိုရင် ဘယ်သူကများ လုယက်တဲ့နည်းလမ်းကို သုံးပါ့မလဲ၊ တို့လို လေလွင့်ကျင့်ကြံသူတွေမှာက ဘာအရည်အချင်းမှ မရှိဘူး၊ လုယက်တာနဲ့ ခိုးဝှက်တာလိုမျိုး နည်းလမ်းတွေကိုပဲ အားကိုးပြီး ရှင်သန်နေကြရတာ။ တကယ်လို့ ဒီအရည်အချင်းတွေပါ မရှိတော့ဘူးဆိုရင် တို့တွေ နောင်မှာ ဘယ်လို ရှင်သန်ကြမလဲ”

All Chapters