← Chapters

လုချန်ရှန်း၊ သေခြင်းတရားကို တောင့်တခြင်း

Vol. 99 Ch. 1387

လုချန်ရှန်း၊ သေခြင်းတရားကို တောင့်တခြင်း

Vol. 99 Ch. 1387

နယ်မြေခြောက်ခုကျောင်းတော်ဖလှယ်ရေးအစီအစဉ်ကျင်းပရန်အတွက် သုံးနှစ်ပင် မလိုတော့။

ကျင့်ကြံသူများအတွက် သုံးနှစ်တင်မဟုတ်ဘဲ ဆယ်နှစ်ပင်လျှင် မျက်စိတစ်မှိတ်ကာလသာဖြစ်သည်။

ဒါက တံခါးပိတ်ကျင့်ကြံခြင်းကာလတစ်ခု၏ ကြာမြင့်ချိန်တစ်ခုသာ။

ယခုလိုတိုတောင်းသည့်ကာလအတွင်း အဇူရာကျောင်းတော်၌ နယ်မြေခြောက်ခုကျောင်းတော်ဖလှယ်ပွဲ၌ သေမျိုးနယ်မြေကို ကိုယ်စားပြုရန် ကြိုးစားစဉ် ပထမအကျောမှာပင် တိုက်ရိုက်ဖယ်ရှားခံရပြီး ရယ်စရာပြက်လုံးတစ်ခုဖြစ်လာမှာကို စိုးရိမ်သည့်အပေါ် လုပ်စရာများစွာရှိနေသည်။

သေမျိုးနယ်မြေက ယခုအင်မော်တယ်နယ်မြေနှင့် လုချန်ရှန်းတို့၏ အကူအညီနှင့်အတူ အင်မော်တယ်အော်ရာနှင့် ပြည့်နှက်နေသော်လည်း အစသာရှိသေးသလို အချိန်ကလည်း အရမ်းနည်းလှသည်။

ကျောင်းအုပ်များတဖြစ်လဲ ဟုန်ရင်နှင့် နင်းချန်ရှင်းတို့က ပြိုင်ပွဲတွင် မပါ၀င်နိုင်ကြပေ။

ဤဖလှယ်မှုတွင် လူဆယ်‌ယောက်ပါ၀င်ရန်အတွက် လိုအပ်လေရာ ယဲ့ချိုးပိုင်နှင့် တခြားသူများကို ပေါင်းလျှင်ပင် ခုနှစ်ယောက်သာရှိသည်။ သူတို့တွင် အရန်များလည်းရှိရမည်ဖြစ်လေရာ အနည်းဆုံး အရည်အချင်းရှိသည့်ကျောင်းသားလေးဦးကို အခွင့်အရေးတစ်ခုအတွက် ရပ်တည်နိုင်ရန် ပျိုးထောင်ပေးရပေမည်။

လက်ရှိအချိန်တွင် အဇူရာကောင်းကင်ကျောင်းတော်၏ ကောင်းကင်တုန်လှုပ်ခန်းမ၌ ရွေးချယ်ပွဲအတွက် ကျောင်းသားဆယ်ဦးရပ်နေကြသည်။ ဤကျောင်းသားများအား ရာချီသောပါရမီရှင်များကြားမှ စစ်ထုတ်ထားခြင်းဖြစ်ပြီး လေ့ကျင့်မှုအပြီးတွင် သူတို့ရွေးချယ်မှုနောက်တစ်ဆင့်ကို ရင်ဆိုင်ရမည်ဖြစ်ကာ လေးယောက်သာ ကျန်ရှိမည်ဖြစ်သည်။

ထို့ထဲတွင် ယဲ့ချိုးပိုင်၏တပည့်ဖြစ်သော ဟောင်တျန်းလည်းပါ၀င်သည်။

ဟောင်တျန်း နှစ်များစွာအတွင်း ကျင့်ကြံခြင်းအပေါ် မည်သောအခါမှ လက်မလျှော့ခဲ့ပေ။ သူ့၏ထူးခြားသည့် ပါရမီ၊ သာမန်လူများထက်ပိုသောအားထုတ်မှုနှင့် ယဲ့ချိုးပိုင်ချန်ထားခဲ့သည့် ဓားနည်းစနစ်ကို အားကိုးရင်း သူ အဇူရာကောင်းကင်ကျောင်းတော်ဆီသို့ သူ့ဆရာ၏ခြေရာကို လိုက်ပြီး နာမည်တစ်ခုတည်ဆောက်နိုင်ခဲ့သည်။

အဇူရာကောင်းကင်ကျောင်းတော်ရှိ ပါရမီရှင်တပည့်များစွာအကြား ဟောင်တျန်းဟူသောနာမည်က ကျောင်းတော်အတွင်း ပဲ့တင်ထပ်နေသည်။

လေ့ကျင့်မှုကို ဟုန်ရင်၊ နင်းချန်ရှင်း၊ ဆရာသခင်တဖြစ်လဲ မစ္စတာနှင့် ဟွမ်ချင်းတို့က ကိုယ်တိုင်ကြီးကြပ်သည်။

ဤသည်က လုချန်ရှန်းမှလွဲ၍ သေမျိုးနယ်မြေ၏ အားအကောင်းဆုံးလူများဖြစ်ကြပြီး သူတို့ထက်မည်သူမှ ပိုအားမကောင်းကြပေ။

"နယ်မြေခြောက်ခုကျောင်းတော်ဖလှယ်ပွဲစဖို့ အချိန်အများကြီးမကျန်တော့ဘူး" ဟုန်ရင်ပြောရင်း ကျောင်းသားဆယ်ဦးရှေ့တွင် ရှေ့နောက်သွားလာနေသည်။

"နင်တို့ထဲကလေးယောက်က အဇူရာကောင်းကင်ကျောင်းတော်ကို ကိုယ်စားပြုရမယ်၊ ပြီးတော့ သိုင်းပညာအစဉ်အလာကို ရှင်သန်အောင်လုပ်နိုင်တဲ့ အဆင့်ကို တက်လှမ်းဖို့အတွက် သေမျိုးနယ်မြေတစ်ခုလုံးကို ကိုယ်စားပြုပြီး အဲဒီက ပါရမီရှင်တွေနဲ့ ယှဉ်ပြိုင်ရမယ်"

"နင်တို့ကိုယ်တိုင်အတွက်လည်း ဒါက အရမ်းကြီးကျယ်တဲ့အခွင့်အလမ်းတစ်ခုပဲ"

"ကျောင်းတော်နဲ့ သေမျိုးနယ်မြေအတွက်တော့ ဒါက အခြေအနေရပ်တွေကို ပြန်ပြောင်းနိုင်ဖို့ အလားတူအခွင့်အလမ်းတစ်ခုလို့ ပြောလို့ရတယ်"

ဟုန်ရင်လမ်းလျှောက်နေတာကို ရပ်လိုက်သည်။ သူမက အနီရောင်၀တ်စုံကို ၀တ်ဆင်ထားပြီး သာမန်လူတစ်ယောက်တွင် မရှိနိုင်သည့် ထူးကဲသောရဲစွမ်းသတ္တိနှင့်အတူ ပေါင်းစပ်ထားသော အမျိုးသမီးတစ်ဦး၏ အဆုံးစွန်သောညို့ဓာတ်ကို ထုတ်လွှတ်နေသည်။

"အောင်မြင်မှုကို ရယူကြ၊ ဒါဆိုရင် နင်တို့ သေမျိုးနယ်မြေမှာ နာမည်တစ်ခုဖန်တီးနိုင်မယ်၊ ကျောင်းတော်ကလည်း နင်တို့ကို ဆုချီးမြှင့်လိမ့်မယ်၊ ဥပမာပြောရရင် ဆရာ နင်တို့အတွက် တာအိုနဲ့ပတ်သက်တဲ့ ဟောပြောပွဲတစ်ခုစီစဉ်ပေးသလိုမျိုးပေါ့"

ကျောင်းသားများက စိတ်လှုပ်ရှားမှုနှင့် ပြည့်နှက်နေကြပြီဖြစ်သော်လည်း နောက်ဆုံးဝါကျကို ကြားလိုက်ရသောအခါ သူတို့အသက်ရှုသံများက ပြင်းထန်လာကြပြီး မျက်လုံးများက စိတ်လှုပ်ရှားမှုများနှင့်အတူ တောက်ပလာကြ၏။

သူတို့အရင်က လုချန်ရှန်း၏ဟောပြောချပ်ကနေ အကျိုးအများကြီးရခဲ့ဖူးသဖြင့် ဒါက အမွေအနှစ်ရရှိရန်အတွက် ရှေးဟောင်းစစ်မြေပြင်၌ လျှို့ဝှက်နယ်မြေတစ်ခုကို ရှာဖွေခြင်းထက် ပိုကောင်းသည်ဟု ဆို၍ရသည်။

ဟွမ်ချင်း ဟုန်ရင်ကို ကြည့်ပြီးနောက် အသံပို့လိုက်၏။

"သူဒီအကြောင်းကိုသိလား"

ဟုန်ရင်ခေါင်းခါယမ်းသည်။

"ဟင့်အင်း၊ သူမသိဘူး"

"ဒါတောင် နင်ဒီလိုကတိမျိုးပေးရဲတာလား၊ သူနင့်ကိုအပြစ်တင်မှာကို မကြောက်ဘူးလား"

"စီနီယာအစ်ကိုကြီးရှိနေသရွေ့ ဘာကြောက်စရာရှိလို့လဲ"

ဟွမ်ချင်း လက်မထောင်ပြလိုက်သည်။

တခြားတစ်ဘက်တွင် နင်းချန်ရှင်းမှာ စီနီယာအစ်ကိုကြီးအတွက် တိတ်တဆိတ် ကြေကွဲနေမိသည်။

ဟုန်ရင်လက်ခုပ်တီးလိုက်၏။

"ကောင်းပြီ၊ စကြရအောင်၊ နောက်နှစ်နှစ်က နင်တို့အတွက် နာကျင်စရာအကောင်းဆုံးနဲ့ အမှတ်ရစရာအကောင်းဆုံးနှစ်တွေ ဖြစ်လာလိမ့်မယ်၊ နင်တို့ဒါကိုခံနိုင်ရည်မရှိဘူးဆိုရင် လွတ်လွတ်လပ်လပ်ထွက်သွားလို့ရတယ်၊ ငါတို့ဘာမှပြောမှာမဟုတ်ဘူး၊ အဲလိုဆိုရင်တော့ နင်တို့နေရာကို ဆုံးရှုံးရမှာပေါ့"

ဟောင်တျန်းမှလွဲ၍ ကျောင်းသားအားလုံးက တစ်ဦးကိုတစ်ဦးတုန်လှုပ်ချောက်ချားစွာ ကြည့်လိုက်မိကြသော်လည်း ဟောင်တျန်းကမူ စိတ်ဓာတ်ကြံ့ခိုင်ပြီး ပြတ်သားစွာ ရှိနေဆဲပင်။

ဟုန်ရင်က လက်တွေ့တိုက်ခိုက်ရေးလေ့ကျင့်မှုများကို တာ၀န်ယူထားသူဖြစ်သည်။

ဟွမ်ချင်းက သူတို့ခန္ဓာများကို သန့်စင်အောင်လုပ်ရာ၌ တာ၀န်ရှိသူဖြစ်သည်။

နင်းချန်ရှင်းကမူ စိတ်အခြေအနေလေ့ကျင့်ရေးအတွက် တာ၀န်ရှိသည်။

မစ္စတာတဖြစ်လဲ ဆရာသခင်က ကျင့်ကြံခြင်းနည်းစနစ်များနှင့် တိုးတက်အောင်လုပ်ရန် လိုအပ်သည့် တခြားရှုပ်ထွေးသည့်နယ်ပယ်များစွာကို အာရုံစိုက်ထားသည်။

မည်သို့ပင်ဆိုစေကာမူ ဆရာသခင်၏ အတွေ့အကြုံက တည်ရှိနေသူများအနက် အများဆုံးအတွေ့အကြုံကို ပိုင်ဆိုင်ထားသည်။

.....

တစ်ချိန်တည်းမှာပင် ခေးအောစ့်နယ်မြေ၏ တျန်းဂျီတိုက်ကြီးအတွင်း လုချန်ရှန်း ပေါ်လာခဲ့သည်။

မှန်ပေသည်။ လုချန်ရှန်းခေးအောစ့်နယ်မြေကို ရောက်လာခဲ့ခြင်းပင်။

သို့စေကာမူ သူမုဖူရှန်း၊ ရှောင်ဟိုင်နှင့် တခြားသူများကို အနှောင့်အယှက်မပေးခဲ့သလို မည်သူ့ကိုမှလည်း သတိမပေးခဲ့ပေ။

ဖြတ်သွားသူများကပင် သူ့တည်ရှိမှုကို သတိမထားမိကြပေ။

တစ်နေ့တွင် လုချန်ရှန်း ယဲ့ချိုးပိုင်နှင့် ကျန်သောသူများ ခေးအောစ့်နယ်မြေတွင် ပြဿာနာများကို ဖြစ်စေလိမ့်မည်ဟု ရုတ်တရက် တွေးမိသည်။

သူတို့သာပြဿာနာမဖြစ်စေဘူးဆိုပါက အတော်လေးထူးဆန်းရာကျသွားပေလိမ့်မည်။

သို့သော် ခေးအောစ့်နယ်မြေက ထာ၀ရသက်တမ်းကမ္ဘာနှင့် အတော်လေးဝေးသည်။ လုချန်ရှန်း၏အမြန်နှုန်းနှင့်ပင် အာကာသကို ဖြတ်ကျော်ရန်အတွက် အပြည့်အ၀အားထုတ်ကြိုးစားလျှင်ပင် အသက်ရှူကြိမ်ရေအနည်းငယ်ခန့် လိုအပ်နေဆဲပင်။

အကယ်၍ ထိုအချိန်တွင် ဤယုန်အုပ်စုလေးက မကိုင်တွယ်နိုင်သည့် အန္တရာယ်တစ်ခုခုကို ကြုံတွေ့ရခြင်းဖြစ်စေ သို့မဟုတ် ကျောက်စိမ်းဆွဲသီးက အလုပ်မလုပ်တော့သည်ဖြစ်စေ ဤမြန်ဆန်သည့် အချိန်တစ်ခဏတာက သူတို့အသက်များကို ယူဆောင်သွားရန် လိုအပ်သည်။

ဒါ့အပြင် ဖြစ်ပျက်ခဲ့သည့်အဖြစ်အပျက်များအပြီးတွင် လုချန်ရှန်း၏ အာရုံကြောများက ထပ်မံတင်းကျပ်သွားရသည်။

သာမန်နေ့များတွင် ထိုကလေးအုပ်စုအား သူအရမ်းကြီးဂရုမစိုက်သော်လည်း အဆိုတစ်ခုအရဆိုရပါက သူတို့က ကြက်မအိုကြီးတစ်ကောင်က ဥခဲ့သည့် ဥ‌လေးများတဖြစ်လဲ သူ့ကိုယ်ပိုင်ကလေးများဖြစ်နေဆဲပင်။

အာ....ဘာလို့တစ်ခုခုမှားနေသလို ခံစားနေရတာလဲ!

လုချန်ရှန်းလက်ဝှေ့ယမ်းကာ တွေးမနေတော့ဘဲ အာကာသအဆက်များကို ဆက်လက်တည်ဆောက်နေသည်။

မှန်ပေသည်။ ခေးအောစ့်နယ်မြေကို အချိန်မီရောက်နိုင်ရန်အတွက် လုချန်ရှန်း တျန်းဂျီတိုက်ကြီးတစ်ခုလုံး၌ အာကာသအဆက်များစွာကို တည်ဆောက်ရပေမည်။

ဤနည်းဖြင့် ထိုကလေးစုတ်များ အကူအညီတောင်းသည်နှင့်တစ်ပြိုင်နက် သူအမြန်ဆုံးနှုန်းနှင့် ပြေးကာရောက်သွားနိုင်ပေသည်။

အာကာသအဆက်များကို တည်ဆောက်ရန်သာဆိုပါက လုချန်ရှန်းအတွက် နှစ်ရက်တာအသုံးပြုရန်ပင် မလိုအပ်ပေ။

မဟာနယ်မြေများကို ဖြတ်သန်းနေသည့် အာသာကအဆက်တစ်ခုက အနည်းငယ်ပိုတည်ငြိမ်ရန် လိုအပ်သည်မဟုတ်ပေလော။

၎င်းကိုတခြားသူများရှာမတွေ့အောင်၊ ထာ၀ရသက်တမ်းကမ္ဘာ၏တည်နေရာကို မတွေ့နိုင်အောင် သို့မဟုတ် အာကာသအဆက်များကို ဖျက်ဆီးပစ်ခြင်းကနေ ဖုံးကွယ်ထားသင့်သည်မဟုတ်ပေလော။

ထို့ကြောင့် အာကာသအဆက်များတစ်ဝိုက်တွင် သူအသွင်ပျောက်အစီအရင်များတင်မဟုတ်ဘဲ သတ်ဖြတ်ခြင်းအခင်းအကျင်းများစွာကိုလည်း တည်ဆောက်ထားလေသည်။

တစ်ယောက်ယောက် အာကာသအဆက်ကို တိုက်ခိုက်လာပါက ၎င်းက ချက်ချင်းအစပျိုးအသက်၀င်သွားပေလိမ့်မည်။

တစ်ချိန်တည်းမှာပင် ဤသည်က ထာ၀ရသက်တမ်းကမ္ဘာသို့ ဦးတည်ထားသည့် အာကာသလမ်းကြောင်းကို တိုက်ရိုက်ဖျက်ဆီးပစ်မည်ဖြစ်ကာ ထာ၀ရသက်တမ်းကမ္ဘာက အလိုအလျောက် တခြားတနေရာသို့ ပြောင်းသွားပေလိမ့်မည်။

ဒါကလုံး၀မှားနိုင်စရာပင်မရှိ။

လုချန်ရှန်း မရှိသည့်ချွေးများအား သုတ်လိုက်၏။

"ဟူးးး၊ အရမ်းကိုပင်ပန်းတာပဲ" သူခါးသက်စွာပြုံးရင်း ညည်းတွားသည်။

"ဒီကောင်စုတ်လေးတွေ ငါ့ကို 'အာ...သူတို့တကယ်ကြီးထွားလာကြပြီပဲ' လို့ ရိုးသားစွာ ပြောနိုင်ဖို့အတွက် ဘယ်အချိန်မှ ငြိမ်းချမ်းမှုပေးနိုင်မလဲ မသိတော့ဘူး"

တစ်ခဏမျှတွေးပြီးနောက် လုချန်ရှန်း ကံကြမ္မာကိုလက်ခံပြီး ဤလက်တွေ့မကျသည့်စိတ်ကူးများကို စွန့်လွှတ်ရန် ဆုံးဖြတ်လိုက်သည်။

သို့သော် ထိုသို့နားလည်အသိအမှတ်ပြုခံရခြင်းက အမှန်တကယ်ကောင်းပေသည်။

မကြာမီ နင်းချန်ရှင်း၏သတင်းစကား ရောက်ရှိလာသည်။

"ဆရာ၊ နှစ်နှစ်အတွင်းမှာ ဆရာကျောင်းသားလေးယောက်ကို သီးခြား သင်ကြားပေးဖို့ လိုပါတယ်၊ ဟီးဟီး"

လုချန်ရှန်းဆွံအသွား၏။

ကျောင်းသားလေးယောက်လား! တစ်ယောက်ချင်းစီသင်ကြားရမှာလား!

"အိုး၊ အစ်မက ဒါက အစ်ကိုကြီးရဲ့စိတ်ကူးပါလို့ ပြောဖို့အတွက် ကျွန်တော့်ကို တောင်းဆိုထားပါတယ်"

လုချန်ရှန်းမျက်လုံးလိမ့်လိုက်မိပြီး ရင်ဘတ်ကို ဆုပ်ကိုင်ကာ အသက်ရှုရပ်မတတ်ပင် ဖြစ်သွားရသည်။

သူတကယ်သေချင်စိတ်ဖြစ်နေမိသည်။

သူဟုန်ရင်ကို လည်ပင်းညှစ်သတ်ချင်မိသည်။ အာ...အဲဒီအစား ယဲ့ချိုးပိုင်ကို လည်ပင်းညှစ်သတ်တာက ပိုကောင်းတယ်!

သူက အပြစ်တင်ခံရဖို့အတွက် မတရားလုပ်တာတော့မဟုတ်ဘူးဆိုပေမယ့် ဒါက အလေ့အကျင့်တစ်ခုလိုဖြစ်နေပြီလေ!

"မေ့လိုက်တော့၊ မေ့လိုက်တော့"

လုချန်ရှန်းရင်ဘတ်ကိုပွတ်သပ်ရင်း အသက်ပြင်းပြင်းရှုသည်။

"အရင်ပြန်သွားပြီးအနားယူကြရအောင်"

သို့သော် လုချန်ရှန်း၏ခြေထောက်က အာကာသအဆက်ပေါ် တက်နင်းတော့မည့်အချိန် အချိန်ကြာမြင့်စွာပျောက်ဆုံးနေသည့် အသံက သူ့စိတ်ထဲတွင် ပဲ့တင်ထပ်လာခဲ့သည်။

[ပိုင်ရှင်က အဓိကတာ၀န်ကို အစပျိုးခဲ့ပါသည်]

[ကျေးဇူးပြုပြီး တျန်းဂျီတိုက်ကြီးထဲက မိုမိသားစုကိုသွားပြီး တပည့်တစ်ယောက် လက်ခံရယူပါ]

[အမည် : မိုယု]

[ပါရမီ : SSS]

[ကိုယ်ခန္ဓာ : ဝိဉာဉ်ထိန်းချုပ်ခြင်းမြင့်မြတ်ခန္ဓာ]

[ဆုလာဘ် : ကောင်းကင်ဘုံအခရာဝိဉာဉ်ထိန်းချုပ်ဆေးလုံး၊ စက်ယန္တရားတစ်ရာခြယ်လှယ်နည်းစနစ်၊ ရုပ်သေးဆရာ၏ လက်စွဲစာအုပ်]

လုချန်ရှန်း တိတ်တဆိတ် ခြေထောက်ကို ရုပ်သိမ်းလိုက်မိသည်။

"ငါငြင်းလို့ရလား"

စနစ် "...."

All Chapters