ကျောင်းတော်ထဲကလူများ၊ ကုရှန်းနှင့်တိုက်ပွဲ
Vol. 99 Ch. 1394
မုဖူရှန်း ထူးဆန်းသည့်လုပ်ရပ်များနှင့် ဦးဆောင်သောအခါ ရှောင်ဟိုင်နှင့် ဖန်ချန်းတို့ကလည်း နေရာတွင်ရပ်လိုက်ကြပြီး သူတို့ရှေ့က ခြံ၀င်းတံခါးအား မျက်ခုံးအနည်းငယ်ကျုံ့ကာ ကြည့်လိုက်ကြ၏။
"အထဲမှာတစ်ယောက်ယောက်ရှိတယ်" ဖန်ချန်း ပွင့်လင်းစွာပင်ပြောသည်။
"သူတို့ဘယ်လို၀င်လာတာလဲ"
ကောင်းကင်အတန်းခြံ၀င်းတိုင်းတွင် ကိုယ်ပိုင်အထူး၀င်ခွင့်နည်းလမ်းများရှိပြီး ပိုင်ရှင်၏ ဝိဉာဉ်စွမ်းအားအနည်းငယ်ကို ပေါင်းစပ်ရန် လိုအပ်သည်။ ခြံ၀င်းပိုင်ရှင်သာလျှင် ဆန္ဒရှိသလိုဖွင့်လှစ်နိုင်သည်။
ပိုင်ရှင်အဖြစ် အထဲသို့ခြေချလိုပါက အင်အားကြီးလူတစ်ယောက်က အတင်းချိုးဖျက်၀င်ရောက်၍သာ ရပေလိမ့်မည်။
မည်သူဖြစ်နိုင်မည်နည်း။
မုဖူရှန်းအနည်းငယ်ပိုကြာကြာစောင့်ကြည့်ချင်ပြီး သေချာစေရန်အတွက် အဆောင်တစ်ချို့ကို ထုတ်ယူနေစဉ် ရှောင်ဟိုင်ကမူ တံခါးကိုတွန်းဖွင့်ကာ တည့်တည့်ပင် ၀င်သွားသည်။
မုဖူရှန်း သူ့ကိုအချိန်မီမဖမ်းထားနိုင်ခဲ့သဖြင့် သူ့တွင်အမြန်လိုက်ရန်ကလွဲပြီး ရွေးချယ်စရာမရှိတော့။ သူ့မျက်နှာက လက်လျှော့သည့်အသွင်နှင့် သတိဖြင့်ပြည့်နှက်နေသည်။
ဖန်ချန်းက အစီအရင်ကို အချိန်မရွေး အသက်သွင်းရန်အတွက် အသင့်ဖြစ်နေသည်။
သူတို့သုံးယောက် ခြံ၀င်းထဲ၀င်သွားစဉ် ကောက်ရိုးဦးထုပ်နှင့်လူတစ်ယောက်ကို တွေ့လိုက်ရသည်။ သူ့ခြေကဗလာကျင်းနေပြီး ကျောက်ခုံတစ်ခုံပေါ်တွင်လှဲနေကာ လက်အစုံက ခေါင်းနောက်ဘက်တွင်ရှိနေသည်။ သူ့ပါးစပ်ထဲတွင်မူ မြက်ပင်လေးတစ်ပင်ကို ကိုက်ထားလေသည်။
"အိုး၊ မင်းတို့က ကောင်းကင်နံပါတ်တစ်ခြံ၀င်းရဲ့ ပိုင်ရှင်အသစ်တွေလား" ထိုလူ၏ ပါးစပ်က အနည်းငယ်ကွေးညွတ်သွားပြီး သူတို့သုံးယောက်ကို မော့ကြည့်စဉ် ကောက်ရိုးဦးထုပ်ကို ဖယ်ရှားရင်းပြုံးသည်။
"ငါမှတ်မိတာကတော့....ဘယ်သူလဲ...အင်းဟုတ်တယ်...ယုချန်းမလား"
ဖန်ချန်းပြောသည်။
"ယုချန်းသေပြီ"
"သေပြီလား၊ ဟမ်" ထိုလူမှာ ရှုပ်ပေနေသည့်ဆံပင်ကို ကုတ်ရင်း ထူးမခြားနားစွာပြောသည်။
"ကြည့်ရတာ သူရန်မစသင့်တဲ့လူတစ်ယောက်ကို ရန်စမိသွားပုံပဲ"
"အိုး၊ ဟုတ်သားပဲ၊ ငါ့ကိုယ်ငါမိတ်ဆက်ပေးဖို့လိုသေးလား" ရုတ်တရက်ဆိုသလို ထိုလူက သူ့ကိုယ်သူအပြုံးဖြင့် ညွှန်ပြသည်။
သို့သော် ထိုအချိန်မှာပင် မုဖူရှန်းတိတ်ဆိတ်စွာပြောသည်။
"ကုရှန်း"
"အို" ထိုလူ၏ပါးစပ်ထောင့်စွန်းများက အနည်းငယ်ကွေ့တက်သွားကြ၏။
"မင်းဘယ်လိုသိတာလဲ"
မုဖူရှန်းတိုက်ရိုက်ပင် ပြန်ဖြေသည်။
"ကျုပ်တို့ခင်ဗျားကိုမသိဘူး၊ ဒါပေမယ့် ခင်ဗျားကို ကြည့်ရတာ ဒီနေရာနဲ့ အရမ်းရင်းနှီးပုံပေါ်ပေမယ့် မကြာသေးခင်က အဖြစ်အပျက်တွေကိုမသိပုံပဲ၊ ဥပမာ ယုချန်းသေတာကိုတောင် ခင်ဗျားမသိဘူးလေ၊ ဆိုလိုတာက ခင်ဗျားက မကြာသေးခင်က ကျောင်းတော်မှာ မရှိခဲ့ဘူး"
"တစ်ချိန်တည်းမှာပဲ ကောင်းကင်နံပါတ်တစ်ခြံ၀င်းမှာ စိတ်ကြိုက်၀င်ထွက်သွားလာလုပ်နိုင်တဲ့သူတွေက အရမ်းအားကောင်းတာဖြစ်ရင်ဖြစ် မဟုတ်ရင် ဒီနေရာနဲ့ အရမ်းရင်းနှီးတာဖြစ်ရမယ်"
"ဒီသတ်မှတ်ချက်တွေအားလုံးနဲ့ ကိုက်ညီတဲ့ တစ်ဦးတည်းသောသူက ကုရှန်းပဲ"
"ဟားဟားဟား" ကုရှန်းအူလှိုက်သည်းလှိုက်ရယ်မောကာ မုဖူရှန်းကို လက်မထောင်ပြသည်။
"မင်းကအတော်လေးထက်မြက်သားပဲ"
"ကောင်းပြီလေ၊ ငါက ဒီနေရာနဲ့ပတ်သက်တဲ့ အတိတ်ကို သတိရခံစားနေရုံပါပဲ၊ ပိုင်ရှင်အသစ်ရှိနေပြီဆိုမှတော့ ငါထွက်သွားသင့်ပြီ" ကုရှန်းပြောပြီး သစ်သားဖိနပ်များအားစီးကာ ထွက်ပေါက်ဆီသို့ လျှောက်သွားသည်။
သို့သော် ထိုအချိန်မှာပင် ရှောင်ဟိုင် ကုရှန်း၏လမ်းကို ပိတ်ဆို့လိုက်၏။
ကုရှန်း သူ့ကိုစိုက်ကြည့်ရင်းရယ်မောသည်။
"ငါမင်းတို့ဆီက ဘာမှမခိုးခဲ့ပါဘူး"
ရှောင်ဟိုင့်မျက်လုံးများမှ စိတ်လှုပ်ရှားမှုကို မြင်ရသောအခါ မုဖူရှန်းနှင့်ဖန်ချန်းတို့မှာ မျက်နှာကို ဖုံးထားလိုက်မိကြသည်။
အင်း၊ ငါတို့စီနီယာအစ်ကိုရဲ့အကျင့်ဆိုးက ပြန်တောက်လောင်လာပြီထင်တယ်!
ရှောင်ဟိုင်ပြုံးလိုက်သည်။
"အစ်ကိုကုရှန်းက အရမ်းအားကောင်းတယ်လို့ ကျုပ်ကြားခဲ့ရတယ်"
ကုရှန်းခေါင်းကိုင်ရင်း သဘောတူညီသည့်အသွင် ခေါင်းညိတ်ရန်ကြိုးစားနေပုံရသည်။
"ငါတော့အဲလိုမထင်ဘူး၊ ဒါပေမယ့် တခြားသူတွေကတော့ ဒါကိုတကယ်ယုံကြပုံပဲ"
"ဒါဆိုယှဉ်ပြိုင်ကြမလား" ရှောင်ဟိုင်မေးသည်။ သူ့၏အရေးတကြီးလိုအပ်ချက်က ဘိုးဘေးနယ်ပယ် အလယ်အလတ်အဆင့်ကို ရောက်နေသည့် သူတစ်ဦးအဖြစ် ပိုအားကောင်းသည့်ပြိုင်ဘက်တစ်ဦးနှင့် ပြင်းထန်သည့်တိုက်ပွဲတစ်ခုဆင်နွှဲခြင်းပင်။
ထိုစကားကိုကြားသောအခါ ကုရှန်း ရှောင်ဟိုင်ကို အသေအချာကြည့်ရင်း လက်မောင်းအစုံကို ဖမ်းညှစ်လိုက်၏။
"ကိုယ်ခန္ဓာကျင့်ကြံသူလား၊ ဟမ်၊ ဒါပေမယ့် မင်းနယ်ပယ်က နည်းနည်းနိမ့်နေပုံပဲ"
နောက်ထပ်စကားတစ်ခွန်းမှမဆိုတော့ဘဲ ရှောင်ဟိုင် ကုရှန်း၏မျက်နှာအား တိုက်ရိုက်ပင် ထိုးနှက်လိုက်လေသည်။
"သိဖို့အတွက် နည်းလမ်းတစ်ခုပဲရှိတယ်"
ကုရှန်း၏မျက်နှာ၌ ခပ်ရေးရေးအပြုံးတစ်ပွင့်ရှိနေပြီး မလှုပ်ရှားသေးပေ။
ဖန်ချန်းကြည့်ရင်း မျက်ခုံးအနည်းငယ်ကျုံ့ထားသည်။ ဒီလက်သီးချက်က သူ့အတွက် ရှောင်လွှဲလို့မရတာလား!
ဒါမှမဟုတ် သူထိပ်တိုက်ရင်ဆိုင်ဖို့ စီစဉ်နေတာလား!
ဒါပေမယ့် ပိုမြင့်မားတဲ့နယ်ပယ်တစ်ခုမှာတောင် သူအစ်ကိုရှောင်ဟိုင်ရဲ့လက်သီးချက်ကို မျက်နှာနဲ့ ခံရဲတာလား!
မုဖူရှန်းကလည်း အနည်းငယ်မျက်မှောင်ကြုတ်ထားသည်။
ဧရာမကျယ်လောင်သည့်အသံတစ်သံက ကုရှန်း၏နားစည်များအား ပေါက်ကွဲတော့မတတ်ပင် ခြိမ်းခြောက်နေသည်။
ရှောင်ဟိုင်၏လက်သီးက ကုရှန်းမျက်နှာအား အနှီအမြင်တွင် ထိမှန်တော့မည့်အချိန် လေထုအား ထိမှန်သွားသည့်အလား ဖြတ်သွားပြီး အကျိုးဆက်အဖြစ် အားကောင်းသည့်လှိုင်းတစ်ခုက ခြံ၀င်းနံရံများကိုပင် လှုပ်ခတ်သွားစေသည်။
ရှောင်ဟိုင်အံ့ဩသင့်သွားပြီး အနီးကပ်ကြည့်သောအခါ ကုရှန်းမှာ အမည်မသိအချိန်တစ်ခု၌ အနည်းငယ်ခေါင်းငဲ့ထားပြီး ကိုယ်ကိုပင် လှုပ်ရှားခြင်းမရှိဘဲ ရှောင်ဟိုင်၏ လက်သီးချက်က ကုရှန်း၏ပခုံးနှင့် ပါးကိုသာ ထိရှသွား၏။
သူဒါကိုဘယ်လိုလုပ်ခဲ့တာလဲ!
ရှောင်ဟိုင်၏မျက်နှာက အံ့ဩသင့်မှုနှင့် ပြည့်နှက်နေသည်။ သူကုရှန်းအား တစ်ချိန်လုံးစောင့်ကြည့်နေခဲ့သည့်တိုင် ကုရှန်းလှုပ်ရှားတာကို မမြင်ခဲ့ပေ။
မုဖူရှန်း၏မျက်ခုံးများပင်လျှင် အနည်းငယ်ကွေးညွတ်သွား၏။
ဒါကလုပ်ရပ်မဟုတ်။ မုဖူရှန်း၏ စစ်မှန်သောယုံကြည်မှုပေတည်း။
ဒီလူက သူအရင်က ရင်ဆိုင်ခဲ့ဖူးသည့် တခြားပြိုင်ဘက်များနှင့်မတူပေ။
မုဖူရှန်း၏နားလည်မှုအရ တူညီသည့်နယ်ပယ်ရှိ ကျင့်ကြံသူများအကြား တိုက်ခိုက်ရေးစွမ်းရည်သုံးမျိုးရှိသည်။
ပထမအမျိုးအစားကသာမန်ဖြစ်ပြီး ဒုတိယက ပါရမီရှင်များနှင့် မွန်းစတားများဖြစ်ကာ တတိယက ပါရမီရှင်များနှင့် မွန်းစတားများထက် ပိုမြင့်သည့် ထိပ်တန်းပုဂ္ဂိုလ်များပင်။
နယ်ပယ်တူတွင်ပင် ဒုတိယအမျိုးအစားက ပထမကို ချေမွနိုင်ပြီး တတိယအမျိုးအစားက ဒုတိယကို အနိုင်ယူနိုင်သည်။
ဒုတိယအမျိုးအစားတွင် ထန်ကျုံ့ကျောက်၊ ကျိုးရွှမ်နှင့် သူတော်စင်သားတော်ရွှမ်မင်ကဲ့သို့လူများပါ၀င်သည်။
သို့သော် ကုရှန်းက တတိယအမျိုးအစားတွင် ပါ၀င်တယ်ဆိုသည့်အပေါ် သံသယပင်ဖြစ်စရာမလိုတော့။
ကုရှန်း သူ့မျက်နှာကိုထိလိုက်၏။
"မင်းလက်သီးမှာ တကယ်ပဲခွန်အားတစ်ချို့ရှိတာပဲ"
ရှောင်ဟိုင်မျက်မှောင်ကြုတ်ကာ လက်မောင်းကိုကွေးရင်း လက်သီးကို နောက်ပြန်ဆုတ်ပြီးနောက် လက်ကောက်၀တ်တစ်ဖက်က ကုရှန်း၏ မျက်နှာဘေးအား တိုက်ရိုက်ပင် ထိမှန်သည်။
တစ်ချိန်တည်းမှာပင် သူ့ညာဒူးက ကွေးသွားပြီး ဒူးခေါင်းက ကုရှန်း၏ ဗိုက်အောက်ပိုင်းဆီသို့ ပြေး၀င်ရိုက်ခတ်သည်။
ဒါကိုမြင်သောအခါ ကုရှန်း၏မျက်နှာထက်၌ ထိတ်လန့်နေသည့် မည်သည့်လက္ခဏာကိုမှ မပြသဘဲ ရယ်မောကာ လက်နှစ်ဖက်လုံးကို ဆန့်တန်းလိုက်၏။
ဤသည်ကလွယ်သည်ဟု ထင်ရသော်လည်း တစ်ဖက်က ရှောင်ဟိုင်၏ တံတောင်ဆစ်ကိုဖမ်းကိုင်ပြီး ကျန်းတစ်ဖက်က ဒူးခေါင်းကို ပိတ်ဆို့တားဆီးထားသည်။
"မင်းကအတော်လေးအားကောင်းတာပဲ၊ ဘိုးဘေးနယ်ပယ်အလယ်အလတ်အဆင့်မှာ ဒီလိုရုပ်ခွန်အားမျိုးနဲ့ဆိုရင် နောက်ပိုင်းအဆင့်ကလူတွေတောင် မင်းနဲ့တိုက်ခိုက်ရင် အသာစီးရမှာမဟုတ်ဘူး"
"မင်းငါနဲ့တူညီတဲ့နယ်ပယ်ကို ရောက်လာတဲ့အခါကျရင် ငါပိုပြီးသတိထားရလောက်တယ်"
ထိုသို့ဆိုပြီးနောက် ကုရှန်း၏လက်မောင်းများက မြင်သာစွာပင် စတင်တုန်ယင်လာသည်။
ဤတုန်ယင်မှုက နာကျင်မှုကြောင့်မဟုတ်ပေ။ တုန်ယင်နေသည့်စွမ်းအင်က သူ့လက်ဖဝါးထိပင် ရောက်သွားသည်။
ကုရှန်းလက်အစုံကိုခါယမ်းလိုက်သောအခါ ရှောင်ဟိုင်တစ်ယောက် ကုရှန်း၏ လက်ဖဝါးများမှ မခံမရပ်နိုင်သည့် အားတစ်ခုပေါက်ကွဲသွားတာကို ခံစားလိုက်ရပြီး အပြင်သို့လွင့်စင်သွား၏။
ကုရှန်းရယ်မောသည်။
"ငါတို့အခုရပ်လိုက်ကြတာပေါ့"
သူ့ပါးစပ်မှ စကားလုံးများထွက်လာသည်နှင့်တစ်ပြိုင်နက် ရှောင်ဟိုင်ပြိုလဲကျသွားသည့်နေရာ၌ နတ်ဆိုးဘုရင်ပုံရိပ်ယောင်တစ်ခုပေါ်လာခဲ့သည်။
အနီရင့်ရောင်သွေးအရိပ်က ရှေ့သို့ပေါက်ကွဲသွား၏။
"ဆက်တိုက်မယ်"
ကုရှန်းဒါကိုမြင်သောအခါ ခါးသီးစွာသာပြုံးသည်။
"ဒါကဘယ်လိုလုပ် ရုတ်တရက် တိုက်ပွဲတစ်ခုအဖြစ် ပြောင်းလဲသွားရတာလဲ"
သို့စေကာမူ ကုရှန်း၏အကြည့်က ပေါ့ပါးသည့်အသွင်တစ်ချို့ကို ဆုံးရှုံးသွားပြီး ပို၍လေးနက်လာသည်။
သူငုံ့ကာ မြေကြီးပေါ်မှ သစ်ကိုင်းခက်လေးတစ်ကိုင်းကို ကောင်ပြီး ခြေနှစ်ဖက်စလုံးနှင့်တွန်းကာ နောက်ဆုတ်ရန်အတွက် နောက်ပြန်ခုန်ရင်း တစ်ချိန်တည်းမှာပင် သစ်ကိုင်းကို ရှောင်ဟိုင်ထံ ပစ်လိုက်၏။
မူလကသာမန်ဖြစ်သည့် ထိုသစ်ကိုင်းက ယခု ကမ္ဘာပေါ်ရှိ အထက်ရှဆုံးဓားတစ်လက်အလားပင်ထင်ရကာ လေထုကို ဖြတ်တောက်ရင်း ရှောင်ဟိုင်၏ သွေးကြောစွမ်းအားထည့်သွင်းထားသည့်လက်သီးအား တိုက်ရိုက်ထိုးဖောက်သွားသည်။
ဘန်း၊ ဘန်း၊ ဘန်း!
သစ်ကိုင်းလေးက ကြေမွသွားသော်လည်း ရှောင်ဟိုင်၏လက်သီးတွင် သွေးပေါက်တစ်ပေါက်လည်းရှိနေခဲ့သည်။ သို့သော် သူ့ရှေ့ဆက်သည့်အရှိန်က မလျော့ကျသွားသေးပေ။
ဒါကိုမြင်သော် ကုရှန်းခြေထောက်အစုံကို အမြန်ရွေ့ကာ လက်နှစ်ဖက်ကို ဘေးသို့ ဆန့်လိုက်စဉ် သူ့ခန္ဓာက ထိုနေရာ၌ ချက်ချင်းစတင်မြန်ဆန်စွာလည်လာသည်။
ကြီးမားသည့် နက္ခတ်လေနက်တစ်စင်းက ကုရှန်းကိုဗဟိုပြုကာ ကောင်းကင်ပေါ်သို့ တိုက်ခတ်သွား၏။
ကျောင်းသားများမှာ ကောင်းကင်နံပါတ်တစ်ခြံ၀င်းရှိရာသို့ ထိတ်လန့်နေသည့်အမူအရာများဖြင့် လှည့်ကြည့်လိုက်ကြသည်။
ထိုနေရာ၌ ဧရာမနက္ခတ်လေနက်တစ်စင်းထိုးတက်လာပြီး နတ်ဆိုးဘုရင်ပုံရိပ်ယောင်ကလည်း ဆန့်ကျင်ဘက်တွင် ရပ်နေသည်။