← Chapters

အကို လူကဲခတ်မမှားခဲ့ဘူးပဲ

Vol. 14 Ch. 132

အကို လူကဲခတ်မမှားခဲ့ဘူးပဲ

Vol. 14 Ch. 132

နောက်တစ်နေ့မနက်တွင်.....

မနက်အာရုဏ်ဦး ရောက်လာသည်နှင့် လင်လုံ သန့်စင်နယ်‌မြေ တစ်ခုလုံး ပြင်ဆင်မှုများ စတင်ခဲ့သည်။ တပည့်များ၊ အိမ်တော်ထိန်းနှင့် အကြီးအကဲများပါ မကျန် အကုန်လုံးသည် ပျော်ရွှင်သော မျက်နှာထားများဖြင့် စွမ်းအင်တက်ကြွစွာ မဟာပွဲတော်ကြီးအတွက် ပြင်ဆင်နေကြလေ၏။

ဂိုဏ်းအတွင်းတွင် မဟာယနနယ်ပယ် ကျင့်ကြံသူ ရရှိလိုက်ခြင်းသည် ကောင်းမွန်သော ဆုလာဒ်ကြီး တစ်ခုပါပေ။

တစ်ခြားသော ဂိုဏ်းများနှင့် အရင်းအမြစ်ပိုင်း လုရလျှင်လည်း ပိုကောင်းသောအခွင့်အရေးကို ရရှိလာမည်ဖြစ်ပြီး ဂိုဏ်းထဲရှိ လူတိုင်းအတွက် အကျိုးရှိနိုင်သည်။ ထို့ကြောင့်အကုန်လုံးသည် အာရုံစိုက်ကာ ပြင်ဆင်နေကြ၏။

မဟာပွဲတော်ကြီး ဖန်တီးခြင်းက တပည့်များ၏ စိတ်ဓာတ်ပိုင်းကို မြှင့်တင်ပေးနိုင်ရုံသာမက လင်လုံ သန့်စင်နယ်မြေ၏ လွှမ်းမိုးမှုကို ကျင့်ကြံရေးလောကတွင်ပါ မြှင့်တင်နိုင်မည် ဖြစ်သည့်အတွက် နှစ်ဦးနှစ်ဖက် အနိုင်ရမည့် အခြေအနေပင်။

တောင်ဝင်ပေါက်၏ အတွင်းအပြင်တွင် မြူခိုးများဝေ့ဆိုင်းနေရင်း ကောင်းကင်တစ်ခွင်လုံးသို့ ထည့်ဝါသည့် အရှိန်အဝါက လွှမ်းမိုးထားသည်။ အမျိုးအစား စုံလင်သော စိတ်ဝိညာဉ်ငှက်များနှင့် သားရဲများသည်လည်း သွားလာ လှုပ်ရှားနေကြသည့်အတွက် အသက်ဝင်လှသော ပတ်ဝန်းကျင်ကိုဖန်တီးနေသည်။

ထိုအချိန်မှာပဲ လင်လုံ သန့်စင်နယ်မြေ၏ အမျိုးသမီးတပည့်များကြားထဲသို့ ကောလဟာလတစ်ခုသည် တောမီးတစ်ခုနှယ် ပျံ့နှံ့လာလေရဲ့။

“ဟေ့ဟေ့၊ နင်တို့ ကြားပြီးကြပြီလား.. သတင်းကြီးတစ်ခု ဖြစ်သွားခဲ့တယ်။ ငါတို့ရဲ့ သူတော်စင်မကို ထိုက်ရွှမ်း တာအိုသားတော်ရဲ့ မိန်းကလေး ဖြစ်လာရမယ်လို့ မဟာဘိုးဘေး‌ ဖေးဟွမ်ကိုယ်တိုင် အမိန့်ထုတ်လိုက်တာတဲ့”

“ဟမ် ငါကြားလိုက်တာ မှန်ရဲ့လား။ အဲ့ဒါ တစ်ကယ် ဟုတ်လို့လားဟဲ့”

“မဟာဘိုးဘေး ဖေးဟွမ်ကိုယ်တိုင် အမိန့်ထုတ်ခဲ့တာဖြစ်လို့ ဘယ်သူကမှ ကြားမဝင်ရဲကြဘူး။ ဒီကိစ္စကို ကြားပြီးတော့ အကြီးအကဲတွေ အများကြီး ဂိုဏ်းခေါင်းဆောင်ဆီမှာ မေးခွန်းသွားထုတ်တယ်လို့တောင် ငါကြားခဲ့တယ်။ ဂိုဏ်းခေါင်းဆောင်လည်း မျက်နှာပျက်နေပေမယ့် တိုက်ရိုက် မငြင်းခဲ့ဘူးတဲ့။ ဒါ ဝန်ခံလိုက်တာပဲမလား”

“ဟူး”

ဆွေးနွေးနေကြသော တပည့်များ၏ ကြားထဲတွင် ပင့်သက်ရှိုက်သံများ ထွက်ပေါ်လာကာ အကုန်လုံး ထိတ်လန့်နေကြ၏။

“နင်ရဲ့သတင်းက နောက်တောင်နောက်ကျနေသေးတယ်။ ငါ နောက်ဆုံးရထားတဲ့ သတင်းအရဆိုရင် သူတော်စင်မနဲ့ ထိုက်ရွှမ်း တာအိုသားတော်က မနေ့က မင်္ဂလာဦးညကိုတောင် ဖြတ်သန်းပြီးသွားပြီတဲ့။ သူမ ဒီမနက်ပိုင်းမှာ ချီရှားခြံဝင်းထဲကနေ ထွက်လာတာကို တပည့်တစ်ယောက် မြင်လိုက်တာ”

“သူတော်စင်မရဲ့ မျက်နှာကနီရဲနေပြီးတော့ ပုံစံကလည်း နည်းနည်း ဖရိုဖရဲဖြစ်နေတာဟာ။ အခုဆိုရင် သူမက ကိုယ်ဝန်တောင် ရနေလောက်ပြီး”

“မဖြစ်နိုင်တာ ဒါက လုံးဝကို ကောလဟာလပဲ။ ငါတို့ရဲ့သူတော်စင်မက အမြဲလိုလို သန့်စင်တဲ့ မိန်းကလေးတစ်ယောက်ပဲ။ တစ်ခြားအမျိုးသား တစ်ယောက်နဲ့ ဒီလိုမျိုး အပြင်မှာ ရှုပ်နေတယ်ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ဒီသတင်းတွေက သူမရဲ့ဂုဏ်သတင်းကို ဖျက်ဆီးဖို့အတွက် တစ်စုံတစ်ယောက်က သေချာဖြန့်ခဲ့တာ ဖြစ်ရမယ်။ အဲ့ဒီလူရဲ့ ရည်ရွယ်ချက်က မရိုးရှင်းနိုင်ဘူး”

“ဟုတ်တယ်။ ဘယ်လိုပဲဆိုဆို ဒီသတင်းကို အပြင်ကလာတဲ့ ဧည့်သည်တော်တွေ တစ်ယောက်မှ ကြားသွားလို့မဖြစ်ဘူး။ဒါဆိုရင်ငါတို့ လင်လုံ သန့်စင်နယ်‌မြေရဲ့ ဂုဏ်သတင်းပါ ထိခိုက်လာနိုင်တယ်”

သံသယများစွာ ရှိနေကြသော်ငြား မှန်ကန်သည်လား မှားယွင်းသည်လား ဝေခွဲ၍ မရနိုင်သော ထိုသတင်းများစွာသည် လင်လုံ သန့်စင်နယ်မြေ တစ်ခွင်လုံးတွင် လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။

လင်လုံ သန့်စင်နယ်မြေရှိ ခမ်းနားထည်ဝါသော ခန်းမတစ်ခုအတွင်းတွင်....

‌ဂိုဏ်းခေါင်းဆောင် ရှောင်ရွှမ်ကျိသည် အနီးတွင်ရပ်နေသော သူမ၏ ချစ်လှစွာသော တပည့်အား လှမ်းကြည့်ရင်း မျက်မှောင်ကြုတ်နေလေ၏။

ရှောင်ယွဲ့နင်၏ ပုံစံသည် သပ်ရပ်စွာ ဝတ်ဆင်ထားကာ ဂုဏ်သရေရှိပုံပေါက်သည်။ သို့သော်ငြား သူမ၏ အပြစ်ရှိစိတ်ပေါက်နေသော မျက်လုံးများနှင့် လွဲဖယ်နေသော မျက်နှာထားကြောင့် ယမန်နေ့ည အဖြစ်အပျက်များကို ရှောင်ရွှမ်ကျိ မှန်းဆ၍ ရနိုင်ပါသည်။

ဆရာဖြစ်သူ၏ စိုက်ကြည့်နေမှုကြောင့် ရှောင်ယွဲ့နင် အနည်းငယ် စိတ်လှုပ်ရှားနေ၏။ ကောင်းမွန်စွာ မရှင်းလင်းရသေးမှာ ဆိုးသည့်အတွက် သူမက သတိလက်လွတ်ဖြင့် နှုတ်ခမ်းထောင့်ကို ပွတ်သပ်လိုက်သည်။

“အာ”

ထိုအချိန်မှာပဲ သူမ လုပ်မိနေသည့် အပြုအမူကို သဘောပေါက်သွားကာ လေထဲမှာတွင် ရပ်တန့်လိုက်လေရဲ့။

“ယွဲ့နင် ဆရာ မင်းကို မေးခွန်းတစ်ခု မေးချင်တယ်”

ရှောင်ရွှမ်ကျိသည် ရှောင်ယွဲ့နင်အား တည့်မတ်စွာ စိုက်ကြည့်နေရင်း ခြေတစ်လှမ်း တိုးလိုက်ကာ ရေခဲတမျှအေးစက်နေသော လေသံဖြင့် မေးခွန်း ထုတ်လိုက်သည်။

“အဲ့ဒီ ဉာဏ်များတဲ့ ကောင်လေးဆီမှာ တပည့် အနိုင်ကျင့်ခံခဲ့ရတာလား”

“ဒီလိုဆိုရင် မဟာဘိုးဘေးကို ဆန့်ကျင်ရမယ် ဆိုရင်တောင်မှ ဆရာမင်းအတွက် လက်စားချေပေးမယ်”

ရှောင်ယွဲ့နင်၏ နူးညံ့သောခန္ဓာကိုယ်က တုန်ယင်သွားရင်း ခေါင်းငုံ့လိုက်သည်။

“ဆရာ တစ်ကယ်တော့ ဆရာထင်နေသလို မဟုတ်ပါဘူး။ တပည့် မနေ့က သူ့ဆီသွားပြီးတော့ သတင်းနှိုက်ဖို့ ကြိုးစားခဲ့တယ်။ ပြီးတော့.....အဲ့ကိစ္စကို တပည့် နောင်တမရပါဘူး”

ထိုအချိန်မှာပဲ မနေ့ကအဖြစ်အပျက်များကို စဉ်းစားမိသွားပြီး ရှောင်ယွဲ့နင်၏ မျက်လုံးသည် အနည်းငယ် ရီဝေသွားလေသည်။

( ငါအဲ့ဒီတုန်းက ရူးသွားတာပဲ ဖြစ်ရမယ်။ ဒီလိုမျိုး အရှက်မရှိတဲ့ ကိစ္စတွေကိုလုပ်ခဲ့မိတာပဲ )

ရှောင်ရွှမ်ကျိ ပိုမို မျက်မှောင်ကြုတ်လာတော့၏။ သူမက နူးညံစွာ သက်ပြင်းချလိုက်ရင်း နက်ရှိုင်းသော လေသံဖြင့်ပြောလိုက်သည်။

“တပည့်ရဲ့သန့်စင်တဲ့ ယင်ချီစွမ်းအင်က အခုထိ အထိခိုက်မခံရသေးလို့သာမဟုတ်ရင် ဆရာ အဲဒီ့ကောင်စုတ်နဲ့ သွားပြီးတော့ စာရင်းရှင်းပြီးတာ ကြာနေပြီ”

(အပျိုရည်မပျက်တာကို ဆိုလိုတာဖြစ်ပါတယ်)

“ဒါပေမယ့် အခုအခြေအနေက ထူးခြားတယ်။ မဟာပွဲတော်အတွက် အပြင်ဂိုဏ်းတွေရဲ့ တပည့်အများကြီး ဆရာတို့လင်လုံ သန့်စင်နယ်မြေမှာ စုဝေးနေကြတယ်။ ဆရာတို့သာ ဂရုမစိုက်ဘူးဆိုရင် ဒီကိစ္စက ကျင့်ကြံ‌ရေး လောကတစ်ခုလုံးကို ပျံ့နှံ့သွားပြီးတော့ လင်လုံသန့်စင်နယ်မြေအတွက် မျက်နှာပျက်ရမယ့် ကိစ္စတစ်ခု ဖြစ်လာနိုင်တယ်။အဲ့ဒီကောင်လေးဆီကနေ ဘာအဖြေမှ ထုတ်လို့မရဘူး ဆိုမှတော့ တပည့်သူနဲ့ ဝေးဝေးသာနေ။ ဆရာတို့ ဖြည်းဖြည်းချင်း အဖြေရှာကြတာပေါ့”

“ဆရာတို့အနေနဲ့ ထိုက်ရွှမ်း သန့်စင်နယ်မြေရဲ့ တာအိုသားတော် ချီယွမ်ကို လုပ်ရိုးလုပ်စဉ်တွေ နားလည်ပြီး မဟာဘိုးဘေး ဖေးဟွမ် အားကိုးနဲ့ လေလုံသန့်စင်နယ်မြေကို ထိခိုက်စေမယ့် ကိစ္စတွေတစ်ခုမှ လုပ်မလာစေဖို့ပဲ မျှော်လင့်ရတော့မယ်”

ရှောင်ယွဲ့နင်သည် နှလုံးသားထဲကစိတ်လှုပ်ရှားမှုနှင့် အရှက်ရမှုများအား တင်းကျပ်စွာ ဖိနှိပ်လိုက်ရင်းညင်သာစွာဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။ ထို့နောက်တွင် တည်ငြိမ်သော လေသံဖြင့် ပြောလိုက်၏။

“ဆရာ့ရဲ့အမိန့်တွေကို တပည့် နာခံပါ့မယ်။ မနေ့ကတင် ပုံရိပ်‌ယောင်ထဲက လွတ်မြောက်လာခဲ့တဲ့အတွက် တပည့် သဘောပေါက်မှု တစ်ချို့ကို ရရှိလာခဲ့တယ်။ ဒါကြောင့် ဝိညာဉ်အခြေတည်နယ်ပယ်ကို အဆင့် တက်နိုင်တော့မယ်လို့ ထင်တယ်။ ဒီပွဲတော် ပြီးသွားပြီဆိုရင် အတိဒုက္ခ ကျော်ဖြတ်ဖို့အတွက် တပည့် တံခါးပိတ်ကျင့်ကြံချင်ပါတယ်”

“ဝိညာဉ်အခြေတည် နယ်ပယ်ကို အဆင့် တက်နိုင်တော့မှာလား”

ရှောင်ရွှမ်ကျိ ပထမတော့ အံ့အားသင့်သွားသည်။ ထို့နောက်တွင် ချစ်လှစွာသော တပည့်ဖြစ်သူအား အလွန်အမင်း ပျော်ရွှင်နေသော မျက်နှာထားဖြင့် ကြည့်လိုက်လေကာ

“ကောင်းတယ် တပည့်ရဲ့စိတ်ဝိညာဥ်စွမ်းအင်က ပေါများပြီးတော့ စိတ်ဆန္ဒလည်း ခိုင်မာလာတာကို ဆရာ သတိထားမိတယ်။ သေချာပေါက် ဝိညာဉ်အခြေတည် နယ်ပယ်ကို အောင်မြင်စွာ အဆင့်တက်နိုင်မှာပဲ။ လျင်မြန်တဲ့ ရလဒ်ကြိုးစားဖို့အတွက် အလောတကြီး မလုပ်နဲ့ကြားလား။ တပည့် ကံကောင်းရင် ဝိညာဉ်အခြေတည် နယ်ပယ်ကို အဆင့်တက်ချိန်မှာ မိုးကြိုးတစ်ရာကိုတောင် လက်ခံရနိုင်တယ်။ ဘယ်လိုပဲဆိုဆို တပည့်ရဲ့အဆင့်တက်မှုက ဆရာ ခန့်မှန်းထားတာထက် နှစ်များစွာ မြန်နေတာပဲ”

ထိုအချိန်တွင် ချီရှားခြံဝန်းအတွင်း၌

ချီယွမ်တယောက် သန့်စင်ကာ အားအင်ပြည့်ဝစွာဖြင့် အခန်းအတွင်းမှ လမ်းလျှောက်ထွက်လာခဲ့ပြီး အကြောဆန့်လိုက်သည်။

တသီးတခြားနေတတ်ပြီး အများနှင့်မတူညီသော သူတော်စင်မထံမှာ အခုလိုဆွဲဆောင်မှုရှိသည့် ဘက်ခြမ်း ရှိနေလိမ့်မည်ဟု ချီယွမ် မထင်ထားခဲ့ချေ။ သူမ၏ တနည်းတဖုံထူးခြားကာ ဆွဲငင်နိုင်မှုက သူ့အတွက် အသစ်အဆန်းလိုမျိုး စိတ်ဝင်စားဖို့ကောင်းသည်။

ထိုအချိန်မှာပဲ ပတ်ဝန်းကျင်၏ စိုက်ကြည့်နေမှုများစွာကို ချီယွမ် သတိထားမိသွားခဲ့သည်။ သိသာသော်လည်းကောင်း မသိသာ၍သော် လည်းကောင်း အမျိုးသား ကျင့်ကြံသူများစွာသည် မနာလို့မှု သဝန်မှုနှင့် လေးစားမှုများ ပြည့်နေသော မျက်လုံးကြီးများဖြင့် ပြုးပြဲကာ ကြည့်နေကြလေရဲ့။

( ဘာဖြစ်နေတာလဲ )

ချီယွမ် အနည်းငယ် မျက်မှောင်ကြုတ်သွားကာ တစ်ယောက်ယောက်ကို မေးခွန်းထုတ်ဖို့ပြင်လိုက်သည်။ ထိုအချိန်မှာပဲ လုချန်ဖန်းက စိတ်လှုပ်ရှားစွာ ပြေးဝင်လာရင်း သူ၏ပုခုံးကို လက်သီးဖြင့် ခပ်ဖွဖွ ထိုးလိုက်လေ၏။

“ဂိုဏ်းတူညီလေးချီ အကိုမင်းကို အမြင်မမှားခဲ့ဘူးပဲ။ မင်းက ငြင်းသလိုလုပ်ခဲ့ပေမဲ့ တစ်ကယ်တော့ အကို ကျရှုံးသွားမှာကို မမြင်ချင်ဘူးမလား။ ဒါကြောင့် မနေ့က အကို့ကို ကူညီဖို့ ကြိုးစားခဲ့တာ”

လုချန်ဖန်း၏ မျက်လုံးအတွင်း မျက်ရည်များ ပြည့်နက်နေကာ မျက်နှာတစ်ခုလုံး ခံစားချက်များ ဖုံးလွှမ်းနေသည်။

“မင်းက တစ်ကယ်ပဲ နတ်သမီးရှောင်ရဲ့ နှလုံးသားကို တစ်ညထဲနဲ့ အနိုင်ယူနိုင်ခဲ့တယ်။ မင်းနဲ့ယှဉ်လိုက်တော့ အကိုရဲ့ နှစ်ပေါင်းများစွာ လုပ်ရပ်တွေက အရူးတယောက်လိုပါပဲလား။ အကို မင်းကို နှစ်နှစ်ကာကာ သတ်ချင်နေတယ် ဆိုပေမယ့် ဒီလောက်အထိ ကြိုးစားပေးခဲ့တဲ့အတွက် အကို့ဘက်က ကျေးဇူးတင်မှုမပြရင် အကိုက တိရစ္ဆာန်တစ်ကောင်ထက် ဆိုးရွားတဲ့သူ ဖြစ်သွားမှာမလား”

ထို့နောက်တွင် လုချန်ဖန်းသည် ချီယွမ်၏ ပုခုံးအား ကြမ်းတမ်းစွာ ထိုးလိုက်၏။

“ဂိုဏ်းတူညီလေးချီ အခုကစပြီး မင်းက အကို့ရဲ့ကျေးဇူးရှင်ပဲ။ အကို့ရဲ့ အကူအညီလိုလာခဲ့ရင် တန်းပြီးသာ ပြောလိုက်။ မီးပင်လယ်ကို ဖြတ်ရမယ်ဆိုရင်တောင်မှ အကိုတွန့်ဆုတ်မှာ မဟုတ်ဘူး”

“ဂိုဏ်းတူညီလေး ဂရုစိုက်ပါ။ ခွင့်လွှတ်နိုင်တဲ့ တာအိုနှလုံးသားကို ရရှိဖို့အတွက် အကို တံခါးပိတ် ကျင့်ကြံလိုက်ဦးမယ်”

ထိုသို့ဖြင့် ဦးခေါင်းကို ခပ်မြင့်မြင့်မော့ထားရင်း အလွန်အမင်း နာကျင်ဝမ်းနည်း နေသောမျက်နှာအမူအရာနှင့် လုချန်းဖန်တစ်ယောက် လှည့်ထွက်သွားခဲ့သည်။ ပူပြင်းတောက်လောင်နေသော နေရောင်ကြားတွင် သူ၏ အစိမ်းဖျော့ရောင် ဝတ်ရုံအနားစမှာတော့ လေအဝှေ့တွင် တဖြတ်ဖြတ် လွင့်မြောနေလေရဲ့။

ထိုနေရာမှာ ချီယွမ်တစ်ယောက် မှင်သက်စွာရပ်နေရင်း ရယ်ချင်မှုနှင့် အံ့ဩမှုကြားက ဝေခွဲ၍မရနိုင်သော ခံစားချက်ကို ခံစားလိုက်ရသည်။

( သေစမ်း လင်လုံ သန့်စင်နယ်မြေရဲ့ သတင်းပျံ့တဲ့ စကေးက ဒီလောက်တောင် မြန်တာလား။ ဒီနယ်မြေအတွင်းမှာ အင်တာနက်များ ရှိနေလို့လား )

မကြာမီမှာပဲ ချီယွမ်၏ မျက်နှာထားသည် ပြောင်းလဲသွားခဲ့သည်။

( လင်လုံ သန့်စင်နယ်မြေရဲ့ သူတော်စင်မ ရှောင်ယွဲ့နင်က စစ်မှန်လမ်းကြောင်းကို လျှောက်လှမ်းတဲ့ ကျင့်ကြံသူတွေကြားမှာ နံပါတ်တစ် အလှလေးပဲ။ ကျင့်ကြံရေးလောကမှာ သူမနောက်လိုက်နေတဲ့ အမျိုးသား ကျင့်ကြံသူတွေအများကြီးရှိပြီး သူမက အိပ်မက်နတ်ဘုရားမလို့တောင် တင်စားခြင်းခံရတယ်။ သေစမ်း၊ ငါ့ရဲ့ သတင်းသာ အပြင်ပျံ့သွားလို့ကတော့ ယောင်္ကျားတွေ အများကြီးကို လူသိရှင်ကြား ရန်စလိုက်တာပဲ မဟုတ်ဘူးလား။ ဖြစ်နိုင်တာ လင်လုံသန့်စင်နယ်မြေက ညစ်ပတ်တဲ့အလုပ်တွေ လုပ်ဖို့အတွက် တစ်ခြားသူတွေရဲ့ လက်ကို အငှားသုံးချင်နေတာလား )

All Chapters