← Chapters

ငါတို့ကျောက်စိမ်းဓားသခင်မနဲ့ စေ့စပ်ပွဲ ဖျက်ရအောင် ဒီကောင်က ဘာထိုက်တန်နေလို့လဲ

Vol. 14 Ch. 133

ငါတို့ကျောက်စိမ်းဓားသခင်မနဲ့ စေ့စပ်ပွဲ ဖျက်ရအောင် ဒီကောင်က ဘာထိုက်တန်နေလို့လဲ

Vol. 14 Ch. 133

လီယွမ် သန့်စင်နယ်မြေ၏ မြူခိုးတိမ်များ လွှမ်းမိုးထားသော ခမ်းနားသော တောင်ထိပ်၏ ဝင်ပေါက်အပြင်ဘက်ရှိ ဧည့်သည်ခန်းမတွင်.....

အသက်နှစ်ဆယ် အစောပိုင်းရှိသော အမျိုးသားတစ်ဦးသည် မျက်လုံးများပိတ်နေရင်း ဆိုဖာပေါ်တွင် လှဲလျောင်းနေ၏။

ထိုသူ၏ အရှိန်အဝါက အားနည်းနေသလို မျက်နှာသည်လည်း စက္ကူတရွက်လို ဖြူဖတ်နေခဲ့သည်။ ချီသန့်စင်ခြင်း နယ်ပယ် နောက်ပိုင်းအဆင့် ကျင့်ကြံမှု ရှိနေသည့်တိုင်အောင် ထိုသူ၏ အရှိန်အဝါသည် အားနည်းနေကာ ပြင်းထန်သောဖျားနာမှုကို ခံစားနေခဲ့ရသကဲ့သို့ပင်။

( တစ်ယောက်ယောက် ရောက်နေတယ် )

ထိုသူက ရုတ်ခြည်းဆိုသလို မျက်လုံးဖွင့်လိုက်သည်။ အဆုံးမရှိအောင် နက်မှောင်သော ထိုသူ၏မျက်စံများတွင် ကျောချမ်းဖွယ် အရှိန်အဝါတစ်ချို့ ဖြတ်ပြေးသွားရင်း အောက်ခြေမဲ့သော မဟူရာချောက်နက် တစ်ခုကဲ့သို့ ကြောက်မက်ဖွယ် ခံစားချက်ကို ပျံ့နှံ့စေလိုက်သည်။ သို့သော်လျင်မြန်စွာဖြင့် ထိုသူကအရှိန်အဝါကို ရုပ်သိမ်းလိုက်ပြီး အားနည်းသည့် နဂိုပုံစံကို ပြင်ဆင်လိုက်လေ၏။

ဖျတ်..

အခန်းရဲ့သစ်သား တံခါးက ရုတ်တရက် ပွင့်သွားခဲ့ပြီး လီယွမ်သန့်စင်နယ်‌‌မြေ၏ တပည့်ဝတ်စုံကို ဝတ်ဆင်ထားသော တပည့်တစ်ဦးဝင်လာခဲ့သည်။

“သခင်လေးချီ”

သခင်လေးဟု အမည်တပ်ခေါ်ဆိုပါသော်ငြား ထိုတပည့်၏ နှုတ်ခမ်းများက ရွံရှာဖွေကောင်းအောင် ခပ်မဲ့မဲ့ပြုံးနေလေ၏။

“ဓားနတ်မိမယ် ပြန်ရောက်လာပြီ။ မကြာခင်မှာ ဓားနတ်မိမယ်ကိုယ်တိုင် လာတွေ့ပါလိမ့်မယ်”

“ဒါကြောင့် သခင်လေးချီ မလိုအပ်တဲ့ စိတ်ကူးယဉ်မှုတွေ ပြုလုပ်မနေဖို့ အကြံပေးချင်ပါတယ်။ကျွန်တော်တို့တွေ အစောတုန်းက သဘောတူထားတဲ့အတိုင်း သူမကို ငြင်းပစ်ရပါလိမ့်မယ် မဟုတ်လို့ကတော့....”

ထိုကောင်လေး၏ စကားမဆုံးခင်မှာပင် ထိုင်ခုံတွင် ထိုင်နေသောလူငယ်က လက်တဖက်ယမ်းကာ တားမြစ်လိုက်သည်။ ထို့နောက်တွင် အေးစက်စွာ ပြောလိုက်၏။

“ငါ ဘာလုပ်ရမလဲဆိုတာ မင်းပြောဖို့ မလိုအပ်ဘူး။ ချင်လင်ရှူးရဲ့ သတို့သားလောင်းဆိုတဲ့ အခြေအနေကို ပယ်ဖျက်ပေးဖို့ မင်းတို့ ဂိုဏ်းခေါင်းဆောင် ကိုယ်တိုင် သတိပေးခဲ့တာ။ အဲ့လိုလုပ်မယ်ဆိုရင် ငါ့ကို ဓားဥယျာဥ်ထဲ ဝင်ခွင့်ပြုပြီး ပျံသန်းနိုင်တဲ့ ဓားတစ်ချောင်း စိတ်ကြိုက်ရွေးချယ်ခွင့် ပေးမယ်လို့ပြောခဲ့တယ်။ ဂုဏ်သိက္ခာရှိတဲ့ လီယွမ် သန့်စင်နယ်မြေက ကိုယ့် ကတိကိုယ် ဖျက်မဲ့နေရာတစ်ခုတော့ မဟုတ်ဘူးမလား”

ထိုတပည့်က အေးစက်စွာ နှာမှုတ်လိုက်ရင်း မထီမဲ့မြင်လေသံဖြင့် ပြောလိုက်၏။

“ချီယွမ် မင်း ဘာကို နားလည်မှုလွဲနေတာလဲ။ အဲ့ဒီနေရာမှာ မရေမတွက်နိုင်တဲ့ ဓားတွေ အများကြီးရှိတာမှန်တယ်။ ဒါပေမဲ့လူတိုင်းက ဓားကောင်းတစ်လက် ရနိုင်တာမဟုတ်ဘူး။ မင်း အဲ့ဒီ အထဲကို ရောက်သွားရင်တောင်မှ မင်းကဓားကို ရွေးချယ်ရမှာ မဟုတ်ဘူး။ ဓားကမင်းကို ရွေးချယ်ရမှာနော်။ မင်းလိုမျိုး အသုံးမကျတဲ့ အမှိုက်ကောင်တွေ အများကြီးကို ငါတွေ့ဖူးပြီးသားပဲ။ အဲ့ဒီလူတွေအားလုံးက သူတို့ကိုယ်သူတို့ ကောင်းကင်ဘုံက ရွေးချယ်ပေးလိုက်တဲ့ အရွေးချယ်ခံတွေလို့ထင်နေကြတယ်။ မသိရင် ဓားဥယျာဥ်ထဲ ဝင်လိုက်တာနဲ့ အရမ်း ထူးချွန်တဲ့ နတ်ဓားတစ်ချောင်း ရလာမယ် ထင်နေတာလား”

“အဲ့လိုလူမျိုးတွေက အဆုံးကျရင် အဆင့်အနိမ့်ဆုံး စိတ်ဝိညာဉ် ဓားတစ်ချောင်းကိုတောင် ရခဲ့တာမဟုတ်ဘူး။ အသက်မပါတဲ့ ဘာအစွမ်းမှ သုံးလို့မရတဲ့ ဓားကိုပဲ ရခဲ့တယ်လေ။ ရယ်ချင်စရာပဲမလား"

ထိုလှောင်ပြောင်မှုကို လူငယ်က တည်ငြိမ်စွာဖြင့် ပြန်ပြောလိုက်သည်။

“ဘာလဲ မင်းတို့ရဲ့ ဓားနတ်မိမယ် ရုတ်တရက် ပြန်ရောက်လာလို့ မနာလိုနေတာလား။ ချင်လင်ရှူးကိုတော့ ငါ လက်ထပ်ချင်လည်းရတယ် ကွာရှင်းချင်လဲရတယ်။ အကုန်လုံးက ငါ့သဘောပဲ။ မင်းက ဘာကိစ္စ လျှာဝင်ရှည်နေတာလဲ”

“မင်း.. မင်းသေချင်နေတာလား”

ထိုတပည့်က ဒေါသထွက်သွားသော်ငြား ဂိုဏ်း၏ဧည့်သည်ကို တိုက်ခိုက်ဖို့တော့ သတ္တိမရှိပါချေ။ ထို့ကြောင့် မုန်းတီးစွာပြောလိုက်၏။

“ချီယွမ် ငါမင်းကို မှတ်ထားလိုက်ပြီ။ အပြင်မှာတွေ့လို့ကတော့ ငါနဲ့တိုက်ရိုက် ရင်မဆိုင်ရဖို့သာ ဆုတောင်းနေလိုက်။ မဟုတ်လို့ကတော့.....ဟွန့်ဟွန်း”

ထိုတပည့်က ရွံရှာစွာ လှမ်းကြည့်ပြီးသည်နှင့် တစ်ချက်တောင် လှည့်မကြည့်ပဲ ထွက်သွားလိုက်တော့သည်။

ထိုင်ခုံတွင်ထိုင်နေသော လူငယ်၏ မျက်လုံးအတွင်း၌ ကြောက်မက်ဖွယ်ကောင်းကာ သွေးဆာနေသော လူသတ် အရိပ်အငွေ့တစ်ချို့ ဖြတ်သန်းသွားလေ၏။

“အခြေခံ တည်ထောင်ခြင်း အလယ်အဆင့် ကျင့်ကြံသူ တစ်ကောင်ကများ ငါ့ရှေ့လာပြီး အင်အားကြီးကြောင်း ကြွားရဲတယ်။ ငါ့ကိုတောင် စော်ကားလိုက်သေးတယ်။ ဒီကောင့်မှာ သေဖို့အပြင် တစ်ခြားရွေးချယ်စရာ မရှိစေရဘူး။ ဒီလီယွမ် သန့်စင်နယ်မြေရဲ့ ဓားကျင့်ကြံသူ အားလုံးက ငါ့ရဲ့ အာဟာရတစ်ခုဖြစ်လာဖို့ပဲ ထိုက်တန်တယ်”

ထိုအတွေးကြောင့် ချီယွမ်ဆိုသော လူငယ်က ကိုယ့်ကိုကိုယ် တည်ငြိမ်အောင် ပြုလုပ်လိုက်သည်။ ထိုသူ၏ မဟူရာချောက်နက်သဖွယ် မျက်လုံးများက အနည်းငယ် ပြောင်းလဲသွားရင်း မြောက်များစွာသော အကာအရံများကိုကျော်ဖြတ်ကာ ဓားဥယျာဥ် တည်ရှိရာနေရာသို့ ဖောက်ထွင်းကြည့်လိုက်၏။

ထိုနေရာအတွင်းရှိ အင်မတန် စူးရှထက်မြက်ပြီး တချောင်းလုံး မဲနက်နေသည့် ဓားရှည်ကလည်း ချက်ချင်းပင် တစ်ခုခုကို အာရုံခံစားမိသည့်နှယ် ဝေဝါးသော မြည်သံတချက် ထုတ်ပေးလာခဲ့သည်။

တစ်ခဏမျှ ကြာပြီးနောက်တွင်.....

ရင်းနှီးနေသလိုနှင့် မရင်းနှီးသော မျက်စိရှေ့က ပုံရိပ်ကို ကြည့်နေရင်း ချင်လင်ရှူး ပြောစရာပျောက်ဆုံးပျောက်ဆုံးနေ၏။

သေပြီဟု ထင်မှတ်ခဲ့သော ထိုသူသည် အခုတော့သူမ၏ မျက်စိရှေ့မှာ မတ်တတ်ရပ်နေလေ၏။ အရမ်းကို လိုချင်တောင်းတခဲ့သည့် ဆန္ဒတစ်ခု ဖြစ်မြောက်သွားသည့် တိုင်အောင် ချင်လင်ရှူးတစ်ယောက် အတုအယောင် ခံစားချက်ကိုသာ ခံစား၍ရနေခဲ့သည်။

ထို့အပြင် ထိုသူသည် သူမနှင့် အသက်ဆယ်နှစ် အရွယ်က စေ့စပ်ထားသော စေ့စပ်ထားသူဖြစ်သည်။ ကမ္ဘာပေါ်တွင် ရုပ်ချင်းဆင်တူသည့် လူပေါင်းများစွာ ရှိသည့်အတွက် ထိုသူက ဟန်ဆောင်ထားသော သူတစ်ဦးမဟုတ်ပါဟူ၍ ချင်လင်ရှုး သံသယကင်းကင်း မနေရဲပါချေ။

သို့သော်ငြား ထိုသူ၏ရုပ်ရည်၊ ဝတ်စားဆင်ပုံနှင့် အရှိန်အဝါ အရာအားလုံးက သူ့မှတ်ဉာဏ်ထဲက လူငယ်နှင့်တစ်ကယ်ပဲ ဆင်တူနေ၏။ လည်ကုတ်ထက်တွင် ရှင်းလေးစွာမြင်နိုင်သော မွေးရာပါ အမှတ်အသားသည်လည်း အတုအယောင် ပြုလုပ်ထားသည်နှင့် မတူညီပါချေ။

သံသယများကို အတည်ပြုနိုင်သွားသည့်အတွက် ချင်လင်ရှူးအနည်းငယ် ခံစားလိုက်ရသည်။

“ရှင်က တစ်ကယ်ပဲ ချီယွမ်လား”

ထိုလူငယ်က တည်ငြိမ်စွာ ခေါင်းငြိမ့်လိုက်ရင်း သူမကို အသေးစိတ် စစ်ဆေးလာ၏။ ထို့နောက်တွင် အတွေ့အကြုံများကို ရှင်းပြလာခဲ့သည်။

“အဲ့ဒီအချိန်တုန်းက ကျွန်တော် မသေခဲ့ဘူး။ ဒါပေမယ့် အရမ်းကိုပြင်းထန်တဲ့ ဒဏ်ရာတွေ အများကြီးရခဲ့တယ်။ ကျွန်တော် နိုးလာတဲ့အချိန်မှာ အုတ်ဂူထဲမှာ မြုပ်နှံခံနေရပြီ။ အဲ့ဒီရွှံ့ထဲကနေ ထွက်လာပြီးတာတောင်မှ ကျွန်တော်ဆက်တိုက် ကုသနေခဲ့ရတယ်။ ဒါ့ကြောင့် ဒီလောက်လတွေ အများကြီး ကြာတဲ့အထိ ကျွန်တော် လူလုံးထွက်မပြနိုင်ခဲ့ဘူး”

ချင်လင်ရှူး၏ မျက်နှာထက်တွင် သံသယများ ချက်ချင်း ဝင်ရောက်လာခဲ့သည်။

ချီမိသားစု အသတ်ခံရသော ကိစ္စအား ချင်လင်ရှူး မသိသေးချေ။သို့သော်ငြား ချီယွမ်၏ သွေးကြောများသည် မိသားစုမှ မောင်းထုတ်ခံရစဥ်ကတည်းက ပျက်စီးသွားခဲ့ကာ ဘယ်သောအခါမှ ကျင့်ကြံနိုင်တော့မည် မဟုတ်မှန်းကိုတော့ သိထားလေ၏။

သို့သော် အခုချီယွမ်၏ ပြောစကားအရ ထိုသူသည် လအနည်းငယ်မှာ ပြင်းထန်သောဒဏ်ရာများမှ ပျောက်ကင်းခဲ့သည်။ ထို့အပြင် ပျက်စီးနေသော သိုင်းသွေးကြောများကို ပြင်ဆင်နိုင်ခဲ့ပြီး ချီသန့်စင်ခြင်း နယ်ပယ် အဆင့်ရှစ်သို့ ရောက်လာလေ၏။ ထိုအရာက ပျမ်းမျှဖြစ်နိုင်ချေကို လွန်ဆန်နေသည်။

ချင်လင်ရှူး၏ မျက်နှာထက်က သံသယကို အာရုံခံမိသောကြောင့် ထိုလူငယ်က ခပ်ဖွဖွ ပြုံးလိုက်ရင်း ဆက်ရှင်းပြလိုက်သည်။

“ဖြစ်နိုင်တာ အဲ့ဒါက ကံကောင်းခဲ့တာလို့ ပြောရမယ်။ကျွန်တော်ရှာတွေ့ခဲ့တဲ့ ပုန်းအောင်းစရာ နေရာက ဗလာသန့်စင်ခြင်း နယ်ပယ် ကျင့်ကြံသူတစ်ဦး စွန့်ပစ်ခဲ့တဲ့ လှိုဏ်ဂူတစ်ခု ဖြစ်နေတယ်။ အဲ့ဒီနေရာမှာ ကျွန်တော်ရဲ့သွေးကြောကို ပြင်ဆင်နိုင်ဖို့ စာလိပ်ကို ရှာတွေ့ခဲ့တယ်။ ပြီးတော့ အဲ့ဒီ ဆရာကြီး ထားပေးသွားခဲ့တဲ့ အမွေအနှစ် တစ်ချို့ကြောင့် ဒီလိုမျိုး ချီသန့်စင်ခြင်း အဆင့်ရှစ်ကို ရောက်တဲ့အထိ ကျင့်ကြံနိုင်ခဲ့တာပဲ”

( ဗလာ သန့်စင်ခြင်းနယ်ပယ် ကျင့်ကြံသူတစ်ဦး ဟုတ်လား)

ချင်လင်ရှူး အနည်းငယ် သံသယဝင်နေသေးသော်ငြား သိသာသည့် ပစ်ချက်ကို ရှာမတွေ့သည့်အတွက် ချီယွမ်၏ ကျင့်ကြံမှုနယ်ပယ်ကို မေးခွန်း ဆက်မထုတ်တော့ဖို့ ဆုံးဖြတ်လိုက်သည်။

ကျင့်ကြံရေး လောကအတွင်း၌ လူတိုင်းနီးပါးတွင် လျှို့ဝှက်ချက်များ ရှိကြပါ၏။

အလွန်ရင်းနှီးသော ဂိုဏ်းအကြီးအကဲများထံမှ မဟုတ်လျှင် မထင်မှတ်ပဲ ရလာသော အခွင့်အရေးများအား မေးခွန်း ထုတ်ခြင်းသည် အလွန်ရိုင်းစိုင်းကာ နားလည်မှု လွဲစေနိုင်သော အခြေအနေကို ဖြစ်ပေါ်စေနိုင်သည်။

ချင်လင်ရှူး ရုတ်တရက် အတွေးတစ်ခုရသွားခဲ့ပြီး တည်ငြိမ်စွာဖြင့် မေးလိုက်တော့သည်။

“ချီယွမ် ကျွန်မတို့ ဘယ်တုန်းက ပထမဦးဆုံး တွေ့ခဲ့တာလဲ ရှင်မှတ်မိသေးလား”

“ကျွန်တော် မေ့သွားပြီ”

ထိုလူငယ်က ခေါင်းယမ်းလိုက်ရင်း နက်ရှိုင်းသောလေသံဖြင့် ပြောလိုက်သည်။

“ပြင်းထန်တဲ့ ဒဏ်ရာရဲ့ ဆိုးကျိုးအနေနဲ့ ကျွန်တော် မှတ်ဉာဏ်တစ်ချို့ ဆုံးရှုံးသွားခဲ့တယ်။ ကျွန်တော် မှတ်မိတာဆိုလို့ ကျွန်တော်က ဝမ်ချူးမြို့က ချီအိမ်တော်ရဲ့ တရားမဝင် သားတစ်ယောက် ဖြစ်ခဲ့တယ်ဆိုတာပဲ။ ဒါကြောင့်မှတ်ဉာဏ်ကို ပြန်ရှာဖို့အတွက် ချီအိမ်တော်အထိ ကျွန်တော်သွားခဲ့သေးတယ်။ ဒါပေမယ့် အဲ့ဒီအချိန်မှာ ချီတော်တစ်ခုလုံး ရှင်းလင်းခံလိုက်ရပြီ။ အခြေခံ တည်ထောင်ခြင်း နယ်ပယ်ရှိတဲ့ အကြီးအကဲတင်မကဘူး အိမ်တော်မှာရှိတဲ့ လူရာချီ အကုန်လုံး အသတ်ခံလိုက်ရတာ”

( ချီအိမ်တော်တစ်ခုလုံး အရှင်းခံလိုက်ရတယ် ဟုတ်လား )

ချင်လင်ရှူး ထိတ်လန့်သွားကာ အလျင်စလို မေးလိုက်တော့သည်။

“ဘာဖြစ်ခဲ့တာလဲ။ ဘယ်သူလုပ်တာလဲ”

“အဲ့ဒါကျွန်တော်မသိဘူး”

ထိုလူငယ်က ပြောလိုက်ရင်း နှုတ်ခမ်းထက်တွင် အလွန်အမင်းဖျော့တော့သော ခပ်မဲ့မဲ့ အပြုံးတစ်ခု ဝင်ရောက်လာသည်။

“ဒါပေမယ့် ချီအိမ်တော်ကို ရှာဖွေတဲ့အချိန်မှာ ကျွန်တော်တို့ရဲ့လက်ထပ်ထားတဲ့ အချက်အလက်တွေကို ရှာတွေ့ခဲ့ရတယ်။ အဲ့ဒီအချိန်မှာပဲ ဓားနတ်မိမယ်က ကျွန်တော့်ရဲ့ စေ့စပ်ထားသူဆိုတာကို သိခဲ့တာ”

ထိုအချိန်တွင် ချီယွမ်သည် အနည်းငယ် စိတ်ရှုပ်လာဟန်ပင်။ ထို့ကြောင့် ထိုသူ၏အသံက ပိုမို အေးစက်လာတော့၏။

“ချင်လင်ရှူး.. အရေးမပါတဲ့ ကိစ္စတွေကို မပြောပါနဲ့တော့လား။ အခုကစပြီး ကျွန်တော်တို့ရဲ့ လက်ထပ်ပွဲက လုံးဝကို မရှိတော့တဲ့ အရာတစ်ခုဖြစ်သွားပြီ”

ချက်ချင်းဆိုသလို ချီယွမ်သည် ခံစားချက်မဲ့စွာဖြင့် စိတ်ဝိညာဉ် မီးတောက်တစ်ခုအား ထုတ်လိုက်ရင်း လက်ထဲတွင် ကိုင်ထားသော လက်ထပ်စာချုပ်ကို ပြာအဖြစ် လောင်ကျွမ်းစေလိုက်သည်။

ချီယွမ်၏ နှလုံးသားထဲတွင် ခါးသီးမှုများ လွမ်းခြုံထားရင်း ခပ်မဲ့မဲ့တွေးလိုက်လေ၏။

( ငါ့ရဲ့ ကျင့်ကြံမှုအားလုံးကို ပြန်ရခဲ့လို့ကတော့ စောက်ရမ်းလှတဲ့ ဒီကောင်မလေးကို ဖမ်းပစ်မယ်။ သူမကို အပိုင်သိမ်းပြီးတာနဲ့ ငါ့ရဲ့ကိုယ်လုပ်တော်တစ်ယောက် ဖြစ်လာအောင် ခစားခိုင်းမယ်။ ဒါပေမဲ့ ဒါတွေမလုပ်နိုင်ခင်မှာ ဓားဥယျာဥ်ထဲက ငါ့ရဲ့ အဖော်ဟောင်းကိုတော့ ပြန်သွားရှာမှ ဖြစ်တော့မယ် )

ဖြတ်သွားဖြတ်လာပုံစံဖြင့် ထိုမြင်ကွင်းကို ကြည့်ရှုနေကြသော လီယွမ် သန့်စင်နယ်မြေ၏ ကျင့်ကြံသူများစွာသည် စိတ်သက်သာစွာ သက်ပြင်းတစ်ချက် ချလိုက်သည်။ ထို့နောက်တွင် စိတ်လှုပ်ရှားစွာဖြင့်ဆွေးနွေးလေတော့၏။

“ကောင်းတယ်။ နောက်ဆုံးတော့ ငါတို့ရဲ့ ဓားနတ်မိမယ်က ဒီအရေးမပါတဲ့ စေ့စပ်တဲ့မှုကနေ လွှတ်မြောက်သွားခဲ့ပြီ”

“ငါသိနေတယ်။ ငါတို့ရဲ့ ကျောက်စိမ်း ဓားသူတော်စင်မကို လက်ထပ်ယူဖို့အထိ ထိုက်တန်တဲ့ ယောင်္ကျားဆိုတာ ဒီလောကမှာ မရှိပါဘူး”

“ဟမ်း အဲ့ဒီကောင်လေးက ကိုယ့်အတွက် ဘာက ကောင်းလဲဆိုတာတော့ သိသေးတာပဲ။ ကျုပ်ဒီနေရာကို အထူး အကြံပေးချင်လို့ ရောက်လာခဲ့တာပဲ။ ဒါကိုကောင်းကောင်း ကြည့်ထားကြ။ ကိုယ်နဲ့ မဆိုင်တဲ့အရာကို တပ်မက်ရဲတဲ့ ဘယ်ကောင်မဆို ဂိုဏ်းရဲ့ကိုယ်စား ကျုပ်ကိုယ်တိုင် အပြစ်ပေးမယ်”

“မင်းဘာတွေ လာ​ရောင်နေတာလဲ။ ဒါပေမယ့် ငါ့အမြင်ကတောင် စေ့စပ်မှု ဖျက်သိမ်းရင်တောင်မှ ဖျက်သိမ်းခွင့် ရှိတဲ့သူက ငါတို့ရဲ့ ဂိုဏ်းတူအမချင်ပဲ။ အဲ့ဒီကောင်က ဘာကောင်မို့လို့လဲ။ဂိုဏ်းတူအမချင်ရဲ့ စေ့စပ်မှုကို ဖျက်သိမ်းဖို့ သူ့မှာ ဘာအစွမ်းအစ ရှိလို့လဲ”

“ငါတို့ရဲ့ ဂိုဏ်းတူအမက အရမ်းက ကြင်နာတတ်တာပဲ။ အဲ့ဒီကောင် မျက်နှာမပျက်ရအောင်လို့ ဝမ်းနည်းတဲ့ပုံစံ တစ်ချက်တောင် မပြခဲ့ဘူး”

………

အချိန်အကြာကြီး နေပြီးနောက်မှာသာ ချီအိမ်တော်တစ်ခုလုံး ရှင်းလင်းခံရသည့် အံ့ဩမှုမှ ချင်လင်ရှူး လွတ်မြောက်လာခဲ့သည်။

သူမက ချီယွမ်ကို ချက်ချင်းဆိုသလို နက်ရှိုင်းစွာ လှမ်းကြည့်လိုက်၏။ ထို့နောက်တွင် တည်ငြိမ်စွာဖြင့် ခေါင်းညိတ်လိုက်ကာ

“ဟုတ်ပါပြီ ဆရာ့ကို တင်ပြပြီးသွားရင် ကျွန်မကိုယ်တိုင် ဓားတစ်ချောင်း ရွေးဖို့အတွက် ရှင့်ကို ဓားဥယျာဥ်ဆီ လိုက်ပို့ပေးမယ်”

ထိုသို့ဖြင့် သူမသည် လေပေါ် မြောက်တက်သွားရင်း အလင်းတန်းအဖြစ် ပြောင်းလဲကာ ချက်ချင်းပင် ပျောက်ကွယ်သွားခဲ့သည်။

လီယွမ် သန့်စင်နယ်မြေ၏ တပည့်များကြားတွင် ကိုယ်ယောင်‌ဖျောက်ရင်း အ‌ခြေအနေအား စူးစမ်းနေသော ကျိချန်အာတစ်ယောက် မဖြစ်နိုင်သော ခံစားချက်တစ်ချို့ကို ခံစားနေရသည်။

( ဒီချီယွမ်က တစ်ကယ်ပဲ ဘာလဲ။ ဘာလို့ရုပ်ကလဲ ငါသိတဲ့ ချီယွမ်နဲ့ အရမ်းကွာနေရတာလဲ)

All Chapters