အမှန်တရားက တစ်ခုပဲ ရှိတော့တယ်
Vol. 14 Ch. 134
ထိုအချိန်တွင် လင်လုံ သန့်စင်နယ်မြေ အတွင်း၌….
ပွဲတော်အချိန်အခါ ရောက်လာသည်နှင့် စီရီစွာ ချထားသော စားပွဲခုံများစွာသည် လေပေါ်သို့ ခပ်ဖြည်းဖြည်း မြင့်တက်လာခဲ့သည်။ ခမ်းနားစွာ ပြင်ဆင်ထားသော စားပွဲဝိုင်း အသီးသီးပေါ်တွင် ရွှေရောင် ပန်းကန်ပြားများနှင့် ကျောက်စိမ်းခွက်များကို အသင့်ချထားသည်။
ထိုအချိန်မှာပဲ လင်လုံ သန့်စင်နယ်မြေ၏ လှပစွာ ဝတ်ဆင်ထားသော တပည့်မလေးများစွာ ရောက်ရှိလာကာ ပန်းခင်းထဲမှ ဝတ်မှုန်စုပ်ယူနေသည့် ပျားပိတုန်းလေးများနှယ် စားပွဲခုံတွင် နေရာအသီးသီး ယူထားသော ဧည့်သည်တော်များထံသို့ အရက်နှင့် ဟင်းပွဲများ ဆက်သနေကြသည်။
ပွဲတော်၏ အစဥ်အလာသည် တော်တော်လေး ရိုးရှင်းပါ၏။ ပွဲတော် လာတက်သော ဧည့်သည်တော် အသီးသီးသည် လင်လုံ သန့်စင်နယ်မြေသို့ ဦးစွာ လက်ဆောင်ပဏ္ဏာများ ဆက်သကြသည်။ ထို့နောက်တွင် ပွဲတော်၏ အဓိကဇာတ်လိုက်ဖြစ်သော မဟာယာန နယ်ပယ်သို့ အဆင့်တက်နိုင်ခဲ့သည့် မဟာဘိုးဘေး ချောင်လိယင်ကို အရိုအသေပေးကြ၏။
ပြီးသည်နှင့် စီစဥ်ပေးထားသော စားပွဲဝိုင်းသို့ ပြန်သွားကြကာ ဧည့်ခံသည်များကို စားသောက်ပြီး အိမ်ပြန်ကြရမည်ဖြစ်သည်။
ကျင့်ကြံရေးလောကအတွင်း၌ အရာအားလုံးကို ရာထူးဂုဏ်ပုဒ်နှင့်အညီ ဆောင်ရွက်တတ်ကြသည်။ ထိပ်သီးဂိုဏ်းများဖြစ်သော သန့်စင်နယ်မြေကြီး ၇ခုသည် ပင်မနေရာတွင် ထိုင်ကြရပြီး အကောင်းဆုံး အစားအသောက်နှင့် ဧည့်ခံမှုကို ရရှိသည်။
အဆင့်နိမ့်ဂိုဏ်းများအတွက်တော့ ဧည့်ခံမှုက တော်တော်လေး ဆိုးရွားပါ၏။ အလွန်ဝေးကွာသော စားပွဲဝိုင်းများတွင် နေရာစီစဥ်ပေးခံရခြင်းကြောင့် လင်လုံ သန့်စင်နယ်မြေ၏ ဂိုဏ်းခေါင်းဆောင်ကိုတောင် မမြင်ရချေ။
ထိုက်ရွှမ်း သန့်စင်နယ်မြေ၏ တာအိုသားတော်တစ်ယောက် လုပ်သင့်လုပ်ထိုက်သော ယဥ်ကျေးမှုကို ပြပြီးသည်နှင့် လင်လုံ သန့်စင်နယ်မြေ၏ အကြီးအကဲတစ်ယောက် ခေါ်ဆောင်သွားသော နောက်သို့ လိုက်သွားရင်း ခမ်းနားကောင်းမွန်သော စားပွဲဝိုင်းတွင် ချီယွမ် ဝင်ထိုင်လိုက်သည်။
ချီယွမ်၏ စားပွဲဝိုင်းက ခန်းမတစ်ခုလုံး၏ အလယ်တည့်တည့်တွင် ရှိနေသည်။ ပတ်ပတ်လည်တွင် ငွေပိုးရောင် ချည်ပါးစများဖြင့် အလှဆင်ထားပြီး အထူးစိတ်ဝိညာဉ် စုဆောင်းခြင်း အစီအရင်တစ်ခုပါ အသက်သွင်းထားသည်။ စားပွဲဝိုင်းတွင် ထွင်းထည့်ထားသော ကျောက်စိမ်း ရတနာများသည်လည်း အလွန်လှပကာ သန့်စင်နယ်မြေကြီး ၇ခု၏ ဂုဏ်သရေရှိ ဧည့်သည်တော်များအတွက် အထူးဖန်တီးထားဟန် ရှိသည်။
စားပွဲဝိုင်းအနီးသို့ ရောက်လာသည်နှင့် လင်လုံ သန့်စင်နယ်မြေ၏ သူတော်စင်မကို ချီယွမ် ချက်ချင်းပဲ သတိထားမိလိုက်၏။
ရှောင်ယွဲ့နင်က ဆန်းကြယ်စွာ ချုပ်လုပ်ထားသော ကြမ်းပြင်ထိ ပုံတိုက်နေသည့် ဂါဝန်ရှည်ကို ဝတ်ဆင်ထားသည်။ ခါးကို ထိလုနီးပါးရှိသော သူမ၏ ရှည်လျားနက်မှောင်သော ဆံပင်ရှည်များကို ရတနာ၇ပါး ဖီးနစ်သရဖူဖြင့် ခပ်မြင့်မြင့် ထုံးဖွဲ့ထားပြီး ပုလဲ ကျောက်စိမ်းများဖြင့် အလှဆင်ထားသည်။
နဂိုကတည်းက လှပကာ ထင်ရှားသော ရုပ်ရည်က အခု ခမ်းနားစွာ ပြင်ဆင်လိုက်သည့်အတွက် ပိုမိုကြော့ရှင်းသွားကာ အသက်ရှူမှားလောက်စေသော မြင်ကွင်းကို ဖြစ်ပေါ်စေသည်။
တစ်စုံတစ်ချီ၏ စိုက်ကြည့်နေမှုကြောင့် ရှောင်ယွဲ့နင် အနည်းငယ် မျက်နှာ နီလာတော့၏။ သို့သော် လျင်မြန်စွာ ထိန်းချုပ်လိုက်ရင်း ချီယွမ်ကို ကျက်သရေရှိစွာ အရိုအသေ ပေးပြီးသည်နှင့် သေးသွယ်သော လက်တစ်ဖက်ကို ဆန့်ထုတ်ကာ အချက်ပြလိုက်သည်။
"တာအိုသားတော်ချီ၊ ဒီဘက်ကိုပါ.."
ထို့နောက်တွင် အိမ်ရှင်ဖြစ်သော ရှောင်ယွဲ့နင်ကိုယ်တိုင် ဦးဆောင်ပြီး ချီယွမ်ကို လွတ်နေသော ထိုင်ခုံတစ်ခုသို့ ခေါ်ဆောင်သွားခဲ့သည်။
ထိုအချိန်မှာပဲ ချင်လင်ရှူးမှလွဲ၍ တစ်ခြားသော သန့်စင်နယ်မြေများ၏ တာအိုသားတော် အသီးသီးလည်း နေရာယူပြီးကြမှန်း ချီယွမ် သတိထားမိလိုက်သည်။ အနည်းငယ် ရှုပ်ထွေးသွားသော်ငြား အပြင်ဘက်တွင် ခံစားချက်တစ်ခုမှ ထုတ်မပြခဲ့ဘဲ အပြုံးတစ်ခု ဆင်မြန်းလိုက်ကာ တစ်ခြားသော တာအိုသားတော်များကို နှုတ်ဆက်လိုက်သည်။
"နောက်ကျသွားတဲ့အတွက် တောင်းပန်ပါတယ်၊ တာအိုသားတော်တွေအားလုံးကို လေးစားပါတယ်ရှင်"
"နှုတ်ဆက်ပါတယ် တာအိုသားတော်ချီ"
"တာအိုသားတော်ချီ၊ မင်း အရမ်းကြင်နာလွန်းနေပါပြီ၊ ကျွန်တော်တို့လည်း အခုတင် ရောက်လာခဲ့တာ"
အေးစက်စွာ နှာမှုတ်လိုက်သော ခရမ်းနေမင်း သန့်စင်နယ်မြေ၏ တာအိုသားတော် ကျိထျန်ဖန်မှလွဲလျှင် ကျန်သောသူများ အားလုံးက ချီယွမ်ကို နွေးထွေးစွာ ကြိုဆိုပြီး ကောင်းမွန်စွာ စကားပြောကြသည်။
အကြောင်းရင်းမရှိ အကုန်လုံးက သူ့အား တိတ်တဆိတ် စောင့်ကြည့်နေသည်ဟု ချီယွမ် ခံစားလိုက်ရ၏။ လူတစ်ဦးချင်းစီ၏ အကြည့်များတွင် ပြင်းထန်သော သိချင်စိတ်များ ရှိနေကာ မနာလိုမှုဟုတောင် အမည်တပ်၍ ရနိုင်ပါသည်။
အထူးသဖြင့် အရင်တစ်ခေါက်က လွန်စွာ ဖော်ရွေခဲ့သော တာအိုသားတော် ကျွမ်းချင်းယွမ်ပင်။
ထိုသူတွေအားလုံးနှင့် နှိုင်းယှဉ်လိုက်ပါက ကျိထျန်ဖန်၏ အဖက်မလုပ်သော မျက်နှာထားကပင် သာမန်အဆန်ဆုံးဟု ပြောလို့ရနိုင်ပါသည်။
(ဘာလား၊ အရင်တစ်ခေါက်က ကောလာဟလတွေက ဒီလောက်တောင် အကျိုးသက်ရောက်သွားတာလား)
သို့သော်ငြား ထိုမီးတောက်မတတ် ကြည့်နေသည့် အကြည့်များအားလုံးကို ချီယွမ် လျစ်လျူရှုထားလိုက်ရင်း အဖက်မလုပ်စွာ အရက်ခွက်ကို မြှောက်လိုက်ပြီး မော့ချလိုက်သည်။
ထိုအချိန်မှာပဲ ဘေးမှာထိုင်နေသော ဖန်ကဲစွေ့သည် တံတောင်နှင့် တွတ်လာရင်း ခပ်တိုးတိုး ကပ်ပြောလာ၏။
"ညီလေးချီ၊ ဒီလောက် မာနကြီးတဲ့ နတ်သမီးရှောင်ကို ညီလေး တစ်ကယ်ကြီး လိုက်နိုင်မယ်လို့ အကို လုံးဝ ထင်မထားဘူး သိလား၊ မင်းက အကိုတို့ ယောက်ျားတွေ အားလုံးအတွက် အကြီးဆုံး နမူနာပဲ၊ မင်းကို စံပြပုဂ္ဂိုလ် တစ်ယောက်အဖြစ် သတ်မှတ်ခွင့်ရတာ အကိုတို့ အရမ်း ဂုဏ်ယူရတယ်"
ချီယွမ် အနည်းငယ် မျက်မှောင်ကြုတ်သွားကာ လျင်မြန်စွာဖြင့် ခပ်တိုးတိုး ပြန်မေးလိုက်၏။
"အဲ့ဒီသတင်းကို အကိုဖန် ဘယ်ကနေ ကြားခဲ့တာလဲ"
ဖန်ကဲစွေ့က ခပ်ချဥ်ချဥ် ပြုံးလိုက်ရင်း ရယ်မောလိုက်သည်။
"အကိုတို့က ညီအစ်ကိုတွေပဲ၊ ဒီလိုကိစ္စကို ဖုံးကွယ်နေစရာလား၊ မင်း မသိပေမဲ့ မင်းတို့ကို စောင့်ကြည့်နေတဲ့ မျက်လုံးတွေက သောင်းချီပြီး ရှိတယ်၊ မင်းနဲ့ နတ်သမီးရှောင်ရဲ့ သေးငယ်တဲ့ ဆက်ဆံရေးက အဲ့ဒီမျက်လုံးတွေကနေ လွတ်မြောက်နိုင်မယ် ထင်နေလား၊ လင်လုံ သန့်စင်နယ်မြေကို ဘယ်လိုနေရာလို့ ထင်နေတာလဲ၊ ဒီနေရာကြီးတစ်ခုလုံးမှာ အထီးကျန်နေတဲ့ မိန်းကလေး တပည့်တွေ အပြည့်ရှိနေတာလေ"
"သူတို့ စိတ်အဝင်စားဆုံးအရာက ဘာဖြစ်မယ်လို့ ထင်လဲ၊ သေချာပေါက် ယောက်ျားလေးနဲ့ မိန်းကလေးကြားက အချစ်ရေးကိစ္စပဲပေါ့၊ မီးမရှိရင်တောင် သူတို့က သေချာပေါက် မီးမွှေးလိမ့်မယ်၊ ဒီလောက် သတင်းထူးကြီး ဖြစ်လာမှတော့ သူတို့ရဲ့ မျက်လုံးတွေက မီးထမတောက်စရာ အကြောင်းရှိပါ့မလား"
"နေ့တစ်ဝက်ပဲ ရှိသေးတယ်ဆိုပေမဲ့ လင်လုံ သန့်စင်နယ်မြေအတွင်းက ခွေးတွေ ကြောင်တွေပါမကျန် ဒီသတင်းကို အကုန်သိသွားပြီလို့ အကို ယုံတယ်၊ အခုဆိုရင် ပေါင်းစည်းပျော်ရွှင်ခြင်း ဂိုဏ်းကနေ မင်းတို့နှစ်ယောက် အတူအလုပ်လုပ်နေတဲ့ ပုံရိပ်တစ်ချို့ကိုတောင်မှ ပုံရိပ်ဖမ်း မန္တန်စာရွက်နဲ့ ရောင်းချဖို့ လုပ်နေလောက်ပြီရယ်..."
ချီယွမ်တစ်ယောက် ချက်ချင်းပင် ကြက်သီးမွေးညင်းများ ထလာတော့သည်။
(ဒါကြောင့်မလို့ မနက်ပိုင်းတုန်းက ရှောင်ယွဲ့နင်ရဲ့ ပုံစံက အရမ်းကို ထူးဆန်းနေခဲ့တာကိုး၊ သူမရဲ့ ပုံစံက အခုပဲ မြေကြီးထဲ ဝင်ရောက်ပျောက်ကွယ်တော့မလိုမျိုး အသေအလဲ ပြင်ဆင်နေခဲ့တာ၊ ဒီလောက်ထိ ရုပ်ဖျက်ထားတာက လင်လုံ သန့်စင်နယ်မြေရဲ့ တပည့်မတွေ မျက်လုံးက လွတ်မြောက်ချင်လို့ဆိုတာ အခုမှပဲ နားလည်တော့တယ်)
(ဒါပေမဲ့ ကြောက်ဖို့ကောင်းလိုက်တာ၊ ဒီလောက်ထိ အသေအလဲ ပြင်ဆင်ထားတာတောင်မှ သူတို့ရဲ့ မျက်လုံးကနေ မလွတ်သွားခဲ့ဘဲ တစ်နာရီအတွင်း လင်လုံ သန့်စင်နယ်မြေတစ်ခုလုံး သိသွားရတယ်တဲ့လား...)
(မိန်းမတွေရဲ့ အင်အားကို ငါ နားလည်သွားပြီ၊ ထောင်ချီတဲ့ မိန်းကလေးတွေ စုဝေးနေတဲ့ ဒီလင်လုံ သန့်စင်နယ်မြေက… စောက်ရမ်း ကြောက်ဖို့ကောင်းတယ်)
ချီယွမ် အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ပြီး စစ်မှန်စွာ ပြန်ပြောလိုက်သည်။
"အကိုဖန်၊ ကျွန်တော်နဲ့ နတ်သမီးရှောင်ရဲ့ကြားက ကိစ္စက အရမ်းကို ဖြူစင်ပါတယ်၊ အကိုဖန် လျှောက်မပြောနဲ့၊ တစ်ကယ်လို့ အကိုသာ နတ်သမီးရှောင်ရဲ့ ဂုဏ်သတင်းကို ထိပါးစေမယ်ဆိုရင် ကျွန်တော် ခွင့်လွှတ်မှာ မဟုတ်ဘူး"
ဖန်ကဲစွေ့ ချက်ချင်းပင် ပခုံးတွန့်သွားကာ ခပ်တိုးတိုး ပြန်ပြောလိုက်၏။
"ညီလေးချီ၊ ဒီတစ်ခေါက် မင်း ထီပေါက်ခဲ့တယ်ဆိုပေမဲ့ မင်းရဲ့ ပြဿနာကလည်း မသေးပါလား၊ ကျန်တဲ့ လူတွေအားလုံးကို ညီလေးချီ ကိုင်တွယ်လို့ ရကောင်းရနိုင်ပေမဲ့ အရိုးမဲ့ သန့်စင်နယ်မြေရဲ့ တာအိုသားတော် ကျွမ်းချင်းယွမ်က ရှောင်ယွဲ့နင်ကို တော်တော်လေး ကြွေနေတာနော်။ အဲ့ဒီကောင်လေးက ဥာဏ်နီဥာဏ်နက်များပြီး လှည့်ဖျားတတ်တယ်၊ အနာဂတ်ကျရင် ညီလေး သူ့ကို သတိထားပေါ့"
ဖန်ကဲစွေ့ သက်ပြင်းတစ်ချက် ချလိုက်ရင်း ခေါင်းယမ်းလိုက်သည်။
"ရှောင်ယွဲ့နင်က တော်တော်လေး လှတယ်၊ ဒါပေမဲ့ သူမက အကို့အကြိုက် မဟုတ်ဘူး၊ လူကြီးတွေ ပြောနေကျ ဆိုရိုးစကား တစ်ခုတောင် ရှိတယ်လေ၊ ဖိနပ်အသစ်တွေက အရမ်းကို ကျပ်လွန်းတယ်၊ ဖိနပ်ဟောင်းကို စီးရတာမှ သက်သောင့်သက်သာ ရှိတယ်၊ ခက်ခဲမှုကို ကျော်ဖြတ်ပြီးတဲ့ အတွေ့အကြုံရှိ မိန်းကလေးတွေကမှ တစ်ကယ်တော့ ယောက်ျားတစ်ယောက်အတွက် ပိုပြီး သင့်တော်တာကွ"
ထိုအချိန်တွင် ဖန်ကဲစွေ့တို့နှင့် သိပ်မဝေးသော နေရာ၌…
အရိုးမဲ့ သန့်စင်နယ်မြေ၏ တာအိုသားတော် ကျွမ်းချင်းယွမ်သည် စားပွဲတွင် ထိုင်နေသော ချီယွမ်ကို မည်းမှောင်နေသော မျက်နှာထားဖြင့် စိုက်ကြည့်နေရင်း ဘေးမှာရှိနေသော ထာဝရရှင်သန်ခြင်း သန့်စင်နယ်မြေ၏ တာအိုသားတော် ထူရို့ရှုကို စိတ်ထဲမှ ဆက်သွယ်လိုက်သည်။
"အကိုထူ၊ အဲ့ဒီသတင်းကို အကို ဘယ်လိုထင်လဲ"
ကျွမ်းချင်းယွမ်နှင့် ထူရို့ရှုသည် အရင်းနှီးဆုံး မိတ်ဆွေများဖြစ်လေရာ ခက်ခဲသော အခြေအနေကြောင့် ကျွမ်းချင်းယွမ် မနေနိုင်စွာ အကြံတောင်းလိုက်သည်။
ထာဝရရှင်သန်ခြင်း သန့်စင်နယ်မြေ၏ တာအိုသားတော် ထူရို့ရှုသည် ဗဟုသုတ ကြွယ်ဝကာ သတင်းစုံသည့်အတွက် ကျင့်ကြံရေးလောကတွင် ဥာဏ်ကြီးရှင် ကြယ်ပွင့်ဟု တင်စားခြင်းခံရ၏။ ထို့ကြောင့် ထိုသူ၏ အကဲဖြတ်မှုသည် သူ့ထက်များစွာ သာလွန်မည်ဟု ကျွမ်းချင်းယွမ် ယူဆမိသည်။
ထူရို့ရှု၏ မျက်လုံးက အနည်းငယ် ကျဥ်းမြောင်းသွားရင်း တည်ငြိမ်စွာ ပြောလိုက်သည်။
"ညီလေးကျွမ်း၊ မင်းရဲ့ ခံစားချက်ကို ထိန်းချုပ်ပါ၊ ခံစားချက်ကြောင့်နဲ့ လမ်းကြောင်းလွဲမသွားစေနဲ့၊ တစ်ကယ့်ပြဿနာ တစ်ခုလုံးကို ညီလေး နားမလည်သေးဘူး"
"ဘာ"
ကျွမ်းချင်းယွမ် အံ့သြသွားကာ စိတ်အားထက်သန်စွာဖြင့် မေးလိုက်သည်။
"အကိုထူ၊ ရှင်းပြပေးပါ"
ထူရို့ရှုသည် လင်လုံ သန့်စင်နယ်မြေ၏ ပင်မခန်းမကို လှမ်းကြည့်ရင်း သေချာစွာ ပြောလိုက်၏။
"စိတ်အေးအေးထားပါ၊ ဒီသတင်းတွေ ထွက်လေလေ လင်လုံ သန့်စင်နယ်မြေရဲ့ သူတော်စင်မနဲ့ တာအိုသားတော်ချီရဲ့ကြားက ဆက်ဆံရေးက ဖြူစင်မှန်း သက်သေပြနိုင်လေလေပဲ။ လက်ရှိအခြေအနေက ထိုက်ရွှမ်း သန့်စင်နယ်မြေရဲ့ တာအိုသားတော်ချီကို လင်လုံ သန့်စင်နယ်မြေဘက်က ပစ်မှတ်ထားချင်နေပုံလို့ ယူဆရတယ်၊ အကို ခန့်မှန်းထားသာ မမှားဘူးဆိုရင် မကြာမီမှာဘဲ သူတော်စင်မရဲ့ ဂုဏ်သတင်းကို ကာကွယ်ဖို့အတွက်ဆိုပြီး လင်လုံ သန့်စင်နယ်မြေဘက်က လှုပ်ရှားမှုတစ်ခု လုပ်လာလိမ့်မယ်၊ တာအိုသားတော်ချီကို သတင်းဖြန့်တဲ့အတွက် အပြစ်တွေအားလုံး ပုံမချရင်တောင်မှ သေချာပေါက် ဖိအားတစ်ချို့တော့ ပေးကြမှာပဲ"
ကျွမ်းချင်းယွမ် ရုတ်ချည်း နားလည်သွားခဲ့သည်။ ထို့နောက်တွင် မျက်မှောင်ကြုတ်သွားကာ စိတ်ပူစွာဖြင့် ပြောလိုက်၏။
"ဒါပေမဲ့ ကျွန်တော် ကြားထားတာက လင်လုံ သန့်စင်နယ်မြေရဲ့ နံပါတ်၁ မဟာဘိုးဘေး ဖေးဟွမ်က ချီယွမ်ကို တော်တော်လေး အလေးပေးတယ်တဲ့၊ ကျွန်တော် စိုးရိမ်တာက..."
စကားမဆုံးခင်မှာဘဲ ထူရို့ရှုသည် ယုံကြည်ချက်ရှိစွာဖြင့် လက်တစ်ဖက် မြှောက်လိုက်သည်။
"အဲ့ဒီသတင်းက တကယ်တော့ လူတွေရဲ့အမြင်ကို လှည့်စားဖို့ပဲ၊ လူတစ်ယောက်ရဲ့ ကျင့်ကြံမှုက မြင့်လေလေ အဲ့ဒီလူရဲ့ ခံစားချက်ပိုင်းက ပိုပြီး ရှုပ်ထွေးလေလေပဲ၊ လင်လုံ သန့်စင်နယ်မြေရဲ့ ထိပ်သီး မဟာဘိုးဘေး တစ်ယောက်ဖြစ်တဲ့ မဟာယန နယ်ပယ် နှောင်းပိုင်းအဆင့် ချန်းဖေးဟွမ်က တစ်ခြားဂိုဏ်းရဲ့ အငယ်တန်း ကျင့်ကြံသူတစ်ယောက်ကို သဘောကျတယ်ဆိုတာ ဖြစ်နိုင်မှာလား"
"ဒီအခြေအနေမှာ အမှန်တရားက တစ်ခုပဲရှိတယ်၊ လင်လုံ သန့်စင်နယ်မြေမှာ မဟာာယန နယ်ပယ် ဘိုးဘေး၄ယောက် ရှိလာတဲ့အတွက် သူတို့ရဲ့ ရည်ရွယ်ချက်ကလည်း မြင့်တက်လာလိမ့်မယ်၊ ကျင့်ကြံရေးလောကမှာ လွှမ်းမိုးမှုတွေ ပိုရနိုင်အောင်လို့ ထိုက်ရွှမ်း သန့်စင်နယ်မြေကို ဖိအားပေးဖို့ လုပ်နေတာပဲ"
ထူရို့ရှု၏ မျက်လုံးအတွင်း၌ ငါ သိပါတယ်ဟူသော ခံစားချက်တစ်ချို့ ဖြတ်ပြေးသွားလေသည်။