ကြောက်မက်ဖွယ်ရာ ဝှက်ဖဲ
Vol. 14 Ch. 192
အန်လင်းသည် စိတ်အားထက်သန်မှုများ တောက်လောင်လျက် ရှိသည့် အကြည့်များအောက်မှာပင် ယှဉ်ပြိုင်ရန်အတွက် စင်ပေါ်သို့ တက်ရောက်သွားလေသည်။
ယောင်မင်စီ၊ ယောင်ရှုနှင့် သူ၏ အခြားသော ပရိသတ်များသည် လက်သီးတင်းတင်း ဆုပ်ကာဖြင့် သူတို့အစွမ်းရှိသလာက် အိုင်ဒဲလ်ဖြစ်သူအား တိတ်ဆိတ်စွာ အားပေးနေလေသည်။
အထူးပွဲကြည့်စင်တွင် ရိုးရှင်းသည့်ဝတ်စုံနှင့် အမျိုးသမီး တစ်ဦးသည် သူမ၏ သွယ်လျလျ လက်ချောင်းများဖြင့် ဆံပင်ကို လိမ်ကာ ဆော့ကစားလျက် ရှိနေပြီး စင်မြင့်ထက်ရှိ အမျိုးသားအား သတိလက်လွတ် ငေးစိုက်ကြည့် နေလေသည်။
“အစ်ကိုကြီး အန် က အမှတ်ဘယ်လောက် ရမယ်လို့ နင်တို့ထင်လဲ”
ဆံပင်တိုတိုနှင့် မိန်းမငယ်လေးမှ မေးလိုက်သည်။
ထိုမေးခွန်းအား မေးလိုက်သူမှာ အန်လင်း၏ အဖွဲ့ဝင်ဟောင်းတစ်ဦး ဖြစ်သူ မုန့်ထျန်း ဖြစ်လေသည်။
“လောင်းကြမယ်လေ။ အစ်ကိုကြီး အန် က ၁၂ မှတ် ရမယ်လို့ စိတ်ဝိညာဉ်ကျောက်တုံး တစ်ရာ လောင်းမယ်”
ကျုံးရုံရန်သည် သူ၏ယပ်တောင်အား ဝှေ့ယမ်းကာဖြင့် ဆိုသည်။
“ငါလည်း အစ်ကိုကြီးအန် ၁၂ မှတ် ရမယ်လို့ လောင်းမှာ”
လောင်ကျိပင်သည်လည်း ပြောလေသည်။
“ငါကောပဲ”
စွန်းရှန့်လျန်မှ သံယောင်လိုက်လာသည်။
“ဟူး”
မုန့်ထျန်းသည် ခေါင်းယမ်းကာဖြင့် သက်ပြင်း ချလိုက်သည်။
“အဲဒီတော့ လောင်းလို့မရတော့ဘူးပဲ”
ထိုအချိန်တွင် အန်လင်းသည် သူနှင့် ကျောက်ချပ်ပြား အကြားရှိ အကွာအဝေးအား တွက်ချက်ကာ နေရာယူပြီး ဖြစ်လေသည်။
သူ၏ မန္တန်အား အသုံးပြုလိုက်သည်နှင့် ပေါက်ကွဲသွားမည် ဖြစ်သည်။ ထိုပေါက်ကွဲမှု ဖြစ်ပွားမှု အကွာအဝေးအား သေချာစွာ တွက်ချက်ရန် လိုအပ်ပေသည်။
ထိုနေ့တွင် ဖြစ်ပျက်ခဲ့သည့် ကြောက်မက်ဖွယ်ရာ အဖြစ်အပျက်အား ထပ်ကာထပ်ကာ ပြန်လည် စဉ်းစားပြီးသည့်နောက်တွင် အန်လင်းသည် မှန်ကန်သည့် အကွာအဝေးအား တွက်ချက်လိုက် နိုင်လေသည်။ ထို့ကြောင့် နေရာတွင်သာ တိတ်တဆိတ် ရပ်နေလိုက်သည်။
အန်လင်းသည် အသက်ပြင်းပြင်း ရှူလိုက်ပြီးနောက် သူ၏နံဘေးတွင် ရှိနေသည့် လူနှစ်ဦးအား ကြည့်လိုက်သည်။
“ကျွန်တော့်ရဲ့ အသက်က စီနီယာတို့ လက်ထဲမှာနော်”
ဝမ်ရွှမ်ကျန့်နှင့် လျှိုချင်ဟွမ်တို့သည် လေးနက်စွာဖြင့် ခေါင်းညိတ်လိုက်သည်။ သူတို့၏ အကာအကွယ် မန္တန်များ အဆင်သင့်ဖြစ်နေပြီ ဖြစ်သည်။
ကြည့်ရှုနေကြသူများသည် ထိုမြင်ကွင်းကြောင့် အလွန်အမင်း စူးစမ်းလိုနေကြသည်။ အန်လင်းသည် မည်သည့်အတွက်ကြောင့် စင်မြင့်ထက်တွင် လူအများဝန်းရံကာဖြင့် ရှိနေရသည်ကို မစဉ်းစားနိုင်တော့ပေ။
သို့သော်လည်း အန်လင်းသည် ဝဲဘက်လက်တွင် လျှပ်စီးကြောင်းအား စုစည်းနေစဉ် ယာဘက်လက်သီးသည် ရွှေရောင် တောက်ပလာသည်ကို မြင်လိုက်သည့်အခါ လူတချို့သည် စတင်ကာ နားလည်သဘော ပေါက်လာကြလေသည်။ ထိုလူများမှာ အန်လင်းတို့၏ ဒုတိယနှစ် တန်းခွဲ ၁ မှ ကျောင်းသားအချို့ ဖြစ်ကြသည်။ ရုတ်တရက်ဆိုသလို သူတို့သည် အင်မော်တယ် မန္တန်အတန်းမှ ကြောက်မက်ဖွယ်ရာ အဖြစ်အပျက်အကြောင်း ပြန်လည် သတိရမိလိုက်သည်။ ကြီးမားလှသည့် မှိုပွင့်တိမ်တိုက်ကြီးသည် သူတို့အား ဖိနှိပ်ထားသည့် အဖြစ်အပျက် ဖြစ်လေသည်။
မြေကမ္ဘာအင်မော်တယ် ချန်းချင်သည် မျက်လုံးများ ပြူးကျယ်လာပြီး သူ၏ မုတ်ဆိတ်များကိုပါ ဆွဲနှုတ်မိသွားသည်။
“အဲဒါကြီးကို သုံးတော့မှာလားဟ”
စုရှောင်လန်သည် အန်လင်းအား ဂရုဏာသော ဒေါသောဖြင့် ကြည့်နေလေသည်။
“ဒီကောင်က အသက်ကို လောင်းကြေး ထပ်ပြန်ပြီ”
မဝေးလှသည့် တစ်နေရာတွင် ရှိနေသည့် ဟုန်သိုသည် နားမလည်နိုင်စွာဖြင့် ခေါင်းကုတ်လိုက်သည်။
တောင်ခွင်းလျှပ်စီး လက်သီး မဟုတ်ဘူးလား။ အများဆုံးမှ ၇ မှတ်လောက်ပဲ ရနိုင်မှာလေ။ ဘာလို့များ လူတိုင်းရဲ့ မျှော်လင့်ချက်တွေက အရမ်းမြင့်နေရတာလဲ။
ကောင်းကင်တွင် အပြာရောင် လျှပ်စီးတန်းများ ပေါ်လာပြီးနောက်တွင် အန်လင်း၏ ယာဘက်လက်သီးထဲသို့ စီးဝင်သွားကြပြီး ရွှေရောင် လျှပ်စီးကြောင်းများအဖြစ် ပြောင်းလဲသွားလေသည်။
မူလအမှောင်ထုအား မန္တန်အတွင်း စတင်ပေါင်းစပ်သည့် အခါတွင် အန်လင်းနဖူး၌ ချွေးများရွှဲလာလေသည်။ ရူးသွပ်လောက်သည့် အဖျက်စွမ်းအားသည် အရာအားလုံးအား စဉ်ဆက်မပြတ် ဖိနှိပ်ထားနိုင်သလို တစ်ချိန်တည်းများပင် အမှုန့်ခြေပစ် လိုက်နိုင်သည့် တစ်ချိန်တည်းမှာပင် ယင်းသည် အန်လင်း မန္တန်၏ သဘောသဘာဝ ဖြစ်လာလေသည်။
ပြင်းထန်သည့် ရွှေရောင် လျှပ်စီးကြောင်းများသည် အနက်ရောင် အော်ရာမျှင်များကို တဖြည်းဖြည်းချင်း ဆွဲယူနေပြီး မန္တန်မှ ထွက်ပေါ်လာသော ကြောက်မက်ဖွယ်ရာ စွမ်းအားနှင့် ရင်ဆိုင်ရသည့်အခါတွင် အရာအားလုံး တိတ်ဆိတ်ငြိမ်သက် သွားလေသည်။
ကြည့်ရှုနေကြသူများသည် ရုတ်တရက်ဆိုသလို ရိုးတွင်းခြင်ဆီ ထိတိုင်အောင် အေးစက်မှုများကို ခံစားလိုက်ကြရသည်။
ယူဟွာ၊ ဟွိုင်မင်၊ ခြင်္သေ့မင်း၊ ဗာနက်ဆာနှင့် ပျက်ပြယ်ခြင်း အဆင့်ရှိ အခြားသော စွမ်းအားကြီးမားသည့် ပုဂ္ဂိုလ်များ အားလုံးတို့သည် အန်လင်း၏ ညာလက်သီးအား သတိကြီးစွာဖြင့် ကြည့်နေကြလေသည်။
“နျူလျှပ်လက်သီး”
အန်လင်း၏ အော်ဟစ်သံနှင့်အတူ ရွှေရောင် လျှပ်စီးကြောင်းများနှင့် ရွှေလက်သီးတစ်ခု ထွက်ပေါ်လာလေသည်။
လျှိုချင်ဟွမ်၏ အမွှေး ၆ ခု နှင်တံသည် လွန်စွာတောက်ပလာပြီး ပန်းရောင်အကာအကွယ် တစ်ခု ဖြစ်တည်လာပြီး အန်လင်းအား ဖုံးအုပ်လိုက်လေသည်။
ဝမ်ရွှမ်ကျန့်သည်လည်း အန်လင်း အသုံးပြုလိုက်သည့် ကြောက်မက်ဖွယ်ရာ မန္တန်ကြောင့် တုန်လှုပ်သွားလေသည်။ သို့သော်လည်း ရေစက်လုံး အကာအကွယ်ကို အသက်သွင်းကာဖြင့် သူတို့ သုံးဦးစလုံးအား လွှမ်းခြုံလိုက်လေသည်။
ရွှေလက်သီးနှင့် ကျောက်ချပ်ပြားတို့ ထိတွေ့ဆုံကာနီးတွင် လက်သီး၌ပါဝင်သော အနက်ရောင် အော်ရာမျှင်များသည် ရုတ်တရက်ဆိုသလို ကြာပန်းများကဲ့သို့ ဖူးပွင့်သွားကြပြီး လက်သီးတွင် ပါဝင်သည့် အဖျက်အဆီး စွမ်းအားကို အနည်းငယ် လျော့ကျသွားစေသည်။
ထိုအခိုက်အတန့်တွင် လောကတစ်ခုလုံး တိတ်ဆိတ်သွား သကဲ့သို့ပင်။
ဘုန်း
အလွန်ပြင်းထန်သည့် စွမ်းအင်ပေါက်ကွဲမှု ဖြစ်ပေါ်လာပြီး မိုးခြိမ်းသံတမျှ ကျယ်လောင်သည့် ပေါက်ကွဲမှုအား ကောင်းကင်မှပင် ကြားနိုင်လေသည်။
မြေပြင်တုန်ခါလာပြီး မြေမျက်နှာပြင်သည် ရွှေလက်သီး၏ ဖိကြိတ်ခြင်း ခံလိုက်ရသည်။ အဖျက်အဆီး အော်ရာများ ပါဝင်သည့်အတွက် ရွှေရောင် လျှပ်စီးကြောင်းသည် ပတ်ဝန်းကျင်အား တိုက်စားသွားပြီး ထိခိုက်မိသမျှ အရာအားလုံးကို ဖျက်ဆီးပစ် လိုက်လေသည်။
ပေါက်ကွဲမှု ဗဟိုချက်နှင့် အနီးဆုံးနေရာတွင် ရှိနေသော လျှိုချင်ဟွမ်နှင့် ဝမ်ရွှမ်ကျန့်တို့သည် ပြင်းထန်သည့် စွမ်းအင်ပေါက်ကွဲမှုကို ခံစားရသည့်အတွက် တုန်ရီနေကြလေသည်။
“ငလူးဟေ့ ဘာကြီးလဲ”
ပေါက်ကွဲထွက်လာသော စွမ်းအင်များသည် ပန်းရောင် အကာအကွယ်နှင့် ထိတွေ့မိသည့်အခါ တစ်စက္ကန့်မျှပင် မကြာလိုက်ဘဲ အက်ကွဲသွားလေသည်။
ထို့နောက်တွင် ရေစက်လုံး အကာအကွယ်နှင့် ဆက်လက်ထိတွေ့မိပြီး သုံးစက္ကန့်မျှ အကြာတွင် လုံးဝ အငွေ့ပျံသွားလေသည်။ ပြင်းထန်သည့် ပေါက်ကွဲမှုများသည် အကာအကွယ်အတွင်းရှိ လူသုံးဦးထံ ရောက်ရှိလာလေသည်။
မြေပြင်မှ သေးငယ်သည့် မှိုပွင့်တိမ်တိုက် တစ်ခု ဖြစ်ထွန်းလာလေသည်။ ယင်း၏ အားကောင်းလှသော ပေါက်ကွဲမှုများသည် ကြည့်ရှုလျက် ရှိကြသော ကျောင်းသား အများအပြားကို လဲကျသွားစေသည်။
ချက်ချင်း ဆိုသလိုပင် ပရိသတ်များအကြားမှ ပျက်ပြယ်ခြင်း အဆင့်ရှိ စွမ်းအားကြီး ပုဂ္ဂိုလ်များသည် ပေါက်ကွဲမှုအား တားဆီးကာဖြင့် ပွဲကြည့်စင်မှ ကြည့်ရှုနေကြသူများအား ကာကွယ်ပေးလိုက်သည်။ သို့သော်လည်း စင်မြင့်ထက်ရှိ လူသုံးဦးမှာမူ လွန်စွာ ကံမကောင်းလှချေ။
ဟုန်သိုသည် မှိုပွင့်တိမ်တိုက်ကြီးအား နီရဲနေသော မျက်လုံးများဖြင့် တုန်လှုပ်စွာ ကြည့်နေမိသည်။ သူ၏ ကျောက်သားပါးစပ်မှာ အဟောင်းသား ဖြစ်နေပြီး မြေပြင်တုန်ခါ နေသည်ကိုပင် ခံစားနေရသည်။
“အန် ... အန်လင်းက အဲဒီလိုတောင် လုပ်နိုင်တာလား”
သူတို့တိုက်ခိုက်စဉ်တွင် အန်လင်းသည် ထိုနည်းစနစ်အား အသုံးပြုခဲ့မည်ဆိုပါက ဟုန်သိုအနေဖြင့် မြေပြင်ပေါ်တွင် ဖုန်မှုန့်အဖြစ်သာ ကျန်ရှိတော့မည် ဖြစ်သည်။
ကြည့်ရှုနေကြသူများ အားလုံးသည် တစ်ညီတစ်ညွတ်တည်းပင် အံ့ဩဆွံ့အလျက် ရှိကြသည်။
သူတို့သည် အန်လင်းအပေါ် လွန်စွာ မြင့်မြင့်မားမား မျှော်လင့်ထားကြ သော်လည်း မှိုပွင့်တိမ်တိုက်ကြီးအား မြင်တွေ့လိုက်ရသည့် အခါတွင်မူ တုန်လှုပ် ချောက်ချားလျက် ရှိကြသည်။ ကြောက်မက်ဖွယ် ကောင်းလွန်းလှသော အင်မော်တယ်မန္တန် ဖြစ်လေသည်။
ဗောဓိသတ္တ ဟွိုင်မင်သည် သူ၏လက်များကို ဝှေ့ယမ်းလိုက်သည့်အခါ ရွှေရောင်အလင်းတန်း တစ်ခုသည် ကောင်းကင်နှင့် မြေပြင်အား လွှမ်းခြုံသွားပြီး လေထုအတွင်းရှိ ဖုန်မှုန့်များအား ပျောက်ကွယ်သွားစေသည်။
ကျောက်ချပ်ပြားမှာ တုန်ခါနေဆဲဖြစ်ပြီး ထို့နောက်မှသာ ရမှတ် ထွက်ပေါ်လာသည်။
“ကောင်းကင်အဆင့်၊ အလယ်အလတ်အဆင့်”
“အန်လင်း ၁၁ မှတ်”
ထိုရလဒ်ကြောင့် လူတိုင်းထိတ်လန့် သွားကြလေသည်။ ဤမျှလောက် ကြောက်မက်ဖွယ်ရာ အင်မော်တယ်မန္တန်သည် မည်သည့် အတွက်ကြောင့် ကောင်းကင်အဆင့် နောက်ဆုံးအဆင့်သို့ မရောက်ရှိရသည်ကို နားမလည်နိုင်ဘဲ ရှိကြလေသည်။
ဟွိုင်မင်သည် ခေါင်းညိတ်လိုက် ပြီးနောက် …
“ဒီအင်မော်တယ် မန္တန်မှာ ပါဝင်တဲ့ စွမ်းအားနဲ့ သဘော သဘာဝက ထိပ်တန်းအဆင့်ပါပဲ။ ဒါပေမဲ့လည်း စွမ်းအားပေါင်းစပ်မှုမှာ ချိန်သား မကိုက်သေးတာကြောင့် ဆိုးကျိုးအရမ်းများရတာ ဖြစ်ပါတယ်။ တိုးမြှင့်ဖို့ လိုအပ်ပါသေးတယ်”
ဟွိုင်မင်၏ ရှင်းလင်းချက်အား နားထောင်ပြီးသည့်အခါ လူတိုင်း ခေါင်းညိတ်လိုက်ကြပြီး အန်လင်းအား ကြည့်လိုက်ကြလေသည်။
မည်သို့ပင် ဆိုစေကာမူ ငြင်းပယ်၍မရသည့် အချက်မှာ အန်လင်းသည် ကောင်းကင်ဘုံ ပိုင်နက်အား သေရေးရှင်ရေး အခြေအနေမှ ကယ်တင်ရန် စီစဉ်လိုက်ပြီး အခြေအနေများကို ပြောင်းလဲလိုက်နိုင်ခြင်း ဖြစ်သည်။ ထို့နော်ကတွင် မန္တန်ပွဲစဉ်တွင် အမှတ်အများဆုံး အဖွဲ့ ဖြစ်လာလေသည်။
“နတ်ဘုရားအန်ကတော့ နတ်ဘုရားအန်ပါပဲ။ အင်မော်တယ်မန္တန် တစ်ခုနဲ့ အခြေအနေအားလုံးကို ပြောင်းပြန်လှန်ပစ် လိုက်နိုင်တယ်”
“ဟိုးအရင်နေ့တွေကဆို သူက မရိုးသားတဲ့ ကျောင်းသားလေး တစ်ယောက်ပဲလေ။ ငါက အဲဒီအချိန်ကတည်းက သူ့ရဲ့ပရိသတ် ဖြစ်လာခဲ့တာ။ တဖြည်းဖြည်းနဲ့ အခုလိုမျိုး ထူးချွန်တဲ့ ပါရမီရှင် တစ်ယောက်ဖြစ်လာပြီး ကမ္ဘာကြီးကို အထက်စီးကနေ ကြည့်လို့ ကျောင်းတော်အတွက် တိုက်ခိုက်ပေးရင်း ဂုဏ်ဆောင်နေတာကို မြင်ရတာ ဘယ်လိုမှ စိတ်မလှုပ်ရှားဘဲ မနေနိုင်ဘူး”
ကျောင်းသားတစ်ဦးမှ ပြောလေသည်။
“ကျားးးးးး စီနီယာအန်လင်းရေ ... စီနီယာ့ရဲ့ကလေးလေး မွေးပေးပါရစေ”
ကျောင်းသူငယ် အချို့သည် အန်လင်း၏ သူရဲကောင်းဆန်ဆန် အပြုအမူအား မြင်ရသည့်အခါတွင် စူးစူးဝါးဝါး အော်ဟစ်ကြလေသည်။
“နတ်ဘုရား အန် က ငါတို့ကျောင်းရဲ့ သူရဲကောင်းပဲ”
“ပြောပါဦး သူပေါက်ကွဲ မသွားနိုင်ဘူးလို့ မပြောသွားဘူးလား။ အခုဘာလို့များ အဲဒီလို ဖြစ်ရတာလဲ”
“သူ့ကိုယ်သူ မဖောက်ခွဲပါဘူး။ သူက စိတ်ဝိညာဉ် ပျိုးထောင်ခြင်း ကနဦးအဆင့်ပဲ ရှိနေသေးတာလေ။ ကြည့်ဦး အခုထိ မြေပြင်ပေါ်မှာပဲ ရှိနေသေးတာလေ”
ကျောင်းသား တစ်ဦးသည် စင်မြင့်သို့ ကြည့်ကာဖြင့် ပြောလေသည်။
လူတိုင်းသည်လည်း အန်လင်းအား တစ်ညီတစ်ညွတ်တည်း လှည့်ကြည့်လိုက်ကြသည်။
သူတို့အားလုံးတို့သည် လက်ခုပ်တီး ဩဘာပေးလိုသည့်အတွက် အန်လင်း မတ်တတ်ရပ်လာမည့် အချိန်ကို စောင့်နေကြခြင်း ဖြစ်သည်။
အထူးပွဲကြည့်စင်မှ အမျိုးသမီးသည် ပါးစပ်အား လက်ဖြင့်အုပ်ကာ အသာရယ်မောလိုက်သည်။ သူမ၏ မျက်လုံးလေး များမှာလည်း တောက်ပနေလေသည်။
“သူက အရင်လိုပဲ ဆန်းဆန်းပြားပြားတွေ လုပ်နေတုန်းဆိုတာ ဝန်ခံရမှာပဲ။ အခုတော့ သူ့ရဲ့ ပစ်မှတ်က ပြောင်းသွားပြီဆိုတော့ ငါ့ကို မလှည့်စားနိုင်တော့ဘူး”
အခြားသော အင်အားကြီး ၃ ရပ်မှ ကိုယ်စားလှယ်များသည် သူတို့အရှေ့ရှိ မြင်ကွင်းအား ကြည့်နေမိကြလေသည်။
ဒု-ကျောင်းအုပ် ယူဟွာသည် အန်လင်းတို့၏ အခြေအနေအား စစ်ဆေးရန်အတွက် စင်ပေါ်မှ ဆင်းလာလေသည်။ သို့သော်လည်း သူ့အား ဆီးကြို နှုတ်ဆက်နေသည့် မြင်ကွင်းကြောင့် ရင်ဘတ်ထဲ တင်းကျပ်လာ လေတော့သည်။
လျှိုချင်ဟွမ်သည် ဒဏ်ရာများစွာဖြင့် မြေပြင်ပေါ်တွင် လဲကျနေလေသည်။ အန်လင်း၏နံဘေး လဲလျောင်းကာဖြင့် ကုစားခြင်းမန္တန် အသုံးပြုကာ ကုစားနေလေသည်။
ဝမ်ရွှမ်ကျန့်သည် မြေပြင်ပေါ်သို့ မျက်နှာအပ်ကာဖြင့် ခြေကားရား လက်ကားရားဖြင့် လဲကျနေလေသည်။ မျက်နှာတစ်ပြင်လုံး အမှိုက်များဖြင့် ညစ်ပေပွလျက်ရှိပြီး သူ၏နှုတ်ခမ်းထောင့်မှ သွေးများ စီးကျနေလေသည်။ ထို့နောက်တွင် မျက်ရည်များ ဝေ့သီလာတော့သည်။
သူ၏မျက်နှာတွင် နောင်တကြီးစွာ ရနေဟန်ဖြင့်…
“ဘယ်လို သောက်ရူးကောင်ကို ကူညီလိုက်မိတာတုန်းဗျာ။ ဘာလို့များ အရူးထပြီး သဘောတူလိုက် မိတာလဲ”
ထိုအချိန်တွင် အန်လင်းမှာ ပြင်းထန်သည့် ပေါက်ကွဲမှုများ၏ ရိုက်ခတ်မှုကြောင့် သတိလစ် မေ့မြောလျက်ရှိပြီး မြေပြင်ပေါ်တွင် အသက်မဲ့စွာဖြင့် လဲကျနေလေသည်။
***