ဒီသူတောင်းစား လွန်နေပြီ
Vol. 14 Ch. 136
"မင်း ငါ့ကို ခြိမ်းခြောက်နေတာလား။"
ရှောင်ရွှမ်ကျိ၏ ကျောက်စိမ်းမျက်နှာက ချက်ချင်းပင် အေးစက်သွားကာ အသံမြင့်လာတော့သည်။
တာအိုစုစည်းခြင်းနယ်ပယ် ကျင့်ကြံသူ တစ်ဦးဖြစ်သည့် အတွက် သူမအနေနှင့် အစွမ်းတစ်ချို့ ထုတ်မသုံးလျှင်တောင်မှ ပြင်းထန်သော ခံစားချက်များကြောင့် အပြင်ဘက်သို့ ဖိအားတစ်ချို့ ဖြစ်ပေါ်စေခဲ့သည်။ သူမထံမှ တောင်တစ်တောင်ပြုတ်ကျလာသည့်နှယ် ပြင်းထန်သည့် အလေးချိန်ကို ထုတ်ပေးနေ၏။
ထိုအချိန်မှာပဲ ချီယွမ်၏ ခါး၌ ချိတ်ဆွဲထားသော ကျောက်စိမ်းတံဆိပ်ပြားသည် အလင်းတန်းများစွာကို ထုတ်ပေးလိုက်ကာ ကြောက်မက်ဖွယ်ဖိအားကို အံတုလိုက်သည်။
ချီယွမ်က ဂရုမစိုက်ဟန်ဖြင့် ပုံမှန်လိုမျိုး ခေါင်းညိမ့်ပြသည်။
"ဂိုဏ်းခေါင်းဆောင်ရှောင် ကျေနပ်ရင် အဲ့လိုတွေးလို့ရပါတယ်။"
(မဟုတ်သေးဘူး၊ ဒီဉာဏ်များတဲ့ကောင်က ငါ့ကိုတောင် ခြိမ်းခြောက်ရဲတယ် ဆိုတော့ သူ့မှာ အားကိုးစရာတစ်ခုခု ရှိနေတာပဲ ဖြစ်ရမယ်။)
ထိုအတွေးကြောင့် ရှောင်ရွှမ်ကျိသည် သူမ၏ အရှိန်အဝါကို မရုတ်သိမ်းတော့ဘဲ ပိုမို ပြင်းထန်လာသော မျက်နှာထားဖြင့် ချီယွမ်ကို ကြည့်လိုက်ပြီး အေးစက်စွာ ပြောလိုက်သည်။
"ငါတို့ရဲ့ လင်လုံသန့်စင်နယ်မြေက နှစ်ပေါင်းများစွာ သမိုင်းကြောင်းနဲ့ တည်ရှိလာတဲ့ ဂိုဏ်းတစ်ခုပဲ။ ငါတို့ရဲ့ အခြေခံက မင်းမှန်းဆနိုင်တာထက် အများကြီး ပိုသန်မာတယ်။"
"မင်းရဲ့ ကျန်တဲ့တစ်ဘဝလုံးကို ထိုက်ရွှမ်းသန့်စင်နယ်မြေထဲမှာ ပုန်းနေတာအကောင်းဆုံးပဲ။ မဟုတ်လို့ကတော့ ငါဂိုဏ်းခေါင်းဆောင် ဝင်ပါဖို့ လိုမှာတောင်မဟုတ်ဘူး။ မင်းရဲ့ မကောင်းတဲ့အတွေးတွေနဲ့ မင်းကို အမိန့်တစ်ခုတည်းနဲ့တင် ရှင်းပစ်လိုက်လို့ရတယ်။ မဟာဘိုးဘေး ဖေးဟွမ်တောင်မှ မင်းကိုကာကွယ်နိုင်မှာ မဟုတ်ဘူးနော်။ မင်းမကြောက်ဘူးလား။"
"ကြောက်ရမယ်။ သေချာပေါက် ကျွန်တော်ကြောက်တာပေါ့။"
ချီယွမ် ပုခုံးတွန့်လိုက်ပြီး သက်သာနေသော အပြုံးတစ်ခုဖြင့် ဆက်ပြောသည်။
"ဒါ့ကြောင့်ပဲ ဒီလိုမျိုးရှင်းမပြဘဲ မသေချင်လို့ ဂိုဏ်းခေါင်းဆောင်ရှောင်ဆီကို လာပြီးတော့ အရိုအသေပေးနေတာ မဟုတ်ဘူးလား။ ထိုက်ရွှမ်းသန့်စင်နယ်မြေရဲ့ တာအိုသားတော်တစ်ယောက်အနေနဲ့ လင်လုံသန့်စင်နယ်မြေအတွင်းမှာ ကျွန်တော် ရှိနေတဲ့အချိန်မှာ ကျွန်တော်တစ်ခုခု ဖြစ်သွားမယ်ဆိုရင် ထိုက်ရွှမ်းသန့်စင်နယ်မြေဘက်က လွှတ်ပေးမှာ မဟုတ်ဘူး။ အဲ့အချိန်ကျရင် မဟာဘိုးဘေးဖေးဟွမ်ကလည်း ဒီတိုင်း ရပ်ကြည့်နေမယ်ထင်လား။ ဒီတော့ ကျွန်တော် ဘာပဲလုပ်လုပ် လတ်တလော လုံခြုံသေးတယ်လို့ ပြောလို့ရတယ်။ ဒါကြောင့်ပဲ ကျွန်တော် စိတ်ကြိုက် ဂိုဏ်းခေါင်းဆောင်ရှောင်နဲ့ ဆွေးနွေးလို့ရတာပေါ့။"
တစ်ကယ်တော့ ချီယွမ်အနည်းငယ် စိတ်လှုပ်ရှားနေခဲ့သည်။ အခုချိန်တွင် ဂိုဏ်းခေါင်းဆောင်ရှောင်ကိုသာ အနိုင်မရခဲ့ပါက သူ့၏လက်ကျန်ဘဝတစ်ခုလုံးကို အကြောက်တရားနှင့်သာ ရှင်သန်ရတော့မည်။
(သိတဲ့အတိုင်းပဲ ချန်းဖေးဟွမ်က ငါ့ကို အလုံးစုံကြီး နာခံတာမဟုတ်ဘူး။ သူမအတွက်တော့ လင်လုံသန့်စင်နယ်မြေကို ကာကွယ်ဖို့က ဦးစားပေးရွှေးချယ်မှုပဲ။ ဒီတော့ လင်လုံသန့်စင်နယ်မြေရဲ့ ဂိုဏ်းခေါင်းဆောင်ရှောင်ကို ဖေးဟွမ်ဘယ်လိုမှ တိုက်ခိုက်မှာမဟုတ်ဘူး။)
ထိုက်ရွှမ်းသန့်စင်နယ်မြေ၏ အဆင့်မြင့် တာအိုသားတော်ချီယွမ်သည် သန့်စင်နယ်မြေ၏ ဂိုဏ်းခေါင်းဆောင်တိုင်းမှ ထုတ်ပေးနိုင်သော ကြောက်မက်ဖွယ် စွမ်းအားများအကြောင်းကို ကောင်းမွန်စွာ နားလည်ပါသည်။
ရှောင်ရွှမ်ကျိသည်သာ စိတ်ဆန္ဒရှိပါက သူမအနေနှင့် သူ့လိုမျိုး ဝိညာဉ်အခြေတည်နယ်ပယ် ကျင့်ကြံသူတစ်ဦးကို ခြေရာလက်ရာမကျန်အောင် ရှင်းလင်းပစ်နိုင်ဖို့ နည်းလမ်းပေါင်းထောင်ချီရှိသည်။
ထိုင်ခုံတွင် ထိုင်နေသော ရှောင်ရွှမ်ကျိ၏ စူးရှတဲ့မျက်လုံးများက အနည်းငယ် ကျဉ်းမြောင်းသွားရင်း လူသတ်လိုစိတ်များ ပြင်းထန်လာသည်။
"ဒီနေရာကိုလာပြီးတော့ အလုပ်မဟုတ်တဲ့ စကားတစ်ချို့နဲ့ ဆွေးနွေးဖို့ ကြံစည် ထားတာလား။ မင်းကိုယ်မင်း သိပ်အထင်ကြီးလွန်းနေတာပဲ။ ငါထပ်ပြောမယ်။ ငါ့ရဲ့ဆရာ မဟာဘိုးဘေး ချန်းဖေးဟွမ်ကြောင့် မင်းသာ ကောင်းကောင်းမွန်မွန်နေထိုင်ပြီး မကောင်းတဲ့ရည်ရွယ်ချက် မရှိဘူးဆိုရင် မင်းရဲ့အသက်ကို ငါချမ်းသာပေးလိုက်မယ်။"
ချီယွမ်က လှောင်ပြုံး ပြုံးလိုက်လေ၏။
"အိုး အဲ့လိုလား။ ဒါဆိုရင် ဒါကိုကြည့်လိုက်ပါအုန်း။"
နောက်တစ်စက္ကန့်မှာပဲ ရှေးဟောင်း စာလိပ်တစ်ခုသည် ချီယွမ်၏ လက်အတွင်း၌ ပေါ်လာခဲ့သည်။ ချီယွမ်က ထိုစာလိပ်ကို ခပ်ဖြည်းဖြည်း ဖြည်ပြလိုက်၏။
ထိုစာလိပ်ကိုမြင်သည်နှင် ရှောင်ရွှမ်ကျိတစ်ယောက် ထိုင်ခုံထက်မှ ဆတ်ကနဲ ထလိုက်ကာ မယုံကြည်နိုင်စွာ အော်ဟစ်လာတော့သည်။
"ပထမအဆင့် သားရဲယဉ်ပါးခြင်း စာချုပ်လား”
ထိုသို့ဖြင့် စာလိပ်၏ ညာဘက်ထောင့်တွင် မြင်လိုက်ရသော ခပ်ဖျော့ဖျော့ ရွှေရောင် အလင်းစက်က သူမကို ပိုမိုထိတ်လန့်စေခဲ့သည်။
"ချန်ဟွမ်းရဲ့ အဝါရောင် သွေးအဆီအနှစ်"
ကြောက်ရွံ့မှုကြောင့် သူမ၏ မျက်လုံးက ပြူးကျယ်သွားကာ အသည်းအသန် အဖြေထုတ်လိုက်တော့သည်။
ချီယွမ် ခပ်ဖွဖွ ပြုံးလိုက်ရင်း ပုံမှန်လိုမျိုး ဆက်ပြောလိုက်သည်။
"ဂိုဏ်းခေါင်းဆောင်ရှောင်က တော်တော်လေး ဗဟုသုတ ကြွယ်တာပဲဗျာ။ ဒါကတစ်ကယ်ကို ထိပ်သီးအဆင့် သားရဲယဉ်ပါးခြင်းစာချုပ်ပဲ။ ကျွန်တော့်ရဲ့ နတ်ဝိညာဉ်အမှတ်အသားကိုသာ ဒီစာချုပ်ပေါ်မှာ အမှတ်အသားပြုလိုက်မယ်ဆိုရင် နတ်သားရဲဖြစ်တဲ့ ချန်ဟွမ်းက ဘယ်လိုပဲ ဒီနေရာကို နှစ်ပေါင်းထောင်ချီပြီးကာကွယ်နေပါစေ နောက်ဆုံးမှာ ကျွန်တော့်အပိုင်ဖြစ်လာလိမ့်မယ်။ ဒါ့အပြင် ဂိုဏ်းခေါင်းဆောင် ဒီစာချုပ်ကို လုယူဖို့ မကြိုးစားတာ အကောင်းဆုံးဖြစ်မယ်နော်။ ဒီထိပ်သီးအဆင့် မှော်လက်နက်ဖြစ်တဲ့ ကိုးရောင်ခြယ် ကျောက်စိမ်းတံဆိပ်ပြားက ကျွန်တော့်ကိုကာကွယ်နေတော့ ဂိုဏ်းခေါင်းဆောင် မအောင်မြင်ခင်မှာပဲ ကျွန်တော် စာချုပ်ကို အသက်သွင်းလိုက်လို့ရတယ်။"
(ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။)
နှလုံးသားထဲတွင် မုန်တိုင်းထန်နေသော ရှောင်ရွှမ်ကျိတစ်ယောက် မနေနိုင်အောင်ထိတ်လန့်သွားကာ သူမ၏ မျက်နှာတစ်ခုလုံး ဖြူဖွေးသွားတော့သည်။
မဟာဘိုးဘေးဖေးဟွမ်သည် အပြင်လူတစ်ဦးထံတွင် သူမ၏ ပုံစံအစစ်ကို ဖော်ထုတ်ခဲ့ရုံသာမက ကျွန်တစ်ဦးအနေဖြင့် အလုပ်လုပ်ဖို့ ကမ်းလှမ်းလိမ့်မည်ဟု သူမဘယ်လိုမှမမျှော်လင့်ခဲ့ပါချေ။
(မဟာဘိုးဘေးဖေးဟွမ် ရူးသွားပြီလား။)
လင်လုံသန့်စင်နယ်မြေ၏ ဂိုဏ်းခေါင်းဆောင်ဖြစ်သောကြောင့် ရှောင်ရွှမ်ကျိသည် အရေးပါမှုကိုနားလည်သည်။ အကယ်၍ ဤထိပ်သီးအဆင့် သားရဲယဉ်ပါးခြင်းစာချုပ်သာ အသက်ဝင်သွားပါက မဟာဘိုးဘေးဖေးဟွမ်သည် ဂိုဏ်းအတွင်းမှ မဖြစ်မနေ ထွက်သွားလိမ့်မည်။ ထိုသို့ဆိုလျှင် လင်လုံသန့်စင်နယ်မြေနှင့် လုံးဝ အဆက်ပြတ်သွားမည်ဖြစ်သည်။
ထိုသို့ဆိုလျှင် လင်လုံသန့်စင်နယ်မြေ၏ ဂိုဏ်းခေါင်းဆောင်ဖြစ်သော သူမက ဘိုးဘေးများနှင့် တပည့်များကို ဘယ်လိုရင်ဆိုင်ရပါတော့မလဲ….
(မဖြစ်ဘူး။)
(ဒီစာချုပ်ကို ဘယ်လိုမှ အသက်သွင်းစေလို့ မဖြစ်ဘူး။)
သူမ၏လေသံသည် အပြီးတိုင် ပျော့ပြောင်းသွားလေတော့သည်။ ကြောက်ရွံ့မှုကြောင့် အနည်းငယ်ပင် တုန်ယင်နေလေတော့၏။
"ချီယွမ် မင်း...မင်း တစ်ကယ်ပဲ ဘာလိုချင်တာလဲ။"
လှေကားအောက်တွင်ရပ်နေသော ချီယွမ်သည် တည်ငြိမ်နေကာ ခံစားချက် တစ်ခုမှ ပြသမလာခဲ့ချေ။
"တစ်ကယ်တော့ ကျွန်တော်က ရိုးရှင်းပါတယ်။ ရိုးရိုးလေးပြောရမယ်ဆိုရင် မဟာဘိုးဘေးဖေးဟွမ်ထက် ကျွန်တော်က ဂိုဏ်းခေါင်းဆောင်ကို ပိုပြီးလိုချင်တာ”
ထိုသို့ဖြင့် ချီယွမ်သည် အင်္ကျီအတွင်းမှ နောက်ထပ် စာလိပ်တစ်ခုကို ထုတ်ယူလိုက်သည်။
"ဂိုဏ်းခေါင်းဆောင်ရှောင်သာ ဒီအစေခံစာချုပ်မှာ လက်မှတ်ထိုးမယ်ဆိုရင် ကျွန်တော့်ရဲ့ လက်ထဲက ထိပ်သီးအဆင့် သားရဲယဉ်ပါးခြင်းစာချုပ်ကို ချက်ချင်းဖျက်ဆီးပေးမယ်။ ပြီးတော့ မဟာဘိုးဘေးဖေးဟွမ်ကို အဲ့ဒီ့စာချုပ် ဘယ်တော့မှ အသုံးမပြုဘူးလို့ ကတိပေးတယ်။ ဂိုဏ်းခေါင်းဆောင် ဘယ်လိုသဘောရလဲ။"
(ဘာ)
ရှောင်ရွှမ်ကျိ လုံးဝ မှင်သက်သွားလေ၏။ ဝိညာဉ်အခြေတည်နယ်ပယ် အငယ်တန်းကျင့်ကြံသူ တစ်ဦးက သူမကို အခုလိုမျိုး တောင်းဆိုလာလိမ့်မည်ဟု ဘယ်လိုမှထင်မထားခဲ့ပါချေ။
(ဒီသူတောင်းစား တော်တော်လွန်နေပြီ။)
(သခင်အစေခံစာချုပ်တွေက သန်မာတဲ့သခင်က အားနည်းတဲ့အစေခံကို အပြည့်အဝအနိုင်ကျင့်နိုင်တဲ့ မညီမျှတဲ့ စာချုပ်တွေပဲ။ ဒီလိုစာချုပ်တွေကို ရှေးလူတွေ ကန့်သတ်ခဲ့တဲ့အတွက် ကျင့်ကြံရေးလောကမှာတောင် ပျောက်ကွယ်သွားတာ တော်တော်ကြာပြီ။ ဒီကောင်လေး ဘယ်နေရာကနေ ရခဲ့တာများလဲ။ ဒါ့အပြင် ပိုဆိုးတဲ့အချက်က ဒီသခင်အစေခံစာချုပ်တွေကို ကောင်းကင်တာအိုက လိုက်လျောမှုနဲ့ ထောက်ပံ့ပေးထားတယ်။ စာချုပ်ကိုအသက်သွင်းလိုက်တာနဲ့ လူတစ်ယောက်ရဲ့ကျင့်ကြံမှုက ဘယ်လောက်မြင့်နေပါစေ အသုံးမဝင်တော့ဘူး။ ဒီစာချုပ်ရဲ့ အကျိုးကျေးဇူးက သားရဲယဉ်ပါးခြင်းစာချုပ်နဲ့ တူညီတယ်။ အစေခံက သခင်ရဲ့အမိန့်ကို ချွင်းချက်မရှိ နာခံရမယ်။ မဟုတ်ဘူးဆိုရင် စာချုပ်ရဲ့ တန်ပြန်သက်ရောက်မှုကိုခံရပြီး စိတ်ဝိဉာဉ်ပျက်သုဉ်းမယ်၊ သခင်ဘက်က တစ်ခုတောင်မှ ပြုလုပ်ဖို့ လိုမှာမဟုတ်ဘူး။)
ရှောင်ရွှမ်ကျိ၏ မျက်နှာက နီရဲလာတော့သည်။ သူမ၏ ဦးနှောက်တစ်ခုလုံး အသည်းအသန်အလုပ်လုပ်နေလေကာ လက်ခံရမလား လက်မခံရဘူးလား ဝေခွဲရခက်နေတော့သည်။
သူမ၏ ရှုပ်ထွေးနေပုံကြောင့် ချီယွမ်ချက်ချင်းပင် ဝင်ပြောလိုက်သည်။
"ဂိုဏ်းခေါင်းဆောင်ရှောင်၊ အဆုံးမှာတော့ ဂိုဏ်းခေါင်းဆောင်က လင်လုံသန့်စင်နယ်မြေထက် ဂိုဏ်းခေါင်းဆောင်ရဲ့ အရေးပါမှုကို အလေးထားနေတာပဲ။ ကိုယ့်ကိုကိုယ်ထက် ပိုပြီးတော့ ဂိုဏ်းရဲ့အကြီးဆုံးအထောက်အပံ့ကို ပေးပစ်ဖို့ ဆန္ဒရှိနေတယ်နော်"
"ကောင်းပြီလေ။ ဒီလိုဆိုမှတော့ ကျွန်တော်အခုပဲ သားရဲယဉ်ပါးခြင်းစာချုပ်ကို အသက်သွင်းလိုက်မယ်။ အနာဂတ်မှာ မဟာဘိုးဘေးဖေးဟွမ်က ကျွန်တော့်ကို ကာကွယ်ပေးမယ်ဆိုမှတော့ ဂိုဏ်းခေါင်းဆောင်ရှောင် ကျွန်တော့်ရဲ့ ဆံပင်တစ်မွှေးတောင် ထိရဲမှာမဟုတ်ဘူးလို့ ယုံကြည်တယ်။"
ထိုစူးရှလှသော စကားလုံးများကြောင့် ရှောင်ရွှမ်ကျိ နောက်ဆုံးတော့ စိတ်ပိုင်းဖြတ်လိုက်တော့သည်။ ထိုကြောင့် အံကြိတ်ကာ ပြောလိုက်လေတော့၏။
"ကောင်းပြီ။ ငါစာချုပ်ကို လက်မှတ်ထိုးမယ်။"
(ပြီးပြီဟေ့။ ဂိုဏ်းခေါင်းဆောင်မမကို သိမ်းပိုက်နိုင်ပြီကွ)
ချီယွမ် အလွန်စိတ်သက်သာစွာဖြင့် သက်ပြင်းမောကြီး ခိုးချလိုက်တော့သည်။ အဆုံးမှာတော့ သူ့၏ အသက် လုံခြုံမှုအတွက် ဆောင်ရွက်နိုင်ခဲ့လေပြီ။
(တစ်ကယ်လို့ ရှောင်ရွှမ်ကျိကသာ ရုတ်တရက်စိတ်ပြောင်းပြီး ငါ့ကိုသတ်ပစ်လိုက်မယ်ဆိုရင် ဘယ်လိုလုပ်မလဲ။ လင်လုံသန့်စင်နယ်မြေဆိုတာ လျော့တွက်လို့ရတဲ့ အရာတစ်ခုမှမဟုတ်တာ။ ငါ့ရဲ့ရာထူးအရ ဒီနေရာမှာ လွှမ်းမိုးနိုင်စွမ်းရှိတယ်ဆိုပေမယ့် ဒါက သေစေနိုင်တဲ့ ဓားသွားပေါ်မှာ လမ်းလျှောက်နေရတာပဲ။ အခုလိုလုပ်လိုက်တော့ စိတ်ချသွားရပြီမလား။)
(ဒါပေမယ့် သနားစရာကောင်းတာက ရှောင်ရွှမ်ကျိ ဘယ်တော့မှ သိမယ်မထင်ဘူး။ ချန်ဟွမ်းက သားရဲကန့်သတ်ချက်ကြောင့် ဘယ်လိုဆိုဆို ငါ့ရဲ့ အစေခံတစ်ယောက်ဖြစ်နေခဲ့ပြီ။ ဒါ့ကြောင့်ငါ့လက်ထဲက ထိပ်သီးအဆင့် သားရဲယဉ်ပါးခြင်းစာချုပ်ကို အစထဲက အသက်သွင်းဖို့ လိုကိုမလိုနေတာပဲ)
(ရှောင်ရွှမ်ကျိကိုသာ ဒါနဲ့အရူးလုပ်လို့မရလို့ကတော့ ငါတော်တော်လေး ကူကယ်ရာမဲ့တော့မှာ.. ကံကောင်းလို့ ဂိုဏ်းရဲ့ အကျိုးကျေးဇူးအတွက် ဒီပြဿနာရှာတတ်တဲ့မိန်းကလေးက နောက်ဆုံးတော့ နာခံသွားခဲ့တယ်။ ဟူး အဲ့ဒါကြောင့်မလို့ ဟိုနတ်ဆိုးမ ကျိချန်အာက ငါ့ကိုတုနှိုင်းမမှီတဲ့ မွေးရာပါ နတ်ဆိုးဗီဇနဲ့လူလို့ ပြောတာနေမယ်)
( ငါလည်းဝန်ခံရမယ်နဲ့ တူပါတယ်။ ငတုံးစနစ်နဲ့ တွေ့ပြီးနောက်မှာ ငါပိုပြီး ဗီလိန်တစ်ယောက်နဲ့ တူလာသလိုပဲ။)
ထိုသို့ဖြင့် တစ်စုံတစ်ချီ၏ မျက်နှာထားသည် အနည်းငယ်ရှုပ်ထွေးလာတော့သည်။
ခနအကြာတွင်..
ချီယွမ်တစ်ယောက် စိတ်သက်သာစွာဖြင့် အသစ်ဖန်တီးထားသော အစေခံတပည့်စာချုပ်အား သိမ်းဆည်းလိုက်ရင်း အပြုံးတစ်ခုဖြင့် ပြောလိုက်၏။
"ဂိုဏ်းခေါင်းဆောင်ရှောင် အခုကစပြီး ကျွန်တော်တို့က မိသားစုဖြစ်သွားပြီ။ ပြီးတော့ ပူးပေါင်းမှုအတွက် ဆွေးနွေးရအောင်လို့ ထိုက်ရွှမ်းသန့်စင်နယ်မြေဘက်က မကြာခင်မှာသံတမန် အဖွဲ့တစ်ဖွဲ့ စေလွှတ်လိုက်ပါ့မယ်”
"ကျွန်တော်ပြောခဲ့တဲ့အတိုင်းပဲ ကျွန်တော်တို့ သန့်စင်နယ်မြေနှစ်ခု ပူးပေါင်းမယ်ဆိုရင်တောင်မှ လင်လုံသန့်စင်နယ်မြေကို မနစ်နာစေရပါဘူး။"
ထိုအာမခံချက်ကို ကြားရမှသာ ရှောင်ရွှမ်ကျိ၏ မျက်နှာထားက အနည်းငယ်နူးညံ့သွားခဲ့ပြီး နက်ရှိုင်းသောလေသံဖြင့် ပြောလိုက်သည်။
"ချီယွမ် ငါအခုကစပြီး မင်းအတွက်ကိစ္စတွေ လုပ်ပေးလို့ရတယ်။ ဒါပေမယ့် မင်းအနေနဲ့ လင်လုံသန့်စင်နယ်မြေကို ထိခိုက်စေမယ့် အမိန့်တစ်ခုမှ ပေးခွင့်မရှိဘူး။ ပြီးတော့ အဲ့ဒီစာချုပ်ကို အသုံးပြုပြီး ငါ့ကိုမလေးမစားကိစ္စတွေ လုပ်ဖို့ဆိုတာ ပိုလို့တောင်မဖြစ်နိုင်ဘူး။ မဟုတ်လို့ကတော့ ငါ့ရဲ့အသက်ကိုပါ စတေးပစ်ပြီး မင်းကိုဖျက်ဆီးပစ်မယ်။"
ချီယွမ်အတည်အငြိမ် ခေါင်းညိမ့်ပြလိုက်ပါသည်။
"ဂိုဏ်းခေါင်းဆောင်ရှောင် စိတ်ချလက်ချနေပါ။ အချိန်ကျလာတာနဲ့ ကျွန်တော်က ဘယ်လိုမျိုးရှားပါးပြီး ဖြောင့်မှန်တဲ့ အမျိုးကောင်းသား တစ်ယောက်ဆိုတာကို ဂိုဏ်းခေါင်းဆောင်ရှောင် သိမြင်လာလိမ့်မယ်”
"ဟွန့် မျှော်လင့်ရတာပဲ။"
ရှောင်ရွှမ်ကျိအနေနှင့် မယုံကြည်ပါသော်ငြား ဤအခြေအနေထိ ရောက်လာသောကြောင့် စောင့်ကြည့်ဖို့သာ ဆုံးဖြတ်လိုက်သည်။
ထိုအချိန်မှာပဲ ချီယွမ်က နှာခေါင်းကို တို့ထိရင်း ရယ်မောလာ၏။
"ဂိုဏ်းခေါင်းဆောင်ရှောင်၊ အခုဆိုရင် သခင်အစေခံ စာချုပ်ကို အသက်သွင်းပြီးသွားတဲ့အတွက် ကျွန်တော်တို့ရဲ့ အခေါ်အဝေါ်ကို စပြောင်းရတော့မယ် ထင်တယ်”
"ဘာ"
ချီယွမ်၏ ဆိုလိုရင်းကို နားမလည်သောကြောင့် ရှောင်ရွှမ်ကျိ မျက်မှောင်ကျုံ့သွားသည်။
ချီယွမ် မျက်တောင် တဖြတ်ဖြတ်ခတ်လိုက်ရင်း တောက်ပနေသော မျက်လုံးရွှဲကြီးဖြင့် မျှော်လင့်တကြီး ပြောလိုက်လေ၏။
"တစ်ခြားလူတွေရှိနေရင်တော့ ဂိုဏ်းခေါင်းဆောင်ရှောင် ကျွန်တော့်ကို နာမည်တပ်ပြီးခေါ်လို့ရတယ်။ ကျွန်တော်ဘာမှမပြောဘူး။ ဒါပေမယ့် ကျွန်တော်တို့ နှစ်ယောက်တည်းရှိနေတဲ့ အချိန်မှာတော့ ဂိုဏ်းခေါင်းဆောင်ရှောင်က ကျွန်တော့်ကို ဆရာလို့ခေါ်ရမယ်။"
"စဉ်းတောင်မစဉ်းစားနဲ့စမ်း”
ရှောင်ရွှမ်ကျိ၏ လှပသော မျက်နှာက ချက်ချင်းပင် ခက်ထန်သွားကာ အသည်းအသန် ငြင်းဆိုလိုက်လေရဲ့…။