← Chapters

ချောက်ချားဖွယ် နင်ယွမ်ဓား

Vol. 14 Ch. 137

ချောက်ချားဖွယ် နင်ယွမ်ဓား

Vol. 14 Ch. 137

ထိုအချိန်တွင် လီယွမ် သန့်စင်နယ်မြေအတွင်း၌...

မြေအောက် ဓားဥယျာဥ်၏ လိုဏ်ဂူနံရံများသည် မည်းနက်နေကာ ကြမ်းပြင်တွင် ရွှေရောင်အလင်းတစ်ချို့ကို မြင်နိုင်သည်။ မရေမတွက်နိုင်သော အလင်းတစ်ချို့ ထုတ်ပေးနေသည့် ဓားပေါင်းများစွာက နယ်မြေအတွင်း လှည့်ပတ်သွားလာနေရင်း ခန့်ညားသော ဓားလိုဏ်ဂူကြီးကို ဖြစ်ပေါ်စေ၏။

လိုဏ်ဂူအပြင်ဘက်တွင် ချင်လင်ရှူးက ဘေးမှာရပ်နေသော လူငယ်အား အနည်းငယ် ခေါင်းညိတ်ပြလိုက်ရင်း မတူညီသော လေသံဖြင့် ညွှန်ကြားလိုက်သည်။

"ချီယွမ်၊ လီယွမ် သန့်စင်နယ်မြေရဲ့ ဓားဥယျာဥ်က အရှေ့မှာပဲ"

"အထဲကို ရောက်သွားတာနဲ့ ရှင့်အတွက် ပေးထားတဲ့ အကာအကွယ် မန္တန်စာရွက်က နာရီဝက်ပဲ အချိန်ပေးလိမ့်မယ်။ ဒီနာရီဝက်အတွင်းမှာ ရှင့်အတွက် ဓားတစ်ချောင်းကို ကောင်းကောင်းရွေးချယ်ခဲ့ပါ။ အချိန်ပြည့်လို့မှ ထွက်မလာဘူးဆိုရင် အထဲမှာ ရှိနေတဲ့ ပျံသန်းနိုင်တဲ့ ဓားတွေရဲ့ တိုက်ခိုက်ခြင်းကို ခံရလိမ့်မယ်။ ရှင့်ရဲ့ လက်ရှိ ကျင့်ကြံမှုနဲ့ဆိုရင် အသက်ရှင်နိုင်ခြေ အရမ်းကို နည်းပါးတယ်"

"ကောင်းပါပြီ"

ထိုလူငယ်က ခေါင်းညိတ်ပြပြီးသည်နှင့် မည်းနက်ကာ ချမ်းစိမ့်နေသော လှိုဏ်ဂူအတွင်းသို့ စိတ်အားထက်သန်စွာဖြင့် ဝင်ရောက်သွားခဲ့သည်။

အထဲကို ဝင်ရောက်လိုက်သည်နှင့် ကြီးမားကာ လွှမ်းမိုးနိုင်စွမ်းရှိသော ရွှေရောင်စွမ်းအင်တစ်ချို့၏ တိုက်ခိုက်ခြင်းကို ခံလိုက်ရ၏။ အကာအကွယ် မန္တာန်စာရွက် ပါနေတာတောင်မှ အရေပြားထက်မှ စိမ့်ဝင်လာသော စူးရှသည့် နာကျင်မှုကို ခံစားလိုက်ရသည်။ မရေမတွက်နိုင်သော ဓားပေါင်းများစွာက အသွေးအသားနှင့် အရိုးထဲအထိ ထိုးဖောက်ဝင်ရောက်ချင်ဟန်ပင်။

ခန္ဓာကိုယ်အတွင်း ဝင်ရောက်တော့မည့်ဆဲဆဲ ကြောက်မက်ဖွယ် အရှိန်အဝါနှင့် ရင်ဆိုင်ရသည့်တိုင်အောင် ထိုလူငယ်က မျက်တောင်တစ်ချက် မခတ်ချေ။ ရိုးရှင်းစွာဖြင့် နှလုံးသား၏ ညွှန်ကြားရာအတိုင်း အနက်ပိုင်းအတွင်းသို့ တဖြည်းဖြည်း ဝင်ရောက်သွားခဲ့သည်။

မကြာမီမှာဘဲ ရှည်လျားကာ နက်မှောင်နေသော ဓားရှည်တစ်ချောင်းကို မြေကြီးထဲတွင် ဒေါင်လိုက်အနေအထားဖြင့် စိုက်နေသည်အား မြင်တွေ့လိုက်ရ၏။

ထိုဓားသည် ရှည်လျားကာ ကျဥ်းမြောင်းသည်။ မည်သည့်အရာဝတ္ထုဖြင့် ပြုလုပ်ထားမှန်း မသိရချေ။ မျက်နှာပြင်သည် ပြောင်ချောနေကာ ပုံစံခွက် ထွင်းထုထားခြင်းမျိုး မရှိပေ။ မထူးခြားသော ပုံစံကြောင့် ပန်းပဲရုံထဲမှ အသစ်ထွက်လာသော ဓားတစ်ချောင်းထက်ပင် ဆွဲဆောင်မှု နည်းပါးလှ၏။

သို့သော်ငြား ထိုလူငယ်သည် ဓားကို မြင်သည်နှင့် ပျော်ရွှင်မှုကို ခံစားလိုက်ရကာ စိတ်လှုပ်ရှားမှုကြောင့် တုန်ယင်လာတော့သည်။

"မိတ်ဆွေဟောင်း၊ ငါ နောက်ဆုံးတော့ မင်းကို ရှာတွေ့ပြီ"

အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းပြီးသည်နှင့် ထိုလူငယ်က စိတ်လှုပ်ရှားစွာ ရှေ့တစ်လှမ်း တိုးလိုက်သည်။ ရှည်လျားသော ဓားရှည်၏ ထိပ်ပိုင်းကို ခိုင်မာစွာ ကိုင်လိုက်ရင်း နှလုံးသားထဲမှ ရေရွတ်လိုက်၏။

"နင်ယွမ်"

ဗြိ

အစောပိုင်းကမှ အသက်မဲ့နေသော မဲပြာရောင် ဓားရှည်သည် ချက်ချင်းဆိုသလို ကြမ်းတမ်းစွာ တုန်ယင်လာကာ ရှည်ကြာလှသော ဆွေမျိုးတစ်ဦးကို ပြန်မြင်တွေ့ရသည့်နှယ် အသံတစ်မျိုး ထုတ်ပေးလာ၏။

တစ်ချိန်တည်းမှာပဲ ဓားဥယျာဉ်အတွင်း၌ လေထဲမှာ တန့်နေသော ဓားပေါင်းများစွာသည် ဖိနှိပ်ခံလိုက်ရသည့်နှယ် မိုးရွာကျသလိုမျိုး မြေပြင်ပေါ်သို့ တစ်ချောင်းချင်း ပြုတ်ကျလာ၏။ ပတ်ဝန်းကျင်တစ်ခုလုံး ကြောက်မက်ဖွယ် ကောင်းလာတော့သည်။

ဓားတစ်ချောင်းမှ အစပြု၍ ဓားပေါင်းထောင်ချီသည် အရှုံးပေးလိုက်လေတော့၏။

ဓားလိုဏ်ဂူ အပြင်ဘက်ရှိ ချင်လင်ရှူး ကိုင်ဆောင်ထားသော လီရွှမ်းဓားသည်ပင် တစ်စုံတစ်ခုကို အာရုံခံမိသည့်နှယ် ချက်ချင်းပင် တုံ့ပြန်ချက်တစ်ခုကို ထုတ်ပေးလာတော့သည်။ အဆုံးမှာတော့ ပြင်းထန်သော တိုက်ပွဲအရှိန်အဝါများကို ဖော်ထုတ်ရင်း ဓားလိုဏ်ဂူ ဝင်ပေါက်သို့ ညွှန်ပြလိုက်လေရဲ့။

ရုတ်တရက် ပြောင်းလဲလာမှုကြောင့် ဓားလိုဏ်ဂူကို စောင့်ကြပ်နေသော တပည့်များအားလုံး အံ့သြသွားကြကာ ဝင်ပေါက်ကို ရှုပ်ထွေးစွာ ကြည့်လိုက်ကြသည်။

(ဘာဖြစ်နေတာလဲ)

ချင်လင်ရှူး အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့ပြီး တည်ငြိမ်သွားသည်။

သူမ၏ ဓားသည် စိတ်ဝိညာဥ် ရတနာအဆင့် ဓားပျံတစ်ခုဖြစ်လေရာ သူမ၏ ဓားကို ယခုကဲ့သို့ ပြင်းထန်သော တုံ့ပြန်မှု ပေးနိုင်သည့် အရာအားလုံးက သေချာပေါက် ထူးကဲရမည်။

(ဖြစ်နိုင်တာ... ဖြစ်နိုင်တာ နောက်ထပ် နတ်ဓားတစ်ချောင်း မွေးဖွားလာတာများလား)

ချင်လင်ရှူး လျင်မြန်စွာဖြင့် ဓားသိုင်းကွက်တစ်ခုကို ထုတ်သုံးရင်း လှုပ်ရှားနေသော လီရွှမ်းဓားကို တည်ငြိမ်စေလိုက်သည်။ ထို့နောက်တွင် အကာအကွယ် မန္တာန်စာရွက်တစ်ခုအား သိုလှောင်လက်စွပ်အတွင်းမှ ထုတ်ယူကာ အတွင်းသို့ ဝင်ရောက် စစ်ဆေးဖို့ ပြင်လိုက်သည်။

သို့သော်ငြား ထိုအချိန်မှာပဲ ဓားလိုဏ်ဂူအတွင်းမှ ရင်းနှီးသော ပုံရိပ်တစ်ခုကို မြင်လိုက်ရ၏။

"ချင်လင်ရှူး၊ ဒီဓားကို ကျွန်တော် ရွေးလာခဲ့တယ်။ ဂိုဏ်းရဲ့ စည်းမျဉ်းအရ ဒီဓားကို ကျွန်တော် ပိုင်တယ်မလား"

ထိုလူငယ်က ခပ်ဖွဖွ ပြုံးထားရင်း လက်ထဲတွင် ကိုင်ထားသော မဲပြာရောင်ဓားကို အကုန်လုံး မြင်ရအောင် ပြလိုက်လေ၏။

ထိုအချိန်တွင် လီယွမ် သန့်စင်နယ်မြေသို့ စေ့စပ်ပွဲ ဖျက်သိမ်းရန် ခေါင်းစဥ်နှင့် လာရောက်ခဲ့သည့် ဟန်ဆောင်သရုပ်ကိုတောင် ထိုသူက ဂရုမစိုက်တော့ချေ။ တစ်ကယ်တော့ ထိုသူ၏ ရည်ရွယ်ချက် အစစ်အမှန်သည် ဓားလိုဏ်ဂူအတွင်းသို့ ဝင်ရောက်နိုင်ပြီး အရင်ဘဝက ဓားကို ပြန်ယူနိုင်ဖို့ပင်။

ထိပ်သီးအဆင့် အဆုံးမဲ့ စိတ်ဝိညာဉ် ရတနာတစ်ခုဖြစ်သော ဤနင်ယွမ်ဓားသည် သူ၏ အရင်ဘဝက မရေမတွက်နိုင်သော သက်ရှိများကို သတ်ဖြတ်ခဲ့ပြီး ဘဝသက်တမ်းတစ်ခုလုံး အဖော်ပြုပေးခဲ့သော မိတ်ဆွေပင်။ ဒီဓားကြောင့်ပဲ သူသည် ကျင့်ကြံရေးလောက၏ နံပါတ်၁ အလွတ်တမ်း ကျင့်ကြံသူတစ်ဦး ဖြစ်လာခဲ့သည်။

သို့သော် ကံဆိုးစွာဖြင့် သေးငယ်သော အမှားအယွင်း တစ်ခုကနေ အဆုံးမရှိအောင် ကျယ်ပြန့်သည့် အောင်မြင်မှုအားလုံးကို ပျက်ယွင်းစေခဲ့ပြီး မဟာယာန နယ်ပယ်သို့ တက်လှမ်းနိုင်မည့် နောက်ဆုံး အတိဒုက္ခကို ကျော်ဖြတ်ချိန်တွင် ကျရှုံးစေခဲ့သည်။ ထို့ကြောင့် အဆုံးမရှိသော နောင်တကိုသာ ကျန်ရစ်စေခဲ့၏။

အခုတော့ ကောင်းကင်ဘုံ၏ အခွင့်အရေးကြောင့် ပြန်လည် မွေးဖွားလာခဲ့ပြီ။

(ငါ သေချာပေါက် အမြန်ဆုံး အောင်မြင်လာရမယ်။ ငါ့ရဲ့ အရင်ဘဝထက် ပိုပြီးမြင့်မားတဲ့ အဆင့်အတန်းနဲ့ ဂုဏ်ပုဒ်ကို ငါ ရရမယ်)

ထိုသူ အတွေးလွန်နေစဥ်မှာပဲ လီယွမ် သန့်စင်နယ်မြေ၏ များစွာသော တပည့်များသည် ဓား၏ အဆင့်အတန်းကို အတည်ပြုပြီးသည်နှင့် မထိန်းနိုင်အောင် ရယ်မောလိုက်ကြသည်။

"ဒါက သာမန်ဓားတစ်ချောင်းပဲ မဟုတ်ဘူးလား"

"ဓားလိုဏ်ဂူအတွင်းကနေ နည်းနည်းလေး ကောင်းမွန်တဲ့ ရတနာတစ်ခုကို ရှာတွေ့လိမ့်မယ်လို့တော့ ငါ မျှော်လင့်ထားခဲ့တာလေ။ ဒီလောက် စုတ်ပြတ်သတ်နေတဲ့ဟာကြီး ယူလာတာတဲ့လား"

သို့သော် တစ်ဖက်ခြမ်းက ချင်လင်ရှူးကတော့ ထိုလူငယ်၏ လက်အတွင်းက ဓားရှည်ကို တည်ငြိမ်စွာ စိုက်ကြည့်နေခဲ့သည်။

"ဟုတ်တယ်။ ဒီဓားက ရှင့်အပိုင်ပဲ"

လီယွမ် သန့်စင်နယ်မြေသည် ဓားမွေးဖွားရာ နေရာတစ်ခုဖြစ်၏။ လီယွမ် သန့်စင်နယ်မြေအတွင်းရှိ ဓားကျင့်ကြံသူများအတွက် ဓားများသည် သာမန်လက်နက်တစ်ခု ဆိုသည်ထက် ကျင့်ကြံရေး အဖော်မွန်များဖြစ်သည်။

လီယွမ် သန့်စင်နယ်မြေအတွင်းက အကြီးအကဲများသာမက တပည့်များ အားလုံးသည်လည်း ဘယ်နေရာကိုပဲ ခရီးထွက်ပါစေ

မတူညီသော ဓားကို တွေ့သည်နှင့် အထူးသယ်ဆောင်ကာ ဓားလိုဏ်ဂူအတွင်းတွင် ထိန်းသိမ်းတတ်ကြသည်။

လီယွမ် သန့်စင်နယ်မြေအတွင်း၌ ဓားလိုဏ်ဂူကို တည်ထောင်ပြီးသည်နှင့် သန့်စင်နယ်မြေဘက်က ကျင့်ကြံရေးလောက တစ်ခုလုံးကို ကြေငြာခဲ့၏။ သန့်စင်နယ်မြေအတွင်းက ဓားများသည် လီယွမ် သန့်စင်နယ်မြေ၏ အပိုင်မဟုတ်ပါဘဲ ကောင်းကင်အောက်က ဓားချစ်သူ အားလုံးအတွက် သက်ဆိုင်စေရမည် ဟူ၍ပင်။

ထို့ကြောင့် ဓားလိုဏ်ဂူအတွင်း ဝင်ရောက်နိုင်စွမ်းသာ ရှိပါက အတွင်းမှာ ရှိနေသော ဓားတစ်ချောင်းကို ရွေးချယ်နိုင်သည်။ လီယွမ် သန့်စင်နယ်မြေအတွင်းက ထိုဓားကသာ အသိအမှတ်ပြုသရွေ့ ဘယ်တော့မှ ငြင်းဆိုမည်မဟုတ်ပေ။

သေချာပေါက် လီယွမ် သန့်စင်နယ်မြေသည် ဝင်ချင်တိုင်း ဝင်လို့ရသော နေရာတစ်ခုတော့ မဟုတ်ပါချေ။ ကံကြမ္မာပါသူ မဟုတ်လျှင် လီယွမ် သန့်စင်နယ်မြေအတွင်းသို့ ဝင်ရောက်ခွင့် ရှိမှာတောင် မဟုတ်ပေ။

ထူးခြားသော ဆက်နွှယ်မှုတစ်ချို့ရှိ၍ လီယွမ် သန့်စင်နယ်မြေဘက်မှ ခွင့်ပြုသည်မဟုတ်လျှင် အပြင်သူများအနေနှင့် ဓားလိုဏ်ဂူအနားသို့ ကပ်နိုင်မှာတောင် မဟုတ်ဘူး။

ထို့ကြောင့်ပင် ချီယွမ် ရွေးချယ်ခဲ့သော ထိုဓားနက်သည် ထူးခြားသော ဓားတစ်ခုဟု ချင်လင်ရှူး ခံစားမိသော်ငြား လီယွမ် သန့်စင်နယ်မြေ၏ ဂုဏ်သတင်းကို စဥ်းစားမိသောကြောင့် ဘာမှ ဝင်မစွက်ဖက်ခဲ့ပေ။

လီယွမ် သန့်စင်နယ်မြေဘက်မှ သဘောတူလာသည့်အတွက် ထိုလူငယ်၏ မျက်လုံးအတွင်းတွင် ခန့်မှန်း၍ရနိုင်သော အောင်နိုင်မှုတစ်ချို့ ဖြတ်ပြေးသွားခဲ့သည်။

"ဒီလိုဆိုမှတော့ မင်းတို့ရဲ့ ဂိုဏ်းနဲ့ ကျွန်တော့် ကိစ္စ ပြတ်ပြီနော်"

ထို့နောက်တွင် ထိုလူငယ်က အဓိပ္ပါယ်ပါသော မျက်နှာထားဖြင့် ချင်လင်ရှူးကို မလေးမစား စိုက်ကြည့်လိုက်သည်။

" ထပ်တွေ့တဲ့ အချိန်ကျရင်လည်း ဒီလိုမျိုး အေးစက်စက် ဆက်ဆံနိုင်ဖို့ မျှော်လင့်ပါတယ်"

ထိုသို့ဖြင့် ထိုလူငယ်က လီယွမ် သန့်စင်နယ်မြေ၏ တပည့်များကို ဖော်ရွေစွာ ပြုံးတောင်မပြဘဲ နေရာမှ ချက်ချင်း လှည့်ထွက်သွားလေတော့သည်။

ခဏမျှ ကြာပြီးနောက်တွင်

ယုန်လီမြို့၏ လူသူခြောက်ကပ်သော သစ်တောအတွင်းတွင် လူငယ်တစ်ယောက်က စိတ်အေးသက်သာစွာဖြင့် လျှောက်သွားနေခဲ့သည်။ ထိုသူက ပတ်ဝန်းကျင်၏ လှပသော သာယာမှုများကို ခံစားသည့်နှယ် လှည့်ပတ်ကြည့်ရှုနေသေး၏။

ထိုအချိန်မှာပဲ အလင်းတန်းနှစ်ခုက ထိုလူငယ်၏ရှေ့သို့ ရောက်လာကာ ရုတ်ချည်း ပိတ်ပင်လိုက်သည်။ ရောက်လာသူကြောင့် ထိုလူငယ်၏ မျက်နှာထက်တွင် စနောက်လိုသော အပြုံးတစ်ခု ဝင်ရောက်လာကာ တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။

"ဒါဆိုရင် မင်းတို့နှစ်ယောက်ပေါ့။ ငါလည်း အရာအားလုံးကို လီယွမ် သန့်စင်နယ်မြေမှာ ထားပစ်လိုက်ဖို့ စဥ်းစားမထားပါဘူး။ မင်းတို့နှစ်ယောက်က ဒီနေရာကို ငါ့ကိုလိုက်ပို့ပေးဖို့ ရောက်လာကြတာလား"

ထိုသူနှစ်ယောက်က လီယွမ် သန့်စင်နယ်မြေ၏ အပြင်တပည့်နှစ်ယောက်ဖြစ်ပြီး လူငယ်၏ စကားကို ကြားသည်နှင့် မုန်းတီးစွာ ပြောလိုက်ကြသည်။

"ဟမ်း မင်းပြောတာ မှန်တယ်။ ငါတို့က ဒီနေရာကို မင်းကို လိုက်ပို့ဖို့ ရောက်လာတာလေ။ မင်း အရင်တုန်းက အဲလောက် မောက်မာနေခဲ့တာမလား။ အခု ထပ်ပြီး မောက်မာကြည့်လိုက်စမ်းပါ"

ထိုသို့ဖြင့် ခေါင်းဆောင်တပည့်ဖြစ်သူက မည်းမှောင်နေသော မျက်နှာထားဖြင့် အေးစက်စွာ ဆက်ပြောလိုက်သည်။

"ဂိုဏ်းတူညီလေး ဝမ်၊ ဒီကောင်နဲ့ စကားတွေ ဖြုန်းမနေနဲ့။ ဘယ်သူမှ မရှိဘူးဆိုမှတော့ ကောင်းကောင်း ရိုက်လိုက်ကြရအောင်လေ။ မှတ်ထား ဒီကောင် မသေသရွေ့ အကိုတို့ စိတ်ကြိုက် ရိုက်လို့ရတယ်"

"ဟုတ်ပြီ"

ကျန်တပည့်က စပ်ဖြဲဖြဲ ပြုံးလိုက်သည်။

"ကျွန်တော် ဒီကောင့်ကို ကြည့်မရနေတာ တော်တော်ကြာပြီ။ သူက ကျွန်တော့်ကို စော်ကားရဲတယ်။ ဒီတစ်ခေါက်တော့ သေချာပေါက် ကောင်းကောင်းလေး ပညာပေးလိုက်ရတာပေါ့"

ထိုလူငယ်က စိတ်ပျက်စွာ ခေါင်းယမ်းလိုက်ရင်း ခပ်တိုးတိုး ပြောလိုက်သည်။

“လီယွမ် သန့်စင်နယ်မြေက ဂုဏ်သိက္ခာကြီးတဲ့ ဂိုဏ်းတစ်ခု ဆိုတဲ့အတိုင်းပါပဲလား။ ငါက မင်းတို့ကို ရန်စခဲ့တာတောင်မှ မင်းတို့က ငါ့ကို ရိုက်ဖို့ပဲ တွေးကြတယ်နော်။ တော်တော်လေး ကြင်နာတတ်ကြတာပဲ။ အံ့သြရပါတယ်”

"ဘာ"

ထိုစကားကြောင့် လီယွမ် သန့်စင်နယ်မြေ၏ တပည့်နှစ်ယောက်လုံး ဒေါသထွက်သွားတော့သည်။

"မင်းကိုယ်မင်း ဘာကောင်ထင်လို့ လေရှည်နေရတာလဲ။ ငါတို့ အခုပဲ မင်းကို သင်ခန်းစာပေးမယ်ကွ သူတောင်းစားရဲ့"

ထိုသို့ဖြင့် ထိုနှစ်ယောက်လုံးက လူငယ်ကို အမြှောက်ဆံများနှယ် ခုန်အုပ်လိုက်တော့သည်။

ထိုနှစ်ယောက်လုံးက အခြေခံ တည်ထောင်ခြင်းနယ်ပယ် အစောပိုင်းအဆင့် ကျင့်ကြံမှုများ ရှိလေရာ ချီသန့်စင်ခြင်းနယ်ပယ် အဆင့်ရှိ ကျင့်ကြံသူတစ်ဦးကို အနိုင်ကျင့်ခြင်းက သူတို့နှစ်ဦးအတွက် ပြဿနာ မရှိပါချေ။

ထိုအချိန်မှာပဲ ရုတ်တရက်ဆိုသလို...

ဟူး

လေဟာနယ်အတွင်းမှ ရုတ်တရက် ထွက်လာခဲ့သော နိမိတ်မကောင်းသော အလင်းများ လွှမ်းခြုံထားသည့် ဓားအရှိန်အဝါ တစ်ခုက သူတို့ကို ဖြတ်သွားခဲ့သည်။ ထိုနှစ်ဦး မတုံ့ပြန်နိုင်ခင်မှာဘဲ ခန္ဓာကိုယ်ကို ပြီးပြည့်စုံစွာ ၂ပိုင်းဖြတ်ခံလိုက်ရကာ မြေပြင်ပေါ်သို့ ပုံခနဲ လဲကျသွားလေ၏။

ပိုမိုအံ့သြဖို့ကောင်းသည်မှာ အခြေခံ တည်ထောင်ခြင်းနယ်ပယ် ကျင့်ကြံသူနှစ်ဦးထံမှ သွေးတစ်စက်တောင် ထွက်မကျခဲ့ဘဲ အလောင်းက ချက်ချင်းဆိုသလို ညိုးနွမ်းသွားရင်း အရိုးခြောက်အဖြစ်သာ ကျန်ရစ်ခဲ့တော့သည်။

တစ်ချိန်တည်းမှာပဲ ဓားထိပ်ဖျားမှ အရင်းခံလာသော သိပ်သည်းသည့် အဆီအနှစ် အလင်းတန်းသည် လူငယ်၏ ခန္ဓာကိုယ်အတွင်းသို့ စိမ့်ဝင်သွား၏။ ထိုလူငယ်၏ အရှိန်အဝါက ချက်ချင်းဆိုသလို မြင့်တက်လာကာ ချီသန့်စင်ခြင်း အဆင့်၉သို့ ရောက်ရှိသွားခဲ့သည်။

"ဟူး"

ခန္ဓာကိုယ်အတွင်းရှိ အင်အားကြီးကာ ပေါများလာသော စွမ်းအင်ကို ခံစားရသောကြောင့် ထိုလူငယ်က ခပ်ဖြည်းဖြည်း မျက်လုံးဖွင့်လိုက်သည်။ သို့သော် ထိုလူငယ်၏ မျက်လုံးအတွင်း၌ သွေးဆာမှုနှင့် လောဘများ ပြည့်နှက်နေဆဲပင်။

ဤခန္ဓာကိုယ်၏ စိတ်ဝိညာဥ် အလုပ်လုပ်နိုင်စွမ်းသည် အလွန်အမင်း နိမ့်ကျပါသော်ငြား ခန္ဓာကိုယ် တည်ဆောက်ပုံသည် ကောင်းမွန်နေ၏။ စုပ်ယူနိုင်စွမ်းက သူ၏ အရင်ဘဝထက် ပိုမိုသာလွန်နေခဲ့သည်။

(ဒီခန္ဓာကိုယ်က နင်ယွမ်ဓားအတွက် အပြီးပြည့်စုံဆုံး ခန္ဓာကိုယ်ပဲ)

(ငါသာ လုံလောက်တဲ့ လူတွေကို သတ်နိုင်မယ်ဆိုရင် ငါ့ရဲ့ ထိပ်ဆုံး ကျင့်ကြံမှုကို အမြန်ဆုံး ပြန်ရလာလိမ့်မယ်)

(နေဦး။ တစ်ခြားသူ ရှိနေတယ်)

ထိုအချိန်မှာပဲ ထိုလူငယ်၏ မျက်နှာထားက ရုတ်ချည်းဆိုသလို ပြောင်းလဲသွားပြီး နောက်ဆုတ်လိုက်သည်။

သို့သော်ငြား အလွန်နောက်ကျသွားလေ၏။

ထိုလူငယ်အနေနှင့် ဝေဝါးသော မြင်ကွင်းတစ်ချို့သာ မြင်လိုက်ရပြီး နောက်တစ်စက္ကန့်မှာပဲ သေးသွယ်ကာ လှပသော လက်တစ်ဖက်က လေဟာနယ်အတွင်းမှ တိတ်တဆိတ် ထွက်ပေါ်လာကာ သူ၏ နဖူးပြင်ကို ရုတ်တရက် ဖိနှိပ်လိုက်သည်။

"ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

ထိုလူငယ်၏ မျက်လုံးများက မယုံကြည်နိုင်မှုကြောင့် ကြောက်ရွံ့စွာ ပြူးကျယ်သွားတော့သည်။

သူ၏ ဝိညာဉ်ကို ရှာဖွေဖို့ ကြိုးစားနေသော တစ်ဖက်သူ၏ ရည်ရွယ်ချက်ကို ချက်ချင်းပင် သတိထားမိသွား၏။

All Chapters