နင့်လိုလူက ကိုယ်လုပ်တော်ဖြစ်ဖို့ပဲ တန်တယ်
Vol. 14 Ch. 138
အချိန်ခဏ ကြာပြီးနောက်တွင် ကျိချန်အာ အနည်းငယ် အံ့သြနေသောမျက်နှာဖြင့် လက်ပြန်ရုတ်လိုက်ကာ ထိုလူငယ်ကို စစ်ဆေးလိုက်သည်။
ထိုလူငယ်၏ အသက်စွမ်းအင်သည် အလွန်နည်းပါးနေသော်ငြား သေဆုံးမည့် အရိပ်အယောင်တော့ မရှိပါချေ။ ဝိညာဥ်နှင့် ခန္ဓာသည် မတည်ငြိမ်မှု အနည်းငယ်တောင်မရှိဘဲ ပြီးပြည့်စုံစွာ ပေါင်းစည်းထား၏။
ထိုမျှ အားနည်းနေသည့်တိုင်အောင် ထိုလူသည် သူမ၏ အကျွမ်းကျင်ဆုံး ဝိညာဥ်ရှာသိုင်းပညာကို အကျိုးမရှိအောင် လုပ်နိုင်ခဲ့သည်။
သူမ မထင်ခဲ့မိပေ…
ကောင်းကင်ပေါ်က ရုတ်တရက် ပြုတ်ကျလာသော အလှလေးကို မြင်သည်နှင့် လူရွယ်က ကြောက်လန့်တကြား အသနားခံတော့သည်။
“နတ်သမီး၊ ကျွန်တော့်အသက်ကိုချမ်းသာ ပေးပါ။ ကျွန်တော်က ဒီနေရာကို ဖြတ်သွားမိရုံပါ။ နတ်သမီးကို အနှောက်အယှက် ပေးဖို့ မရည်ရွယ်ပါဘူး။ ကျေးဇူးပြုပြီး ချမ်းသာပေးပါဗျာ..”
ဘယ်လိုပင် အရည်အချင်းရှိခဲ့ပါစေ၊ လက်ရှိ ချီသန့်စင်ခြင်းအဆင့်ကိုး ကျင့်ကြံမှုလောက်နှင့် မျက်စိရှေ့က ဝိညာဥ်အခြေတည်နယ်ပယ် ကျင့်ကြံသူကို မခုခံနိုင်မှန်း ထိုသူ ကောင်းစွာ နားလည်သည်။
သန်မာမှုက အရေးအပါဆုံးဖြစ်တဲ့ ဤကျင့်ကြံရေးလောကမှာ ပြင်းထန်သော ဖိအားနှင့်ကြုံတွေ့ရလျှင် ဖြူဖတ်ဖြူရော်နှင့် အားနည်းဟန်ဆောင်ခြင်းက တစ်ဖက်သူကို ကြက်ကလေးငှက်ကလေးလို့ မြင်ယောင်စေပြီး အလျော့ပေးစေလိမ့်မည်။
သို့သော် တစ်ဖက်က ဝိညာဥ်အခြေတည်နယ်ပယ် မိန်းကလေးသည် ဘယ်လိုအမုန်းတရားတွေကြောင့်များ သူစိမ်းတစ်ယောက်ကို ရုတ်တရက် တိုက်ခိုက်ပြီး ဝိညာဥ်ရှာဖို့ ကြိုးစားခဲ့မှန်းတော့ သူ နားမလည်ပါချေ။
အကယ်၍ သူ၏ဝိညာဥ်မှာသာ အတိဒုက္ခကျော်ဖြတ်ခြင်းနယ်ပယ် ကျင့်ကြံသူ တစ်ဦး၏ စရိုက်လက္ခဏာတစ်ချို့ ကျန်ရစ်နေသေး၍ မဟုတ်လျှင် သူမ၏ ရှာဖွေမှုကြောင့် သူ့ဝိညာဥ် ပျက်ဆီးသွားနိုင်ပါသည်။ အသက်ရှင်ခဲ့လျှင်တောင်မှ အသိစိတ် ပျောက်ဆုံးကာ အရူးဖြစ်သွားနိုင်သည်။
ပိုပြီး ကြောက်ဖို့ကောင်းသည်မှာ ထိုရက်စက်သည့် နည်းလမ်းကို စဥ်းစားလိုက်သည်နှင့် ထိုမိန်းကလေးက စစ်မှန်ဂိုဏ်းသားတစ်ဦး မဖြစ်နိုင်တော့ပေ။ သူမသာ သူ့၏လျှို့ဝှက်ချက်ကို ရှာတွေ့သွားပါက သေတာထက်အဆတစ်ရာ ဆိုးသော အခြေအနေကို ရောက်သွားနိုင်သည်။
ထိုအတွေးကြောင့် စိတ်ဓာတ်ပြင်းလှပါချည်ရဲ့ ဆိုသော လူရွယ်ပင် ကျောရိုးတစ်လျှောက်လုံး ချမ်းစိမ့်သွားခဲ့သည်။
ထိုအချိန်မှာ ကျိချန်အာက ထိုလူရွယ်၏.လက်ထဲက ဓားရှည်ကို စိုက်ကြည့်နေရင်း ပေါ့ပါးစွာ ရယ်လိုက်သည်။
“ ရန်သူရဲ့ အသက်အဆီအနှစ်ကို စုပ်ယူပြီး.အားဖြည့်တာလား.. နင့်ဓားက စိတ်ဝင်စားဖို့ ကောင်းသားပဲ။ ပြောစမ်း၊ နင်ဘယ်ကရောက်လာတာလဲ မကောင်းတဲ့ကောင်။ ဝမ်ချူးမြို့က ချီအိမ်တော်ကို နင်သတ်တာမလား”
(ချီအိမ်တော် ဟုတ်လား..)
လူရွယ်က ထိတ်လန့်သွားပြီး ကြောက်လန့်တကြား ခေါင်းရမ်းလေတော့သည်။
“ကျွန်တော်က ဝမ်းချူးမြို့က ချီအိမ်တော်ရဲ့ တရားမဝင်သားတစ်ယောက်ပါ။ ချီအိမ်တော်ဆိုတာ ကျွန်တော့်ရဲ့ ဆွေမျိုးပဲ။ နတ်သမီးမမ ပြောသလို ရက်စက်တဲ့လုပ်ရပ်ကို ကျွန်တော်က ကျူးလွန်စရာလားဗျာ”
ပြီးသည်နှင့် ထိုလူရွယ်က ရိုးသားသော မျက်နှာပေးဖြင့် နင်ယွမ် ဓားကို မြေပြင်ပေါ် လေးစားစွာ ချလိုက်သည်။
“ တစ်ကယ်လို့ နတ်သမီး ဒီဓားကို မျက်စိကျနေတာဆိုရင်လည်း ယူသာ သွားလိုက်ပါ။ ကျွန်တော့်အသက်ကိုပဲ ချမ်းသာပေးဖို့ တောင်းဆိုချင်ပါတယ်”
ဒဏ္ဍာရီလာ အလွတ်တမ်းကျင့်ကြံသူတစ်ဦး ဖြစ်ခဲ့သော သူ၏ သန်မာမှုအစစ်အမှန်က အခြေအနေကို လျှင်မြန်စွာအကဲခတ်ရင်း လွတ်မြောက်နိုင်စွမ်းပင် ဖြစ်သည်။ ထို့ကြောင့် ကိုယ်ပိုင်အသက်နှင့် ယှဥ်လာလျှင် တန်ဖိုးအကြီးဆုံးရတနာ ဖြစ်နေလျှင်တောင်မှ စွန့်လွတ်မှာပဲ…
ထို့အပြင် နင်ယွမ်ဓားနှင့် သူ့ကြားတွင် စိတ်ဝိညာဥ်ပေါင်းစည်းပြီးသား ဖြစ်သည်။ တစ်ခြားတစ်စုံတစ်ယောက်က ဤနတ်ဓားကို လုယူခဲ့လျှင်တောင်မှ အစွမ်းပြည့်ထုတ်သုံးနိုင်မှာ မဟုတ်ဘူး။
အနာဂတ်မှာ အခွင့်အရေးရလာခဲ့လျှင် နင်ယွမ်ဓားကို ပြန်ယူပြီး ဤမိန်းကလေးကို အဆပေါင်းများစွာ ပေးဆပ်ခိုင်းလို့ ရသည်။
လူရွယ် ခါးသက်စွာ တွေးနေချိန်မှာပဲ ကျိချန်အာက နင်ယွမ်ဓားကို အဖက်မလုပ်စွာ ကောက်သိမ်းလိုက်ကာ အေးစက်စက် ပြုံးလိုက်သည်။
“နင်က ချီယွမ်ပေါ့လေ..။ ကောင်းပြီလေ၊ ကြည့်ရတာ နင်က အမှန်တရားကို မသိရမချင်း ပညာမရသေးမဲ့ပုံပဲ။ ဝိညာဥ်ရှာသိုင်းပညာကနေ လွတ်မြောက်နိုင်တာနဲ့ပဲ ငါနင့်ကို ဘာမှမလုပ်နိုင်တော့ဘူး ထင်နေလား”
ကျိချန်အာက သွယ်လျသော လက်ချောင်းများကို ခပ်ဖွဖွ လက်ဖြောက်တီးလိုက်သည်။ လက်ဖျားက အရင်းခံလာသော အနက်ရောင်အလင်းက လူရွယ်၏ ခန္ဓာကိုယ်ထဲ ဖောက်ဝင်သွား၏။
နောက်တစ်စက္ကန့်မှာပဲ ဝိညာဥ်အနက်ပိုင်းထဲက လှိုက်တက်လာခဲ့သော တောင့်မခံနိုင်လောက်သည့် နာကျင်မှုကို လူရွယ် ခံစားလိုက်ရလေတော့သည်။
“အားးး”
ရုတ်ချည်းဆိုသလို ရလိုက်သော သောင်းချီသည့် ပုရွက်ဆိတ်အုံလိုက်ကြီးက နှလုံးသားကို လှိုက်စားနေသည့်နာကျင်မှုကြောင့် ထိုလူရွယ် ပြုတ်ကျသွားခဲ့ပြီး လူးလိမ့်ရတော့သည်။
အသက်ရှုစာအချိန်ခဏမျှသာ ကြာသော နာကျင်မှုက ဆယ်စုနှစ်ပေါင်းများစွာ ကုန်ဆုံးသွားသကဲ့သို့ ခံစားရစေသည်။ အသည်းအသန် အော်ဟစ်နေစဥ်မှာပဲ နှာခေါင်းနှင့် ပါးစပ်မှ သွေးများပင် စီးကျလာခဲ့သည်။
“တော်..တော်ပါတော့.. ကျွန်တော် မလိမ်ပါဘူး.. ကျွန်တော်က တစ်ကယ်.. ချီယွမ်ပါ”
“ ခေါင်းကြောမာနေတယ်ပေါ့လေ..”
ကျိချန်အာ၏ လှပသော မျက်နှာက မဲ့ရွဲ့သွားရင်း နှိပ်စက်မှုကို မြင့်တင်ရန်အတွက် လက်ချောင်းထိပ်က အနက်ရောင်ကို ခြောက်ခြားဖွယ် အရှိန်အဝါတစ်ချို့ ပေါင်းထည့်လိုက်သည်။
“မပြောဘူးပေါ့..ရတယ်လေ။ နင့်ရဲ့အရေပြားကိုခွာ၊ အသားကိုခွဲ၊ ဝိညာဥ်ထဲအထိပါ နှိုက်နှိုက်ချွတ်ချွတ် စစ်ဆေးဖို့ ငါစောက်ရမ်းအချိန်ပေါတယ်”
အဆုံးမှာတော့ လူမဆန်သော နာကျင်မှုကို တောင့်မခံနိုင်တော့သည့်အဆုံး လူရွယ် ငိုယိုလေတော့သည်။
“ ကျွန်တော် ပြောပါ့မယ်..”
“ ကျွန်တော်ပြောမယ်.. ကျွန်တော်က ချီယွမ်မဟုတ်ဘူး။ ချီအိမ်တော်တစ်ခုလုံးကို သတ်ခဲ့တာလည်း ကျွန်တော်ပဲ”
“ဟမ့်”
ကျိချန်အာ အေးစက်စွာ မဲ့ရွဲ့လိုက်ပြီး အစွမ်းကို ပုံမှန်လို ရုတ်သိမ်းလိုက်သည်။
“ အကုန်ပြောပြစမ်း။ နင်လိမ်ရဲလို့ကတော့ ဒီထက် အဆပေါင်းသောင်းချီ ခံစေရမယ်လို့ ငါအာမခံတယ်”
ဆုတ်ခွာသွားသော ဒီရေလှိုင်းတစ်ခုနှယ်… ခန္ဓာအတွင်းက နာကျင်မှုများအားလုံး နည်းပါးသွားမှသာ လူရွယ်က စိတ်သက်သာစွာ သက်ပြင်းချလိုက်၏။ ကျိချန်အာကို ကြည့်နေသော မျက်လုံးများအတွင်းတွင် ကြောက်ရွံ့မှုများ ရောနှောနေသည်။
“ပုံရိပ်ယောင်ယင်သိုင်းပညာဆိုတော့.. မင်းက နတ်ဆိုးဂိုဏ်းကပဲ”
“ ကျွန်တော်လိမ်နေမှန်း မင်းဘယ်လိုသိလဲ”
(သူမရဲ့နည်းလမ်းတွေက ဒီလောက်ရက်စက်တာ မအံ့သြတော့ပါဘူး။ သူမက ယင်ရှဂိုဏ်းကပဲ)
သို့သော် ထိုနတ်ဆိုးမက ဘာကြောင့်များ တစ်ချက်တောင်တွေဝေခြင်းမရှိပဲ သူ၏လိမ်ညာမှုကို ဖော်နိုင်ခဲ့မှန်း လူရွယ် နားမလည်နိုင်ခဲ့ပေ။
အရင်းနီးဆုံးဆွေးမျိုးများ၏ အသွေးအသားကို အသုံးပြုကာ ခန္ဓာကိုယ်ကို ပြုပြင်ခဲ့သည့်အတွက် ခန္ဓာကိုယ်အသစ်မှာ ပြစ်ချက် မရှိသင့်ပေ။ ထို့ကြောင့်ပင် သတို့သမီးလောင်း ချင်လင်ရှူးတောင် သိခဲ့တာမဟုတ်ဘူး..
“အင်း ငါကယင်ရှဂိုဏ်းက တပည့်ဆိုတာ မှန်တယ်”
ကျိချန်အာ ဂုဏ်ယူစွာပြောလိုက်သည်။
“ငါ ချီယွမ်အစစ်ကို သိတယ်။ သူကလည်း လူကောင်းမဟုတ်ပေမဲ့ နင့်လိုတုံးအမနေဘူး။ ပုံစံဖမ်းတာတောင် တူအောင်မလုပ်နိုင်တဲ့ကောင်”
“အခြေအနေကိုနားမလည်ဘဲ တစ်ခြားသူ နာမည်နဲ့ လိမ်ညာလိုက်သေးတယ်။ နင်က ငါ့လက်ထဲသေဖို့ပဲတန်တယ်”
(ချီယွမ်အစစ်..)
လူရွယ် အနည်းငယ် ဝေဝါးသွားသည်။ သို့သော် အစောပိုင်းက နာကျင်မှုကို အမှတ်ရသည်နှင့် ကြောက်ရွံ့သွားလေကာ တွန့်ဆုတ်ဆုတ် မေးလိုက်လေ၏။
“ကျွန်တော်က အလွတ်တမ်းကျင့်ကြံသူ ဟန်လဲ့ ပဲ။ ချီအိမ်တော်ကို ကျွန်တော်သတ်ခဲ့တာမှန်တယ်။ နတ်သမီးသာ ကြင်နာပြီးကျွန်တော့်ကို ချမ်းသာပေးရင် ကျွန်တော့်ဝိညာဥ်ထဲက တစ်စိတ်တစ်ပိုင်းကို ခွဲပေးလို့ရပါတယ်..။ အခုကစပြီး နတ်သမီး အလိုရှိသရွေ့ ကျွန်တော့်ကို ခိုင်းစေနိုင်တယ်”
ကျိချန်အာ ရွံရှာစွာ ပြုံးလိုက်သည်။
“အိပ်မက် မက်နေတယ်”
“ငါ့ကိုခစားဖို့ နင့်ကိုယ်နင် ထိုက်တန်တယ် ထင်နေလား။ ဟိုလူ့ကို ကိုယ်တိုင်လက်စားချေခွင့် ပေးမယ်လို့ ကတိပေးထားလို့သာ မဟုတ်ရင် နင့်ကိုငါသတ်ပြီးတာ ကြာလှပြီ”
ထိုသို့ဖြင့် သူမက လေကုန်မခံတော့ဘဲ လက်ဖျောက်တစ်ချက်တီးကာ လူရွယ်၏ သွေးကြောအားလုံးကို ပိတ်လိုက်ပြီး မလှုပ်ရှားနိုင်အောင် လုပ်လိုက်သည်။
“ နတ်သမီး ကျေးဇူးပြုပြီးကျွန်တော့်ကို ချမ်းသာပေးပါဗျာ..”
ခက်ခက်ခဲခဲ ရယူထားရသော နောက်ဘဝက ဤမျှ မြန်ဆန်စွာ ကုန်ဆုံးရမည်ဟု ဟန်လဲ့ လုံးဝမတွေးခဲ့ဖူးပေ။ ဟန်လဲ့တစ်ယောက် အလွန်အမင်း ကြောက်ရွံ့လာတော့သည်။
ထိုအချိန်မှာပဲ….
ဝူး…
လေဟာနယ်အတွင်းမှ ရုတ်တရက် ထွက်လာသော ကျောချမ်းဖွယ်ကောင်းအောင် စူးရှသည့် ဓားအလင်းက အလယ်တွင်ရပ်နေသော ကျိချန်အာ ရှိရာသို့ မထင်ထားလောက်သော အရှိန်ဖြင့် ရောက်လာခဲ့သည်။
“ချင်လင်ရှူးက ဘာလာလုပ်တာလဲဟ”
ကျိချန်အာ အနည်းငယ် မျက်မှောင်ကြုတ်သွားပြီး အရိပ်အဖြစ် ပြောင်းလဲရင်း အလွန်စူးရှသော ဓားစွမ်းအင်ကို ရှောင်လိုက်သည်။
သို့သော် ထိုအချိန်မှာပဲ အဘက်ဘက်မှ ရုတ်ချည်းသက်ရောက်လိုက်သော ဖျက်လိုဖျက်ဆီးမှုကြီးမားသည့် ဓားစွမ်းအင်များစွာက သူမကို ခိုင်မာစွာ ပိတ်နှောင်လိုက်လေရဲ့…
“ ဟမ့်၊ ကြောင်သူတော်က ကြောင်သူတော်ပါပဲ။ စောက်ကြီးစောက်ကျယ်တွေ ပြောပြီး တိုက်တဲ့အချိန်ကျရင် ဗီဇပေါ်လာတယ်.. ချောင်းတိုက်ရတာကို နင်တို့ အဲ့လောက်ကြိုက်ကြလား”
ပြောပြီးသည်နှင့် ကျိချန်အာက အေးစက်စက် မဲ့လိုက်သည်။ ချက်ချင်းဆိုသလို သူမ၏ ခန္ဓာကိုယ်က အရိပ်သဖွယ် လျင်မြန်စွာ လှုပ်ရှားရင်း တိုက်ချက်အားလုံးကို ရှောင်တိမ်းလိုက်သည်။
“ ယင်ရှဂိုဏ်းရဲ့ နတ်ဆိုးမက ဇမသေးပါလား..”
မြေကြီးပေါ်က အရိုးစုနှစ်ခုကြောင့် ချင်လင်းရှူး၏ ကျောက်စိမ်းမျက်နှာက ပိုမိုအေးစက်သွားသည်။
“ငါတို့လီယွမ်သန့်စင်နယ်မြေရဲ့ တပည့်ကို ထိရဲတယ်လား..။ နင့်အသက်နဲ့ ပြန်ပေးဆပ်စမ်း”
T/N: တာအိုသားတော်၏ မောင်းမဆောင်အတွင်း အချင်းပွားမှုအနည်းငယ် ဖြစ်ပွား..ဟဲဟဲ..စတာပါ။
ထိုအချိန်မှာပဲ ကျိချန်အာက လက်ကောက်ဝတ်ကို လှုပ်ရှားလိုက်သည်။ လီရွှမ်းဓားထံမှ အသံတစ်ချက်ထုတ်ပေးလာသည်။ နောက်တစ်စက္ကန့်မှာပဲ ရေခဲတမျှ အအေးဓာတ်တို့ ရောနှောနေသော ဓားစွမ်းအင်က မုန်တိုင်းတစ်ခုနှယ် အရှေ့ပြေးဝင်သွားသည်။
“ ဉာဏ်မပါတဲ့ဟာမပဲ.. မတော်လို့ ဟိုကောင်စုတ်နဲ့ ယူပြီးသွားရင်တောင် ငါ့ထက်နိမ့်ကျတဲ့ ကိုယ်လုပ်တော်အနေနဲ့ပဲ နင်က အဆုံးသတ်ရမှာ”
ကျိချန်အာ ဒေါသတကြီး မျက်နှာမဲ့လိုက်ပြီး အနက်ရောင်စွမ်းအင်များကို ခန္ဓာကိုယ် ပတ်ပတ်လည်တွင် စုစည်းလိုက်သည်။ အလင်းတစ်စက်တောင် မမြင်ရသော အမှောင်ထုက သူမကို အပြည့်အဝ လွှမ်းခြုံသွားလေရဲ့..။
ဘုန်း..
ထိုအချိန်မှာပဲ ချင်လင်ရှူး ပို့လိုက်သော အလွန်အင်အားကြီးသည့် ဓားစွမ်းအင်က အမှောင်ထုကို ဖြိုခွင်းလိုက်သည်။ သို့သော် ထိုနေရာတွင် ကျိချန်အာ မရှိတော့ပေ…
ချင်လင်ရှူး၏ လူသတ်လိုစိတ်က ပိုမိုပြင်းထန်လာကာ ဒေါသတကြီး အံကြိတ်လိုက်သည်။
“နတ်ဆိုးမ၊ ငါနင့်ကို သတ်ပစ်မယ်”
…..
ထိုအချိန်တွင်..
ထိုက်ရွှမ်းသန့်စင်နယ်မြေ၏ တပည့်တွေကို အိမ်ပြန်ခရီးစီစဥ်ပေးပြီးသည်နှင့် ချီယွမ် အချိန်မဆွဲဘဲ လီယွမ်သန့်စင်နယ်မြေ ရှိရာသို့ သွားဖို့ပြင်လိုက်သည်။
လင်လုံသန့်စင်နယ်မြေအတွင်းက အဖြစ်အပျက်တွေက ပြင်းထန်လွန်းလေရာ၊ နှစ်ရက်ပဲ ကုန်ဆုံးခဲ့တာတောင်မှ နှစ်ဘဝလောက် ဖြတ်သန်းရသလို ခံစားရသည်။
ကံကောင်း၍ ဆုလာဘ်တွေက ကြီးမားလို့ပင်.. ပြုပြင်ဖန်တီးခြင်း ကောင်းကင်ဆေးလုံးအတွက် ပါဝင်ပစ္စည်းများသာမက၊ အလွန်ကြီးမားသော အောင်မြင်မှုကိုပါ ရခဲ့သေးသည်။
(ငတုံးစနစ်ပြီးရင် လင်လုံသန့်စင်နယ်မြေက နောက်ထပ်ငါ့ရဲ့ကံကောင်းတဲ့ ကြယ်လေးပဲ)
အလွန်မြင့်မားကာ အင်အားကြီးသော လင်လုံသန့်စင်နယ်မြေ၏ ဂိုဏ်းခေါင်းဆောင် ရှောင်ရွှမ်ကျိသည် အဆုံးမှာ သူ၏ အစေခံဖြစ်လာကြောင်းကို တွေးမိသည်နှင့် ချီယွမ် ဝေဝါးစွာ ခံစားရသည်။
(ဟဟ၊ ပြီးတော့ အပိုဆောင်းအနေနဲ့ သူတော်စင်မ အလှလေးကိုလည်း ရခဲ့သေးတာမလား..)
“တာအိုသားတော်ချီ၊ ခဏလေး”.
အတွေးလွန်နေစဥ်မှာပဲ ရင်းနီးသောအသံတစ်ခုကို ချီယွမ် အနောက်မှ ကြားလိုက်ရသည်။