တာအိုနတ်ဆိုး၏ အနန္တနတ်မိုးကြိုး သမိုင်းကြောင်း
Vol. 14 Ch. 139
ချီယွမ် အနောက်လှည့်ကြည့်လိုက်သည်နှင့် မျက်စိတစ်မှိတ်အတွင်းမှာ ရောက်ရှိလာခဲ့သော အလင်းတန်းနှစ်ခုကို တွေ့လိုက်ရသည်။ မကြာမီကမှ နှုတ်ဆက်ခဲ့သော အရိုးမဲ့ သန့်စင်နယ်မြေ၏ တာအိုသားတော် ကျွမ်းချင်းယွမ်နှင့် ထာဝရရှင်သန်ခြင်း သန့်စင်နယ်မြေ၏ တာအိုသားတော် ထူရို့ရှုပင်။
(ဒီနှစ်ယောက် ငါ့ဆီကနေ ဘာလိုချင်နေတာလဲ)
အထူးသဖြင့် ကျွမ်းချင်းယွမ်ကို မြင်သည်နှင့် ချီယွမ်သည် အစောပိုင်းက ဖန်ကဲစွေ့၏ သတိပေးချက်ကို ပြန်ကြားယောင်မိသွားသည်။
(ငါနဲ့ လင်လုံ သန့်စင်နယ်မြေရဲ့ သူတော်စင်မနဲ့ ပတ်သက်တဲ့ သတင်းတွေက ဒီနေရာမှာ ပြန့်နေတာ တော်တော်ကြာပြီ။ ပြီးတော့ ဒီကောင်က သူမကို လိုက်နေတဲ့ သူတွေထဲက တစ်ယောက်ပဲ။ ဒီလိုမျိုး ချဥ်းကပ်လာတာ မရိုးရှင်းဘူး)
ချီယွမ် ချက်ချင်းပင် သတိကပ်သွားကာ မျက်နှာထား တင်းသွားပြီး လက်နှစ်ဖက်ယှက် အရိုအသေ ပေးလိုက်သည်။
"တာအိုသားတော် နှစ်ယောက် အတူတူရောက်လာတာ လိုအပ်တာ တစ်ခုခု ရှိလို့ပါလား"
ချီယွမ်၏ ခက်ထန်ကာ အနည်းငယ် မဖော်ရွေသော မျက်နှာထားကြောင့် ချီယွမ်အနေနှင့် သတင်းများကြောင့် မသက်မသာဖြစ်နေသည်ဟု ကျွမ်းချင်းယွမ်က ယူဆလိုက်ကာ လျင်မြန်စွာဖြင့် နှစ်သိမ့်လိုက်သည်။
"တာအိုသားတော်ချီ၊ သတင်းတွေနဲ့ ပတ်သက်ပြီး မင်းရော နတ်သမီးရှောင်ရောက မတရားခံရတဲ့ သူတွေဆိုတာကို ကျွန်တော်တို့ သိပါတယ်။ အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး အများကြီး စဥ်းစားမနေပါနဲ့။ ဒါတွေအားလုံးကို ကျိထျန်ဖန်ကိုပဲ အပြစ်တင်လိုက်"
"အနာဂတ်မှာ တစ်ယောက်ယောက်က မေးခွန်းထုတ်လာမယ်ဆိုရင်လည်း အစ်ကိုထူနဲ့ ကျွန်တော် သေချာပေါက် တာအိုသားတော်ချီအစား ရှင်းလင်းပေးပြီး တာအိုသားတော်ရဲ့ ဂုဏ်သတင်းကို မထိခိုက်အောင် ကာကွယ်ပေးပါ့မယ်"
(ဟမ် ငါက နစ်နာသူ ဟုတ်လား)
ချီယွမ်သည် တစ်ဖက်လူ၏ ဆိုလိုရင်းကို နားမလည်နိုင်စွာဖြင့် ရှုပ်ထွေးသွားတော့သည်။
လက်ရှိအခြေအနေအား သူကောင်းမွန်စွာ နားလည်ပါ၏။ သူနှင့် ရှောင်ယွဲ့နင်၏ကြားတွင် သတင်းထွက်ရခြင်းကလည်း သူတို့နှစ်ဦး လုံလောက်စွာ မပြင်ဆင်မိ၍ လင်လုံ သန့်စင်နယ်မြေ၏ တပည့်မများဘက်မှ သတိထားမိသွား၍သာ။
သတင်းတွင် တိုက်ရိုက်ပါဝင်သော သူကိုယ်တိုင်တောင်မှ အရှေ့ထွက်ကာ ရှင်းလင်းဖို့ အရှက်ရ ရမည်ဖြစ်သည်။ သို့သော် တာအိုသားတော် ကျွမ်းချင်းယွမ်က သူ့အစား ရှင်းလင်းပေးမည်ဟု ပြောကြားလာ၏။
(သူ ဘာလိုချင်နေတာလဲ။ ပြီးတော့ ဒီကိစ္စက ကျိထျန်ဖန်နဲ့ သက်ဆိုင်လို့လား။ ငါ နားမလည်တော့ဘူး)
ရှုပ်ထွေးနေသော်ငြား တစ်ဖက်သူ၏ စိတ်အားထက်သန်နေမှုကြောင့် ချီယွမ် တွန့်ဆုတ်စွာ လက်ခံလိုက်ပြီး စာအုပ်ကြီးဆန်စွာ ပြန်ဖြေလိုက်သည်။
"တာအိုသားတော် ကျွမ်းချင်းယွမ်က ကြင်နာတတ်ပြီး တွေးပေးတတ်တာပဲ။ လေးစားဖို့ ကောင်းလှပါတယ်"
ကျွမ်းချင်းယွမ်က ခပ်ပြုံးပြုံးနှင့် လက်တစ်ဖက် ယမ်းပြလိုက်သည်။
"တာအိုသားတော်ချီ မြှောက်ပင့်လွန်းနေပါပြီ။ ဒါတွေအားလုံးက အကိုထူရဲ့ ထက်ရှတဲ့ အမြင်ကြောင့်ပဲ။ ကျိထျန်ဖန်ရဲ့ လိမ်ညာမှုကို အကိုထူ မြင်နိုင်ခဲ့တာလေ”
ပြောပြီးသည်နှင့် ကျွမ်းချင်းယွမ်သည် မျက်နှာကို မဲ့လိုက်သည်။
"အဲ့ဒီ ကျိထျန်ဖန်က နတ်သမီးရှောင်နဲ့ ပတ်သက်တဲ့ သတင်းတွေကို မဟုတ်မမှန် ဖြန့်ရဲတယ်။ ကျွန်တော် ကျွမ်းချင်းယွမ် သေချာပေါက် လွှတ်ပေးမှာ မဟုတ်ဘူး။ ဝိညာဉ် အခြေတည်နယ်ပယ်ကို အဆင့်တက်နိုင်တာနဲ့ သူ့ဆီကို သွားပြီးတော့ တရားမျှတမှု ပြန်တောင်းရမယ်။
ချီယွမ် “...”
"အဟမ်း"
ထူရို့ရှုက ချောင်းတစ်ချက်ဟန့်ကာ ကျွမ်းချင်းယွမ်ကို တားပြီးသည်နှင့် ချီယွမ်ကို အဓိပ္ပါယ်ပါစွာဖြင့် ပြုံးကြည့်လိုက်သည်။
"ဒီကိစ္စကို စိတ်အေးလက်အေး ထားလိုက်ပါတော့။ ကျွန်တော်တို့နှစ်ယောက် ဒီတစ်ခေါက် မဖိတ်ခေါ်ဘဲ ရောက်လာရတာက တာအိုသားတော်ချီကို ကမ်းလှမ်းစရာ အခွင့်ကောင်းတစ်ခု ရှိနေလို့ပါ။ တာအိုသားတော်ချီ လက်ခံလိုပါသလား"
(အခွင့်အရေးကောင်းတစ်ခု ဟုတ်လား)
ချီယွမ် ပထမတော့ အံ့အားသင့်သွားသော်ငြား နောက်တစ်စက္ကန့်မှာပဲ ပိုမို သတိကြီးလာခဲ့သည်။
သူတို့အနေနှင့် တစ်စုံတစ်ယောက်အတွက် အခွင့်ကောင်းတစ်ခုကို ကမ်းလှမ်းလာကြစေရန် တာအိုသားတော်များသည် သူတော်ကောင်းသမားများ မဟုတ်ကြပါချေ။
(ခပ်ပြတ်ပြတ် ပြောရမယ်ဆိုရင် ငါက သူတို့ရဲ့ အဖေလည်း မဟုတ်ဘူး။ အခွင့်အရေးကောင်းတစ်ခု ရှိနေတာကို သူတို့က ငါ့ကို အလကားပေးစရာလား)
ချီယွမ် မျက်ခုံးတစ်ဖက် ပင့်သွားကာ ထူရို့ရှုကို အပြုံးတစ်ဝက်နှင့် လှမ်းကြည့်လိုက်သည်။
"ကျွန်တော့်ရဲ့ မသိနားလည်မှုကို ခွင့်လွှတ်ပေးပါ။ ဒါပေမဲ့ တာအိုသားတော် နှစ်ယောက်က ဒီနေရာကို ဘယ်လို အခွင့်အရေးမျိုး ကမ်းလှမ်းချင်လို့ ရောက်လာတာပါလဲ"
ထူရို့ရှု ခပ်ဖွဖွ ပြုံးလိုက်ရင်း ဖြည်းညင်းစွာ ရှင်းပြလိုက်၏။
"တာအိုသားတော်ချီ၊ နတ်အသွင်ပြောင်းခြင်းအတွက် အနန္တ အတိဒုက္ခကျော်ဖြတ်ခြင်းဆိုတဲ့ စကားလုံးကို တာအိုသားတော်ချီ ကြားဖူးပါသလား"
(နတ်အသွင်ပြောင်းခြင်းအတွက် အနန္တ အတိဒုက္ခ ဟုတ်လား)
ချီယွမ် ချက်ချင်းပင် စိတ်ဝင်စားသွားခဲ့ပြီး ခေါင်းညိတ်လိုက်သည်။
"ကျွန်တော် နည်းနည်းတော့ ကြားဖူးတယ်။ အဲ့ဒါက ဝိညာဉ် အခြေတည်နယ်ပယ်ကနေ နတ်အသွင်ပြောင်းခြင်း နယ်ပယ်ကို အဆင့်တက်တဲ့အချိန်မှာ သူတို့ရဲ့ ခန္ဓာကိုယ်က အတိဒုက္ခ နတ်မိုးကြိုး တစ်သောင်းကို ဆွဲဆောင်နိုင်တာပဲ။ အဲ့ဒီအခြေအနေကို ကြုံတွေ့ခဲ့ရတဲ့သူတွေကို နတ်အသွင်ပြောင်းခြင်း မိုးကြိုးတစ်သောင်းလို့ ခေါ်သလို ကောင်းကင်တာအို နတ်အသွင်ပြောင်းခြင်းလို့လည်း ခေါ်ကြတယ်"
ထိုကိစ္စကို ကျင့်ကြံရေးလောက တစ်ခုလုံး သိကြသည်။ နတ်အသွင်ပြောင်းခြင်း နယ်ပယ်သို့ အဆင့်တက်ချိန်တွင် ကျင့်ကြံသူတစ်ဦးသည် အတိဒုက္ခ ကျော်ဖြတ်ရ၏။ ကောင်းကင်ဘုံ၏ နတ်မိုးကြိုးကို ခံယူပြီးမှသာလျှင် ဝိညာဉ် အခြေတည်နယ်ပယ်မှ နတ်အသွင်ပြောင်းခြင်း နယ်ပယ်သို့ အဆင့်တက်နိုင်သည်။
ထိုကြောင့် ကျင့်ကြံသူတစ်ဦး၏ နတ်သန္ဓေ သန်မာမှုကို ကြုံရသော အတိဒုက္ခမိုးကြိုး၏ အရေအတွက်နှင့် ဆုံးဖြတ်ကြသည်။
အကယ်၍ နတ်အတိဒုက္ခ ကျော်ဖြတ်ချိန်တွင် မိုးကြိုးနှစ်ခုသာ ဆင့်ခေါ်နိုင်ပါက ကျရှုံးသည်ဟု ယူဆရမည်။ ထိုမိုးကြိုးမှ ကျင့်ကြံသူသည် အသက်ရှင်လျက် ကျန်နေလျှင်တောင်မှ ပြင်းထန်စွာ ပျက်စီးရမည်ဖြစ်သည်။
နတ်အသွင်ပြောင်းခြင်း နယ်ပယ်သို့ အဆင့်တက်ချိန်တွင် မိုးကြိုး၃ခုကို ဆင့်ခေါ်နိုင်ပါက မိုးကြိုး၃သွယ် နတ်အသွင်ပြောင်းခြင်းဟု ခေါ်သည်။ သို့သော် ထိုကျင့်ကြံသူများသည် လွန်စွာ အားနည်းကြပြီး သူတို့၏ လက်ကျန်တစ်ဘဝလုံးကို နတ်အသွင်ပြောင်းခြင်း နယ်ပယ်မှာပဲ ပိတ်မိသွားကာ အဆင့်မတက်နိုင်တော့ချေ။
မိုးကြိုး၃သွယ် နတ်အသွင်ပြောင်းခြင်းထက်မြင့်သော အဆင့်သည် မိုးကြိုး၉ခုကို ဆင့်ခေါ်နိုင်ခြင်းပင်။ ဝိညာဉ် အခြေတည်နယ်ပယ်မှ အဆင့်တက်ချိန်တွင် မိုးကြိုး၉ခုကို ဆင့်ခေါ်နိုင်ပါက ကျင့်ကြံရေးလောကတွင် ပိုမိုချောမွေ့သော လမ်းစဥ်ကို ရရှိနိုင်သည်။
မိုးကြိုး၉ခုထက် မြင့်သောအဆင့်သည် မိုးကြိုး၁၀၀ ဆင့်ခေါ်နိုင်ခြင်းဖြစ်ပြီး ကျင့်ကြံရေးလောက၏ ထူးချွန်သော ပါရမီရှင်များသာ ဆင့်ခေါ်နိုင်သည်။
အနန္တမိုးကြိုး နတ်အသွင်ပြောင်းခြင်း သို့မဟုတ် ကောင်းကင်တာအို နတ်အသွင်ပြောင်းခြင်းသည် ကောင်းကင်တာအို ဝိညာဥ်သန္ဓေလိုမျိုး ဘယ်ကျင့်ကြံသူမှ မမြင်ဖူးခဲ့ဘဲ ဒဏ္ဍာရီအရသာ ကြားဖူးကြခြင်းပင်။
သို့သော် ချီယွမ်ကတော့ ထိုအနန္တမိုးကြိုး နတ်အသွင်ပြောင်းခြင်းကို ရရှိလိုပါက ကောင်းကင်တာအို ချီစွမ်းအင်တစ်ချို့ လိုအပ်မှန်း နားလည်ပါ၏။
သူသည် ထိုနည်းလမ်းနှင့်ပင် ကောင်းကင်တာအိုအစွမ်းကို ဆင့်ခေါ်ရင်း မိုးကြိုးဒဏ်ကို ခံကာ ကောင်းကင်တာအို ဝိညာဉ်သန္ဓေကို ဖန်တီးခဲ့သည်မလား။
ထိုအချိန်မှာပဲ ထူရို့ရှုက ဆက်ပြောလိုက်သည်။
"လူကြီးတွေ ပြောကြသလိုမျိုး ကောင်းကင်တာအို နတ်အသွင်ပြောင်းခြင်းက ကောင်းကင်ဘုံကို တက်ရသလိုမျိုး ခက်ခဲတယ်ဆိုပေမဲ့ မကြားဖူးတဲ့ ကိစ္စတစ်ခုတော့ မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ နှစ်တစ်သောင်းက အရမ်းကို ထူးချွန်တဲ့ ပါရမီရှင် အလွတ်တမ်း ကျင့်ကြံသူတစ်ဦး ပေါ်လာခဲ့တယ်။ သူ့ကိုယ်သူ လူသတ် တာအိုနတ်ဆိုးလို့ ခေါ်တယ်။ အဲ့ဒီ တာအိုနတ်ဆိုးက အရမ်းကို ကြောက်ဖို့ကောင်းတဲ့ နတ်ဆိုးဓားကို ကိုင်ဆောင်ရင်း ကျင့်ကြံရေးလောက တစ်ခုလုံးကို စိတ်တိုင်းကျ အုပ်စိုးတယ်။ သူ့ရဲ့ ဆာလောင်မှုက အရမ်းကို နက်ရှိုင်းပြီးတော့ ကျင့်ကြံရေးလောက တစ်ခုလုံးကို အဆက်မပြတ်တဲ့ လွှမ်းမိုးနိုင်စွမ်းကို ဖော်ထုတ်နိုင်ခဲ့တယ်"
"ဒါပေမဲ့ အဲ့ဒီတာအိုနတ်ဆိုးရဲ့ မျိုးဆက်ကို ဘယ်သူကမှ ခြေရာမခံနိုင်ကြဘူး။ လောကတစ်ခွင် လှည့်ပတ်သွားလာနေတဲ့ အလွတ်တမ်း ကျင့်ကြံသူတစ်ဦးဖြစ်ပြီး အရမ်းကို ပြင်းထန်တဲ့ သဘာဝလွန်စွမ်းအင်တွေနဲ့ ဘယ်သူမှ အနိုင်မယူနိုင်တဲ့ လူတစ်ဦးဆိုတာကလွဲရင် ဘာအချက်အလက်ကိုမှ မစုံစမ်းနိုင်ခဲ့ကြဘူး။ သန့်စင်နယ်မြေကြီး၇ခု အင်အားပူးပေါင်းပြီး တိုက်ခိုက်တာတောင်မှ အဲ့ဒီလူက အကြိမ်ကြိမ် လွတ်မြောက်ခဲ့တယ်"
(တာအိုနတ်ဆိုး ဟုတ်လား)
ချီယွမ် မျက်လုံးများ ကျဥ်းမြောင်းသွားပြီး ထိုလူနှင့် ပတ်သက်သော အချက်အလက်များကို စဥ်းစားလိုက်သည်။
ထိုက်ရွှမ်း သန့်စင်နယ်မြေအတွင်းတွင် တာအိုနတ်ဆိုး၏ ဘဝဇာတ်ကြောင်းအား ဖော်ပြသည့် အချက်အလက်များက အသေးစိတ် မရှိပါချေ။ သို့သော် လွန်ခဲ့သော နှစ်တစ်သောင်းက လူတစ်ဦး၏ နာမည်ကို ရေးသားနိုင်ရုံနှင့်တင် အလွန်အံ့သြဖို့ ကောင်းနေသည်ဟု ပြောနိုင်ပါသည်။
ထိုတာအိုနတ်ဆိုးသည် တစ်ဦးတည်းနှင့် ကျင့်ကြံရေးလောက တစ်ခုလုံးကို မုန်တိုင်းသဖွယ် မွှေနှောက်ရင်း အရိုင်းဆန်စွာ ထိန်းချုပ်နိုင်ခဲ့သည်။
ထို့ကြောင့် သတင်းအချက်အလက်ပိုင်းတွင် ထိပ်သီးဖြစ်သော ထာဝရရှင်သန်ခြင်း သန့်စင်နယ်မြေ၏ တာအိုသားတော် ထူရို့ရှုဘက်မှ ထိုလူကို ပြောပြလာသည့်အတွက် အကြောင်းရင်း မရှိဘဲတော့ မဖြစ်နိုင်ပါချေ။
ထို့ကြောင့် ချီယွမ်၏ မျက်နှာထားက တင်းကျပ်သွားခဲ့ပြီး ပိုမို စိတ်အားထက်သန်စွာ နားထောင်လိုက်သည်။
"အဲ့ဒီလူက ဝိညာဉ် အခြေတည်နယ်ပယ်မှာတင်ကို ဗလာ သန့်စင်ခြင်းနယ်ပယ် ကျင့်ကြံသူတစ်ဦးကို အလွယ်လေး သတ်ပစ်နိုင်ခဲ့တယ်။ ဘယ်သူကမှ သူ့ကို အနိုင်မယူနိုင်ခဲ့ဘူး။ ဒါပေမဲ့ တစ်ခါက မဟာယာန နယ်ပယ် အလယ်အဆင့် ကျင့်ကြံသူတစ်ဦးကိုလည်း တာအိုနတ်ဆိုးက ပြင်းထန်စွာ ဒဏ်ရာရစေခဲ့ပြီး ကမ္ဘာကြီးပေါ်က ပျောက်ကွယ်အောင်တောင် လုပ်ခဲ့သေးတယ်”
(နတ်အသွင်ပြောင်းခြင်း နယ်ပယ်မှာ မဟာယာန နယ်ပယ် ကျင့်ကြံသူကို ပြင်းထန်စွာ ဒဏ်ရာရစေတယ် ဟုတ်လား, ကြည့်ရတာ ဝတ္ထုဇာတ်လမ်းထဲက အဓိကဇာတ်လိုက်လိုမျိုးဟ)
တစ်ခါမှ မကြားဖူးသော သတင်းကြောင့် ချီယွမ် အံ့အားသင့်သွားခဲ့သည်။ သို့သော် ကျွမ်းချင်းယွမ်၏ အံ့အားသင့်နေသော မျက်နှာထားကို ကြည့်လိုက်သည့်အတွက် ထူရို့ရှု၏ ပြောစကားများက မှန်ကန်နေမှန်း ယူဆလိုက်သည်။
(အထင်ကြီးဖို့ ကောင်းလိုက်တာ)
ထူရို့ရှုက တည်ငြိမ်စွာဖြင့် ဆက်ပြောလိုက်၏။
"အဲ့ဒီတိုက်ပွဲပြီးတဲ့နောက်မှာ တာအိုနတ်ဆိုးကို ကျင့်ကြံရေးလောက တစ်ခုလုံးရဲ့ နံပါတ်၁ ကျင့်ကြံသူအဖြစ် လူတိုင်းက သတ်မှတ်လိုက်ကြတယ်။ ဒါပေမဲ့ လူတိုင်းက အဲ့ဒီ တာအိုနတ်ဆိုးကို မကြာမီမှာဘဲ မဟာယာန နယ်ပယ်ကို အဆင့်တက်နိုင်ပြီးတော့ ကမ္ဘာ့ရဲ့ အသန်မာဆုံး လူတစ်ယောက် ဖြစ်လာမယ်လို့ မျှော်လင့်ခဲ့ကြတယ်။ ဒါပေမဲ့ ရုတ်တရက်ကြီး သူက ခြေရာလက်ရာ မကျန်အောင် ပျောက်သွားပြန်တယ်။ ကြည့်ရတာ မကောင်းတဲ့ကိစ္စတွေ အများကြီး လုပ်ခဲ့တော့ နတ်အတိဒုက္ခ ကျော်ဖြတ်ခြင်းမှာ ပျောက်ကွယ်သွားရတာနဲ့ တူပါတယ်"
"ဒါပေမဲ့ ကျွန်တော် ပြောချင်တဲ့ ဆိုလိုရင်းက အခုထိ မရောက်သေးဘူး။ အဓိကအချက်က အဲ့ဒီ တာအိုနတ်ဆိုး တစ်ခါတုန်းက ဝန်ခံခဲ့ဖူးတယ်။ သူ ဝိညာဉ်အခြေတည် နယ်ပယ်ကို အဆင့်တက်တဲ့ အချိန်တုန်းက ကောင်းကင်မိုးကြိုးကို ဆင့်ခေါ်နိုင်ခဲ့ပြီး ကောင်းကင်တာအို ဝိညာဉ်သန္ဓေကို တစ်ကြိမ်တည်းနဲ့ ဖန်တီးနိုင်ခဲ့တယ်တဲ့။ ဒါကြောင့် သူ့ရဲ့ ကျင့်ကြံမှုက ကောင်းကင်ကို ထိလုမတတ် မြင့်မားလာခဲ့တယ်။ ဒါကြောင့် လူတိုင်းက သူ နတ်အသွင်ပြောင်းခြင်း နယ်ပယ်ကို အဆင့်တက်တဲ့ အချိန်မှာလည်း အထူးနည်းလမ်းတစ်ချို့နဲ့ အနန္တ နတ်မိုးကြိုးကို ဆင့်ခေါ်နိုင်ခဲ့တယ်လို့ ယူဆလိုက်ကြတယ်”
“အခု ကျွန်တော်တို့ ၃ယောက်လုံးက ကျင့်ကြံရေးလောကရဲ့ လူငယ်ပါရမီရှင်တွေကြားမှာ အသန်မာဆုံး လူ၃ယောက်ပဲ။ အလားအလာ အရှိဆုံး လူတွေလို့ ပြောလို့ရတယ်။ ကျွန်တော်တို့ရဲ့ လုပ်နိုင်စွမ်းက တာအိုနတ်ဆိုးထက် နည်းနည်းလေးမှ မနိမ့်ကျပါဘူး။ တစ်ကယ်လို့ ကျွန်တော်တို့သာ တာအိုနတ်ဆိုး ချန်ထားခဲ့တဲ့ အမွေအနှစ်ကို ရှာဖွေနိုင်မယ်ဆိုရင် နတ်အသွင်ပြောင်းခြင်း နယ်ပယ်ကို အဆင့်တက်တဲ့အချိန်မှာ အနန္တ နတ်မိုးကြိုးကို ဆင့်ခေါ်နိုင်မှာပေါ့"
ပြောပြီးသည်နှင့် ထူရို့ရှုသည် ချီယွမ်အား စိတ်အားထက်သန်စွာ လှမ်းကြည့်လိုက်သည်။
"တာအိုသားတော်ချီ၊ ကျွန်တော် ထာဝရရှင်သန်ခြင်း သန့်စင်နယ်မြေမှာရှိတဲ့ ရှေးစာလိပ်တွေအားလုံးကို လိုက်ရှာပြီးသွားပြီ။ ဒါပေမဲ့ နောက်ဆုံးတော့ တာအိုနတ်ဆိုး နေထိုင်ခဲ့တဲ့ လိုဏ်ဂူကို အတည်ပြုနိုင်ခဲ့တယ်။ အဲ့ဒီနေရာကို ကျွန်တော်တို့ သွားပြီး စစ်ဆေးမလို့ လုပ်နေကြတာပါ။ တာအိုသားတော်ချီ စိတ်ဝင်စားသလား”