← Chapters

ဘာလား… အဲ့လောက် အန္တရာယ်များနေရအောင် အဲ့နေရာက နဂါးတွင်းလား

Vol. 14 Ch. 140

ဘာလား… အဲ့လောက် အန္တရာယ်များနေရအောင် အဲ့နေရာက နဂါးတွင်းလား

Vol. 14 Ch. 140

ချီယွမ်၏ မျက်နှာထားက အနည်းငယ် ပြေလျော့သွားသည်။

အဖိုးကြီးရှီ၏ ရှင်းပြမှုကြောင့် သူသည် ကောင်းကင်တာအိုလမ်းစဥ်ကို ကောင်းစွာ နားလည်ပြီးဖြစ်သည်။

ပြီးပြည့်စုံသော အဆင့်တက်ခြင်းကို ရရှိလိုပါက ​အဆင့်တက်ချိန်တွင် ကောင်းကင်တာအိုချီစွမ်းအင်တစ်ချို့ ရယူနိုင်ဖို့လိုအပ်သည်။

အလွယ်ကူဆုံးဥပမာသည် သူကိုယ်တိုင်ပင်။ သူသည် မူလက ဝိညာဥ်အခြေတည်နယ်ပယ်တွင် အလင်းဖြာထွက်ခြင်းအဆင့် ဝိညာဥ်ကိုသာ ဖွဲ့စည်းနိုင်ခဲ့သော်ငြား ငတုံးစနစ်ထံမှ ရရှိခဲ့သော ကောင်းကင်တာအိုချီစွမ်းအင်ကြောင့် ကောင်းကင်တာအို ဝိညာဥ်သန္ဓေကို ဖန်တီးနိုင်ခဲ့သည်။

တစ်ခြားကျင့်ကြံသူများအနေနှင့် ကောင်းကင်တာအို ဝိညာဥ်သန္ဓေကို မဖန်တီးနိုင်ခြင်းက.. ပင်ကိုယ်စွမ်းရည်၊ အမွေအနှစ် ..သို့မဟုတ် ကောင်းကင်တာအို ချီစွမ်းအင် မရှိ၍ ဖြစ်နိုင်ပါသည်။

ထို့အတူပင် ကျင့်ကြံသူတစ်ဦးအနေနှင့် ရှေ့အဆင့်တက်မှုများတွင် ပြီးပြည့်စုံသော အဆင့်တက်ခြင်းကို မရခဲ့လျှင်တောင်မှ ပြီးပြည့်စုံသော အဆင့်တက်ခြင်းအတွက် အခွင့်အရေးမရှိဟု မဆိုလိုပါချေ။

ချီယွမ်လည်း အခြေခံတည်ထောင်ခြင်းနှင့် ရွှေအမြုတေနယ်ပယ်တွင် ပြီးပြည့်စုံစွာ အဆင့်မတက်နိုင်ခဲ့သော်ငြား အဆုံးမှာတော့ ကောင်းကင်တာအို ဝိညာဥ်သန္ဓေကို ဝိညာဥ်အခြေတည်နယ်ပယ်တွင် ဖန်တီးနိုင်ခဲ့သည်။

ထို့ကြောင့် လူတစ်ဦးသည် ကောင်းကင်လမ်းစဥ်နှင့် လားလားမှ မသက်ဆိုင်ခဲ့လျှင်တောင် အခွင့်အရေးရပြီး ကောင်းကင်တာအိုချီစွမ်းအင်ကိုသာ ရခဲ့ပါက ပြီးပြည့်စုံစွာ အဆင့်တက်နိုင်ပေမည်။

နှစ်ဆင့်လောက်ကို ပြီးပြည့်စုံစွာ အဆင့်တက်ရုံဖြင့် အမတတစ်ဦးဖြစ်ဖို့ အာမ မခံနိုင်ပါသော်ငြား ပြီးပြည့်စုံခြင်းက ပြီးပြည့်စုံခြင်းပါပေ။ ထိုမျှ အနေအထားနှင့်တင် သာမာန်ကျင့်ကြံသူများကို များစွာ ကျော်ဖြတ်နိုင်သည်။

ထို့ကြောင့် တာအိုနတ်ဆိုးသည်သာ တစ်ကယ်ပဲ နတ်အသွင်ပြောင်ခြင်းနယ်ပယ်မှာ မဟာယနနယ်ပယ် ကျင့်ကြံသူကို ပြင်းထန်စွာ ဒဏ်ရာရအောင် လုပ်နိုင်ခဲ့ရိုးမှန်ပါက ထိုသူသည် သေချာပေါက် သာမာန် နတ်အသွင်ပြောင်ခြင်း ကျင့်ကြံသူတွေထက် အများကြီး သန်မာနေလောက်သည်။ ထို့အပြင် နတ်ဆိုးဓား၏ ထောက်ပံ့မှုပါ ရှိထားလေရာ၊ ကျင့်ကြံဆင့်မြင့်သော ကျင့်ကြံသူများကို အနိုင်ယူဖို့က သူ့အတွက် အလွယ်လေးပင်။

ထူရို့ရှုနှင့် ကျွမ်းချင်းယွမ်သည် ကောင်းကင်လမ်းစဥ်အကြောင်း မသိကြသည့်အတွက် ရထားသမျှ သတင်းအချက်အလက်များမှ တစ်ဆင့် တာအိုနတ်ဆိုး၏ အမွေအနှစ်ကို ရှာဖွေဖို့ ကြိုးစားချင်ကြသည်။

သို့သော် ချီယွမ် စိတ်ဝင်စားသည်က.. တာအိုနတ်ဆိုး ဘယ်လိုကြောင့် ကောင်းကင်တာအို ချီစွမ်းအင်ကို ရခဲ့တာလဲပင်။

ကောင်းကင်တာအိုချီစွမ်းအင်သည်.. ကောင်းချီးကြောင့်ဖြစ်ပေါ်သော ချီစွမ်းအင်နှင့် ဖန်တီး၍ရလာသော ချီစွမ်းအင်ဟူ၍ နှစ်မျိုးရှိသည်။

နေ့စဥ်ရက်စက် လူသတ်ပြစ်မှူကျူးလွန်နေသော တာအိုနတ်ဆိုးက ကောင်းချီးကြောင့် ဖြစ်ပေါ်သော ကောင်းကင်တာအိုချီစွမ်းအင်ကို ရရှိဖို့ အခွင့်အရေး မရှိပါချေ။ ထို့ကြောင့် နတ်အသွင်ပြောင်းခြင်း နယ်ပယ်ကို အဆင့်တက်ချိန်တွင် ထိုသူရရှိခဲ့တဲ့ ကောင်းကင်တာအိုချီစွမ်းအင်က ဖန်တီး၍ရလာသော စွမ်းအင်ဖြစ်နိုင်သည်။

ဖန်တီး၍ရနိုင်သော ကောင်းကင်တာအို ချီစွမ်းအင်သည် ဆန်းကြယ်ကာ ခန့်မှန်း၍ မရနိုင်သော်ငြား ခြေရာမရှိတာတော့ မဟုတ်ပေ။

တစ်စုံတစ်ခုသည် အလွန်အမင်း အဆင့်မြင့်ကာ အင်အားကြီးလျှင် ဖန်တီး၍ရနိုင်သော ကောင်းကင်တာအိုချီစွမ်းအင် ပါဝင်နိုင်သည်။ တာအိုနတ်ဆိုးက အနည်းဆုံးတော့ အလွန့်အလွန် အဖိုးတန်သော မိုးမြေရတနာတစ်ခုကို ပိုင်ဆိုင်ရပေမည်။

သို့သော် ချီယွမ် သံသယဝင်နေဆဲ ဖြစ်သောကြောင့် တွန့်ဆုတ်စွာမေးလိုက်သည်။

“ တာအိုသားတော်ထူနဲ့ တာအိုသားတော်ကျွမ်းမှာ သန့်စင်နယ်​မြေ နှစ်ခုရဲ့ အထောက်အပံ့ရှိနေမှတော့ ကျွန်တော့်ကို အကူအညီတောင်းဖို့ မလိုပါဘူး။ ဟုတ်တယ်မလား”

“ အလွတ်တမ်းကျင့်ကြံသူတစ်ယောက် နေထိုင်ခဲ့ဖူးတဲ့ လှိုဏ်ဂူလေးပဲ။ အကြီးအကဲတစ်ချို့ ခေါ်သွားပြီး ပြောင်းပြန်လှန်ပစ်လိုက်လို့တောင် ရတာကို..။ ပြောရရင် ဂုဏ်သိက္ခာရှိတာအိုသားတော်တွေ ဝင်ပါစရာကို မလိုတာမလား”

ထူရို့ရှု သက်ပြင်းချကာ ခေါင်းရမ်းလိုက်သည်။

“အမှန်တိုင်းပြောရရင် ကျွန်တော်အစက တည်နေရာကိုအကြမ်းဖျင်းပဲ မှန်းနိုင်ခဲ့တယ်။ ဒါကြောင့် မတူတဲ့ ဂိုဏ်းတွေရဲ့ အကြီးအကဲတွေကို အကူအညီတောင်းပြီး သေချာရှာဖွေခိုင်းခဲ့တယ်”

“အကြီးအကဲတွေ အများကြီး လပေါင်းများစွာ ရှာဖွေပြီးတော့မှသာ တည်နေရာ အတိအကျကို သိနိုင်ခဲ့တာ”

“တာအိုနတ်ဆိုးက သူလုပ်ခဲ့တဲ့ မကောင်းတဲ့ လုပ်ရပ်တွေအများကြီးကို နားလည်ပြီးသား…။ ရန်သူတွေအများကြီး ရှိနေမှာသိလို့ သူ့ရဲ့လှိုဏ်ဂူကို ဒီကမ္ဘာရဲ့အလွန်က အဆုံးမဲ့တဲ့ လေဟာနယ်ထဲမှာ ထားခဲ့တယ်”

ချီယွမ် နားလည်စွာ ခေါင်းညိတ်လိုက်သည်။ တစ်ချို့အင်အားကြီး ကျင့်ကြံသူများ၏ စရိုက်က တစ်ကယ်ပဲထူးခြားပြီး သူတို့၏ နေထိုင်ရာနေရာကို ကောင်းကင်ဘုံက လက်မလှမ်းနိုင်သော နေရာမျိုးမှာ ထားတတ်ကာ သီးသန့်နေထိုင်တတ်ကြသည်။

တာအိုနတ်ဆိုးက ဒီလောက်မရေမတွက်နိုင်တဲ့ ဂိုဏ်းတွေကိုရှင်းလင်းရင်း လူတွေအများကြီး သတ်ထားမှတော့ ရန်သူတွေအများကြီး ရှိမှာပင်။ ထို့အပြင် သန့်စင်နယ်မြေကြီး ခုနှစ်ခုကလည်း အသည်းအသန်းလိုက်ဖမ်းနေသည့်အတွက် အဆုံးမဲ့လေဟာနယ်အတွင်း မပုန်းအောင်းနေလျှင် အိပ်ပျော်အောင်တောင် အိပ်နိုင်ပါ့မလား…

ထူရို့ရှုက ဆက်ပြောလာသည်။

“ နှစ်တွေအများကြီး ပစ်ထားခဲ့တော့ အဲ့ဒီနေရာကို လေဟာနယ်ရဲ့ မုန်တိုင်းတွေက ဝါးမြိုထားပြီးပြီ။ နေရာခြားကမ္ဗည်းတိုင်တွေလည်း တော်တော် ထိခိုက်ထားတော့ ကျင့်ကြံဆင့်မြင့်တဲ့ ကျင့်ကြံသူတွေ ဝင်ရောက်တာကို မခံနိုင်တော့ဘူး။ ဇွတ်ဝင်လိုက်ရင် နေရာတစ်ခုလုံး ပြိုကျပြီး ရှင်းခံရလိမ့်မယ်”

“တွက်ချက်မှုအရ ဝိညာဥ်အခြေတည်နယ်ပယ် ကျင့်ကြံသူ သုံးယောက်ပဲ ဝင်ဖို့ဒဏ်ခံနိုင်တော့မှာတဲ့”

“ ဒါကြောင့် ထာဝရရှင်သန်ခြင်း သန့်စင်နယ်မြေက ဝိညာဥ်အခြေတည်နယ်ပယ် ကျင့်ကြံသူသုံးယောက် လွှတ်ခဲ့သေးတယ်။ နေ့တစ်ဝက်အတွင်းမှာ သူတို့ရဲ့ ဝိညာဥ်မီးအိမ် ငြိမ်းသွားပြီး ဘာသတင်းမှ မကြားရတော့ဘူး”

ထူရို့ရှု အလွန်စိတ်ပျက်ကာ ငြိုးကျသွားလေသည်..

“ဒါကြောင့် ထာဝရရှင်သန်ခြင်း သန့်စင်နယ်မြေက နောက်ထပ် ရှင်သန်နိုင်စွမ်း မြင့်တဲ့ ဝိညာဥ်အခြေတည်နယ်ပယ် တပည့်သုံးယောက် လွှတ်ခဲ့သေးတယ်.. သူတို့လည်းပဲ..”

ချီယွမ် ပင့်သက်ရှိုက်မိလိုက်သည်။

(ဘာလား.. အဲ့ဒီနေရာက နဂါးဂူလား.. ဒါမှမဟုတ် ကျားဂူမလို့လား)

(ဒီလောက်ဆိုးဝါးနေတာကို ငါ့ကိုလာမေးသေးတယ်လား.. မင်းတို့ငါ့ကို ကြည့်မရနေတာလားဟင်)

“လက်ရွေးစင်တပည့်သုံးယောက် ထပ်ပျောက်သွားပြီးနောက်မှာ ဂိုဏ်းခေါင်းဆောင်က အဲ့နေရာထဲကို တပည့်တွေထပ်သွားပြီး အသေခံတာကို တားမြစ်လိုက်တော့တယ်”

ထူရို့ရှု၏ မျက်နှာထားက တစ်ဖြည်းဖြည်း တည်ငြိမ်လာသည်။

“ဂိုဏ်းခေါင်းဆောင်ရဲ့ ဆုံးဖြတ်ချက်ကို နားလည်ပါတယ်..ကျွန်တော့်ရဲ့ ယူဆချက် တစ်ခုကြောင့်နဲ့ တပည့်တွေ သေနေရတာကို ကျွန်တော်လဲ ဘေးကမြင်နေရတယ်”

“ ဒါကြောင့် ကျွန်တော် နှစ်တွေအများကြီး အားနှစ်ပြီးကြိုးစားခဲ့တယ်။ အဆုံးမှာ အထဲဝင်မဲ့လူသုံးယောက်အတွက် အသက်အာမခံပေးနိုင်တဲ့ အန္တာရယ်ခုခံ ပြင်ဆင်မှုကို တီထွင်နိုင်ခဲ့တယ်”

“ ဒါပေမဲ့ ဆရာ့ရဲ့အမိန့်ကြောင့် ထာဝရရှင်သန်ခြင်း သန့်စင်နယ်​မြေရဲ့ တပည့်တွေကို ထပ်စေလွှတ်လို့မရတော့ဘူး။ ကံကောင်းလို့ တာအိုသားတော်ကျွမ်းက ကျွန်တော်နဲ့ အတူသွားမယ်လို့ ကတိပေးခဲ့တယ်”

ကျွမ်းချင်းယွမ် ဂုဏ်ယူစွာပြုံးလိုက်ရင်း ပျော်ရွှင်မှုအပြည့်နှင့် ပြောလိုက်သည်။

“ အကိုထူက ဗျူဟာချတဲ့နေရာမှာ ဆရာကြီးပဲ။ ဒါကြောင့်လူတွေကသူ့ကို ဉာဏ်ကောင်းတဲ့ကြယ်ပွင့်လို့တောင် တင်စားကြတာပဲ။ အကြီးမားဆုံး အခက်အခဲကို ရင်ဆိုင်ရရင်တောင်မှ အကိုထူက အလွယ်လေးရှင်းသွားလိမ့်မယ်”

“ ကျွန်တော်တို့ ကျင့်ကြံသူတွေဆိုတာ ဘဝမြစ်ကိုလှော်တက်နေရတဲ့ လှေငယ်လေးတွေပါပဲဗျာ..။ တာအိုသားတော် တစ်ယောက်ဖြစ်တဲ့ ကျွန်တော်က သူများမလုပ်ရဲတဲ့အရာကို အရှေ့က လုပ်ပြရမှာပေါ့။ အန္တာရယ်များတယ်ဆိုတဲ့ စကား လောက်နဲ့ နောက်ဆုတ်လို့ ဘယ်ဖြစ်မှာလဲ ဟုတ်တယ်မလား”

“ ကောင်းကင်ဘုံက အခွင့်အရေး ချပေးတာကို မယူမိရင် နောက်မှ နောင်တရလိမ့်မယ်တဲ့”

“ ကျွန်တော်အခု ဝိညာဥ်အခြေတည်နယ်ပယ်ကို အဆင့်တက်နိုင်တော့မှာ။ အကိုထူရဲ့ သတင်းက ကောင်းကင်ဘုံက ကောင်းချီးပဲ။ ကျွန်တော်သာ မယူလိုက်မိရင် တစ်ဘဝလုံး နောင်တရနေရလိမ့်မယ်”

ချီယွမ် မျက်ခုံးလှုတ်လာတော့သည်။

(ဘယ်လိုငရဲလဲ.. ဉာဏ်ကောင်းတဲ့ ကြယ်ပွင့်တဲ့..)

( ဒီနှစ်ကောင် ဉာဏ်သုံးပြီး ကျိထျန်ဖန်ကို အပြစ်ပုံချဖို့မလုပ်ရင်တောင်မှ ငါ ယုံရင်ယုံမိအုံးမယ်)

( ငါသာ တုံးအပြီး ပျော်ပျော်ရွှင်ရွှင်ကြီး လိုက်ချသွားလို့ကတော့ အသက်ကိုးသက်ရှိရင်တောင် ဒီနှစ်ကောင်ပေးမဲ့ ဒုက္ခကနေ ရှင်သန်နိုင်မှာ မဟုတ်ဘူး)

(အကောင်းဆုံးမိုးမြေရတနာက စွဲမက်ဖို့တော့ ကောင်းပါတယ်..ဒါပေမဲ့ အဲ့ဒါက သောက်ကျိုးနည်း အသက်ရှင်နေအုံးမှလေကွာ)

(မင်းတို့ရဲ့ ဒီဖေဖေမှာ ငတုံးစနစ်ရှိတယ်။ ကံကောင်းပြီးသားမလို့ အသက်စွန့်စရာ မလိုဘူး)

ထူရို့ရှုက ခပ်ဖွဖွ ပြုံးလိုက်ရင်း စိတ်အားထက်သန်စွာ ပြောလိုက်သည်။

“တာအိုသားတော်ချီက ဝိညာဥ်အခြေတည် နယ်ပယ်မှာ နတ်အသွင်ပြောင်ခြင်းနယ်ပယ် အစောပိုင်းအဆင့်ရှိတဲ့ ကျိထျန်ဖန်ကို အနိုင်ယူနိုင်ခဲ့တယ်။ ဒီလောက်ထူးချွန်တဲ့ အရည်အချင်းရှိမှတော့ သေချာပေါက် ကျွန်တော်တို့နဲ့ အတူသွားဖို့ ထိုက်တန်တာပေါ့ဗျာ”

“ကျွန်တော်တို့ အတူတူရှာတွေ့ခဲ့ရင် သေချာပေါက် အကုန်ခွဲကြမှာပါ.. တာအိုသားတော်ချီ ဘယ်လိုသဘောရလဲ”

ပြောပြီးသည်နှင့် ထူရို့ရှုသည် ချီယွမ်က သေချာပေါက်သဘောတူမည့်နှယ် မျော်လင့်တကြီး ကြည့်လာခဲ့သည်။

သို့သော် မထင်ထားစွာပင် ထို​သူက တုံ့ဆိုင်းမှုမရှိ ခေါင်းရမ်းကာ ငြင်းဆိုလိုက်လေရဲ့…

“ စိတ်မကောင်းပါဘူး။ ကျွန်တော်စိတ်မဝင်စားဘူး။ နှုတ်ဆက်ပါတယ်”

ထိုသို့ဖြင့် ချီယွမ် နောက်လှည့်မကြည့်စတမ်း ထွက်သွားလိုက်သည်။

“တာအိုသားတော်ချီ…”

ကျွမ်းချင်းယွမ် ရှေ့တစ်လှမ်းတိုးဖို့ ပြင်လိုက်ချိန်မှာပဲ ထူရို့ရှုက တားမြစ်လိုက်သည်။

ကျွမ်းချင်းယွမ် ရှုတ်ထွေးသွားလေတော့သည်။

“အကိုထူ၊ သူ သဘောမတူရင်တောင်မှ ဒီကိစ္စကို လျှို့ဝှက်ထားဖို့ ပြောရအုံးမယ်မလား။ ဘာလို့သူ့ကို ဒီတိုင်းသွားခွင့် ပေးလိုက်ရတာလဲ”

ထူရို့ရှု ခပ်ဖွဖွပြုံးရင်း အဓိပ္ပါယ်ပါပါ ပြောလိုက်လေ၏။

“စိတ်မပူနဲ့။ သူစိတ်ပြောင်းသွားလိမ့်မယ်”

“ဟမ်”

ကျွမ်းချင်းယွမ် အံံ့သြသွားလေကာ..

“ဒီလောက် ငြင်းသွားတာကို ဘယ်လိုလုပ် စိတ်ပြောင်းမှာလဲ”

ထူရို့ရှု တည်ငြိမ်စွာ ရှင်းပြလိုက်သည်။

“ တာအိုသားတော်ချီနဲ့ အကိုတို့ကြားက ဆက်ဆံရေးက မရင်းနီးသေးဘူးလေ။ သေချာပေါက် သူပြောတာမှန်သမျှ အကိုတို့ မယုံသလို အကိုတို့ပြောတာလဲ သူယုံမှာမဟုတ်ဘူး။ သူ့ဘာသာ အတည်ပြု ပါစေအုံး”

“ တာအိုနတ်ဆိုးရဲ့ ကြောက်ဖို့ကောင်းတဲ့အစွမ်းကို နားလည်သွားတာနဲ့ အနန္တနတ်မိုးကြိုးကို တောင့်တလာပြီး အကိုတို့နဲ့ပူးပေါင်းလိမ့်မယ်”

“အကိုတို့ဘက်က စိတ်ရှည်ရှည်စောင့်နေဖို့ပဲ လိုတာပါ”

“အော်..သိပြီ”

ကျွမ်းချင်းယွမ် ချက်ချင်းသဘောပေါက်သွားပြီး လေးစားစွာ ပြောလိုက်တော့သည်။

“ အကိုထူက အကုန်လုံးကို တွက်ချက်ပြီးပြီပဲ။ တစ်ကယ်ကို အမြင်ကောင်းလွန်းပါတယ်”

စာစဉ်ပြီး၏

All Chapters