လွတ်မြောက်သွားခြင်း
Vol. 40 Ch. 500
မမျှော်လင့်ထားသော အခြေအနေဆိုးနှင့် ရင်ဆိုင်လိုက်ရသော်လည်း ရှောင်ဘင်းသည် တုန်လှုပ် ခြောက်ခြားသွားခြင်း မရှိပေ။
စိတ်ကို တည်ငြိမ်စွာထားပြီး တစ်စက္ကန့်မျှပင် မဆိုင်းမတွဘဲ ဒုတိယမြှားအား ထပ်မံပစ်လွှတ်လိုက်သည်။သူ ကိုင်ဆောင်ထားသော လေးသည် သာမန် လေးမဟုတ်ဘဲ တစ်ပြိုင်နက်တည်း မြှားနှစ်စင်း တပ်ဆင်ထားနိုင်ကာ နှစ်ကြိမ်ဆက်တိုက် ပစ်ခတ်နိုင် သော ထူးခြားသည့် လက်နက်ပင် ဖြစ်၏။
"ဝှစ်.."
လေတိုးသံနှင့်အတူ ဒုတိယမြှားသည် လျူယောင်၏ ရင်ဘတ်တည့်တည့်သို့ ပစ်မှတ်ထားကာ ပျံသန်းသွားပေသည်။မြှား၏ အရှိန်မှာ မြန်ဆန်လွန်းလှသဖြင့် လေထဲတွင် အရိပ်ကိုပင် မမြင်ရသလောက်ပင်။
ထိုမြှားကို ပစ်လွှတ်ပြီးနောက် ရှောင်ဘင်းသည် မိမိ ကိုယ်ကို လုံခြုံသွားပြီဟု ယုံကြည်လိုက်သည်။လျူ ယောင်အနေဖြင့် ထိုမျှမြန်ဆန်သော မြှားအား ရှောင် တိမ်းနိုင်မည် မဟုတ်သလို သူ့ကိုလည်း လိုက်လံဖမ်းဆီးနိုင်တော့မည် မဟုတ်ဟု တွေးမိလိုက်၏။
သူသည် ဆိုင်ကယ်ကို အရှိန်အကုန်တင်လိုက်ရာ အ င်ဂျင်သံမှာ ဆူညံစွာ မြည်ဟည်းသွားပြီး ထွက်ခွာရန် အသင့်ဖြစ်သည်။သို့ပေမဲ့ ထိုခဏ၌ ရှောင်ဘင်း တစ်ယောက် ဆွံ့အမှင်သက်သွားရ၏။သူ၏ နှလုံးသားထဲတွင် မြင်းအကောင်ရေသောင်းနှင့်ချီ ပြေးလွှားနေသကဲ့သို့ တုန်လှုပ်သွားပြီး စိတ်ထဲမှ ထိန်လန့်တကြား ရေရွတ်လိုက်မိလိုက်သည်။
"ဘာ ဒါ..ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ.."
"အမာတေရာစု..နတ်မင်းကြီး ဒီလူတွေက ဘယ်သူတွေလဲဟ.."
လျူယောင်၏ ဘေးနားတွင်ရှိသော လူငယ်တစ်ယောက်က ဒုတိယမြှားအား လက်ဖြင့် ဖမ်းယူလိုက်သည်ကို အတိုင်းသား ရှောင်ဘင်း မြင်လိုက်ရပေသည် ။မိမိမျက်လုံးနှင့် တပ်အပ်မမြင်ခဲ့ရလျှင် သေအောင် ပြောလျှင်ပင် သူ ယုံကြည်မည်မဟုတ်ပေ။
မီတာ ၃၀ အောက် အကွာအဝေးတွင် ရှိနေပြီး မျက်စိတစ်မှိတ်အတွင်း ရောက်ရှိလာသော မြှားတစ်စင်းအား သာမန်လူတစ်ယောက်အနေဖြင့် တုံ့ပြန်ရန် အချိန်ပင် မရနိုင်ပေ။
တကယ်တမ်း ဖြစ်ပျက်သွားသည်မှာ ပထမမြှားကို လျူယောင်ကိုယ်တိုင် ဖမ်းလိုက်ပြီး ဒုတိယမြှားကိုမူ လျူယောင်၏ အနီးဆုံးတွင်ရှိသော ချန်းဟူက လျင်မြန်သော တုံ့ပြန်မှုဖြင့် ဖမ်းယူလိုက်ခြင်းဖြစ်၏။
ဤအဖြစ်အပျက်မှာ ရုပ်ရှင်များထဲတွင်သာ တွေ့ရတတ်သည့် အရာမျိုးဖြစ်သော်လည်း ယခုအခါ သူ၏ ရှေ့မှောက်တွင် လက်တွေ့ဖြစ်ပျက်နေပေသည်။ သေမင်းမှာမူ သူ၏ မစ်ရှင် လုံးဝပျက်စီးသွားပြီဖြစ်ကြောင်းနှင့် သူ၏ လူသတ်သမားဘဝတွင် ပထမဆုံးအကြိမ် ပစ်မှတ်လွဲချော်ခြင်း ဖြစ်သည်အား ကောင်းကောင်းသဘောပေါက်သွား၏။
"ဝူး..ဝူး.."
သူသည် ဆိုင်ကယ်ကို အရှိန်အကုန်မြှင့်လိုက်ရာ ဆိုင်ကယ်သည် အရှိန်အပြည့်ဖြင့် မြှားတစ်စင်းကဲ့သို့ ရှေ့သို့ ပြေးထွက်သွား၏။ထိုအချိန်တွင် ကျိန့်ကန်းက စကားပြောစက်ဖြင့် အသံကုန်အော်ဟစ်ကာ အမိန့်ပေးလိုက်သည်။
"ပစ်မှတ်ပေါ်လာပြီ..အနက်ရောင် ဟာလေဆိုင်ကယ် နဲ့ အနောက်ကနေ အရှေ့ကို ထွက်ပြေးနေတယ်.."
ဝံပုလွေကြေးစားအဖွဲ့ဝင်များသည် ချက်ချင်းပင် တုံ့ ပြန်လိုက်ကြ၏။ဆိုင်ကယ်နှစ်စီးက ရှေ့ဆုံးမှ အရင် လိုက်သွားပြီးနောက် အော့ဖ်ရုတ်ကားတစ်စီးမှာမူ နောက်မှ ထပ်ကြပ်မကွာ လိုက်ပါသွားသည်။
ထို့အပြင် မောင်းသူမဲ့ဒရုန်းတစ်စင်းသည်လည်း ကောင်းကင်ပေါ်သို့ ချက်ချင်း ပျံတက်သွားပြီး ထွက်ပြေးနေသော ရှောင်ဘင်း၏ ခေါင်းပေါ်တွင် အဆက်မပြတ် စောင့်ကြည့်လိုက်ပါ၏။
"ဟေး..ဟိုရှေ့က ဟာလေဆိုင်ကယ်ကတော့ အရူး လိုပဲ..အသက်လုပြီး မောင်းနေတာကွာ.."
"ဒီလူက နကျယ်အိမ်ကို သွားဆွမိတာ ဖြစ်ရမယ်.. လူတွေအများကြီး လိုက်နေတာပဲ..ခေါင်းပေါ်မှာလည်း ဒရုန်းတစ်စင်းရှိသေးတယ်.."
လမ်းဘေးမှာရှိသော လူများက အံ့အားသင့်စွာ ကြည့်နေကြစဉ်မှာပင် ဝံပုလွေကြေးစားအဖွဲ့ မောင်းနှင်သည့် ဆိုင်ကယ်နှစ်စီး၊အော့ဖ်ရုတ်ကားနှင့် ၎င်းတို့ နောက်တွင် ရဲကားများမှာ အရှိန်ပြင်းစွာ လိုက်ပါလာကြသည်။
ဤလုပ်သတ်သမားသည် ယူနီဗာဆယ်လုပ်ငန်းစုကြီး၏ သူဋေး လျူယောင်ကို ပစ်မှတ်ထားခြင်း ဖြစ်သဖြင့် ရဲတပ်ဖွဲ့ကလည်း အစွမ်းကုန် ပူးပေါင်းဆောင်ရွက်ကာ ပိုက်ကွန်ချထားခဲ့ခြင်း ဖြစ်၏။
ရှောင်ဘင်းသည် သူ ကြိုတင်စီစဉ်ထားသည့် လမ်းကြောင်းအတိုင်း ရူးသွပ်စွာ ထွက်ပြေးနေသည်။
သူ ဆိုင်ကယ်ကို ရွေးချယ်ခဲ့သည့် အားသာချက်မှာ ယခုမှ ပေါ်လွင်လာသည်။ဟွာဟိုင်းမြို့ကဲ့သို့သော မြို့ကြီးတွင် ယာဉ်ကြောပိတ်ဆို့မှုက အမြဲရှိနေတတ် ၏။အလုပ်ဆင်းချိန် မရောက်သေးသဖြင့် ကားများ မှာ လမ်းပေါ်တွင် တရွေ့ရွေ့ သွားနိုင်သော်လည်း ရှောင်ဘင်း၏ ဟာလေဆိုင်ကယ်မှာမူ ကားများကြားမှ ဘယ်ညာ ကွေ့ဝိုက်၍ လျင်မြန်စွာ ဖြတ်ကျော် သွားနိုင်သဖြင့် အဟန့်အတား မရှိသလောက်ပင် ဖြစ်နေသည်။
သူ့ကို အမှီလိုက်နိုင်သည်မှာ ဝံပုလွေကြေးစား အဖွဲ့ ဝင်များမောင်းနှင်လာသော ဆိုင်ကယ်နှစ်စီးသာ ကျန်တော့ပြီး ကျန်သည့် အော့ဖ်ရုတ်ကားများနှင့်ရဲကား များမှာမူ ယာဉ်ကြောပိတ်ဆို့မှုကြောင့် နောက်တွင် ကျန်ရစ်ခဲ့သည်။
ထိုအချိန်တွင် လမ်းဆုံတစ်ခု၌ ကားတစ်စီးက ရှောင်ဘင်း၏ ဆိုင်ကယ်အား တမင်တိုက်ရန် အရှိန်ပြင်းစွာ ဝင်ရောက်လာ၏။
ရှောင်ဘင်းကလည်း ထိပ်တန်းလူသတ်သမား တစ်ဦးဖြစ်သည့်အလျောက် သူ၏ ဆိုင်ကယ်အမောင်း စွမ်းရည်မှာ အရမ်းကောင်းလှသည်။သူသည် စျေးကြီးသော ဆိုင်ကယ်ကို ကျွမ်းကျင်စွာ ထိန်းကျောင်းပြီး ကားတိုက်ခံရမည့် ဘေးမှ သီသီလေး ရှောင်တိမ်းလိုက်နိုင်၏။
"ဒိန်း.."
သူ့ကို တိုက်ရန်ကြိုးစားသော ကားမှာမူ ဆိုင်ကယ်ကို မတိုက်မိဘဲ မီးစိမ်း၍ သွားနေသော ဘတ်စ်ကား တစ်စီးအား ကျယ်လောင်စွာ ဝင်တိုက်မိသွားတော့သည်။
ဘတ်စ်ကားမှာမူ အကြီးအကျယ် ပိန်ချိုင့်သွားပြီး ကားရှေ့ခြမ်းမှာလည်း ကြေမွသွား၏။
လမ်းဆုံတစ်ခုလုံးတွင် ဟွန်းတီးသံများ၊ဘရိတ်အုပ်သံများနှင့် အော်ဟစ်သံများဖြင့် ရှုပ်ထွေးသွားရသည်။ရှောင်ဘင်းသည်လည်း ထိုရှုပ်ထွေးမှုကို အခွင့်ကောင်းယူ၍ အရှိန်အပြည့်ဖြင့် ထွက်ပြေးလာရာ မကြာခင်မှာပင် နောက်မှလိုက်လာသော ဝံပုလွေကြေး စားအဖွဲ့၏ မြင်ကွင်းမှ ပျောက်ကွယ်လုနီးပါး ဖြစ်သွား၏။
ရှောင်ဘင်းသည် လမ်းတလျှောက်တွင်လည်း သူ့ကို လိုက်နေသူများ ပိတ်မိစေရန် ယာဉ်တိုက်မှုများ ဖြစ်အောင် တမင်ဖန်တီးသွားသေးသည်။
ထို့နောက် သူ၏ ခေါင်းပေါ်တွင် ဝဲပျံနေသော မောင်းသူမဲ့ဒရုန်းအား ရှောင်ဘင်း သတိပြုမိသွားသည်။ ရဲအရာရှိ၏ ပေါ့ဆမှုကြောင့်လားမသိ ထိုဒရုန်းမှာ သူနှင့် မီတာ ၂၀ ခန့်အမြင့်သို့ နီးကပ်စွာ နိမ့်ဆင်းလာ၏။
ရှောင်ဘင်းသည် လက်တစ်ဖက်ဖြင့် ဆိုင်ကယ်အား ထိန်းမောင်းရင်း ကျန်လက်တစ်ဖက်ဖြင့် လေးကို ထုတ်ကာ ဒရုန်းကို ချိန်ရွယ်ပြီး မြှားတစ်စင်း ပစ်လွှတ် လိုက်သည်။မြှားသည် လေထဲတွင်ရှိသော ဒရုန်းအား တိတိကျကျ ထိမှန်သွားကာ ဒရုန်းမှာမူ ယိုင်နဲ့စွာ ဖြင့် မြေပေါ်သို့ ကျသွားပြီး လမ်းပေါ်ရှိ ကားတစ်စီး အောက်သို့ ရောက်သွားခဲ့သည်။
အတားအဆီးများကို ရှင်းလင်းပြီးနောက် ရှောင်ဘင်းသည် ဆိုင်ကယ်အား ပို၍ အရှိန်မြှင့်လိုက်သော်လ ည်း နောက်မှ လိုက်လာသည့် ဆိုင်ကယ်နှစ်စီးကမူ သူ့အား အရိပ်တကြည့်ကြည့်ဖြင့် ထပ်ကြပ်မကွာ လိုက်နေဆဲပင်။
သူသည် ယခင်က ပရော်ဖက်ရှင်နယ် ဆိုင်ကယ်မောင်းသမားဟောင်း တစ်ဦးဖြစ်ပြီး နိုင်ငံတကာပြိုင်ပွဲ များတွင် ဆုရဖူးသူ ဖြစ်သော်လည်း ဆယ်ကီလိုမီတာကျော်အထိ မောင်းနှင့်လာသည့် ထိုလူနှစ်ယောက် ကိုမူ အပြတ်မဖြတ်နိုင်ဘဲ ဖြစ်နေသည်။
နောက်ဆုံးတွင် ဆိပ်ကမ်းကို လှမ်းမြင်လိုက်ရသဖြင့် သူ၏ စိတ်ထဲ၌ အနည်းငယ် ပေါ့သွားသည်။
ရှောင်ဘင်းသည် အရှိန်မလျှော့ဘဲ ဆိုင်ကယ်ကို ဆက်လက် မောင်းနှင်၍ ဆိပ်ကမ်းအစွန်းသို့ ရောက် သောအခါ ဆိုင်ကယ်ပေါ်မှ စတန့်သမားတစ်ဦးကဲ့ သို့ လေထဲသို့ ခုန်ပျံကာ ရေထဲသို့ ဆင်းလိုက်သည်။
ထို့နောက် အသင့်စောင့်နေသော အမြန်လှေပေါ်သို့ ချက်ချင်းတက်ကာ အင်ဂျင်ကို အရှိန်ကုန်တင်ပြီး မောင်းထွက်လာခဲ့၏။
ရှောင်ဘင်း ဆိပ်ကမ်းပေါ်သို့ လှမ်းကြည့်လိုက်သော အခါ ဆိုင်ကယ်နှစ်စီးမှာမူ သူကို လိုက်မီလုနီးပါး အထိ ရောက်ရှိလာသည်ကို မြင်လိုက်ရသဖြင့် အလွန်အမင်း ထိတ်လန့်သွားရသည်။
"အမာတရာစု နတ်မင်းကြီး.. ဒီလူတွေက ဘယ်သူ တွေလဲ.. ငါ့ကို တကယ်ပဲ အမှီလိုက်နိုင်လုနီးပါးပဲ”
အမြန်လှေသည် ရေပြင်ပေါ်တွင် လှိုင်းများ ထသွား စေလျက် အရှိန်ပြင်းစွာဖြင့် ပျောက်ကွယ်သွားပေသည်။ရှောင်ဘင်းသည် ယခုမှပင် သက်ပြင်းချနိုင်သော်လည်း ဆိပ်ကမ်းပေါ်တွင် ကျန်ရစ်ခဲ့သော ထို လူနှစ်ယောက်ကိုမူ ကြောက်ရွံ့စွာဖြင့် လှမ်းကြည့် နေမိသည်။
ဆိပ်ကမ်းပေါ်ရှိ ထိုလူနှစ်ယောက်မှာ ဝံပုလွေကြေးစား အဖွဲ့ဝင်များဖြစ်ကြ၏။
သူတို့သည် ထွက်ခွာသွားသော မော်တော်ဘုတ်ကို ကြည့်ပြီး မလိုက်နိုင်တော့သည့်အတွက် စိတ်ပျက် ကာ သက်ပြင်းချလိုက်ကြသည်။သေမင်းဟု ခေါ်သော ဤလူသတ်သမားသည် ဆိုင်ကယ်မောင်းနှင်မှုတွင် ဤမျှလောက် ကျွမ်းကျင်လိမ့်မည်ဟု သူတို့ ထင်မထားခဲ့ကြပေ။
အမှန်တကယ်တော့ ဤအထူးကြေးစားနှစ်ယောက် စလုံးသည် မျိုးရိုးဗီဇပြောင်းဆေးကို သောက်သုံးထားကြသူများဖြစ်၍ သူတို့၏ ခွန်အားနှင့် ဖျတ်လတ် မှုမှာ သာမန်လူများထက် အဆပေါင်းများစွာ သာလွန်ကာ ရှောင်ဘင်းထက်လည်း သေချာပေါက် ပိုသန်မာကြသည်။
သို့ပေမဲ့ နည်းပညာနှင့်ပတ်ဝန်းကျင် အခြေအနေများကြောင့် ပစ်မှတ်ကို လွတ်သွားရသည့်အတွက် နှစ်ယောက်စလုံးမှာ စိတ်မကောင်းဖြစ်နေရ၏။