← Chapters

အခန်း (၄၆၉)

Vol. 37 Ch. 469

အခန်း (၄၆၉)

Vol. 37 Ch. 469

“ခန်းမအရှင်သခင်ထန်ရော?”

ကနဦးတွင် အံ့ဩနေပြီးနောက်၌ နန်ပါးထျန်းသည် အစိုးရိမ်ဆုံးသော ပြဿနာကို ချက်ချင်း မေးလိုက်သည်။

“ငါ့ရဲ့ဗျူဟာမှူး ထန်ဇီယွဲ့ရော?”

နန်ပါးထျန်းမေးပြီးသည်နှင့် အပြင်ဘက်မှ ခြေသံများ ပဲ့တင်ထပ်လာသည်။

“ခေါင်းဆောင် ခေါင်းဆောင်~”

ခြေသံများကိုကြားရသည်တွင် နန်ပါးထျန်းသည် ထိတ်လန့်သွားပြီး လက်အောက်ငယ်သားများကို တံခါးဖွင့်ရန် အမြန် အချက်ပေးလိုက်သည်။ ထိုအခိုက်အတန့်၌ မောဟိုက်နေသည့် လက်အောက်ငယ်သားတစ်ဦးသည် နောက်ပြန်ပြေးလာပြီး ပြောသည်။

“ခေါင်းဆောင်၊ ခန်းမအရှင်သခင်ထန် ခန်းမအရှင်သခင်ထန်ကို ပြန်‌သယ်ခေါ်လာပါတယ်!”

“သူဘယ်မှာလဲ”

နန်ပါးထျန်း၏အမေးကို လက်အောက်ငယ်သားမှ ပြန်ဖြေသည်။

“ခန်းမအရှင်သခင်ထန်ကို နွားဆွဲလှည်းနဲ့ ပြန်ခေါ်လာတာပါ၊ အပြင်မှာပါ။ ခေါင်းဆောင် တစ်ချက်သွားကြည့်သင့်ပါတယ်”

“နွားဆွဲလှည်းလား? ငါသွားကြည့်လိုက်မယ်”

နန်ပါးထျန်းသည် ပြောလျက် အပြေးထကြည့်သည်။ ထို့နောက် ငါးဖမ်းကုန်သည်အဖွဲ့သား အပြင်အစောင့်များမှ ဆွဲလာသည့် နွားဆွဲလှည်းကို မြင်လိုက်ရသည်။ လှည်းဘေးမှ လိုက်ပါလာသူမှာ ချန်ကျဲ့လက်အောက်ရှိ အရေးအပါဆုံးသော စစ်သူကြီးချန်ရှောင်ဟူဖြစ်သည်။

ရှောင်ဟူသည် နန်ပါးထျန်းကို လက်သီးယှက်အရိုအသေပြု နှုတ်ဆက်သည်။

“ငယ်သားချန်ရှောင်ဟူ ခေါင်းဆောင်ကို ဂါရဝပြုပါတယ်”

ထိုအခါ နန်ပါးထျန်းသည် လှည်းထက်တွင် လဲလျောင်းနေသည့် ထန်ဇီယွဲ့ကို ကြည့်လျက် ပြောသည်။

“ဘာ ဘာတွေဖြစ်ခဲ့တာလဲ”

ရှောင်ဟူမှ ချက်ချင်းပြန်ပြောသည်။

“ခေါင်းဆောင်ကို တင်ပြပါတယ်။ မနေ့ညက ကျွန်တော်တို့ တာဝန်ထမ်းဆောင်နေစဉ်မှာ လျိုလောင်ကွေ့တိုက်ခိုက်တာ ခံလိုက်ရပါတယ်။ ခန်းမအရှင်သခင်ထန်က ရဲရင့်စွာနဲ့ ရှေ့ကဦးဆောင်ပြီး လျိုလောင်ကွေ့နဲ့ တစ်ဦးတည်း တိုက်ခိုက်ခဲ့ပါတယ်။ ဒါပေမဲ့ အင််အားမမျှတော့ နောက်ဆုံးမှာ…”

“ဇီယွဲ့သေပြီ!!”

နန်ပါးထျန်းသည် ရုတ််ချည်း မျက်လုံးအပြူးသားဖြစ်သွားရာ ရှောင်ဟူမှ ပြောသည်။

“မဟုတ်ပါဘူး။ မသေပါဘူး”

“အမ်?”

ထိုအခါ နန်ပါးထျန်းသာမက အနီးဝန်းကျင်ရှိ လက်အောက်ငယ်သားများသည်လည်း ဘာများဖြစ်ခဲ့သနည်းဟု ဝိုင်းကြည့်လာကြသည်။

သူ့ရဲ့အသံအနေအထားနဲ့ စကားနှစ်ခွန်းက ကွယ်လွန််ကြောင်း ကြေညာနေသလိုပဲကို မသေသေးဘူးတဲ့လား? တရားနည်းလမ်းမကျလိုက်တာ။

ထိုအခါ နန်ပါးထျန်းသည် ရှောင်ဟူကို မျက်မှောင်ကြုတ်ကြည့်လိုက်သည်။ ရှောင်ဟူမှ ပြောသည်။

“အာ ရှင်းလင်းအောင် မပြောမိတဲ့ ကျွန်တော့်အမှားပါ။ ခန်းမအရှင်သခင်ထန် မသေပါဘူး။ သတိလစ်သွားရုံပါပဲ။ မကြာခင် နိုးလာလောက်မှာပါ”

“ခန်းမအရှင်သခင်ချန်က ခေါင်းဆောင် စိုးရိမ်နေမှာစိုးလို့ ကျွန်တော့်ကို စေလွှတ်လိုက်တာပါ”

ထိုအခါ နန်ပါးထျန်းသည် အံ့ဩသွားကာ ရှောင်ဟူကို ကြည့်လာ၏။

“ချန်ကျိုစစ်ဘယ်မှာလဲ? သူက ဘာလို့ ကိုယ်တိုင်မလာဘဲနဲ့ မင်းကို ကိုယ်စားစေလွှတ်လိုက်ရတာလဲ”

ရှောင်ဟူသည် ရုတ်ချည်း လက်သီးယှက်အရိုအသေပြုကာ ပြန်ဖြေသည်။

“ခေါင်းဆောင်ကို တင်ပြပါတယ်။ ခန်းမအရှင်သခင်ချန် ဒဏ်ရာအပြင်းအထန်ရထားကြောင့် ဒဏ်ရာကုသဖို့အတွက် ကျားဖြူခန်းမကို ပြန်သွားခဲ့ရပါတယ်။ အဲဒါကြောင့် ခေါင်းဆောင််ကို ကိုယ်တိုင်လာမတွေ့နိုင်ဘဲ ခေါင်းဆောင်ကို တင်ပြဖို့အတွက် ကျွန်တော့်ကို အထူးတလည် စေလွှတ်လိုက်တာပါ”

“ဟက် ဒဏ်ရာအပြင်းအထန်ရထားတယ်တဲ့လား? ဒါပေမဲ့ ငါကြားတာတော့ မင်းတို့ခန်းမအရှင်သခင်ချန်က မျန့်ရွှေမြို့ကို လျိုလောင်ကွေ့နဲ့ ရယ်ရယ်မောမောနဲ့ ဘေးချင်းယှဉ်လျှောက်ပြီး ပြန်လာခဲ့တာဆိုပဲ။ ဘယ်လိုလုပ်ပြီး မြို့ထဲဝင်ရင်း ဒဏ်ရာအပြင်းအထန်ရသွားရတာတုန်း?”

ရှောင်ဟူမှ အရိုအသေပြုလျက် ပြန်ဖြေသည်။

“ခေါင်းဆောင် ရန်သူက အလွန်အမင်း ကြောက်စရာကောင်းပါတယ်။ သူတို့က လက်နက်တွေမှာ အဆိပ်တွေတောင် သုတ်လိမ်းထားခဲ့တာပါ။ ခန်းမအရှင်သခင်ချန်က အပြန်လမ်းမှာ အဆိပ်မိသွားခဲ့တာပါ”

“ခေါင်းဆောင်ပြောတဲ့ လျိုလောင်ကွေ့နဲ့ ရယ်မောပြီး ဘေးချင်းယှဉ်လျှောက်ပြီး ပြန်လာတာကတော့ လျိုလောင်ကွေ့ကို စိတ်ရှုပ်ထွေးစေဖို့အတွက်သက်သက်ပါပဲ။ ခန်းမအရှင်သခင်ထန်ကို ဘေးကင်းကင်းနဲ့ ပြန်ခေါ်လာဖို့အတွက် အတော််လေး အားစိုက်ထုတ်ခဲ့ရတာပါ။ ခန်းမအရှင်သခင်ချန်သာ လျိုလောင်ကွေ့နဲ့ အဆင်ပြေအောင် မဆက်ဆံခဲ့ရင် ခန်းမအရှင်သခင်ထန််မှာ လျိုလောင်ကွေ့သတ််လို့ သေသွားခဲ့လောက်ပါပြီ”

“ကျွန်တော်တို့ခန်းမအရှင်သခင်ချန်က အကျိုးရဖို့အတွက် အဲဒီလိုလုပ်ခဲ့ရတာပါ။ ဘယ်သူကများ လျိုလောင်ကွေ့နဲ့ လူမြင်ကွင်းကြီးမှာ ရယ်မောပြောဆိုပြီး ကိုယ့်ရဲ့ကုန်သည်အဖွဲ့သားတွေနဲ့ ခေါင်းဆောင်က အထင်လွဲတာကို လိုလားမှာပါလဲ။ ခန်းမအရှင်သခင်ချန်က အထင်လွဲစွပ်စွဲခံရတာပါ။ ကျေးဇူးပြုပြီး ခေါင်းဆောင် နားလည်လှည့်ပါ”

ရှောင်ဟူသည် လွန်ခဲ့သည့်နှစ်ဝက်အတွင်း အများကြီး ပို၍ ပြောတတ်ဆိုတတ် ဖြစ်လာခဲ့သည်။

နန်ပါးထျန်းသည် ရှောင်ဟူ၏စကားများကို နားထောင်နေရင်း မျက်နှာအမူအရာသည် အနက်အဓိပ္ပာယ်ဖွင့်ဆိုမရနိုင်သော အမူအရာသို့ ပြောင်းလဲသွားခဲ့ကာ ပြောလာသည်။

“အို ဒါဆို ငါက မင်းတို့ခန်းမအရှင်သခင်ချန်ကို အထင်လွဲသွားမိတာပဲ”

“တကယ့်ကို အထင်လွဲမှားနေတာပါ”

ရှောင်ဟူမှ ပြောရာ နန်ပါးထျန်းမှ ဆက်ပြောသည်။

“ကောင်းပြီ၊ ဒီနေ့အဖြစ်အပျက်တွေကို ငါသိပါပြီ။ မင်းတို့ခန်းမအရှင်သခင်ချန်က တခြားမှာကြားလိုက်တာ ရှိသေးသလား”

ထိုအခါ ရှောင်ဟူမှ အရိုအသေပြုလျက် ပြောသည်။

“ခေါင်းဆောင်၊ ခန်းမအရှင်သခင်ချန်က ကျွန်တော့်ကို ခေါင်းဆောင်ဆီ စကားပါးခိုင်းလိုက်ပါတယ်”

“သူဘာပြောလိုက်သလဲ”

နန်ပါးထျန်းသည် ရှောင်ဟူထံမှ အကြည့်မလွှဲပေ။

“ခန်းမအရှင်သခင်ချန်က ပြောလိုက်ပါတယ်၊ သူက အမြဲတမ်း ငါးဖမ်းကုန်သည်အဖွဲ့ကို တခြားအတွေးမရှိဘဲ အကြွင်းမဲ့သစ္စာရှိခဲ့တာပါ။ ကျေးဇူးပြုပြီး ခေါင်းဆောင်စိတ်ချထားနိုင်ပါတယ်။ ဒါပေမဲ့ ငါးဖမ်းကုန််သည်အဖွဲ့က ချန်ကျိုစစ်ရဲ့တည်ရှိမှုကို သည်းမခံနိုင်ဘူးဆိုရင် ကျွန်တော်တို့ခန်းမအရှင်သခင်ချန်က တန်ပြန်မတိုက်ခိုက်ဘဲနဲ့ ဒီတိုင်းအညံ့ခံနေပေးမှာ မဟုတ်ပါဘူး”

“သူ့ရဲ့အဲဒီစကားက ဘာအဓိပ္ပာယ်လဲ”

နန်ပါးထျန်းမှ မျက်မှောင်ကြုတ်လျက် ဒေါသတကြီး ပြောသည်။

“သူက ဘာပြောချင်နေတာလဲ? ငါ့ကို သတိပေးနေတာလား?”

ရှောင်ဟူမှ ပြောသည်။

“မလုပ်ဝံ့ပါဘူး။ ကျွန်တော်တို့ခန်းမအရှင်သခင်ချန်က ပြောလိုက်ပါတယ်။ ခန်းမအရှင််သခင်ထန် နိုးလာတာနဲ့ ခေါင်းဆောင် နားလည်သွားပါလိမ့်မယ်တဲ့။ ကျန်တာကိုတော့ သူ့အနေနဲ့ ဘာမှ ထပ်မပြောလိုတော့ပါဘူး။ စီရင်စုအုပ်ချုပ်ရေးမှူးကို သူ သေချာရှင်းပြပေးထားပါမယ်တဲ့”

“ဘာ? သူက စီရင်စုအုပ်ချုပ်ရေးမှူးဆီ သွားလိုက်တယ်လား”

နန်ပါးထျန်း မျက်မှောင်ကြုတ်လိုက်သည်။ ရှောင်ဟူမှ ပြောသည်။

“ခေါင်းဆောင်ကို တင်ပြပါတယ်။ ခန်းမအရှင်သခင်ချန်က ပြောပါတယ်၊ တချို့အရာတွေကို စီရင်စုအုပ်ချုပ်ရေးမှူး သိထားဖို့ လိုအပ်ပါတယ်တဲ့”

“နှုတ်ဆက်ပါတယ်”

ထိုသို့ပြောပြီးနောက် ရှောင်ဟူသည် အရိုအသေပြုခဲ့ပြီး ထွက်ခွာလာခဲ့သည်။

ထွက်ခွာသွားသည့် ရှောင်ဟူ၏ပုံရိပ်ကို ကြည့်နေခဲ့သည့် နန်ပါးထျန်း၏ မျက်ခုံးများမှာ သိသိသာသာတွန့်ချိုးနေခဲ့သည်။

ချန်ကျိုစစ်က ဘာအဓိပ္ပာယ်လဲ? သူ ငါ့ကို ခြိမ်းခြောက်နေတာလား?

နန်ပါးထျန်း၏ မျက်နှာအမူအရာသည် မှုန်မှိုင်းနေခဲ့သည်။ သို့သော် ဖြစ်ပျက်ခဲ့သည့်အကြောင်းအရာများကို အတိအကျမသိသောကြောင့် ကူကယ်ရာမဲ့နေခဲ့သည်။ နန်ပါးထျန်းသည် တွေးတောနေရင်း သတိလစ်နေသည့် ထန်ဇီယွဲ့ကို လှည့်ကြည့်လိုက်ပြီးနောက် ပြောသည်။

“တစ်ယောက်ယောက်လာပြီး ခန်းမအရှင်သခင်ထန်ကို အခန်းထဲ ခေါ်သွားပြီး နှိုးလိုက်စမ်း”

“ဟုတ်ကဲ့”

နန်ပါးထျန်း၏အမိန့်တွင် လက်အောက်ငယ်သားများသည် ထန်ဇီယွဲ့ကို လှည်းပေါ်မှ သယ်ယူကာ အခန်းထဲ ထည့်လိုက်ကြသည်။ ရွှေ့ပြောင်းပြီးသည့်တိုင် ထန်ဇီယွဲ့သည် သတိလစ်နေဆဲပင်။ ထိုအခါ လက်အောက်ငယ်သားများသည် တစ်ယောက်တစ်ပြန် ကြည့်လိုက်ကြသည်။

“ခေါင်းဆောင်က ခန်းမအရှင်သခင်ထန်ကို နှိုးဖို့ပြောလိုက်သလိုပဲ”

“ဟုတ်တယ်”

လက်အောက်ငယ်သားတစ်အုပ်သည် အတူတကွ စဉ်းစားတွေး‌တောနေကြရင်း တစ်ဖက်မှလည်း ထန်ဇီယွဲ့ကို နှိုး‌ကြသည်။

“ခန်းမအရှင်သခင်ထန် ထတော့၊ ခန်းမအရှင်သခင်ထန် ထပါတော့…”

အချိန်အတော်ကြာ လှုပ်နှိုးပြီးသည့်တိုင် နိုးမလာသောအခါ လက်အောက်ငယ်သားတစ်ဦးသည် လက်ဖက်ရည်တစ်ခွက်ကို ကောက်ကိုင်လိုက်ပြီး ပြောသည်။

“မင်းတို့ဘေးဖယ်ကြစမ်း၊ ငါလုပ်လိုက်မယ်!”

ထိုသို့ပြောပြီးနောက် ထိုလက်အောက်ငယ်သားသည် ထန်ဇီယွဲ့၏မျက်နှာကို ရေဖြင့် ပက်လိုက်လေသည်။ ကံဆိုးစွာဖြင့် ထန်ဇီယွဲ့အနားရှိ လက်အောက်ငယ်သားတစ်ဦးသည် မရှောင်တိမ်းနိုင်လိုက်ဘဲ နာကျင်စွာ အော်ဟစ်လာ၏။

“သောက်ကျိုးနဲ ရေနွေးတွေဟ! ပူလိုက်တာ!”

“အာ!”

လက်အောက်ငယ်သားများသည် အလွန်တရာ ထိတ်လန့်သွားကြ‌တော့သည်။

“ငါတို့ အခုဘယ်လိုလုပ်ကြမလဲ~”

လက်အောက်ငယ်သားများ အချင်းချင်း ပြောဆိုနေကြစဉ် ထန်ဇီယွဲ့၏ အသက်ပြင်းပြင်းရှူသွင်းလျက် နိုးထလာသံကို ကြားလိုက်ရသည်။

“အား~ ဘာလို့ အရမ်းနာနေရတာလဲ!”

All Chapters