← Chapters

အခန်း (၄၇၁)

Vol. 37 Ch. 471

အခန်း (၄၇၁)

Vol. 37 Ch. 471

နန်ပါးထျန်းမှ ပြောသည်။

“အင်း ငါသိပြီ။ ချောင်ကုန်သည်အဖွဲ့ထဲက ငါတို့သူလျှိုတွေကို နိုးနိုးကြားကြားနေခိုင်းလိုက်မယ်”

‘’ဟုတ်ကဲ့ပါ ခေါင်းဆောင်။ ပြီးတော့ တစ္ဆေလက်ကုချင်းဖုန်းလည်း ဖော်ထုတ်ခံလိုက်ရမှာ စိုးရိမ်ရပါတယ်”

ထန်ဇီယွဲ့မှ ထိုအမည်ကို ထုတ်ပြောလိုက်သည်တွင် နန်ပါးထျန်းမှ တုံ့ပြန်ပြောသည်။

“အင်း နှမြောစရာပဲ။ ကုချင်းဖုန်းက တကယ့်ကို အသုံးဝင်တဲ့ ကျားစေ့တစ်စေ့ဖြစ်ခဲ့တာ။ အခုတော့ စွန့်ပစ်လိုက်ရတော့မယ် ထင်ပါရဲ့”

ထိုအခါ ထန်ဇီယွဲ့မှ ပြောသည်။

“တကယ်တော့ ကုချင်းဖုန်းရဲ့အဆက်အသွယ်ကို သုံးပြီး ဒီထောင်ချောက်ကို ဆင်တာက အရမ်းစွန့်စားရာကျလွန်းတယ်။ ထောင်ချောက်ပေါ်သွားတာနဲ့ ကုချင်းဖုန်းက ဖုံးကွယ်လို့ မရနိုင်တော့ဘူး”

နန်ပါးထျန်းမှ ပြောသည်။

“ချန်ကျိုစစ်က ဒီထောင်ချောက်ကနေ လွတ်မြောက်နိုင်သွားမယ်လို့ ဘယ်သူက ထင်ထားမှာလဲ? မဟုတ်ရင် အကြံအစည်အောင်မြင်ပြီး ခေါင်းဆောင်လျိုက သူ့သားကို ဆုံးရှုံးသွားပြီးတော့ ကုချင်းဖုန်းလည်း သံသယဝင်ခံရတော့မှ မဟုတ်ဘူး။ လျိုလောင်ကွေ့က ဒေါသကြောင့် ရူးသွပ်ပြီး ချန်ကျိုစစ်ကို ဒုက္ခပေးဖို့ပဲ အာရုံရှိတော့မှာ။ အဲဒါဆို ကုချင်းဖုန်းလည်း လုံခြုံပြီး ငါတို့ရဲ့ရည်ရွယ်ချက်လည်း ပြည့်မြောက်သွားခဲ့မှာ”

“ငါ လျိုလောင်ကွေ့နဲ့ ရန်သူဖြစ်လာတာ နှစ်ပေါင်းများစွာ ကြာနေပြီ။ သူ့ရဲ့အကျင့်စရိုက်ကို ငါ သေချာသိတယ်။ ဒီအစီအစဉ်က အမှားအယွင်းမရှိဘဲ အောင်မြင်ခဲ့ရမှာ၊ ဒါပေမဲ့ ချန််ကျိုစစ်က ဘယ်ကလမ်းစရမှန်းမသိ ထောင်ချောက်ကနေ လွတ်မြောက်နိုင်ခဲ့မယ်လို့ ဘယ်သူက ထင်ထားပါ့မလဲ။ တကယ့်ကို စိတ်ကူးမှန်းဆလို့ မရနိုင်လောက်အောင်ပဲ”

နန်ပါးထျန်းမှ ပြောသည်။

ထန်ဇီယွဲ့မှလည်း ပြောသည်။

“ခေါင်းဆောင်၊ ကျွန်တော်တို့ ချန်ကျိုစစ်ကို သတိကြီးကြီးနဲ့ ကိုင်တွယ်သင့်ပါတယ်။ ချန်ကျိုစစ်က ရင်ဆိုင်ဖို့ မလွယ်ကူပါဘူး။ တစ်ခါတလေ ခန့်မှန်းမရနိုင်လောက်တဲ့ အပြုအမူတွေကိုလည်း လုပ်ဆောင်တတ်တယ်။ တစ်ချက်လောက် သတိလက်လွတ်ဖြစ်သွားတာနဲ့ ကျွန်တော်တို့ ထိခိုက်သွားနိုင်ပါတယ်”

“အင်း ခန်းမအရှင်သခင်ထန်ပြောတာ အရမ်းမှန်ပါတယ်။ ဒါပေမဲ့ ချန်ကျိုစစ်က ဒီနေ့အဖြစ်အပျက်ကို စီရင်စုအုပ်ချုပ်ရေးမှူးကို အကြောင်းကြားဖို့ ပြင်နေတယ်။ ငါက အဲဒါကို ကြောက်နေရမှာလား”

ထန်ဇီယွဲ့မှ နန်ပါးထျန်းကို စိတ်ချစေသည်။

“ခေါင်းဆောင် စိတ်ချထားပါ။ ဒီကိစ္စက ပြဿနာကြီးကြီးမားမား မဖြစ်နိုင်ပါဘူး။ လတ်တလောမှာ မိန်ဂိုဏ်းက မြောက်ပိုင်းဒေသမှာ ဒီလောက်အထိ ဆူဆူပူပူဖြစ်အောင် သောင်းကျန်းနေတာ၊ စီရင်စုအုပ်ချုပ်ရေးမှူးအနေနဲ့ ကျွန်တော်တို့ကုန်သည်အဖွဲ့ကို အရမ်းဖိနှိပ်နိုင်မှာ မဟုတ်ပါဘူး။ ဒီလိုရာသီဥတုမတည်ငြိမ်တဲ့အချိန်မျိုးမှာ သာ့ချန်ရဲ့ထိန်းချုပ်မှုက အရင်လို မခိုင်မာတော့ဘူး။ လှုပ်ရှားချင်နေတဲ့သူတွေ အများကြီးရှိနေတာမို့လို့ စီရင်စုအုပ်ချုပ်ရေးမှူးမှာ ထည့်သွင်းတွေးတောစရာတွေ အများကြီးရှိနေမှာပါ”

ထိုအခါ နန်ပါးထျန်းမှ သုံးသပ်သည်။

“အင်း အဲဒီလိုပဲ မျှော်လင့်ရတာပေါ့။ ဒါပေမဲ့ ငါတို့ အချိန်တစ်ခုလောက်တော့ တိတ်ဆိတ်နေဖို့လိုလိမ့်မယ်။ လွန်ကဲသိသာတဲ့ အပြုအမူတိုင်းက ပြဿနာတွေ ဆောင်ကြဉ်းလာနိုင်တယ်”

ထန်ဇီယွဲ့မှ အကြံပြုသည်။

“ခေါင်းဆောင် ရိုက်ချက်တစ်ချက် လွဲချော်သွားပြီးရင် နောက်တစ်ချက် ဆက်ရိုက်တာကို ရှောင်ကြဉ်သင့်ပါတယ်။ အချိန်တစ်ခုကြာ စိတ်ရှည်သည်းခံလိုက်တာက အခွင့်အရေးအသစ်တွေ ပေါ်ပေါက်လာစေမှာပါ”

“လက်ရှိမှာ ကျွန်တော်တို့က ရာထူးအဆင့်အတန်းရော အင်အားအရာမှာရော သာလွန်ပါတယ်။ ချန်ကျိုစစ်က သူ့ရဲ့ခန်းမတစ်ခုစာ အင်အားလေးနဲ့ ခေါင်းဆောင်ရဲ့အင်အားအာဏာကို လှုပ်ယိမ်းစေနိုင်မယ်လို့ တွေးနေတာက အရမ်းတုံးအလွန်းတာပါပဲ”

“သူ့အင်အားထဲမှာ လျိုလောင်ကွေ့ကို ပေါင်းထည့်လိုက်မယ်ဆိုရင်ရော?”

နန်ပါးထျန်းမှ မေးသည်။

ထိုအခါ ထန်ဇီယွဲ့မှ ရယ်မောသည်။

“ဟားဟား… ခေါင်းဆောင် အစိုးရိမ်လွန်နေပါပြီ။ ချန််ကျိုစစ်က စီရင်စုအုပ်ချုပ်ရေးမှူးကို မဟာမိတ်အဖြစ် အသုံးပြုနိုင်တယ်ဆိုရင် ကျွန်တော်တို့လည်း အသုံးပြုနိုင်ပါတယ်။ စီရင်စုအုပ်ချုပ်ရေးမှူးရဲ့ ရည်ရွယ်ချက်က အင်အားလွှမ်းမိုးစေဖို့ မဟုတ်ဘဲ ဟန်ချက်ညီမျှစေဖို့ပါ။ အဲဒါကြောင့် ခေါင်းဆောင်၊ ချန်ကျိုစစ်က ခေါင်းဆောင်လျိုနဲ့ ပူးပေါင်းခဲ့ရင်တောင်မှ ပေါ်ပေါ်ထင်ထင် ပြုမူရဲမှာ မဟုတ်ပါဘူး။ ခေါင်းဆောင် စိတ်ချထားနိုင်ပါတယ်’

ထိုအခါ နန်ပါးထျန်းမှ ပြောသည်။

“စီရင်စုအုပ်ချုပ်ရေးမှူးက ကြားဝင်လာလိမ့်မယ်လို့ ဆိုလိုတာလား”

“သေချာပေါက် ကြားဝင်လာပါလိမ့်မယ်”

ထိုအခါ နန်ပါးထျန်းသည် အချိန်ခဏမျှ တိတ်ဆိတ်သွား၏။ ထို့နောက် ပြောသည်။

“အင်း ကောင်းတယ်။ အဲဒီလိုဆိုရင် ရက်နည်းနည်းလောက် ငြိမ်းချမ်းမှုကို ခံစားမွေ့လျော်နေလိုက်ကြတာပေါ့။ ပြီးတော့ ဒီနေ့လယ်မှာ သခင်မကို သွားကြိုဖို့ လူစီစဉ်လိုက်ဦး။ သူ ကျီးရှန်းဘုရားကျောင်းမှာ နေနေတာ လဝက်လောက်ရှိနေပြီ”

“ဟုတ်ကဲ့ ချက်ချင်းစီစဉ်လိုက်ပါမယ်”

ထန်ဇီယွဲ့သည် ခေါင်းညိတ်ကာ မျက်နှာကို ပုဝါဖြင့်ဖိလျက် မျက်လုံးအစုံသည်တော့ ဖော်ပြ၍မရနိုင်သည့် စိတ်ခံစားချက်များ ထင်ဟပ်နေခဲ့သည်။

ချန်ကျိုစစ်က သူဟာ ရှိန်လောက်တဲ့ ပြိုင်ဘက်တစ်ယောက်ဖြစ်ကြောင်း ပြသခဲ့ပြီးပြီ။ ဒါပေမဲ့ ဒီတစ်ကြိမ်ထောင်ချောက်ကို ဖြိုခွင်းဖောက်ထွက်နိုင်ခဲ့တာနဲ့ပဲ နောက်တစ်ကြိမ်မှာလည်း လွတ်မြောက်နိုင်မယ်လို့ မဆိုလိုဘူး။

ချန်ကျိုစစ် စောင့်ကြည့်ကြသေးတာပေါ့!

…

ချောင်ကုန်သည်အဖွဲ့၌

လျိုလောင်ကွေ့နှင့် လျိုစုန့်တို့သည် အိမ်တော်သို့ပြန်ရောက်ခဲ့ကြသည်။ ဝမ်သခင်မ(လျိုလောင်ကွေ့၏ဇနီး)သည် ဒဏ်ရာအပြင်းအထန်ရကာ သတိလစ်မေ့မျောနေသည့် သားဖြစ်သူလျိုစုန့်ကို ကြည့်လျက် ဝမ်းနည်းပူဆွေးမှုကို မထိန်းချုပ်နိုင်ဖြစ်နေခဲ့သည်။

“ငါ့သားလေး အို ငါ့သားလေး၊ ဘယ်လိုလုပ်ပြီး ဒီလိုဖြစ်တာလဲ? အမေ ဘယ်လိုအသက်ရှင်ရပါတော့မလဲ!”

အင့် အင့်…

“အို ငါ့သားလေး!”

ဝမ်သခင်မသည် ကျယ်လောင်စွာ ငိုကြွေးတော့သည်။ ငိုကြွေးသံသည် ကျယ်လောင်လွန်းသောကြောင့် ကောင်းကင်နှင့်မြေပထဝီအား တုန်လှုပ်စေလို့ ပိုင်မော့ရှန်းကိုပါ ထိတ်လန့်သွားစေသည်အထိပင်။ ပိုင်မော့ရှန်း အပြေးရောက်လာသည်တွင် မှုန်မှိုင်းနေသည့် မျက်နှာအမူအရာဖြင့် ရပ်နေသည့် လျိုလောင်ကွေ့ကို မြင်လိုက်ရသည်။

“ခေါင်းဆောင် ဘာဖြစ်လို့ပါလဲ”

ပိုင်မော့ရှန််းမှ မေးမြန်းသည်။ လျိုလောင်ကွေ့သည်လည်း ဝမ်သခင်မ၏ တအီအီငိုကြွေးနေခြင်းအား အာရုံရှုပ်လာခဲ့ကာ ပြောလိုက်သည်။

“ငိုမနေနဲ့တော့! မင်း,သားက မသေသေးပါဘူး။ မင်းသူ့ကို အဲဒီလိုဆက်လှုပ်နေတော့မှ သေသွားတော့မှာ”

ထိုစကားတွင် ဝမ်သခင်မသည် လျိုလောင်ကွေ့ကို လှည့်ကြည့်လာပြီး ပြောသည်။

“သခင်ကြီးလျို၊ ရှင့်ကြောင့် ကျွန်မသား ဒီလိုဖြစ်ရတာ။ အဲဒီအတွက်တောင် ကျွန်မ ရှင့်ကို အပြစ်မရှာရသေးဘူး”

“ကျွန်မသား ဒါက ဘယ်လိုဖြစ်ရတာလဲ။ ရှင်ပြောပြစမ်းပါဦး!”

“ရှင့်ကိုယ်ရှင် ကုန်သည်အဖွဲ့ခေါင်းဆောင်တဲ့၊ အစောင့်အရှောက်ကြီး၁၃ဦးအဖွဲ့ဝင်တဲ့။ အဲဒီတော့ရော ဘာဖြစ်သလဲ၊ ကိုယ့်သားကိုတောင် မကာကွယ်နိုင်ဘဲနဲ့များ ဘာအသုံးကျသေးသလဲ? အမလေး ငါ့သားလေး…”

ဝမ်သခင်မသည် ဆက်လက်ငိုကြွေး၏။ လျိုလောင်ကွေ့၏မျက်နှာမှာ လိမ်ညှစ်လိုက်လျှင် ရေထွက်ကျလာလောက်မည့် မိုးတိမ်စိုင်အလား မည်းမှောင်နေတော့သည်။

သို့သော် လျိုလောင်ကွေ့သည် ဝမ်သခင်မကို ဒေါသမထွက်ပါချေ။ အကြောင်းမှာ သူမသည် လျိုမိသားစု၏ မျိုးဆက်ကို မွေးဖွားပေးခဲ့သူဖြစ်သောကြောင့် ဖြစ်သည်။

လျိုလောင်ကွေ့၏ ဇနီးလေးယောက်တွင် ဝမ်သခင်မသာလျှင် သူ့အား သားတစ်ယောက်မွေးဖွားပေးနိုင်ခဲ့သည်။ အခြားဇနီးများမှာမူ မျိုးဆက်မမွေးဖွားနိုင်ခဲ့ကြပေ။ ထို့ကြောင့် အိမ်တော်အတွင်း၌ ဝမ်သခင်မသည် အာဏာမြင့်မား၏။

လျိုလောင်ကွေ့အား ချေပပြောဆိုခွင့်လည်း ရှိပေသည်။

သားဖြစ်သူမှတစ်ဆင့် ရရှိသည့် အမေတစ်ယောက်၏ ဩဇာနှင့်ဂုဏ်သ‌ရေ– မိသားစု၏မျိုးဆက်ကို တည်မြဲစေခဲ့သူအား အဘယ်သို့များ တန်ဖိုးမထားနိုင်ပါမည်နည်း။ သို့ဖြင့် ဝမ်သခင်မသည် အကျိုးအမြတ်တိုးပွားခဲ့သည်။

လျိုလောင်ကွေ့သည် ကူကယ်ရာမဲ့စွာဖြင့် လှည့်ထွက်သွားတော့သည်။

“ခန်းမအရှင်သခင်ပိုင် ငါနဲ့လိုက်ခဲ့”

ပိုင်မော့ရှန်းသည် လျိုစုန့်ကို တစ်ချက်ကြည့်လိုက်သည်တွင် သိသိသာသာ မျက်ခုံးတွန့်ချိုးသွား၏။ အဆိပ်မိထားသည့် လက္ခဏာများမှာ ထင်ရှားလှပေသည်။

စာကြည့်ခန်းထဲသို့ရောက်သည်တွင် ပိုင်မော့ရှန်းမှ မေးသည်။

“ခေါင်းဆောင် တကယ်ပဲ ဘာတွေဖြစ်ခဲ့တာပါလဲ”

လျိုလောင်ကွေ့မှ ပြောပြသည်။

“ကုချင်းဖုန်းက ငါတို့ကို သစ္စာဖောက်သွားပြီ”

“ဘာ?”

ပိုင်မော့ရှန်းသည် ထိုစကားကြောင့် အံ့ဩထိတ်လန့်သွား၏။

ကုချင်းဖုန်းက တကယ်ကြီး သစ္စာဖောက်တယ်ပေါ့လေ?

“ဒါ ဒါမဖြစ်နိုင်ပါဘူး ဟုတ်တယ်မလား”

လျိုလောင်ကွေ့သည် အရာအားလုံးကို အသေးစိတ်ပြန်ပြောပြသည်။ ပိုင်မော့ရှန်းမှာ မျက်ခုံးများ ခေါက်ချိုးကျိုးကုန်သည့်အလား မျက်မှောင်ကြုတ်နေတော့သည်။ နားထောင်ပြီးနောက် ပြောသည်။

“အဲဒီတော့ ခန်းမအရှင်သခင်ကုက နန်ပါးထျန်းနဲ့ ပူးပေါင်းပြီးတော့ ခေါင်းဆောင်နဲ့ ချန်ကျိုစစ်ကြားမှာ ပဋိပက္ခဖြစ်ပွားစေဖို့အတွက် သခင်လေးလျိုကို ငါးစားအဖြစ် အသုံးချခဲ့တာပေါ့?’’

လျိုလောင်ကွေ့မှ အတပ်ပြောသည်။

“အမှန်ပဲ။ ဒီဇာတ်လမ်းမှာ အမှားအယွင်း တစ်စိုးတစ်စိမှ မပါဘူး!”

ထိုအခါ ပိုင်မော့ရှန်းမှ ပြောသည်။

“ဒီထောင်ချောက်က တကယ့်ကို ကောက်ကျစ်လွန်းပါတယ်။ သူတို့သာ အောင်မြင်သွားခဲ့ရင် ခေါင်းဆောင်ရဲ့ဒေါသနဲ့ဆို ကျွန်တော်တောင်မှ ခေါင်းဆောင်ကို စိတ်အေးတည်ငြိမ်အောင် မလုပ်ဆောင်နိုင်မှာ စိုးရပါတယ်”

လျိုလောင်ကွေ့မှ ပြောသည်။

“အမှန်ပဲ။ ငါ့သားကို အန္တရာယ်ပြုရဲတဲ့သူ ဘယ်သူဖြစ်ဖြစ် ငါ အဲဒီလူရဲ့အသက်ကို သေချာပေါက် နုတ်ယူပစ်မှာ!”

All Chapters