← Chapters

အခန်း (၄၇၂)

Vol. 37 Ch. 472

အခန်း (၄၇၂)

Vol. 37 Ch. 472

ပိုင်မော့ရှန်းမှ မေးသည်။

“ခေါင်းဆောင် အခု ဘာဆက်လုပ်မှာပါလဲ”

လျိုလောင်ကွေ့မှ ပြန်ပြောသည်။

“အရင်ဆုံး ကုချင်းဖုန်းကို ဖမ်းပြီးတော့ ကုန််သည်အဖွဲ့ရဲ့စည်းမျဉ်းအတိုင်း ဖြေရှင်းမယ်။ ပြီးတော့ ဒုတိယအချက်၊ မိန်ဂိုဏ်းကို ပြန်ပေးဆပ်စေချင်တယ်။ ငါ ခဏနေရင် စီရင်စုအုပ်ချုပ်ရေးမှူးကို သွားတွေ့ပြီး လျိုစုန့်သိထားတဲ့ မိန်ဂိုဏ်းရဲ့လမ်းကြောင်းတွေအားလုံးကို ပြောပြမယ်။ အဲဒီအခါကျရင် မိန်ဂိုဏ်းအနေနဲ့ တန်ဖိုးကြီးကြီး ပြန်ပေးဆပ်ရစေမယ်”

“မဖြစ်ဘူး!”

ထိုအခါ ပိုင်မော့ရှန်းသည် လျိုလောင်ကွေ့ကို ကြည့်လျက် အော်ပြောသည်။

လျိုလောင်ကွေ့ အံ့ဩသွား၏။

“ဘာလို့လဲ?”

ပိုင်မော့ရှန်းမှ ပြောသည်။

“ခေါင်းဆောင်၊ ကုချင်းဖုန်းကို ဖမ်းတာက ရတယ်။ ဒါပေမဲ့ သခင်လေးလျို မိန်ဂိုဏ်းနဲ့ အဆက်အသွယ်လုပ်ပြီး သံထည်ပစ္စည်းတွေရောင်းတဲ့ အတိတ်ကိုတော့ လုံးဝ ဖော်ထုတ်လိုက်လို့ မဖြစ်ပါဘူး”

“ဘာလို့မဖြစ်တာလဲ?”

လျိုလောင်ကွေ့မှ အံ့အားသင့်လျက် မေးသည်။

“ခေါင်းဆောင် စိတ်ရှုပ်ထွေးနေလို့ပါ။ ငါးဖမ်းကုန်သည်အဖွဲ့နဲ့ ချောင်ကုန်သည်အဖွဲ့ကြားက ပဋိပက္ခက စီရင်စုအုပ်ချုပ်ရေးမှူးအတွက်တော့ ခြိမ်းခြောက်မှုမဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ မိန်ဂိုဏ်းနဲ့ သံသတ္တုနဲ့သက်ဆိုင်တဲ့ ကိစ္စတွေအားလုံးကတော့ စီရင်စုအုပ်ချုပ်ရေးမှူးအတွက် ခြိမ်းခြောက်မှုဖြစ်နိုင်ပါတယ်”

“အဲဒါက မထိပါးသင့်တဲ့ အနီရောင်မျဉ်းပါ! ဒီနှစ်ပေါင်းများစွာအတွင်းမှာ မရည်ရွယ်ဘဲဖြစ်စေ၊ ရည်ရွယ်ပြီးဖြစ်စေ မိန်ဂိုဏ်းနဲ့ ပတ်သတ်မိသူအားလုံးကို စီရင်စုအုပ်ချုပ်ရေးမှူးက ရှင်းပစ်ခဲ့ပါတယ်”

“အထူးသဖြင့် ကျွန်တော်တို့သခင်လေးလျိုက မိန်ဂိုဏ်းကို သံထည်ပစ္စည်းတွေ ရောင်းချပေးခဲ့တာပါ”

“ဒါက မိန်ဂိုဏ်းနဲ့ ပူးပေါင်းတာဖြစ်ပြီး ပုန်ကန်ရန်ကြိုးပမ်းမှုပါပဲ! ခေါင်းဆောင်သာ အဲဒီအကြောင်းကို စီရင်စုအုပ်ချုပ်ရေးမှူးကို သွားပြောလိုက်ရင် ခေါင်းဆောင်ကိုပါ အပြစ်ငြိစွန်းသွားနိုင်ပါတယ်”

“အမ်း အဲဒီလိုမဖြစ်နိုင်ပါဘူး။ ငါက ချောင်ကုန်သည်အဖွဲ့ခေါင်းဆောင်လေ”

လျိုလောင်ကွေ့မှ ငြင်းသည်။ သို့သော် ပိုင်မော့ရှန်းမှ ပြောသည်။

“ခေါင်းဆောင်၊ ချောင်ကုန်သည်အဖွဲ့မှာ ခေါင်းဆောင်တွေ အများကြီးရှိနိုင်ပါတယ်။ ခေါင်းဆောင်မရှိတော့ရင် တခြားတစ်ယောက်ကို အစားထိုးနိုင်ပါတယ်! ဒါပေမဲ့ မိန်ဂိုဏ်းနဲ့ ပူးပေါင်းမှုကတော့ အသက်ဆုံးရှုံးဖို့ သေချာနေတဲ့လမ်းပါ။ အဲဒါကြောင့် ခေါင်းဆောင်၊ ကျွန်တော်ပြောတာကို နားထောင်ပါ။ ဒီကိစ္စကို ထုတ်ဖော်ပြောဆိုလို့ မဖြစ်ပါဘူး။ ဒီအကြောင်းကို တခြားဘယ်သူသိထားသေးလဲ”

လျိုလောင်ကွေ့မှ ဖြေသည်။

“ချန်ကျိုစစ်တစ်ယောက်ပဲ သိထားတယ်။ တခြားဘယ်သူမှ မသိဘူး”

ပိုင်မော့ရှန်းမှ ပြန်ပြောသည်။

“ကောင်းပါပြီ။ ကျွန်တော် အခွင့်အရေးရှာပြီး ချန်ကျိုစစ်နဲ့ စကားပြောလိုက်မယ်။ ဒီကိစ္စကို ထုတ်ဖော်ပြောဆိုလို့ မဖြစ်ဘူး။ မိန်ဂိုဏ်းနဲ့ အဆက်အသွယ်လုပ်ခဲ့တာကို စီရင်စုအုပ်ချုပ်ရေးမှူး သိသွားခဲ့ရင် သေခြင်းတရားကို ရှောင်လွှဲနိုင်မှာ မဟုတ်ပါဘူး။ အဲဒီလူက နန်ပါးထျန်းဖြစ်နေပါဦးတော့ စီရင်စုအုပ်ချုပ်ရေးမှူးက သက်ညှာပေးမှာ မဟုတ်ပါဘူး”

လျိုလောင်ကွေ့မှ မှတ်ချက်ပြုသည်။

“တကယ်ကြီး အဲဒီလောက်အထိ ပြင်းထန်ပါ့မလား? အရင်တုန်းကလည်း မိန်ဂိုဏ်းကို သံထည်ရောင်းချခဲ့တဲ့ အဖြစ်အပျက်တွေ ရှိခဲ့ဖူးပေမဲ့ ဘယ်သူမှ ကွပ်မျက်မခံခဲ့ရဖူးဘူးလေ”

ပိုင်မော့ရှန်းမှ ချေပသည်။

“ခေါင်းဆောင် လက်ရှိအခြေအနေက မတူတော့ပါဘူး။ မနှစ်က မြောက်ပိုင်းဒေသအတွင်း မိန်ဂိုဏ်းရဲ့ပုန်ကန်မှုစတင်ကတည်းက တစ်နှစ်အချိန်အတွင်းမှာ မိန်ဂိုဏ်းက မြောက်ပိုင်းဒေသ ပြည်နယ်သုံးခုအတွင်းက စီရင်စုခုနစ်ဆယ်ကျော်ကို သိမ်းပိုက်ခဲ့ပြီးပါပြီ။ တော်ဝင်နန်းတော်က မိန်ဂိုဏ်းကို ဖိနှိပ်ဖို့အတွက် စစ်သည်တစ်သောင်းစေလွှတ်ခဲ့ပေမဲ့ အချည်းနှီးဖြစ်ခဲ့ပါတယ်”

“ရလဒ်အနေနဲ့ တော်ဝင်နန်းတော်က မြောက်ပိုင်းကို စေလွှတ်ထားတဲ့ အရာရှိရာချီဟာ အသတ်ခံခဲ့ရပါတယ်။ ပြီးတော့ မိန်ဂိုဏ်းသူပုန်တွေမှာ လက်နက်ပမာဏ အများကြီးပိုင်ဆိုင်ထားတာကို သိရှိခဲ့ရတယ်။ လွန်ခဲ့တဲ့သုံးလက ဝန်ကြီးချုပ်ထောထောက သံသတ္တုမှောင်ခိုကူးမှုကို တင်းတင်းကြပ်ကြပ် စုံစမ်းစစ်ဆေးဖို့အတွက် အမိန့်ချမှတ်ခဲ့ပါတယ်။ အဲဒီအမိန့်စာဟာ အရမ်းကိုမှ ခိုင်မာတင်းကြပ်ပါတယ်။ *ဒေသဆိုင်ရာအုပ်ချုပ်သူက သံသတ္တုကုန်သွယ်ရေးကို မထိန်းချုပ်နိုင်ဘဲ မိန်ဂိုဏ်းကို မှောင်ခိုတင်သွင်းတယ်လို့ စစ်ဆေးတွေ့ရှိခဲ့ရင် သက်ဆိုင်ရာအရာရှိအားလုံးက အပေါ့လျော့ဆုံးအပြစ်ဒဏ်အဖြစ် ပြည်နှင်ဒဏ်ခံရမည်၊ အကြီးလေးဆုံးပြစ်ဒဏ်အဖြစ် နေရာတွင် ကွပ်မျက်ခံရမည်*တဲ့”

“ဒီသုံးလအတွင်းမှာ မြောက်ပိုင်းဒေသရဲ့ စီရင်စုအုပ်ချုပ်ရေးမှူး၇ယောက် ရာထူးက ဖယ်ရှားခံရပြီး ၃ယောက် နေရာမှာတင် ကွပ်မျက်ခံခဲ့ရပါတယ်။ စီရင်စုရာဇဝတ်တရားသူကြီး၁၂ယောက်နဲ့ အောက်တရားသူကြီး၃ယောက်လည်း အသတ်ခံခဲ့ရတယ်။ ဒီလိုမျိုး ဖိအားမြင့်မားနေတဲ့အခြေအနေမှာ သာ့ချန်အရာရှိတွေအားလုံးက အသက်ဆုံးရှုံးမယ့်အရေးကို ကြောက်ရွံ့ထိတ်လန့်နေကြတာပါ”

“အခု အားလုံးက ကိုယ်အုပ်ချုပ်ရတဲ့ဒေသကနေ မြောက်ပိုင်းဒေသကို သံသတ္တုကုန်သွယ်မှု မပြုလုပ်မိစေဖို့အတွက် အစွမ်းကုန်ကာကွယ်နေကြချိန်ပါ။ ဒီလိုအခြေအနေမှာ သခင်လေးလျိုက မိန်ဂိုဏ်းကို သံကြွပ်ရောင်းချခဲ့တဲ့အကြောင်း စီရင်စုအုပ်ချုပ်ရေးမှူးကို ခေါင်းဆောင် သွားပြောဝံ့ပါသလား။ ဒီအကြောင်းကို စီရင်စုအုပ်ချုပ်ရေးမှူး သိသွားတာနဲ့ အရင်ဆုံးအသတ်ခံရမယ့်သူက ခေါင်းဆောင်ဖြစ်သွားရပါလိမ့်မယ်”

“ကျစ် ကျစ် ကျစ်…”

လျိုလောင်ကွေ့သည် ခေါင်းကို နှိပ်နယ်ရင်း ပြောသည်။

“အဲဒီလောက်တောင် ပြင်းထန်တာပေါ့လေ? ခန်းမအရှင်သခင်ပိုင် မင်းက ဒီသတင်းတွေအားလုံးကို ဘယ်ကနေ သိလာခဲ့တာလဲ”

ပိုင်မော့ရှန်းသည် လက်ထဲမှ ယပ်တောင်ကို ဖြန့်လိုက်ရင်း ဖြေသည်။

“တော်ဝင်ပြန်တမ်းကပါ”

“မင်း အစိုးရရုံးကနေ ပြန်သယ်လာတဲ့ အဲဒီတန်ဖိုးကြီးစာရွက်အစုတ်ကြီးလား”

လျိုလောင်ကွေ့မှ ပိုင်မော့ရှန်းကို ကြည့်လိုက်သည်တွင် ပိုင်မော့ရှန်း၏ နှုတ်ခမ်းများ ခပ်ဖျော့ဖျော့ကွေးညွှတ်သွား၏။

ကျုပ်ရဲ့ခေါင်းဆောင်လျိုရယ် စာလေးဘာလေး နည်းနည်းလောက်ဖတ်ပါဦးလား။

အဲဒီစာရွက်ပေါ်က သတင်းအချက်အလက်တွေက လူတွေကို အသက်ဆုံးရှုံးစေနိုင်တယ်ဆိုတာကို နားမလည်ဘဲနဲ့ တော်ဝင်ပြန်တမ်းကို စာရွက်အစုတ်ကြီးလို့ တွေးနေတယ်တဲ့လေ။

သို့သော် ပိုင်မော့ရှန်းသည် သူ၏ခေါင်းဆောင်လျိုကို ဖက်ပြိုင်၍ အသေးစိတ်ရှင်းပြမနေတော့ပေ။ အဆုံးသတ်တွင်တော့ သူသည် ကုန်သည်အဖွဲ့ကို စောင့်ရှောက်ကာကွယ်ရန် တာဝန်ရှိသည့် ချောင်ကုန်သည်အဖွဲ့၏ ဗျူဟာရှင်ပိုင်မော့ရှန်းပင် မဟုတ်ပါလော။

တကယ်တမ်းတွင် တော်ဝင်ပြန်တမ်းသည် လျှို့ဝှက်ချက်ဖြစ်သင့်သည်။ သို့သော် လက်တလောတွင်မူ ငွေကြေးဖြင့် ထိုအရာများကို သိရှိနိုင်ရန်မှာ မခက်ခဲတော့ပါချေ။ ပိုင်မော့ရှန်းသည် လစဉ်လတိုင်း ငွေတုံးငါးရာကို အထူးတလည် အသုံးပြုကာ ထိုပြန်တမ်းများကို ဝယ်ယူခဲ့သည်။ လျိုလောင်ကွေ့သည်တော့ သူ၏ထိုသို့လုပ်ရပ်ကို ငွေရှိပြီး သုံးစရာမရှိ ရှာကြံသုံးဖြုန်းခြင်းဟု ဝေဖန််ကဲ့ရဲ့ခဲ့သည်။

ထို့နောက် လျိုလောင်ကွေ့မှ မေးသည်။

“အဲဒီတော့ ငါတို့က မိန်ဂိုဏ်းကို ဒီတိုင်းလျစ်လျူရှုထားလိုက်ရမှာလား”

ပိုင်မော့ရှန်းမှ ပြန််ပြောသည်။

“သူတို့ကို လျစ်လျူရှုထားလိုက်တာ မဟုတ်ပါဘူး။ ပြောရရင် ကျွန်တော်တို့က သူတို့နဲ့ မရင်ဆိုင်နိုင်တာပါ။ ကျွန်တော်တို့အနေနဲ့ မိန်ဂိုဏ်းဆိုတဲ့ စကားလုံးတွေနဲ့တောင် နီးကပ်လို့မဖြစ်ပါဘူး။ ဒါနဲ့ ခေါင်းဆောင်ကတော့ ဒီနေ့ စီရင်စုအုပ်ချုပ်ရေးမှူးအိမ်တော်ကို ခရီးတစ်ထောင့်သွားဖို့ လိုအပ်ပါသေးတယ်”

“အမ် မင်းပဲ စီရင်စုအုပ်ချုပ်ရေးမှူးကို မိန်ဂိုဏ်းအကြောင်း သွားမပြောခိုင်းဘူး မဟုတ်ဘူးလား? အဲဒါကို ငါက စီရင်စုအုပ်ချုပ်ရေးမှူးအိမ်တော်ကို ဘာသွားလုပ်ရမှာတုန်း?”

ပိုင်မော့ရှန်းမှ ပြောသည်။

“ခေါင်းဆောင်က စီရင်စုအုပ်ချုပ်ရေးမှူးကို အကြံပေးဖို့ သွားရမှာပါ”

“အကြံပေးရမယ်?”

လျိုလောင်ကွေ့ မျက်မှောင်ကြုတ်လိုက်သည်။

“ဘာကိုအကြံပေးရမှာလဲ?”

ပိုင်မော့ရှန်းမှ ပြောသည်။

“မြောက်ပိုင်းတောင် သံသတ္တုတွင်းကို ပိတ်သိမ်းဖို့ပါ”

“ဘာ??”

လျိုလောင်ကွေ့ မျက်လုံးပြူးသွား၏။

“မင်းဘာပြောလိုက်တယ်? မြောက်ပိုင်းတောင်သံသတ္တုတွင်းကို ပိတ်သိမ်းရမယ်တဲ့လား? မင်းရူးသွားပြီလား? မြောက်ပိုင်းတောင်သံသတ္တုတွင်းက ကုန်သည်အဖွဲ့ရဲ့စုစုပေါင်းဝင်ငွေ သုံးပုံတစ်ပုံကို ထောက်ပံ့ပေးနေတဲ့လုပ်ငန်းလေ။ ကုန်သည်အဖွဲ့ညီနောင်တွေ ငတ်ကုန်မှာပေါ့ကွ”

ပိုင်မော့ရှန်းသည် လျိုလောင်ကွေ့ကို သေချာကြည့်လျက် ရှင်းပြသည်။

“ခေါင်းဆောင် ဒီဆုံးဖြတ််ချက်က ရူးနှမ်းသလိုထင်ရတယ်ဆိုတာ ကျွန်တော်သိပါတယ်။ ဒါပေမဲ့ မြောက်ပိုင်းတောင်သတ္တုတွင်းကို ကျိန်းသေပေါက် ပိတ်သိမ်းရပါမယ်။ မဟုတ်ရင် ကျွန်တော်တို့ ဘေးအန္တရာယ်ကြုံတွေ့ရနိုင်ပါတယ်။ အခုအချိန်မှာ မြောက်ပိုင်းတောင်သတ္တုတွင်းကို ပိတ်သိမ်းလိုက်မယ်ဆိုရင် ခေါင်းဆောင်အနေနဲ့ ကိုယ့်ကိုယ်ကိုယ် အခက်အခဲကနေ လွတ်မြောက်စေနိုင်ပြီးတော့ စီရင်စုအုပ်ချုပ်ရေးမှူးရဲ့စိတ်မှာလည်း ကောင််းမွန်တဲ့အမြင်ကို တည်ဆောက်နိုင်ပါလိမ့်မယ်။ ဒါပေမဲ့ စီရင်စုအုပ်ချုပ်ရေးမှူးဘက်က ကျွန်တော်တို့ကို မြောက်ပိုင်းတောင်သတ္တုတွင်းလုပ်ငန်းကို ပိတ်သိမ်းဖို့ ဖိအားပေးလာခဲ့တာကြောင့် ပိတ်သိမ်းရတာဆိုရင်တော့ အခြေအနေက ကွာခြားသွားပါပြီ”

လျိုလောင်ကွေ့သည် မျက်လုံးအိမ်တို့မှေးကျုံးထားလျက် နားမလည်နိုင်စွာဖြင့် ပိုင်မော့ရှန်းကို မေးသည်။

“အဲဒါက ဘာအဓိပ္ပာယ်လဲ”

ပိုင်မော့ရှန်းမှ ဆက်ပြောသည်။

“မကြာသေးခင်က တော်ဝင်ပြန်တမ်းထဲကနေ ကျွန်တော်သိခဲ့ရတာပါ။ တော်ဝင်နန်းတော်က ဒေသခံအုပ်ချုပ်သူတွေကို စုံစမ်းစစ်ဆေးဖို့အတွက် စိစစ်ရေးတမန်တော် စီစဉ်ထားခဲ့ပြီး ဟွမ်ကျိုးပြည်နယ်ကို ရောက်လုနီးပါပြီတဲ့။ ဟွမ်ကျိုးကို ရောက်တာနဲ့ စီရင်စုအုပ်ချုပ်ရေးမှူးနဲ့ သက်ဆိုင်ရာအမှုထမ်းအရာရှိအားလုံးဟာ စိစစ်ရေးတမန်တော်ရဲ့ စောင့်ကြပ်ကြည့်ရှုမှုအောက်ကို ကျရောက်သွားမှာပါ”

“လွန်ခဲ့တဲ့သုံးလအတွင်းက တော်ဝင်ပြန်တမ်းတွေမှာ ဖော်ပြထားတာအရဆို စိစစ်ရေးတမန်တော်က တောင်အရပ်ကို ဦးတည်နေပြီး မုလန်လူမျိုး စီရင်စုအုပ်ချုပ်ရေးမှူးသုံးယောက်ကို ဖမ်းဆီးခဲ့ပြီး တစ်ယောက်ကို ကွပ်မျက်ခဲ့ပါတယ်။ ပြစ်မှုတွေကတော့ မိန်ဂိုဏ်းနဲ့ပူးပေါင်းပြီး သံကြွပ်လိုမျိုး စစ်အသုံးအဆောင်ပစ္စည်းတွေကို မှောင်ခိုကုန်သွယ်ခဲ့တာကြောင့်ပါတဲ့”

All Chapters