အခန်း (၄၇၃)
Vol. 37 Ch. 473
“စီရင်စုအုပ်ချုပ်ရေးမှူးလည်း ဒီကိစ္စနဲ့ပတ်သက်ပြီး သေချာစဉ်းစားနေမယ်လို့ ကျွန်တော်ထင်ပါတယ်”
ပိုင်မော့ရှန်းမှ ပြောသည်။
“အခု ချန်ကျိုစစ်က စီရင်စုအုပ်ချုပ်ရေးမှူးနဲ့ နန်ပါးထျန်းကို ဘယ်လိုဆွေးနွေးပြောဆိုရမလဲဆိုတာကို စဉ်းစားဆုံးဖြတ်နေလောက်မှာပါ။ တကယ်တော့ မြောက်ပိုင်းတောင်သံသတ္တုတွင်းလုပ်ငန်းကို စောစောရပ်တန့်ခဲ့တဲ့ ချန်ကျိုစစ်ရဲ့လုပ်ရပ်က အတော်ထက်မြက်ပါတယ်။ အခု မိန်ဂိုဏ်းနဲ့ပတ်သက်တဲ့ ဘယ်အရာကမှ ချန်ကျိုစစ်နဲ့ ဆက်နွယ်နေတယ်လို့ မပြောနိုင်တော့ပါဘူး။ သူ့အခြေအနေက အလုံခြုံဆုံးပါပဲ”
“ခေါင်းဆောင်သာ အခုအချိန်မှာ မြောက်ပိုင်းတောင်သံသတ္တုတွင်းလုပ်ငန်းကို ပိတ်သိမ်းမယ့်အကြောင်း လျှောက်တင်လိုက်ရင် ခေါင်းဆောင်က စီရင်စုအုပ်ချုပ်ရေးမှူးအတွက် ပူပန်မှုလျော့နည်းအောင် လုပ်ဆောင်ပေးလိုက်တာပါပဲ။ အဲဒီလိုဆို စီရင်စုအုပ်ချုပ်ရေးမှူးက ခေါင်းဆောင်ကို သဘောမတွေ့ဘဲ ရှိပါ့မလား? ခေါင်းဆောင်ကို တန်ဖိုးမထားဘဲ နေပါရော့မလား?”
ထိုအခါ လျိုလောင်ကွေ့မှ ပြောသည်။
“ဒါပေမဲ့ အဲဒီလိုလုပ်လိုက်ရင် ကုန်သည်အဖွဲ့ရဲ့ဝင်ငွေကို ဘယ်လိုလုပ်မလဲ”
ပိုင်မော့ရှန်းမှ ပြန်ပြောသည်။
“ဒီလိုအချိန်မှာ တွေဝေတုံ့ဆိုင်းနေတာက ရှုပ်ထွေးမှုတွေကိုပဲ သယ်ဆောင်လာပါလိမ့်မယ်။ တကယ်တော့ ဒုက္ခအများရဆုံးက နန်ပါးထျန်းဖြစ်မှာပါ။ သူ့ရဲ့ငါးဖမ်းကုန်သည်အဖွဲ့က ကျွန်တော်တို့ချောင်ကုန်သည်အဖွဲ့ထက် ပိုကြီးမားသာလွန်ပါတယ်။ မြောက်ပိုင်းတောင်သံသတ္တုတွင်းက ကျွန်တော်တို့ချောင်ကုန်သည်အဖွဲ့အတွက်တော့ ဝင်ငွေရဲ့ သုံးပုံတစ်ပုံဖြစ်ပေမဲ့ နန်ပါးထျန်းရဲ့ငါးဖမ်းကုန်သည်အဖွဲ့အတွက်တော့ ဝင်ငွေရဲ့တစ်ဝက်ပါ”
“ဒီလုပ်ငန်းကို ရပ်တန့်လိုက်တာက ကျွန်တော်တို့အတွက် ဆုံးရှုံးမှုကြီးမားမယ်ဆိုပေမဲ့ သေချာတွက်ချက်လိုက်ရင် ရန်သူထောင်ချီကို နှိမ်နင်းဖို့အတွက် ကိုယ့်ကိုယ်ကိုယ်အနစ်နာခံတာနဲ့ ညီမျှပါတယ်။ ဆုံးရှုံးမှုထဲမှာ အကျိုးအမြတ်လည်း တည်ရှိနေပါတယ်”
ပိုင်မော့ရှန်းသည် လျိုလောင်ကွေ့ကို ဆက်လက်ရှင်းပြသည်။ လျိုလောင်ကွေ့သည် အလေးအနက်စဉ်းစားပြီးနောက် အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ ထို့နောက် ဆုံးဖြတ်ချက်ချလိုက်သည်။
“ကောင်းပြီလေ။ သိုးကောင်ရေနည်းနည်းလောက်ကို စတေးမခံဘဲနဲ့တော့ ဝံပုလွေကို ထောင်ချောက်ဆင်ဖမ်းဆီးလို့ မရနိုင်သလို တစ်ခုခုကို မစတေးဘဲနဲ့တော့ လူရမ်းကားတွေနဲ့ ရင်ဆိုင်နိုင်မှာ မဟုတ်ဘူးတဲ့။ ဒီတစ်ကြိမ် အကုန်ရင်းနှီးပြီး စွန့်စားလိုက်မယ်!”
ပိုင်မော့ရှန်း : (⊙o⊙)... (ခေါင်းဆောင်က တကယ်ကြီး စကားပြောရာမှာ ကိုယ်ပိုင်ဟန်ပန်ရှိတာပဲ~)
လျိုလောင်ကွေ့မှ ပြောသည်။
“ဒါပေမဲ့ ငါ စီရင်စုအုပ်ချုပ်ရေးမှူးကို သွားမတွေ့ခင်မှာ အဲဒီတေလေဂျပိုးကောင် ကုချင်းဖုန်းကို ဖမ်းရမယ်။ သူ့ကိုသာ လွတ်သွားရင် ငါ စိတ်ဖြောင့်ဖြောင့်အနားယူနိုင်မှာ မဟုတ်ဘူး”
ထိုအခါ ပိုင်မော့ရှန်းမှ ပြောသည်။
“ခေါင်းဆောင် အလျင်မလိုပါနဲ့။ အရင်ဆုံး ကုချင်းဖုန်းကို ဌာနချုပ်မှာ အစည်းအဝေးတက်ရောက်ဖို့ အကြောင်းကြားလိုက်ပါ။ သူ စိတ်အေးနေအောင်လို့။ သူရောက်လာတဲ့အခါ ချက်ချင်း ဖမ်းဆီးပစ်လိုက်တာပေါ့။ တစ်ပြိုင်နက်တည်းမှာပဲ သူ့ရဲ့အိမ်တော်ကို ပိတ်သိမ်းပြီးတော့ သူထွက်မပြေးနိုင်အောင် လုပ်ရပါမယ်!”
လျိုလောင်ကွေ့မှ ပြန်ပြောသည်။
“တကယ့်ကိုပဲ ခန်းမအရှင်သခင်ပိုင်ရဲ့စကားကို နားထောင်သင့်ပါတယ်လေ။ မင်းရဲ့အကြံပြုချက်ကို နားထောင်လိုက်ပါ့မယ်”
“ဟုတ်ကဲ့ပါ၊ ကျွန်တော် လူလွှတ်လိုက်ပါ့မယ် ခေါင်းဆောင်။ စစ်သည်တွေစုဆောင်းပြီး ကုချင်းဖုန်းကို ဖမ်းဆီးကြပါမယ်”
“ကောင်းပြီ”
လျိုလောင်ကွ့မှ ချက်ချင်း သဘောတူသည်။
…
ထိုစဉ် ကုချင်းဖုန်း၏အိမ်တော်၌
“ပစ္စည်းတွေအားလုံး အဆင်သင့်ဖြစ်ပါပြီ ခန်းမအရှင်သခင်”
ကုချင်းဖုန်းမှ ပြောသည်။
“အင်း နှမြောစရာပဲ။ မျန့်ရွှေစီရင်စုမှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီးတဲ့နောက်မှာ လွဲချော်မှုလေးတစ်ခုက ဒီလိုအရေးနိမ့်တဲ့ အခြေအနေဆီ ကျဆင်းသွားရမယ်လို့ မျှော်လင့်မထားမိဘူးပဲ”
ထိုအခါ အိမ်တော်ထိန်းသည် ဘာမျှမပြောပေ။
ကုချင်းဖုန်းမှ ဆက်ပြောသည်။
“တန်ဖိုးကြီးပစ္စည်းတွေကိုယူ၊ အစောင့်တွေ စုစည်းလိုက်၊ အရင်ဆုံး သခင်လေးကို အဝေးထွက်သွားခိုင်းလိုက်!”
“အာ ခန်းမအရှင်သခင်၊ သခင်မ၆ယောက်ကို ဘယ်လိုလုပ်မလဲ”
“အင်အားအာဏာနဲ့ ငွေကြေးဥစ္စာရှိနေရင် အမျိုးသမီးရှားပါ့မလား? အဲဒီမိန်းမတွေကို ထားခဲ့လိုက်”
“အာ ခန်းမအရှင်သခင်”
“ငါတို့က ထွက်ပြေးကြမှာ။ ပစ္စည်းတွေ အများကြီးသယ်လို့မရဘူး။ အဲဒီတော့ မလိုအပ်တဲ့အရာတွေကို ယူမသွားတော့ဘူး”
“ဟုတ်ကဲ့ပါ ခန်းမအရှင်သခင်”
အိမ်တော်ထိန်းမှ ပြောရာ ကုချင်းဖုန်းမှ ပြောသည်။
“ကောင်းပြီ။ မင်းတို့အားလုံး အမြန်သွားကြတော့”
ကုချင်းဖုန်းမှ ပြောစဉ် ချောင်ကုန်သည်အဖွဲ့သားတစ်ဦးသည် မြင်းကို ဒုန်စိုင်းနင်းလာပြီး မြင်းပေါ်မှ ဆင်းလာသည်။
“ခန်းမအရှင်သခင်ကု၊ ကုန်သည်အဖွဲ့ခေါင်းဆောင်က အစည်းအဝေးတက်ရောက်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်”
ကုချင်းဖုန်းသည် ထိုအဖွဲ့သားလေးကို တစ်ချက်ကြည့်ပြီးနောက် ပြုံးလိုက်သည်။
“ဪ ကောင်းပါပြီ။ ကျုပ် မကြာခင် ရောက်လာပါမယ်လို့ ခေါင်းဆောင်ကို ပြောလိုက်ပါ”
“တခြားကိစ္စမရှိရင် ကျွန်တော်ပဲ ခန်းမအရှင်သခင်ကို ဌာနချုပ်ဆီ ပို့ဆောင်ပေးပါ့မယ်”
ထိုအခါ ကုချင်းဖုန်းသည် အေးစက်စက်ပြုံးလိုက်သည်။ ထို့နောက် ခြေတစ်ချက်ဖိနင်းလိုက်ကာ နေရာမှ ပျောက်ကွယ်သွားခဲ့သည်။
“ခန်းမအရှင်သခင်ကု!”
ဝှစ်!
ဂျွတ်!
၎င်းသတင်းလာပို့သည့် ချောင်ကုန်သည်အဖွဲ့သားလေးသည် ဘာမျှမတုံ့ပြန်နိုင်မီ၌ပင် နောက်ကျောဘက်တွင် တစ်စုံတစ်ရာရှိနေသည်ဟု ခံစားလိုက်ရပြီးနောက် လည်ပင်းကျိုးသံနှင့်အတူ ရုတ်ချည်း လဲကျသွားတော့သည်။
ထို့နောက် ကုချင်းဖုန်းသည် မြင်းပေါ်တက်လိုက်ပြီး ပြောသည်။
“ကုကျုံး၊ သခင်လေးနဲ့ တန်ဖိုးကြီးပစ္စည်းတွေယူပြီး အရှေ့ဘက်လင်အန်းစီရင်စုကို ခရီးနှင်ကြ။ ပြီးရင် အဲဒီမှာ ငါ့ကိုစောင့်နေ”
“အာ ခန်းမအရှင်သခင်ကရော?”
ကုချင်းဖုန်းမှ ရယ်သည်။
“ဟက်… ငါ သူတို့နဲ့နေပြီး နည်းနည်းလောက် ပျော်ပါးပေးလိုက်ဦးမယ်။ အရှက်သိက္ခာမဲ့နှင်ထုတ်ခံရတာမျိုးက ငါနဲ့ မကိုက်ညီလှဘူး။ မင်းတို့အရင်သွားနှင့်”
“ဟုတ်ကဲ့”
ကုကျုံးသည် ချက်ချင်းတုံ့ပြန့်ပြီးနောက် သခင်လေးကို ခေါ်ဆောင်ရန်အတွက် အစောင့်များကို ဦးဆောင်သွားသည်။
ကုချင်းဖုန်းသည် အနောက်ဘက်သို့ မြင်းကိုလှည့်၍ နန်ပါးထျန်းအခြေစိုက်ရာသို့ ဦးတည်သွားသည်။
ကုချင်းဖုန်းထွက်သွားပြီး တစ်နာရီခန့်ကြာမြင့်ပြီးနောက်၌ လျိုလောင်ကွေ့နှင့်နောက်လိုက်များ ရောက်လာကြသည်တွင် စွန့်ပစ်ခံအိမ်တော်နှင့် အသုံးမဝင်သည့် အမျိုးသမီးအချို့ကိုသာ မြင်တွေ့ရတော့သည်။ ကုချင်းဖုန်း ထွက်သွားသည်မှာ ကြာမြင့်ခဲ့လေပြီ။၏
ထို့ပြင် ကုချင်းဖုန်းသည် သူတို့အတွက် စာတစ်စောင် ချန််ထားခဲ့၏။
(လျိုလောင်ကွေ့သို့)
(လျိုလောင်ကွေ့ မင်း ငါ့ကိုလာဖမ်းတော့မယ်ဆိုတာ ငါသိတယ်။ မင်း ငါ့အကြောင်း သိသွားပြီဆိုတာလည်း ငါသိတယ်။ အဲဒီတော့ ဘာဖြစ်လဲ? ငါ ကြောက်လည်းမကြောက်သလို ငါ့ရဲဲ့လုပ်ရပ်တွေအတွက်လည်း နောင်တမရဘူး)
(မင်း ကျေးဇူးကန်းတဲ့ကောင်၊ မင်း ဒီနေ့ရောက်နေတဲ့နေရာက ငါနဲ့ ငါ့ညီကုချင်းရှန်းရဲ့ ထောက်ပံ့ပေးမှုကြောင့် ရောက်နိုင်ခဲ့တယ်ဆိုတာ သတိရသေးရဲ့လား? အားလုံး မင်းကို သံသယဝင်နေချိန်မှာ ငါတို့ကပဲ မင်းကိုကာကွယ်ပေးပြီး မင်းရဲ့လုပ်ငန်းတွေကို ကူညီပေးခဲ့တာ။ မင်းအတွက်နဲ့ ငါ့ညီက တိုက်ပွဲမှာ သေဆုံးခဲ့ရတယ်။ ဒါပေမဲ့ မင်းကတော့ ငါ့ကို ဘယ်လိုကျေးဇူးပြန်ဆပ်လိုက်တာလဲ?)
(မင်းက ငါ့ကို တစ္ဆေလက်ခန်းမရဲ့ ခန်းမအရှင်သခင်အဖြစ်ခန့်အပ်ခဲ့ပြီး ငါ့ရာထူးက အဲဒီငမွဲကောင််ပိုင်မော့ရှန်းထက်တောင် ရာထူးနိမ့်သေးတယ်။ ငါဒါကို လက်မခံနိုင်ဘူး။ ငါ မင်းကို နာကျည်းမုန်းတီးတယ်!)
(ဒါပေမဲ့လည်း ငါအဲဒါတွေအားလုံးကို သည်းခံခဲ့တယ်။ ဒါပေမဲ့ ငါ့ကို မြောက်ပိုင်းတောင်သံသတ္တုတွင်းလုပ်ငန်းကနေ ဖယ်ထုတ်ချင်တာကိုတော့ ငါလုံးဝ သည်းမခံနိုင်တော့ဘူး။ ဘာမို့လို့လဲ? မင်းဘက်က ဒီလိုလုပ်ခဲ့မှတော့ ငါ့ကို ညှာတာထောက်ထားမှုမရှိတဲ့အတွက် အပြစ်မတင်ပါနဲ့)
(အဲဒီချန််ကျိုစစ် ကြားဝင်နှောင့်ယှက်လိုက်တာ အရမ်းနှမြောဖို့ကောင်းတယ်။ မဟုတ်ရင် ငါ မင်းရဲ့သုံးစားမရတဲ့သားကို သတ်ပစ်ပြီးလောက်ပြီ။ ဒါပေမဲ့ မစိုးရိမ်ပါနဲ့၊ ငါတို့စောင့်ကြည့်ကြတာပေါ့။ တစ်နေ့နေ့မှာတော့ မင်းရဲ့လုပ်ရပ်တွေအတွက် မင်း နောင်တရလာမှာပါ)
(နောက်ဆုံးအနေနဲ့ လျိုလောင်ကွေ့၊ မင်း မျိုးဆက်ပြတ်ပြီး သေဆုံးစေရမယ်!)
အား!
လျိုလောင်ကွေ့သည် စာကိုဖတ်ပြီးနောက်တွင် ဒေါသထွက်သွားတော့သည်။ လျိုလောင်ကွေ့သည် မျက်လုံးနီများဖြင့် ဒေါသတကြီး အော်ဟစ်လျက် ကျောက်တိုင်လုံးတစ်တိုင်ကို လက်ဝါးတစ်ချက်ဖြင့် ရိုက်ခွဲပစ်လိုက်လေသည်။