အခန်း (၄၇၅)
Vol. 37 Ch. 475
သွေးတန့်ဆေးကို ထျန်းမာဟုလည်း ခေါ်ကြသည်။
ထျန်းမာသည် ချိုမြကာ အရသာအသင့်အတင့်ရှိပြီး သွေးပျစ်ခဲ၍ သွေးကြောပိတ်ဆို့ခြင်းကို ကုသပေးနိုင်ခြင်းနှင့် သွေးတိတ်စေကာ တစ်သျှူးဆဲလ်အသစ်များ ပြန်လည်ဖြစ်ပေါ်စေခြင်းနှင့် အနာများကို ပျောက်ကင်းသက်သာစေနိုင်ခြင်းနှင့် သွေးလှည့်ပတ်မှုကောင်းမွန်စေခြင်း၊ နာကျင်မှုသက်သာစေခြင်း စသည့် အကျိုးအာနိသင်များရှိသည်။
ထျန်းမာကို အမြင့်မှပြုတ်ကျခြင်းကြောင့် အတွင်းဒဏ်ရာရကာ ခန္ဓာကိုယ်တွင်း သွေးခြေဥခြင်းနှင့် ခန္ဓာကိုယ်ပြင်ပ သွေးထွက်ဒဏ်ရာများတွင် အသုံးပြုနိုင်သည်။
မနေ့ညက တောအုပ်အတွင်း တိုက်ပွဲ၌ ချန်ကျဲ့သည် တရားခံကို အနိုင်မတိုက်နိုင်ခဲ့သော်ငြား တရားခံ၏ရင်ဘတ််ကို အင်အားပြင်းထန်သည့် လက်ဝါးရိုက်ချက်ဖြင့် ရိုက်နိုင်ခဲ့သည်။ ၎င်းရိုက်ချက်သည် အလွန်အင်အားပြင်းထန််ပြီး သာမန်လူများ ခံနိုင်ရည်မရှိနိုင်သည့်အင်အား ဖြစ်သည်။
သို့သော် တရားခံသည် စွမ်းအင်ပြောင်းလဲခြင်းအဆင့်သိုင်းပညာရှင်ဖြစ်သောကြောင့် အတွင်းအားကို အသုံးပြု၍ ချန်ကျဲ့၏ရိုက်ချက်ကို ခံနိုင်ရည်ရှိခဲ့သည်။ သို့သော် သို့ဖြစ်လျှင်သော်မှ ဒဏ်ရာအပြင်းအထန်ရသွားဆဲ ဖြစ်သည်။ ထို့ကြောင့် ဒဏ်ရာကုသရန်အတွက် ထျန်းမာကို မရှိမဖြစ် လိုအပ်ပေလိမ့်မည်။
ထို့ပြင် အကောင်းဆုံးအမျိုးအစားမှာ ထိပ်တန်းအရည်အသွေးရှိသည့် နဂါးသွေးဆေးလုံးဖြစ်သည်။
နဂါးသွေးဆေးလုံး မရနိုင်ပါက သာမန်ထျန်းမာဆေးများဖြင့်လည်း ကုသနိုင်ပါသည်။ အာနိသင်တော့ နည်းပါးသွားနိုင်၏။
ထို့ကြောင့် ချန်ကျဲ့သည် ထျန်းမာဆေးအားလုံးကို အနီးအနားရှိ စီရင်စုများအထိ သွားရောက်ဝယ်ယူလိုခြင်းဖြစ်သည်။ သို့ဖြစ်ပါက တရားခံမှာ ဆေးဝယ်ယူမရနိုင်တော့ပေ။
အထူးသဖြင့် ဆေးကုသရန်အတွက် သုံးရက်ဟူသည့် အချိန်အကန့်အသတ်ရှိနေသေးသည်။ ၅ရက်၊ ၆ရက်ဖြစ်ပါက ပို၍ဝေးလံသည့် နေရာများသို့သွားရောက်၍ ဆေးဝယ်ယူနိုင်မည်ဖြစ်သည့်တိုင် သုံးရက်ဖြစ်နေသောကြောင့် ထိုမျှအထိ မတတ်နိုင်ပေ။
သို့ဖြင့် တရားခံသည် စွန့်စား၍ ချန့်ကျဲ့ထံမှ ဆေးလာခိုးယူရလိမ့်မည်။ ချန််ကျဲ့သည် လိပ်ကို ကန်တစ်ခုအတွင်း ချောင်ပိတ်ဖမ််းဆီးသကဲ့သို့ စိတ်ရှည်စွာ စောင့်ဆိုင်းနိုင်ပါ၏။
ချန်ကျဲ့၏ညွှန်ကြားချက်အဆုံး၌ ရှောင်ဟူသည် အဖွဲ့သားများကို ခေါ်ဆောင်ကာ ထျန်းမာဆေးများ ဝယ်ယူရန်အတွက် ချက်ချင်း ထွက်ခွာသွားခဲ့သည်။ ထို့နောက် ချန်ကျဲ့၏ဘေးတွင် တစ်ချိန််လုံးရှိနေခဲ့သည့် စူးယွင်ကျင်းမှ ပြောသည်။
“ယောကျ်ားက စီရင်စုသုံးခုစလုံးက ထျန်းမာဆေးတွေအားလုံးကို ဝယ်ချင်တာလား။ အဲဒါဆို ဘယ်လောက်တောင် ကုန်ကျလိမ့်မလဲ။ ကျွန်မတို့ကရော အဲဒီဆေးတွေအားလုံးကို အသုံးပြုနိုင်မှာလား”
ထိုအခါ ချန်ကျဲ့မှ ပြန်ပြောသည်။
“ဟားဟား သေချာပေါက် သုံးနိုင်တာပေါ့။ ဒီရက်ပိုင်းမှာ ကိုယ်တို့ကျားဖြူခန်းမကို အကျိုးအမြတ်အကြီးကြီးရစေမယ့် စီးပွားရေးလုပ်ငန်းတစ်ခုကို ကိုယ်တွေးမိနေတာလေ”
“ဘာလုပ်ငန်းလဲ”
စူးယွင်ကျင်း၏အမေးကို ချန်ကျဲ့မှ ပြုံးရယ်လျက် ပြန်ဖြေသည်။
“ရွှေလိမ်းဆေးကို ရောင်းမလို့”
စူးယွင်ကျင်းသည် တွေဝေသွားပြီးနောက် ချန်ကျဲ့ကို ပြောသည်။
“အခုနောက်ပိုင်း လက်နက်ထိခတ်သံတွေ၊ ဝံပုလွေအူညည်းသံတွေ နေရာအနှံ့အပြား ပြည့်နှက်နေတာ။ လုယက်သတ်ဖြတ်မှုတွေဆိုတာလည်း ပေါများလွန်းလို့ ဓားသွားကြောင့် ဒဏ်ရာရသူတွေ များလာတယ်။ အဲဒါကြောင့် ကိုယ်တို့က ဒီရွှေလိမ်းဆေးကိုသာ ကောင်းကောင်းထုတ်လုပ်ရောင်းချနိုင်မယ်ဆိုရင် စီးပွားရေးလုပ်ငန်းကြီးတစ်ခု ဖြစ်လာမှာပဲ။ အထူးသဖြင့် အနာဂတ်မှာ ပမာဏအများအပြား ထုတ်လုပ်လာရနိုင်တယ်။ အဲဒီအချိန်ကျရင် ကိုယ်တို့ရဲ့ရွှေလိမ်းဆေးက ဝယ်လိုအားအများဆုံးဖြစ်လာပြီး စျေးနှုန်းကလည်း နှစ်ဆတက်သွားလိမ့်မယ်”
“ကိုယ် မကြာသေးခင်ကပဲ လူကြီးမင်းဟွားဆီကနေ ရွှေလိမ်းဆေးအတွက် ထိပ်တန်းဆေးဖော်စပ်နည်းကို ရထားတယ်။ အဲဒီဆေးဖော်စပ်နည််းမှာ ထျန်းမာဆေးက မရှိမဖြစ်လိုအပ်တဲ့ ပါဝင်ပစ္စည်းပဲ။ ကိုယ်တို့ရဲ့လက်ရှိအခြေအနေနဲ့ဆို ထျန်းမာဆေးတွေကို ပိုများများ သိုလှောင်သွားနိုင်တာပေါ့”
“ဒီလိုသွေးတိတ်ဆေးတွေက စစ်ပွဲကာလမှာဆို အမြဲ ဝယ်လိုအားများတယ်။ အဲဒါကြောင့် သိုလှောင်ထားလိုက်လို့လည်း အရှုံးမရှိနိုင်ဘူး”
ထိုအခါ စူးယွင်ကျင်းမှ ပြောသည်။
“ယောကျ်ား အကုန်တွေးတောထားပြီးသားဆို ပြီးတာပါပဲ”
ချန်ကျဲ့မှ ပြန်ပြောသည်။
“အင်း ရှင်မ မစိုးရိမ်ပါနဲ့။ ဒါနဲ့ ကိုယ် တစ်ညလုံး ဘာမှမစားရသေးလို့ နည်းနည်းဗိုက်ဆာနေတယ်။ ကိုယ့်ကို စားစရာနည်းနည်းလောက် ပြင်ပေးပါဦး”
စူးယွင်ကျင်းမှ ပြောသည်။
“ရတာပေါ့။ သခင်ကြီးအတွက် စားစရာတချို့ မြန်မြန်ယူလာပေးကြစမ်း”
ချန်ကျဲ့သည် အံ့ဩသွားလျက် စူးယွင်ကျင်းကို ကြည့်လိုက်သည်။
“အဲဒီလောက်မြန်တယ်လား?”
ထိုအခါ ဘေးတွင် ရပ်နေသည့် ယင်ဟုန်မိန်မှ ပြောသည်။
“သခင်ကြီး၊ သခင်မက သခင်ကြီးကို တစ်ညလုံးစောင့်ဆိုင်းရင်း အစားအသောက်တွေကိုလည်း အကြိမ်ကြိမ်ပြန်နွှေးနေခဲ့တာပါ။ အခုဆို ဘယ်နှကြိမ် နွှေးပြီးပြီလဲဆိုတာတောင် မသိတော့ပါဘူး”
ချန်ကျဲ့သည် ထိုစကားအဆုံး၌ စူးယွင်ကျင်းကို ကြည့်လိုက်သည်။
“ရှင်မ မင်းဘာလို့ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ရကောင်းမှန်း မသိရတာလဲ”
စူးယွင်ကျင်းသည် နူးညံ့စွာ ပြုံး၏။
“ယောက်ျား စားစရာတွေက အရမ်းပူနေပါသေးတယ်။ သူတို့ပေါက်ကရပြောတာတွေကို နားမထောင်ပါနဲ့”
ချန်ကျဲ့သည် သူ၏ဇနီးလေးမှာ မည်သို့သောလူမျိုးဖြစ်ကြောင်း သေချာသိပါသည်။ ဤသည်မှာ တစ်ရက်၊နှစ်ရက်လည်း မဟုတ်တော့ပေ။ ချန်ကျဲ့ သက်ပြင်းချလိုက်ပြီး ပြောသည်။
“ရှင်မ မင်း ဒီလိုဆက်လုပ်နေလို့ မဖြစ်ဘူး။ အချိန်မီစားဖို့ အမြဲသတိထားရမယ်လေ”
စူးယွင်ကျင်းမှ ခေါင်းငုံ့လိုက်ရင်း ပြောသည်။
“အင်း ကျွန်မသိပါတယ်။ ကျွန်မက ဒီတိုင်း စားမဝင်လို့ပါ”
ချန်ကျဲ့မှ ပြန်ပြောသည်။
“မင်း မစားနိုင်ဘူးဆိုရင်လည်း ကိုယ့်ကိုယ်ကိုယ် ဖိအားမပေးပါနဲ့။ မင်းက အခု အိမ်တော်သခင်မဖြစ်နေပြီ။ ကိုယ်မရှိတဲ့အချိန်မှာ မင်းက ကျားဖြူခန်းမရဲ့ ကျောရိုးပဲ။ မင်း လဲကျသွားလို့ မဖြစ်ဘူး။ မင်းလဲကျသွားခဲ့ရင် ကျားဖြူခန်းမလည်း ပြိုလဲသွားရလိမ့်မယ်။ ကိုယ်ပြန်ရောက်လာတဲ့အခါ အရာအားလုံးပြိုလဲနေရင် ကိုယ့်ရဲ့ကြိုးစားအားထုတ်မှုအားလုံး ပျက်စီးသွားမှာပေါ့။ ရှင်မ နားလည်ရဲ့လား”
ထိုအခါ စူးယွင်ကျင်းသည် ချန်ကျဲ့ကို ကြည့်၍ ပြောသည်။
“ယောက်ျား ကျွန်မနားလည်ပါပြီ”
ချန်ကျဲ့ ရယ်မောလိုက်သည်။
“အမှန်ပဲ။ မှတ်ထား၊ မင်းရဲ့ကျန်းမာရေးက မင်းတစ်ယောက်တည်းနဲ့ သက်ဆိုင်တာ မဟုတ်ဘူး။ ကိုယ်နဲ့ သက်ဆိုင်ပြီး ကျားဖြူခန်းမနဲ့လည်း သက်ဆိုင်တယ်”
စူးယွင်ကျင်းမှ ပြန်ပြောသည်။
“ယောက်ျား ပေါက်ကရတွေ မပြောပါနဲ့။ ကျွန်မရဲ့ကျန်းမာရေးက အဲဒီလောက် အရေးကြီးနိုင်ပါ့မလား”
ချန်ကျဲ့ ပြုံးလိုက်ပြီး ပြောသည်။
“သေချာပေါက် အရေးကြီးတာပေါ့။ မင်းက ကိုယ့်အတွက် ကလေးလေးမွေးပေးရဦးမှာလေ။ ကျားဖြူခန်းမရဲ့ အနာဂတ်သခင်ငယ်လေးက စူးသခင်မရဲ့ စောင့်ရှောက်မှုကို လိုအပ်သေးတယ်လေဗျာ”
ထိုစကားတွင် စူးယွင်ကျင်းမှာ ရှက်သွေးဖြာသွားတော့သည်။
“ယောက်ျား အဲဒီလိုရှက်ဖို့ကောင်းတာတွေကို မပြောပါနဲ့လား။ လူတွေအများကြီးရှိနေတယ်လေ”
ချန်ကျဲ့ အနီးဝန်းကျင်ရှိ လူများကို ဝေ့ဝဲကြည့်လိုက်သည်။
အစေခံမိန်းကလေးယင်ဟုန်မိန်နှင့် ချွေ့ကျူတို့သည် သူ့လူများ ဖြစ်ကြသည်။ ရွေ့ရွေ့သည်တော့ သကြားလုံးတစ်လုံးကို ပျော်ရွှင်စွာ ကိုက်ဝါးနေ၏။ သကြားလုံးတစ်လုံးကို အစိတ်အပိုင်းအသေးလေးများအဖြစ် ကိုက်ဖဲ့ပြီးနောက် သူမ၏ဘေးရှိ အိတ်ထဲသို့ ထည့်နေသည။
ထိုအခါ ချန်ကျဲ့သည် အံ့အားသင့်စွာဖြင့် ရွေ့ရွေ့ကို မေးလိုက်သည်။
“ရွေ့ရွေ့ ဘာလုပ်နေတာလဲ”
“သကြားလုံးစားနေတာ”
ရွေ့ရွေ့မှ ပြန်ဖြေရာ ချန်ကျဲ့မှ ပြောသည်။
“အစ်ကို သိတယ်လေ။ အစ်ကိုမေးချင်တာက ခုနက အစ်ကိုကြီးကို ကျွေးတဲ့သကြားလုံးက အဲဒီလိုကိုက်ထားတာတော့ မဟုတ်ဘူးမလား”
ရွေ့ရွေ့သည် အံ့အားသင့်ဟန်ဖြင့် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ပြီးနောက် ပြောသည်။
“အစ်ကိုကြီး စိတ်ချပါ။ ရွေ့ရွေ့ မကိုက်ထားပါဘူး။ ဒီသကြားလုံးကသာ ကြီးနေလို့ တစ်ယောက်ယောက်ယူသွားမှာစိုးလို့ ကိုက်ဖဲ့နေတာပါ”
ထိုအခါ ချန်ကျဲ့မှ ပြောသည်။
“တစ်ယောက်ယောက်ယူမှာစိုးလို့?”
ရွေ့ရွေ့မှ ပြောသည်။
“ဟုတ်တယ်လေ။ စာသင်ဖော်တွေက အမြဲယူကြတယ်”
ထိုအခါ ချန်ကျဲ့မှ ပြောသည်။
“အဲဒီလောက်တောင် ဆိုးတယ်လား? အစ်ကိုကြီးက မင်းရဲ့အစ်ကိုကြီးလို့ ရွေ့ရွေ့က သူတို့ကို မပြောဘူးလား”
“ပြောတယ်။ ရွေ့ရွေ့သာ အဲ့လိုမပြောခဲ့ရင် သူတို့လည်း ယူမှာမဟုတ်ဘူး”
“အဲဒီလောက်တောင် အတင့်ရဲကြတယ်လား?”
ချန်ကျဲ့ မျက်မှောင်ကြုတ်လိုက်သည်။
“အရမ်းအတင့်ရဲတာပဲ”
ရွေ့ရွေ့မှ ခေါင်းညိတ်လိုက်ပြီး ပြောသည်။
“ဟုတ်တယ် ဟုတ်တယ် အရမ်းအတင့်ရဲတယ်”
ချန်ကျဲ့မှ မေးသည်။
“သူတို့ရဲ့ခေါင်းဆောင်က ဘယ်သူလဲ”
ရွေ့ရွေ့မှ ပြောသည်။
“ဆရာဟွားပါ”
“ဟမ်?”
တတိယသခင်မလေးဟွားလား? ချန်ကျဲ့ နားမလည်နိုင်ဖြစ်သွားပြီး စူးယွင်ကျင်းကို ကြည့်လိုက်သည်။ စူးယွင်ကျင်းမှ ပြောသည်။
“လွန်ခဲ့တဲ့ရက်အနည်းငယ်က အစ်မဟွား ကျွန်မကို လာကြည့်တာ။ အစ်မဟွားက ကျွန်မတို့ စာသင်ကျောင်းက စိတ်ဝင်စားဖို့ကောင်းတယ်လို့ တွေးမိပြီး သိုင်းပညာအတန်းကို တာဝန်ယူသင်ပေးမယ်တဲ့”
“အစ်မဟွားက ရွေ့ရွေ့က ရှင့်ရဲ့ခယ်မဖြစ်တာကြောင့် ယာယီပဲဆိုပေမဲ့ ရွေ့ရွေ့ကို ဆရာတူအစ်မကြီးလို့ သတ်မှတ်ပေးခဲ့တယ်လေ။ အဲဒီနောက်တော့ အစ်မဟွားက ပြောတယ်၊ သူ့အတန်းထဲမှာ အားနည်းသူကို အနိုင်ကျင့်ခွင့်မပြုဘူး၊ ဒါပေမဲ့ အားကြီးသူကိုတော့ အနိုင်ကျင့်ခွင့်ရှိတယ်တဲ့”