← Chapters

အခန်း (၄၇၆)

Vol. 37 Ch. 476

အခန်း (၄၇၆)

Vol. 37 Ch. 476

“ဥပမာ တစ်ယောက်ယောက်က ဆရာတူအစ်မကို ငိုအောင်လုပ်ခဲ့ရင် အစ်မဟွားက သူတို့ကို အပြစ်မပေးဘဲ ဆုချတယ်”

ထိုအခါ ချန်ကျဲ့သည် စူးယွင်ကျင်းကို ကြည့်လိုက်ပြီး ပြောသည်။

“ရှင်မ၊ ရွေ့ရွေ့ မကြာခဏ အနိုင်ကျင့်ခံရတယ်ဆိုတာ ဘာကိုပြောတာလဲ။ မင်းကရော မတားဘူးလား”

စူးယွင်ကျင်းမှ ခါးသီးစွာသော မျက်နှာအမူအရာဖြင့် ပြန်ဖြေသည်။

“ရွေ့ရွေ့ကိုယ်တိုင် သဘောတူထားတာမို့လို့ တားလို့မရဘူး”

“ဟင် ရွေ့ရွေ့က သဘောတူထားတာလား”

ချန်ကျဲ့ ရွေ့ရွေ့ကို အံ့အားသင့်စွာ ကြည့်လိုက်သည်။ ရွေ့ရွေ့မှ ပြောသည်။

“အင်း ရွေ့ရွေ့သဘောတူထားတာ။ ရွေ့ရွေ့ထက် အသက်ကြီးတဲ့သူတွေက လွဲပြီးတော့ တခြားသူတွေနဲ့ ရွေ့ရွေ့တိုက်ခိုက်နိုင်တယ်။ အရမ်းအသက်ကြီးတဲ့သူတွေကိုတော့ ဆရာဟွားက ပြောထားတယ်၊ ရွေ့ရွေ့ အသက်၁၀နှစ်ပြည့်တော့မှ တိုက်ခိုက်နိုင်မယ်တဲ့။ အခု ရွေ့ရွေ့က ဆရာဟွားဆီကနေ အများကြီးသင်ယူပြီးနေပြီ”

“ဒါနဲ့ အစ်ကိုကြီး၊ ရွေ့ရွေ့က အများကြီးသန်မာနေပြီ”

ရွေ့ရွေ့သည် ချန်ကျဲ့၏ဘေးမှ ထိုင်ခုံကို လက်တစ်ဖက်တည်းဖြင့် အေးအေးလူလူပင် ပင့်မြှောက်ပြသည်။

ဟမ်??

ချန်ကျဲ့ အံ့အားသင့်သွား၏။

ဒီမိသားစုရဲ့ ဆည်းလည်းလေးက ဘယ်တုန်းကများ ဒီလောက်အထိ သန်မာသွားရတာလဲ။ ဒီအင်အားမျိုးက ၅နှစ်ခွဲအရွယ်တစ်ယောက်မှာ ရှိနိုင်တဲ့ အင်အားမျိုးမဟုတ်ဘူး။

ချန်ကျဲ့ ရွေ့ရွေ့ကို ကြည့်လိုက်ပြီး မေးသည်။

“ရွေ့ရွေ့က ဘယ်တုန်းက အဲဒီလောက်သန်မာလာတာလဲနော်”

ရွေ့ရွေ့မှ ပြန်ဖြေသည်။

“ဆရာဟွားက ရွေ့ရွေ့ကို ဘယ်သူမဆို အနိုင်ကျင့်လို့ရတယ်လို့ ပြောလိုက်တဲ့နေ့ကပါ။ ဆရာဟွားက ရွေ့ရွေ့ကို သူများတွေမသိအောင် ဝါညစ်ညစ်ရောင်ဆေးတစ်လုံးကျွေးတယ်။ ပြီးတော့ အသက်ရှုနည်းသင်ပေးတယ်။ ပြီးတော့ကျ ရွေ့ရွေ့ ဒီလိုဖြစ်သွားတာပဲ”

ထိုအခါ ချန်ကျဲ့ အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ စူးယွင်ကျင်းမှ ပြောသည်။

“ဟုတ်တယ်၊ ထိုက်ဆွေ့ဆေးလုံး”

စူးယွင်ကျင်းသည် ထိုက်ဆွေ့ဆေးလုံးကို သောက်ဖူးသည်။ သို့သော် ရွေ့ရွေ့သည် မသောက်ဖူးပေ။ မမျှော်လင့်စွာဖြင့် တတိယသခင်မလေးဟွားသည် သူမ၏ထိုက်ဆွေ့ဆေးလုံးကို ရွေ့ရွေ့ကို ပေးလိုက်၏။ တတိယသခင်မလေးဟွားသည် ရွေ့ရွေ့ကို အတော်လေး နှစ်ခြိုက်သဘောကျပုံရပေသည်။

သို့သော် ရွေ့ရွေ့၏အသက်အရွယ်တွင် ထိုက်ဆွေ့ဆေးလုံးသောက်သုံးခြင်းသည် ဆေးအာနိသင်၏ တစ်စိတ်တစ်ပိုင်းကိုသာ စုပ်ယူနိုင်သည်။ အများစုသည် အလဟသဖြစ်သွားကာ သင့်တင့်သည့် အခြေခံအုတ်မြစ်ကိုသာ တည်ဆောက်ပေးနိုင်သည်။ ချန်ကျဲ့သည် မူလက ရွေ့ရွေ့ကို တခြားနည်းလမ်းသုံး၍ အခြေခံအုတ်မြစ် တည်ဆောက်ပေးလိုခဲ့ခြင်း ဖြစ်သည်။

သို့သော် တတိယသခင်မလေးဟွားသည် ထိုက်ဆွေ့ဆေးလုံးကို အသုံးပြုရန် ရွေးချယ်ခဲ့လေရာ သူတို့သည်လည်း တတိယသခင်မလေးဟွား၏ ဦးဆောင်မှုအတိုင်း လိုက်နာသင့်ပေသည်။

တတိယသခင်မလေးဟွားက ရွေ့ရွေ့ကို တစ်တန်းလုံး အနိုင်ကျင့်ခွင့်ပေးထားတာ မထူးဆန်းတော့ပါဘူး။ ပြီးတော့ အတန်းထဲမှာ အသက်အကြီးဆုံးက ငါ့ရဲ့မွေးစားသား စွင်းယုံဖြစ်လိမ့်မယ်။

စွင်းယုံသည် ရွေ့ရွေ့အား ပစ်မှတ်ထားအနိုင်ကျင့်ခြင်းတွင် မပါဝင်လောက်ပေ။ တကယ်တမ်းတွင် စွင်းယုံသည် ရွေ့ရွေ့ကို ကာကွယ်ပေးနေလောက်သည်။

ချန်ကျဲ့သည် ထိုသို့တွေးတောလျက် ရွေ့ရွေ့ကိုကြည့်ပြီး ပြောသည်။

“ရွေ့ရွေ့က ဘာလို့ ဆရာဟွားပြောတာကို သဘောတူလိုက်တာလဲ”

ရွေ့ရွေ့မှ ပြန်ပြောသည်။

“ဘာလို့ဆို ဆရာဟွားက ရွေ့ရွေ့က သူတို့အားလုံးကို အနိုင်ယူနိုင််တယ်လို့ ပြောလို့လေ။ ရွေ့ရွေ့က သူတို့ရဲ့ဆရာတူအစ်မကြီးဖြစ်လာနိုင်ပြီး သူတို့က ရွေ့ရွေ့ရဲ့စကားကို နားထောင်ရလိမ့်မယ်တဲ့။ ပြောင်းပြန််အနေနဲ့ တစ်ယောက်ယောက်က ရွေ့ရွေ့ကို အနိုင်ရပြီး တခြားကလေးတွေ ပူးပေါင်းတိုက်ခိုက်တာကို ခံနိုင်ရည်ရှိရင် အဲဒီလူက ရွေ့ရွေ့တို့ရဲ့ ဆရာတူအစ်ကိုကြီး၊ အစ်မကြီး ဖြစ်လာနိုင်တယ်တဲ့။ သူက ရွေ့ရွေ့တို့ကို အမိန့်ပေးနိုင်လိမ့်မယ်”

“ရွေ့ရွေ့က ဆရာတူအစ်မကြီးဖြစ်လာချင်တယ်။ သူတို့အားလုံး ရွေ့ရွေ့ရဲ့စကားကို နားထောင်စေချင်တယ်”

ရွေ့ရွေ့သည် လက်နှစ်ဖက်လုံးဖြန့်ကျက်ပြောနေခဲ့ကာ မျက်လုံးအစုံသည် တောက်ပလင်းလက်နေသည်။

တတိယသခင်မလေးဟွားသည် ပြိုင်ဆိုင်လိုစိတ်ပြင်းထန်ကြောင်း ချန်ကျဲ့နားလည်ပါသည်။ ဆရာတူအစ်ကိုကြီး၊အစ်မကြီး ဖြစ်လာခြင်းဟူသည် အားလုံးကို အနိုင်ယူပြီး မငြင်းဆန်နိုင်သည့် ခေါင်းဆောင်တစ်ဦး ဖြစ်လာစေခြင်းဖြစ်သည်။

၎င်းနည်းလမ်းသည် စာသင်ကျောင်းတစ်ကျောင်းတွင် တွေ့ရှိသင့်သည်ထက် ဓားပြဂိုဏ်းတစ်ဂိုဏ်းတွင် တွေ့ရတတ်သည့် နည်းလမ်းမျိုးဟု ဆိုနိုင်ပေသည်။

သို့တိုင် ၎င်းနည်းလမ်းမှာ မှားယွင်းနေသည်ဟု မဆိုနိုင်ပါချေ။ ဤသို့ရှုပ်ထွေးသည့် ခေတ်ကာလမျိုး၌ သိုင်းပညာရှင်တစ်ဦးအနေဖြင့် အသက်ရှင်သန်နည်းကို ဦးစွာ သင်ယူသင့်သည်။

ဤနည်းလမ်းသည် ထူးချွန်သည့် ပါရမီရှင်တစ်သုတ်ကို အမှန်တကယ်ပင် ပျိုးထောင်ပေးနိုင်ပေလိမ့်မည်။

ချန်ကျဲ့မှ ပြောသည်။

“အင်း အရမ်းကောင်းတယ်။ အစ်ကိုကြီးလည်း ရွေ့ရွေ့က ဆရာတူအစ်မကြီးဖြစ်လာဖို့ အားပေးနေပါတယ်”

“တကယ်လား၊ ကျေးဇူးတင်ပါတယ် အစ်ကိုကြီး”

ရွေ့ရွေ့သည် အလွန်ပျော်ရွှင်သွားခဲ့သည်။ သူမသည် ချန်ကျဲ့၏အားပေးမှုကြောင့် အလွန်အားတက်သွားခဲ့၏။

ထိုအခါ စူးယွင်ကျင်းမှ ပြောသည်။

“ယောကျ်ား ဒါက သင့်တော်ပါ့မလား”

ချန်ကျဲ့မှ ပြောသည်။

“ဘာမသင့်တော်စရာရှိလို့လဲ? ဒီလိုအချိန်မှာ ကျောင်းသားတွေအနေနဲ့ ဝံပုလွေလို စိတ်ဓာတ်မျိုး နည်းနည်းရှိဖို့လိုတယ်”

“အဲဒီလိုစည်းမျဉ်းမျိုးကို မချိုးနှိမ်ဘဲ ချီးမြှောက်ပေးသင့်တယ်။ အနာဂတ်မှာ အဲဒီဆရာတူအစ်ကိုကြီး၊အစ်မကြီးကို အတန်းခေါင်းဆောင်လုပ်ခိုင်းပြီးတော့ ဆရာကို ကူညီပြီး ကျောင်းသားတွေကို စီမံခိုင်းလို့ရတယ်”

ထိုအခါ စူးယွင်ကျင်းသည် များများစားစားမပြောတော့ဘဲ ခေါင်းညိတ်လိုက်သည်။

“ဒါဆို ယောကျ်ားပြောတဲ့အတိုင်း လိုက်နာပါ့မယ်”

ချန်ကျဲ့ ရယ်မောလိုက်ပြီး ပြောသည်။

“ကိုယ့်ကိုယုံကြည်ပေးလို့ ကျေးဇူးတင်ပါတယ် ရှင်မ”

သူတို့နောက်ပြောင်ကျီစယ်နေစဉ် အစားအသောက်များ တည်ခင်းပြီးသွားသည်။ ထိုစဉ် စူးယွင်ကျင်းမှ ပြောသည်။

“ယောကျ်ား ကျွန်မ ရှင်နဲ့ ဆွေးနွေးချင်တာလေးရှိတယ်”

ချန်ကျဲ့မှ ပြောသည်။

“အို ပြောလေ”

စူးယွင်ကျင်းမှ ပြောသည်။

“နောက်၅ရက်နေရင် အရှေ့မြို့ဘုရားကျောင်းမှာ ပွဲတော်ရှိတယ်။ ညဘက်မှာ မီးပုံးထွန်းကြမှာ။ ရွေ့ရွေ့နဲ့ တခြားသူတွေလည်း သွားကြည့်ချင်နေကြလို့ ယောကျ်ား ဘယ်လိုသဘောရလဲ မေးချင်လို့ပါ”

ချန််ကျဲ့မှ ပြန်ပြောသည်။

“အို ဒါပဲလား? ရတာပေါ့။ ရှောင်ဟူက မင်းတို့ကို လိုက်ပို့ပေးလိမ့်မယ်။ စွမ်းအင်ပြောင်းလဲခြင်းအဆင့်သိုင်းပညာရှင်တစ်ယောက် လိုက်စောင့်ရှောက်ပေးတော့ အန္တရာယ်ဖြစ်မှာ မစိုးရိမ်ရတော့ဘူးပေါ့”

စူးယွင်ကျင်းမှ ပြောသည်။

“ကောင်းပါပြီ။ ယောကျ်ားကို အလုပ်ရှုပ်စေမိပါပြီ”

ချန်ကျဲ့မှ ပြန်ပြောသည်။

“ကိစ္စမရှိပါဘူး။ ကိုယ်တို့ မျန့်ရွှေမြို့ကိုရောက်တာ အခုဆို အချိန်အတော်ကြာနေပြီ။ ကိုယ် မင်းကို မြို့ရှုခင်းတွေ တစ်ခါမှ လိုက်မပြရသေးဘူး။ ဒီအခွင့်အရေးမှာ ပွဲတော်ကို အတူတူဝင်ပျော်ကြတာပေါ့။ အဲဒီနေ့ အချိန်အားခဲ့ရင် ကိုယ်လည်းအတူလိုက်ပြီး မင်းကို အဖော်ပြုပေးပါ့မယ်”

“ကျေးဇူးတင်ပါတယ် ယောကျ်ား”

စူးယွင်ကျင်းသည် ချိုမြိန်စွာ ပြုံး၏။

ထိုစဉ် အပြင်ဘက်မှ ခြေသံများကို ကြားလိုက်ရသည်။ ထို့နောက်တွင် စစ်ရှီး အပြေးရောက်လာပြီး ချန်ကျဲ့ကို အရိုအသေပြုသည်။

“ခန်းမအရှင်သခင်”

“ စစ်ရှီး ဘာကိစ္စလဲ”

စစ်ရှီးမှ ပြန်ပြောသည်။

“ခန်းမအရှင်သခင်၊ စီရင်စုအုပ်ချုပ်ရေးမှူးအိမ်တော်က လူတစ်ယောက်ရောက်လာပါတယ်။ ခန်းမအရှင်သခင်နဲ့ ကိစ္စအချို့ဆွေးနွေးဖို့ ဖိတ်ခေါ်နေပါတယ်”

“အိမ်တော်မှာ ကိစ္စတချို့ဆွေးနွေးမယ်?”

ချန်ကျဲ့ တွေဝေသွား၏။ စူးယွင်ကျင်းမှ ချန်ကျဲ့ကိုကြည့်လာပြီး မေးသည်။

“ယောကျ်ား ပြဿနာတစ်ခုခုတက်နေတာတော့ မဟုတ်ပါဘူးနော်”

ချန်ကျဲ့မှ ရယ်မောလျက် ပြောသည်။

“ဘာမှမဖြစ်ပါဘူး။ ကိုယ်သွားကြည့်လိုက်မယ်”

သို့ဖြင့် ချန်ကျဲ့ ထွက်ခွာသွားသည်။ ထိုအခါ စူးယွင်ကျင်းမှ ပြောသည်။

“ယောကျ်ား ရှင် ဘာမှမစားရသေးဘူးလေ”

ချန်ကျဲ့ ပြန်လှည့်ကြည့်လိုက်ပြီး ပြောသည်။

“ရှင်မ မင်းအရင်စားနှင့်လိုက်ပါ”

ထိုသို့ပြောပြီးနောက် ချန်ကျဲ့သည် ဆက်လက်ထွက်ခွာသည်။ သို့သော် ခြေလှမ်းအနည်းငယ်မျှ လှမ်းပြီးနောက်တွင် ရပ်သွားခဲ့ပြီး ပြောသည်။

“ဒါနဲ့ ဟုန််မိန်၊ ချွေ့ကျူ၊ သခင်မ အစားသေချာစားပါစေ။ သူ သေချာ မစားသောက်ရင် ငါပြန်လာရင် မင်းတို့နှစ်ယောက်ကို အပြစ်ပေးမယ်”

“ဟုတ်ကဲ့ပါ ခန်းမအရှင်သခင်”

ချန်ကျဲ့ လှည့်ထွက်သွား၏။ ထိုအခါ ဟုန်မိန်နှင့် ချွေ့ကျူတို့သည် စူးယွင်ကျင်းကို ကြည့်လျက် ပြောသည်။

“သခင်မ ကျေးဇူးပြုပြီး တစ်ခုခုစားလိုက်ပါ။ မဟုတ််ရင် ကျွန်မတို့ တကယ် အပြစ်ပေးခံရလိမ့်မယ်”

All Chapters