အခန်း (၂၁၁)
Vol. 22 Ch. 211
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၂၁၁
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
ယဇ်ပလ္လင်ပေါ်မှ မီးကြီးသည် ပြင်းထန်စွာ တောက်လောင်နေသည်။ ယဇ်ပလ္လင်အောက်ရှိ ဘုန်းတော်ကြီး ဒါဇင်ပေါင်းများစွာသည် ပိုမိုရိုင်းစိုင်းစွာ ကခုန်နေကြပြီး သူတို့၏ မန္တန်ရွတ်သံများသည် ငရဲမှ လေတိုးသံများကဲ့သို့ ပို၍ ထိတ်လန့်ဖွယ် ကောင်းလာသည်။ ချက်ချင်းဆိုသလိုပင် ယဇ်ပလ္လင်ပေါ်ရှိ မီးကြီးသည် အရောင်စတင် ပြောင်းလဲလာသည်။
အနီရောင်မှ ခရမ်းရောင် ၊ နောက်ဆုံးတွင် ညဉ့်နက်ရောင်နှင့် လုံးဝ ပေါင်းစပ်သွားလိုသကဲ့သို့ တစ်ခါမှ မမြင်ဖူး ၊ မကြားဖူးသော အနက်ရောင်မီးလျှံများအဖြစ်သို့ ပြောင်းလဲသွားသည်။ ဤနေရာတွင် ရှိနေသော ဒေသခံစော်ဘွား ဒါဇင်ပေါင်းများစွာ၏ မျက်နှာများ အကြီးအကျယ် ပြောင်းလဲသွားပြီး မီးနတ်ဘုရားဘာသာ ဘုန်းတော်ကြီးအကြီးအကဲ တစ်ပါးက တုန်ရီသော အသံဖြင့် ပြောလိုက်သည်။
“နိမိတ်စကားထဲက အနက်ရောင်မီးလျှံတွေ ပေါ်လာပြီ။ အနက်ရောင်မီးလျှံတွေ ပေါ်လာပြီ။”
လူတိုင်း၏ စိတ်ထဲတွင် တုန်လှုပ်သွားကြပြီး ဤမြင်ကွင်းကို မယုံကြည်နိုင်စွာ စိုက်ကြည့်နေကြသည်။ ဤမီးနတ်ဘုရားဘာသာ နိမိတ်စကားသည် အင်ပါယာ၏ အနောက်တောင်ဘက် ဒေသတစ်လျှောက်တွင် လွန်ခဲ့သော နှစ်ပေါင်း နှစ်ရာ ၊ သုံးရာခန့်ကတည်းက ပျံ့နှံ့နေခဲ့ခြင်း ဖြစ်သည်။
“အနက်ရောင်မီးလျှံ ဆင်းသက်လာမယ်။ သေဆုံးပြီး ပြန်လည်မွေးဖွားမယ်။ ကမ္ဘာကြီးကို ပြောင်းလဲပြီး ယန်တိုင်းပြည်က အထွတ်အထိပ်ကနေ အားလုံးကို စိုးမိုးမယ်။”
မီးနတ်ဘုရားဘာသာသည် အနောက်ဘက်ဒေသမှ မြစ်ဖျားခံလာခြင်း ဖြစ်ပြီး ထိုဒေသရှိ နိုင်ငံပေါင်း တစ်ဒါဇင်ကျော်၏ နိုင်ငံတော်ဘာသာအဖြစ် သတ်မှတ်ခံထားရကာ မိုင်ထောင်ပေါင်းများစွာ ကျယ်ဝန်းသော နယ်မြေကို အုပ်ချုပ်ထားသည်။ တရုတ်ပြည်မကြီးထဲသို့ ဝင်ရောက်လာပြီးနောက် မီးနတ်ဘုရားဘာသာသည် တော်ဝင်မိသားစု ၊ အရပ်ဘက်အရာရှိများ ၊ စစ်ဗိုလ်ချုပ်များနှင့် အခြားသော အာဏာရှိအုပ်စုများ၏ ပူးပေါင်းနှိမ်နင်းခြင်းကို ခံခဲ့ရသဖြင့် ယင်း၏ ဖွံ့ဖြိုးတိုးတက်မှုမှာ ချောမွေ့ခြင်း မရှိခဲ့ပေ။
သို့သော် စတုရန်းကီလိုမီတာ တစ်သန်းနီးပါး ကျယ်ဝန်းသော အင်ပါယာ၏ အနောက်တောင်ဘက် စော်ဘွားမဟာမိတ်အဖွဲ့ နယ်မြေတွင်မူ အကြီးအကျယ် ထွန်းကားခဲ့သည်။ အထူးသဖြင့် လီရူဟိုင်၏ ထောက်ပံ့မှုဖြင့် မီးနတ်ဘုရားဘာသာမှ ဘုန်းတော်ကြီးများသည် အလွန်မြင့်မားသော အာဏာကို ရရှိထားကြသည်။ ထို့အပြင် ဤနိမိတ်စကားသည် လွန်ခဲ့သော နှစ်ပေါင်း ၂၇၀ ခန့်က စတင်ပျံ့နှံ့လာခဲ့သည်။ ထိုအချိန်က ကမ္ဘာကြီးသည် ဖရိုဖရဲဖြစ်နေပြီး အာဏာလုနေချိန် ဖြစ်သည်။ အနောက်တောင်ဘက်ရှိ မီးနတ်ဘုရားဘာသာနှင့် ဆက်နွှယ်နေသော အင်အားစုများသည် ဤနိမိတ်စကားကို အခွင့်ကောင်းယူ၍ ကမ္ဘာကြီးကို သိမ်းပိုက်ရန် တပ်လှန့်ခဲ့ကြသည်။
သို့သော် တာ့နင်မင်းဆက်၏ ပထမဧကရာဇ်သည် ကြီးမားသော မျှော်မှန်းချက်နှင့် မဟာဗျူဟာ ရှိသူဖြစ်ပြီး ဆယ်စုနှစ်တစ်ခု ကျော်ကာလအတွင်း ကမ္ဘာကြီးကို စည်းလုံးညီညွတ်အောင် လုပ်ဆောင်နိုင်ခဲ့သည်။ ထိုအခါ မီးနတ်ဘုရားဘာသာ၏ အင်အားစုများ ငြိမ်သက်သွားခဲ့ပြီး ဤနိမိတ်စကားသည်လည်း တိတ်ဆိတ်သွားခဲ့သည်။
သို့သော် အကြောင်းရင်း တစ်စုံတစ်ရာကြောင့် လွန်ခဲ့သော ဆယ်စုနှစ် တစ်ခုခန့်က ဤနိမိတ်စကားသည် ပြန်လည်ပျံ့နှံ့လာခဲ့ပြီး အင်ပါယာ၏ အနောက်တောင်ဘက် ဒေသတစ်ခုလုံးတွင် ကျယ်ကျယ်ပြန့်ပြန့် သိရှိလာခဲ့ကြသည်။ သို့သော် နိမိတ်စကားတွင် ဟောကိန်းထုတ်ထားသော အဖြစ်အပျက်များ တစ်ခါမှ ဖြစ်ပျက်မလာခဲ့ပေ။
ယခုတွင် အနက်ရောင်မီးလျှံများသည် ယဇ်ပလ္လင်ပေါ်တွင် အမှန်တကယ် ပေါ်လာခဲ့သည်။ ဤသည်မှာ ရာစုနှစ်ချီ ကြာမြင့်နေသော နိမိတ်စကား၏ ပထမစာကြောင်း ဖြစ်သည်။ ထို့ကြောင့် မည်သို့ မထိတ်လန့်ဘဲ နေမည်နည်း။ သို့သော် အနက်ရောင်မီးလျှံများ ရှိရုံမျှဖြင့် ထိတ်လန့်ရန် မလုံလောက်သေးပေ။ အဂ္ဂိရတ်ပညာ နည်းလမ်းအချို့ဖြင့် အနက်ရောင်မီးလျှံများကို အောင်မြင်စွာ ဖန်တီးနိုင်ကောင်း ဖန်တီးနိုင်ပေလိမ့်မည်။
ဤနိမိတ်စကား၏ သော့ချက်မှာ သူတော်စင်မလေး ပြန်လည်မွေးဖွားလာခြင်း ဖြစ်သည်။ ရာစုနှစ်များစွာ တိုင်အောင် မီးနတ်ဘုရားဘာသာ၏ ရိုးရာဓလေ့မှာ မီးသင်္ဂြိုဟ်ခြင်း ဖြစ်သည်။ လူတစ်ယောက် သေဆုံးပြီးနောက် သူတို့၏ ခန္ဓာကိုယ်ကို ယဇ်ပလ္လင်ပေါ်ရှိ မီးကြီးထဲတွင် တိုက်ရိုက် မီးရှို့ပစ်လေ့ ရှိသည်။ နိမိတ်စကားထဲတွင် လူတစ်ဦးသည် သေဆုံးပြီးနောက် မီးကြီးထဲမှ ပြန်လည်မွေးဖွားလာမည် ဖြစ်ပြီး ထိုသူသည် မီးနတ်ဘုရား ရွေးချယ်ထားသော တမန်တော် ဖြစ်လိမ့်မည် ဟု ဆိုထားသည်။ သူမသည် မီးနတ်ဘုရားဘာသာ၏ အမြင့်ဆုံးခေါင်းဆောင် ဖြစ်လာမည်ဖြစ်ပြီး ဘုန်းတော်ကြီး ဖြစ်စေ ၊ မင်းညီမင်းသားနှင့် စစ်ဗိုလ်ချုပ်များ ဖြစ်စေ လူတိုင်းသည် သူမ၏ အမိန့်ကို နာခံရမည် ဖြစ်သည်။
ထို့နောက် ဘုရားသခင်၏ တမန်တော် ဆင်းသက်လာသောအခါ မီးနတ်ဘုရားဘာသာသည် ကမ္ဘာကြီးကို စည်းလုံးညီညွတ်အောင် လုပ်ဆောင်ပြီး ယန်အင်ပါယာကို တည်ထောင်မည့်အချိန် ရောက်ရှိလာမည် ဖြစ်သည်။
ယခုတွင် အနက်ရောင်မီးလျှံများ ပေါ်လာပြီ ဖြစ်ရာ နိမိတ်စကား၏ ကျန်အပိုင်းများကော မည်သို့ ရှိမည်နည်း။
ခန်းမတစ်ခုလုံးသည် အနက်ရောင်မီးလျှံများကို စိုက်ကြည့်ရင်း သေလုမတတ် တိတ်ဆိတ်နေသည်။ ရုတ်တရက် အနီရောင်ပုံရိပ်တစ်ခုသည် အနက်ရောင်မီးလျှံများကြားမှ ဖြည်းညှင်းစွာ ထွက်ပေါ်လာသည်။
သူမ၏ ကိုယ်နေဟန်ထားသည် တောင်တန်းများကဲ့သို့ နှိုင်းယှဉ်၍မရအောင် လှပပြီး ဆွဲဆောင်မှုရှိသော မှော်အစွမ်းများဖြင့် ပြည့်နှက်နေသည်။ ချက်ချင်းပင် ခြေဗလာနှင့် အမျိုးသမီးသည် အနက်ရောင်မီးလျှံများကြားမှ ဖြည်းညှင်းစွာ လျှောက်လှမ်းထွက်လာသည်။ သူမ၏ အနီရောင်ဂါဝန်သည် မီးတောက်ကဲ့သို့ တောက်ပနေသည်။
သူမ၏ ရင်သပ်ရှုမောဖွယ် လှပသော မျက်နှာသည် မြင်လိုက်ရသူတိုင်းကို ဤမျှ လှပသော လူတစ်ယောက် ဤကမ္ဘာပေါ်တွင် ရှိနိုင်ပါ့မလားဟု မယုံနိုင်အောင် ဖြစ်စေသည်။ သေဆုံးသွားပြီဖြစ်သော လီချန်ချန်သည် လူတိုင်း၏ ရှေ့မှောက်တွင် အမှန်တကယ် ပြန်လည် အသက်ရှင်လာပြီး ယခင်ကထက် ပိုမို လှပလာသည်။ ခန်းမတစ်ခုလုံး အံ့အားသင့်ကာ ရှိုက်သံများ ထွက်ပေါ်လာပြီး ပြင်းထန်စွာ တုန်လှုပ်သွားကြသည်။
နိမိတ်စကားထဲက အဖြစ်အပျက်များသည် တကယ် ဖြစ်လာလေ၏။ သူမသည် အမှန်တကယ် သေဆုံးပြီးနောက် မီးနတ်ဘုရား မီးလျှံထဲတွင် ပြန်လည်မွေးဖွားလာခဲ့သည်။ အံ့ဖွယ်ပါတကား။ အံ့ဖွယ်ပါတကား။
ဤသည်မှာ ကောင်းကင်ဘုံ၏ အလိုဆန္ဒ အစစ်အမှန် ဖြစ်ပြီး မီးနတ်ဘုရားထံမှ အံ့ဖွယ်တစ်ခု ဖြစ်သည်။ လူတိုင်းသည် လီချန်ချန် သေဆုံးသွားသည်ကို ရှင်းရှင်းလင်းလင်းကြီး မြင်တွေ့ခဲ့ကြသည်။ သူမ၏ နှလုံးသည် အပေါက်ကြီးတစ်ခု ဖြစ်အောင် ထိုးဖောက်ခံခဲ့ရပြီး အသက်ရှူသံ လုံးဝ မရှိတော့ဘဲ သေဆုံးသွားခဲ့သည်။
ရာနှင့်ချီသော ၊ ထောင်နှင့်ချီသော လူများသည် ဤအရာကို သက်သေပြနိုင်သည်။ ယခုတွင် သူမသည် လူတိုင်း၏ ရှေ့မှောက်တွင် အသက်ရှင်လျက် အမှန်တကယ် ပေါ်လာခဲ့သည်။ ထို့အပြင် ဖီးနစ်ငှက် မီးလျှံထဲမှ ပြန်လည်မွေးဖွားခြင်း ကဲ့သို့ပင် သူမသည် ယခင်နှင့် မတူတော့ဘဲ ပိုမို လှပလာကာ မှော်ဆန်မှုများဖြင့် ပြည့်နှက်နေသည်။ နမိတ်စကားထဲမှ သေဆုံးပြီး ပြန်လည်မွေးဖွားလာသော သူတော်စင်မလေး ပေါ်ထွက်လာပြီ ဖြစ်သည်။ မီးနတ်ဘုရား၏ တမန်တော် ပေါ်ထွက်လာပြီ ဖြစ်သည်။
လီမိသားစု စော်ဘွား လီရူဟိုင်သည် အိပ်မက်မှ လန့်နိုးသွားသကဲ့သို့ ချက်ချင်း ဒူးထောက်လိုက်ပြီး ပြောလိုက်သည်။ “မီးနတ်ဘုရားစုန်းမကို ဂါရဝပြုပါတယ်။”
ချက်ချင်းဆိုသလိုပင် မီးနတ်ဘုရားဘာသာမှ ဘုန်းတော်ကြီးအကြီးအကဲများနှင့် ဘုန်းတော်ကြီး အားလုံး ဒူးထောက်လိုက်ကြပြီး ပြောလိုက်သည်။
“မီးနတ်ဘုရားစုန်းမကို ဂါရဝပြုပါတယ်။”
ဤမီးနတ်ဘုရားစုန်းမသည် ခန်းမထဲရှိ လူတိုင်းကို ကြည့်လိုက်သည်။ သူမ၏ မျက်ဝန်းများသည် လူတို့၏ နှလုံးသားကို ထိုးဖောက်မြင်နိုင်စွမ်း ရှိပြီး ထိုမှော်အစွမ်းသည် လူတို့၏ လိပ်ပြာလွင့်မတတ် ဖြစ်စေသည်။ ဒေသခံစော်ဘွား အားလုံးသည် သူမကို တစ်ချက်မျှသာ ကြည့်ရဲကြပြီး သူမ၏ အကြည့်ကို ရင်ဆိုင်ရန် လုံးဝ ဆန္ဒမရှိကြဘဲ ချက်ချင်း ဒူးထောက် ဦးခိုက်ကာ ပြောလိုက်ကြသည်။
“မီးနတ်ဘုရားစုန်းမကို ဂါရဝပြုပါတယ်။”
မီးနတ်ဘုရားစုန်းမက ဖြည်းညှင်းစွာ ပြောလိုက်သည်။ “ကမ္ဘာကြီးကို ပြောင်းလဲပြီး ယန်တိုင်းပြည်က အထွတ်အထိပ်ကနေ စိုးမိုးမယ်။”
သူမ၏ အသံသည် နတ်သမီး တေးသွားကဲ့သို့ ၊ မိစ္ဆာရွတ်ဆိုသံကဲ့သို့ လူတို့၏ နှလုံးသား နက်ရှိုင်းရာမှ ထွက်ပေါ်လာပုံရပြီး အတိုင်းအဆမရှိ ဆွဲဆောင်မှု ရှိသော်လည်း နှိုင်းယှဉ်၍ မရနိုင်လောက်အောင် အန္တရာယ်များလှသည်။
လီရူဟိုင် ဦးခိုက်ကာ ဟိန်းဟောက်လိုက်သည်။ “ကမ္ဘာကြီးကို ပြောင်းလဲပြီး ယန်တိုင်းပြည်က အထွတ်အထိပ်ကနေ စိုးမိုးမယ်။”
မီးနတ်ဘုရားဘာသာ ဘုန်းတော်ကြီးများ အားလုံး ဟိန်းဟောက်လိုက်ကြသည်။ “ကမ္ဘာကြီးကို ပြောင်းလဲပြီး ယန်တိုင်းပြည်က အထွတ်အထိပ်ကနေ စိုးမိုးမယ်။”
ဒေသခံစော်ဘွား အားလုံးသည် ခေတ္တမျှ တုံ့ဆိုင်းနေပြီးနောက် လိုက်ပါ ဟိန်းဟောက်လိုက်ကြသည်။ “ကမ္ဘာကြီးကို ပြောင်းလဲပြီး ယန်တိုင်းပြည်က အထွတ်အထိပ်ကနေ စိုးမိုးမယ်။”
ရာပေါင်းများစွာ ၊ ထောင်ပေါင်းများစွာသော လူများသည် တညီတညွတ်တည်း အော်ဟစ်လိုက်ကြသည်။
“ကမ္ဘာကြီးကို ပြောင်းလဲပြီး ယန်တိုင်းပြည်က အထွတ်အထိပ်ကနေ စိုးမိုးမယ်။”
ဤအချိန်တွင် တာ့နင်အင်ပါယာ၏ အနောက်တောင်ဘက် ဒေသသည် ကြီးမားသော ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်ရန် နှုတ်ခမ်းဝသို့ ရောက်ရှိနေပြီ ဖြစ်သည်။ မီးနတ်ဘုရားဘာသာတွင် ခေါင်းဆောင်သစ် တစ်ဦး ရှိလာပြီဖြစ်ပြီး ကမ္ဘာကြီးကို စည်းလုံးညီညွတ်အောင် လုပ်ဆောင်ကာ မီးနတ်ဘုရားအင်ပါယာ တည်ထောင်မည့် လမ်းကြောင်းပေါ်သို့ လျှောက်လှမ်းတော့မည် ဖြစ်သည်။
ကြီးမြတ်သော အချိန်ကာလ ရောက်ရှိလာပြီ ဖြစ်သည်။ မီးနတ်ဘုရားဘာသာသည် နောက်တစ်ကြိမ် အာဏာလုရန် ကြိုးပမ်းလာပြီ ဖြစ်သည်။ လီရူဟိုင် အလွန်အမင်း ပျော်ရွှင်နေသည်။ သူသည် ဤနေ့ရက်အတွက် ဆယ်စုနှစ်များစွာ စီစဉ်ခဲ့ခြင်း ဖြစ်သည်။ ယနေ့တွင် ဖရိုဖရဲ ဖြစ်နေခဲ့သော အနောက်တောင်ဘက် စော်ဘွားမဟာမိတ်အဖွဲ့သည် မီးနတ်ဘုရားဘာသာအောက်တွင် ၊ မီးနတ်ဘုရား၏ တမန်တော် အမြင့်ဆုံးခေါင်းဆောင် မီးနတ်ဘုရားစုန်းမ အောက်တွင် ပထမဆုံးအကြိမ် စည်းလုံးညီညွတ်သွားကြပြီ ဖြစ်သည်။
တစ်နာရီခန့် ကြာပြီးနောက် ယဇ်ပလ္လင်အောက်ရှိ လျှို့ဝှက်အခန်းထဲတွင် ဖြစ်သည်။ လီချန်ချန်၏ အလောင်းသည် ခေါင်းတလားထဲတွင် တိတ်ဆိတ်စွာ လဲလျောင်းနေပြီး လုံးဝ သေဆုံးနေဆဲ ဖြစ်သည်။ သူမနှင့် ရုပ်ချင်းဆင်တူသော မီးနတ်ဘုရားစုန်းမသည် လီချန်ချန်၏ မျက်နှာကို တိတ်ဆိတ်စွာ ငေးကြည့်နေသည်။
သူမဘေးတွင် လီရူဟိုင်သည်လည်း လီချန်ချန်၏ မျက်နှာကို စိုက်ကြည့်နေသည်။ “သူ သေသွားတာတောင် မျက်နှာပေးက စိတ်ပျက်စရာ ကောင်းနေတုန်းပဲ။” မီးနတ်ဘုရားစုန်းမက ပြောလိုက်သည်။ “လွန်ခဲ့တဲ့ နှစ်တွေမှာ သူရဲ့ မောက်မာမှုတွေက လူတိုင်းကို တကယ် ဒေါသထွက်စေခဲ့တယ်။ အဖေ့ရဲ့ ဂုဏ်ရှိန်ကြောင့်သာ အခုထိ အသက်ရှင်ခဲ့တာ။”
လီရူဟိုင်က ပြောလိုက်သည်။ “သူက ငါတို့ရဲ့ ကြီးမြတ်တဲ့ အကြောင်းပြချက်အတွက် စတေးခံရဖို့ ကံပါလာပြီးသားပဲ။ ငယ်ငယ်ရွယ်ရွယ်နဲ့ သေရမှာမို့ သူ့ကို နည်းနည်းလောက် လွှတ်ထားပေးလိုက်တာပါ။ အစက သူကို မီးထဲမှာ သေစေချင်ခဲ့တာ။ မထင်မှတ်ဘဲ မိန်းမစိုးလေးတစ်ယောက်ရဲ့ ဓားချက်နဲ့ သေသွားခဲ့တယ်။”
မီးနတ်ဘုရားစုန်းမက ပြောလိုက်သည်။ “လွန်ခဲ့တဲ့ နှစ် ၂၀ လုံးလုံး သမီးက အမှောင်ထဲမှာ နေပြီး နေ့တိုင်း ကျင့်ကြံခဲ့ရတယ်။ နေ့တိုင်း သင်ယူခဲ့ရတယ်။ အဲဒါတွေအကုန်လုံးက ဒီနေ့အတွက်ပဲ။ အခုတော့ သမီး နေအလင်းရောင်ကို ပြန်မြင်ရပြီမို့ တကယ်ပျော်မိတယ်။ ဒါပေမဲ့။ နည်းနည်းတော့ စောလွန်းနေသေးတယ်။ အချိန် မကျသေးဘူး။”
လီရူဟိုင်က ပြောလိုက်သည်။ “အဖေ ဘယ်လိုလုပ် မသိဘဲနေမလဲ။ တာ့နင်အင်ပါယာက ပျက်စီးယိုယွင်းနေပြီ ဆိုပေမဲ့ ကင်းခြေများက သေသွားတာတောင် မလဲကျဘူးလေ။”
မီးနတ်ဘုရားစုန်းမက ပြောလိုက်သည်။ “မီးနတ်ဘုရားစုန်းမအနေနဲ့ သမီး ဆင်းသက်လာဖို့ အကောင်းဆုံးအချိန်က ကျန်းနန်နယ်စားမင်း ဆုန်ချွဲ စစ်ရှုံးပြီး သေဆုံးသွားတဲ့အချိန်ပဲ။ အဲဒီအချိန်ကျရင် သမီးတို့တပ်တွေက အနောက်တောင်ဘက် ဒေသတစ်ခုလုံးကို တိုက်ခိုက်သိမ်းပိုက်နိုင်ပြီး မိုင်ထောင်ချီတဲ့ နယ်မြေတွေကို ချက်ချင်း သိမ်းယူကာ ယန်အင်ပါယာကို တိုက်ရိုက် တည်ထောင်နိုင်မှာ။”
လီရူဟိုင်က ပြောလိုက်သည်။ “လူ့အကြံ လူ့ဉာဏ်က ကံစီမံတာကို မမီပါဘူးကွယ်။” တကယ်ပင် လီရူဟိုင်၏ သမီးကို တစ်စုံတစ်ယောက်က သတ်ရဲလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။ ကျားဆိုပင် ကိုယ့်ကလေးကို ပြန်မစားချေ။ လီချန်ချန် ရုတ်တရက် သေဆုံးသွားခြင်းကြောင့် မီးနတ်ဘုရားစုန်းမ ဆင်းသက်လာမည့် နိမိတ်စကားသည် သိသိသာသာ စောစီးစွာ ရောက်ရှိလာခဲ့သည်။
လီရူဟိုင်သည် ဤကိစ္စကို ဆယ်စုနှစ်များစွာ စီစဉ်ခဲ့ခြင်း ဖြစ်သည်။ ယင်းသည် သူ၏ ဘဝတစ်သက်တာ အကြီးမားဆုံး ကြိုးပမ်းမှုနှင့် မီးနတ်ဘုရားဘာသာ၏ အကြီးမားဆုံး ရည်မှန်းချက်နှင့် သက်ဆိုင်နေသဖြင့် အမှားအယွင်း ခံ၍မရပေ။ တစ်နှစ် ၊ နှစ်နှစ်ခန့် စောသွားသော်လည်း နောက်ဆုံးတွင် ကြီးမားသော ပြဿနာမရှိဘဲ ပြီးမြောက်သွားခဲ့သည်။ အခြေအနေက ယခု အလွန် ရှင်းလင်းနေပြီ ဖြစ်သည်။ လွန်ခဲ့သော နှစ် ၂၀ က လီရူဟိုင်၏ ဇနီးသည် သမီးအမွှာမွေးဖွားခဲ့သည်။ တစ်ယောက်နာမည်က လီချန်ချန် ဖြစ်ပြီး နောက်တစ်ယောက်က လီဝမ်ဝမ် ဖြစ်သည်။
သာမန်လူတစ်ယောက် ဆိုပါက သမီးအမွှာ ရရှိသည့်အတွက် ဝမ်းသာပီတိ ဖြစ်နေမည်ဖြစ်ပြီး အခြားအတွေးများ ရှိမည် မဟုတ်ပေ။ သို့သော် လီရူဟိုင်သည် မီးနတ်ဘုရားဘာသာ၏ ရာစုနှစ်ချီ ကြာမြင့်နေသော နိမိတ်စကားကို ချက်ချင်း သတိရလိုက်ပြီး ကံတရားကို ဖီဆန်နိုင်မည့် အခွင့်အရေးတစ်ခုကို ရလိုက်သကဲ့သို့ ခံစားခဲ့ရသည်။
အပိုင်း ၂၁၁ ပြီး။