← Chapters

အခန်း (၂၁၂)

Vol. 22 Ch. 212

အခန်း (၂၁၂)

Vol. 22 Ch. 212

ကုန်းကုန်းဧကရာဇ်။ အပိုင်း ၂၁၂

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

ထိုအချိန်မှစ၍ သူသည် သောက်ကျိုးနည်း အကြံတစ်ခုကို စိတ်ကူးမိခဲ့သည်။ ထိုအကြံမှာတော့ နိမိတ်စကားထဲမှ မီးနတ်ဘုရားစုန်းမကို ဖန်တီးရန်နှင့် ဤအခွင့်အရေးကို အသုံးချပြီး အင်ပါယာ၏ အနောက်တောင်ဘက် ဒေသတစ်ခုလုံးကို စည်းလုံးညီညွတ်အောင် လုပ်ဆောင်ရန် ဖြစ်သည်။

ထို့ကြောင့် ထိုညတွင်ပင် သူ၏ဇနီးသည် ကလေးမီးဖွားရင်း သေဆုံးသွားခဲ့ပြီး ဝမ်းဆွဲသည်များ အားလုံး အသတ်ခံလိုက်ရသည်။ အတိုချုပ်ပြောရလျှင် သူမှလွဲ၍ အခြားမည်သူမျှ သမီးအမွှာ၏ လျှို့ဝှက်ချက်ကို မသိရှိခဲ့ကြပေ။

ထိုအချိန်မှစ၍ လီချန်ချန်သည် မြေပြင်ပေါ်တွင် နေထိုင်ခဲ့ပြီး လီဝမ်ဝမ်သည် မြေအောက်ခန်းထဲတွင် နေထိုင်ခဲ့ရသည်။ သူမသည် နေရောင်ခြည်ကို မမြင်ဖူးသလို အခြားမည်သူ့ကိုမျှလည်း မတွေ့ဖူးဘဲ မျက်မမြင် မီးနတ်ဘုရားဘာသာ ဘုန်းတော်ကြီးအကြီးအကဲ တစ်ပါးသာ အဖော်ရှိခဲ့သည်။ သူမ၏ သိုင်းပညာ ၊ ဗဟုသုတနှင့် နိုင်ငံရေး စွမ်းရည်များကို လီရူဟိုင် ကိုယ်တိုင် သင်ကြားပေးခဲ့ပြီး သူ၏ နှလုံးသားနှင့် ဝိညာဉ်ကို နှစ်မြှုပ်ကာ အစွမ်းကုန် ကြိုးပမ်းအားထုတ်ခဲ့သည်။

လီဝမ်ဝမ်သည် ငယ်စဉ်ကတည်းက ကစားရန် အချိန်မရှိခဲ့ပေ။ သူမသည် အမြဲစဥ်ဆက်မပြတ် ကျင့်ကြံပြီး လေ့လာသင်ယူနေခဲ့ရသဖြင့် သူမ၏ သိုင်းပညာနှင့် ဗဟုသုတသည် လီချန်ချန်ထက် နှိုင်းယှဉ်၍ မရနိုင်လောက်အောင် သာလွန်နေသည်။ အဘယ်ကြောင့်ဆိုသော် လီချန်ချန်သည် တစ်နေ့နေ့တွင် မီးကြီးထဲ၌ မီးရှို့အသတ်ခံရရန် ကံပါလာပြီးသား ဖြစ်သောကြောင့် ဖြစ်သည်။ သူမသည် လီရူဟိုင်၏ ရည်မှန်းချက်အတွက် ယဇ်ကောင် ဖြစ်လာရမည်။

ဖြစ်ကောင်းဖြစ်နိုင်သည်မှာ အပြစ်ရှိသည်ဟု ခံစားရသောကြောင့် လီရူဟိုင်သည် သူမကို ငယ်စဉ်ကတည်းက အလိုလိုက်ခဲ့ပြီး မောက်မာကာ အလွန် ဝင့်ကြွားသူ ဖြစ်လာစေခဲ့သည်။ လီဝမ်ဝမ်၏ စကားအရ ဆိုလျှင် သူမသည် ကောင်းကင်ဘုံကော လူသားတွေကပါ မုန်းတီးသောသူ ဖြစ်သည်။ ဤမိန်းမယုတ်လေးသည် သေသင့်ပြီး သူမသည် တကယ်လည်း တုပိုင်၏ ဓားချက်ဖြင့် သေဆုံးသွားခဲ့သည်။

သို့သော်... သူမသည် ဤကမ္ဘာပေါ်တွင် သနားစရာအကောင်းဆုံး သမီးမိန်းကလေး ဖြစ်ကောင်းဖြစ်ပေလိမ့်မည်။ သူမ မွေးဖွားလာသည့် အချိန်ကတည်းက သူမ၏ အဖေသည် သူမကို သတ်ရန် စီစဉ်ထားပြီး ဖြစ်သည်။

သူမတို့ နှစ်ယောက်သည် အမွှာညီအစ်မများ ဖြစ်သော်လည်း သေချာ ကြည့်ရှုပါက ကွာခြားချက်များ ရှိနေဆဲ ဖြစ်သည်။ လီဝမ်ဝမ်သည် ပိုမိုလှပပြီး သူမ၏ မျက်ဝန်းများ ၊ သူမ၏ ကိုယ်လုံးကိုယ်ပေါက်နှင့် သူမ၏ တည်ရှိမှုကအစ တစ်မျိုးတစ်မည်သော မှော်ဆန်မှုများဖြင့် ပြည့်နှက်နေသည်။

အထူးသဖြင့် သူမ၏ စိတ်နေသဘောထားသည် ပိုမို ကြံ့ခိုင်ရင့်ကျက်ပြီး ပိုမို ဆွဲဆောင်မှု ရှိကာ ညှို့ဓာတ် ပြင်းလှသည်။ မီးနတ်ဘုရားစုန်းမ၏ ကျောက်စိမ်းရောင် လက်ချောင်းများသည် လီချန်ချန်၏ ပါးပြင်ကို ဖွဖွလေး ပွတ်သပ်လိုက်ပြီးနောက် လက်သည်းဖြင့် ခြစ်လိုက်ရာ လီချန်ချန်၏ ရင်သပ်ရှုမောဖွယ် လှပသော မျက်နှာပေါ်တွင် အနာရာတစ်ခု ဖြစ်ပေါ်လာသည်။ သွေးမထွက်သော်လည်း ပြီးပြည့်စုံသော အလှတရား မဟုတ်တော့ပေ။

သူမသည် သူမနှင့် ရုပ်ချင်းဆင်တူသော သူတစ်ယောက် ရှိနေသည်ကို မုန်းတီးသည်။ လီဝမ်ဝမ် ဆိုသည်မှာ ဤကမ္ဘာတွင် ပြိုင်ဘက်ကင်း ဖြစ်ရမည်။

“အဖေ။ ကမ္ဘာကြီးကို တုန်လှုပ်သွားစေဖို့ တပ်တွေ စုစည်းပြီး မြောက်ဘက်ကို ချီတက်ဖို့ အချိန်တန်ပြီ”

လီရူဟိုင် ခေါင်းညိတ်လိုက်သည်။

“တုပိုင်ကို လောလောဆယ် မသတ်ပါနဲ့ဦး”

လီရူဟိုင် အံ့အားသင့်သွားပြီး အကြည့်များ အေးစက်သွားကာ မေးလိုက်သည်။

“ဘာလို့လဲ”

လီဝမ်ဝမ်က ပြောလိုက်သည်။

“တုပိုင်က လီချန်ချန်ကို သတ်လိုက်တဲ့အချိန်မှာ သမီးတို့က မိုင်ထောင်ချီ ဝေးကွာနေပေမဲ့ သမီးရဲ့ နှလုံးသားက ရုတ်တရက် တုန်လှုပ်သွားခဲ့တယ်”

လီရူဟိုင်က ပြောလိုက်သည်။

“အဲဒီတော့ ဘာဖြစ်လဲ”

လီဝမ်ဝမ်က ပြောလိုက်သည်။

“အဖေ မယုံနိုင်လောက်ပေမဲ့ မနေ့ညက သမီး တုပိုင်ကို တကယ် အိပ်မက်မက်ခဲ့တယ်။ အိပ်မက်ထဲက မြင်ကွင်းတွေက လုံးဝ မယုံကြည်နိုင်စရာပဲ”

လီရူဟိုင်က မေးလိုက်သည်။

“ဘယ်လို အိပ်မက်မျိုးလဲ”

လီဝမ်ဝမ်က ပြောလိုက်သည်။

“တော်တော်လေး ဆန်းကြယ်တဲ့ အိပ်မက် ၊ ဉာဏ်မှီနိုင်စွမ်းမရှိတဲ့ အိပ်မက်ပဲ။ ဒီအိပ်မက်က ဘာကို ဆိုလိုတာလဲ သမီး မသိဘူး။ ဒါပေမဲ့ အိပ်မက်ထဲမှာ ကမ္ဘာနှစ်ခု ထပ်နေသလိုမျိုးပဲ”

စကားတစ်ဝက် ရောက်သောအခါ ကောင်းကင်ဘုံ လျှို့ဝှက်ချက် ပေါက်ကြားသွားမည်ကို စိုးရိမ်သည့်အလား လီဝမ်ဝမ် ရပ်တန့်လိုက်သည်။

လီရူဟိုင်က မေးလိုက်သည်။

“အဲဒါ တုပိုင်မှန်း သမီး ဘယ်လိုလုပ် သိလဲ။ သူ ဘယ်လိုပုံစံလဲ ဆိုတာ သမီးမှ မသိတာ”

လီဝမ်ဝမ်က ပြောလိုက်သည်။

“ခံစားချက်တစ်ခုပါ။ လီချန်ချန် အသတ်ခံလိုက်ရတုန်းကလိုမျိုး ထိတ်လန့်စရာ ခံစားချက်ပါပဲ”

ထို့နောက် လီဝမ်ဝမ်က ဆက်ပြောလိုက်သည်။

“သမီး ဒီတုပိုင်ကို သွားကြည့်ချင်တယ်။ အဲဒါ သူ ဟုတ်မဟုတ် အတည်ပြုဖို့နဲ့ သူ့ရဲ့ ဝိသေသအမှန်ကို ရှာဖွေဖို့လေ။ သမီးတို့ရဲ့ ကြီးမားတဲ့ ရည်မှန်းချက်နဲ့ မဆိုင်ပေမဲ့ ဒီအိပ်မက်က တကယ်တမ်း ဘာကို ဆိုလိုသလဲ ဆိုတာ သမီး နားလည်ချင်တယ်။ ဒါက ကြီးမားတဲ့ လျှို့ဝှက်ချက် တစ်ခုခုနဲ့ ဆက်နွှယ်နေလောက်တယ်”

ထို့နောက် လီဝမ်ဝမ်သည် လေထဲသို့ ပျံတက်သွားတော့သည်။

**--**--**--**--**--**--**--**

လျန်ကျိုးစီရင်စု ၊ သွေးကွမ်ရင်မယ်တော်၏ နေအိမ်တွင် ဖြစ်သည်။

“မင်းသမီး။ မင်းသမီးမှာ ချစ်သူ ရှိလား”

တုပိုင်၏ မေးခွန်းကို ကြားပြီးနောက် မင်းသမီးနင်းရွှဲ့ အံ့အားသင့်သွားသည်။ ဤမေးခွန်းသည် အနည်းငယ် ရိုင်းစိုင်းရာ ကျသည်။ သူမသည် အင်ပါယာ၏ အလေးစားရဆုံး မင်းသမီးကြီး ဖြစ်သည် မဟုတ်ပါလော။

သို့သော် မင်းသမီးနင်းရွှဲ့သည် သူမ၏ ဂုဏ်ပုဒ်ကြောင့် မဟုတ်ဘဲ သူမ၏ အကျင့်စာရိတ္တကြောင့် မြင့်မြတ်သူ ဖြစ်သည်။ ထို့အပြင် တုပိုင်သည် သူမ၏ ဂိုဏ်းတူမောင်ငယ်ဟု သတ်မှတ်ခံထားရပြီး ကုန်းကုန်းလီ၏ မွေးစားသားလည်း ဖြစ်ရာ သူမအတွက် မောင်လေးတစ်ယောက်သဖွယ် ဖြစ်နေသည်။ ထို့ကြောင့် သူမ စိတ်အနှောင့်အယှက် မဖြစ်ခဲ့ပေ။

“ငါ့မှာ ချစ်သူ မရှိပါဘူး” မင်းသမီးနင်းရွှဲ့က ပြောလိုက်သည်။ “ဒါပေမဲ့ ငါ့အသက် ၁၂ နှစ် ၊ ၁၃ နှစ်တုန်းက တစ်ယောက်ယောက်ကို သဘောကျခဲ့ဖူးတယ်”

ထို့နောက် မင်းသမီးနင်းရွှဲ့က ဆက်ပြောလိုက်သည်။

“ကဲ။ နင်က ကလေးပဲ ရှိပါသေးတယ်။ ဒီလိုမေးခွန်းမျိုး ထပ်မမေးနဲ့တော့”

တုပိုင်သည် ယခုနှစ် ၁၈ နှစ် ရှိပြီဖြစ်ရာ အမှန်တကယ် ငယ်ရွယ်သေးသော်လည်း မင်းသမီးနင်းရွှဲ့သည် သူ့ထက် နှစ်အနည်းငယ်သာ ကြီးသည်။ သို့သော် သူမ၏ မျက်လုံးထဲတွင် တုပိုင်သည် ကလေးတစ်ယောက်သာ ဖြစ်သည်။

“အချိန်ဖြုန်းနေလို့ မဖြစ်တော့ဘူး။ ငါ သွားတော့မယ်” မင်းသမီးနင်းရွှဲ့က ပြောလိုက်သည်။ “ရန်သူတွေ မသိလိုက်ခင် ကုန်းကုန်းလီကို မြို့တော်ဆီ ချက်ချင်း ခေါ်သွားရမယ်။ ကျန်တာ နင့်အပေါ်မှာပဲ မူတည်တယ်။ မှတ်ထားနော်။ လီရူဟိုင်ကို ကျူးကျော်စစ် မဆင်နွှဲနိုင်အောင် တားဆီးခြင်းအားဖြင့်သာ ကုန်းကုန်းလီကို ကယ်တင်နိုင်မှာ။ လီရူဟိုင် စစ်တပ်လွှတ်လိုက်တဲ့နေ့က ကုန်းကုန်းလီ အကြီးမားဆုံး အခက်အခဲနဲ့ ရင်ဆိုင်ရမဲ့နေ့ပဲ။ နင်က မယုံကြည်နိုင်စရာ အံ့ဖွယ်အမှုတွေ အများကြီး ဖန်တီးခဲ့ဖူးတာဆိုတော့ ဒီတစ်ခါရော ငါ နင့်ကို ယုံလို့ရမလား။”

တုပိုင် ခေတ္တမျှ စဉ်းစားလိုက်ပြီး ခေါင်းညိတ်ပြလိုက်သည်။

“ကောင်းပြီ” နင်းရွှဲ့ ပြောလိုက်သည်။

တစ်နာရီ၏ လေးပုံတစ်ပုံခန့် ကြာပြီးနောက် မင်းသမီးနင်းရွှဲ့သည် လီဝမ်ဟွေ့ကို စစ်ဆေးမေးမြန်းရန် မြို့တော်သို့ ပို့ဆောင် ရန်အတွက် မြင်းစီးတပ်သား ရာပေါင်းများစွာကို ဦးဆောင်လာခဲ့သည်။ လီဝမ်ဟွေ့သည် ခြေချင်းခတ် ဝတ်ဆင်ထားပြီး ခိုင်ခံ့သော အချုပ်ခန်းထဲသို့ ဝင်ရောက်လိုက်သည်။

ဤကိစ္စနှင့် ပတ်သက်၍ မင်းသမီးနင်းရွှဲ့ပင်လျှင် ဘာမှမတတ်နိုင်ပေ။ အဘယ်ကြောင့်ဆိုသော် လီဝမ်ဟွေ့သည် ဤစည်းမျဉ်းကို လိုက်နာရမည် ဖြစ်သောကြောင့် ဖြစ်သည်။ တုပိုင်သည် လီဝမ်ဟွေ့၏ ရှေ့တွင် ဒူးထောက်လိုက်ပြီး ခြေထောက်ကို ဖက်ကာ ဒူးပေါ်သို့ နဖူးတင်ထားလိုက်သည်။ စကားတစ်ခွန်းမှ မပြောပေ။

သို့သော် သူ၏ စိတ်ထဲတွင် တစ်လုံးချင်း ရေရွတ်နေမိသည်။ ‘မွေးစားအဖေ။ ကျွန်တော် အဖေ့ကို သေချာပေါက် ကယ်တင်မယ်။ ဘာပဲပေးဆပ်ရပါစေ အဖေ့ကို ကျွန်တော် ကယ်တင်မယ်’

လီဝမ်ဟွေ့သည် တုပိုင်၏ ပုံရိပ်ကို သူ၏ စိတ်ထဲတွင် အပြည့်အဝ ထွင်းထုမှတ်သားထားလိုသကဲ့သို့ ချစ်ခင်မြတ်နိုးခြင်း ၊ နှမြောတသဖြစ်ခြင်းတို့ဖြင့် အချိန်ကြာမြင့်စွာ ကြည့်နေခဲ့သည်။

“ကျုံးထိန်။ ဝူချန်ချို။ ငါ တစ်ခုခု ဖြစ်သွားခဲ့ရင် မင်းတို့ တုပိုင်ကို သစ္စာရှိကြမလား” လီဝမ်ဟွေ့က မေးလိုက်သည်။

ချက်ချင်းပင် ကျုံးထိန် ၊ ဝူချန်ချိုနှင့် အခြားသူများသည် မြေပြင်ပေါ်တွင် ညီညာစွာ ဒူးထောက်လိုက်ကြပြီး မျက်ရည်များဖြင့် ပြောလိုက်ကြသည်။ “သခင်ကြီးရဲ့ အမိန့်ကို လေးစားစွာ နာခံပါ့မယ်”

“သွားကြစို့” လီဝမ်ဟွေ့ ပြောလိုက်ပြီးနောက် ပြတ်သားစွာဖြင့် အချုပ်ကားပေါ်သို့ တက်လိုက်သည်။ မင်းသမီးနင်းရွှဲ့၏ မြင်းစီးတပ်သား ရာပေါင်းများစွာသည် သူ့ကို အလယ်မှ ဝန်းရံလျက် မြောက်ဘက် မြို့တော်ဆီသို့ ခမ်းနားကြီးကျယ်စွာ ထွက်ခွာသွားကြတော့သည်။

“သခင်လေး။ သခင်ကြီးကို ဘယ်လို ကယ်ကြမလဲ။ အမိန့်သာ ပေးလိုက်ပါ။ ကျွန်တော်တို့ ညီအစ်ကိုတွေ အသက်စွန့်ဖို့ ဝန်မလေးပါဘူး” လျန်ကျိုး အရှေ့ဘက်ကွပ်ကဲရေးရုံးမှ တပ်ရင်းမှူး ဝူချန်ချိုက မျက်လုံးများ နီရဲလျက် ပြောလိုက်သည်။ “သခင်ကြီးသာ မရှိရင် ကျွန်တော် ထောင်ထဲမှာ သနားစရာကောင်းလောက်အောင် သေနေခဲ့ရတာ ကြာပြီ။ ဒီနေ့ ဒီနေရာကို ဘယ်ရောက်လာနိုင်ပါ့မလဲ”

တုပိုင်က ပြောလိုက်သည်။ “မွေးစားအဖေကို ငါ သေချာပေါက် ကယ်မယ်။ သူ့ကို ဘယ်လို ကယ်ရမလဲ ဆိုတာ ငါ့ကို စဉ်းစားခွင့် ပေးဦး။ ပြီးရင် ငါ စီစဉ်တာပေါ့”

ထို့နောက် တုပိုင်သည် အခန်းထဲသို့ ဝင်သွားကာ တင်ပျဉ်ခွေထိုင်ပြီး မျက်လုံးများ မှိတ်လျက် အိပ်မက်စနစ်ထဲသို့ ဝင်ရောက်သွားသည်။ အိပ်မက်စနစ်က တစ်ခုခု ပေးမည်ဟု မျှော်လင့်နေမိသည်။

မလွဲဧကန်ပင် သူ အိပ်မက်စနစ်ထဲသို့ ဝင်ရောက်လိုက်သည်နှင့် ထူးဆန်းသော အလင်းရိပ် ပွင့်လာခဲ့သည်။

“မစ်ရှင်အသစ် စတင်ပါပြီ : လီဝမ်ဟွေ့ကို ကယ်တင်ခြင်း”

“မစ်ရှင် ရည်မှန်းချက် : စနစ်ရှင်သည် လီရူဟိုင် စစ်တပ်ဖွဲ့စည်းခြင်းကို တစ်ယောက်တည်း တားဆီးရမည်။”

“မစ်ရှင် ဆုလာဘ် ၁ : လီဝမ်ဟွေ့ကို အောင်မြင်စွာ ကယ်တင်နိုင်ခြင်း။”

“မစ်ရှင် ဆုလာဘ် ၂ : မင်းသမီးနင်းရွှဲ့၏ မျက်နှာသာပေးမှု ၁၅ မှတ် တိုးလာပြီး ၄၀ သို့ ရောက်ရှိမည်။”

“မစ်ရှင် ဆုလာဘ် ၃ : စနစ်ရှင်သည် အဆင့် ၇ ရွှမ်းချီ ကျင့်ကြံခြင်းကို ရရှိပြီး အဆင့် ၇ သိုင်းပညာရှင် ဖြစ်လာမည်”

“မစ်ရှင် ဆုလာဘ် ၄ : စနစ်ရှင်တုပိုင် ဘွဲ့ယူစာမေးပွဲကြီးတွင် ပထမရရန် ဖြစ်နိုင်ခြေ ရာခိုင်နှုန်း ၇၀ အထိ တိုးလာမည်။”

တုပိုင် အမှန်တကယ် မှင်သက်သွားသည်။ လုံးဝကို အကြီးအကျယ် မှင်သက်သွားခဲ့သည်။ ဤမစ်ရှင်သည် ဆုလာဘ် အလွန်များပြားပြီး တက္ကသိုလ်ကြီးသုံးခု ပြိုင်ပွဲအတွက် ဆုလာဘ်များထက်ပင် ပိုမိုမြင့်မားနေသည်။

မွေးစားအဖေကို အောင်မြင်စွာ ကယ်တင်နိုင်ခြင်းကတော့ ပြောစရာ မလိုပေ။ ဤသည်မှာ အရေးကြီးဆုံးအရာ ဖြစ်သည်။ မင်းသမီးနင်းရွှဲ့၏ မျက်နှာသာပေးမှု ၁၅ မှတ် တိုးလာခြင်းသည်လည်း ဤကမ္ဘာသို့ ရောက်လာကတည်းက သူမကိုလက်ထပ်ရန်က သူ၏ အရေးပါသော တာဝန်များထဲမှ တစ်ခု ဖြစ်သည်။

ထို့အပြင် ယခုလောလောဆယ်တွင် တုပိုင်၏ အားနည်းချက်ဖြစ်သည့် ရွှမ်းချီအတွင်းအားနှင့် သိုင်းပညာအဆင့်တို့သည် အဆင့် ၇ သို့ရောက်ရှိသွားမည်ဖြစ်လေသည်။

ဤသည်မှာ ကြောက်စရာ ကောင်းလွန်းသည်။ ဤကမ္ဘာ၏ စည်းမျဉ်းများအပေါ် တုပိုင်၏ နားလည်မှုအရ ရွှမ်းချီ ကျင့်ကြံခြင်း ဆိုသည်မှာ လုံ့လဝီရိယရှိရှိ လေ့ကျင့်မှုနှင့် ကြိုးစားအားထုတ်မှုတို့မှတစ်ဆင့် ရရှိရမည် ဖြစ်သည်။ ဖြတ်လမ်းနည်း လုံးဝ မရှိပေ။

အိပ်မက်စနစ်ထဲတွင် ကျင့်ကြံလျှင်ပင် တစ်ညတည်းနှင့် မဖြစ်နိုင်ပေ။ သို့သော် ဤမစ်ရှင်ကို ပြီးမြောက်ပါက အဆင့် ၇ သိုင်းပညာရှင်အဖြစ် တိုက်ရိုက် တိုးမြှင့်ခံရမည်လော။ ဤသည်မှာ အမှန်တကယ် မိုးကောင်းကင်ကို ဖီဆန်ခြင်းပင်။

ထူးဆန်းသော အလင်းရိပ်က မေးလိုက်သည်။

“ဒီမစ်ရှင်ကို လက်ခံမလား” တုပိုင် တွန့်ဆုတ်ခြင်း မရှိဘဲ ပြောလိုက်သည်။

“လက်ခံတယ်” ထူးဆန်းသော အလင်းရိပ်က ပြောလိုက်သည်။

“လီဝမ်ဟွေ့ကို ကယ်တင်ခြင်း မစ်ရှင် စတင်ပါပြီ။ မစ်ရှင် ကျရှုံးပါက ပြစ်ဒဏ် : လီဝမ်ဟွေ့ သေဆုံးမည်။ စနစ်ရှင်တုပိုင် သေဆုံးရန် အခွင့်အလမ်း များသည်”

တုပိုင် လန့်သွားပြီး မေးလိုက်သည်။ “ဘာလို့ သေဆုံးဖို့ အခွင့်အလမ်း များတယ် လို့ ပြောတာလဲ”

ထူးဆန်းသော အလင်းရိပ်က ပြောလိုက်သည်။ “မစ်ရှင် ကျရှုံးတာနဲ့ စနစ်ရှင်ကို ငါက သတ်မှာ မဟုတ်ပေမဲ့ တခြားတစ်ယောက်က သတ်လိမ့်မယ်။ ဒါကြောင့် သေဆုံးဖို့ အခွင့်အလမ်း များတယ်လို့ ပြောတာ”

“မစ်ရှင် အချိန် ၁၂၀ နာရီ ၊ ရေတွက်မှု စတင်ပြီ။”

ချက်ချင်းဆိုသလိုပင် လျင်မြန်သော ရေတွက်မှုသည် တုပိုင်၏ စိတ်အနက်ရှိုင်းဆုံး နေရာတွင် ပေါ်လာခဲ့သည်။ ၁၂၀ နာရီ ၊ အချိန်သည် စက္ကန့်နှင့်အမျှ လျော့နည်းလာပြီး အဆုံးမဲ့ အရေးတကြီး ခံစားချက်တို့ဖြင့် ပြည့်နှက်နေတော့သည်။

အပိုင်း ၂၁၂ ပြီး။

All Chapters