← Chapters

အခန်း (၂၁၃)

Vol. 22 Ch. 213

အခန်း (၂၁၃)

Vol. 22 Ch. 213

ကုန်းကုန်းဧကရာဇ်။ အပိုင်း ၂၁၃

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

ဤ ၁၂၀ နာရီ နောက်ပြန်ရေတွက်မှုသည် စနစ်က ပေးထားခြင်း မဟုတ်ဘဲ လီရူဟိုင်က ပေးထားခြင်း ဖြစ်သည်။

သိသာလှစွာပင် လီရူဟိုင်သည် စစ်တပ်ဖွဲ့စည်းရန် အလွန်နီးစပ်နေပြီ ဖြစ်၏။ လီရူဟိုင်သာ စစ်တပ်ဖွဲ့စည်းပြီးသည်နှင့် မြောက်ဘက်သို့ ချီတက်ကာ နယ်စပ်ကို ဖြတ်ကျော်လိုက်သည်နှင့် တစ်ပြိုင်နက် ထိုအခါ ဧကရာဇ်အနေဖြင့် မွေးစားအဖေ လီဝမ်ဟွေ့ကို သတ်ဖြတ်ခြင်းမှလွဲ၍ အခြားရွေးချယ်စရာ ရှိတော့မည် မဟုတ်ပေ။

လီရူဟိုင် စစ်တပ်ဖွဲ့စည်းပြီး ကျူးကျော်လာခြင်းကို တားဆီးရန်အတွက် သော့ချက်မှာ ရှားလုံလူမျိုးစု၏ ခေါင်းဆောင် ရှားလုံစော်ဘွားပင် ဖြစ်ပေသည်။

ရှားလုံစော်ဘွားအိမ်တော်သည် ရှေးရိုးဆန်သော်လည်း အားကောင်းသော အင်အားစုတစ်ခုဖြစ်ပြီး လီမိသားစု စော်ဘွားစီရင်စုအတွက် အနောက်တောင်ပိုင်း စော်ဘွားမဟာမိတ်အဖွဲ့ တစ်ခုလုံးကို ပေါင်းစည်းရန် အကြီးမားဆုံး အတားအဆီးနှင့် ဖုံးကွယ်ထားသော အန္တရာယ်တစ်ခုလည်း ဖြစ်သည်။

ထို့ပြင် ဤရှားလုံစော်ဘွားသည် လီရူဟိုင်ကို ယှဉ်ပြိုင်နိုင်သည့် တစ်ဦးတည်းသောသူ ဖြစ်သည်။ ရှားလုံလူမျိုးစု၏ အာဏာစက်မှာ များစွာ သေးငယ်သော်လည်း ဤနယ်မြေမှ လူများသည် အရိုင်းဆန်ပြီး ရက်စက်ကြမ်းကြုတ်ကာ လူတိုင်းက စစ်သည်များ ဖြစ်ကြပြီး သေခြင်းတရားကို မကြောက်ကြပေ။ ထို့အပြင် သူတို့အများစုသည် နက်ရှိုင်းသော တောင်ကြားလိုဏ်ဂူများတွင် နေထိုင်ကြသဖြင့် ခုခံကာကွယ်ရန် လွယ်ကူပြီး တိုက်ခိုက်ရန် ခက်ခဲလှသည်။

အခြားသော စော်ဘွားများအတွက်ဆိုလျှင် လီရူဟိုင်သည် မီးနတ်ဘုရားဘာသာဂိုဏ်းကို လက်နက်သဖွယ် အသုံးပြု၍ ရနိုင်သေးသည်။ သို့သော် ရှားလုံစော်ဘွားမှာမူ ကိုယ်ပိုင် ယုံကြည်ချက် ရှိပြီး သူတို့သည် ခေါင်းကိုးခုမြွေနတ်ဘုရားကို ကိုးကွယ်ကြသည်။ ထို့ကြောင့် လီရူဟိုင်ပင်လျှင် ရှားလုံစော်ဘွားကို အလွန် ဒုက္ခပေးနိုင်သူဟု သတ်မှတ်ထားသည်။ ရှားလုံလူမျိုးစုမှ ရှားလုံစော်ဘွားသာ ဦးစွာ စစ်တပ်ဖွဲ့စည်းပြီး လီမိသားစု စော်ဘွားစီရင်စုကို ဝင်ရောက်တိုက်ခိုက်မည် ဆိုပါက လီရူဟိုင်အနေဖြင့် တာ့နင်အင်ပါယာ၏ နယ်စပ်ကို ကျူးကျော်ရန် စစ်တပ်ဖွဲ့စည်းနိုင်မည် မဟုတ်ပေ။

ယခင်က လီဝမ်ဟွေ့သည် ငွေတုံး ငါးသိန်းနှင့်တကွ လူတစ်ယောက်ကို ရှားလုံစော်ဘွားထံ စေလွှတ်ကာ စစ်တပ်ဖွဲ့စည်းပြီး လီမိသားစု စော်ဘွားစီရင်စု၏ နယ်မြေကို တိုက်ခိုက်ရန် တောင်းဆိုခဲ့ဖူးသည်။ သို့သော် မသိရသော အကြောင်းရင်းတစ်ခုကြောင့် ယနေ့အချိန်အထိ လှုပ်ရှားမှု မရှိသေးသလို စေလွှတ်လိုက်သော အစ်ကိုကြီးလီလွန်းလည်း ပြန်မရောက်လာခဲ့ချေ။ ရှားလုံစော်ဘွားအိမ်တော်သည် ဆင်းရဲပြီး ကျပ်တည်းနေသဖြင့် ငွေတုံး ငါးသိန်းဆိုသည်မှာ သူတို့ စစ်တပ်ဖွဲ့စည်းရန် လုံလောက်နေပြီ ဖြစ်သည်။ ရှားလုံစော်ဘွားအိမ်တော်ဘက်မှ မည်သည့် တုံ့ပြန်မှုမျှ မပြသခြင်းမှာ တစ်စုံတစ်ခု မှားယွင်းနေပြီဖြစ်ကြောင်း ပြသနေ၏။

ထို့ကြောင့် အခြေအနေကို ပြောင်းလဲပစ်ရန် တုပိုင်၏ တစ်ခုတည်းသော ဦးတည်ချက်မှာ ရှားလုံစော်ဘွားအိမ်တော်သာ ဖြစ်ပေသည်။ ထို့အပြင် ယခုလေးတင် အိပ်မက်စနစ်ထဲ၌ ရှင်းလင်းပြတ်သားသော ဗျူဟာတစ်ခု ပေါ်လာခဲ့သည် တုပိုင်သည် အိပ်မက်မှ ချက်ချင်း နိုးထလာပြီး အဝတ်အစားလဲကာ ရုပ်ဖျက်လိုက်သည်။

“မြန်မြန်။ ငါ့ကို တောင်ဘက် အန်နမ်နိုင်ငံထဲအထိ လိုက်ပို့ပေးကြ။”

တုပိုင်က ကျုံးထိန် ၊ ဝူချန်ချို ၊ လီစန်း ၊ လီစစ်နှင့် အခြားသူများကို ပြောလိုက်သည်။

ကျုံးထိန်နှင့် ဝူချန်ချိုတို့၏ မျက်လုံးများ နီရဲလာကြပြီး အံ့သြစွာဖြင့် မေးလိုက်ကြသည်။

“သခင်လေး။ ဆရာသခင်ကြီးကို ကယ်တင်ဖို့ နည်းလမ်း ရှာတွေ့သွားပြီလား။”

တုပိုင် ခေါင်းညိတ်ပြီး ပြောလိုက်သည်။

“ဟုတ်တယ်။ တစ်ခဏလေးတောင် အချိန်မဆွဲနဲ့တော့။ ငါတို့က အချိန်နဲ့အပြိုင် လူသတ်ပွဲ နွှဲနေရတာ။”

“ဟုတ်ကဲ့ပါ။”

ဝူချန်ချို ၊ ကျုံးထိန်နှင့် အခြားသူများက ပြိုင်တူ ဖြေလိုက်ကြသည်။

၁၅ မိနစ်ခန့် ကြာပြီးနောက်တွင် အရှေ့ဘက်ကွပ်ကဲရေးရုံးမှ စစ်သည် ရာကျော်သည် တုပိုင်ကို ခြံရံလျက် လျန်ကျိုးစီရင်စုမှ ထွက်ခွာကာ အန်နမ်နိုင်ငံဘက်သို့ ဦးတည် ပြေးလွှားသွားကြသည်။

တုပိုင်သည် ကြမ်းတမ်းပြီး အားကောင်းသော တောရိုင်းမြင်းဘုရင်ကို စီးနင်းလိုက်ပါလာပြီး ညဉ့်နက်သန်းခေါင်တွင် လေကဲ့သို့ လျင်မြန်စွာ ဒုန်းစိုင်းနှင်နေလေသည်။

ရှားလုံစော်ဘွားအိမ်တော် တည်ရှိရာနေရာသည် ခေတ်သစ်ကမ္ဘာမြေရှိ ယူနန်ပြည်နယ် ၊ ဗီယက်နမ်နှင့် မြန်မာနိုင်ငံတို့ ဆုံတွေ့ရာ ရွှေတြိဂံနယ်မြေ အနီးတစ်ဝိုက်နှင့် အကြမ်းဖျင်း တူညီသည်။

ခေတ်သစ်ကမ္ဘာမြေတွင် ဖြစ်စေ ၊ ဤကမ္ဘာတွင် ဖြစ်စေ ထိုနေရာသည် အန္တရာယ်အများဆုံးနှင့် ဖရိုဖရဲ အနိုင်ဆုံး နေရာဖြစ်သည်။

လီမိသားစု စော်ဘွားစီရင်စု၏ နယ်မြေကို ရှောင်ကွင်းရန်အတွက် တုပိုင်သည် အန်နမ်နိုင်ငံမှတစ်ဆင့် ကွေ့ပတ်သွားရသည်။ ခရီးလမ်း စုစုပေါင်းသည် လီ နှစ်ထောင်သုံးရာကျော် ရှိသောကြောင့် တုပိုင်သည် စက္ကန့်တိုင်းကို အလုအယက် အသုံးချနေရခြင်း ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ဤတာဝန်အတွက် အချိန်သည် ၁၂၀ နာရီသာ ရရှိပြီး ရှားလုံစော်ဘွားအိမ်တော်သို့ ရောက်ရှိရန် မရပ်မနား စီးနင်းလျှင်ပင် အနည်းဆုံး နာရီ ၅၀ ခန့် ကြာမြင့်မည် ဖြစ်သောကြောင့်ပင်။

အရှေ့ဘက်ကွပ်ကဲရေးရုံးမှ စစ်သည် တစ်ရာကျော်ကို စေလွှတ်လိုက်ခြင်းသည် ကွမ်ရှီးပြည်နယ်၏ အရပ်ဘက်နှင့် စစ်ဘက်အရာရှိအုပ်စု၏ အာရုံစိုက်မှုကို သဘာဝကျစွာပင် ဆွဲဆောင်နိုင်ခဲ့သည်။

သို့သော် နောက်ပိုင်းတွင် အရှေ့ဘက်ကွပ်ကဲရေးရုံး စစ်သည်များ အန်နမ်နိုင်ငံဘက်သို့ ဦးတည်သွားသည်ကို တွေ့ရှိလိုက်ရသောအခါ သူတို့က အရှေ့ဘက်ကွပ်ကဲရေးရုံးသည် ကျန်းနန်နယ်စားမင်း ဆုန်ချွဲထံမှ အကူအညီတောင်းရန် ကြိုးစားနေသည်ဟု အလိုအလျောက် တွေးထင်သွားကြပြီး ချက်ချင်းပင် မထီမဲ့မြင်ပြုကာ လှောင်ပြောင်ကြလေသည်။

ကျန်းနန်နယ်စားမင်း ဆုန်ချွဲသည် အလွန်အစွမ်းထက်သော်လည်း သူသည် လီဝမ်ဟွေ့ကို မကယ်တင်နိုင်ပေ။ ဧကရာဇ်နှစ်ပါးတောင်မှ လီဝမ်ဟွေ့၏ အသက်ကို မကယ်နိုင်လျှင် ကျန်းနန်နယ်စားမင်းက မည်သို့ ကယ်နိုင်မည်နည်း။

၁၀ နာရီကျော် ကြာပြီးနောက်တွင် အရှေ့ဘက်ကွပ်ကဲရေးရုံးမှ စစ်သည် တစ်ရာကျော် ခြံရံထားသော တုပိုင်သည် အန်နမ်နိုင်ငံထဲသို့ ဝင်ရောက်လာခဲ့သည်။ ၂၁ နာရီအကြာတွင် တုပိုင်သည် စစ်သူကြီးအို ချူဟုန်မြန်၏ ဝံပုလွေတပ်ဖွဲ့ ကာကွယ်ရေးဇုန်ထဲသို့ ဝင်ရောက်လာခဲ့ပြီး ထိုအချိန်၌ သူသည် အန်နမ်နိုင်ငံအတွင်းသို့ လီ ခြောက်ရာခန့် ထိုးဖောက် ဝင်ရောက်ပြီး ဖြစ်နေလေပြီ။

“ဒီနေရာက လုံခြုံသွားပြီ။ ဘယ်သူမှ ငါ့ကို လိုက်မဖမ်းနိုင်တော့ဘူး။” တုပိုင်က ပြောလိုက်သည်။ “မင်းတို့အားလုံး ပြန်ကြတော့။”

ဝူချန်ချို ၊ ကျုံးထိန်နှင့် အခြားသူများက ပြောလိုက်ကြသည်။ “သခင်လေး။ သခင်လေး ဘယ်သွားမလို့လဲဆိုတာ ကျွန်တော်တို့ မသိပေမဲ့ ကျွန်တော်တို့ကို လိုက်ပါပို့ဆောင်ခွင့်ပြုပါ။”

တုပိုင် ခေါင်းခါပြီး ပြောလိုက်သည်။

“မင်းတို့အားလုံးကို ခေါ်သွားရင် အရမ်းနှေးသွားလိမ့်မယ်။ ငါတစ်ယောက်တည်းဆိုရင် စိတ်စွမ်းအင် မြင်းစီးနည်းစနစ်ကို သုံးလို့ရတယ်။ ပြီးတော့ ဒီကိစ္စကို ငါတစ်ယောက်တည်းပဲ ပြီးမြောက်အောင် လုပ်နိုင်မှာ။”

တုပိုင်သည် လီစန်းနှင့် လီစစ်တို့ကို ခေါ်သွားချင်သော်လည်း ဤမစ်ရှင်ကို တုပိုင်တစ်ယောက်တည်းသာ ပြီးမြောက်နိုင်သည်ဟု အိပ်မက်စနစ်က သတ်မှတ်ထားသည်။

အဘယ်ကြောင့်ဆိုသည်ကို မသိရသော်လည်း အိပ်မက်စနစ်သည် ကျပန်း မြားပစ်လေ့ မရှိပေ။

“သခင်လေး။ ကျွန်တော်တို့နှစ်ယောက်ကို လိုက်ခွင့်မပြုတာ သေချာရဲ့လား။” လီစန်းက မေးလိုက်သည်။

“သေချာတယ်။” တုပိုင် ခေါင်းညိတ်ပြီး ပြောလိုက်သည်။ “ဒီနေရာမှာပဲ နှုတ်ဆက်ကြတာပေါ့။”

“ကောင်းပါပြီ။” လီစန်းနှင့် လီစစ်တို့က ပြောလိုက်ကြသည်။ “သခင်လေး ဘယ်သွားမလဲဆိုတာ ပြောပြပေးပါဦး။ ကျွန်တော်တို့ ဒီနေရာမှာ သုံးရက် စောင့်နေပါ့မယ်။ သခင်လေး ပြန်မရောက်လာရင် ကျွန်တော်တို့ လိုက်ရှာပါ့မယ်။”

တုပိုင်က ပြောလိုက်သည်။ “ငါ ရှားလုံစော်ဘွားအိမ်တော်ကို သွားမလို့။ ၇ ရက်ကြာလို့မှ ပြန်မရောက်လာရင် မင်းတို့ လာရှာလို့ရတယ်။”

လီစန်းနှင့် လီစစ်တို့က ပြန်ဖြေလိုက်သည်။ “ဟုတ်ကဲ့ပါ။”

ထို့နောက် တုပိုင်သည် အရှေ့ဘက်ကွပ်ကဲရေးရုံးမှ စစ်သည်များကို နှုတ်ဆက်ကာ သူတစ်ယောက်တည်း တောရိုင်းမြင်းဘုရင်ကို စီးနင်း၍ အနောက်ဘက်ရှိ ရှားလုံစော်ဘွားအိမ်တော်ဆီသို့ ဒုန်းစိုင်းနှင်သွားလေတော့သည်။

တုပိုင်သည် ဤတောရိုင်းမြင်းဘုရင်ကို စီးနင်းခွင့်ရသည့်အတွက် အလွန်ကံကောင်းသည်ဟု မှတ်ယူထားသည်။ ယင်း၏ အကြွင်းမဲ့ အမြန်နှုန်းသည် ဖာရာဂါနာမြင်း သို့မဟုတ် လီတစ်ထောင်မြင်းတို့နှင့် ယှဉ်နိုင်မည် မဟုတ်သော်လည်း ၎င်း၏ ခံနိုင်ရည်မှာ ကမ္ဘာမြေပေါ်ရှိ မည်သည့်မြင်းနှင့်မျှ မနှိုင်းယှဉ်နိုင်လောက်အောင် အလွန်အံ့သြဖွယ် ကောင်းလှပြီး မောပန်းနွမ်းနယ်ခြင်းကို မသိသည့်အလား ဖြစ်နေသည်။

တစ်ရက်လျှင် ၂၄ နာရီ၌ ယင်းသည် အများဆုံး ၅ နာရီသာ အနားယူရန် လိုအပ်ပြီး ကျန်ရှိသော ၁၉ နာရီလုံးလုံး အလွန်မြန်သော အရှိန်ဖြင့် ဆက်တိုက် ပြေးနိုင်စွမ်း ရှိသည်။

ပို၍ အံ့သြစရာကောင်းသည်မှာ ယင်းသည် လမ်းခရီးကို ဂျီးမများခြင်းပင် ဖြစ်သည်။ သစ်တောဖြစ်စေ ၊ တောင်ကြားဖြစ်စေ ၊ မြင့်မားသောတောင်တန်းဖြစ်စေ ၊ ချိုင့်ဝှမ်းဖြစ်စေ မြေပြန့်ကဲ့သို့ပင် ဖြတ်သန်းသွားလာနိုင်သည်။ တုပိုင်တစ်ယောက် လျန်ကျိုးစီရင်စုမှ ထွက်ခွာလာသည်မှာ ၅၉ နာရီ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

ဤအချိန်ကာလအတွင်း တုပိုင်သည် တစ်ရက်လျှင် ၅ နာရီထက် ပို၍ အနားမယူခဲ့ဘဲ ကျန်အချိန်များကို မြင်းပေါ်၌သာ ကုန်ဆုံးခဲ့သည်။ ၅ ရက် မပြည့်ခင်မှာပင် သူသည် ကိုယ်အလေးချိန် ၁၀ ပိဿာကျော် ကျဆင်းသွားခဲ့သည်။

ဤအချိန်တွင် သူသည် ရည်မှန်းထားသော ခရီးဆုံးပန်းတိုင် ရှားလုံစော်ဘွားအိမ်တော်သို့ နောက်ဆုံးတွင် ရောက်ရှိလာခဲ့လေပြီ။

အမှန်စင်စစ် ဤစော်ဘွားဟူသော ဘွဲ့ထူးဂုဏ်ထူးမှာ တာ့နင်အင်ပါယာကို မြှောက်ပင့်ရန်အတွက်သာ ဖြစ်ပြီး သူတို့ကိုယ်သူတို့ တာ့နင်အင်ပါယာ၏ ဒေသခံခေါင်းဆောင်အဖြစ် လုံးဝ အသိအမှတ် မပြုကြပေ။ ရှားလုံရွှိုသည် သူ့ကိုယ်သူ အမြဲတမ်းရှားလုံဘုရင်ကြီးဟုသာ ခေါ်ဆိုလေ့ရှိသည်။

ရှေ့တွင် ရှားလုံစော်ဘွားအိမ်တော်၏ ပင်မတံခါးကြီး ရှိနေသည်။ ၁၀ မီတာကျော် မြင့်မားသော ခေါင်းကိုးခုမြွေနတ်ဘုရား ရုပ်တုကြီး ရှိနေသည့် တံခါးကြီး ဖြစ်ပြီး အသက်ဝင်လှသလို အလွန်ရက်စက် ကြမ်းကြုတ်၍ ကြောက်မက်ဖွယ် ကောင်းပုံ ပေါ်နေသည်။

တုပိုင်သည် ရှားလုံစော်ဘွားအိမ်တော်၏ တံခါးဝတွင် ပေါ်လာသည်နှင့် တစ်ပြိုင်နက် လူပေါင်း ဒါဇင်ချီ၏ ဝိုင်းရံခြင်းကို ချက်ချင်း ခံလိုက်ရသည်။ တစ်ချိန်တည်းမှာပင် အဆိပ်ပြင်းသော မြွေရာပေါင်းများစွာသည် တောအုပ်ထဲမှ ထွက်လာပြီး တုပိုင်ကို ဝိုင်းထားလိုက်ကြသည်။

လူတိုင်းသည် ကိုယ်လုံးတီးနီးပါး ဖြစ်နေပြီး ခန္ဓာကိုယ်ပေါ်တွင် မျိုးစုံသော တက်တူးများ ထိုးထားကြရာ တကယ်ပင် အလွန်ရှေးရိုးဆန်လှသည်။ တိတိကျကျ ပြောရလျှင် ပုံစံတစ်ခုတည်းကို ကွဲပြားစွာ ဆင့်ကဲပြောင်းလဲထားခြင်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် လူတိုင်း၏ ခန္ဓာကိုယ်ပေါ်ရှိ တက်တူးမှာ ကိုးခေါင်းမြွေပုံ ဖြစ်နေသောကြောင့်ပင်။

ခေါင်းကိုးခုမြွေနတ်ဘုရားသည် ရှားလုံစော်ဘွားအိမ်တော်၏ အကြွင်းမဲ့ အမှတ်အသားဖြစ်ပြီး သူတို့ ကိုးကွယ်သော ဘုရားလည်း ဖြစ်သည်။ လူတစ်ရာကျော်သည် လေးများကို ဆွဲတင်လိုက်ပြီး တုပိုင်ကို ချိန်ရွယ်လိုက်ကြသည်။ မြားများသည် တိရစ္ဆာန်အရိုးများကို သွေးထားခြင်း ဖြစ်ပြီး ရှားလုံစော်ဘွားအိမ်တော်၏ ကျပ်တည်းမှုကို ပြသနေသော်လည်း အရိုးမြားတစ်ချောင်းစီ၏ ထိပ်ဖျားတွင် စိမ်းဖန်ဖန် အရောင်တောက်နေသော အဆိပ်များ ရှိနေသည်။

တုပိုင် လက်နှစ်ဖက်ကို မြှောက်လိုက်ပြီး ပြောလိုက်သည်။

“ကျုပ် ရှားလုံဘုရင်ကြီးကို လာတွေ့တာ။ ကျုပ်ဆီမှာ ရွှေတွေ ပါတယ်။”

ထို့နောက် တုပိုင်သည် ခါးတွင် ချိတ်ထားသော အိတ်ကို မြေကြီးပေါ်သို့ ပစ်ချလိုက်ရာ ရွှေတုံး ဒါဇင်ပေါင်းများစွာ လိမ့်ထွက်လာသည်။ မှန်ပေသည်။ ဘယ်နေရာမှာပဲ ဖြစ်ဖြစ် ရွှေသည် လူတို့ အနှစ်သက်ဆုံးအရာ ဖြစ်မြဲပင်။

ခဏအကြာတွင် ထိုစစ်သည်များ၏ ခေါင်းဆောင်သည် တုပိုင်ကို တောင်ထိပ်ပေါ်ရှိ ရှားလုံဘုရင်ကြီး၏ မသေမျိုးလိုဏ်ဂူသို့ ခေါ်ဆောင်သွားလေသည်။

ဤသည်က ရှားလုံဘုရင်ကြီးရဲ့ မသေမျိုးလိုဏ်ဂူ လော။ အရွယ်အစား ကြီးမားပြီး အလွန်ခမ်းနားထည်ဝါသည်။နေရာတိုင်းတွင် လူနှင့် တိရစ္ဆာန်တို့၏ ဦးခေါင်းခွံများ ၊ အရိုးများ ပြန့်ကျဲနေသည်။ ထို့အပြင် နေရာတိုင်းတွင် မျိုးစုံသော အဆိပ်ပြင်းမြွေများသည် အရိုးများကြားတွင် တွားသွားနေကြရာ ကျောချမ်းဖွယ် ကောင်းလှသည်။

တုပိုင်သည် ဤနေရာကို ရှေးရိုးဆန်မည်ဟု မျှော်လင့်ထားသော်လည်း ဒီလောက်အထိ ရှေးရိုးဆန်လိမ့်မည်ဟု ထင်မထားမိခဲ့ပေ။ ပရိဘောဂဟူ၍ တစ်ခုမျှပင် မရှိ။ အရာအားလုံးကို သစ်သားဖြင့် ထွင်းထုထားခြင်း သို့မဟုတ် ကျောက်တုံးဖြင့် တည်ဆောက်ထားခြင်း ဖြစ်သည်။

ရှားလုံစော်ဘွားသည် မည်မျှပင် ဆင်းရဲကျပ်တည်းနေပါစေ ဤကဲ့သို့ ဖြစ်နေစရာ အကြောင်းမရှိပေ။ သူတို့သည် သဘာဝတရား၏ ပုံစံတစ်မျိုးကို တမင်တကာ သက်ဝင်ယုံကြည်နေကြသည်မှာ ထင်ရှားလှသည်။

တုပိုင်သည် မရေမတွက်နိုင်သော အဆိပ်ပြင်းမြွေများကြားတွင် ရှားလုံရွှို ပေါ်လာမည့်အချိန်ကို စောင့်ဆိုင်းနေလိုက်သည်။ နာရီဝက်ကျော် စောင့်ဆိုင်းပြီးနောက် အပြင်ဘက်မှ ခြေသံများ ထွက်ပေါ်လာသည်။ လူတစ်ယောက်သည် မသေမျိုးလိုဏ်ဂူထဲသို့ လမ်းလျှောက်ဝင်လာပြီး တုပိုင်၏ ရှေ့တွင် ပေါ်လာသည်။ ချက်ချင်းပင် တုပိုင် လုံးဝ အံ့သြမှင်သက်သွားသည်။

သူသည် သရဲတစ္ဆေကို မြင်တွေ့နေရခြင်းလော။ သူမသည် သေဆုံးသွားခဲ့ပြီ မဟုတ်ပါလော။ အဘယ်ကြောင့် ဤနေရာ၌ ပေါ်လာရသနည်း။ သူမအနေဖြင့် မည်သည့်နေရာ၌ ပေါ်လာသည်ဖြစ်စေ ရှားလုံဘုရင်ကြီး၏ မသေမျိုးလိုဏ်ဂူဖြစ်သော ဤနေရာ၌မူ လုံးဝ ပေါ်မလာသင့်ပေ။

ထိုလှပသော အမျိုးသမီးသည် လမ်းလျှောက်ဝင်လာပြီး တုပိုင်နှင့် တစ်ပေအကွာတွင် ရပ်တန့်ကာ သူ့ကို ကြည့်ရင်း အေးစက်စွာ ပြုံးလျက် ပြောလိုက်သည်။

“တုပိုင်။ ငါ မသေဘူးဆိုတာ နင် ထင်မထားမိဘူးမလား။ ငါ့ကို ဒီနေရာမှာ တွေ့ရမယ်လို့ နင် ထင်မထားမိဘူးမလား။”

တုပိုင်သည် ထိုအမျိုးသမီးကို ရှားလုံဘုရင်ကြီး၏ မသေမျိုးလိုဏ်ဂူထဲတွင် တွေ့ရလိမ့်မည်ဟု တကယ်ပင် ထင်မှတ်မထားခဲ့မိပေ။

သူမက ချွေ့ဖိန်ထင်ပင်ဖြစ်လေ၏။

အပိုင်း ၂၁၃ ပြီး

All Chapters