အခန်း (၂၁၄)
Vol. 22 Ch. 214
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၂၁၄
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
သူမ သေသွားပြီ မဟုတ်ပါလော။ အကျဉ်းထောင်ထဲတွင် သူမကိုယ်သူမ သတ်သေသွားပြီ မဟုတ်ပါလော။ အဘယ်ကြောင့် ဤနေရာတွင် ရှိနေရသည်နည်း။
“နင် အရမ်းသိချင်နေလိမ့်မယ်။ ငါ မသေဘူးပေါ့။ အကျဉ်းထောင်ထဲမှာ ငါ့ကိုယ်ငါ သတ်သေခဲ့တယ် မဟုတ်လား။” ချွေ့ဖိန်ထင်က အေးစက်စွာ ပြောလိုက်သည်။
တုပိုင် ခေါင်းညိတ်လိုက်သည်။
ချွေ့ဖိန်ထင်က ပြောလိုက်သည်။ “မမေ့နဲ့။ အဲဒါက အရပ်ဘက်အရာရှိအုပ်စုရဲ့ အကျဉ်းထောင်လေ။ အမျိုးသမီးအကျဉ်းသားတစ်ယောက်အတွက် သတ်သေမှုအတု ဖန်တီးဖို့ဆိုတာ အရမ်းလွယ်ကူတယ်။ တာ့နင်အင်ပါယာ ဘယ်လောက် ပျက်စီးယိုယွင်းနေလဲဆိုတာ နင် မသိတာမှ မဟုတ်တာ။”
တုပိုင်သည် စကားမဆိုသာတော့ဘဲ ပြုံးလိုက်သည်။
ချွေ့ဖိန်ထင်က မထီမဲ့မြင် ပြုံးလိုက်ပြီး ပြော၏။ “တုပိုင်။ နောက်နောင်ကျရင် နင့်လက်နဲ့ကိုယ်တိုင် မသတ်ရသေးသရွေ့ သူသေပြီလို့ ဘယ်တော့မှ မယုံနဲ့။”
တုပိုင် ခေါင်းညိတ်ပြီး ပြောလိုက်သည်။ “မင်းပြောတာ မှန်ပါတယ်။ မိန်းကလေးချွေ့ဖိန်ထင်။ အခု ရှားလုံစော်ဘွားအိမ်တော်မှာ မင်းရဲ့ အဆင့်အတန်းက ဘာလဲ။”
ချွေ့ဖိန်ထင်က ပြောလိုက်သည်။ “နင့်ကျေးဇူးကြောင့် တာ့နင်အင်ပါယာမှာ ငါ့အတွက် ရပ်တည်စရာ နေရာမရှိတော့ဘူး။ ဒါကြောင့် အဖေက ငါ့ကို ရှားလုံဘုရင်ကြီးဆီ ပို့လိုက်ပြီး ကိုယ်လုပ်တော် ဖြစ်လာခဲ့တယ်။”
တုပိုင်သည် လှပသော ချွေ့ဖိန်ထင်ကို ကြည့်လိုက်သည်။ ရှားလုံရွှို၏ ကိုယ်လုပ်တော် ဖြစ်သွားခြင်းကို ကံကောင်းသည်ဟု ခေါ်ရမလား ၊ ကံဆိုးသည်ဟု ခေါ်ရမလား သူ ဝေခွဲမရ ဖြစ်နေသည်။
ချွေ့ဖိန်ထင်က ဆွေးမြေ့စွာ ပြုံးလိုက်ပြီး ပြော၏။ “ဘာပဲပြောပြော ငါက ကောင်းကင်ဘုံအင်ပါယာရဲ့ အင်အားကြီးမိသားစုက လှပတဲ့ မိန်းမပျိုတစ်ယောက်လေ။ ဒီက မိန်းမတွေနဲ့ လုံးဝ ကွာခြားတယ်။ ဒါကြောင့် ငါက ရှားလုံဘုရင်ကြီး အချစ်ဆုံး ကိုယ်လုပ်တော် ဖြစ်လာခဲ့တယ်။ သူ ငါ့ကို အရမ်းအလိုလိုက်တာ။”
ဤစကားကို ပြောနေချိန်တွင် ချွေ့ဖိန်ထင်၏ မျက်နှာပေါ်၌ ပျော်ရွှင်ရိပ် လုံးဝ မရှိဘဲ အံကိုကြိတ်ထားလေသည်။
“တုပိုင်။ နင့်ကို လက်စားချေဖို့ ၊ နင့်ကို သေမလို ရှင်မလို ဖြစ်အောင် လုပ်ဖို့ ငါ မစဉ်းစားတဲ့ရက်ဆိုတာ မရှိဘူး။” ချွေ့ဖိန်ထင်က အေးစက်စွာ ပြောလိုက်သည်။ “လွန်ခဲ့တဲ့ ၁၀ ရက်က လီလွန်းဆိုတဲ့ မိန်းမစိုးခွေးတစ်ကောင် ရောက်လာခဲ့တယ်။ သူက လီမိသားစု စော်ဘွားစီရင်စုကို ကျူးကျော်ဖို့အတွက် ငွေတုံး ငါးသိန်းနဲ့ ရှားလုံဘုရင်ကြီးကို လာဘ်ထိုးခဲ့တယ်။”
ဇာတ်လမ်းဆက်သွားပြီ ဖြစ်သည်။ ထိုအချိန်က မွေးစားအဖေ လီဝမ်ဟွေ့သည် အရေးကြီးဆုံး တာဝန်ကို အစ်ကိုကြီးလီလွန်းအား ပေးအပ်ခဲ့ပြီး ငွေတုံး ငါးသိန်းဖြင့် ရှားလုံရွှို၏ စစ်တပ်ကို ဝယ်ယူခိုင်းခဲ့ခြင်း ဖြစ်သည်။
ရှားလုံစော်ဘွားကသာ စစ်တပ်စေလွှတ်ပြီး လီမိသားစု စော်ဘွားစီရင်စု၏ နယ်စပ်ကို တိုက်ခိုက်မည် ဆိုပါက လီရူဟိုင်အနေဖြင့် တာ့နင်အင်ပါယာ၏ နယ်စပ်ကို ကျူးကျော်ရန် စစ်တပ်ဖွဲ့စည်းနိုင်တော့မည် မဟုတ်ပေ။
ချွေ့ဖိန်ထင်က ပြောလိုက်သည်။ “ဒီလီလွန်းရဲ့ သိုင်းပညာက တော်တော်မြင့်မားပါတယ်။ ရှားလုံဘုရင်ကြီးက သူ့ကို ဖမ်းဖို့ ကျွမ်းကျင်သူ တစ်ဒါဇင်လောက် ဆုံးရှုံးလိုက်ရတယ်။ နင် သိချင်နေမှာပေါ့။ ငွေတုံး ငါးသိန်းဆိုတာ ရှားလုံဘုရင်ကြီးအတွက် အများကြီးပဲလေ။ ဆားတွေ အများကြီး ၊ သံတွေ အများကြီး ၊ ပြီးတော့ စပါးတွေ အများကြီး ဝယ်လို့ရတယ်။ လီမိသားစု စော်ဘွားစီရင်စုကို စစ်တပ်လွှတ်ပြီး တိုက်ခိုက်ဖို့ လုံလောက်နေပါရက်နဲ့ ဘာလို့ စစ်တပ် မလွှတ်တာလဲဆိုပြီးပေါ့။”
တုပိုင် ခေါင်းညိတ်လိုက်သည်။
ချွေ့ဖိန်ထင်က ဆက်ပြောလိုက်သည်။ “ငါက နင်တို့ရဲ့ ကိစ္စကောင်းကို ဖျက်ဆီးပစ်လိုက်တာ။ ငါက ရှားလုံဘုရင်ကြီးကို ပြောလိုက်တယ်။ မိန်းမစိုးဂိုဏ်းက ငွေတုံး ငါးသိန်း ပေးရင် အရပ်ဘက်အရာရှိအုပ်စုက စစ်တပ် မလွှတ်ဖို့အတွက် ငွေတုံး ခြောက်သိန်း ပေးနိုင်တယ်လို့လေ။”
ထို့နောက် ချွေ့ဖိန်ထင် လက်ခုပ်တီးလိုက်သည်။ နောက်ထပ် ရင်းနှီးနေသော အသံတစ်သံ ထွက်ပေါ်လာသည်။ ချွေ့မိသားစု၏ တရားဝင်သား ၊ ကွမ်ရှီးပြည်နယ်၏ ကျူရန်အဆင့် ပညာရှင် ချွေ့ဖူသည် ယခုအခါ တုပိုင်ကို အလွန်အမင်း မုန်းတီးသော အကြည့်ဖြင့် ကြည့်နေလေသည်။ ချွေ့မိသားစု တစ်ဝက်နီးပါးသည် တုပိုင်ကြောင့် ပျက်စီးခဲ့ရသည်။
ချွေ့ဖူက အေးစက်စွာ ပြောလိုက်သည်။ “တုပိုင်။ မင်း ဘာလုပ်ချင်နေလဲ ငါသိတယ်။ မင်းက ရှားလုံဘုရင်ကြီးကို လီမိသားစု စော်ဘွားစီရင်စုဆီ စစ်တပ်လွှတ်စေချင်နေတာ။ ဒီလိုဆိုရင် လီရူဟိုင်က တာ့နင်အင်ပါယာကို မကျူးကျော်နိုင်တော့ဘူး။ ပြီးတော့ မင်းရဲ့ မွေးစားအဖေ လီဝမ်ဟွေ့ကို အောင်မြင်စွာ ကယ်တင်နိုင်မှာပေါ့။ ဒါပေမဲ့ ငါ ပြောလိုက်မယ်။ မင်း စိတ်ကူးမယဉ်နဲ့။ ငါတို့က ရှားလုံဘုရင်ကြီးနဲ့ သဘောတူညီမှု ရပြီးပြီ။ ငွေတုံး ခြောက်သိန်း ပေးပြီး လီမိသားစု စော်ဘွားစီရင်စုကို စစ်တပ်မလွှတ်ဖို့ တားဆီးထားပြီးပြီ။ ဒါကြောင့် စော်ဘွားလီရူဟိုင် စစ်တပ်ဖွဲ့စည်းတာ သေချာသွားပြီ။ မင်းရဲ့ မွေးစားအဖေ လီဝမ်ဟွေ့ သေကိုသေရတော့မယ်။ ဘယ်သူမှ သူ့ကို မကယ်နိုင်ဘူး။ မင်းရော ၊ ဧကရာဇ်မင်းမြတ်ရော ဘယ်သူမှ မကယ်နိုင်ဘူး။”
ထိုစဉ် ချွေ့ဖိန်ထင် လက်ခုပ်တီးလိုက်ပြန်သည်။ ချက်ချင်းပင် ရှားလုံစစ်သည်နှစ်ဦးက လူတစ်ယောက်ကို ဖမ်းခေါ်လာသည်။ ထိုလူသည် သွေးများဖြင့် ဖုံးလွှမ်းနေပြီး မိန်းမစိုးခွေး ဝတ်စုံကို ဝတ်ဆင်ထားဆဲ ဖြစ်သည်။ သူသည် ရှားလုံရွှိုနှင့် ဆွေးနွေးရန် ရောက်လာခဲ့သော လီဝမ်ဟွေ့၏ အစ်ကိုကြီး လီလွန်း ဖြစ်ပုံရ၏။ ယခု အရာအားလုံး ရှင်းလင်းသွားလေသည်။ လီဝမ်ဟွေ့သည် အရာအားလုံးကို သေချာစီစဉ်ခဲ့သော်လည်း ရှားလုံစော်ဘွားက စစ်တပ် မလွှတ်ခဲ့ပေ။ ထိုအရာများ၏ နောက်ကွယ်တွင် ဤအမျိုးသမီး ချွေ့ဖိန်ထင် ရှိနေလိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့မိချေ။
ထိုအချိန်တွင် အပြင်ဘက်မှ လေးလံသော ခြေသံများ ထွက်ပေါ်လာသည်။ ထို့နောက် ကြီးမားသော မသေမျိုးလိုဏ်ဂူထဲရှိ အဆိပ်ပြင်းမြွေများ အားလုံးသည် မြေကြီးပေါ်တွင် ဝပ်ဆင်းသွားကြသည်။ ချက်ချင်းဆိုသလိုပင် ချွေ့ဖူနှင့် ချွေ့ဖိန်ထင်တို့သည်လည်း ကြမ်းပြင်ပေါ်သို့ အလျင်အမြန် ပျပ်ဝပ်လိုက်ကြသည်။
အလွန်သန်မာသော အမျိုးသားတစ်ဦးသည် မသေမျိုးလိုဏ်ဂူထဲသို့ ဝင်ရောက်လာသည်။ တုပိုင်သည် ဤမျှ အရပ်ရှည်သော လူတစ်ယောက်ကို တစ်ခါမှ မမြင်ဖူးခဲ့ပေ။ အရပ် ၂ မီတာ ၂၀ စင်တင်မီတာခန့် ရှိလောက်ပေမည်။ သူ့ဆံပင်များမှာ အလွန်ရှည်လျားပြီး ရိုးရှင်းစွာ စည်းနှောင်ထားကာ ခါးအထိ ကျဆင်းနေသည်။ သူသည် မြွေရေခွံဘောင်းဘီကိုသာ ဝတ်ဆင်ထားပြီး အပေါ်ပိုင်း ဗလာကျင်းနေကာ ကြွက်သားများမှာ သံမဏိကဲ့သို့ ဖုထစ်နေသည်။ ခန္ဓာကိုယ်အနှံ့ အသက်ဝင်နေသယောင် ထင်ရသော ခေါင်းကိုးခုမြွေနတ်ဘုရား တက်တူးများ ဖုံးလွှမ်းထားသည်။
သူ့တွင် အလွန်ချောမောပြီး နက်ရှိုင်းသော မျက်နှာသွင်ပြင် ရှိသော်လည်း မျက်လုံးများမှာမူ အဆိပ်ပြင်းမြွေတစ်ကောင်ကဲ့သို့ နေရာလွဲမှားနေသည်။ သူသည်ကား ရှားလုံဘုရင်ကြီးဟု လူသိများသော ရှားလုံရွှို ဖြစ်ပြီး ခေါင်းမှ ခြေဖျားအထိ အားကောင်းပြီး အေးစက်သော အငွေ့အသက်များ ထွက်ပေါ်နေလေသည်။
ချွေ့ဖိန်ထင်သည် သူ့အပေါ်သို့ ညှို့ဓာတ်ပြင်းစွာ မှီတွယ်လိုက်ပြီး ပြောလိုက်သည်။ “ဘုရင်ကြီး။ ဒါ ကျွန်မ ပြောပြဖူးတဲ့ တုပိုင်လေ။ ကိုယ်လုပ်တော်ကို သူ သတ်မလို လုပ်ခဲ့ရုံတင်မကဘူး။ ကိုယ်လုပ်တော်ရဲ့ အပျိုစင်ဘဝကိုလည်း သူ့လက်နဲ့ ဖျက်ဆီးလုနီးပါး လုပ်ခဲ့တာ။ သူ့ကို အခုချက်ချင်း သတ်လိုက်ပါ။ ခန္ဓာကိုယ်ကို တစ်စစီ ခုတ်ထစ်ပြီး အပိုင်းပိုင်း ချိုးဖျက်ပစ်လိုက်ပါ။”
ရှားလုံဘုရင်ကြီးသည် တုပိုင်၏ ရှေ့သို့ လျှောက်လာပြီး အနည်းငယ် ပီသသော တရုတ်စကားဖြင့် ပြောလိုက်သည်။ “လူစိမ်း။ မင်း ဒီမှာ ဘာလုပ်နေတာလဲ။”
တုပိုင်က ပြောလိုက်သည်။ “လီမိသားစု စော်ဘွားစီရင်စုကို စစ်တပ်လွှတ်ပြီး တိုက်ခိုက်ပေးဖို့ ဘုရင်ကြီးကို တောင်းဆိုချင်လို့ပါ။”
ရှားလုံဘုရင်ကြီးက ပြောလိုက်သည်။ “မင်းတို့ မိန်းမစိုးဂိုဏ်းက ငါ စစ်တပ်လွှတ်ဖို့အတွက် ငွေတုံး ငါးသိန်း ပေးတယ်။ ဟိုဘက်က ငါ စစ်တပ် မလွှတ်ဖို့အတွက် ငွေတုံး ခြောက်သိန်း ပေးတယ်။ ငါက ဟိုဘက်ကို သဘောတူပြီးပြီ။ ငါ ရှားလုံရွှိုက တစ်ဖက်နဲ့ပဲ စီးပွားရေးလုပ်တယ်။ တစ်ဖက်ကို သဘောတူပြီးရင် ကျန်တစ်ဖက်ကို ငါ သတ်တယ်။”
ထိုသို့ပြောပြီးနောက် သူသည် ရုတ်တရက် ဓားကောက်ကို ဆွဲထုတ်လိုက်ပြီး တုပိုင်၏ လည်ပင်းပေါ် တင်ကာ ပြောလိုက်သည်။ “လူစိမ်း။ မင်း ငါ့ကို စည်းရုံးဖို့ စကားတစ်ခွန်းပဲ ပြောခွင့်ရှိတယ်။ စကားလုံး ၁၀ လုံးထက် မပိုစေနဲ့။ မင်း ငါ့ကို စည်းရုံးနိုင်ရင် ဟိုဘက်လူကို ငါ သတ်မယ်။ သူက ငါ့ရဲ့ အချစ်ဆုံး ကိုယ်လုပ်တော် ဖြစ်နေရင်တောင် ငါ သတ်မယ်။ အဲဒီလိုမှ မဟုတ်ရင် ငါ မင်းကို သတ်မယ်။ မှတ်ထားပါ။ မင်းမှာ စကားတစ်ခွန်းပဲ ပြောခွင့်ရှိတယ်။ စကားလုံး ၁၀ လုံးထက် မပိုစေနဲ့။”
ရှားလုံရွှို၏ စကားများမှာ အကြွင်းမဲ့ဆန္ဒများဖြင့် ပြည့်နှက်နေပြီး အဆိပ်ပြင်းမြွေတစ်ကောင်ကဲ့သို့ အေးစက်လှသည်။ ဒီလူ စကားတစ်ခွန်း ပြောပြီးရင် သေချာပေါက် လုပ်ဆောင်မည်ကို လူတိုင်း သိကြသည်။ အမှန်စင်စစ် သူသည် ဒေသခံအာဏာရှင်တစ်ဦး၏ အရှိန်အဝါမျိုး ထုတ်လွှတ်နေသည်။
ထိုစကားကို ကြားသောအခါ ချွေ့ဖိန်ထင်၏ နုနယ်သော ခန္ဓာကိုယ်လေးမှာ မထိန်းနိုင်ဘဲ တုန်လှုပ်သွားသည်။
သို့သော် ရှားလုံစော်ဘွားကို စကားတစ်ခွန်းတည်း ၊ စကားလုံး ၁၀ လုံးထက် မပိုဘဲ စည်းရုံးရမည်လော။ မဖြစ်နိုင်ချေ။ ရှားလုံရွှိုလို အာဏာရှင်မျိုးမှာ ယုံကြည်ချက်က အလွန်ခိုင်မာသည်။ ဆုံးဖြတ်ချက်တစ်ခု ချလိုက်ပြီ ဆိုသည်နှင့် မည်သူမျှ ပြောင်းလဲပစ်၍ မရနိုင်ပေ။ ထို့ကြောင့် သူ့ကို စကားတစ်ခွန်းတည်းဖြင့် စည်းရုံးရန် ကြိုးစားခြင်းမှာ လုံးဝ မဖြစ်နိုင်ပေ။
တုပိုင် အသက်ပြင်းပြင်း ရှူလိုက်ပြီး တစ်လုံးချင်း ပြောလိုက်သည်။
“ဒါ ခေါင်းကိုးခုမြွေနတ်ဘုရားရဲ့ အလိုတော်ပဲ။”
စုစုပေါင်း စကားလုံး ၉ လုံး ၊ ၁၀ လုံး မပြည့်ပေ။ ခေါင်းကိုးခုမြွေနတ်ဘုရားသည် ရှားလုံလူမျိုးစု၏ အကြွင်းမဲ့ ယုံကြည်ချက်နှင့် တစ်ဆူတည်းသော ဘုရားဖြစ်သည်။
လူတိုင်းနီးပါး ခန္ဓာကိုယ်ပေါ်တွင် ခေါင်းကိုးခုမြွေနတ်ဘုရား ပုံစံတက်တူး ထိုးထားကြသည်။ ထိုအကြောင်းရင်းကြောင့်ပင် မီးနတ်ဘုရားဘာသာဂိုဏ်းသည် ရှားလုံစော်ဘွားအိမ်တော်ကို ဘယ်တုန်းကမှ ထိုးဖောက်ဝင်ရောက်ခြင်း မပြုနိုင်ခဲ့ပေ။
“သူ လိမ်နေတာ။ သူ အဓိပ္ပာယ်မရှိတာတွေ ပြောနေတာ။” ချွေ့ဖိန်ထင်က စူးစူးဝါးဝါး အော်ဟစ်လိုက်သည်။ “ဘုရင်ကြီး။ သူ့ကို သတ်လိုက်ပါ။ အရှင်လတ်လတ် အရေခွံခွာပြီး ကိုယ်လုပ်တော်ရဲ့ ဒေါသတွေ ပြေပျောက်ဖို့ သူ့အရွတ်တွေကို ဆွဲထုတ်ပစ်လိုက်ပါ။”
ရှားလုံဘုရင်ကြီးသည် တုပိုင်ကို ကြည့်ကာ ဖြည်းညှင်းစွာ ပြောလိုက်သည်။ “ငါ စစ်တပ်လွှတ်ပြီး လီမိသားစု စော်ဘွားစီရင်စုကို တိုက်ခိုက်တာက ခေါင်းကိုးခုမြွေနတ်ဘုရားရဲ့ အလိုတော်ဆိုတာ မင်း သေချာလား။”
တုပိုင် ခေါင်းညိတ်ပြီး ပြောလိုက်သည်။ “ဒါက ခေါင်းကိုးခုမြွေနတ်ဘုရားရဲ့ အလိုတော်ဆိုတာ ကျွန်တော် သေချာတယ်။”
ရှားလုံဘုရင်ကြီးက ပြောလိုက်သည်။ “ငါ့နောက် လိုက်ခဲ့။”
ထို့နောက် သူသည် မသေမျိုးလိုဏ်ဂူ၏ နောက်ဖေးတံခါးဆီသို့ တည့်မတ်စွာ လျှောက်သွားသည်။ တုပိုင် နောက်မှ လိုက်ပါသွားပြီး ရက်စက်သော အောင်နိုင်သူအပြုံးများနှင့်အတူ ချွေ့ဖိန်ထင်နှင့် ချွေ့ဖူတို့လည်း လိုက်ပါလာကြသည်။ သူတို့သည် မသေမျိုးလိုဏ်ဂူ၏ နောက်ဘက်တောင်ကုန်းသို့ ရောက်ရှိလာကြရာ ထိုနေရာတွင် အောက်ခြေမမြင်ရသော ချောက်နက်ကြီးတစ်ခု ရှိနေသည်။ အလွန်ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်အငွေ့အသက်များသည် ထိုချောက်နက်ကြီး၏ နှုတ်ခမ်းဝမှ ထွက်ပေါ်နေသည်။
သေခြင်းတရားနှင့် ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေ၏။
“ဒီချောက်နက်ကြီးရဲ့ အောက်ခြေမှာ ငါတို့ ရှားလုံလူမျိုးစုရဲ့ တိုတမ် ၊ ငါတို့ ကိုးကွယ်တဲ့ တစ်ဆူတည်းသော ဘုရား ၊ အလွန်အစွမ်းထက်တဲ့ ခေါင်းကိုးခုမြွေနတ်ဘုရား ရှိတယ်။” ရှားလုံဘုရင်ကြီးက ပြောလိုက်သည်။ “ငါက နေ့တိုင်း ခေါင်းကိုးခုမြွေနတ်ဘုရားကို ပူဇော်ပသတယ်။ သက်ရှိလူသားတွေကို ယဇ်ကောင်အဖြစ် အသုံးပြုပြီး တစ်နေ့ကို လူတစ်ယောက် ကျွေးတယ်။”
ထိုစကားကို ကြားသောအခါ တုပိုင် တုန်လှုပ်သွားသည်။
ဤချောက်နက်ကြီးထဲတွင် သေခြင်းတရားနှင့် ကြောက်ရွံ့ခြင်း အငွေ့အသက်များ ပြည့်နှက်နေသည်မှာ အံ့သြစရာ မဟုတ်တော့ပေ။ ထို့အပြင် ငရဲမှ ဟိန်းသံကဲ့သို့ အလွန်အားကောင်းပြီး နက်နဲဆန်းကြယ်သော စွမ်းအင်တစ်ခုလည်း ရှိနေသည်။
ရှားလုံဘုရင်ကြီးက ပြောလိုက်သည်။ “လူစိမ်း။ မင်း နာမည် ဘယ်လိုခေါ်လဲ။”
တုပိုင်က ဖြေလိုက်သည်။ “တုပိုင်။”
ရှားလုံဘုရင်ကြီးက ပြောလိုက်သည်။ “တုပိုင်ဆိုတဲ့ လူစိမ်း။ ဒါက ခေါင်းကိုးခုမြွေနတ်ဘုရားရဲ့ အလိုတော်လို့ မင်း ပြောတဲ့အတွက် အောက်ကိုဆင်းပြီး သူ့ကို ပူဇော်ပေးပါ။ တကယ်လို့ ဒါက ခေါင်းကိုးခုမြွေနတ်ဘုရားရဲ့ အလိုတော် အစစ်အမှန် ဖြစ်မယ်ဆိုရင် မင်း အသက်ရှင်လျက် ပြန်လာနိုင်လိမ့်မယ်။ အဲဒီလိုမှ မဟုတ်ရင် မင်းက ဒီနေ့အတွက် ခေါင်းကိုးခုမြွေနတ်ဘုရားရဲ့ ယဇ်ကောင်ပဲ။”
“ဟားဟားဟား။” ချွေ့ဖူက မထီမဲ့မြင် ရယ်မောလိုက်သည်။ “တုပိုင်။ မင်းတော့ ပြိုင်ဘက်နဲ့ တွေ့ပြီပဲ။ ခေါင်းကိုးခုမြွေနတ်ဘုရားရဲ့ အစာ ဖြစ်သွားတဲ့သူ ဘယ်နှယောက် ရှိပြီလဲ မင်း သိလား။ ထောင်ချီ ၊ သောင်းချီ ရှိနေပြီ။ အသက်ရှင်လျက် ပြန်ထွက်လာနိုင်သူ တစ်ယောက်မှ မရှိသေးဘူး။ ဂီတ ၊ စစ်တုရင် ၊ လက်ရေးလှ ၊ ပန်းချီ ၊ ကဗျာ ၊ စကားပြေ ပါရမီရှင် ဖြစ်တဲ့ မင်းက အခု မြွေဗိုက်ထဲမှာ သေရတော့မယ်။ ဒါ တကယ်ကို ဝဋ်လည်တာပဲ။ ဟားဟားဟား။”
ချွေ့ဖိန်ထင်က ပြောလိုက်သည်။ “နင့်ကို ကိုယ်တိုင် တစ်စစီ မခုတ်ထစ်နိုင်တာပဲ ငါ နောင်တရတယ်။ ဒါပေမဲ့ ဒီလို သနားစရာကောင်းတဲ့ သေခြင်းမျိုးနဲ့ သေရမယ်ဆိုရင် ငါ့ရင်ထဲက အမုန်းတရားတွေကို ဖြေဖျောက်ဖို့ လုံလောက်ပါတယ်။”
တုပိုင်သည် ရှားလုံရွှိုကို ကြည့်ပြီး ပြောလိုက်သည်။ “ရှားလုံဘုရင်ကြီး။ ခေါင်းကိုးခုမြွေနတ်ဘုရား ချောက်နက်ထဲကနေ ကျွန်တော် အသက်ရှင်လျက် ပြန်လာနိုင်ရင် ဒါက ခေါင်းကိုးခုမြွေနတ်ဘုရားရဲ့ အလိုတော် ဖြစ်တယ်ဆိုတာ သက်သေပြရာ ရောက်မယ်။ အဲဒီအခါကျရင် ဘုရင်ကြီးက လီမိသားစု စော်ဘွားစီရင်စုကို စစ်တပ်လွှတ်ပြီး ချွေ့ဖိန်ထင်နဲ့ ချွေ့ဖူကို သတ်ပေးမယ် မဟုတ်လား။”
ရှားလုံဘုရင်ကြီးက ပြောလိုက်သည်။ “ဟုတ်တယ်။”
တုပိုင်သည် ချောက်နက်ကြီး၏ နှုတ်ခမ်းဝတွင် ရပ်လိုက်ပြီး မျက်လုံးများကို မှိတ်ကာ အသက်ပြင်းပြင်း ရှူလိုက်သည်။
အောက်ဘက်ရှိ နက်ရှိုင်းသော ချောက်နက်ထဲမှ တုန်လှုပ်ဖွယ် ကောင်းသော သေခြင်းတရား အငွေ့အသက်နှင့် မိစ္ဆာဆန်သော ဟိန်းသံ ၊ အော်မြည်သံ နိမ့်နိမ့်တို့သည် ကောင်းကင်ယံသို့ လှမ်းလာကြသည်။
‘အိပ်မက်စနစ်။ ငါ မင်းကို ရာနှုန်းပြည့် ယုံကြည်တယ်။ မင်း ငါ့ကို စိတ်ပျက်အောင် မလုပ်ပါနဲ့။’ တုပိုင် စိတ်ထဲမှ တွေးလိုက်သည်။
ရှားလုံစော်ဘွား၏ အံ့သြနေသော အကြည့် ၊ ချွေ့ဖူနှင့် ချွေ့ဖိန်ထင်တို့၏ အလွန်အမင်း ဝမ်းသာအားရ ဖြစ်နေသော အကြည့်များအောက်တွင် ရုတ်တရက် အံကိုတင်းတင်းကြိတ်ပြီး တုပိုင်သည် ခေါင်းကိုးခုမြွေနတ်ဘုရား ချောက်နက်ထဲသို့ ရုတ်တရက် ခုန်ချလိုက်လေသည်။
အပိုင်း ၂၁၄ ပြီး။