အခန်း (၂၁၅)
Vol. 22 Ch. 215
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၂၁၅
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
မင်းသမီးနင်းရွှဲ့သည် လီဝမ်ဟွေ့ကို မြို့တော်ဆီသို့ ဆက်လက် ဖမ်းဆီးခေါ်ဆောင်သွားလေသည်။
နန်းတော်ပြင်ပရှိ ဟန်လင်းအကယ်ဒမီမှ ကျောင်းသားများ ဆန္ဒပြ အစာငတ်ခံခြင်းက ပိုမို များပြားလာသလို နန်းတော်တံခါးဝတွင် ဒူးထောက်နေကြသော အရာရှိများလည်း ပိုမို များပြားလာသည်။
အရှေ့ဘက်ကွပ်ကဲရေးရုံးမှူး လီလျန်တင်းသည် ဧည့်သည်များနှင့် တွေ့ဆုံခြင်းကို ရပ်ဆိုင်းလိုက်ပြီ ဖြစ်သည်။
တူးမြောင်းကြီး၏ သယ်ယူပို့ဆောင်ရေးလမ်းကြောင်း ပြတ်တောက်နေဆဲဖြစ်ပြီး မြို့တော်အတွင်းရှိ ဆန်စပါးဈေးနှုန်းသည် သုံးဆအထိ မြင့်တက်လာသည်။ အချို့သော နိုင်ငံသားများသည် ငတ်မွတ်မှုဒဏ်ကို စတင် ခံစားနေရပြီ ဖြစ်သည်။
ပြည်နယ်နှင့် စီရင်စုအသီးသီးရှိ အရှေ့ဘက်ကွပ်ကဲရေးရုံးခွဲများမှာလည်း တိုက်ခိုက်ခြင်း ၊ ဖျက်ဆီးခြင်းနှင့် မီးရှို့ခြင်းတို့ကို ပိုမို ခံစားနေရသည်။
သွေးဖြင့် ရေးသားထားသော အသနားခံစာလွှာများသည် နန်းတော်ထဲသို့ ပိုမို များပြားစွာ ဝင်ရောက်လာသည်။ ယခင်က ပြည်နယ်စာမေးပွဲအောင်မြင်သူများနှင့် စီရင်စုအချို့မှ ရှိုချိုင်အဆင့် ပညာရှင်များသာ ပူးပေါင်းတင်ပြခဲ့ကြသည်။
သို့သော် ယခုအခါတွင်မူ ဤအရာသည် အကြွင်းမဲ့ ရပ်တည်ချက် ကြေညာခြင်း ၊ ကြီးမားသော လှုပ်ရှားမှုတစ်ရပ် ဖြစ်လာခဲ့ပြီ ဖြစ်သည်။
သွေးဖြင့် ရေးသားထားသော အသနားခံစာလွှာကို လက်မှတ်မထိုးပါက တိုင်းပြည်ကို မချစ်သောသူ ၊ မိန်းမစိုးဂိုဏ်းကို ကိုယ်ချင်းစာသောသူ ၊ ပညာရှင်တစ်ဦး ဖြစ်ရခြင်းနှင့် မထိုက်တန်သောသူဟု သတ်မှတ်ခံရမည် ဖြစ်သည်။
နန်းတော်ထဲသို့ ပျံဝဲဝင်ရောက်လာသော စွပ်စွဲပြစ်တင်သည့် အစီရင်ခံစာလွှာများမှာ လျော့နည်းသွားခြင်း မရှိဘဲ ပွားများလာသည်။ အငြိမ်းစားယူပြီးသော အရာရှိဟောင်းအချို့ကလည်း ပြည်သူတို့၏ မကျေနပ်ချက်များကို ဖြေရှင်းပေးရန်အတွက် သစ္စာဖောက်အရာရှိများကို ရှင်းလင်းပေးရန် ဧကရာဇ်ထံ တောင်းဆိုသော အစီရင်ခံစာလွှာများ တင်သွင်းလာကြသည်။
ယခင် အစီရင်ခံစာလွှာများတွင် လီဝမ်ဟွေ့ကို ရှုတ်ချရန်နှင့် သတ်ဖြတ်ရန် တောင်းဆိုမှုများသာ ပါဝင်ပြီး လီလျန်တင်း၏ အမည်ကို ဖော်ပြခြင်း မရှိသလောက် သို့မဟုတ် သွယ်ဝိုက်၍သာ ဖော်ပြခဲ့ကြသည်။ သို့သော် ယခုအခါ အချို့သော အစီရင်ခံစာလွှာများတွင် လီလျန်တင်း၏ အမည်ကို အတိအလင်း စတင်ဖော်ပြလာကြပြီ ဖြစ်သည်။
ဤတစ်ကြိမ်တွင် အင်ပါယာ၏ အရပ်ဘက်နှင့် စစ်ဘက်အရာရှိအုပ်စုသည် ယခင်က မရှိခဲ့ဖူးသော စည်းလုံးညီညွတ်မှုကို ပြသနေကြသည်။ သူတို့သည် တစ်သက်တွင် တစ်ခါသာ ရနိုင်မည့် ဤအခွင့်အရေးကို အသုံးပြု၍ အရှေ့ဘက်ကွပ်ကဲရေးရုံးကို အသေအလဲ ထိုးနှက်တိုက်ခိုက်ကာ ဧကရာဇ်၏ အထက်မြက်ဆုံး ဓားသွားကို ချိုးဖျက်ပစ်ရန် ဆုံးဖြတ်ထားကြသည်။
အရှေ့ဘက်ကွပ်ကဲရေးရုံးတည်းဟူသော ဓားသွား ကျိုးပဲ့သွားမှသာ သူတို့အနေဖြင့် အနာဂတ်တွင် ပိုမို လွတ်လပ်စွာ လှုပ်ရှားနိုင်မည် မဟုတ်ပါလော။ သို့သော် ဧကရာဇ်သည် သူတို့၏ တောင်းဆိုချက်များကို နားမဝင်ခဲ့ပေ။
သွေးဖြင့် ရေးသားထားသော အသနားခံစာလွှာ သို့မဟုတ် အစီရင်ခံစာလွှာ မည်မျှပင် ပေးပို့စေကာမူ ငါ ဖတ်မည် မဟုတ် ၊ အတည်ပြုမည် မဟုတ် ၊ ဂရုစိုက်မည် မဟုတ်ဆိုသည့် စရိုက်ဖြင့်ရှိနေသည်။ နန်းတော်တံခါးဝတွင် လူပေါင်း မည်မျှပင် သွေးထွက်အောင် ခေါင်းနှင့် ဆောင့်စေကာမူ ငါ မေးမြန်းမည် မဟုတ်။ နန်းတော်တံခါးဝတွင် အစာငတ်ခံ ဆန္ဒပြနေသော ဟန်လင်းအကယ်ဒမီမှ ကျောင်းသားများ အနေဖြင့်လည်း သေဆုံးသွားလျှင် သေပျော်ပေသည်။ လူမိုက်များ များများသေလေ ကောင်းလေပင်။ မည်သို့ပင်ဖြစ်စေ ဧကရာဇ်သည် နေ့စဉ် နန်းတော်တံခါးဝသို့ အစားအသောက်များ ပေးပို့နေပြီး သူတို့ စားခြင်း ၊ မစားခြင်းမှာ သူတို့၏ ကိုယ်ပိုင်ကိစ္စသာ ဖြစ်သည်။
ဧကရာဇ်ကို ဦးနှောက်မရှိသော အုပ်ချုပ်သူဟု ဆဲဆိုနေကြသည်ကိုမူ သူ ဂရုမစိုက်ပေ။ ဘိုးဘွားပိုင် အင်ပါယာသည် မနည်း ဖတ်တွယ်ထားရပြီး ပုန်ကန်သော အရာရှိများနှင့် သစ္စာဖောက်များကြောင့် ပျက်စီးလုနီးပါး ဖြစ်နေပြီ ဖြစ်သည်။ ကျက်သရေတုံးသော နာမည်ဆိုး တစ်ခုလောက်ကို သူက အဘယ်ကြောင့် ဂရုစိုက်နေရမည်နည်း။
ဧကရာဇ် ဂရုစိုက်သည့်အရာမှာ တစ်ခုတည်းသာ ရှိသည်။ လီမိသားစုသည် စစ်တပ်ဖွဲ့စည်းပြီး နယ်စပ်ကို ကျူးကျော်နေပြီ ဖြစ်သည်။
**--**--**--**--**--**--**--**
လီမိသားစု စော်ဘွားစီရင်စု ၊ ဝမ်ရှန်းမြို့။ လီမိသားစု စော်ဘွားစီရင်စုသည် ဝမ်ရှန်းနှင့် ဟုန်ဟယ်စီရင်စု နယ်မြေများကို အုပ်ချုပ်သည်။ နေ့စဉ်နေ့တိုင်း စစ်သည်များသည် ဝမ်ရှန်းမြို့တွင် စဉ်ဆက်မပြတ် စုရုံးနေကြသည်။ လီရူဟိုင်သာ စစ်တပ်ဖွဲ့စည်းနေခြင်း မဟုတ်ဘဲ အနောက်တောင်ပိုင်း စော်ဘွားမဟာမိတ်အဖွဲ့လည်း ပါဝင်သည်။ ပြန်လည်ရှင်သန်လာမည်ဟု ဟောကိန်းထုတ်ထားသော မီးနတ်ဘုရားဘာသာဂိုဏ်း၏ အဓိပတိခေါင်းဆောင် မီးနတ်ဘုရား စုန်းမကြီးသည် တာ့နင်အင်ပါယာ၏ သစ္စာဖောက်အရာရှိများကို ပူးပေါင်းချေမှုန်းရန်အတွက် စစ်သည်များ စေလွှတ်ရန် စော်ဘွားမဟာမိတ်အဖွဲ့ တစ်ခုလုံးကို အမိန့်ပေးခဲ့သည်။
ဝမ်ရှန်းမြို့တွင် စစ်သည်အင်အား ပိုမို စုရုံးလာပြီး စဉ်ဆက်မပြတ် တိုးပွားလာနေသည်။ တစ်သောင်း ၊ နှစ်သောင်း ၊ သုံးသောင်း ၊ လေးသောင်း ၊ ငါးသောင်း... ထို့အပြင် ဆက်လက် တိုးပွားနေဆဲ ဖြစ်သည်။ လီရူဟိုင်သည် ဤခံစားချက်ကြောင့် အတိုင်းအဆမဲ့ မူးယစ်နေလေသည်။ ထောင်ပေါင်းများစွာသော စစ်သည်များကို ကွပ်ကဲရပြီး ကမ္ဘာလောကကြီးသည် သူ့လက်ခုပ်ထဲတွင် ရှိနေသကဲ့သို့ ခံစားနေရသည်။
ဆယ်စုနှစ်များစွာ ကြိုတင်စီစဉ်ခဲ့ပြီး အနောက်တောင်ပိုင်း စော်ဘွားမဟာမိတ်အဖွဲ့၏ နေရာအနှံ့အပြားသို့ မီးနတ်ဘုရားဘာသာဂိုဏ်းကို စိမ့်ဝင်စေခဲ့သည်။ အသွေးအသားရင်း သမီးတစ်ယောက်ကို စတေးပြီး မီးနတ်ဘုရား စုန်းမကြီးကို ရယူခဲ့ခြင်းသည် နောက်ဆုံးတွင် ကြီးမားသော ရလဒ်များကို ရရှိလာပြီဖြစ်၏။
ယခင်က သူသည် အနောက်တောင်ပိုင်း စော်ဘွားမဟာမိတ်အဖွဲ့၏ ခေါင်းဆောင် ဖြစ်သော်လည်း ဤဒေသခံခေါင်းဆောင်များသည် သူ့ကို လေးစားရုံသာ လေးစားပြီး နာခံခြင်း မရှိပေ။ အထူးသဖြင့် စစ်တပ်ဖြန့်ကြက်ရန် သူ၏ အမိန့်ကို လိုက်နာကြမည် မဟုတ်ပေ။
သို့သော် ယခုအခါ မီးနတ်ဘုရား စုန်းမကြီး၏ အမိန့်တစ်ချက်တည်းဖြင့် ဒေသခံခေါင်းဆောင် အသီးသီးသည် စစ်သည်များ စေလွှတ်လာကြသည်။ အရေအတွက် မများသော်လည်း သူတို့၏ လက်အောက်ခံမှုကို ပြသနေပြီ ဖြစ်သည်။
အကယ်၍ ဤကမ္ဘာတွင် သုံးပြည်ထောင်ခေတ် ရှိခဲ့မည်ဆိုလျှင် လီရူဟိုင်သည် ပဒေသရာဇ်များကို ကွပ်ကဲရန် ဧကရာဇ်ကို ဓားစာခံအဖြစ် ဖမ်းဆီးထားသူတစ်ဦးကဲ့သို့ ခံစားရမည် ဖြစ်သည်။
လီရူဟိုင်သည် အင်အား တစ်သိန်းရှိသော စစ်တပ်ကို စုစည်းပြီးနောက် မြောက်ဘက်သို့ ချီတက်ကာ နယ်စပ်ကို ကျူးကျော်ရန် ပြင်ဆင်နေသည်။ ထိုသည်က တာ့နင်အင်ပါယာကို တိုက်ခိုက်မည့် ဟန်ပြလုပ်ဆောင်ချက် တစ်ခုသာ ဖြစ်သည်။
သူတို့ ကြွေးကြော်သည့် ဆောင်ပုဒ်မှာ အရှင်သခင်ဘေးမှ အန္တရာယ်ကို ရှင်းလင်းပြီး သစ္စာဖောက်ဂိုဏ်းကို အပြစ်ပေးမည် ဟူ၍ ဖြစ်သည်။
အမှန်စင်စစ် လီဝမ်ဟွေ့သည် ကွမ်ရှီးပြည်နယ်ရှိ လီမိသားစု၏ အမာခံစခန်းများကို အမြစ်မဖြတ်ခဲ့လျှင် ၊ လီမိသားစုဝင်များကို မသတ်ဖြတ်ခဲ့လျှင်တောင်မှ လီရူဟိုင်သည် ပဋိပက္ခ ဖန်တီးရန်နှင့် နယ်စပ်ကို ကျူးကျော်ရန် အခွင့်အရေး ရှာဖွေနေဦးမည်သာ ဖြစ်သည်။
ကျန်းနန်နယ်စားမင်းသည် သူ့စစ်တပ်ကို ဦးဆောင်၍ တောင်ဘက်သို့ ရောက်ရှိနေသဖြင့် အင်ပါယာ၏ အနောက်တောင်ပိုင်း တစ်ခုလုံးမှာ အားနည်းနေသည်။ ထိုကဲ့သို့ ရှားပါးသော အခွင့်အရေးသည် ဧကရာဇ်ထံမှ အကျိုးအမြတ်အချို့ ခြိမ်းခြောက်ယူရန် အကောင်းဆုံးအချိန် ဖြစ်သည်။ လီရူဟိုင် အနေဖြင့် ဤအခွင့်အရေးကို မည်သို့ လက်လွတ်ခံနိုင်မည်နည်း။
သို့သော် လီဝမ်ဟွေ့ ဤမျှ ရက်စက်ကြမ်းကြုတ်လိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့မိပေ။ ဤအခွင့်အရေးကို အသုံးချပြီး ကွမ်ရှီးပြည်နယ်ရှိ သူ့အမာခံစခန်း အားလုံးကို ဖျက်ဆီးပစ်ကာ ကွမ်ရှီးပြည်နယ်ရှိ လီမိသားစုဝင် အားလုံးကို သတ်ဖြတ်ပစ်ခဲ့သည်။
သတင်း ရောက်ရှိလာသောအခါ လီရူဟိုင်သည် ဒေါသထွက်လွန်းသဖြင့် သွေးအန်လုနီးပါး ဖြစ်ခဲ့ရသည်။
လီဝမ်ဟွေ့သည် တကယ်ပင် ရက်စက်လွန်းလှသည်။ လီရူဟိုင်အတွက် ငွေတုံး သုံးသန်း ဆုံးရှုံးရခြင်းသည် သေးငယ်သော ကိစ္စဖြစ်သည်။ အရေးကြီးဆုံးမှာ ကွမ်ရှီးပြည်နယ်ရှိ အမာခံစခန်း အားလုံး အမြစ်ပြတ် သွားခြင်းဖြစ်ပြီး ပြန်လည်ထူထောင်ရန် အနည်းဆုံး တစ်နှစ် သို့မဟုတ် နှစ်နှစ် ကြာမြင့်မည် ဖြစ်သည်။
ဤ တစ်နှစ် ၊ နှစ်နှစ်အတွင်း လီမိသားစု၏ ဘဏ္ဍာရေး အသက်သွေးကြောမှာ အကြီးအကျယ် ပြတ်တောက်သွားမည် ဖြစ်ပြီး သူတို့ကို ကြီးမားစွာ ထိုးနှက်ချက် ဖြစ်စေသည်။
ထို့ကြောင့် လီရူဟိုင်သည် လီဝမ်ဟွေ့အပေါ် နက်ရှိုင်းသော အမုန်းတရား ထားရှိပြီး ဤတစ်ကြိမ်တွင် သူ့ကို လုံးဝ ဖျက်ဆီးပစ်ရန် ဆုံးဖြတ်ထားသည်။
သေချာသည်မှာ သူသည် တာ့နင်အင်ပါယာ၏ စီရင်စုများကို တကယ်တမ်း တိုက်ခိုက်မည် မဟုတ်ပေ။ ယခုအချိန်သည် သင့်တော်သည့် ရွှေရောင်အချိန်ကာလ မဟုတ်သေးချေ။
ကျန်းနန်နယ်စားမင်းသည် စစ်တပ်ကို ဦးဆောင်၍ တောင်ဘက်သို့ ရောက်ရှိနေပြီး အင်ပါယာ၏ အနောက်တောင်ပိုင်း တစ်ခုလုံး အားနည်းနေကာ သိမ်းပိုက်ရန် လွယ်ကူနေသော်လည်း လီရူဟိုင်က မတုံးအပေ။ တာ့နင်အင်ပါယာသည် အားနည်းနေသော်လည်း မပျက်စီးသေးပေ။ အကယ်၍ သူသည် အနောက်တောင်ပိုင်း တစ်ခုလုံးကို သိမ်းပိုက်လိုက်လျှင်သော်မှ ထောင်ပေါင်းများစွာသော စစ်သည်များ၏ တန်ပြန်တိုက်ခိုက်မှုကို ရင်ဆိုင်ရမည် ဖြစ်သည်။
အင်ပါယာ၏ အရပ်ဘက်နှင့် စစ်ဘက်အရာရှိများသည် လီမိသားစုနှင့် စီးပွားရေးလုပ်ပြီး ကြီးပွားချမ်းသာလာခြင်းကို လက်ခံနိုင်သော်လည်း လီမိသားစု တကယ်တမ်း ပုန်ကန်သည်နှင့် တပြိုင်နက် သူတို့အနေဖြင့် နှိမ်နင်းခြင်းမှလွဲ၍ အခြားရွေးချယ်စရာ ရှိမည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် လီမိသားစု၏ ပုန်ကန်မှုသည် ထမင်းအိုးကို မှောက်လိုက်ခြင်းနှင့် တူညီသောကြောင့် ဖြစ်သည်။
လီမိသားစုအတွက် လက်တလော ဦးစားပေးမှာ မီးနတ်ဘုရား စုန်းမကြီး၏ ဝါဒကို အသုံးပြု၍ နှစ်အနည်းငယ်အတွင်း အနောက်တောင်ပိုင်း စော်ဘွားမဟာမိတ်အဖွဲ့ တစ်ခုလုံးကို လုံးဝ သိမ်းပိုက်ရန်နှင့် စတုရန်းကီလိုမီတာ တစ်သန်းနီးပါးရှိသော ဤနယ်မြေကို စေ့စပ်သေချာစွာ ပေါင်းစည်းပြီး တည်ငြိမ်သော နောက်တန်းစခန်းတစ်ခု တည်ထောင်ရန် ဖြစ်သည်။
ထိုအချိန်ရောက်လျှင် လီမိသားစုသည် လီ ထောင်ပေါင်းများစွာ ကျယ်ဝန်းသော နယ်မြေ ၊ လူဦးရေ သန်းပေါင်းများစွာနှင့် စစ်သည်အင်အား သိန်းပေါင်းများစွာကို ကွပ်ကဲနိုင်မည် ဖြစ်သည်။
နှစ်အနည်းငယ် ကြာပြီးနောက် တာ့နင်အင်ပါယာသည် ကပ်ပါးကောင်များကြောင့် ပိုမို ဟာလာဟင်းလင်း ဖြစ်လာလိမ့်မည်။ မြောက်ဘက်နှင့် အရှေ့မြောက်ဘက် စစ်မြေပြင်များသည် အချိန်မရွေး လုံးဝ ပြိုလဲသွားနိုင်ပြီး ကွင်းဆက်တုံ့ပြန်မှုများ ဖြစ်ပေါ်ကာ မြောက်ဘက်ဒေသ တစ်ခုလုံး လုံးဝ ပျက်စီးသွားလိမ့်မည်။
ထိုအချိန်တွင် လီရူဟိုင်၏ စစ်သည် သိန်းပေါင်းများစွာသည် အချိန်တိုအတွင်း အင်ပါယာ၏ တောင်ဘက်ခြမ်း တစ်ခုလုံးကို ဖြတ်ကျော် တိုက်ခိုက်နိုင်မည် ဖြစ်သည်။
ထို့ကြောင့် ဤတစ်ကြိမ် လီရူဟိုင် စစ်တပ်ဖွဲ့စည်းရခြင်းတွင် ရည်ရွယ်ချက် သုံးခုသာ ရှိသည်။
ပထမအချက်မှာ ဧကရာဇ်ထံမှ လျော်ကြေးငွေ ငွေတုံး ငါးသန်း တောင်းခံရန် ဖြစ်ပြီး စစ်ရိက္ခာ ခေါင်းစဉ်အောက်မှ သဘာဝကျကျ ရယူမည် ဖြစ်သည်။ လီမိသားစု စော်ဘွားအနေဖြင့် အင်ပါယာအတွက် အနောက်တောင်ပိုင်းကို စောင့်ရှောက်ပေးနေခြင်း ဖြစ်သည်။ ကုသိုလ်မရလျှင်တောင် ပင်ပန်းရကျိုးတော့ နပ်သင့်သည်။
ဒုတိယအချက်မှာ ဧကရာဇ်အနေဖြင့် လီဝမ်ဟွေ့ကို သတ်ဖြတ်ရန်နှင့် လီလျန်တင်းကို နှင်ထုတ်ရန် ဖြစ်သည်။
တတိယအချက်မှာ မင်းသမီးနင်းရွှဲ့ကို လီမိသားစုနှင့် လက်ထပ်ထိမ်းမြားပေးရန် ဖြစ်သည်။ သေချာသည်မှာ လီရူဟိုင်သည် ဤနောက်ဆုံးအချက်နှင့် ပတ်သက်၍ တွန့်ဆုတ်နေမိသည်။ မင်းသမီးနင်းရွှဲ့သည် အလွန်သန်မာသူ ဖြစ်ရာ သူမ လီမိသားစုနှင့် ပူးပေါင်းခြင်းသည် သူ၏ ပုန်ကန်မှုအတွက် အန္တရာယ် ဖြစ်လာနိုင်သလော။
သို့သော် လီဝမ်ဝမ်က သူ့စိုးရိမ်မှုများကို ဖြေလျော့ပေးခဲ့သည်။ မီးနတ်ဘုရားဘာသာဂိုဏ်းတွင် လူတစ်ယောက်ကို လမ်းလျှောက်နေသော အလောင်းကောင်အဖြစ် ပြောင်းလဲပေးနိုင်သည့် အလွန်စွမ်းအားကြီးသော စိတ်စွမ်းအင် နည်းစနစ်တစ်ခု ရှိသည်။
မင်းသမီးနင်းရွှဲ့ကို လက်ထပ်ခြင်းသည် အနာဂတ်တွင် ကမ္ဘာလောကကြီးကို လုယူရန်အတွက် သူတို့၏ အရေးကြီးဆုံး ခြေလှမ်းဖြစ်သည်။
အကယ်၍ လီရူဟိုင်က စစ်သည် တစ်သိန်းကို ဦးဆောင်ပြီး နယ်စပ်သို့ ချီတက်လာသော်လည်း ဧကရာဇ်က အလျှော့မပေးဘဲ သို့မဟုတ် သူ့တောင်းဆိုချက် သုံးခုကို သဘောမတူဘဲ နေခဲ့လျှင်ကော။
ထိုအခါ အခြားနည်းလမ်း ရှိတော့မည် မဟုတ်ပေ။ လီရူဟိုင်သည် သူ့မျက်လုံးထဲမှ ဆူးငြောင့်တစ်ခု ဖြစ်သော အန်လုံစော်ဘွားစီရင်စုကို ဖျက်ဆီးရန်အတွက် စစ်တပ်ကို စေလွှတ်ရတော့မည် ဖြစ်သည်။ နန်းတော်၏ သစ္စာရှိသော ခွေးတစ်ကောင် ဖြစ်သည့် ချူဟုန်မြန်သည် လီရူဟိုင်အတွက် အနောက်တောင်ပိုင်း စော်ဘွားမဟာမိတ်အဖွဲ့ကို ပေါင်းစည်းရာ၌ အကြီးမားဆုံး အတားအဆီးများထဲမှ တစ်ခုအဖြစ် အမြဲ ရှိနေခဲ့သည်။
“ငါတို့ဆီမှာ စစ်သည်အင်အား ဘယ်လောက်ရှိလဲ။” လီရူဟိုင် မေးလိုက်သည်။
“ခုနစ်သောင်းပါ။”
လီရူဟိုင်သည် အဆုံးမရှိသော စစ်တပ်စခန်းများကို ငေးကြည့်ရင်း မျက်လုံးများကို မြောက်ဘက်သို့ စူးစိုက်ကာ အေးစက်စွာ ပြောလိုက်သည်။ “မနက်ဖြန် ငါတို့ မြောက်ဘက်ကို ချီတက်မယ်။ လူဘယ်လောက်ပဲ ရှိရှိ ငါတို့က တစ်သိန်းလို့ ပြောမယ်။”
“ဟုတ်ကဲ့ပါ။”
သူတို့သည် မနက်ဖြန်တွင် ထွက်ခွာကြမည် ဖြစ်ပြီး နှစ်ရက်အတွင်း နယ်စပ်သို့ ရောက်ရှိမည် ဖြစ်သည်။
ထိုအချိန်တွင် တာ့နင်အင်ပါယာ၏ စီရင်စုအများအပြား ဝိုင်းရံခံရမည် ဖြစ်သည်။
ထိုအချိန်သည် လီဝမ်ဟွေ့၏ သေနေ့ ဖြစ်လာပေလိမ့်မည်။
ရှားလုံဘုရင်ကြီး၏ မသေမျိုးလိုဏ်ဂူ။
တုပိုင်သည် ရုတ်တရက် ကြောက်မက်ဖွယ်ကောင်းသော ချောက်နက်ထဲသို့ ခုန်ချလိုက်သည်။
ချက်ချင်းပင် အောက်ဘက်မှ ငရဲခန်းဟိန်းသံတစ်ခု ထွက်ပေါ်လာပြီးနောက် ကြောက်မက်ဖွယ်ကောင်းသော ၊ ပုပ်စော်နံသော အနံ့ဆိုးကြီးသည် အလွန်အစွမ်းထက်သော စွမ်းအင်များနှင့်အတူ ကောင်းကင်ယံသို့ ထိုးတက်လာလေသည်။
အပိုင်း ၂၁၅ ပြီး