← Chapters

အခန်း (၂၁၆)

Vol. 22 Ch. 216

အခန်း (၂၁၆)

Vol. 22 Ch. 216

ကုန်းကုန်းဧကရာဇ်။ အပိုင်း ၂၁၆

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

ထိုရုတ်တရက်ပေါ်လာသည့် စွမ်းအင်သည် တုပိုင်၏ အရှိန်ပြင်းစွာ ထိုးကျနေမှုကို ရပ်တန့်စေခဲ့ပြီး ဖြည်းညှင်းစွာ သက်ဆင်းစေခဲ့သည်။ တုပိုင်သည်လည်း ကျဆင်းနေဆဲဖြစ်၏။ မရပ်မနား ကျဆင်းနေသည်။ ဤချောက်နက်ကြီးသည် အောက်ခြေမရှိသကဲ့သို့ ဖြစ်နေပြီး မီတာရာပေါင်းများစွာ နက်ရှိုင်းနေပြီ ဖြစ်သည်။

အစွမ်းထက်သော စွမ်းအင်က ပင့်မထားသဖြင့် သူ၏ ကျဆင်းနှုန်းမှာ နှေးကွေးနေပြီး အောက်ခြေသို့ရောက်ရန် နှစ်မိနစ်ခန့် ကြာမြင့်ခဲ့သည်။ ယခုအချိန်တွင် သူသည် ချောက်ကမ်းပါးအတွင်း ကီလိုမီတာပေါင်းများစွာ နက်ရှိုင်းသော နေရာသို့ ရောက်ရှိနေပြီ ဖြစ်သည်။

ဤအရာသည် ငရဲပြည်သို့ တိုက်ရိုက်ပေါက်နေသော လမ်းဖြစ်သည်ဟုပင် သံသယဝင်စရာ ကောင်းလှသည်။ တုပိုင် အနေဖြင့် ဤကဲ့သို့ အဆုံးမရှိ ပြုတ်ကျနေတော့မည်ဟု ထင်မှတ်နေစဉ် ရုတ်တရက် ရပ်တန့်သွားသည်။

ထို့နောက် ကြောက်မက်ဖွယ်ကောင်းသော အရာတစ်ခုက သူ့ခန္ဓာကိုယ်ကို ရစ်ပတ်လိုက်သကဲ့သို့ ခံစားလိုက်ရပြီး လေထဲတွင် တွဲလောင်းဖြစ်နေသည်။ ဤနေရာတွင် အလင်းရောင် မရှိတော့ဘဲ ကိုယ့်လက်ကိုယ်ပင် မမြင်ရလောက်အောင် မှောင်မိုက်နေသည်။

ရုတ်တရက် ကြီးမားသော မျက်လုံးတစ်စုံ လင်းလက်လာသည်။ ထို့နောက် နှစ်စုံ ၊ သုံးစုံ ၊ လေးစုံ။ နောက်ဆုံးတွင် မျက်လုံး ကိုးစုံလုံး ပွင့်လာပြီး ချောက်နက်ကြီး၏ အောက်ခြေတစ်ခုလုံးကို လင်းထိန်သွားစေသည်။

တုပိုင်သည် သူ တစ်ခါမျှ မမြင်ဖူးသော အံ့သြဖွယ်ရာ မြင်ကွင်းကို မြင်တွေ့လိုက်ရသဖြင့် အသက်ရှူရန်ပင် မေ့လျော့လုနီးပါး ဖြစ်သွားသည်။ ဤချောက်နက်ကြီးသည် အလွန်တရာ ကြီးမားကျယ်ဝန်းလှသည်။ ဤသည်က ရှားလုံစော်ဘွားအိမ်တော်မှ ကိုးကွယ်ယုံကြည်ကြသော ခေါင်းကိုးခုမြွေနတ်ဘုရား ပေလော။

ယင်းသည် တကယ် ရှိနေခဲ့သည်။ ထို့အပြင် တုပိုင်၏ စိတ်ကူးယဉ်မှုထက် များစွာ ပိုမို ကြီးမားနေသည်။ ယင်းတွင် ခေါင်းကိုးလုံးနှင့် မြွေခန္ဓာကိုယ်ကိုးခု ပါရှိပြီး တစ်ခုစီသည် မီတာဆယ်ချီများစွာ ရှည်လျားကာ ရေပုံးခန့် တုတ်ခိုင်လေသည်။ မြွေခေါင်းတစ်လုံး ပါးစပ်ဟလိုက်လျှင်ပင် တုပိုင်လေးငါးယောက်ကို မျိုချရန် လုံလောက်ပေသည်။

တုပိုင်သည် ဤကမ္ဘာမြေကြီးသည် အခြားကမ္ဘာမှ စွမ်းအင်ကျူးကျော်မှုကို ခံစားခဲ့ရကြောင်း ၊ ထို့ကြောင့် ဆန်းကြယ်သော သတ္တဝါအချို့ ရှိနေကြောင်း သိထားသည်။ သို့သော် ယခုအချိန်တွင်မူ သူသည် လုံးဝ ကွဲပြားခြားနားသော မျိုးစိတ်တစ်ခု ၊ ရှေးဟောင်းဒဏ္ဍာရီများထဲမှ ခေါင်းကိုးခုမြွေကြီးကို အစစ်အမှန် မြင်တွေ့နေရခြင်း ဖြစ်သည်။ ထိုအချိန်တွင် တုပိုင်သည် မြွေခန္ဓာကိုယ်တစ်ခု၏ ရစ်ပတ်ခြင်းကို ခံထားရသည်။

“အာ...။ ယဇ်ကောင်လေးပဲ ၊ ဒါပေမဲ့ နည်းနည်းတော့ ပိန်လွန်းတယ်”

“တစ်နေ့ကို ယဇ်ကောင်သုံးကောင်ကျွေးရင်တောင် ၊ ငါ့ဗိုက်ပြည့်ဖို့တောင် မလွယ်ဘူး”

ချက်ချင်းပင် တုပိုင် ပို၍ အံ့သြသွားရသည်။ ထူးဆန်းအံ့ဩဖွယ်ရာပင်။ ဤကမ္ဘာတွင် ဒဏ္ဍာရီလာ စွမ်းအားများ တကယ် ရှိနေသည်လော။ ဤခေါင်းကိုးခုမြွေကြီးက စကားပြောတတ်နေသည်။ ယင်းက ဝိညာဉ်သားရဲအဖြစ် ပြောင်းလဲသွားပြီလော။ သို့သော် တုပိုင်သည် ယင်းက ပါးစပ်ဖြင့် စကားပြောနေခြင်း မဟုတ်ဘဲ စိတ်ချင်းဆက်သွယ်နေခြင်း ဖြစ်ကြောင်း လျင်မြန်စွာ သဘောပေါက်လိုက်သည်။ ထို့ကြောင့် အသံသည် တုပိုင်၏ စိတ်ထဲတွင် ပဲ့တင်ထပ်နေခြင်း ဖြစ်သည်။ ထို့အပြင် ယင်း၏ စကားအပြောအဆိုသည်ရိုးရှင်းပြီး အနည်းငယ် နှေးကွေးနေသည်။

“ငါ ဒီချောက်နက်ကြီးရဲ့ အောက်ခြေမှာ နှစ်ပေါင်းရာချီပြီး နေလာခဲ့ရတယ်။ ထွက်လည်း မထွက်နိုင်ဘူး။ လွတ်လပ်ခွင့်လည်း မရှိဘူး”

တုပိုင် ငုံ့ကြည့်လိုက်သောအခါ ခေါင်းကိုးခုမြွေကြီးသည် ချောက်နက်ကြီး တစ်ခုလုံးနှင့် ပေါင်းစပ်နေသကဲ့သို့ ဖြစ်နေပြီး ချောက်ထဲတွင် စိုက်ပျိုးထားသကဲ့သို့ ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ ထို့အပြင် ခေါင်းကိုးခုမြွေကြီး၏ ခန္ဓာကိုယ်သည် မရေမတွက်နိုင်သော အရိုးစုများဖြင့် ဖုံးလွှမ်းလုနီးပါး ဖြစ်နေသည်။

တုပိုင်သည် ဦးရေပြားများ ကျဉ်တက်သွားသကဲ့သို့ ခံစားလိုက်ရသည်။ ဤမျှ များပြားသော အရိုးစုများကို သူ ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။ ဤရာစုနှစ်များစွာအတွင်း မြွေကြီးသည် လူပေါင်း မည်မျှ စားသောက်ခဲ့သည်ကို မသိနိုင်ပေ။ ဤနေရာရှိ အရိုးစုများသည် တောင်ပုံယာပုံ ဖြစ်နေပြီး မည်သူမဆို ကြောက်ရွံ့တုန်လှုပ်သွားစေမည့် မြင်ကွင်းမျိုး ဖြစ်သည်။

“ယဇ်ကောင်လေး။ ငါက အရမ်းတရားမျှတပါတယ်။ ငါ့ရဲ့ အဆုံးမရှိတဲ့ အထီးကျန်ဆန်မှုကို ဖြေဖျောက်ဖို့ ကစားပွဲလေးတစ်ခု ကစားကြမလား။”

ခေါင်းကိုးခုမြွေနတ်ဘုရားက ပြောလိုက်သည်။

တုပိုင်သည် သူ့စိတ်ထဲမှ တုန်လှုပ်မှုနှင့် ကြောက်ရွံ့မှုကို ဖိနှိပ်လိုက်ပြီး အသံတိုးတိုးဖြင့် ပြန်ဖြေလိုက်သည်။

“ကောင်းပါပြီ”

“ငါ့မှာ မေးခွန်းသုံးခု ရှိတယ်။ မင်းသာ ဖြေနိုင်ရင် ၊ ငါ မင်းကို လွှတ်ပေးမယ့်အပြင် ပုလဲတစ်လုံးလည်း ပေးမယ်”

ခေါင်းကိုးခုမြွေနတ်ဘုရားက ပြောလိုက်သည်။ ထို့နောက် မြွေခေါင်းတစ်လုံးက ပါးစပ်ဟပြီး တောက်ပသော ပုလဲတစ်လုံးကို ထွေးထုတ်လိုက်သည်။

ဤသည်မှာ စစ်မှန်သော ပုလဲတစ်လုံး မဟုတ်ဘဲ သန့်စင်သော စွမ်းအင်များ စုစည်းထားခြင်း ဖြစ်ကြောင်း တုပိုင် သိလိုက်သည်။

သူ့မွေးစားဖခင်ကို ကယ်တင်မည့် မစ်ရှင်တွင် သိုင်းပညာရှင်အဆင့် ၇ သို့ တိုက်ရိုက် တက်လှမ်းနိုင်မည့် ဆုလာဘ်က မည်သည့်နေရာမှ ရရှိမည်ကို သူ နောက်ဆုံးတွင် နားလည်သွားခဲ့ပြီ ဖြစ်သည်။ ယင်းမှာ ခေါင်းကိုးခုမြွေကြီး ပေးသနားမည့် စွမ်းအင်ပုလဲပင် ဖြစ်သည်။

“ပထမဆုံး မေးခွန်းကို မေးမယ်။ မင်း အဖြေမှားရင် ငါ မင်းရဲ့လက်တွေကို စားမယ်”

“ဒုတိယ မေးခွန်းကို မေးမယ်။ မင်း အဖြေမှားရင် ငါ မင်းရဲ့ခြေထောက်တွေကို စားမယ်”

“တတိယ မေးခွန်းကို မေးမယ်။ မင်း အဖြေမှားရင် မင်းရဲ့ ခန္ဓာကိုယ်နဲ့ ခေါင်းကို စားမယ်”

“မင်းသာ အားလုံးကို မှန်အောင်ဖြေနိုင်ရင် ဒီစွမ်းအင်ပုလဲကို ပေးပြီး မင်းကို ပြန်လွှတ်ပေးမယ်”

“မင်း နားလည်လား”

ခေါင်းကိုးခုမြွေနတ်ဘုရားက မေးလိုက်သည်။

တုပိုင်က မာန်ပါပါဖြင့် ခေါင်းညိတ်လိုက်သည်။

“နားလည်ပါတယ်”

ခေါင်းကိုးခုမြွေနတ်ဘုရားက ပြောလိုက်သည်။

“ကဲ...။ ပထမဆုံး မေးခွန်းကို စကြတာပေါ့”

“ငါ ဆယ်ကနေ အောက်ကို ရေတွက်မယ်။ မင်း မဖြေရင် ၊ ဒါမှမဟုတ် အဖြေမှားရင် ငါ မင်းရဲ့လက်တွေကို စားမယ်”

ချက်ချင်းပင် တုပိုင်၏ လက်မောင်းများသည် ထိန်းချုပ်မရဘဲ မြောက်တက်လာသည်။

မြွေခေါင်းတစ်လုံးသည် ရှေ့သို့ တိုးလာပြီး ကြောက်မက်ဖွယ်ကောင်းသော သွေးစွန်းနေသည့် ပါးစပ်ကြီးကို ဟထားသည်။ တုပိုင် အဖြေမှားလိုက်သည်နှင့် ၊ သို့မဟုတ် အဖြေမပေးဘဲ အချိန်ကုန်သွားသည်နှင့် ယင်းသည် ရက်စက်စွာ ကိုက်ချလိုက်ပြီး တုပိုင်၏ လက်မောင်းများကို ဖြတ်တောက် မျိုချပစ်မည် ဖြစ်သည်။

“ပထမဆုံး မေးခွန်းကို သေချာနားထောင်ပါ။ ငါ့မှာ ခေါင်းကိုးလုံး ရှိတယ် ၊ ဒါပေမဲ့ တစ်လုံးတည်းကသာ အဓိကခေါင်း ဖြစ်ပြီး စဉ်းစားတွေးခေါ်တာနဲ့ ဆက်သွယ်ပြောဆိုတာကို လုပ်ဆောင်တယ်။ ငါ့ရဲ့ အဓိကခေါင်းက ဘယ်ဟာလဲ”

“ရေတွက်ခြင်း စတင်ပြီ”

“ဆယ် ၊ ကိုး...။”

ခေါင်းကိုးခုမြွေနတ်ဘုရားက စတင် ရေတွက်လေသည်။ သုံးစက္ကန့်လျှင် နံပါတ်တစ်ခု ရေတွက်သဖြင့် တုပိုင်အနေဖြင့် စက္ကန့် ၃၀ ခန့် အချိန်ရသည်။

တုပိုင်သည် မျက်လုံးများကို မှိတ်လိုက်ပြီး စိတ်စွမ်းအင်နည်းစနစ်ကို အသုံးပြုကာ အိပ်မက်အခြေအနေသို့ ချက်ချင်း ဝင်ရောက်သွားသည်။ ချက်ချင်းပင် တုပိုင်သည် အိပ်မက်ထဲသို့ ရောက်ရှိသွားပြီး အိပ်မက်ထဲတွင် အချိန်ကို ၁၅ ဆခန့် ဆွဲဆန့်လိုက်သဖြင့် စက္ကန့် ၃၀ သည် ၈ မိနစ်ခန့် ဖြစ်သွားသည်။

အိပ်မက်ထဲရှိ မြင်ကွင်းသည် လက်တွေ့ဘဝနှင့် ထပ်တူပင် ဖြစ်သည်။

“ပထမဆုံးခေါင်းက ခင်ဗျားရဲ့ အဓိကခေါင်းပဲ”

တုပိုင်က ဖြေလိုက်သည်။

“မှားတယ်”

ခေါင်းကိုးခုမြွေကြီးက အောင်နိုင်သူအပြုံးဖြင့် ရယ်မောလိုက်ပြီးနောက် ရက်စက်စွာ ကိုက်ချလိုက်ကာ တုပိုင်၏ လက်မောင်းများကို ဖြတ်တောက် မျိုချလိုက်သည်။

ဤသည်မှာ အိပ်မက်ထဲတွင် ဖြစ်သော်လည်း တုပိုင်သည် ကြီးမားသော ကြောက်ရွံ့မှုကို ခံစားလိုက်ရသည်။

ချက်ချင်းပင် အိပ်မက်က နောက်တစ်ကြိမ် ပြန်စသည်။

တုပိုင်က ဖြေလိုက်သည်။

“ဒုတိယမြောက်ခေါင်းက ခင်ဗျားရဲ့ အဓိကခေါင်းပဲ”

“မှားတယ်”

အိပ်မက်ထဲတွင် ခေါင်းကိုးခုမြွေကြီးသည် တုပိုင်၏ လက်မောင်းများကို နောက်တစ်ကြိမ် ကိုက်ဖြတ်လိုက်ပြန်သည်။

တတိယခေါင်း ၊ စတုတ္ထခေါင်း ၊ ပဉ္စမခေါင်း တုပိုင်သည် ခေါင်းကိုးလုံးစလုံးကို စမ်းသပ်ဖြေဆိုခဲ့သော်လည်း အကြိမ်တိုင်း မှားယွင်းနေပြီး အကြိမ်တိုင်းတွင် သူ၏ လက်မောင်းများ ကိုက်ဖြတ် စားသောက်ခံခဲ့ရသည်။

ထို့ကြောင့် သူသည် အိပ်မက်ဆိုးကို ကိုးကြိမ်တိတိ ခံစားခဲ့ရခြင်း ဖြစ်သည်။ ဤဉာဏ်စမ်းပဟေဠိက မည်မျှ စိတ်လှုပ်ရှားဖွယ်ကောင်းပြီး ကြောက်မက်ဖွယ် ကောင်းလိုက်သနည်း။ ပို၍ ထူးဆန်းသည်မှာ ခေါင်းကိုးခုမြွေကြီးတွင် ခေါင်းကိုးလုံးသာ ရှိခြင်း ဖြစ်သည်။ သူသည် အားလုံးကို ရွေးချယ်ပြီးပြီ ဖြစ်သော်လည်း မည်သည့်အရာမှ အဖြေမှန် မဟုတ်ခဲ့ပေ။

ဤသောက်မြွေက ညစ်ကစားနေသည်လော။ ထိုအချိန်မှာပင် တုပိုင် နိုးထလာခဲ့သည်။ အိပ်မက်က ပြီးဆုံးသွားပြီ ဖြစ်သည်။

‘သောက်ကျိုးနည်း။ ငါ အဖြေမှန်တောင် မရသေးဘူး။အိပ်မက်က ပြီးသွားပြီလား’

ဤသည်မှာ လက်တွေ့ဘဝ ဖြစ်သည်။ အကယ်၍ သူ အဖြေမှားပါက လက်မောင်းတစ်စုံ ကိုက်ဖြတ် စားသောက်ခံရမည် ဖြစ်ပြီး ဘယ်တော့မှ ပြန်ပေါက်လာမည် မဟုတ်ပေ။

ယခုအချိန်တွင် ခေါင်းကိုးခုမြွေကြီးက ဆက်လက် ရေတွက်နေဆဲ ဖြစ်သည်။

“နှစ် ၊ တစ်”

‘သောက်ကျိုးနည်း ၊ ရေတွက်တာတောင် ပြီးတော့မလို့လား’

မြွေပါးစပ်ကြီးသည် တုပိုင်၏ လက်များကို ငုံမိနေပြီဖြစ်ပြီး ကိုက်ဖြတ် မျိုချရန် တာစူနေပြီ ဖြစ်သည်။

အချိန်မရှိတော့ပေ။ တုပိုင်သည် မည်သို့ပင်ဖြစ်စေ အဖြေပေးရတော့မည် ဖြစ်သည်။

ရုတ်တရက် တုပိုင်၏ စိတ်ထဲတွင် အလင်းတစ်ခု လက်သွားပြီး ဉာဏ်ကွန့်မြူးသွားကာ ပြောလိုက်သည်။

“ခင်ဗျားရဲ့ ခေါင်းကိုးလုံးထဲက ဘယ်ဟာမှ အဓိကခေါင်း မဟုတ်ဘူး။ စစ်မှန်တဲ့ အဓိကခေါင်းက မြေအောက်မှာ ရှိတယ်။ အဲဒါက ခင်ဗျားရဲ့ ဝိညာဉ်ပဲ။ မြွေခန္ဓာကိုယ် ကိုးခုက ရုပ်ပိုင်းဆိုင်ရာ ပုံသဏ္ဌာန်သက်သက်ပဲ”

တုပိုင်၏ အဖြေသည် ကောင်းကင်ဘုံမှ ကျရောက်လာသော ဉာဏ်ကွန့်မြူးမှု တစ်ခုသာ ဖြစ်ပြီး အဖြေမှန် ဟုတ်မဟုတ် သူ တကယ် အာမခံနိုင်ခြင်း မရှိပေ။

အကယ်၍ သူ အဖြေမှားပါက သူ့လက်မောင်းများ ကိုက်ဖြတ် စားသောက်ခံရမည် ဖြစ်သည်။

သို့သော် ခေါင်းကိုးခုမြွေကြီးသည် တုပိုင်ကို အချိန်ကြာမြင့်စွာ စိုက်ကြည့်နေပြီးနောက် အခြား ပါးစပ်ပေါက်အကြီးကြီး တစ်ခုက တုပိုင်၏ လက်မောင်းကို လွှတ်ပေးလိုက်သည်။

“မင်း ဖြေတာ မှန်တယ်”

ခေါင်းကိုးခုမြွေနတ်ဘုရားက ပြောလိုက်သည်။

“မရေမတွက်နိုင်တဲ့ နှစ်ကာလတွေတစ်လျှောက် ဒီမေးခွန်းကို မှန်ကန်အောင် ဖြေနိုင်တဲ့ ကိုးယောက်မြောက် လူသားပဲ”

တုပိုင်သည် သက်ပြင်းချလိုက်မိသည်။

ခေါင်းကိုးခုမြွေနတ်ဘုရားက ဆက်ပြောသည်။

“နောက်ထပ် ဒုတိယ မေးခွန်းကို မေးမယ်”

“ဒုတိယ မေးခွန်းအတွက် ငါ ခုနစ်အထိပဲ ရေတွက်မယ်”

“မင်း အဖြေမှားရင် ၊ ဒါမှမဟုတ် အဖြေမပေးဘဲ အချိန်ကုန်သွားရင် မင်းရဲ့ ခြေထောက်တွေကို ငါ စားမယ်”

ထိုသို့ပြောပြီးနောက် အခြား မြွေခေါင်းတစ်လုံးက ကြီးမားသော ပါးစပ်ကို ဟလိုက်ပြီး တုပိုင်၏ ခြေထောက်များကို တစ်ဝက်ခန့် ငုံလိုက်ကာ ဓားမြှောင်ကဲ့သို့ ထက်မြသော သွားများကို ဖော်ပြလိုက်သည်။ အနည်းငယ် ပိတ်လိုက်ရုံဖြင့် တုပိုင်၏ ပိန်လှီသည့် ခြေထောက်များကို တိုက်ရိုက် ကိုက်ဖြတ်ပစ်နိုင်ပေသည်။

တုပိုင်သည် အာရုံစူးစိုက်ထားပြီး ခေါင်းကိုးခုမြွေနတ်ဘုရား၏ ဒုတိယမေးခွန်းကို စောင့်ဆိုင်းနေသည်။

အကြောင်းပြချက် တစ်စုံတစ်ရာကြောင့် ခေါင်းကိုးခုမြွေနတ်ဘုရားသည်လည်း လေးနက်လာသည်ဟု သူ ခံစားလိုက်ရသည်။

“ဒုတိယမေးခွန်း...။ ဒီနှစ် ငါ့အသက် ဘယ်လောက်လဲ”

ဤမေးခွန်း ထွက်ပေါ်လာသောအခါ တုပိုင် သွေးအန်လုနီးပါး ဖြစ်သွားသည်။

သူ တကယ်ကို ဒုက္ခရောက်ပြီ ဖြစ်သည်။

‘ခင်ဗျားအသက် ဘယ်လောက်လဲဆိုတာ ဘယ်သူက သိမှာလဲ။ ခင်ဗျားက သစ်ပင်မှ မဟုတ်တာ ၊ နှစ်ကွင်းရေတွက်လို့လည်း မရဘူး’

‘ငါ့ကို စားချင်ရင်လည်း တည့်ပြောလိုက်ပါတော့။’

ဤကဲ့သို့သော မေးခွန်းမျိုးကို တုပိုင်က မည်ကဲ့သို့ဖြေဆိုနိုင်မည်နည်း။ ချက်ချင်းပင် ခေါင်းကိုးခုမြွေနတ်ဘုရားက ပြန်လည် ရေတွက်လေသည်။

“ခုနစ် ၊ ခြောက်...။”

တုပိုင်သည် ချက်ချင်းပင် စိတ်စွမ်းအင်နည်းစနစ်ကို အသုံးပြု၍ အိပ်မက်စနစ်ထဲသို့ ဝင်ရောက်လိုက်သည်။

သူသည် အိပ်မက်စနစ်ထဲသို့ အောင်မြင်စွာ ရောက်ရှိသွားသည်။ အိပ်မက်စနစ်ထဲတွင် တုပိုင်က ဖြေလိုက်သည်။

“ခင်ဗျားအသက်က ဒီနှစ် ၂၉၀ ရှိပါပြီ”

“အဖြေမှားတယ်”

ခေါင်းကိုးခုမြွေနတ်ဘုရားက ပြောလိုက်ပြီးနောက် ရက်စက်စွာ ကိုက်ချလိုက်ကာ တုပိုင်၏ ခြေထောက်များကို အရင်းမှ ကိုက်ဖြတ်ကာ မျိုချလိုက်လေသည်။

“အားးးးးး။”

အိပ်မက်စနစ်ထဲရှိ တုပိုင်သည် မထိန်းနိုင်ဘဲ စူးရှစွာ အော်ဟစ်လိုက်မိသည်။

ဤခံစားချက်သည် တကယ်ကို ကြောက်မက်ဖွယ် ကောင်းလှသည်။ သူ့ခြေထောက်များသည် ခန္ဓာကိုယ်၏ ကြီးမားသော အစိတ်အပိုင်း ဖြစ်သဖြင့် ကိုက်ဖြတ်စားသောက်ခံရခြင်းသည် သေခြင်းတရားထက်ပင် ပိုမို ကြောက်မက်ဖွယ် ကောင်းသည်ဟု ခံစားရစေသည်။

အပိုင်း ၂၁၆ ပြီး။

All Chapters