အခန်း (၂၁၇)
Vol. 22 Ch. 217
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၂၁၇
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
ထို့နောက် အိပ်မက်စနစ်က ပြန်လည် စတင်သွားသည်။
“အသက် ၃၀၀”
“အဖြေမှားတယ်”
တုပိုင်၏ ခြေထောက်များ နောက်တစ်ကြိမ် ကိုက်ဖြတ် စားသောက်ခံလိုက်ရပြန်သည်။
အိပ်မက်စနစ်က ထပ်မံ ပြန်လည် စတင်သွားပြန်သည်။
“အသက် ၃၈၀”
“အဖြေမှားတယ်”
ထို့နောက် အိပ်မက်စနစ်ထဲတွင် တုပိုင်သည် ဂဏန်းများကို ကျပန်း ရွေးချယ်ဖြေဆိုခဲ့ရာ စုစုပေါင်း ကိုးကြိမ်တိုင်တိုင် ရှိခဲ့သည်။
အားလုံးသည် အဖြေမှားများသာ ဖြစ်သည်။
ဆိုးရွားသည်မှာ ခေါင်းကိုးခုမြွေနတ်ဘုရားသည် သူ့အဖြေ မှားယွင်းကြောင်းကိုသာ ပြောပြပြီး ဂဏန်းအရေအတွက် များနေသလား ၊ နည်းနေသလား ဆိုသည်ကို မပြောပြခြင်း ဖြစ်သည်။ ထိုသို့သာ ပြောပြခဲ့လျှင် တုပိုင်သည် အဖြေမှန်ကို ရှာတွေ့ခဲ့သည်မှာ ကြာပြီ ဖြစ်သည်။
ကြောက်မက်ဖွယ်ကောင်းသည်မှာ အိပ်မက်စနစ်သည် နောက်တစ်ကြိမ် ပြီးဆုံးသွားခြင်းပင်။ သူ့တွင် ထပ်မံကြိုးစားရန် အခွင့်အရေးပင် မရှိတော့ပေ။ သို့သော် အကြောင်းပြချက် တစ်စုံတစ်ရာကြောင့် အိပ်မက်စနစ် ပြီးဆုံးသွားသည့်အချိန်တွင် စာသားတစ်ပိုဒ်သည် သူ့စိတ်ထဲတွင် ဖြတ်ခနဲ လက်သွားခဲ့သည်။
ဤအရာသည် တုပိုင် ဖတ်ရှုဖူးသော စာအုပ်တစ်အုပ်မှ ကောက်နုတ်ချက် တစ်ခုဖြစ်သည်။ သို့သော် တုပိုင် ကောင်းစွာ သဘောမပေါက်ခင်မှာပင် အိပ်မက်စနစ်သည် တိုက်ရိုက် ပြီးဆုံးသွားပြီး လက်တွေ့ဘဝသို့ ပြန်ရောက်သွားသည်။
“နှစ်”
ခေါင်းကိုးခုမြွေနတ်ဘုရား၏ ရေတွက်ခြင်းသည် ပြီးဆုံးတော့မည် ဖြစ်သည်။ တုပိုင်သည် တစ်ကိုယ်လုံး တုန်ခါသွားပြီး ခန္ဓာကိုယ်အနှံ့ အေးစက်သော ချွေးများ ထွက်လာသည်။
ပြီးပြီ။ ပြီးသွားပြီ။ ဤတစ်ကြိမ် သူ သေချာပေါက် သေရတော့မည်။ ခေါင်းကိုးခုမြွေနတ်ဘုရား၏ အသက် ဘယ်လောက်ရှိပြီနည်း။ ဤမေးခွန်းတွင် အဖြေရှိသော်လည်း တုပိုင် မည်သို့ သိနိုင်မည်နည်း။
သူသာ ဂဏန်းတစ်ခုကို ရမ်းသန်းမှန်းဆလိုက်လျှင် မှန်ကန်နိုင်ခြေမှာ ၁ ရာခိုင်နှုန်း သို့မဟုတ် ၁ ရာခိုင်နှုန်းအောက်သာ ရှိပေလိမ့်မည်။ သူ့ကံတရားက ထိုမျှ ကောင်းမွန်မည်ဟု သူ မထင်ပေ။
“တစ်”
ခေါင်းကိုးခုမြွေနတ်ဘုရား၏ ရေတွက်ခြင်း ပြီးဆုံးလုနီးပါး ဖြစ်နေပြီ။ အခြားသော မြွေခေါင်း၏ ကြီးမားသော ပါးစပ်ကြီးသည် တုပိုင်၏ ခြေထောက်များကို နောက်တစ်ကြိမ် ငုံလိုက်ပြီး ကိုက်ဖြတ်တော့မည့်ဟန် ပြင်လိုက်သည်။ အချိန်မရှိတော့ချေ။ သူ့အနေဖြင့် အဖြေတစ်ခုခုကိုတော့ ပေးရလေမည်။ မှန်နိုင်ချေက အလွန်နည်းပါးလှသည်ဆိုသော်ငြား အဖြေမပေးခြင်းထက်တော့ များစွာပို၍ ကောင်းနေဆဲဖြစ်သည်။
“အသက် ၄၆၇ နှစ်”
တုပိုင် လျင်မြန်စွာ ဖြေလိုက်သည်။
ထို့နောက် သူ မျက်လုံးများကို မှိတ်ထားလိုက်သည်။ သူ့ခြေထောက်များ ကိုက်ဖြတ် စားသောက်ခံရမည်ကို လုံးဝ မကြည့်ရက်သကဲ့သို့ ဖြစ်နေသော်လည်း သူ့စိတ်ထဲတွင်မူ ယုံကြည်မှု အပြည့်ရှိနေသည်။
ခေါင်းကိုးခုမြွေနတ်ဘုရားသည် ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် သူ့ခြေထောက်များကို ငုံထားသော ပါးစပ်ကြီး ပြန်ပွင့်သွားပြီး သူ့ကို လွှတ်ပေးလိုက်သည်။
“မင်း အဖြေမှန် ဖြေနိုင်တယ်။ ဘယ်လိုလုပ် သိတာလဲ”
ခေါင်းကိုးခုမြွေနတ်ဘုရားက အံ့သြစွာ မေးလိုက်သည်။
တုပိုင် ကြောင်အသွားသည်။
‘ဟုတ်သားပဲ။ ငါ ဘယ်လိုလုပ် သိတာလဲ’
တကယ်တော့ သူကိုယ်တိုင်လည်း ဘာကြောင့် အဖြေမှန် ဖြေနိုင်ခဲ့သည်ကို မသိပေ။ သူ ဘာကြောင့် ဒီဂဏန်းကို ရွေးချယ်ခဲ့သနည်း။ ကံကောင်းခြင်းကြောင့်လော။
မဟုတ်ချေ။ လုံးဝ ကံကောင်းခြင်း မဟုတ်ပါ။ ထိုဂဏန်းကို ပြောလိုက်ခြင်းသည် တိုက်ဆိုင်မှု မဟုတ်ပေ။
ထိုသို့ဆိုလျှင် နတ်ပါးစပ်လော။ နတ်တစ်ပါးပါးက ဝင်ပူးပြီး သူ့အစားပြောသွားပေးချင်းဖြစ်သည်လော။ မဟုတ်ချေ။ ထိုအဖြေသည် သူ့စိတ်ထဲ နက်ရှိုင်းသော နေရာမှ ထွက်ပေါ်လာသော ၊ သတိရှိရှိ တွေးခေါ်မှုထက်ပင် ကျော်လွန်သော မသိစိတ်မှ အဖြေတစ်ခုသာ ဖြစ်သည်။
ထို့ကြောင့် အဖြေမှန် ပေးပြီးနောက် သူ မည်သို့ သိခဲ့သည်ကို ချက်ချင်း သတိမထားမိခဲ့ခြင်း ဖြစ်သည်။ ခဏအကြာမှသာ တုပိုင် ဘာကြောင့် သိသည်ကို နားလည်သွားသည်။
အဘယ်ကြောင့်ဆိုသော် အိပ်မက်စနစ် မပြီးဆုံးမီ သူ့စိတ်ထဲတွင် မြင်ကွင်းတစ်ခု လျင်မြန်စွာ ဖြတ်သန်းသွားခဲ့သည်။ ထိုမြင်ကွင်းမှာ သူ ဖတ်ဖူးခဲ့သော တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ဒေသတစ်ခုလုံး၏ သမိုင်းမှတ်တမ်း စာအုပ်တစ်အုပ် ဖြစ်သည်။
လွန်ခဲ့သော ၄၆၇ နှစ် ၊ မဟာကျိုးမင်းဆက်လက်ထက်တွင် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း၌ အံ့သြဖွယ်ကောင်းသော ငလျင်တစ်ခု ၊ သို့မဟုတ် ပို၍ တိကျစွာ ပြောရလျှင် ကြီးမားသော မြေကွဲအက်မှုကြီးတစ်ခု ဖြစ်ပွားခဲ့သည်။
ထိုငလျင်ကြီးသည် ယွန်နန်ပြည်နယ်မှ ကွမ်ရှီးပြည်နယ်အထိ မရေမတွက်နိုင်သော ချောက်နက်များကို ဖန်တီးခဲ့ပြီး မိုင်ပေါင်းထောင်ချီသော မြေမျက်နှာသွင်ပြင်ကို လုံးဝ ပြောင်းလဲပစ်ခဲ့သည်။ ထူးဆန်းသော မျိုးဗီဇပြောင်းလဲသည့် သတ္တဝါများလည်း ထိုအချိန်က ပေါ်ပေါက်လာခဲ့သည်။
လွန်ခဲ့သော နှစ်ပေါင်းတစ်ထောင်ကျော်က ကောင်းကင်ဘုံမှ ဂြိုဟ်များ တန်းစီချိန်တွင် အခြားကမ္ဘာမှ စွမ်းအင်များသည် မရေမတွက်နိုင်သော ဥက္ကာခဲများနှင့်အတူ ကမ္ဘာမြေပေါ်သို့ ကျရောက်ခဲ့ပြီး ကမ္ဘာမြေကို ကွဲအက်စေခဲ့သည်။
တစ်ခုမှာ ပုံမှန်ကမ္ဘာမြေဖြစ်ပြီး အခြားတစ်ခုမှာ ပြောင်းလဲသွားသော ကမ္ဘာမြေဖြစ်သည်။ ပြောင်းလဲသွားသော ကမ္ဘာမြေသည် အူတိုင်မှ စတင်ကာ အဆက်မပြတ် မျိုးဗီဇပြောင်းလဲမှုများ ဖြစ်ပေါ်နေပုံရသည်။ မျိုးဗီဇပြောင်းလဲမှုသည် အတိုင်းအတာတစ်ခုအထိ ရောက်ရှိသောအခါ ကြီးမားသော မြေကွဲအက်မှု ဖြစ်ပေါ်လာတတ်ပြီး ကွဲအက်မှုတိုင်းသည် မျိုးစိတ်ပြောင်းလဲမှုများကို ဖြစ်ပေါ်စေတတ်သည်။
ကွဲအက်မှုတစ်ခုစီ၏ အတိုင်းအတာသည် အလွန်သေးငယ်သော်လည်း ဖြစ်သည်။ ဤကမ္ဘာတွင် ဆန်းကြယ်သော စွမ်းအင်များ ရှိနေသော်လည်း အလွန် မှိန်ဖျော့နေသည်။ ဆန်းကြယ်သော စွမ်းအင်အများစုသည် လူ့အဖွဲ့အစည်းနှင့် ဝေးကွာသော ချောက်နက်ကြီးများ၏ နက်ရှိုင်းသော နေရာများတွင်သာ ရှိနေတတ်သည်။ တရုတ်နိုင်ငံ၏ နေရာအများစုသည် သိုင်းပညာ ပိုမို တိုးတက်သည်မှလွဲ၍ သမိုင်းတစ်လျှောက် ရှေးဟောင်းတရုတ်နိုင်ငံနှင့် တူညီသည်။
အနည်းဆုံးတော့ တုပိုင် အနေဖြင့် သဘာဝလွန် ဖြစ်ရပ်များနှင့် ကြုံတွေ့ရခြင်း မရှိသလောက်ပင်။ အိပ်မက်စနစ်က စာအုပ်၏ ထိုစာမျက်နှာကို ဖော်ပြပေးခြင်းသည် ရည်ရွယ်ချက် မရှိဘဲ လုပ်ဆောင်ခြင်း မဟုတ်ကြောင်း ထင်ရှားသည်။
လွန်ခဲ့သော ၄၆၇ နှစ်က ယွန်နန်ပြည်နယ်နှင့် ကွမ်ရှီးပြည်နယ်တို့တွင် ကြီးမားသော အက်ကွဲကြောင်းများနှင့် ချောက်နက်များကို ဖြစ်ပေါ်စေခဲ့သော ငလျင်ကြီးကြောင့်ပင် ဖြစ်သည်။ ပုံမှန်မဟုတ်သော စွမ်းအင်များ စိမ့်ထွက်လာပြီး မြွေတစ်ကောင်သည် မတော်တဆ ထိုအက်ကွဲကြောင်း တစ်ခု၏ နက်ရှိုင်းသော နေရာသို့ ရောက်ရှိသွားကာ ဤစွမ်းအင်ရောင်ခြည်များနှင့် ထိတွေ့ပြီး မျိုးဗီဇပြောင်းလဲသွားခြင်း ဖြစ်သည်။ ထို့ကြောင့် ယနေ့ခေတ် ကြောက်မက်ဖွယ်ကောင်းပြီး အစွမ်းထက်သော ခေါင်းကိုးခုမြွေနတ်ဘုရား ဖြစ်လာခြင်း ဖြစ်သည်။
ထို့ကြောင့် ခေါင်းကိုးခုမြွေနတ်ဘုရားသည် ယခုအခါ အသက် ၄၆၇ နှစ် ရှိနေပြီ ဖြစ်သည်။ ထို့ကြောင့် တုပိုင်သည် အသက်မေးခွန်း၏ အသေးစိတ်အဖြေကို ပြောပြလိုက်သည်။ ခေါင်းကိုးခုမြွေနတ်ဘုရားသည် တုပိုင်ကို ခေတ္တမျှ စိုက်ကြည့်ပြီးနောက် ဖြည်းညှင်းစွာ ပြောလိုက်သည်။
“မင်းက တကယ်ကို ဉာဏ်ကောင်းတဲ့ လူပဲ။ မင်းက ဒီမေးခွန်းကို မှန်ကန်အောင် ဖြေနိုင်တဲ့ တတိယမြောက် လူသားပဲ”
တုပိုင် အံ့သြသွားသည်။ အခြားလူနှစ်ယောက်က ဤမေးခွန်းကို မှန်ကန်အောင် ဖြေဆိုနိုင်ခဲ့သည်။ ထိုအရာက မယုံနိုင်စရာပင်။ ထို့နောက် ခေါင်းကိုးခုမြွေနတ်ဘုရား၏ အကြည့်သည် ပိုမို လေးနက်တည်ကြည်လာသည်။
“တတိယ မေးခွန်းကို ဖြေဖို့ အဆင်သင့် ဖြစ်ပြီလား”
ခေါင်းကိုးခုမြွေနတ်ဘုရားက မေးလိုက်သည်။
တုပိုင်သည် ခေါင်းကိုးခုမြွေနတ်ဘုရား အနေဖြင့် တတိယမေးခွန်း၏ အဖြေကို သူ့ထက်ပင် ပို၍ မျှော်လင့်နေပုံရသည်ဟု ခံစားလိုက်ရသည်။ ဤမေးခွန်းသုံးခုကို အပျော်သဘော မေးနေခြင်း မဟုတ်ဘဲ အကြောင်းရင်း တစ်စုံတစ်ရာ ရှိနေပုံရသည်။
တုပိုင် အသက်ပြင်းပြင်း ရှူလိုက်ပြီး ပြောလိုက်သည်။
“ကျွန်တော် အဆင်သင့် ဖြစ်ပါပြီ”
ခေါင်းကိုးခုမြွေနတ်ဘုရားက ပြောလိုက်သည်။
“တတိယ မေးခွန်းအတွက် ၊ မင်းသာ အဖြေမှန် ဖြေနိုင်ရင် ငါ မင်းကို ပြန်လွှတ်ပေးပြီး စွမ်းအင်ပုလဲကိုလည်း ပေးမယ်။ ဒါက မင်းရဲ့ အတွင်းအားကျင့်စဉ်ကို ချက်ချင်း တိုးတက်စေဖို့ တစ်ခုတည်းသော အခွင့်အရေးပဲ ဖြစ်လိမ့်မယ်”
တုပိုင် ခေါင်းညိတ်လိုက်သည်။
လွန်ခဲ့သော နှစ်ပေါင်းတစ်ထောင်ကျော်က ကောင်းကင်ဘုံမှ ဂြိုဟ်များ တန်းစီချိန်တွင် အခြားကမ္ဘာမှ စွမ်းအင်များသည် ကမ္ဘာမြေပေါ်သို့ ကျူးကျော်ဝင်ရောက်လာခဲ့သည်။
ဤစွမ်းအင်များသည် ကမ္ဘာမြေ၏ အူတိုင်ထဲသို့ တိုးဝင်သွားပြီး အထူးသံလိုက်စက်ကွင်းမှတစ်ဆင့် ကောင်းကင်နှင့် မြေကြီးဆီသို့ ပျံ့နှံ့သွားရာ အလွန် ကျဲပါးသွားသည်။
ဤစွမ်းအင်များကို ကောင်းကင်နှင့် မြေကြီး မူလချီစွမ်းအင် ဟု ခေါ်ဆိုကြပြီး မည်သည့် သိုင်းပညာရှင်မဆို သူတို့၏ ကျင့်စဉ်အဆင့်ကို မြှင့်တင်ရန်အတွက် အချိန်ကြာမြင့်စွာ စုပ်ယူကြရသည်။
ချောက်နက်ကြီး၏ နက်ရှိုင်းသော နေရာမှ ရာစုနှစ်ပေါင်းများစွာ တိုက်ရိုက် စားသောက်လာခဲ့သော ဤခေါင်းကိုးခုမြွေကြီးသည် အခြားကမ္ဘာမှ အသန့်စင်ဆုံး စွမ်းအင်များကို ပိုင်ဆိုင်ထားသည်မှာ သဘာဝကျပေသည်။
အဓိကအားဖြင့် ဤစွမ်းအင်ပုလဲသည် ကောင်းကင်နှင့် မြေကြီး မူလချီစွမ်းအင်နှင့် အတူတူပင် ဖြစ်သော်လည်း ခေါင်းကိုးခုမြွေကြီးက ရာစုနှစ်ပေါင်းများစွာ သန့်စင်ထားသောကြောင့် ပိုမို အစွမ်းထက်ပြီး သန့်စင်ကာ အလွန်တရာ တန်ဖိုးရှိလှသည်။
ထို့ကြောင့် သူ့ကျင့်စဉ်ကို မြှင့်တင်ရန် ဤအခွင့်အရေးသည် တုပိုင်အတွက် တစ်သက်တွင် တစ်ခါသာ ရနိုင်မည့် အခွင့်အရေး ဖြစ်သည်။
“တတိယ မေးခွန်းအတွက် ငါ ငါးအထိပဲ ရေတွက်မယ်”
“ရေတွက်တာ ပြီးသွားတဲ့အခါ မင်း အဖြေမှားရင် ၊ ဒါမှမဟုတ် အဖြေမပေးရင် မင်းရဲ့ခေါင်းနဲ့ ခန္ဓာကိုယ်ကို ကိုက်ဖြတ်ပြီး စားပစ်မယ်”
တုပိုင်သည် နားလည်ကြောင်း ပြသသည့်အနေဖြင့် ခေါင်းညိတ်လိုက်သည်။
ခေါင်းကိုးခုမြွေနတ်ဘုရား၏ မေးခွန်းများ အားလုံးသည် အလွန်တရာ ခက်ခဲသော်လည်း သေချာပေါက် ကျပန်းမေးခြင်း မဟုတ်ပေ။
“တတိယ မေးခွန်း ငါ နောက်ထပ် ဘယ်နှနှစ် အသက်ရှင်နိုင်ဦးမလဲ”
ခေါင်းကိုးခုမြွေနတ်ဘုရားက မေးလိုက်သည်။ ဤမေးခွန်း ထွက်ပေါ်လာသောအခါ တုပိုင်၏ ဦးခေါင်း ပေါက်ကွဲလုနီးပါး ဖြစ်သွားသည်။ ဤမေးခွန်း ခက်ခဲမည်ဟု သူ သိထားသော်လည်း ဤမျှ ခက်ခဲလိမ့်မည်ဟု မမျှော်လင့်ထားခဲ့မိပေ။
ဤမေးခွန်းကို မေးသောအခါ ခေါင်းကိုးခုမြွေနတ်ဘုရား၏ မျက်လုံးများတွင် သိလိုစိတ်များ ပြည့်နှက်နေပြီး အဖြေကို တကယ် သိချင်နေပုံရသည်။ ထို့နောက် ခေါင်းကိုးခုမြွေနတ်ဘုရား စတင် ရေတွက်လေသည်။
“ငါး ၊ လေး။”
တုပိုင်သည် အိပ်မက်စနစ်ထဲသို့ နောက်တစ်ကြိမ် လျင်မြန်စွာ ဝင်ရောက်လိုက်သည်။.အိပ်မက်စနစ်ထဲတွင် သူသည် ကံတရားကို အားကိုးပြီး မဖြေဆိုတော့ဘဲ သူ့စိတ်ထဲတွင် ဖတ်ရှုခဲ့ဖူးသော ဤကမ္ဘာ၏ သမိုင်းစာအုပ်များကို လှန်လှောကြည့်လိုက်သည်။
ခေါင်းကိုးခုမြွေနတ်ဘုရား နောက်ထပ် ဘယ်နှနှစ် အသက်ရှင်နိုင်ဦးမည်နည်း။ အပေါ်ယံကြည့်လျှင် ဤမေးခွန်းသည် အဖြေမရှိသကဲ့သို့ ထင်ရသော်လည်း တကယ်တမ်းတွင် အဖြေရှိသည်။ မြေကွဲအက်မှု ဖြစ်စဉ်၏ ပုံစံကို ရှာဖွေရန်သာ လိုအပ်သည်။
‘တွေ့ပြီ။’ ကောင်းကင်ဘုံမှ ဂြိုဟ်များ တန်းစီပြီး အခြားကမ္ဘာမှ စွမ်းအင်များ ကမ္ဘာမြေသို့ ကျူးကျော်ဝင်ရောက်လာချိန်မှစ၍ တရုတ်နိုင်ငံ အနောက်တောင်ပိုင်းဒေသတွင် မြေကွဲအက်မှု ဖြစ်စဉ်သည် ဘယ်တော့မှ မရပ်တန့်ခဲ့ပေ။
နောက်ဆုံးအကြိမ်မှာ ၉၅ နှစ် ၊ ဒုတိယအကြိမ်မှာ နှစ် ၁၀၀ ကျော် ၊ တတိယအကြိမ်မှာ နှစ် ၂၀၀ ၊ စတုတ္ထအကြိမ်မှာ နှစ် ၃၀၀ နီးပါး ၊ ပဉ္စမအကြိမ်မှာ နှစ် ၃၀၀ ကျော် ၊ ဆဌမအကြိမ်မှာ လွန်ခဲ့သော ၄၆၇ နှစ်က ဖြစ်ပွားခဲ့သော ဤအကြိမ်ပင် ဖြစ်သည်။
နောက်တစ်ကြိမ် ဤမြေနေရာတွင် ကွဲအက်မှု ဖြစ်ပေါ်ပါက ခေါင်းကိုးခုမြွေနတ်ဘုရား သေဆုံးပေလိမ့်မည်။
အဘယ်ကြောင့်ဆိုသော် ဤကဲ့သို့ ကွဲအက်မှုမှ ထွက်ပေါ်လာသော စွမ်းအင်သည် အလွန် ကြောက်မက်ဖွယ် ကောင်းသောကြောင့် ဖြစ်သည်။ လူ့အဖွဲ့အစည်းအပေါ် သက်ရောက်မှု သိပ်မရှိဘဲ လူသူအရောက်အပေါက်နည်းသော နေရာများတွင် ဖြစ်ပွားလေ့ရှိသော်လည်း ဤသီးခြားနယ်မြေအတွက်မူ လုံးဝ ပျက်စီးစေသော ကပ်ဘေးတစ်ခု ဖြစ်သည်။
ခေါင်းကိုးခုမြွေနတ်ဘုရားသည် အလွန် အစွမ်းထက်သော်လည်း ကြီးမားသော မြေကမ္ဘာစွမ်းအင် ကွဲအက်မှုကို ရင်ဆိုင်ရပါက ဖုန်မှုန့်အဖြစ်သာ ပြောင်းလဲသွားပေလိမ့်မည်။
ထို့နောက် တုပိုင်သည် ယခင် အချိန်ကာလပုံစံများကို အခြေခံ၍ လျင်မြန်စွာ တွက်ချက်လိုက်သည်။ ဤနယ်မြေသည် နောက်ထပ် မြေကမ္ဘာစွမ်းအင် ကွဲအက်မှုကို ကြုံတွေ့ရရန် နှစ်ပေါင်း မည်မျှ ကြာဦးမည်နည်း။
မကြာမီ တုပိုင် အဖြေရရှိလိုက်သည်။
ကိုးနှစ်။ ယခင် ပုံစံများအရ ကိုးနှစ်အတွင်း ဤဒေသသည် နောက်ထပ် ကြီးမားသော ကွဲအက်မှုကို ကြုံတွေ့ရမည်ဖြစ်ပြီး ထိုအရာသည် ခေါင်းကိုးခုမြွေကြီး၏ ဇာတ်သိမ်းပင် ဖြစ်သည်။ ဤသည်မှာ တုပိုင် ယုံကြည်မှုအရှိဆုံး အဖြေဖြစ်သည်။ ယခင် မေးခွန်းနှစ်ခုကဲ့သို့ မသိစိတ်မှ တုံ့ပြန်မှုသက်သက် မဟုတ်ပေ။
ဤတစ်ကြိမ်တွင်မူ သူ့၏ သေချာသော တွက်ချက်မှု ရလဒ်ဖြစ်သည်။ သူ အိပ်မက်စနစ်မှ နိုးထလာခဲ့သည်။
“တစ်”
ခေါင်းကိုးခုမြွေနတ်ဘုရား၏ ရေတွက်ခြင်း ပြီးဆုံးလုနီးပါး ဖြစ်နေပြီ။ သူ၏ သွေးနီရောင် ပါးစပ်ကြီးသည် ပွင့်ဟနေပြီး တုပိုင်၏ ဦးခေါင်းနှင့် ခန္ဓာကိုယ်ကို ဖုံးလွှမ်းလုနီးပါး ဖြစ်နေသည်။ တစ်ချက် ကိုက်လိုက်ရုံဖြင့် တုပိုင် သေဆုံးသွားပေလိမ့်မည်။
တုပိုင်သည် အမြန်ဆုံးနှုန်းဖြင့် လျင်မြန်စွာ ဖြေလိုက်သည်။
“ကိုးနှစ် ၊ ခင်ဗျား အသက်ရှင်ဖို့ ကိုးနှစ်ပဲ ကျန်တော့တယ်”
ခေါင်းကိုးခုမြွေနတ်ဘုရားသည် ပြင်းထန်စွာ တုန်ခါသွားပြီးနောက် ခေတ္တမျှ တိတ်ဆိတ်သွားသည်။ မြွေကြီး၏ အကြည့်များတွင် မယုံကြည်နိုင်မှုများ ပြည့်နှက်နေသည်။
ခဏအကြာမှသာ ဖြည်းညှင်းစွာ ပြောလိုက်သည်။
“လူငယ်လေး ၊ မင်း ဖြေတာ မှန်တယ် ၊ မေးခွန်းသုံးခုလုံးကို မှန်ကန်အောင် ဖြေနိုင်တာ တွေးကြည့်လို့တောင် မရနိုင်ဘူး ၊ တကယ်ကို အံ့သြစရာပဲ”
တုပိုင်က ပြောလိုက်သည်။
“ခေါင်းကိုးခုမြွေနတ်ဘုရား ၊ အခု ကတိအတိုင်း ကျွန်တော့်ကျင့်စဉ်ကို မြှင့်တင်ဖို့ အဖိုးတန် စွမ်းအင်ပုလဲကို ပေးသနားဖို့ အချိန်ရောက်ပါပြီ”
အပိုင်း (၂၁၇) ပြီး။