← Chapters

အခန်း (၂၁၈)

Vol. 22 Ch. 218

အခန်း (၂၁၈)

Vol. 22 Ch. 218

ကုန်းကုန်းဧကရာဇ်။ အပိုင်း ၂၁၈

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

တုပိုင်သည် သက်ပြင်းတစ်ချက်ကို ရှည်လျားစွာ ချလိုက်မိသည်။ သူ နောက်ဆုံးတွင် အနိုင်ရသွားခဲ့ပြီဖြစ်၏။

သူသည် အသက်ရှင်လျက် ပြန်လည် ထွက်ခွာနိုင်ရုံသာမက စွမ်းအင်ပုလဲကိုပါ ပိုင်ဆိုင်ရမည် ဖြစ်ပြီး သူ၏ ရွှမ်းချီ အတွင်းအား ကျင့်စဉ်အဆင့်သည်လည်း သိုင်းပညာရှင်အဆင့် ၇ သို့ တိုက်ရိုက် တိုးတက်သွားတော့မည် ဖြစ်သည်။

သို့သော် ထိုအချိန်မှာပင် ခေါင်းကိုးခုမြွေနတ်ဘုရား၏ ကြီးမားသော ပါးစပ်ကြီးသည် ရုတ်တရက် ပိတ်သွားပြီး တုပိုင်ကို တစ်ကိုယ်လုံး မျိုချလိုက်လေသည်။ ရုတ်တရက်ဆိုသလိုပင် တုပိုင်သည် ခေါင်းကိုးခုမြွေနတ်ဘုရား၏ ဗိုက်ထဲသို့ ရောက်ရှိသွားသည်။

တုပိုင် ဒေါသထွက်သွားသည်။ ခေါင်းကိုးခုမြွေနတ်ဘုရားက အဘယ်ကြောင့် ဤမျှ အရှက်မဲ့ရသနည်း။ ကတိဖျက်သွားခြင်းလော။ သေချာသည်မှာ ဤလောကတွင် ကတိမတည်သောသူများ များစွာ ရှိပြီး ခေါင်းကိုးခုမြွေနတ်ဘုရား ဆိုလျှင် ပြောစရာပင် မလိုပေ။

ဉာဏ်ရည်မြင့်သည့် သတ္တဝါတစ်ဦးအနေဖြင့် ကတိဖျက်ခြင်းသည် သာမန် ဗီဇစိတ်တစ်ခုသာ ဖြစ်သည်။

တုပိုင်ကို အံ့သြစေပြီး ဒေါသထွက်စေသော အရာမှာ ခေါင်းကိုးခုမြွေနတ်ဘုရားသည် ကတိဖျက်မည့် သားရဲတစ်ကောင်နှင့် မတူဟု ခံစားမိနေခြင်း ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် မြွေနတ်ဘုရားမေးခဲ့သော မေးခွန်းသုံးခုသည် အပျော်သဘော မေးခဲ့ခြင်း မဟုတ်ပေ။ အလွန် လေးနက်ပြီး တည်ကြည်လှသည်။ ထို့အပြင် တုပိုင်သည် ဉာဏ်ရည်ကို အစွမ်းကုန် အသုံးပြု၍ ဤမေးခွန်းသုံးခုကို ဖြေဆိုပေးခဲ့ပြီး ခေါင်းကိုးခုမြွေနတ်ဘုရားကို အဖြေမှန်များ သိရှိစေခဲ့သည် ၊ သို့မဟုတ် အတည်ပြုစေခဲ့သည်။

တုပိုင်၏ တွက်ချက်မှုများအရဆိုလျှင် ခေါင်းကိုးခုမြွေနတ်ဘုရားသည် ကတိဖျက်လိမ့်မည် မဟုတ်ပေ။ သို့သော်လည်း မြွေနတ်ဘုရားသည် တုပိုင်ကို မျိုချလိုက်ဆဲ ဖြစ်သည်။

“မင်း ငါ့ကို ကတိမတည်ဘူးဆိုပြီး စိတ်ထဲကနေ ကျိန်ဆဲနေတယ် မဟုတ်လား”

ခေါင်းကိုးခုမြွေနတ်ဘုရား၏ အသံသည် တုပိုင်၏ စိတ်ထဲတွင် နောက်တစ်ကြိမ် ပဲ့တင်ထပ်လာသည်။

တုပိုင်က ပြောလိုက်သည်။

“ကျွန်တော် နည်းနည်း အံ့သြပြီး စိတ်ရှုပ်ထွေးသွားရုံပါ”

ခေါင်းကိုးခုမြွေနတ်ဘုရားက ပြောလိုက်သည်။

“ငါ ဒီမေးခွန်းသုံးခုကို လူပေါင်းများစွာ မေးခဲ့ပြီးပြီ ၊ လူနှစ်ယောက်ပဲ မှန်ကန်အောင် ဖြေနိုင်ခဲ့တယ်။ မင်းက ဒုတိယမြောက်ပဲ”

တုပိုင်က မေးလိုက်သည်။

“ပထမ တစ်ယောက်က ရှားလုံရွှိုလား”

“မဟုတ်ဘူး ၊ သူ မဟုတ်ဘူး”

ခေါင်းကိုးခုမြွေနတ်ဘုရားက ဆက်ပြောသည်။

“လွန်ခဲ့တဲ့ ၃၁ နှစ်တုန်းက သူနဲ့ သူ့မိသားစု ဒီနေရာကို အပစ်ချခံခဲ့ရတယ်။ မူလက ငါ့ဗိုက်ထဲက အစာ ဖြစ်လာဖို့ပေါ့။ ဒါပေမဲ့ အဲဒီတုန်းက သူက နှစ်နှစ်သားအရွယ် ချစ်စရာ ကလေးလေးပဲ ရှိသေးတယ်။ ရာစုနှစ်ပေါင်းများစွာ နေထိုင်ခဲ့တဲ့ ငါ့အနေနဲ့ သနားကြင်နာစိတ် သိပ်မရှိခဲ့ပါဘူး။ ငါ သူ့ကို စားဖို့ ပါးစပ်ဖွင့်လိုက်ချိန်မှာ သူက ကြောက်ရွံ့ခြင်း မရှိတဲ့အပြင် တခစ်ခစ် ရယ်မောပြီး ငါ့ရဲ့ အဆိပ်စွယ်တွေကိုတောင် လှမ်းကိုင်ခဲ့သေးတယ်”

တုပိုင်သည် ထိုမြင်ကွင်းကို စိတ်ကူးကြည့်နိုင်သည်။

ခေါင်းကိုးခုမြွေနတ်ဘုရားက ဆက်ပြောသည်။

“အရင်တုန်းကဆိုရင် ငါ သူ့ကို ချက်ချင်း မျိုချပစ်လိုက်မှာပဲ။ ဒါပေမဲ့ အဲဒီအချိန်မှာ လူတစ်ယောက်က ငါ့မှာ အသက်ရှင်ဖို့ နှစ် ၄၀ ပဲ ကျန်တော့တယ်လို့ ပြောခဲ့ပြီးပြီ။ အဲဒီအချိန်က ငါ့အတွက် သေခြင်းတရားဆိုတာကို ပထမဆုံးအကြိမ် နားလည်လာခဲ့ပြီး အဲဒီအချိန်ကစလို့ သနားကြင်နာစိတ် ဖြစ်လာခဲ့တယ်။ ငါ သူ့ကို မစားခဲ့တဲ့အပြင် မွေးစားပြုစုခဲ့တယ်”

ယခုအခါ တုပိုင် နားလည်သွားပြီ ဖြစ်သည်။ ရှားလုံရွှို၏ မျက်လုံးများသည် အဘယ်ကြောင့် အဆိပ်ပြင်းသော မြွေတစ်ကောင်နှင့် တူနေရသနည်း ၊ သူ့လေသံသည် အဘယ်ကြောင့် ထူးဆန်းနေရသနည်း ဆိုသည်ကို သူ နားလည်သွားသည်။

ထို့အပြင် ရှားလုံရွှို အဘယ်ကြောင့် ဤမျှ အစွမ်းထက်နေရသနည်း ဆိုသည်ကိုလည်း သူ နားလည်သွားသည်။ အဘယ်ကြောင့်ဆိုသော် သူ့ကို ခေါင်းကိုးခုမြွေနတ်ဘုရားက မွေးမြူခဲ့ခြင်းကြောင့် ဖြစ်သည်။

ရှားလုံရွှိုသည် ကြယ်တံခွန်ကဲ့သို့ ထိုးတက်လာခဲ့ပြီး ရှားလုံနယ်မြေရှိ ဂူသခင်များ အားလုံးကို အနိုင်ယူကာ နှစ်နှစ်မပြည့်မီအချိန်အတွင်း ရှားလုံစော်ဘွားအိမ်တော်အောက်ရှိ မိုင်ရာချီသော နယ်မြေကို စုစည်းနိုင်ခဲ့သည်။

ယခင်က ဤကမ္ဘာတွင် သူ့အကြောင်း ခြေရာလက်ရာ မရှိခဲ့သကဲ့သို့ ဖြစ်နေပြီး ကျောက်တုံးထဲမှ ထွက်ပေါ်လာသူ တစ်ယောက်ကဲ့သို့ ဖြစ်နေခဲ့သည်။

ယခုအခါ အရာအားလုံးသည် အဓိပ္ပာယ် ရှိသွားပြီ ဖြစ်သည်။

ခေါင်းကိုးခုမြွေနတ်ဘုရားက သူ့ကို မည်သို့ မွေးမြူခဲ့သနည်း ဆိုသည့် ကိစ္စကိုမူ တုပိုင် စိတ်ကူးမကြည့်ချင်တော့ပေ။

“ဒီအကြောင်း ဘယ်သူမှ မသိကြဘူး ၊ သူ ထွက်သွားပြီးတဲ့နောက် ငါ့ဆီ ဘယ်တော့မှ ပြန်မလာတော့ဘူး”

ခေါင်းကိုးခုမြွေနတ်ဘုရားက ဝမ်းနည်းစွာ ပြောလိုက်သည်။

“သူ့စိတ်ထဲမှာ ငါ့ကို မုန်းနေတယ်”

တုပိုင်က ပြောလိုက်သည်။

“သူ့ခန္ဓာကိုယ်မှာ ခင်ဗျားပုံ တက်တူး ထိုးထားတယ်။ သူက ခင်ဗျားကို ရှားလုံမျိုးနွယ်စု တစ်ခုလုံးရဲ့ ယုံကြည်ကိုးကွယ်ရာနဲ့ အမှတ်တံဆိပ်လို့ သတ်မှတ်ထားတယ်”

ခေါင်းကိုးခုမြွေနတ်ဘုရားက ပြန်ပြောလိုက်သည်။

“လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ဒီဒေသက လူတွေက ငါ့ကို ယုံကြည်ကိုးကွယ်ရာနဲ့ အမှတ်တံဆိပ်အဖြစ် သတ်မှတ်ထားပြီးသားပါ။ ဒါပေမဲ့ သူ ငါ့ကို မုန်းနေတုန်းပဲ ၊ ငါ သူ့မိဘတွေကို စားလိုက်တာ သူသိတဲ့အတွက်ကြောင့်ဆိုတာ ငါ သိပ်ရှင်းလင်းပါတယ်”

တုပိုင် တိတ်ဆိတ်သွားသည်။

ကလေးတစ်ယောက်ကို မွေးမြူဖူးသူတိုင်းသည် နက်ရှိုင်းသော သံယောဇဉ် တွယ်တာတတ်ကြပြီး ခေါင်းကိုးခုမြွေနတ်ဘုရားလည်း ခြွင်းချက် မဟုတ်ပေ။

ခေါင်းကိုးခုမြွေနတ်ဘုရားက မေးလိုက်သည်။

“ငါ ဒီမေးခွန်းသုံးခုကို မင်းကို ဘာလို့ မေးတာလဲ ၊ လူတိုင်းကို ဘာလို့ မေးတာလဲဆိုတာ မင်း သိလား”

တုပိုင်က ပြန်ဖြေလိုက်သည်။

“ခင်ဗျားရဲ့ သေဆုံးမယ့်ရက်ကို အတည်ပြုချင်လို့ပါ”

ခေါင်းကိုးခုမြွေနတ်ဘုရားက ပြောလိုက်သည်။

“ဟုတ်တယ် ၊ ငါ တကယ် သေရတော့မှာလားဆိုတာ အတည်ပြုချင်တာ။ လွန်ခဲ့တဲ့ ဆယ်စုနှစ်အနည်းငယ်က လူတစ်ယောက်က ငါ့ကို အဖြေပေးခဲ့ဖူးပေမဲ့ ငါ မယုံချင်ခဲ့ဘူး။ ဒီနေ့ မင်းက အဲဒီအဖြေကိုပဲ ထပ်ပြောလာတော့ ငါ မယုံလို့ မရတော့ဘူး ၊ ရင်မဆိုင်လို့ မရတော့ဘူး”

“အရင်တုန်းက ငါ့မှာ တခြား အဆိပ်ပြင်းတဲ့ မြွေတွေလိုပဲ စားသောက်ချင်တဲ့ ဗီဇစိတ်ပဲ ရှိခဲ့တယ်။ ဒါပေမဲ့ ငါ အသက်ရှင်နေထိုင်ခဲ့တာ ကြာလွန်းပြီ။ အချိန်တွေ ကုန်ဆုံးလာတာနဲ့အမျှ ငါ ဉာဏ်ပညာနဲ့ အတွေးအခေါ်တွေ ရရှိလာတယ်။ အဲဒီအချိန်တုန်းက ငါ့ကိုယ်ငါ မသေမျိုးလို့ ယုံကြည်ခဲ့တဲ့အတွက် သေခြင်းတရားအကြောင်း နားမလည်ခဲ့ဘူး”

ခေါင်းကိုးခုမြွေနတ်ဘုရားက ဆက်ပြောသည်။

“အခုတော့ ငါ အဆိုးမြင်တဲ့ အဖြေတစ်ခု ရရှိထားပြီဆိုတော့ ဝမ်းနည်းမှုတချို့ ရှိပေမဲ့ သိပ်တော့ မကြောက်ရွံ့ပါဘူး”

“ငါတို့က အရမ်း ၊ အရမ်း အစွမ်းထက်ကြတယ်။ ဒါပေမဲ့ ငါတို့က ခြေတစ်လှမ်းတောင် အပြင်ထွက်လို့ မရဘူး။ ဘာလို့လဲဆိုတော့ ငါတို့ခန္ဓာကိုယ်တွေက မြေကြီးအောက်မှာ အမြစ်တွယ်နေသလို ဖြစ်နေလို့ပဲ။ ဒီစွမ်းအင်လိုဏ်ဂူထဲက ထွက်လိုက်တာနဲ့ မြေကြီးနဲ့ ကင်းကွာသွားတဲ့ သစ်ပင်တွေလိုပဲ စွမ်းအင်မရရှိတော့ဘဲ ငါတို့ လျင်မြန်စွာ သေဆုံးသွားလိမ့်မယ်”

ခေါင်းကိုးခုမြွေနတ်ဘုရားက ဆက်ပြောသည်။

“ငါတို့ အရမ်း အစွမ်းထက်ပေမဲ့ အသက်ရှင်နေထိုင်ရတဲ့ အဓိပ္ပာယ်ကို ရှာမတွေ့သလောက် ဖြစ်နေတယ်။ တကယ်လို့ ငါသာ မသေမျိုး ဖြစ်နေရင် အဓိပ္ပာယ် ရှာမတွေ့လည်း ကိစ္စမရှိပါဘူး။ ဒါပေမဲ့ အခု ငါ မသေမျိုး မဟုတ်ဘူးဆိုတာ သေချာသွားပြီဆိုတော့ ကျန်ရှိနေတဲ့ အချိန်တွေမှာ ငါ့ဖြစ်တည်မှုရဲ့ အဓိပ္ပာယ်ကို ငါ ရှာဖွေရမယ်”

တုပိုင်သည် လေးစားအားကျမှုတစ်မျိုးကို ခံစားလိုက်ရသော်လည်း တိတ်ဆိတ်မြဲ တိတ်ဆိတ်နေသည်။

“နောက်ဆုံးတော့ ဒီအဖြေကို အတည်ပြုပေးနိုင်ခဲ့တဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်”

ခေါင်းကိုးခုမြွေနတ်ဘုရားက ပြောလိုက်သည်။

“မင်းကို ငါ့ဗိုက်ထဲ မျိုချလိုက်ရတဲ့ အကြောင်းရင်းက မင်းခန္ဓာကိုယ်က ငါ့ရဲ့ စွမ်းအင်ပုလဲကို ခံနိုင်ရည်မရှိလောက်အောင် အားနည်းလွန်းနေလို့ပဲ။ မျိုချလိုက်တာနဲ့ ရလဒ်က တစ်ခုပဲ ရှိတယ် ၊ မင်း အပိုင်းပိုင်းအစစ ပေါက်ကွဲသွားလိမ့်မယ်”

မှန်ပေသည်။ တုပိုင်သည် ယခုမှသာ ရွှမ်းချီ အတွင်းအား နိုးထကာစသာ ရှိသေးပြီး အနိမ့်ဆုံး အဆင့် ၉ သို့ပင် မရောက်သေးပေ။

ခေါင်းကိုးခုမြွေနတ်ဘုရား ပေးသနားမည့် စွမ်းအင်ပုလဲက မည်မျှ အစွမ်းထက်မည်နည်း။ အကယ်၍ စွမ်းအင်ပုလဲသည် တုပိုင်၏ ဒန်တျန်ထဲသို့ တိုက်ရိုက် ဝင်ရောက်သွားပါက ချက်ချင်း ပေါက်ကွဲသွားပေလိမ့်မည်။

“ဒါကြောင့် ငါ့ဗိုက်ထဲမှာ စွမ်းအင်ဟန်ချက်ညီတဲ့ နယ်ပယ်တစ်ခု ဖန်တီးပေးဖို့ လိုအပ်တယ်”

ခေါင်းကိုးခုမြွေနတ်ဘုရားက ရှင်းပြလိုက်သည်။

“ကြီးမားတဲ့ ဖိအားတစ်ခု ဖန်တီးဖို့ ငါ အစွမ်းထက်တဲ့ စွမ်းအင်ကို ထုတ်လွှတ်ပေးမယ်။ ဒီနည်းနဲ့ မင်း စွမ်းအင်ပုလဲကို မျိုချလိုက်တဲ့အခါ ထွက်ပေါ်လာတဲ့ အစွမ်းထက်စွမ်းအင်က ပြင်ပ စွမ်းအင်ဖိအားနဲ့ ပြီးပြည့်စုံစွာ ဟန်ချက်ညီသွားလိမ့်မယ်။ ဒါကြောင့် မင်းခန္ဓာကိုယ်နဲ့ သွေးကြောတွေ ပေါက်ကွဲသေဆုံးမှာ မဟုတ်ဘူး”

ချက်ချင်းပင် တုပိုင် ရှက်ရွံ့သွားမိသည်။ သူသည် မြင့်မြတ်သော နှလုံးသားတစ်ခုကို သေးသိမ်သော စိတ်ထားဖြင့် အကဲဖြတ်မိခဲ့ပြီ ဖြစ်သည်။

ထို့နောက် တောက်ပသော အလင်းတန်းတစ်ခုက သူ့ကို လွှမ်းခြုံသွားသည်။ အစွမ်းထက်သော စွမ်းအင်အစုအဝေးသည် အဆက်မပြတ် လှုပ်ရှားနေပြီး တုပိုင်၏ တစ်ကိုယ်လုံးကို ရစ်ပတ်ထားသည်။

ထို့နောက် အစွန်းဆုံးအထိ ဖိသိပ်ထားသော စွမ်းအင်ပုလဲတစ်လုံး သူ့ရှေ့တွင် ပေါ်လာသည်။

“ပါးစပ်ဖွင့်လိုက်”

ခေါင်းကိုးခုမြွေနတ်ဘုရားက အမိန့်ပေးလိုက်သည်။ တုပိုင် ပါးစပ်ဟလိုက်သည်။ ချက်ချင်းပင် စွမ်းအင်ပုလဲသည် တုပိုင်၏ ပါးစပ်ထဲသို့ ဝင်ရောက်သွားပြီး ဝမ်းဗိုက်ထဲသို့ ဖြည်းညှင်းစွာ ရောက်ရှိသွားသည်။

ဤခံစားချက်သည် အလွန် ထူးဆန်းသည်။ စွမ်းအင်ပုလဲကို မြင်တွေ့ရသော်လည်း ထိတွေ့၍ မရနိုင်ပေ။ အဘယ်ကြောင့်ဆိုသော် စွမ်းအင်ပုလဲသည် သန့်စင်ပြီး ဖိသိပ်ထားသော စွမ်းအင်အစုအဝေး ဖြစ်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် စွမ်းအင်ပုလဲသည် ဝမ်းဗိုက်အောက်ပိုင်းသို့ ဝင်ရောက်သွားရုံသာမက တုပိုင်၏ ဒန်တျန် ဟုခေါ်သော စွမ်းအင်နေရာလွတ်ထဲသို့ ဝင်ရောက်သွားခြင်း ဖြစ်သည်။

“ပြင်ဆင်ထားတော့ ၊ ငါ စတော်မယ်”

ခေါင်းကိုးခုမြွေနတ်ဘုရားက ပြောလိုက်သည်။

“ဝုန်းးး။”

တုပိုင် ပြင်ဆင်ချိန်ပင် မရလိုက်ပေ။ ပြင်းထန်စွာ ဖိသိပ်ထားသော စွမ်းအင်ပုလဲသည် သူ့ဒန်တျန်အတွင်း တိုက်ရိုက် ပေါက်ကွဲသွားလေသည်။ ထွက်ပေါ်လာသော စွမ်းအင်သည် တုပိုင်ကို အကြိမ်တစ်ရာမက သေဆုံးစေရန် လုံလောက်သည်။

သို့သော် တစ်ချိန်တည်းမှာပင် တုပိုင်ကို လွှမ်းခြုံထားသော စွမ်းအင်အစုအဝေးသည် ချက်ချင်း အဆပေါင်းများစွာ ပြင်းထန်လာပြီး ကြီးမားသော စွမ်းအင်ဖိအားကို ဖန်တီးပေးလိုက်သည်။ စွမ်းအင်ပုလဲ ပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်လာသော ကြီးမားသော ဖိအားသည် ပြင်ပ စွမ်းအင်ဖိအားနှင့် ပြီးပြည့်စုံစွာ ဟန်ချက်ညီသွားသည်။

ထို့ကြောင့် တုပိုင်၏ ခန္ဓာကိုယ်နှင့် သွေးကြောများ လုံးဝ ထိခိုက်မှု မရှိခဲ့ပေ။

ထို့နောက် ဤစွမ်းအင်လှိုင်းကြီးသည် ထွက်ပေါက် ရှာမရဘဲ တုပိုင်၏ ဒန်တျန်အတွင်း ရူးသွပ်စွာ သောင်းကျန်းနေလေသည်။

“ဒီစွမ်းအင်ကို မင်းရဲ့ သွေးကြောကွန်ရက်တစ်ခုလုံးနဲ့ သွေးကြောမကြီးတွေဆီ ပျံ့နှံ့သွားအောင် လမ်းညွှန်လိုက်”

ခေါင်းကိုးခုမြွေနတ်ဘုရားက လမ်းညွှန်ပေးလိုက်သည်။

“ဒီနည်းနဲ့ အစွမ်းထက်တဲ့ စွမ်းအင်က မင်းရဲ့ သွေးကြောတွေနဲ့ သွေးကြောမကြီးတွေကို ပြောင်းလဲပေးနိုင်ပြီး သွေးကြောလမ်းကြောင်းတွေကို ပိုကျယ်ဝန်းစေသလို ပိုခိုင်မာစေလိမ့်မယ်”

ဤလုပ်ငန်းစဉ်ကို အရိုးတွင်းခြင်ဆီ ဆေးကြောခြင်းနှင့် သွေးကြောသန့်စင်ခြင်းဟု ခေါ်သည်။

သိုင်းပညာ လေ့ကျင့်ခြင်းသည် ဒန်တျန်နေရာလွတ် ကျယ်ပြန့်လာရုံသာမက တစ်ကိုယ်လုံးရှိ သွေးကြောလမ်းကြောင်းများ ကျယ်ဝန်းလာရန်နှင့် သန်မာလာရန်လည်း လိုအပ်သည်။ သို့မှသာ အချိန်တိုအတွင်း ပိုမို အစွမ်းထက်သော စွမ်းအင်ကို ထုတ်လွှတ်နိုင်မည် ဖြစ်ပြီး ကောင်းကင်နှင့် မြေကြီး မူလချီစွမ်းအင်ကို ပိုမို စုပ်ယူနိုင်မည် ဖြစ်သည်။

တုပိုင်သည် ဒန်တျန်အတွင်းရှိ အစွမ်းထက်သော အားအင်ကို ထိန်းချုပ်ပြီး လက်များ ၊ ခြေများ ၊ အရိုးများနှင့် ခန္ဓာကိုယ်ရှိ သွေးကြောများနှင့် သွေးကြောမကြီး အသီးသီးသို့ ဖြန့်ဝေလိုက်သည်။

ချက်ချင်းပင် သူ့သွေးကြောများ၏ လက်မတိုင်းသည် လျင်မြန်ပြီး ပြင်းထန်သော ပြောင်းလဲမှုကို ခံစားလိုက်ရသည်။

သွေးကြောလမ်းကြောင်းတိုင်း ပိုမို ကျယ်ဝန်းလာပြီး ပိုမို သန်မာလာသည်။

သွေးကြောမကြီးတိုင်း၏ စွမ်းအင်နေရာလွတ် ပိုမို ကြီးမားလာပြီး ပိုမို ခိုင်ခံ့လာသည်။

“ဝုန်းးး။ ဝုန်းးး။ ဝုန်းးး။”

ထို့နောက် ခေါင်းကိုးခုမြွေနတ်ဘုရား၏ ထိန်းချုပ်မှုအောက်တွင် ဒန်တျန်အတွင်းရှိ စွမ်းအင်ပုလဲသည် အကြိမ်ကြိမ် ပေါက်ကွဲကာ သူ့သွေးကြောများနှင့် ဒန်တျန်ကို အကြိမ်ကြိမ် ပြောင်းလဲပေးနေသည်။

ဤပေါက်ကွဲခြင်းနှင့် ပြောင်းလဲခြင်း လုပ်ငန်းစဉ်တွင် တုပိုင်၏ သိုင်းပညာကျင့်စဉ် အဆင့်သည် လျင်မြန်စွာ တိုးတက်လာသည်။

အဆင့် ၉ အနိမ့်ပိုင်း။

အဆင့် ၉ အလယ်အလတ်ပိုင်း။

အဆင့် ၉ အမြင့်ပိုင်း။

အဆင့် ၈ အနိမ့်ပိုင်း။

ဤလောကရှိ သာမန် သိုင်းပညာရှင် အားလုံးသည် ကိုယ်ပိုင် အသက်ရှူနည်းနှင့် ကောင်းကင်နှင့် မြေကြီး မူလချီစွမ်းအင်ကို စုပ်ယူခြင်းအပေါ် အားကိုး၍ သူတို့၏ အတွင်းအား ကျင့်စဉ်ကို မြှင့်တင်ကြရပြီး သွေးကြောများနှင့် ဒန်တျန်ကို ပြောင်းလဲကြရသည်။ ထို့ကြောင့် လုပ်ငန်းစဉ်သည် အလွန် နှေးကွေးသော်လည်း နှိုင်းယှဉ်ချက်အရ ဘေးကင်းသည်။

ခေါင်းကိုးခုမြွေနတ်ဘုရား၏ ကာကွယ်ပေးမှုသာ မရှိလျှင် တုပိုင်သည် ဤရူးသွပ်ဖွယ်ရာ ပြောင်းလဲမှုနှင့် အဆင့်တက်လှမ်းမှုကြောင့် အကြိမ်ပေါင်းများစွာ သေဆုံးသွားနိုင်ပေသည်။

နှစ်နာရီတိတိ ကုန်ဆုံးသွားသည်။

တုပိုင်၏ ဒန်တျန်အတွင်းရှိ စွမ်းအင်ပုလဲသည် နောက်ဆုံးတွင် ပေါက်ကွဲခြင်း ရပ်တန့်သွားသည်။

တုပိုင်၏ ဒန်တျန် ၊ သွေးကြောများနှင့် သွေးကြောမကြီးများ ပြောင်းလဲမှုသည်လည်း ရပ်တန့်သွားသည်။

သူ၏ အတွင်းအား ကျင့်စဉ်အဆင့် တိုးတက်မှုသည်လည်း ရပ်တန့်သွားသည်။

နောက်ဆုံးတွင် သူ၏ ရွှမ်းချီ အတွင်းအား ကျင့်စဉ်အဆင့်သည် သိုင်းပညာရှင်အဆင့် ၇ အနိမ့်ပိုင်း တွင် တည်ငြိမ်သွားလေသည်။

အပိုင်း ၂၁၈ ပြီး။

All Chapters