← Chapters

အခန်း (၂၁၉)

Vol. 22 Ch. 219

အခန်း (၂၁၉)

Vol. 22 Ch. 219

ကုန်းကုန်းဧကရာဇ်။ အပိုင်း ၂၁၉

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

ဤသည်ကား အဆင့် ၇ ဆင့်ကို တက်လှမ်းခြင်းနှင့် ညီမျှပြီး ကောင်းကင်အလိုကို ဆန့်ကျင်ခြင်းပင် ဖြစ်သည်။

နှစ်နာရီမျှသော အချိန်တိုလေးအတွင်းမှာပင် သူ့ဒန်တျန်နှင့် သွေးကြောများသည် အနည်းဆုံး ၇ ကြိမ်ခန့် မြှင့်တင်ခြင်းနှင့် ပြောင်းလဲခြင်းကို ခံခဲ့ရသည်။

အခြားသူတစ်ဦးအတွက်မူ သာမန်အဆင့်မှ သိုင်းပညာရှင်အဆင့် ၇ သို့ ရောက်ရှိရန် အနည်းဆုံး နှစ်များစွာ ကြာမြင့်မည် ဖြစ်ပြီး ထိုသူသည် ဉာဏ်ကြီးရှင် ဖြစ်မှသာ ထိုအချိန်နှင့် ရောက်ရှိနိုင်မည် ဖြစ်သည်။

တုပိုင်က မေးလိုက်သည်။

“ဒီလောကမှာ ကျွန်တော့်လိုမျိုး ကျင့်စဉ်အဆင့် တိုးတက်သွားတဲ့သူတွေ ရှိလား”

ခေါင်းကိုးခုမြွေနတ်ဘုရားက ခေါင်းခါလိုက်ပြီး ပြောလိုက်သည်။

“မရှိဘူး ၊ ငါတို့လို စွမ်းအင်အခြေခံ ဆန်းကြယ်တဲ့ သားရဲတွေက အရမ်း ရှားပါးတယ်။ လူသားတွေအနေနဲ့ ငါတို့ကို တွေ့မြင်နိုင်တဲ့ တစ်ခုတည်းသော ဖြစ်နိုင်ချေက ငါတို့ရဲ့ အစားခံရဖို့ပဲ ရှိတယ်။ မင်းက ငါ့ရဲ့ အရေးကြီးဆုံး မေးခွန်းကို ဖြေရှင်းပေးနိုင်ခဲ့လို့သာ ငါက စွမ်းအင်ပုလဲကို ပေးသနားခဲ့တာ။ ရှားလုံရွှိုကို ငါ မွေးမြူခဲ့ပေမဲ့ သူ့ကို ဘယ်တုန်းကမှ စွမ်းအင် မပေးသနားခဲ့ဘူး။ ငါက သူ့ကို လိုဏ်ဂူအနက်ပိုင်းထဲမှာ ကျင့်ကြံခွင့်ပြုခဲ့ရုံ သက်သက်ပါပဲ”

ဤသို့သာ ဖြစ်သင့်ပေသည်။ တုပိုင်၏ ကျင့်စဉ်အဆင့် တိုးတက်မှု နည်းလမ်းသည် အမှန်တကယ် ထူးခြားလွန်းလှသည်။ ဤလောကရှိ မည်သည့် အစွမ်းထက် ပုဂ္ဂိုလ်မဆို ကြမ်းတမ်းခက်ခဲစွာ ကိုယ်တိုင် ကျင့်ကြံအားထုတ်ခြင်းဖြင့်သာ သူတို့၏ ကျင့်စဉ်အဆင့်ကို တိုးတက်စေကြသည်။

တုပိုင်အတွက်ပင်လျှင် ဤကဲ့သို့သော ကျင့်စဉ်အဆင့် တိုးတက်မှု နည်းလမ်းသည် တစ်သက်တာတွင် တစ်ကြိမ်သာ ရရှိနိုင်မည့် အခွင့်အရေး ဖြစ်ပြီး ဒုတိယအကြိမ် ထပ်မံ ဖြစ်ပေါ်လာရန် မဖြစ်နိုင်ပေ။

“ငါ မင်းကို အပြင် ပြန်ပို့ပေးမယ် ၊ ပြီးရင် ငါ အသက်ရှင်နေထိုင်ခြင်းရဲ့ အဓိပ္ပာယ်ကို စဉ်းစားသုံးသပ်တော့မယ်”

ခေါင်းကိုးခုမြွေနတ်ဘုရားက ပြောလိုက်သည်။

“ပြီးတော့ မင်း ထွက်သွားပြီးတာနဲ့ ငါ့အကြောင်းကို မေ့ပစ်လိုက်တာ အကောင်းဆုံးပဲ။ ဘာလို့လဲဆိုတော့ ငါတို့လို သတ္တဝါမျိုးက ဒီလောကမှာ မပေါ်လာသင့်သလို မင်းတို့ လူသားတွေနဲ့လည်း ဘယ်လို ပတ်သက်မှုမှ မရှိသင့်ဘူး”

တုပိုင် ဦးညွှတ်လိုက်ပြီး ပြောလိုက်သည်။

“ဟုတ်ကဲ့ ၊ ကျေးဇူးတင်ပါတယ်”

ခေါင်းကိုးခုမြွေနတ်ဘုရားသည် ကြီးမားသော ပါးစပ်ကြီးကို ဖွင့်လိုက်ပြီး တုပိုင်ကို ဖြည်းညှင်းစွာ မှုတ်ထုတ်လိုက်ကာ ရုတ်တရက် အရှိန်ဖြင့် ပစ်လွှတ်လိုက်လေသည်။

“ဝုန်းးး။”

ချက်ချင်းပင် တုပိုင်သည် အမြောက်ဆံကဲ့သို့ နက်ရှိုင်းသော လိုဏ်ဂူထဲမှ တိုက်ရိုက် ပစ်လွှတ်ခြင်း ခံလိုက်ရသည်။

သူသည် မီတာထောင်ပေါင်းများစွာ မြင့်သော ကောင်းကင်ယံသို့ ပစ်လွှတ်ခံလိုက်ရသည်။

“ရွှီးးး”

အစပိုင်းတွင် လုံးဝ အမှောင်ထု ဖြစ်နေသော်လည်း ရုတ်တရက် သူ့အမြင်အာရုံ လင်းလက်သွားသည်။

သူသည် နက်ရှိုင်းသော လိုဏ်ဂူထဲမှ တိုက်ရိုက် ထွက်ပေါ်လာခဲ့ပြီ ဖြစ်သည်။ အပြင်ဘက်တွင် မှောင်နေပြီ ဖြစ်သော်လည်း ကောင်းကင်ယံရှိ လမင်းကြီးကြောင့် လိုဏ်ဂူထဲရှိ အမှောင်ထုနှင့် ယဉ်ပါးနေသော တုပိုင်အတွက် အလွန် လင်းထိန်နေသကဲ့သို့ ထင်ရသည်။

မြေပြင်ပေါ်သို့ ပြန်လည် ကျရောက်ပြီးနောက် တုပိုင်သည် မြေကြီးပေါ်မှ ပေါ့ပါးစွာ ခုန်တက်လိုက်သည်။

သူ့ခန္ဓာကိုယ် ပိုမို ပေါ့ပါးသွားသကဲ့သို့ ခံစားရပြီး ချီစွမ်းအင်တစ်ခုက သူ့ခန္ဓာကိုယ်ကို ပံ့ပိုးပေးနေသကဲ့သို့ ၊ ခန္ဓာကိုယ်အတွင်း၌လည်း စွမ်းအင်လှိုင်းများ တိုးဝင်နေသကဲ့သို့ ခံစားလိုက်ရသဖြင့် သူ အံ့သြဝမ်းသာ ဖြစ်သွားမိသည်။

တုပိုင်သည် လက်ညှိုးကို တောက်လိုက်ပြီး လေထဲသို့ ပစ်လွှတ်လိုက်သည်။

“ရွှီးးးး”

ရွှမ်းချီ အတွင်းအားစွမ်းအင်တစ်ခု ထွက်သွားပြီး မီတာအနည်းငယ် အကွာရှိ သစ်ကိုင်းတစ်ခုကို တိုက်ရိုက် ချိုးဖျက်ပစ်လိုက်သည်။ ဤသည်ကား ရွှမ်းချီ အတွင်းအား၏ စွမ်းပကားပင် ဖြစ်သည်။

တုပိုင်သည် ကာလကြာရှည် ဆင်းရဲမွဲတေနေခဲ့ရာမှ ရုတ်တရက် ချမ်းသာသွားသူ တစ်ဦးကဲ့သို့ ဖြစ်နေပြီး ရွှမ်းချီ အစပြုသူ အဆင့်မှ သိုင်းပညာရှင်အဆင့် ၇ သို့ ချက်ချင်း အဆင့်တတ်ရောက်ရှိသွားခြင်း ဖြစ်သည်။

ဤကျင့်စဉ်အဆင့်သည် အလွန် မြင့်မားသည်ဟု မယူဆနိုင်သော်လည်း အခြေအနေ အတော်များများတွင် သူ့ကိုယ်သူ ကာကွယ်နိုင်စွမ်း ရှိနေပြီ ဖြစ်သည်။ မိန်းမစိုးဂိုဏ်းအကယ်ဒမီမှ ကျောင်းသားများကြားတွင်ပင် သိုင်းပညာရှင်အဆင့် ၇ အတွင်းအား ကျင့်စဉ်သည် ထိပ်တန်းအဆင့်တွင် ပါဝင်နိုင်သည်။

သို့သော် တုပိုင်တွင် သိုင်းပညာ တိုးတက်လာမှုကြောင့် ရရှိလာသော ပျော်ရွှင်မှုကို ခံစားရန် အချိန်မရှိပေ။ သူ့တွင် ဖြေရှင်းရန် ပိုမို အရေးကြီးသော ကိစ္စများ ရှိနေသည်။

သူသည် ကတိတည်စေရန်အတွက် ရှားလုံဘုရင်ကြီး၏ မသေမျိုးလိုဏ်ဂူသို့ ချက်ချင်း ဦးတည်သွားလိုက်သည်။ ဤအချိန်၌ ရှားလုံဘုရင်ကြီး ရှားလုံရွှိုသည် ဂူသခင် တစ်ဒါဇင်ကျော်နှင့်အတူ စားသောက်ပွဲ ကျင်းပနေသည်။

မသေမျိုးလိုဏ်ဂူ တစ်ခုလုံးသည် ကောင်းမွန်သော ဝိုင်အရက်များ ၊ စားကောင်းသောက်ဖွယ်များနှင့် ကင်ထားသော အသားများဖြင့် ပြည့်နှက်နေသည်။

ဂူသခင် အများအပြားသည် အရွယ်အစား မတော်သော ပိုးထည်များကို ဝတ်ဆင်ထားကြသည်။ သေချာသည်မှာ ဤပစ္စည်းများ အားလုံးကို ချွေ့ဖူ ပေးပို့ခဲ့ခြင်း ဖြစ်သည်။ ယခုအချိန်တွင် သူသည် ဂူသခင် တစ်ဦးချင်းစီကို လိုက်လံ ဂုဏ်ပြုစကား ပြောကြားနေသည်။

ယခင်က ဧကရာဇ်မင်းမြတ်စာမေးပွဲ လိမ်လည်မှု အမှုကြောင့် ချွေ့မိသားစုသည် ကြီးစွာသော ကံဆိုးမိုးမှောင်ကျမှုနှင့် ကြုံတွေ့ခဲ့ရပြီး ချွေ့ဖူ၏ အနာဂတ်မှာလည်း မှေးမှိန်နေခဲ့သည်။ ထို့ကြောင့် ရှားလုံဘုရင်ကြီးကို လီမိသားစု စော်ဘွားနယ်မြေသို့ စစ်တပ်စေလွှတ်ခြင်း မပြုရန် တားဆီးသည့် မစ်ရှင်ကို ပြီးမြောက်စေရန် ရှားလုံစော်ဘွားအိမ်တော်သို့ လာရောက်ရန် သူဆန္ဒအလျောက် တာဝန်ယူခဲ့ခြင်း ဖြစ်သည်။

ဤမစ်ရှင်သည် အန္တရာယ်များသော်လည်း အကယ်၍ ပြီးမြောက်ပါက ချွေ့ဖူသည် အရပ်ဘက်အရာရှိအုပ်စု၏ ခွင့်လွှတ်မှုနှင့် ထပ်မံ မြှောက်စားမှုကို ရရှိမည် ဖြစ်သည်။

ယခုအခါ သူသည် သူ၏ ကြီးမားသော တာဝန်ကို အောင်မြင်စွာ ထမ်းဆောင်နိုင်ခဲ့ပြီ ဖြစ်သည်။

ကွမ်ရှီးပြည်နယ်သို့ ပြန်ရောက်သောအခါ ချွေ့ဖူသည် လီဝမ်ဟွေ့ကို သတ်ဖြတ်နိုင်ခဲ့သည့်အတွက် သူရဲကောင်းကြီး ဖြစ်လာမည် ဖြစ်ပြီး သူ့အနာဂတ် အလားအလာသည်လည်း ကောင်းမွန်နေမည် ဖြစ်သည်။

‘လီဝမ်ဟွေ့ ၊ လီဝမ်ဟွေ့ ၊ ငါ့ကြောင်းကျရှုံးရမယ်လို့ မင်းမထင်ထားဘူးမလား’

ချွေ့ဖူ ကျေနပ်စွာ တွေးလိုက်မိသည်။

ထို့နောက် သူသည် ချွေ့ဖိန်ထင်ဘက်သို့ လှည့်ကာ ပြောလိုက်သည်။

“တုပိုင်ဆိုတဲ့ မိန်းမစိုးခွေးက ခေါင်းကိုးခုမြွေနတ်ဘုရားရဲ့ ဗိုက်ထဲမှာ အသားအနှစ်တွေ ဖြစ်နေလောက်ပြီ ၊ မကြာခင် မစင်ပုံ ဖြစ်တော့မှာပါ”

ချွေ့ဖိန်ထင်က အံကြိတ်ပြီး ပြောလိုက်သည်။

“အဲဒီအရူး ၊ အဲဒီငတုံးက သေမင်းတွင်းထဲကို တကယ် ခုန်ချသွားတယ်။ သူ့ကိုယ်သူ ဘယ်သူလို့ ထင်နေလဲ။ ကံတရားရဲ့ သားတော်များ မှတ်နေလား။ အခုတော့ ဒီကောင် သေသွားပြီ ၊ နှမြောစရာကောင်းတာက ငါ့လက်နဲ့ ကိုယ်တိုင် မသတ်လိုက်ရဘူး ၊ အရှင်လတ်လတ် အရေခွံခွာခွင့် ၊ အရွတ်တွေ ဆွဲထုတ်ခွင့် ၊ အရိုးတွေကို အမှုန့်ကြိတ်ခွင့် မရလိုက်တာပဲ”

အမှန်တကယ်ပင် တုပိုင်အပေါ် ထားရှိသော ချွေ့ဖိန်ထင်၏ အမုန်းတရားကို မည်သည့် စကားလုံးနှင့်မျှ ဖော်ပြ၍ မရနိုင်ပေ။

“ငါ တုပိုင်ပုံစံ သစ်သားရုပ်တု တစ်ခု ထုလုပ်မယ် ၊ ပြီးရင် နေ့တိုင်း အဲဒီရုပ်တုကို မစင်တွေ ၊ ဆီးတွေနဲ့ ပက်မယ် ၊ ဒါမှ သူ ငရဲရောက်သွားရင်တောင် ဘယ်တော့မှ ပြန်မထလာနိုင်တော့မှာ”

သို့သော် ဤအချိန်တွင် တုပိုင်၏ ပုံရိပ်သည် ရုတ်တရက် ပြေးထွက်လာသည်။ သူသည် လက်ထဲတွင် ရှည်လျားသော အဆိပ်စွယ်တစ်ခုကို ကိုင်ဆောင်ထားပြီး ရှားလုံစော်ဘွားကို ပြောလိုက်သည်။

“ရှားလုံစော်ဘွား။ ကျွန်တော် ခေါင်းကိုးခုမြွေနတ်ဘုရားရဲ့ တွင်းနက်ကြီးထဲကနေ အသက်ရှင်လျက် ပြန်လာခဲ့ပြီ။ ဒါက သူ ပေးခဲ့တဲ့ အဆိပ်စွယ်ပါ ၊ ခင်ဗျား ကောင်းကောင်း မှတ်မိမယ်လို့ ကျွန်တော် ယုံကြည်ပါတယ်”

“ရှားလုံဘုရင်ကြီး။ ကျေးဇူးပြုပြီး ကတိတည်တဲ့အနေနဲ့ လီမိသားစု စော်ဘွားနယ်မြေကို တိုက်ခိုက်ဖို့ စစ်တပ်ကို ချက်ချင်း စေလွှတ်ပေးပါ ၊ ပြီးတော့ ချွေ့ဖူနဲ့ ချွေ့ဖိန်ထင်ကို ချက်ချင်း သတ်ပေးပါ”

တုပိုင် ဟိန်းဟောက်လိုက်သည်။

“ဘာလို့လဲဆိုတော့ ဒါက ခေါင်းကိုးခုမြွေနတ်ဘုရားရဲ့ အမိန့်တော် ဖြစ်လို့ပဲ”

ချက်ချင်းပင် လူတိုင်း ကြက်သေသေသွားကြသည်။

ရှားလုံဘုရင်ကြီး ရှားလုံရွှို ဖြစ်စေ ၊ ချွေ့ဖိန်ထင် ဖြစ်စေ ၊ ချွေ့ဖူ ဖြစ်စေ ၊ သူတို့အားလုံး တုပိုင်ကို လုံးဝ မယုံကြည်နိုင်သော မျက်လုံးများဖြင့် စိုက်ကြည့်နေကြသည်။

ဤသည်ကား သရဲလော။ သူသည် အမှန်တကယ်ပင် အသက်ရှင်လျက် ပြန်ရောက်လာခြင်းလော။ သူတို့တော့ သောက်ကျိုးနည်းကုန်ကြပြီဖြစ်လေ၏။

​ချွေ့ဖူနှင့် ချွေ့ဖိန်ထင်တို့သည် မျက်လုံးများကို ကြမ်းကြမ်းတမ်းတမ်းပွတ်လိုက်ပြီး သူတို့ မူးနေ၍ အမြင်မှားနေသည်ဟု အမှန်တကယ် ယုံကြည်သွားကြသည်။

မည်သို့ ၊ မည်ကဲ့သို့ ဖြစ်နိုင်မည်နည်း။ တုပိုင်သည် မည်သို့လုပ်၍ အသက်ရှင်လျက် ပြန်လာနိုင်မည်နည်း။

​သူသည် ခေါင်းကိုးခုမြွေနတ်ဘုရား တွင်းနက်ကြီးထဲသို့ ရှင်းရှင်းလင်းလင်း ခုန်ချသွားခဲ့ခြင်း ဖြစ်သည်။ မြွေများ ဝိုင်းကိုက်စားခြင်းကို ခံလိုက်ရမည်မှာ သေချာသည်။

​နှစ်ပေါင်းများစွာအတွင်း ခေါင်းကိုးခုမြွေနတ်ဘုရား တွင်းနက်ကြီးထဲ ပစ်ချခံရပြီး မည်သူမျှ အသက်ရှင်လျက် ပြန်မလာနိုင်ခဲ့ကြပေ။

​ခြွင်းချက်ဟူသည် မရှိခဲ့ချေ။ အဘယ်ကြောင့် တုပိုင်က ခြွင်းချက် ဖြစ်နေရသနည်း။

​ချွေ့ဖိန်ထင်၏ ဦးခေါင်းခွံများပင် ကျဉ်တက်သွားသကဲ့သို့ ခံစားလိုက်ရသည်။ တုပိုင်သည် အံ့ဖွယ်ရာများကို မည်သို့လုပ်၍ ထပ်ခါတလဲလဲ ဖန်တီးနိုင်နေရသနည်း။

​သူသည် အမှန်တကယ်ပင် ကံတရား၏ သားတော်တစ်ယောက်များ ဖြစ်နေလေသလော။

​ဤအချိန်တွင် ရှားလုံစော်ဘွား၏ အဆိပ်ပြင်းမြွေတစ်ကောင်နှင့် တူသော မျက်လုံးများသည် တုပိုင်ကို အချိန်ကြာမြင့်စွာ စိုက်ကြည့်နေသည်။ သူ တုပိုင်ကို ပထမဆုံးအကြိမ် သေသေချာချာ ကြည့်ရှုခြင်း ဖြစ်ပြီး သူ့မျက်လုံးများတွင်လည်း မယုံကြည်နိုင်မှုများ ပေါ်လွင်နေသည်။

​တုပိုင်က ပြောလိုက်သည်။

​“ရှားလုံစော်ဘွား။ ကျေးဇူးပြုပြီး ကတိအတိုင်း လီမိသားစု စော်ဘွားနယ်မြေကို စစ်တပ်စေလွှတ်ပြီး ချွေ့ဖူနဲ့ ချွေ့ဖိန်ထင်ကို သတ်ပေးပါ”

​ဤအချိန်တွင် ချွေ့ဖူ အမူးပြေသွားပြီး အော်ပြောလိုက်သည်။

​“ဘုရင်ကြီး။ လုံးဝ မဖြစ်ပါဘူး။ လီမိသားစု စော်ဘွားက အခု လက်ရှိ တပ်သား တစ်သိန်းကို စုစည်းနေပြီး မြောက်ဘက်ကို ချီတက်ပြီး တာ့နင်အင်ပါယာကို တိုက်ခိုက်ဖို့ ပြင်ဆင်နေတာပါ။ တကယ်လို့ ဘုရင်ကြီးက လီမိသားစု စော်ဘွားနယ်မြေကို ကျူးကျော်ဖို့ စစ်တပ်စေလွှတ်လိုက်မယ်ဆိုရင် အဲဒီတပ်သား တစ်သိန်းရဲ့ ဒေါသက ဘုရင်ကြီးဆီ ရောက်လာပါလိမ့်မယ်။ ဘုရင်ကြီးက ပြိုင်ဘက်ကင်းအောင် ရဲရင့်တယ်ဆိုပေမဲ့ တာ့နင်အင်ပါယာအတွက် ဘာကိစ္စ မီးထဲက သစ်အယ်သီးကို ဆွဲထုတ်ပေးရမှာလဲ။ ဒီတုပိုင်က မကောင်းတဲ့ ရည်ရွယ်ချက် ရှိနေပြီး ဘုရင်ကြီးကို သတ်ချင်နေတာ ထင်ရှားပါတယ်။ ကျေးဇူးပြုပြီး သူ့ကို ချက်ချင်း ကွပ်မျက်ပေးပါ ဘုရင်ကြီး”

​အတိုင်းအတာတစ်ခုအထိတော့ ချွေ့ဖူ၏ စကားများက မမှားပေ။

​လက်ရှိအချိန်တွင် ရှားလုံရွှိုအနေဖြင့် စစ်တပ်စေလွှတ်ခြင်းသည် အလွန် မိုက်မဲရာ ကျပေလိမ့်မည်။ လီရူဟိုင်သည် တပ်သား တစ်သိန်းကို စုစည်းထားပြီး ဖြစ်သည်။ ရှားလုံစော်ဘွား အနေဖြင့် သူ တာ့နင်အင်ပါယာကို တိုက်ခိုက်သည်အထိ စောင့်ဆိုင်းနေလိုက်ခြင်းက ပို၍ အကျိုးမရှိပေလော။

​သို့သော် ဤစကားများသည် တာ့နင်အင်ပါယာ၏ ကျူရန် အောင်မြင်ထားသူ တစ်ဦး ဖြစ်သည့် ချွေ့ဖူ၏ ပါးစပ်မှ ထွက်လာခြင်းက အလွန် အရှက်မဲ့ရာ ကျနေသည်။

​တုပိုင်သည် ရှားလုံစော်ဘွားကို ကြည့်လိုက်ပြီး အဆိပ်ပြင်းမြွေနှင့်တူသော မျက်လုံးများကို စိုက်ကြည့်ကာ လက်ထဲရှိ ခေါင်းကိုးခုမြွေနတ်ဘုရား၏ အဆိပ်စွယ်ကို မြှောက်ပြလိုက်ပြီး ပြောလိုက်သည်။

​“ရှားလုံစော်ဘွား။ ဒါက ခေါင်းကိုးခုမြွေနတ်ဘုရားရဲ့ ဆန္ဒပဲ။ ခင်ဗျား ကတိဖျက်တော့မှာလား”

​ချွေ့ဖူ ဟိန်းဟောက်လိုက်သည်။

​“ဂူသခင်တို့။ လီရူဟိုင်စော်ဘွားက တပ်သား တစ်သိန်း စုစည်းထားတာပါ။ ဒီကုန်းကုန်းခွေးလေးက ခင်ဗျားတို့ကို သေမင်းဆီ ပို့ချင်နေတာ။ ခင်ဗျားတို့က သူ့စကား နားထောင်ပြီး လီရူဟိုင်ကို တိုက်ခိုက်ဖို့ စစ်တပ်စေလွှတ်ချင်နေကြတာလား”

​ချက်ချင်းပင် ဂူသခင် တစ်ဒါဇင်ကျော်သည် ခေါင်းကို ပြင်းပြင်းထန်ထန် ခါရမ်းလိုက်ကြသည်။

​ချွေ့ဖူက အောင်နိုင်သူအထာဖြင့် ပြောလိုက်သည်။

​“ဒါဆိုရင် ဒီကုန်းကုန်းခွေးလေးကို သတ်လိုက်ကြစို့ ၊ ဘာလို့လဲဆိုတော့ သူက လူတိုင်းကို သတ်ချင်နေတာ”

​ချွေ့ဖိန်ထင်က စူးစူးဝါးဝါး အော်ပြောလိုက်သည်။

​“ဟုတ်တယ် ၊ အားလုံးပဲ ဒီကုန်းကုန်းခွေးလေးကို သတ် ၊ ဒယ်အိုးကြီးထဲ ထည့်ပြုတ် ၊ သူ့အသားကို စားပြီး သူ့အရိုးတွေကို ချိုးပစ်ကြ”

​ချွေ့ဖိန်ထင် ဤစကားကို ပြောလိုက်ချိန်တွင် သူမ၏ အမုန်းတရားများ မြင့်တက်နေသည်။

​တုပိုင် အသက်ရှင်လျက် သူမရှေ့တွင် ပေါ်လာချိန်၌ သူမသည် အစပထမတွင် အံ့အားသင့်သွားပြီးနောက် အမှန်တကယ် ဝမ်းသာသွားခဲ့သည်။

​သူမသည် တုပိုင်ကို ခေါင်းကိုးခုမြွေနတ်ဘုရား၏ ဗိုက်ထဲတွင် ထိုကဲ့သို့ အလွယ်တကူ မြှုပ်နှံမသွားစေချင်ပေ ၊ ထိုကဲ့သို့သေခြင်းတရားသည် သူ့အတွက် သက်သာလွန်းသည်။ ယခု သူ အသက်ရှင်လျက် ပြန်ရောက်လာပြီ ဖြစ်ရာ အခွင့်ကောင်းပင် ဖြစ်သည်။ သူမ သူ့ကို အရက်စက်ဆုံး နည်းလမ်းဖြင့် သတ်ဖြတ်နိုင်တော့မည် ဖြစ်သည်။

​အရှင်လတ်လတ် ပြုတ် ၊ သူ့သွေးကို သောက် ၊ သူ့အသားကို စား ၊ သို့မှသာ ချွေ့ဖိန်ထင်၏ အမုန်းတရား ပြေပျောက်ပေလိမ့်မည်။

​ဤစကားများ ထွက်လာသည်နှင့် တစ်ပြိုင်နက် ရှိနေသော ဂူသခင် တစ်ဒါဇင်ကျော်သည် ချက်ချင်း လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။ သူတို့သည် ထိုကဲ့သို့သော အရာများကို နှစ်သက်ကြပြီး အထူးသဖြင့် တုပိုင်၏ အသားအရေက နူးညံ့နေပုံ ပေါက်သောကြောင့် ဖြစ်သည်။

​ဂူသခင် တစ်ဒါဇင်ကျော်သည် ဓားကောက်များကို ဆွဲထုတ်လိုက်ပြီး ရှားလုံစော်ဘွားကို ကြည့်လိုက်ကြသည်။ သူ အမိန့်ပေးလိုက်သည်နှင့် တစ်ပြိုင်နက် ဤဂူသခင် တစ်ဒါဇင်ကျော်သည် တုပိုင်ကို ချက်ချင်း သတ်ဖြတ်ပြီး သူ့အသားကို စားကြပေလိမ့်မည်။

​တုပိုင်သည် ဤလူများကို လုံးဝ လစ်လျူရှုလိုက်ပြီး ရှားလုံရွှိုကိုသာ စိုက်ကြည့်ကာ အော်ပြောလိုက်သည်။

​“ရှားလုံစော်ဘွား။ ခင်ဗျား ကတိဖျက်တော့မှာလား။ ခေါင်းကိုးခုမြွေနတ်ဘုရားရဲ့ ဆန္ဒကို မလိုက်နာတော့ဘူးလား”

​ရှားလုံရွှိုက ဖြည်းညှင်းစွာ မေးလိုက်သည်။

​“အရင်တုန်းက မင်း အသက်ရှင်လျက် ပြန်လာနိုင်ရင် ငါ ချွေ့ဖူကို သတ်ပေးမယ်လို့ ကတိပေးခဲ့တယ် မဟုတ်လား”

​တုပိုင် ခေါင်းညိတ်လိုက်သည်။

အပိုင်း ၂၁၉ ပြီး။

All Chapters