အခန်း (၂၂၀)
Vol. 22 Ch. 220
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၂၂၀
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
ရှားလုံရွှိုသည် ဓားတစ်လက်ကို ကောက်ယူလိုက်ပြီး တုပိုင်ရှေ့သို့ ပစ်ချပေးကာ ပြောလိုက်သည်။
“ဒါဆိုရင် သွား ၊ သူ့ကို မင်းဘာသာမင်း သတ်လိုက်။ တကယ်လို့ မင်း မသတ်နိုင်ရင်တော့ ငါ့ကို အပြစ်မတင်နဲ့”
ဤစကား ထွက်လာသည်နှင့် တုပိုင်၏ အကြည့်များ အေးစက်သွားလေသည်။ ရှားလုံစော်ဘွားက မည်သည်ကို ဆိုလိုချင်သနည်း။ သူ ကတိဖျက်ချင်နေခြင်းလော။ ချွေ့ဖူကမူ အောင်နိုင်သူအထာဖြင့် အရူးတစ်ယောက်ကဲ့သို့ ရယ်မောလိုက်သည်။
သူသည် ကွမ်ရှီးပြည်နယ်၏ ကျူရန် အောင်မြင်ထားသူ ဖြစ်သည်။ သူသည် သိုင်းပညာကို တတ်ကျွမ်းသော်လည်း သိုင်းပညာလမ်းစဉ်၌ ကျွမ်းကျင်မှု မြင့်မားခြင်း မရှိပေ။ ချွေ့ဖိန်ထင်လောက်ပင် မတော်ဘဲ အဆင့် ၈ သိုင်းပညာရှင် တစ်ယောက်သာ ဖြစ်သည်။
သို့သော် ထိုသို့ဖြစ်လင့်ကစား သူသည် တုပိုင်ကို ချက်ချင်း သတ်ဖြတ်နိုင်ဆဲ ဖြစ်သည်။
တုပိုင်သည် ကဗျာနှင့် စာပေတွင် အလွန် ထူးချွန်သော်လည်း သိုင်းပညာတွင်မူ အသုံးမကျကြောင်း လူတိုင်း သိထားကြသည်။ သူသည် အစပြုသူအဆင့်ပင် မဟုတ်ပေ။
တုပိုင်နှင့် လီချန်ချန်တို့၏ တိုက်ပွဲကိုမူ ထည့်တွက်၍ မရပေ။ လီချန်ချန်သည် လုပ်ထားသည့် အကုသိုလ်တွေများလွန်းသောကြောင့် မိုးကြိုးပစ်သတ်ခံရခြင်း ဖြစ်ကြောင်း ၊ တုပိုင်နှင့် လုံးဝ မသက်ဆိုင်ကြောင်း လူတိုင်း ကိုယ်တိုင် မျက်မြင် တွေ့ရှိခဲ့ကြသည်။
ဆရာသခင်ကြီး လီတောက်ကျိန်း ကိုယ်တိုင်ကပင် လီချန်ချန်သည် ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားကြောင့် သေဆုံးရခြင်း ဖြစ်ပြီး တုပိုင်နှင့် မသက်ဆိုင်ကြောင်း ဝန်ခံခဲ့သည်။
လီတောက်ကျိန်းအနေဖြင့် ဤသို့ ပြောရမည်သာ ဖြစ်သည်။ ထိုမိုးကြိုးကို တုပိုင် ဆင့်ခေါ်ခဲ့ခြင်း ဖြစ်သည်ဟု သူ ပြော၍ မဖြစ်ပေ။ ထိုသို့ ပြောလိုက်ပါက တုပိုင်ကို နက်နဲဆန်းကြယ်ပြီး အစွမ်းထက်သော အရှိန်အဝါဖြင့် ဖုံးလွှမ်းသွားစေမည် ဖြစ်သောကြောင့် ဖြစ်သည်။
ချွေ့ဖူသည် သူ၏ အဖိုးတန်ဓားကို ဆွဲထုတ်လိုက်ပြီး ဝိုင်အရက်ကို တစ်ငုံမော့ကာ အားရပါးရ ရယ်မောလိုက်သည်။
“တုပိုင် ၊ ခွေးကုန်းကုန်း ၊ ငါ မင်းကို သတ်ချင်နေတာ ကြာပြီ။ ဒီနေ့တော့ ငါ့ဆန္ဒ ပြည့်ဝမယ်လို့ ထင်မထားခဲ့ဘူး။ မင်းရဲ့ ကဗျာနဲ့ စာပေစွမ်းရည်က ထူးခြားကောင်းမွန်ပေမဲ့ မင်းရဲ့ သိုင်းပညာနဲ့ကတော့ မင်းကို သတ်ရတာ ခွေးတစ်ကောင်ကို သတ်ရသလိုပဲ ဖြစ်နေလိမ့်မယ်။ ဒီတစ်ကြိမ်တော့ ဘယ်သူကမှ မင်းကို ကာကွယ်ပေးမှာ မဟုတ်သလို မင်းရဲ့ မွေးစားအဖေ လီဝမ်ဟွာလည်း မကြာခင် သေတော့မှာ”
ချွေ့ဖူသည် ဓားကွက်တစ်ခုကို ထုတ်ဖော်ပြသလိုက်သည်။
“စိတ်မပူပါနဲ့ ၊ ငါ မင်းကို တစ်ခါတည်းနဲ့ သေအောင် မသတ်ပါဘူး။ ငါ မင်းရဲ့ ခြေလက်အင်္ဂါတွေကို အရင် ဖြတ်တောက်မယ် ၊ ပြီးရင် အိုးထဲထည့်ပြီး ပြုတ်မယ် ၊ ဒါမှ မင်း မသေခင် မင်းကိုယ်မင်း အပြုတ်ခံရတာကို မြင်တွေ့နိုင်မှာလေ ၊ ဟားဟားဟား။”
ချွေ့ဖူ ရယ်မောလိုက်သည်။ “ဂူသခင်တို့ ၊ ခင်ဗျားတို့အတွက် ကျွန်တော် အသားသွားယူပေးပါ့မယ်။ ဒီခွေးကုန်းကုန်းလေးရဲ့ အသားကို စားဖို့ စောင့်နေကြပါ”
ထို့နောက် ချွေ့ဖူသည် ဝိုင်အိုးကို ဘေးသို့ လွှင့်ပစ်လိုက်သည်။
“ရွှီးးး ၊ ရွှီးးး ၊ ရွှီးးး။”
သူသည် လက်ထဲရှိ အဖိုးတန်ဓားကို ဝှေ့ယမ်းလိုက်ပြီး သူ တတ်မြောက်ထားသော သိုင်းပညာ အားလုံးကို အသုံးပြုလိုက်သည်။ တုပိုင်ထံသို့ လှမ်းလိုက်သော ခြေလှမ်းတိုင်းတွင် သူသည် ဓားကွက်တစ်ကွက်ကို ထုတ်ဖော်ခဲ့သည်။
သူ၏ ဓားသိုင်းကွက်များသည် ပန်းပွင့်များနှင့် အရိပ်များ ကစားနေသကဲ့သို့ လှပလွန်းလှသည်။
တုပိုင်ကဲ့သို့ သိုင်းပညာ အသုံးမကျသူ တစ်ဦး၏ ရှေ့မှောက်တွင် ချွေ့ဖူသည် သူ၏ လှပပြီး ကျက်သရေရှိသော ဓားသိုင်းကွက်များကို အပြည့်အဝ ထုတ်ဖော်ပြသနိုင်လေသည်။
“တုပိုင် ၊ မင်းက ခြေလှမ်းတိုင်းမှာ ကဗျာတစ်ပုဒ် ဆိုပြီး နာမည်ကြီးအောင် လုပ်ခဲ့တယ် ၊ ဒီနေ့တော့ ငါက ခြေလှမ်းတိုင်းမှာ ဓားတစ်ချက် ဆိုတာကို ပြသမယ်”
“ဆယ်လှမ်း လှမ်းပြီးရင် ငါ မင်းကို သတ်မယ်”
“ဒါကြောင့် ဒါက ဆယ်လှမ်းအတွင်း လူတစ်ယောက်ကို သတ်ခြင်း ပဲ ၊ ဟားဟားဟား။”
ထိုကဲ့သို့ပင် ချွေ့ဖူသည် ပြိုင်ဘက်ကင်းသော အရှ်န်အဝါဖြင့် ခြေတစ်လှမ်းလှမ်းလိုက် ဓားတစ်ချက် ဝှေ့ယမ်းလိုက်ဖြင့် တုပိုင်ထံသို့ လျင်မြန်စွာ ပြေးဝင်သွားသည်။
ဓားကွက်တိုင်းသည် လှပပြီး ဆွဲဆောင်မှု ရှိနေကာ သူ့ဟန်ပန်အပြည့်ကို ပြသနေသည်။
“တုပိုင် ၊ ခွေးကုန်းကုန်းလေး ၊ မင်းရဲ့ လက်တွေ ခြေတွေကို နှုတ်ဆက်လိုက်တော့”
ချွေ့ဖူ၏ ထက်မြက်သော ဓားသည် ရုတ်တရက် ဝှေ့ယမ်းသွားပြီး တုပိုင်၏ လက်များနှင့် ခြေထောက်များဆီသို့ လှပသေသပ်သော ဟန်ပန်ဖြင့် ခုတ်ပိုင်းလိုက်လေသည်။
သို့သော်။ တုပိုင်၏ အဖိုးတန်ဓားသည် လျှပ်စီးကဲ့သို့ လက်ခနဲ ဖြစ်သွားသည်။
သူ၏ သိုင်းပညာရှင်အဆင့် ၇ အနိမ့်ပိုင်း ရွှမ်းချီ အတွင်းအား အားလုံးကို ချက်ချင်း ထုတ်လွှတ်လိုက်ခြင်း ဖြစ်သည်။ တုပိုင်၏ ဓားသည် မည်သည့် အလှအပမှ မပါသော တိုက်ကွက်တစ်ခု ဖြစ်သည်။
“ရွှီးးး။” ဓားရောင်တစ်ချက် လက်ခနဲ ဖြစ်သွားသည်။
ချွေ့ဖူ၏ လှပသော လှုပ်ရှားမှုများ အားလုံး ချက်ချင်း အေးခဲသွားသည်။ အဘယ်ကြောင့်ဆိုသော် သူ၏ ခါးနေရာတွင် အေးစက်စက် ခံစားချက်တစ်ခုကို ခံစားလိုက်ရပြီး ခါးအောက်ပိုင်း တစ်ခုလုံး ထုံကျင်သွားသောကြောင့် ဖြစ်သည်။ ထို့ကြောင့် သူ မနေနိုင်ဘဲ ငုံ့ကြည့်လိုက်မိသည်။
ထို့နောက် သူ့ခါးနေရာတွင် သွေးစက်များ ပေါ်လာသည်ကို ထိတ်လန့်ဖွယ် တွေ့ရှိလိုက်ရသည်။
“ဘုန်းးးး”
သူ့ခန္ဓာကိုယ် အပေါ်ပိုင်းသည် မြေကြီးပေါ်သို့ တိုက်ရိုက် ပြုတ်ကျသွားလေသည်။ ချွေ့ဖူသည် တုပိုင်၏ ခုတ်ပိုင်းမှုကြောင့် နှစ်ပိုင်းပြတ်သွားခြင်း ဖြစ်သည်။
“ငတုံး” တုပိုင် အရေးမစိုက်စွာ ပြောလိုက်သည်။
ချွေ့ဖူသည် လုံးဝ မသေဆုံးသေးဘဲ သနားစဖွယ် အော်ဟစ်သံများကို ဆက်တိုက် ထုတ်လွှတ်နေသည်။ တုပိုင် ရှေ့သို့ တိုးသွားပြီး ခြေထောက်ကို မြှောက်ကာ ချွေ့ဖူ၏ ခေါင်းကို ချိန်ရွယ်၍ ပြင်းပြင်းထန်ထန် နင်းချလိုက်သည်။
“ဘန်းးးးး”
ဖရဲသီးတစ်လုံး ကွဲကြေသွားသကဲ့သို့ ကွဲထွက်သွားလေသည်။ ချက်ချင်းပင် အားလုံး တိတ်ဆိတ်သွားသည်။
ချွေ့ဖိန်ထင်၏ လှပသော မျက်လုံးများသည် နောက်တစ်ကြိမ် ပြူးကျယ်သွားပြီး ဖြစ်ပျက်သွားသမျှ အရာအားလုံးကို မယုံကြည်နိုင်စွာ ကြည့်နေမိသည်။ တုပိုင်၏ သိုင်းပညာက အသုံးမကျဘူး မဟုတ်လော။ ယခုအခါတွင် အဘယ်ကြောင့် ချွေ့ဖူအား အနိုင်ယူလိုက်နိုင်သနည်း။ မည်သည်တို့ဖြစ်ပျက်နေသနည်း။ နေမင်းကြီးအနောက်ရပ်မှ ထွက်လာပြီလော။
အချိန်အတော်ကြာပြီးနောက် ချွေ့ဖိန်ထင်သည် နာကျင်ကြေကွဲစွာ အော်ဟစ်လိုက်သည်။ သူမနှင့် ချွေ့ဖူ၏ ဆက်ဆံရေးသည် သာမန်သာ ဖြစ်သော်လည်း ရှားလုံစော်ဘွားအိမ်တော်သို့ ရောက်ရှိပြီးနောက် သူမတွင် ဆွေမျိုးသားချင်းဟူ၍ မရှိတော့သဖြင့် မောင်ဖြစ်သူ ချွေ့ဖူသည် သူမအတွက် အထူးလူရှိလာခဲ့သည်။ ယခု သူသည် တုပိုင်လက်ချက်ဖြင့် သေဆုံးသွားရပြီ ဖြစ်ရာ ချွေ့ဖိန်ထင် မည်သို့ ရင်မနာဘဲ နေမည်နည်း။
တုပိုင်သည် ဓားမှ သွေးများကို ခါထုတ်လိုက်ပြီး ရှားလုံရွှိုကို ပြောလိုက်သည်။
“ရှားလုံစော်ဘွား။ ကျွန်တော် ချွေ့ဖူကို သတ်ပြီးပြီ။ ကျေးဇူးပြုပြီး ကတိတည်တဲ့အနေနဲ့ လီမိသားစု စော်ဘွားနယ်မြေကို စစ်တပ်စေလွှတ်ပေးပါ”
ချွေ့ဖိန်ထင် စူးစူးဝါးဝါး အော်ပြောလိုက်သည်။ “ဘုရင်ကြီး။ တုပိုင်က အရှင့်ကို ဒုက္ခပေးချင်နေတာ ၊ သူ အရှင့်ကို ဒုက္ခပေးချင်နေတာ။ သူ့ကို ချက်ချင်း အပိုင်းပိုင်း အစစ ဆွဲဖြတ်ပစ်ပါ ၊ အပိုင်းပိုင်း အစစ ဆွဲဖြတ်ပစ်လိုက်ပါ”
ရှားလုံရွှိုသည် ရှိနေသော ဂူသခင် တစ်ဒါဇင်ကျော်ကို ကြည့်လိုက်ပြီး မေးလိုက်သည်။ “ဂူသခင်တို့။ ခင်ဗျားတို့ လီရူဟိုင်ကို တိုက်ခိုက်ဖို့ စစ်တပ်စေလွှတ်ချင်ကြလား”
ဂူသခင် တစ်ဒါဇင်ကျော် အားလုံး ခေါင်းခါလိုက်ကြသည်။ သူတို့ သေချာပေါက် ဆန္ဒမရှိကြပေ။ သူတို့သည် ရဲရင့်သော်လည်း ငတုံးများ မဟုတ်ကြပေ။ သူတို့သည် ရှားလုံ၏ တိုက်ခိုက်ခြင်းကို တစ်ကြိမ် ခံခဲ့ရဖူးပြီး သူတို့၏ ရည်မှန်းချက်များ ပျက်စီးခဲ့ရပြီး ဖြစ်သည်။ ဤအချိန်တွင် လီရူဟိုင်ကို တိုက်ခိုက်ရန် သူတို့၌ မည်သို့ သတ္တိ ရှိမည်နည်း။
ရှားလုံစော်ဘွားအိမ်တော်၏ စစ်သည်များသည် ကြောက်ရွံ့ခြင်း မရှိသော်လည်း ဤအထက်တန်းစား ဒေသခံခေါင်းဆောင်များသည် ကမ္ဘာလောကကို မျက်စိဖွင့် ကြည့်မြင်ပြီးဖြစ်ကာ ဘဝကို ပျော်ပါးနေကြသူများ ဖြစ်သဖြင့် သဘာဝကျစွာပင် ကြောက်ရွံ့တတ်ကြသည်။ အထူးသဖြင့် လီရူဟိုင်သည် တပ်သား တစ်သိန်းကို စုစည်းထားပြီးဖြစ်သည့် အခြေအနေတွင် ပို၍ ကြောက်ရွံ့ကြသည်။
ရှားလုံရွှိုက တုပိုင်ကို ပြောလိုက်သည်။
“မင်း မြင်တဲ့အတိုင်းပဲ ၊ ငါ့ရဲ့ ဂူသခင်တွေက လီရူဟိုင်ကို တိုက်ခိုက်ဖို့ စစ်တပ်မစေလွှတ်ချင်ကြဘူး”
တုပိုင်က ပြောလိုက်သည်။ “ရှားလုံစော်ဘွား။ ခင်ဗျားက ခေါင်းကိုးခုမြွေနတ်ဘုရားရဲ့ ဆန္ဒကိုတောင် မလိုက်နာတော့ဘူးလား”
ရှားလုံရွှို၏ မျက်လုံးများသည် အေးစက်စွာ လက်ခနဲ ဖြစ်သွားပြီး ပြောလိုက်သည်။ “ငါ့ရှေ့မှာ ခေါင်းကိုးခုမြွေနတ်ဘုရားအကြောင်း လာမပြောနဲ့။ နောက်ထပ် စကားတစ်လုံး ထပ်ပြောရဲရင် ငါ မင်းကို အပိုင်းပိုင်း အစစ ဆွဲဖြတ်ပစ်မယ်”
ထို့နောက် ရှားလုံရွှို ဟိန်းဟောက်လိုက်သည်။ “တစ်ယောက်ယောက် သူ့ကို ဖမ်းပြီး မြွေအစီအရင်ထဲ ထည့်ထားလိုက်”
ရှားလုံရွှို လက်ဝှေ့ယမ်းလိုက်သည်နှင့် ချက်ချင်းပင် အဆိပ်ပြင်းမြွေ ထောင်ပေါင်းများစွာသည် တုပိုင်ထံသို့ လျင်မြန်စွာ ပြေးဝင်သွားကြသည်။
မျက်တောင်တစ်ခတ်အတွင်း ဤအဆိပ်ပြင်းမြွေ ထောင်ပေါင်းများစွာသည် မြွေထောင်ချောက်တစ်ခုအဖြစ် ဖွဲ့စည်းလိုက်ပြီး တုပိုင်ကို လုံးဝ ဝိုင်းရံထားလိုက်ကြသည်။
အဆိပ်ပြင်းမြွေ ထောင်ပေါင်းများစွာသည် လျှာများကို ထုတ်လိုက် သွင်းလိုက် လုပ်နေပြီး တုပိုင်ကို စူးစိုက်ကြည့်နေကြရာ ကျောချမ်းဖွယ်ရာ မြင်ကွင်းပင် ဖြစ်သည်။
ချွေ့ဖိန်ထင်သည် ဤမြင်ကွင်းကို ကြည့်ပြီး အလွန် ကျေနပ်အားရသွားသည်။ သူမသည် ရှားလုံရွှို၏ ခန္ဓာကိုယ်ပေါ်သို့ ဆွဲဆောင်မှုရှိစွာ မှီတွယ်လိုက်ပြီး ချွဲနွဲ့စွာ ပြောလိုက်သည်။
“ဘုရင်ကြီး။ ဒီခွေးကုန်းကုန်းလေး တုပိုင်နဲ့ ကျွန်မကြားမှာ ကြီးမားတဲ့ အမုန်းတရား ရှိပါတယ်။ သူ့ကို အပိုင်းပိုင်း အစစ ဆွဲဖြတ်ပစ်ဖို့အတွက် ကျွန်မလက်ထဲ အပ်ပေးနိုင်မလားဟင်”
“ကောင်းပြီ”
ရှားလုံရွှိုက ပြောလိုက်သည်။
“စားသောက်ပွဲ ပြီးရင် သူ့ကို မင်းကြိုက်သလို စီမံလို့ ရပြီ”
ချွေ့ဖိန်ထင်သည် ရှားလုံရွှို၏ မျက်နှာကို မွှေးကြိုင်သော အနမ်းတစ်ပွင့် ပေးလိုက်ပြီး ချစ်စဖွယ် ပြောလိုက်သည်။
“ကျေးဇူးတင်ပါတယ် ဘုရင်ကြီး ၊ ကျေးဇူးတင်ပါတယ်”
ထို့နောက် သူမသည် တုပိုင်ဘက်သို့ လှည့်ကြည့်ကာ ရက်စက်စွာ ပြောလိုက်သည်။
“ခွေးကုန်းကုန်း။ သေတာထက် ဆိုးတဲ့ ကံကြမ္မာကို ခံစားဖို့ စောင့်နေလိုက်။ ဒီလောကထဲ လူလာဖြစ်ရတာကို နောင်တရသွားအောင် ငါ လုပ်ပြမယ်”
တုပိုင်သည် အဆိပ်ပြင်းမြွေ ထောင်ပေါင်းများစွာ၏ ဝိုင်းရံခြင်းကို ခံထားရသည်။ ဤအခြေအနေသည် အလွန် အန္တရာယ်များသော်လည်း ထူးဆန်းစွာ ခြောက်ခြားဖွယ် ကောင်းနေသည်။
သူ ချက်ချင်းပင် စိတ်ကို အတင်းအကျပ် ငြိမ်သက်အောင် လုပ်လိုက်သည်။
လီရူဟိုင်သည် မကြာမီ စစ်တပ်ကို စေလွှတ်တော့မည် ဖြစ်ရာ အချိန်သည် အလွန် ၊ အလွန် ကပ်နေပြီ ဖြစ်သည်။
အကယ်၍ ရှားလုံရွှိုသာ လီမိသားစု စော်ဘွားနယ်မြေသို့ စစ်တပ် စေလွှတ်တိုက်ခိုက်ခြင်း မပြုပါက သူ့မွေးစားအဖေ လီဝမ်ဟွာသည် သေလမ်းသာ ရှိတော့သည်။
လက်ရှိ အခြေအနေတွင် ရှားလုံစော်ဘွား စစ်တပ်စေလွှတ်လာအောင် လုပ်ဆောင်ခြင်းသည် မဖြစ်နိုင်သော တာဝန်တစ်ခုကဲ့သို့ ဖြစ်နေသည်။
သို့သော် တုပိုင်သည် ဤရှားလုံရွှိုကို နားလည်ရခက်နေသည်။
မျက်လုံးများကို မှိတ်လိုက်ပြီး တုပိုင်သည် စိတ်စွမ်းအင်နည်းစနစ်ကို အသုံးပြုကာ အိပ်မက်အခြေအနေသို့ ဝင်ရောက်လိုက်သည်။ အိပ်မက်စနစ်က သဲလွန်စအချို့ ပေးစွမ်းနိုင်လိမ့်မည်ဟု မျှော်လင့်ရင်း။ အိပ်မက်ထဲတွင် ဖြစ်ပျက်တော့မည့် အဖြစ်အပျက်များ ကြိုတင် ပေါ်ပေါက်လာသည်။
ချွေ့ဖိန်ထင်သည် ဝိုင်ခွက်တစ်ခွက်ကို ကိုင်၍ ရှားလုံရွှိုထံသို့ လာခဲ့သည်။
သူမ၏ ပျော့ပျောင်းပြီး အရိုးမရှိသကဲ့သို့ ဖြစ်နေသော ခန္ဓာကိုယ်သည် ရှားလုံရွှို၏ ကြွက်သားအပြည့်နှင့် ခန္ဓာကိုယ်ကို ရစ်ပတ်ထားပြီး ချိုသာစွာ ပြောလိုက်သည်။
“ဘုရင်ကြီး။ ကိုယ်လုပ်တော်က အရှင့်ကို ဂုဏ်ပြုပါတယ်”
ရှားလုံရွှို ပေါ့ပေါ့ပါးပါး ယူလိုက်ပြီး သောက်လိုက်သည်။
ခဏအကြာတွင် သူ့လည်ပင်း နီရဲလာပြီး မျက်နှာတွင် ပြင်းထန်သော နာကျင်မှုများ ပေါ်လာကာ နှာခေါင်းပေါက်များမှ သွေးများ စီးကျလာပြီး သူ့ခန္ဓာကိုယ်ကြီးသည် မြေကြီးပေါ်သို့ ဘုန်းခနဲ လဲကျသွားသည်။
တစ်ချိန်တည်းမှာပင် ရှိနေသော ဂူသခင် တစ်ဒါဇင်ကျော် အားလုံးသည် လည်ပင်းများကို ကိုင်ကာ နာကျင်စွာ လဲကျပြီး သွေးအန်နေကြသည်။
ဝိုင်ထဲတွင် အဆိပ် ပါနေသည်။
ရှားလုံရွှိုသည် ချွေ့ဖိန်ထင်ကို လက်ညှိုးထိုးပြီး ပြောလိုက်သည်။
“မင်း ၊ မင်း ငါ့ကို အဆိပ်ခတ်တယ်လား”
ချွေ့ဖိန်ထင်၏ လှပသော မျက်နှာသည် အောင်နိုင်သူ အပြုံးဖြင့် ပြည့်နှက်နေပြီး သူမ၏ ချစ်စဖွယ် မျက်နှာသွင်ပြင်များပင် အနည်းငယ် ပုံပျက်နေသည်။
“ရှားလုံရွှို။ တာ့နင်အင်ပါယာရဲ့ မြင့်မြတ်တဲ့ သခင်မလေး ဖြစ်တဲ့ ငါက နင့်လို အရိုင်းအစိုင်း လူတန်းစားနိမ့်တစ်ယောက်ရဲ့ စံစားတာကို ခံပါ့မလား”
ချွေ့ဖိန်ထင် အေးစက်စွာ ပြောလိုက်သည်။
“နင့်ဘေးကို ရောက်လာကတည်းက နင်ကို သတ်ဖို့ မစဉ်းစားတဲ့ရက်ဆိုတာ မရှိခဲ့ဘူး”
ရှားလုံရွှို၏ ပါးစပ်မှ သွေးများ စီးကျလာပြီး အသံတိမ်ဝင်စွာ ပြောလိုက်သည်။
“မင်း ဒီရောက်လာတုန်းက မင်းက ငါ့ရဲ့ အချစ်ဆုံး ကိုယ်လုပ်တော် ဖြစ်လာခဲ့တယ်။ ငါ မင်းကို ဘယ်လိုများ ဆိုးဆိုးရွားရွား ဆက်ဆံခဲ့လို့လဲ။ မင်း ဘာလို့ ငါ့ကို ဒုက္ခပေးချင်ရတာလဲ”
ချွေ့ဖိန်ထင်က စူးစူးဝါးဝါး ပြောလိုက်သည်။
“ဒါက ဘာနေရာမို့လို့လဲ။ ဂူတစ်ခုလေ။ နင့်မှာ ကောင်းမွန်တဲ့ ပိုးထည်တွေ ၊ ဖဲထည်တွေ ရှိလို့လား။ နင့်မှာ ကောင်းမွန်တဲ့ အစားအစာတွေ ရှိလို့လား။ နင့်ကိုယ်နင် ဘုရင်လို့ ခေါ်နေပေမဲ့ နင်က အရိုင်းအစိုင်းတစ်ကောင်ပဲ။ နင့်လို တောခွေးတစ်ကောင်က ဒီက တောရိုင်းမိန်းမတွေနဲ့ပဲ ထိုက်တန်တယ်။ ငါလို ရွှေကိုင်းကျောက်စိမ်းရွက် အမျိုးသမီးကို ပိုင်ဆိုင်ဖို့ အရည်အချင်း မရှိဘူး။ နင် သိလား။ ငါ နင်ကို အဆိပ်ခတ်သတ်လိုက်တာနဲ့ ငါက လီမိသားစုရဲ့ ကိုယ်လုပ်တော် ဖြစ်လာနိုင်တယ်။ အဲဒါမှ စစ်မှန်တဲ့ ဂုဏ်ကျက်သရေနဲ့ ကြွယ်ဝချမ်းသာမှုပဲ”
ထို့နောက် ချက်ချင်းပင် ချွေ့ဖိန်ထင် အော်ပြောလိုက်သည်။
“ဝင်ခဲ့ကြ”
ရုတ်တရက် ကျွမ်းကျင်ပညာရှင် ဒါဇင်ပေါင်းများစွာ ဝင်ရောက်လာကြသည်။ သူတို့သည် လီမိသားစု စစ်သည်ဝတ်စုံများကို ဝတ်ဆင်ထားကြသည်။
ချွေ့ဖိန်ထင်က ပြောလိုက်သည်။
“ဒီအရိုင်းအစိုင်းဘုရင် ရှားလုံရွှို အပါအဝင် ဒီက လူအားလုံးကို သတ်ပစ်ကြ။ တုပိုင်ကိုတော့ မသတ်နဲ့ ၊ သူ့ကို သေချင်ပေမဲ့ သေခွင့်မရတဲ့အထိ နှိပ်စက်ချင်သေးတယ်”
“ရွှီးးး ၊ ရွှီးးး ၊ ရွှီးးး ၊ ရွှီးးး။”
လီမိသားစု ကျွမ်းကျင်ပညာရှင်များသည် ဝင်ရောက်လာပြီး ရှားလုံစော်ဘွားအိမ်တော်၏ ဂူသခင်များကို တစ်ယောက်ပြီး တစ်ယောက် သတ်ဖြတ်လိုက်ကြသည်။
ဤအချိန်တွင် တုပိုင်၏ အိပ်မက် ပြီးဆုံးသွားပြီး သူ ချက်ချင်း နိုးလာသည်။
တုပိုင်၏ ကျောပြင်သည် ချွေးအေးများဖြင့် လုံးဝ ရွှဲနစ်နေသည်။ သူ တကယ် မျှော်လင့်မထားခဲ့မိပေ။ ဤချွေ့ဖိန်ထင်သည် လီမိသားစုက စေလွှတ်လိုက်သော သူလျှိုတစ်ယောက် ဖြစ်နေသည်။ သို့သော် ဤသည်မှာ ပုံမှန်ပင် ဖြစ်သည်။ ချွေ့မိသားစုနှင့် လီရူဟိုင်တို့သည် အမြဲတမ်း လျှို့ဝှက် ကုန်သွယ်မှုများ ရှိခဲ့ကြသည်။
ချွေ့ဖိန်ထင် ထွက်ပြေးမည် ဆိုလျှင်ပင် လီမိသားစု နယ်မြေသို့ သွားရောက်ခြင်းက ပို၍ ကျိုးကြောင်းဆီလျော်သည်။
ဤမိန်းမသား တစ်ယောက်တည်းက ရှားလုံစော်ဘွား အပါအဝင် ရှားလုံစော်ဘွားအိမ်တော်၏ ခေါင်းဆောင်အားလုံးကို အဆိပ်ခတ်နိုင်ခဲ့သည်။ သူမသည် အမှန်တကယ် ရက်စက်ပြီး အဆိပ်ပြင်းလှသည်။
သို့သော် တုပိုင် ဝမ်းသာသွားမိသည်။
အိပ်မက်ထဲတွင် ဤအဖြစ်အပျက်ကို ကြိုတင် မြင်တွေ့လိုက်ရခြင်းသည် ရှားလုံရွှို စိတ်ပြောင်းပြီး လီမိသားစု စော်ဘွားနယ်မြေကို စစ်တပ်စေလွှတ် တိုက်ခိုက်လာအောင် လုပ်ဆောင်ရန် တစ်သက်တာတွင် တစ်ကြိမ်သာ ရရှိနိုင်မည့် အခွင့်အရေးပင် ဖြစ်သည်။
ထိုအချိန်မှာပင် ချွေ့ဖိန်ထင်၏ ပျော့ပျောင်းပြီး အရိုးမရှိသကဲ့သို့ ဖြစ်နေသော ခန္ဓာကိုယ်သည် ရှားလုံရွှိုကို ရစ်ပတ်ထားပြီး သူမသည် ဝိုင်ခွက်ကို သူ့နှုတ်ခမ်းနား တေ့ပေးကာ ပြောလိုက်သည်။
“ဘုရင်ကြီး။ ကိုယ်လုပ်တော်က အရှင့်ကို ဂုဏ်ပြုပါတယ်”
ရှားလုံရွှို ပေါ့ပေါ့ပါးပါး ယူလိုက်ပြီး သောက်တော့မည့်ဟန် ပြင်လိုက်သည်။
အိပ်မက်ထဲမှ မြင်ကွင်းသည် ဖြစ်ပျက်တော့မည် ဖြစ်သည်။ အရာအားလုံးကို ပြောင်းလဲပစ်ရန် တုပိုင်၏ အခွင့်အရေး ရောက်ရှိလာပြီ ဖြစ်သည်။
အပိုင်း ၂၂၀ ပြီး။