← Chapters

အခြေအနေမဲ့ခြင်း

Vol. 1 Ch. 1

အခြေအနေမဲ့ခြင်း

Vol. 1 Ch. 1

ညအခါ လမ်းလျှောက်နေသူတိုင်းသည်လည်း အသက်ရှင်သူများဖြစ်နေရန်မလိုအပ်ပေ။ အမှောင်ထုကျရောက်လာသည့်အခိုက် နတ်ဆိုးများနှင့် သရဲတစ္တေများ နိုးထလာလိမ့်မည်။ နေဝင်ချိန်မှ လူကြီးမင်းတို့အလိုရှိရာ အစားအသောက်များကို ပို့ဆောင်ပါမည်။

ဝမ်ရှောက်ထျန်းသည် ခြောက်ကပ်နေသော နှုတ်ခမ်းများကို လျှာဖြင့်သပ်လိုက်ပြီး ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ မည်သူတစ်ဦးတစ်ယောက်မျှ ရှိမနေသည်ကို တွေ့ရသောအခါမှ အနီးအနားတွင် တစ်စုံတစ်ယောက် သောက်လက်စ ချန်ထားခဲ့သည့် ရေသန့်ဘူးတစ်ဝက်ကို ကောက်ယူကာ အငမ်းမရ မော့ချလိုက်တော့သည်။

ရေဝအောင် သောက်ပြီးသည့်နောက် ဝမ်ရှောက်ထျန်းက သက်ပြင်းချလိုက်သည်။ ထိုစဉ်မှာပင် ကန်ထရိုက်တာဖြစ်သူ လူအိုကြီးလီက လက်ထဲတွင် အနီရောင်ငွေစက္ကူအနည်းငယ်ကို ကိုင်ဆောင်၍ မလှမ်းမကမ်းမှ လျှောက်လာသည်ကို မြင်လိုက်ရသောအခါ ဝမ်ရှောက်ထျန်း၏ စိတ်အခြေအနေသည် ချက်ချင်းပင် ထပ်မံလေးလံသွားခဲ့ရသည်။

“ရှောင်ဝမ် မင်းရဲ့ရက်ပိုင်းလုပ်အားခပဲ။ ရော့၊ ရေကြည့်လိုက်၊ အဆင်ပြေရင် မင်းသွားလို့ရပြီ။”

ဝမ်ရှောက်ထျန်းသည် လူအိုကြီးလီဆီမှ ယွမ်(၃၀၀) ကို ယူလိုက်သည်။ ထိုငွေစက္ကူများကို ရေတွက်နေရန် မလိုအပ်တော့ပေ။ ခဏမျှ စဉ်းစားပြီးနောက် မေးလိုက်သည်။

“လူအိုကြီးလီ…၊ တကယ်ပဲ ခြွင်းချက်အနေနဲ့ လက်ခံပေးထားဖို့ မဖြစ်နိုင်တော့ဘူးလားဗျာ။ ကျွန်တော် တကယ်ကို ကြိုးစားပြီးလုပ်ပါ့မယ်။”

လူအိုကြီးလီက သူ့ကို တစ်ချက်ကြည့်ပြီးနောက် သက်ပြင်းချလိုက်သည်။ အမှန်ဆိုလျှင် သူသည် ဝမ်ရှောက်ထျန်းကို အမြင်ကြည်သည်။ သုံးလေးရက်သာ ရှိသေးသော်လည်း ထိုလူငယ်သည် အလုပ် ကြိုးစားပြီး စိတ်ချရသူဖြစ်သည်။

“ရှောင်ဝမ်၊ ဒီကိစ္စကို ငါလည်း မတတ်နိုင်ဘူးကွာ။ ဒါ့အပြင် မင်းက ကောလိပ်ကျောင်းဆင်းပဲ၊ အလုပ် ကောင်းကောင်းတစ်ခုတော့ အလွယ်တကူ ရှာတွေ့နိုင်မှာပါ။ ငါ့ကိုလည်း အခက်မတွေ့စေချင်ပါနဲ့ တော့…။”

ထိုသို့ပြောပြီးနောက် လူအိုကြီးလီက ခေါင်းခါကာ ထွက်သွားတော့သည်။

ဝမ်ရှောက်ထျန်းက သက်ပြင်းချလိုက်သည်။ ဤတစ်ကြိမ်သည် အလုပ်ဖြုတ်ခံရခြင်း ဆယ်ကြိမ်မြောက်ဖြစ်သည်။ ဘွဲ့ရပြီးနောက်ပိုင်း အလုပ်ပေါင်းများစွာ ရှာခဲ့သော်လည်း မည်သည့်အလုပ်မျှ ကြာကြာမခံပေ။ ဝမ်ရှောက်ထျန်းသည် အလုပ်မလုပ်တတ်သူ မဟုတ်သော်လည်း သူ ဘယ်နေရာကိုသွားသွား ပြဿနာများက တန်းစီရောက်လာတတ်သည်။

သူ၏ ပထမဆုံးအလုပ်မှာ ဆေးဝါးကုမ္ပဏီတစ်ခု၏ ဆေးဝါးသစ်ရောင်းချရေးဌာနတွင် ဖြစ်သည်။ အစပိုင်း၌ အားလုံးအဆင်ပြေသော်လည်း တတိယနေ့တွင် ဆေးဝါး၌ ပြဿနာရှိကြောင်း ပြောဆိုလာသည့် ဖောက်သည်တစ်ဦးသည် ကုမ္ပဏီသို့ ရောက်ရှိလာပြီး ဝန်ထမ်းများနှင့် စကားများခဲ့သည်။ ထိုသူသည် ဒေါသအလျောက် ဆေးသစ်များကို လက်တစ်ဆုပ်စာ ယူစားခဲ့လိုက်သည်။

ထိုလူသည် ချက်ချင်းပင် သေဆုံးသွားခဲ့ပြီး မျက်လုံးများက ဝမ်ရှောက်ထျန်းကို စိုက်ကြည့်နေခဲ့သည်။

ဤဖြစ်ရပ်သည် ကြီးမားသော သက်ရောက်မှုရှိခဲ့ပြီး နောက်ပိုင်းတွင် ဆေးဝါးသစ်၌ ဖြစ်နိုင်ခြေရှိသော ဘေးထွက်ဆိုးကျိုးများ ရှိကြောင်း အတည်ပြုခဲ့သောကြောင့် ဆေးဝါးစက်ရုံကို ပိတ်ပစ်ခဲ့ရသည်။

ဒုတိယအလုပ်မှာ ပို၍ပင် ဆိုးရွားခဲ့သည်။ အချိန်ပိုဆင်းနေစဉ် ကုမ္ပဏီမှ ဝမ်ရှောက်ထျန်းကို အပြင်ထွက်၍ အစားအသောက် ဝယ်ခိုင်းလိုက်သည်။ သူထွက်သွားပြီး မကြာမီမှာပင် ကုမ္ပဏီတွင် မီးလောင်မှု ဖြစ်ပွားခဲ့သည်။ သူ၏ လုပ်ဖော်ကိုင်ဖက် တစ်ဒါဇင်ကျော်တို့ ထွက်ပြေးလွတ်မြောက်နိုင်ခဲ့သော်လည်း သူဌေးဖြစ်သူမှာမူ ရုံးခန်း၌ သေဆုံးခဲ့သည်။

မီးလောင်မှုသည် သူဌေး၏ရုံးခန်းမှ စတင်ခဲ့ပြီး အတွင်းတွင် ဘာဖြစ်ခဲ့သည်ကိုမူ မည်သူမျှ မသိဟု လုပ်ဖော်ကိုင်ဖက်များက နောက်ပိုင်းတွင် ပြောခဲ့ကြသည်။

ဝမ်ရှောက်ထျန်းသည် အလုပ်များစွာကို အလှည့်ကျ ပြောင်းခဲ့ရပြီး တစ်ကြိမ်စီတိုင်းတွင် ဤကဲ့သို့သော အခြေအနေမျိုးနှင့် ကြုံခဲ့ရသည်။ ယခုတစ်ကြိမ်တွင်မူ သူသည် အခြားရွေးချယ်စရာမရှိတော့ဘဲ သူငယ်ချင်းတစ်ဦး၏ ဦးလေးကို အကူအညီတောင်း၍ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် အလုပ်ရှာ ပေးရန် ပြောဆိုခဲ့ရသည်။ သူသည် အသက်ရှင်နေထိုင်ရန် ငွေမရှိတော့ပေ။ အလုပ်မရှာနိုင်ပါက လမ်းပေါ်တွင် အိပ်ရတော့မည့် အခြေအနေသို့ ရောက်နေပေပြီ။

သို့သော်လည်း နောက်ဆုံးတွင် တစ်ခုခုတော့ ဖြစ်ပျက်ခဲ့ရပြန်သည်။ ဆောက်လုပ်ရေးလုပ်ငန်းခွင်ရှိ ကရိန်းကြိုး ပြတ်ကျပြီး လူတစ်ဦးကို ပိမိသေဆုံးစေခဲ့သည်။

ဤသည်မှာ ဆောက်လုပ်ရေးလုပ်ငန်းခွင်များတွင် အလွန်တရာ ဂရုစိုက်ရသည့် အရာများဖြစ်သည်။ သူဌေးသည် အယူသီးသူတစ်ဦးဖြစ်၍ ဆရာတစ်ဦးကို ပင့်ပြီး အစီအမံများ ပြုလုပ်စေခဲ့သည်။ ထိုဆရာက ဆောက်လုပ်ရေးလုပ်ငန်းခွင်ရှိ တစ်စုံတစ်ဦး၏ ကံကြမ္မာသည် ၎င်းနေရာ၏ ဖုန်းရွှေ နှင့် မသင့်မြတ်ဟု ပြောခဲ့လေသည်။ ထိုဆရာ ပြောနေသည့်သူမှာ ဝမ်ရှောက်ထျန်းပင် ဖြစ်နေခဲ့သည်။

ထို့ကြောင့် သူဌေးက ဝမ်ရှောက်ထျန်းကို အလုပ်မှ ထုတ်ပစ်ခဲ့ခြင်း ဖြစ်သည်။

အမှန်တကယ်တွင် လူအများစုသည် ထိုကဲ့သို့သော အဓိပ္ပာယ်မရှိသည့် အကြောင်းပြချက်ကို နားလည်မည် မဟုတ်သော်လည်း ဝမ်ရှောက်ထျန်းသည် ထူးဆန်းသော အဖြစ်အပျက်များစွာကို ဆက်တိုက် ကြုံတွေ့ခဲ့ရသောကြောင့် ကိုယ့်ကိုယ်ကိုယ် အပြစ်ရှိသလို ခံစားရပြီး မည်သည့်စကားမျှ ထပ်မံမပြောတော့ပေ။

သူ၏ မဆိုစလောက် ငွေစက္ကူသုံးရွက်ကို ကိုင်ကာ ဝမ်ရှောက်ထျန်း သက်ပြင်းချလိုက်သည်။ မနေ့က သူသည် နောက်ဆုံးကျန်ရှိသည့် ယွမ်တစ်ထောင်ကို အိမ်ရှင်အား ပေးခဲ့ရပြီး ယနေ့တွင်လည်း ရေခွန်၊ မီးခွန် နှစ်ရာပေးရန် ရှိနေသေးသည်။ အကယ်၍ မကြာမီ အလုပ်မရှာနိုင်ပါက သူသည်စားစရာ မရှိ တော့ပေ။

လမ်းမပေါ် လျှောက်လာရာ အမျိုးမျိုးသော ဆိုင်ခန်းများနှင့် ကုမ္ပဏီများကို တွေ့ရပြီး ၎င်းတို့၏ ဝင်ပေါက်များတွင် အလုပ်ခေါ်စာများ ကပ်ထားသော်လည်း ဝမ်ရှောက်ထျန်း ပို၍ပင် စိတ်ပျက်အားငယ် လာခဲ့သည်။

သူသည် အမှန်တကယ်ပင် ကံမကောင်းသူ ဖြစ်နေပြီလား။ အကယ်၍ အခြားအလုပ်တစ်ခု ထပ်မံ ရှာဖွေပါက သူသည် အခြားသူများကို ထိခိုက်နစ်နာစေမည် မဟုတ်ပါလောဟု စဉ်းစားမိသည်။

လမ်းလျှောက်ရင်း စဉ်းစားနေစဉ် ဝမ်ရှောက်ထျန်း၏ ဗိုက်မှ စတင်အော်မြည်လာသည်။ ဖုန်းကိုကြည့် လိုက်သောအခါ ညနေ ငါးနာရီကျော်နေပြီ ဖြစ်ပြီး ကောင်းကင်သည်လည်း မှောင်စပြုနေပြီ ဖြစ်သည်။ သူသည် တစ်နေကုန် လမ်းများပေါ်တွင် ရည်ရွယ်ချက်မရှိ လျှောက်သွားနေခဲ့ခြင်း ဖြစ်သည်။

သူသည် ဗိုက်ကို ပွတ်လိုက်ပြီး အသက်ရှင်နေသော လူသားသည် ဆီးအောင့်၍ မသေနိုင်ဟု တွေးလိုက် သည်။ လက်နှင့်ခြေထောက် ရှိသရွေ့တော့ လက်ရှိပြဿနာကို ဖြေရှင်းရန် နည်းလမ်းတစ်ခုကို သေချာ ပေါက် ရှာတွေ့ပေလိမ့်မည်။ အရေးအကြီးဆုံး ပြဿနာမှာ ယခုအချိန်တွင် ဗိုက်ဖြည့်ရန်သာဖြစ်သည်။

မည်သည့် အကြောင်းအရာမျှ စဉ်းစားမနေဘဲ သွားရောက်ရွေးချယ်လိုက်သည့် အမြန်စား စားသောက် ဆိုင်တစ်ဆိုင်သည် ထူးဆန်းစွာ ပိတ်ထားသကဲ့သို့ ဖြစ်နေသည်။ ဆိုင်ထဲတွင် ဖောက်သည်တစ်ဦး တစ်ယောက်မျှ မရှိဘဲ စားပွဲနှင့် ထိုင်ခုံများအားလုံး သေသပ်စွာ စီစဉ်ထားသည်။

ဝမ်ရှောက်ထျန်း အနည်းငယ် ထူးဆန်းသည်ဟု ခံစားလိုက်ရသည်။

*ညစာစားချိန်ကြီးကိုး…။ ဒီအမြန်စား စားသောက်ဆိုင်ပိုင်ရှင်က စီးပွားရေး ဘယ်လောက်တောင် ညံ့လို့ ဒီလောက် စောစောပိတ်ထားရတာလဲ…*

ဟု သူတွေးလိုက်မိသည်။

ထိုသို့ စဉ်းစားနေစဉ် အရပ်ရှည်ရှည်၊ ပိန်ပိန်၊ မျက်မှန်တပ်ထားသော အသက်သုံးဆယ်အရွယ် အလယ် အလတ်ပိုင်း အမျိုးသားတစ်ဦး ထွက်လာသည်။ ထိုသူသည် ဝမ်ရှောက်ထျန်းကို လျစ်လျူရှုပြီး ဆိုင်ကို သန့်ရှင်းရေး စတင်လုပ်ဆောင်နေခဲ့သည်။

ဝမ်ရှောက်ထျန်း အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်သွားသောကြောင့် ရှေ့သို့ တိုးပြီး မေးလိုက် သည်။

“ဆိုင်ရှင် ဘာဖြစ်လို့ ဒီလောက် စောစော ပိတ်တာလဲ။ စားစရာ ကျန်သေးလား။”

သူ့စိတ်ထဲ၌မူ

*ဒီဆိုင်ရှင်က သဘောထား တော်တော်မကောင်းတာပဲ။ ငါ့ကို ဂရုမစိုက်ဘူးဆိုရင် လှည့်ထွက်သွားလိုက် မယ်။ အဲ့ဒါဆို ငါလည်း မျက်နှာမငယ်ရတော့ဘူး”

ဟု တွေးလိုက်သည်။

မထင်မှတ်ထားဘဲ ထိုသူသည် သူပြောသည်ကို ကြားသောအခါ အံ့အားသင့်စွာ မော့ကြည့်လာခဲ့သည်။ ဆိုင်ရှင်၏ မျက်လုံးများသည် သံသယနှင့် အံ့ဩမှုတို့ဖြင့် ပြည့်နှက်နေပြီး ဝမ်ရှောက်ထျန်းအနေဖြင့် လုံးဝနားမလည်နိုင်သော အကြည့်မျိုး ဖြစ်သည်။

“ငါ့ဆိုင်က စောစောမပိတ်ဘူး။ အခုထိ ဖွင့်မထားသေးရုံပါ။ ဒါပေမဲ့ မင်းတစ်ခုခု စားချင်တယ်ဆိုရင် ငါလုပ်ပေးနိုင်ပါတယ်။”

ထိုသူ၏ သဘောထားသည် ယဉ်ကျေးသည်ဟု ဆိုနိုင်သောကြောင့် ဝမ်ရှောက်ထျန်းသည် ယခင်က သူ့ကို မထီမဲ့မြင်ပြုခဲ့သည့်အတွက် ခံစားရသော ရွံရှာစိတ်သည် လျော့နည်းသွားသည်။

“ဪ… ကောင်းပါပြီ။ ဒါဆိုရင် ကျွန်တော့်ကို ကြက်ဥထမင်းကြော် တစ်ပွဲ လုပ်ပေးပါ။”

ဝမ်ရှောက်ထျန်းတွင် ငွေသိပ်မရှိသောကြောင့် ကြက်ဥထမင်းကြော်တစ်ပွဲသာ မှာယူနိုင်ခဲ့သည်။ သူသည် ဆိုင်ကို ကြည့်လိုက်ရာ သိပ်မကြီးသည်ကို တွေ့ရပြီး ရောင်းသည့် စားဖွယ်များမှာလည်း ဈေးသက်သာလိမ့်မည်ဟု ယူဆလိုက်သည်။

ဆိုင်ရှင်သည် ခေါင်းညိတ် သဘောတူပြီးနောက် မီးဖိုချောင်သို့ လှည့်ဝင်သွားခဲ့သည်။ စားသောက်ဆိုင် သည် သိပ်မကြီးသော်လည်း မီးဖိုချောင်နှင့် ထမင်းစားဧရိယာကို မှန်နံရံတစ်ခုဖြင့် ပိုင်းခြားထားသည်။

ဝမ်ရှောက်ထျန်းသည် ဆိုင်ထဲတွင် ထိုင်နေရင်း အနည်းငယ် ပျင်းရိလာပြီး ဖုန်းသုံးချင်သော်လည်း မိုဘိုင်းဒေတာ သိပ်မကျန်တော့သဖြင့် အဆင်မခြင် အသုံးမပြုဝံ့ပေ။ ထို့ကြောင့် ဆိုင်ပိုင်ရှင်နှင့် စကားပြောရန်သာ ဆုံးဖြတ်လိုက်သည်။

“ဆိုင်ရှင်၊ ခင်ဗျားရဲ့ စားသောက်ဆိုင်က ဘာလို့ ညဉ့်နက်မှ ဖွင့်တာလဲ။ အဲ့ဒါဆို နေ့လယ်စာနဲ့ ညစာစား ချိန်တွေကို မရောင်းတာလား။ ဒီလို စီးပွားရေးလုပ်ရင် ဘယ်လိုလုပ် ပိုက်ဆံရမလဲ။ ဒါမှမဟုတ် ညလယ်စာ သီးသန့်ရောင်းတာလား။ ဒါပေမဲ့ ညလယ်စာဆိုရင် အများအားဖြင့် ဘာဘီကျူး ဖြစ်တတ်ပြီး၊ ဒါက ဘာဘီကျူးဆိုင်ပုံလဲ မပေါ်ပါဘူး…။”

ဝမ်ရှောက်ထျန်းသည် များများစားစား မတွေးဘဲ ပေါ့ပေါ့ပါးပါး မေးလိုက်သော်လည်း ဆိုင်ရှင်က ရယ်မောလိုက်သည်။

“ငါလုပ်တဲ့ စီးပွားရေးက သာမန် စားသောက်ဆိုင်တွေနဲ့ မတူဘူးဗျ။ မင်းကို ရှင်းပြရင်တောင် နားလည်နိုင်မှာ မဟုတ်ပါဘူး။”

ဝမ်ရှောက်ထျန်း သူ့ဘာသာ တိတ်တိတ်လေး ရယ်မောလိုက်သည်။

*ဆိုင်ဖွင့်တာ၊ စီးပွားရေးလုပ်တာ၊ လူတွေကို အစားအသောက် ရောင်းတာ၊ ဘာများ နားလည်ဖို့ ခက်ခဲ တာရှိလို့လဲ။ ညဉ့်နက်မှ ဖွင့်ပြီး ညလယ်စာတောင် မရောင်းဘူးဆိုတော့ ခင်ဗျားက လူတွေအတွက် မဟုတ်ဘဲ၊ သရဲတွေအတွက် ချက်ပြုတ်နေတာများလား…*

ဟု တွေးလိုက်သည်။

သူသည် စကားအနည်းငယ် ထပ်ပြောချင်သေးသော်လည်း ဆိုင်ရှင်၏ ထမင်းကြော်သည် အဆင်အသင့် ဖြစ်နေပြီ ဖြစ်ပြီး သူ့ရှေ့တွင် ရောက်လာခဲ့သည်။

သူသည် အနံ့ခံကြည့်လိုက်ရာ အရသာ ကောင်းမွန်ပုံရသည်ဟု ထင်ရသောကြောင့် များများစားစား မတွေးတော့ဘဲ စတင်စားသောက်လိုက်သည်။ ဝမ်ရှောက်ထျန်းသည် တကယ်ကို ဗိုက်ဆာနေခဲ့ပြီး မကြာမီပင် ထမင်းကြော်ပန်းကန် အကြီးတစ်ချပ်ကို ကုန်အောင်စားလိုက်ရာ နောက်ထပ် စားချင်စိတ် ပေါ်လာသည်။

သို့သော်လည်း နောက်တစ်ပွဲမှာရန် သူ့တွင် ငွေလုံလောက်မှု မရှိသည်ကို သိသောကြောင့် ငွေရှင်းပြီး ထွက်သွားရန် ကြိုးစားလိုက်သည်။ သို့သော် အိတ်ကပ်ထဲ လက်နှိုက်လိုက်သောအခါ အေးစက်စက် ခံစားချက်ကို ခံစားလိုက်ရလေတော့သည်။

*ဒုက္ခပါပဲ…၊ ငါ့ပိုက်ဆံအိတ်တော့ ပျောက်နေပြီ…။*

All Chapters