ကံကောင်းခြင်း၏ နောက်ကွယ်
Vol. 1 Ch. 2
ဝမ်ရှောက်ထျန်းလည်း ထိတ်လန့်သွားသည်။ ပိုက်ဆံအိတ်ထဲတွင်ရှိသည့် တစ်ရာကျော်သော ယွမ်ငွေများက သူ့ပိုင်ဆိုင်မှုအားလုံးဖြစ်ကြောင်း သိေပသည်။ ၎င်းကို ဆုံးရှုံးသွားပါက သူ့တွင် တစ်ပြားမှ မကျန်တော့ပေ။ ပို၍ ရှက်စရာကောင်းသည်မှာ ထမင်းစားပြီးမှသာ ပိုက်ဆံအိတ်ပျောက်နေသည်ကို သိသွားခြင်းဖြစ်ပြီး ငွေရှင်းရန် ပိုက်ဆံမရှိခြင်းပင်။ ဆိုင်ရှင်က သူ့ကို လွှတ်ပေးပါ့မည်လား။
ဝမ်ရှောက်ထျန်းသည် ထမင်းတစ်နပ်ကြောင့် အော်ဟစ်ဆူပူခံရခြင်းမျိုးကို မလိုလားပေ။ ဖြေရှင်းနည်းကို ရှာဖွေရန် ဦးနှောက်ခြောက်နေစဉ်တွင် မျက်မှန်တပ်ထားသော ဆိုင်ရှင် လျှောက်လာသည်။
“ဘာဖြစ်တာလဲ။”
ဆိုင်ရှင်က သူ့ကို တစ်ခုခု မမှန်သည်ကို သတိပြုမိ၍ မေးလိုက်ခြင်း ဖြစ်နိုင်သော်လည်း ဝမ်ရှောက်ထျန်းမှာ ရှက်ရမ်းရမ်းနေပြီဖြစ်သည်။
“ဟို...ဟို...”
သူသည် အချိန်အတော်ကြာ စကားမပြောနိုင်ဖြစ်နေခဲ့သည်။ ငယ်စဉ်ကတည်းက ဆင်းရဲစွာ နေထိုင်ခဲ့ရသော်လည်း သူသည် တစ်ခါမှ ခိုးဝှက်ခြင်း၊ လုယက်ခြင်းမျိုး မလုပ်ခဲ့ဖူးသကဲသို့ သူတစ်ပါးကိုလည်း အမြတ်ထုတ်ခဲ့ဖူးခြင်း မရှိပေ။ ထမင်းဖိုး မရှင်းနိုင်ကြောင်းကို သူမည်ကဲ့သို့ ဝန်ခံရပါ့မလဲ။
“ပိုက်ဆံရှင်းဖို့ ငွေမရှိဘူးလား”
ဟု ဆိုင်ရှင်က စမ်းသပ်သည့်သဘောဖြင့် မေးလိုက်သည်။ ဤမေးခွန်းကြောင့် ဝမ်ရှောက်ထျန်း ပို၍ပင် ထိတ်လန့်သွားသည်။ သူ အလျင်အမြန်ပင် လက်ယမ်းပြလိုက်သည်။
“မဟုတ်ဘူး၊ မဟုတ်ဘူး၊ ဆိုင်ရှင် စိတ်မပူပါနဲ့။ ကျွန်တော့် ပိုက်ဆံအိတ် ပျောက်သွားပေမယ့် သူငယ်ချင်း ဆီကနေ ငွေချေးထားပြီးသားပါ။ သူ မကြာခင် ငွေလွှဲပေးပါလိမ့်မယ်။ စိတ်မပူပါနဲ့၊ ကျွန်တော် အကြွေး ကို မလစ်ဟင်းစေရပါဘူး…။”
ဆိုင်ရှင်က ပြုံးသည်။
“ထမင်းတစ်ပွဲဖိုး ငွေမရှိရင်လည်း နောက်တစ်ခါလာမှ ပေးချေလို့ရပါတယ်။”
“မဖြစ်ပါဘူး”
ဟု ဝမ်ရှောက်ထျန်းက အလေးအနက် ပြောသည်။
သူသည် မာနရှိသူဖြစ်သည်။ ဆိုင်ရှင်၏ စေတနာကို သိသော်လည်း သူ သဘောမတူနိုင်ပေ။ သူ၏ ခေါင်းမာမှုကို မြင်သောအခါ ဆိုင်ရှင်သည် ဘာမှထပ်မပြောဘဲ မီးဖိုချောင်သို့ လှည့်ဝင်သွားခဲ့သည်။
ဆိုင်ရှင် ထွက်သွားသည်ကို မြင်သောအခါ ဝမ်ရှောက်ထျန်းသည် ဖိစီးမှုများမှ ခနတာ လွတ်မြောက်သွားသော်လည်း မည်သူ့ထံမှ ငွေချေးရမည်ကို မသိဘဲ ထပ်မံ စိုးရိမ်ပူပန်လာရပြန်သည်။ သူ၏ မိဘများသည် စောစီးစွာ ဆုံးပါးသွားခဲ့ပြီး သူ့အား ဂရုစိုက်သည့် ဆွေမျိုးမရှိပေ။ ကောလိပ်တွင် ရခဲ့သော သူငယ်ချင်း အချို့သာ သူ့အပေါ် ကြင်နာဖူးလေသည်။
သို့သော် ထိုသူများသည်လည်း အလုပ်စဝင်စသာရှိသေးပြီး ယခင်ကလည်း သူ့ကို ငွေချေးခဲ့ဖူးသောကြောင့် ထပ်မံတောင်းဆိုရန် သူသည် ရှက်ရွံ့နေခဲ့မိသည်။
ဤသို့ အခက်တွေ့နေချိန်တွင် ဆိုင်ရှင်သည် ရုတ်တရက် ပြန်လာပြီး အလုပ်ခေါ်စာတစ်ခုကို သူ့အား လှမ်းပေးလိုက်လေသည်။
“လူငယ်လေး၊ မင်းမှာ ငွေမရှိသေးဘူးဆိုရင် ငါ့ဆိုင်မှာနေပြီး အစားအသောက်ပို့တဲ့ အလုပ်လုပ်လို့ရတယ်။ ငါ့ဆိုင်က ညဘက်မှ ဖွင့်တာ။ ညနေ (၆) နာရီကနေ မနက်( ၂) နာရီအထိပဲ။ အခု မင်းအခက်အခဲ ရှိနေတယ်ဆိုရင် ဒီမှာ အချိန်ပိုင်းအလုပ်အနေနဲ့ ခဏလုပ်လို့ရတယ်။”
ဤစကားကိုကြားသောအခါ ဝမ်ရှောက်ထျန်းက ဝမ်းသာအားရ ဖြစ်သွားသည်။ ဆိုင်ရှင်၏ အကြံပြုချက်သည် လက်ရှိရှက်နေရမည့် အခြေအနေကို ဖြေရှင်းပေးရုံသာမက သူ၏ အဓိကကျသော ပြဿနာကိုပါ ဖြေရှင်းပေးလိုက်ခြင်းပင် ဖြစ်သည်။ အမှန်တကယ်ပင် သူ အလုပ်တစ်ခု လိုအပ်နေခဲ့သည်။
သို့သော် သူ အလုပ်လုပ်သည့်နေရာတိုင်းတွင် တစ်စုံတစ်ယောက် သေဆုံးနိုင်သည်ဟု တွေးလိုက်မိသောအခါ စိတ်မသက်မသာ ဖြစ်မိသည်။ ဆိုင်ရှင်သည် စိတ်ကောင်းရှိပြီး သူ့အပေါ် ယဉ်ကျေးသည်ဟု သူတွေးမိလိုက်သည်။ သူ၏ ကောင်းသောရည်ရွယ်ချက်ကို သူ့အနေဖြင့် ထိခိုက်စေ၍ မဖြစ်ပေ။
သို့သော် ပြန်စဉ်းစားကြည့်လိုက်ရာ အကယ်၍ သူသည် အစားအသောက်သာ ပို့ပေးပြီး ဆိုင်ထဲတွင် မနေပါက ဆိုင်သည် အဆင်ပြေသင့်သည် မဟုတ်ပါလား။ ထို့အပြင် ဤသည်မှာ အချိန်ပိုင်းအလုပ်သာ ဖြစ်ပြီး အချိန်ပြည့်အလုပ် မဟုတ်သောကြောင့် ပြဿနာ တစ်စုံတစ်ရာ ရှိလိမ့်မည်မဟုတ်ပေ။
ဝမ်ရှောက်ထျန်းသည် ဤအတွေးဖြင့် သူ့ကိုယ်သူ နှစ်သိမ့်ကာ မျှော်လင့်ချက် အနည်းငယ်ကို ဆုပ်ကိုင် ပြီး လက်ခံရန် ဆုံးဖြတ်လိုက်သည်။
“ကောင်းပြီ။ ဒါဆိုရင် ဆိုင်ရှင်ကို အရမ်းကို ကျေးဇူးတင်ပါတယ်ဗျာ။ ကျွန်တော့်ကို ထမင်းဖိုးတောင် မတောင်းတဲ့အပြင် အလုပ်ပါ ပေးသေးတယ်။ တကယ် ဘာပြောရမှန်း မသိတော့ပါဘူး…။”
ဆိုင်ရှင်က အနည်းငယ် ပြုံးပြီး အလိုအလျောက် မျက်မှန်ကို ပြင်ဆင်လိုက်သည်။
“ကိစ္စမရှိပါဘူး၊ ဒါက ငါတို့နှစ်ယောက်ကြားက ကံကြမ္မာ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။”
ထိုသို့ပြောပြီးနောက် သူ ခေတ္တရပ်လိုက်သည်။
“ငါ့ဆိုင်က မကြီးပေမယ့် လိုက်နာရမယ့် စည်းကမ်းတွေကတော့ အတော်များတယ်။ မင်း ငါ့ဆိုင်မှာ အလုပ်လုပ်ချင်ရင် ဒီစည်းကမ်းတွေကို လိုက်နာရလိမ့်မယ်။”
ဝမ်ရှောက်ထျန်းက အလျင်အမြန် ခေါင်းညိတ်လိုက်သည်။
“ဟုတ်ကဲ့ စိတ်မပူပါနဲ့။ ကျွန်တော် အလုပ်ကို သေချာပေါက် ကောင်းကောင်းလုပ်ပါ့မယ်။”
ဝမ်ရှောက်ထျန်းသည် ဤအခွင့်အရေး ပေးသည့်အတွက် ဆိုင်ရှင်အား အလွန်ပင် ကျေးဇူးတင်မိသည်။ သူ၏ ဆုံးဖြတ်ချက်ကို ပြောပြပြီးနောက် ဆိုင်ရှင်က သူ့ကိုယ်သူ မိတ်ဆက်ခဲ့ပြီး သူပြောပြသော စည်းကမ်း များနှင့်ပက်သက်ပြီး စတင်နားထောင်ရတော့သည်။
ဆိုင်ရှင်၏ နာမည်မှာ ကျောက်ဝမ်လုံ ဖြစ်ကြောင်း သိရသည်။
သူ့ကို နောက်ပိုင်းတွင် အစ်ကိုကြီးလုံဟု ခေါ်နိုင်ကြောင်း ပြောပြပြီး ဤအမြန်စား စားသောက်ဆိုင်သည် အဓိကအားဖြင့် အပြင်မှာယူမှု လုပ်ငန်းကိုသာ လုပ်ကိုင်ကြောင်း သို့သော် အခြားအမြန်စားစားသောက်ဆိုင်များနှင့်မတူဘဲ ညစာကိုသာ ရောင်းချကြောင်း ဝမ်ရှောက်ထျန်းအား ပြောပြသည်။
ဝမ်ရှောက်ထျန်းသည် ဤကဲ့သို့သော လုပ်ငန်းမျိုးဖြင့် ငွေရနိုင်ပါ့မလားဟု မေးမြန်းလိုသော်လည်း သူသည် အလုပ်စဝင်စဖြစ်ပြီး အစ်ကိုကြီးလုံထံမှ ကျေးဇူးကြွေးယူထားရသူတစ်ဦး ဖြစ်သောကြောင့် မည်သည်စကားမျှ အပို မပြောသင့်သေးဘူးဟု ခံစားမိသည်။
“ရှောက်ထျန်း ဒါကို မှတ်ထား။ ညတိုင်း(၆) နာရီဝန်းကျင်မှာ ဆိုင်ကို ရောက်အောင်လာပါ။ မင်းအတွက် ပို့ဆောင်ရေးယာဉ်ကို ငါပြင်ဆင်ပေးထားမယ်။ ငါပေးတဲ့ လိပ်စာအတိုင်း အစားအသောက်တွေကို ပို့ပေးရုံပဲ။”
“ပို့ဆောင်တဲ့ လုပ်ငန်းစဉ်အတွင်းမှာ မှာယူသူကို မေးခွန်းမေးဖို့ ဖုန်းခေါ်ဆိုခြင်း လုံးဝမလုပ်ရဘူး။ သူတို့ဆီရောက်မှသာ ဆက်သွယ်လို့ရတယ်။ ပြီးတော့ သူတို့နဲ့ တွေ့တဲ့အခါ စကားများများ မပြောရဘူး။ အစားအသောက်ကို ပေးပြီးတာနဲ့ ထွက်လာခဲ့ရမယ်။ တစ်ယောက်ယောက်က မင်းကို စကား ပြောဖို့ ကြိုးစားရင် ခေါင်းသာခါပြပြီး ဘာမှ မတုံ့ပြန်နဲ့။”
ဝမ်ရှောက်ထျန်းသည် အစားအသောက် တစ်ခါမျှ မပို့ဖူးသော်လည်း *ဝက်သား မစားဖူးရင်တောင် ဝက်ပြေးတာကိုတော့ မြင်ဖူးတယ်*
ဆိုသကဲ့သို့ပင်။ ပို့ဆောင်သူများထဲတွင် အစ်ကိုကြီးလုံ ပြောသည့်အတိုင်း လုပ်ဆောင်သူ တစ်ဦးမှမရှိကြောင်း သူ ခံစားမိသည်။ ၎င်းသည် ဖောက်သည်များကို လေးစားမှု ပြသခြင်းမျိုးများ ဖြစ်လေမလားတော့မသိနိုင်ပေ။
သူ နားမလည်နိုင်သော်လည်း စိတ်ထဲတွင် သေချာ မှတ်သားထားလိုက်သည်။ ဤအရာသည် အထူး ကျွမ်းကျင်မှု မလိုအပ်ဘဲ ပြောသည့်အတိုင်း လုပ်ဆောင်ရုံသာ ဖြစ်သည်။
“အစ်ကိုကြီးလုံ စိတ်မပူပါနဲ့၊ ကျွန်တော် သေချာပေါက် အဆင်ပြေအောင် လုပ်ပါ့မယ်”
ဟု ဝမ်ရှောက်ထျန်းက သူ၏ ရင်ဘတ်ကို ပုတ်ပြီး ပြောလိုက်သည်။
အစ်ကိုကြီးလုံက ပြုံးလိုက်သော်လည်း ဘာမှ ထပ်မပြောပေ။ အိမ်ပြန်ပြီး အနက်ရောင် အဝတ်အစားတစ်စုံ ပြင်ဆင်ရန်နှင့် နောက်ပိုင်း၌ အလုပ်လာသည့်အခါ အနက်ရောင် အဝတ်အစားသာ ဝတ်ဆင်ရမည်ဖြစ်ကြောင်း ပြောခဲ့သည်။ အခြားအရောင်များ အထူးသဖြင့် အနီရောင်ကို လုံးဝမဝတ်ရန်နှင့် ခန္ဓာကိုယ်ပေါ်တွင်လည်း အနီရောင် ပစ္စည်း ဘာတစ်ခုမှ မပါရဟု ပြောလေသည်။
ဝမ်ရှောက်ထျန်းသည် အနက်ရောင် ဝတ်ဆင်ခြင်းကိုတော့ နားလည်နိုင်ပေသည်။ ဆီအစွန်းအထင်းများ အဝတ်အစားပေါ် မပေစေရန်နှင့် အဝတ်လျှော်ရ ပိုလွယ်ကူစေနိုင်ရန် ဖြစ်နိုင်သည်ဟု သူ ယူဆမိသည်။ သို့သော် အနီရောင်ပါသော အရာများကို လုံးဝမဝတ်ရခြင်းကိုမူ အနည်းငယ် ထူးဆန်းသည်ဟု သူ၏ စိတ်ထဲ၌ ထင်လိုက်သည်။
“မှတ်ထား။ မင်းဝတ်တဲ့ ဘာအဝတ်အစားပဲ ဖြစ်ဖြစ်၊ လက်အိတ်၊ ခြေအိတ်၊ လက်အိတ်၊ ဘာတစ်ခုမှ အနီရောင် လုံးဝ မပါစေနဲ့။ မဟုတ်ရင် မင်း ဒုက္ခရောက်လိမ့်မယ်”
ဟု အစ်ကိုကြီးလုံက အလွန်အပြင်းအထန် ကန့်ကွက်သော အမူအရာဖြင့် ပြောသဖြင့် ဝမ်ရှောက်ထျန်းလည်း အနည်းငယ် စိတ်မသက်မသာ ဖြစ်မိသည်။ ထမင်းပို့ရုံသာ ဖြစ်ပြီး အခြားဘာများဖြစ်နိုင်မှာလဲဟု သူ တွေးလိုက်မိသည်။ သို့သော် သူသည် မလိုအပ်ပဲ စကားအများကြီး ပြောတတ်သူ မဟုတ်ပေ။
ခေါင်းညိတ်ပြီး မှတ်ထားလိုက်သည်၊ ထို့နောက် အလုပ်လုပ်ရုံသာ။
အကြိမ်ကြိမ် မှာကြားပြီးနောက် လုံအစ်ကိုကြီးသည် ဝမ်ရှောက်ထျန်း အဆင်ပြေလိမ့်မည်ဟု ခံစားရ သောကြောင့် အိမ်ပြန်ပြီး အဝတ်အစားလဲရန်နှင့် ထိုညတွင်ပင် အလုပ်စလုပ်ရန် ပြောခဲ့လေသည်။ သူ၏ လုပ်ခကို နေ့စဉ် ပေးချေမည်ဖြစ်ပြီး တစ်နေ့လျှင် အခြေခံလုပ်ခ (၈၁) ယွမ် ရရှိမည်ဖြစ်ကာ ပို့ဆောင်သည့် မှာယူမှုတိုင်းအတွက်( ၅ ) ယွမ် ကော်မရှင်ခ ထပ်မံ ရရှိမည်ဖြစ်ကြောင်းလည်း ပြောပြခဲ့သည်။
ဤသို့သော လုပ်အားခကို ကြားရသောအခါ ဝမ်ရှောက်ထျန်းသည် အလွန်ဝမ်းသာသွားလေသည်။
“ဟူး...စားသောက်ကုန်လုပ်ငန်းက တကယ်ပဲ ဒီလောက်အထိ အမြတ်အစွန်းများတာလား။ ပို့ဆောင်သူကိုတောင် ဒီလောက် များများပေးနိုင်တယ်။ ဆိုင်ရှင်က ဘယ်လိုများ ပိုက်ဆံရနိုင်မှာလဲ”
ဟု သူတွေးလိုက်သည်။
ဤသည်မှာ သူ့အတွက် ကံကောင်းခြင်းတစ်ခုနှင့်တူနေပေသည်။ ဝမ်ရှောက်ထျန်းသည် ငွေကို အသည်းအသန် လိုအပ်နေသောကြောင့် များများစားစား တွေးတောချိန် မရှိဘဲ အဝတ်လဲရန်နှင့် အလုပ်စတင်ရန်အတွက် အိမ်သို့ အလျင်အမြန် ပြန်သွားခဲ့လေတော့သည်။
လမ်းတွင် သူသည် တွေးနေမိခဲ့သည်။
*ဒီည အစ်ကိုကြီးလုံရဲ့ စီးပွားရေးက ကောင်းပါ့မလား။ ငါ့ကို ဒီလောက်လုပ်ခ များများ ပေးနေတာ၊ သူအရှုံးမပေါ်ဘူးလား။ သူက တမင်သက်သက် ငါ့ကို ကူညီနေတာဆိုရင် ငါ တကယ် စိတ်မကောင်းဖြစ်ရလိမ့် မယ်*
သူ ဆိုင်သို့ ပြန်ရောက်သည့်အခါ မမျှော်လင့်ဘဲ မှာယူမှုတစ်ခုကို ရရှိခဲ့သည်။
“ရှောက်ထျန်း….၊ ဖောက်သည်ရဲ့ လိပ်စာကို WeChat မှာ ပို့ထားပြီ။ အမြန်ဆုံး သွားပို့ပေးပါ။ ဒီည စက်ဘီးစီးသွားတဲ့အခါ သတိထားသွားဦး။”
ဝမ်ရှောက်ထျန်းသည် ချက်ချင်း သဘောတူပြီး အနက်ရောင် ပလတ်စတစ်အိတ်ထဲမှ ထမင်းဘူးကို ယူကာ အပြင်သို့ ထွက်သွားသည်။ လျှပ်စစ်စကူတာပေါ်ရောက်မှသာ သူ ပို့ဆောင်ရမည့် နေရာကို မစစ်ဆေးရသေး ကြောင်း သတိရလိုက်မိသည်။ သို့သော် မြေပုံထဲတွင် လိပ်စာကို ထည့်သွင်းလိုက်သော အခါ သူ၏ခန္ဓာ ကိုယ်တစ်ခုလုံး အေးစက်တောင့်တင်း သွားခဲ့လေသည်။
“ဘာလို့ လိပ်စာက အဲဒီနေရာမှာ ဖြစ်နေရတာလဲ….။”