← Chapters

သုသာန်သို့သွားသောလမ်း

Vol. 1 Ch. 3

သုသာန်သို့သွားသောလမ်း

Vol. 1 Ch. 3

မြေပုံပေါ်တွင် ပြသထားသည့် လိပ်စာ၏တည်နေရာကို ဝမ်ရှောက်ထျန်း ကြည့်လိုက်သောအခါ အနည်းငယ် ကြောက်ရွံ့စိတ် ဝင်လာမိသည်။

“ဒီလိပ်စာက မြို့ပြင်ဘက်က သုသာန် မဟုတ်ဘူးလား၊ အစားအသောက် မှာယူတဲ့သူက လူလား၊ သရဲလား”

ဟု သူသည် ကိုယ့်ဘာသာကိုယ် ပြောလိုက်မိသည်။

ဝမ်ရှောက်ထျန်းသည် အစ်ကိုကြီးလုံအား မေးမြန်းလိုသော်လည်း ဤသည်မှာ သူ၏ ပထမဆုံးအော်ဒါ ပို့ဆောင်ရခြင်းဖြစ်ပြီး ဟိုလိုမေးလိုက်၊း ဒီလိုမေးလိုက် လုပ်နေပါက အစွမ်းအစ မရှိသူကဲ့သို့ ထင်သွားခဲ့ မည်ကိုတွေးမိသည်။ လုံအစ်ကိုကြီးသည် သူ့အပေါ် အလွန်ကောင်းမွန်သောကြောင့် လုံအစ်ကိုကြီးကို စိတ်ပျက်အောင် မလုပ်ချင်တော့ပေ။

ထိုသို့ စဉ်းစားပြီးနောက် သူသည်လည်း အံကိုကြိတ်ကာ လျှပ်စစ်စကူတာကို စတင် မောင်းထွက်လိုက် သည်။ မြို့ပြင်ဘက်ရှိ သုသာန်သည် ဝမ်ရှောက်ထျန်းရှိရာမှ သိပ်မဝေးလှဘဲ ပုံမှန်အရှိန်ဖြင့် သွားပါက မိနစ်နှစ်ဆယ်အတွင်း ရောက်ရှိနိုင်မည် ဖြစ်လေသည်။

ဝမ်ရှောက်ထျန်းသည် ထိုနေရာကို ရောက်ဘူးခြင်းမရှိပေ။ မြေပုံကို ကြည့်ရာ အနီးအနားတွင် လူများ နေထိုင်လိမ့်မည်ဟု ထင်သည်။ သုသာန်အနီးရှိ ရပ်ကွက်မှ တစ်စုံတစ်ယောက်က အစားအသောက်မှာ ယူခြင်း ဖြစ်လိမ့်မည်ဟု သူ တွေးလိုက်မိသည်။ ထိုသို့ တွေးမိသောအခါ သူသည် အများကြီး စိတ်သက်သာရာ ရသွားသော်လည်း ညဘက်တွင် သုသာန်အနီး၌ လှည့်လည်သွားလာနေရသည်မှာ အမှန်တကယ် ပင် အနည်းငယ် စိတ်မလုံခြုံစရာ ဖြစ်ပေသည်။

လမ်းကြောင်းပြမြေပုံအတိုင်း သွားရာ ဝမ်ရှောက်ထျန်း မြို့မှ ထွက်ခွာပြီး သုသာန်သို့ ရောက်ရှိလာသော အခါ၌ သူသည် ရောက်လုနီးပါး ဖြစ်နေပြီဟု တွေးနေသေးသော်လည်း မြေပုံကို ပြန်ကြည့်လိုက်ရာ၌ အတွင်းသို့ ဆက်ဝင်ရဦးမည်ကို တွေ့ရသဖြင့် အနည်းငယ် စိတ်ပူပန်လာမိသည်။ အတွင်းသို့ ဆက်သွားလျှင် သုသာန်ထဲသို့ ဝင်ရတော့မည် ဖြစ်သည်။

ဝမ်ရှောက်ထျန်းသည် မိုဘိုင်းဖုန်းကို ကောက်ယူပြီး ဖောက်သည်အား လိပ်စာမှားရေးထားခြင်းရှိမရှိ မေးမြန်းရန် ဖုန်းခေါ်လိုသော်လည်း ဦးတည်ရာအရပ် မရောက်မချင်း ဖောက်သည်ကို ဖုန်းမခေါ်ရဟု အစ်ကိုကြီးလုံ ပြောခဲ့သည့်စကားကို ရုတ်တရက် သတိရလိုက်သည်။

လမ်းတောင် မရှာနိုင်ပါက ဖောက်သည်များ စိတ်ကျေနပ်မှု မရှိနိုင်တော့ဘဲ နောက်နောင်များတွင် အစ်ကိုကြီးလုံ၏ ဆိုင်ကို ဂရုစိုက်တော့မည် မဟုတ်ဟု သူ စိတ်ထဲတွင် တွေးလိုက်မိသည်။

ထိုအချိန်၌ ကောင်းကင်တွင် လမင်းကြီးသည် ထိန်ထိန်သာနေပြီး ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ် ငြိမ်သက်နေလေသည်။ လေပြေလေးက သစ်ရွက်များကြား တိုက်ခတ်သွားသည့် တရှဲရှဲ မြည်နေသည့် အသံ မှလွဲ၍ အခြား မည်သည့်အသံမှ မကြားရပေ။ ဝမ်ရှောက်ထျန်း တံတွေးတစ်ချက် မျိုချလိုက်ပြီး အချိန်အတော်ကြာ တုံ့ဆိုင်းနေပြီးနောက် နောက်ဆုံးတွင် ပစ္စည်းကို နေရာအရောက် အရင်ပို့ရန်အတွက် ဆုံးဖြတ်လိုက်သည်။

ဝမ်ရှောက်ထျန်းသည် အဆင့်မြင့်ပညာ သင်ကြားထားသော ကောလိပ်ကျောင်းသား တစ်ဦးပင် ဖြစ်ပါ လျက်ထို နွား၊ သရဲ၊ မြွေ၊ နတ်ဘုရား စကားများကို မည်သို့ ယုံကြည်ရမည်နည်းဟု ပြောလိုက်သည်။ ဤသို့ တွေးလိုက်သောအခါ သူက အနည်းငယ် ပို၍ ရဲရင့်လာခဲ့သည်။

လမ်းကြောင်းပြမြေပုံအတိုင်း ဆက်လက်သွားလိုက်ရာ နောက်ဆုံးတွင် သင်္ချိုင်းဂူတစ်ခုရှေ့တွင် သူရပ် လိုက်သည်။ မြေပုံအရ ပြသထားသည့်အတိုင်း ဤသည်မှာ သူ အစားအသောက် ပို့ဆောင်ရမည့် လိပ်စာ ဖြစ်သော်လည်း ပတ်ဝန်းကျင်ကို ကြည့်လိုက်သောအခါ လူတစ်ဦးတလေ၏ အရိပ်ကိုမျှပင် မမြင်ရပေ။

ဝမ်ရှောက်ထျန်း အနည်းငယ် ထူးဆန်းသည်ဟု ထင်မိသော်လည်း များများစားစား တွေးမနေတော့ဘဲ ဖောက်သည်၏ ဖုန်းနံပါတ်ကို တိုက်ရိုက် ခေါ်ဆိုလိုက်သည်။

“ဟလို လူကြီးမင်း မှာယူထားတဲ့ အစားအသောက် ရောက်ပါပြီခင်ဗျာ။”

ဝမ်ရှောက်ထျန်းက ယဉ်ကျေးစွာ ပြောလိုက်ပြီး မကြာမီပင် ဖုန်းတစ်ဖက်မှ တိုးတိမ်ပြီး အေးစက်သော အသံတခု ထွက်ပေါ်လာခဲ့သည်။

“ကောင်းပြီ ငါ သိပြီ။”

ထိုသို့ ပြောပြီးနောက် ထိုသူသည် ဖုန်းကို ချက်ချင်း ချသွားခဲ့သည်။ ဝမ်ရှောက်ထျန်းလည်း မျက်မှောင် ကြုတ်လိုက်ပြီး ခုနက လိပ်စာမှားရေးထားခြင်း ရှိမရှိ ရှင်းရှင်းလင်းလင်း မမေးခဲ့မိသည့်အတွက် မိမိ ကိုယ်ကို အပြစ်တင်မိလေသည်။ ဤနေရာမှာ သူ့ကို စောင့်စေချင်တာများလား။

သူ တွေးနေတုန်းပင် မလှမ်းမကမ်းမှ ပုံရိပ်တစ်ခု ဖြည်းဖြည်းချင်း လျှောက်လာသည်ကို မြင်လိုက်ရသည်။ ဝမ်ရှောက်ထျန်း ခဏတာ ကြောင်အသွားပြီး ဤလူသည် တကယ်ရောက်လာပြီဟု တွေးလိုက် သည်။ သို့သော် ဤလူသည် ဤနေရာတွင် ဘာကြောင့် ပေါ်လာရသည်ကိုတော့ သူ နားမလည်ခဲ့ပေ။

ထိုလူသည် မီးခိုးရောင် ကုတ်အင်္ကျီကို ဝတ်ဆင်ထားပြီး အောက်တွင် ဂွမ်းဘောင်းဘီ တစ်ထည် ခြေထောက်တွင် အဝါရောင် ရာဘာဖိနပ်တစ်ရံ စီးထားသည်ကို သူ မြင်လိုက်ရသည်။

ဝမ်ရှောက်ထျန်း အံ့အားသင့်သွားပြီး စိတ်ထဲတွင် ပြောလိုက်မိသည်။

*ဒါက ဘယ်လိုအခြေအနေမျိုးပါလိမ့်။ အခုလို နွေရာသီ အပူ ရှိန်ပြင်းတဲ့ အချိန်မျိုးမှာ ဒီလိုဝတ်ဆင်ထားတယ်။ အပူလွန်ကဲပြီး သေမှာကို မကြောက်ဘူးလား…။*

ထိုသူ၏ ဝတ်စားဆင်ယင်ပုံကို မြင်လိုက်ရသောအခါ သူ စိတ်ပျက် သွားမိသည်။ ဤအဘိုးကြီးသည် စိတ်ရောဂါ ရှိသူတစ်ဦး ဖြစ်ကောင်း ဖြစ်နိုင်သည်ဟု ထင်လိုက်မိသည်။ ထို့ကြောင့် ထိုအဘိုးကြီးသည် သူ့ရှေ့သို့ လျှောက်လာသောအခါသူက ပုံမှန်လုပ်ရိုးလုပ်စဉ်အတိုင်းမေးလိုက်သည်။

“ကျောက်ဒယ်ကန် ဟုတ်ပါသလားခင်ဗျာ…”

ထိုအဘိုးကြီး ခေါင်းညိတ်ပြသည်ကို မြင်သောအခါ မှာယူထားသည့် အစားအသောက်ကို သူ့အား လှမ်း ပေးလိုက်သည်။ ထိုအဘိုးကြီးသည် အစားအသောက်ကို ယူပြီးနောက် လှည့်၍ ထွက်သွားခဲ့သည်။

ဝမ်ရှောက်ထျန်း သက်ပြင်းရှည်ကြီးချလိုက်သည်။ မူလက သုသာန်တွင် လိပ်စာရေးထားသူကို အဘယ်ကြောင့်နည်းဟု သူ နားမလည်နိုင်ခဲ့သော်လည်း အဘိုးကြီး၏ ဝတ်စုံကို မြင်ရသောအခါ သူ ထပ်မံ၍ မစဉ်းစားတော့ပေ။ ဤသူသည် စိတ်ရောဂါရှိသူ ဖြစ်ကောင်း ဖြစ်နိုင်ပြီး မယုံနိုင်စရာ လုပ်ရပ်များ လုပ်ဆောင်ခြင်းမှာလည်း ဆီလျော်ပေသည်ဟု သူ ခံစားလိုက်ရသည်။

ဤအော်ဒါကို ပြီးမြောက်အောင်ပို့ဆောင်ပြီးနောက် လုံအစ်ကိုကြီး၏ ညွှန်ကြားချက်အရ ဖောက်သည် ၏ အချက်အလက်များကို သူ၏ မိုဘိုင်းဖုန်းမှ ဖျက်ပစ်လိုက်လေသည်။ ၎င်းသည် ဖောက်သည်၏ ကိုယ်ရေးကိုယ်တာ လျှို့ဝှက်ချက်ကို ကာကွယ်ရန် ဖြစ်သည်ဟု လုံအစ်ကိုကြီးက ပြောခဲ့ဘူးသည်။

*ပြီးပါပြီ၊ ပြန်ဖို့ အချိန်တန်ပြီ။*

ဝမ်ရှောက်ထျန်းသည် ဤကဲ့သို့ သရဲခြောက်သော နေရာမျိုးတွင် ကြာကြာ မနေချင်ပေ။ လျှပ်စစ် စကူတာ ကိုရှေ့ကို ဖြောင့်လိုက်ပြီး နံဘေးရှိ သင်္ချိုင်းဂူကို မော့ကြည့်လိုက်သောအခါ သင်္ချိုင်းဂူပေါ်ရှိ ဓာတ်ပုံကြောင့် သူ လန့်ဖျပ်သွားခဲ့သည်။

“ဒါ... ဒါ... ဒီအဘိုးကြီးက ခုနက ကျောက်ဒယ်ကန်နဲ့ ဘာလို့ ဒီလောက်တောင် တူနေရတာလဲ…။”

ဝမ်ရှောက်ထျန်း ကြောက်လန့်သွားပြီး သင်္ချိုင်းဂူပေါ်ရှိ နာမည်ကို အလျင်အမြန် ကြည့်လိုက်သော် လည်း ကံမကောင်းစွာဖြင့် သင်္ချိုင်းဂူပေါ်တွင် ဓာတ်ပုံတစ်ပုံသာ ရှိပြီး ကမ္ပည်းစာ မထိုးထားပေ။ ၎င်းသည် စာမပါသော သင်္ချိုင်းဂူ ဖြစ်နေလေသည်။ ဝမ်ရှောက်ထျန်း တစ်ကိုယ်လုံး တုန်ယင်သွားသည်။

“ငါ အရမ်း စိတ်လှုပ်ရှားနေတာ မျက်စိမှောက်တာ ဖြစ်ရမယ်။ ခုနက အဲဒီအဘိုးကြီး ဘယ်လိုပုံ ရှိခဲ့လဲ ငါသေချာတောင် မသိပါဘူး”

ဟု သူ ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်လိုက်သည်။

သူသည် စိတ်ထဲတွင် ထိုသို့ နှစ်သိမ့်နေသော်လည်း ကြောက်ရွံ့မှုကို မထိန်းချုပ်နိုင်သေးဘဲ၊ တွေးလေလေ ပို၍ ထူးဆန်းသည်ဟု ခံစားရလေလေ ဖြစ်သောကြောင့် တစ်မိနစ်လေးပင် မနေလိုဘဲ အလျင်အမြန် ထွက်ခွာလာခဲ့တော့သည်။

လမ်းတစ်လျှောက်တွင် ဝမ်ရှောက်ထျန်း စိတ်လေးနေခဲ့သည်။ သူသည် ခုနက ဖြစ်ခဲ့သည့် အဖြစ်အပျက် ကို စဉ်းစားနေဆဲဖြစ်ပြီး ခုနက မှာယူသည့် အစားအသောက်ကို သေဆုံးသွားသည့် အဘိုးကြီး တစ်ဦးက မှာယူခဲ့ခြင်းများလားဟူသော ထူးဆန်းသည့် အတွေးတစ်ခုပင် ဝင်လာခဲ့မိသည်။

သို့သော် ထိုအတွေး ဝင်လာသည်နှင့် တပြိုင်နက်ပင် သူ ချက်ချင်းပင် ဖယ်ရှားပစ်လိုက်သည်။ အကြောင်းမှာ ဤကဲ့သို့သော အရာမျိုးသည် မယုံကြည်နိုင်စရာ ကောင်းသောကြောင့် ဖြစ်သည်။

မိနစ်နှစ်ဆယ်ကြာပြီးနောက် ဝမ်ရှောက်ထျန်းသည် အစ်ကိုကြီးလုံ၏ အပြင်မှာယူမှုဆိုင်သို့ ဘေးကင်းစွာ ပြန်လည်ရောက်ရှိလာခဲ့သည်။ သူ သက်ပြင်းချလိုက်သည်။ မည်သို့ပင်ဖြစ်စေ သူသည် အန္တရာယ်ကင်း ဆဲဖြစ်ပြီး ညနေပိုင်း အစားအသောက် ပို့ဆောင်ခြင်းကို ပထမဆုံးအကြိမ် လုပ်ရခြင်းကြောင့် အနည်းငယ် စိတ်လှုပ်ရှားပြီး နေသားမကျ ဖြစ်နေခြင်းသာ ဖြစ်နိုင်သည်ဟု တွေးလိုက်လေသည်။

အစ်ကိုကြီးလုံသည် ဆိုင်ထဲတွင် အလွန် အလုပ်များနေပြီး စားပွဲပေါ်တွင် အနက်ရောင်နှင့် ထုပ်ပိုးထားသော အိတ်အချို့ ရှိနှင့်နေပြီဖြစ်သည်။ ဝမ်ရှောက်ထျန်းသည် မူလက လုံအစ်ကိုကြီးကို နှုတ်ဆက်လို သေးသော်လည်း သူ၏ မိုဘိုင်းဖုန်းပေါ်တွင် လိပ်စာအချို့ ထပ်မံ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။

သူသည် အစ်ကိုကြီးလုံ၏ အလုပ်များနေသော အသံကို အနည်းငယ် ထူးဆန်းစွာ ကြည့်လိုက်မိသည်။ ဤစာတိုများသည် ခုနက မရှိဘဲ၊ ဆိုင်သို့ ပြန်ရောက်မှ ရရှိခြင်း ဖြစ်မည်မှာ ထင်ရှားသော်လည်း လုံအစ်ကိုကြီးက အလုပ်များနေခဲ့သည်။ မည်သူက သူ့ကို စာတို ပို့လိုက်သနည်း။ လုံအစ်ကိုကြီး၏ ဆိုင် တွင် အခြားတစ်ယောက်ယောက် ရှိနေသေးသည်လား။

သူ ကြောင်အနေစဉ်မှာပင် လုံအစ်ကိုကြီးက အော်ဟစ်ပြီး အလုပ် မြန်မြန်လုပ်ရန် တောင်းဆိုလိုက်သည်။ ယနေ့ စီးပွားရေး ကောင်းကြောင်း ပြောသည်။ လုံအစ်ကိုကြီး၏ တိုက်တွန်းသံကို ကြားသောအခါ ဝမ်ရှောက်ထျန်း သတိပြန်ဝင်လာပြီး ပို့ဆောင်ရမည့် အစားအသောက်များ မည်သည့်နေရာတွင် ရှိသည် မည်သို့ သွားရောက် ပို့ဆောင်ရမည်ကို အလျင်အမြန် ကြည့်လိုက်လေသည်။

ကံကောင်းစွာဖြင့် အပြင်မှာယူမှု ငါးခုစလုံးသည် တစ်နေရာတည်းတွင် ရှိနေသောကြောင့် လမ်းလွှဲသွားစရာ မလိုသောကြောင့် ဝမ်ရှောက်ထျန်းသည် အလုပ်ပြန်စလိုက်သည်။

ဤသို့ဖြင့် သူသည် မက်ဆေ့ချ်လက်ခံရရှိသောအခါ အစားအသောက် သွားပို့ပြီးနောက် ပြန်လာကာ ဆက်လက် မှာယူမှုများ ကောက်ယူခြင်းဖြင့် အလုပ်လုပ်ခဲ့သည်။ အလုပ်စသည့် ပထမဆုံးနေ့တွင် သူ ဤမျှ ပင်ပန်းလိမ့်မည်ဟု ဝမ်ရှောက်ထျန်း မမျှော်လင့်ခဲ့ပေ။ ဤတစ်ညလုံးတွင် သူ အနည်းဆုံး အော်ဒါ လေးဆယ် သို့မဟုတ် ငါးဆယ် ပို့ခဲ့ရလေသည်။

ပထမဆုံး အဘိုးကြီးမှလွဲ၍ အခြားသူများနှင့်ပတ်သက်၍ ထူးဆန်းသောအရာ တစ်ခုမှ မဖြစ်ခဲ့ပေ။

လုံအစ်ကိုကြီးသည် ဝမ်ရှောက်ထျန်းကို အတော်လေး စိတ်ကျေနပ်မှုရှိပြီး ညနေပိုင်းတွင် ကတိအတိုင်း လုပ်အားခကို ပေးချေခဲ့သည်။ အနီရောင် ငွေစက္ကူအချို့ကို ကိုင်ထားရင်း ဝမ်ရှောက်ထျန်းသည် အလွန် ပျော်ရွှင်နေခဲ့သည်။ ထို့ကြောင့် သူသည် ဤအလုပ်ကို ခေတ္တမျှ ဆက်လုပ်ရန် ဆုံးဖြတ်လိုက်သည်။ မည်သို့ပင်ဆိုစေ နေ့ခင်းဘက်တွင် သူ့တွင် အချိန်ရပြီး အခြားအလုပ်တစ်ခု ရှာဖွေနိုင်ပေသေးသည်။

ရက်သတ္တပတ်များ ကုန်ဆုံးသွားပြီးနောက် ဝမ်ရှောက်ထျန်းသည် အစ်ကိုကြီးလုံ၏ အပြင်မှာယူမှုဆိုင် တွင် အစားအသောက် ပို့ဆောင်နေသည့် ခုနစ်ရက်မြောက်သောနေ့ တွင် သူသည် အမျိုးသမီးတစ်ဦးနှင့် ဆုံတွေ့ခဲ့ရာမှစ၍ အဖြစ်အပျက်များသည် စတင် ပြောင်းလဲလာခဲ့လေတော့သည်။

All Chapters