← Chapters

အနီရောင်ဝတ် အမျိုးသမီး

Vol. 1 Ch. 4

အနီရောင်ဝတ် အမျိုးသမီး

Vol. 1 Ch. 4

ဝမ်ရှောက်ထျန်းသည် အစ်ကိုကြီးလုံ၏ အမြန်စား စားသောက်ဆိုင်တွင် ခုနစ်ရက်ကြာ အလုပ်လုပ်ခဲ့ပြီးချိန်အထိ အရာအားလုံး ပုံမှန်ဖြစ်နေသည်ကို မြင်ရသောအခါ သက်ပြင်းချမိလိုက်သည်။ သူသည် အစ်ကိုကြီးလုံ အား ကံဆိုးခြင်းများ သယ်ဆောင်လာခြင်း မရှိပုံရပေသည်။

သူ၏ ဘဝသည် ဆက်လက် အေးချမ်းစွာ တည်ရှိနေလိမ့်မည်ဟု ထင်မှတ်ခဲ့သော်လည်း မထင်မှတ်ဘဲ ကိစ္စတစ်ခု ဖြစ်ပွားခဲ့သည်။ ထိုညတွင်လည်း ပုံမှန်အတိုင်း လုံအစ်ကိုကြီး၏ အပြင်မှာယူမှုဆိုင်သို့ အချိန်မီ ရောက်ရှိခဲ့၏။ ထိုအချိန်တွင် ဝမ်ရှောက်ထျန်းသည် အစ်ကိုကြီးလုံနှင့် အတော်လေး ရင်းနှီးနေပြီဖြစ်သည်။

နှစ်ဦးသား ဆုံတွေ့ပြီးနောက် စကားစမြည် ပြောဆို ရယ်မောကြပြီး အလုပ်စသည်နှင့်တစ်ပြိုင်နက် မှာယူမှုတစ်ခုအတွက် ဖုန်းခေါ်ဆိုလာခဲ့သည်။

ထို့နောက် အစ်ကိုကြီးလုံသည် မီးဖိုချောင်ထဲသို့ ဝင်သွားပြီး မကြာမီမှာပင် ဝမ်ရှောက်ထျန်းသည် အစ်ကိုကြီးလုံ ထံမှ အနက်ရောင် ပလတ်စတစ်အိတ် တစ်လုံးကို လက်ခံရရှိလိုက်သည်။

“အစ်ကိုကြီးလုံ…အစားအသောက်တွေကို အနက်ရောင် အိတ်တွေနဲ့ ထုပ်ပိုးတာက နည်းနည်းလေး မသင့်လျော်ဘူး မထင်မိဘူးလား။ အမှိုက်အိတ်ပုံစံလိုမျိုး ဖြစ်နေတယ်…။”

အမှန်တကယ်တော့ ဝမ်ရှောက်ထျန်းသည် ဤမေးခွန်းကို အချိန်အကြာကြီးကပင် မေးချင်ခဲ့သော်လည်း ပြောရန် ဝန်လေးနေခဲ့သည်။ ယနေ့မှ ပျင်းရိပျင်းတွဲ ပြောလိုက်ခြင်း ဖြစ်သည်။

“ကောင်းပြီ…ကောင်းပြီ၊ အလုပ်ပြန်လုပ်ကြစို့။ မမေးသင့်တဲ့ မေးခွန်းတွေ မမေးနဲ့တော့။”

ဝမ်ရှောက်ထျန်းက အပြင်မှာယူမှုဆိုင်နှင့် ပတ်သက်၍ ထူးဆန်းသော မေးခွန်းများ မေးသည့်အခါတိုင်း အစ်ကိုကြီးလုံက ရယ်မောပြီး ဤအကြောင်းပြချက်ဖြင့် အမြဲ ရှောင်လွှဲတတ်လေသည်။

ဟုတ်ပေသည်။ ဝမ်ရှောက်ထျန်းသည်လည်း အတင်းအဖျင်း ပြောတတ်သူတစ်ဦး မဟုတ်သောကြောင့် အစ်ကိုကြီးလုံက မပြောချင်သည့်အတွက် သူလည်း ထပ်မံ ဖိအားပေး၍ မေးမနေတော့ပေ။

ပုံမှန်အတိုင်းပင် ဝမ်ရှောက်ထျန်းသည် အနက်ရောင်ဖြင့် ထုပ်ပိုးထားသော အစားအသောက် အထုပ်ကို လက်ခံရရှိခဲ့ပြီး သူ၏ ဖုန်းတွင်လည်း လိပ်စာအချက်အလက် စာတိုသည် အလိုအလျောက် ရောက်ရှိနေသည်။ ထို့နောက် သူသည် လမ်းညွှန်ထားသော လိပ်စာအတိုင်း စတင်ထွက်ခွါလာခဲ့သည်။

သို့သော် လမ်းတစ်ဝက်၌ လမ်းဘေးရှိ လမ်းကျဉ်းလေးတစ်ခုမှ ရိုင်းစိုင်းသော ရယ်သံတစ်သံ ထွက်ပေါ် လာခဲ့သည်။

“ဟေး အချောလေး.. အလောတကြီး ထွက်မပြေးနဲ့ဦး၊ ငါတို့ သူငယ်ချင်း လုပ်ရအောင်လေ…။”

“ဟားဟား… ဟုတ်တယ်။ ဒီလမ်းမှာ တစ်ယောက်တည်း လျှောက်သွားတာ ဘယ်လောက် အန္တရာယ်များလိုက်လဲ ကြည့်ပါဦး။ ငါတို့ ညီအစ်ကိုတွေ မင်းကို အိမ်လိုက်ပို့ပေးရမလား…။”

လူမိုက်အချို့သည် အနီရောင်ဝတ် အမျိုးသမီးတစ်ဦးကို ဝိုင်းရံထားကြပြီး သူတို့၏ မျက်လုံးများတွင် တဏှာစိတ်များဖြင့် ပြည့်နှက်နေသည်။

“ဖယ်ကြစမ်း”

အမျိုးသမီး၏ မျက်နှာအမူအရာသည် တည်ငြိမ်နေပြီး ကြောက်ရွံ့သော အရိပ်အယောင် မရှိပေ။ သူမ၏ မျက်လုံးများတွင်ပင် မထီမဲ့မြင်ပြုသည့် အရိပ်အယောင်လေးတော့ ရှိနေသည်။

“ဟေး ဒါလေးက တော်တော် ထူးခြားတာပဲ။၊ ငါ ကြိုက်တယ်။ အိပ်ယာပေါ်မှာလည်း ဒီလို ထူးခြားနေ မလား မသိဘူးနော်။”

ထိုသို့ပြောရင်း ထိုလူအုပ်သည် မကောင်းသော အကြံအစည်ဖြင့် ရယ်မောကြပြီး သူတို့၏ လက်များက အမျိုးသမီးဆီသို့ စတင်ရွေ့လျားလာခဲ့သည်။

ဝမ်ရှောက်ထျန်းသည် ထိုလူများကို အစကတည်းက သတိထားမိခဲ့သည်။ သူ ပါဝင်ပတ်သက်လိုခြင်း မရှိသော်လည်း သူ၏ ကြီးပြင်းလာမှုက ထိုသို့ လျစ်လျူရှု၍ မဖြစ်ကြောင်း သင်ကြားပေးထားလေသည်။

သူ ခဏစဉ်းစားပြီးနောက် အသံကျယ်ကျယ်ဖြင့် အော်လိုက်သည်။

“မင်းတို့ ဘာလုပ်နေကြတာလဲ…”

လူမိုက်များအားလုံး လှည့်ကြည့်လာကြပြီး တစ်စုံတစ်ယောက်က ရောက်လာကာ ကိစ္စကို ရှုပ်ထွေးအောင်လုပ်သည့်အတွက် အလွန်းအမင်း စိတ်ဆိုးနေကြသည်။

“မင်းနဲ့ ဘာမှမဆိုင်ဘူး၊ ဒီကနေ ထွက်သွားစမ်း၊ ကိုယ့်ကိုယ်ကိုယ် နာကျင်အောင် လုပ်ချင်မနေနဲ့။”

ဝမ်ရှောက်ထျန်းက အနည်းငယ် စိုးရိမ်သွားသည်။ အကယ်၍ တကယ်သာတိုက်ခိုက်ကြပါက သူသည် ထိုလူများကို မနိုင်နိုင်မှန်း သူသိပေသည်။ သို့သော် သူသည် တုန်လှုပ်ခြင်း မရှိဘဲ အလျင်အမြန်ပြော လိုက်သည်...။

“မင်းတို့ ဘာလို့ ဒီလောက် ရမ်းကားနေတာလဲ။ ငါ မင်းတို့ကို ပြောမယ်၊ ငါအခု ရဲကို ဖုန်းခေါ်ထားပြီးပြီ။ မင်းတို့ မိန်းမပျိုလေးတစ်ဦးကို နှောင့်ယှက်နေတယ်လို့ ငါပြောထားတယ်။ ရဲတွေက မကြာခင်ပဲ ရောက် လာတော့မှာ။”

တကယ်တမ်းတော့ ဝမ်ရှောက်ထျန်းသည် ထိုသူများအား လိမ်ပြောနေခြင်းသာ ဖြစ်သည်။ သူ ရဲကို ဖုန်းခေါ်ရန် အချိန်မရသေးပေ။

သူ စကားပြောပြီးသည်နှင့် မလှမ်းမကမ်းမှ ရဲကားသံများ ထွက်ပေါ်လာခဲ့သည်။ လူမိုက်များ အံကြိတ်ပြီး ဝမ်ရှောက်ထျန်းကို စိုက်ကြည့်လိုက်ကြသည်။

“ဒီကောင်….မင်း နောက်တစ်ခါ ဘယ်တော့မှ မဆုံမိစေနဲ့။”

ထိုသို့ပြောပြီးနောက် သူတို့သည် အလျင်အမြန် ထွက်ပြေးသွားကြတော့သည်။

ဝမ်ရှောက်ထျန်းသည် ထိုအမျိုးသမီး၏ ဘေးသို့ အမြန် လျှောက်သွားလိုက်သည်။ အနီးကပ် ကြည့်လိုက်သောအခါ သူ အသက်ရှူမှားသွားရလေသည်။ အမျိုးသမီးသည် အနီရောင် ကုတ်အင်္ကျီ နှင့် အနီရောင် ဒေါက်ဖိနပ်ကို ဝတ်ဆင်ထားပြီး အတွင်းတွင် အနက်ရောင် ဘလောက်အင်္ကျီကို ဝတ်ဆင်ထားသည်။ ဤဝတ်စုံသည် သူမ၏ ရင်သပ်ရှုမောဖွယ် အလှနှင့် ပေါင်းစပ်လိုက်သောအခါ ရိုးရှင်းစွာပင် အသက်ရှူ ရပ်သွားနိုင် လောက်ပေသည်။

“ခင်ဗျား... ခင်ဗျား အဆင်ပြေရဲ့လား”

ဤကဲ့သို့ လှပသော မိန်းကလေးနှင့် စကားပြောဖူးခြင်းသည် ဝမ်ရှောက်ထျန်းအတွက် ပထမဆုံးအကြိမ် ဖြစ်ပြီး သူသည် အနည်းငယ် စိတ်လှုပ်ရှားနေခဲ့သည်။ သို့သော် ထိုအမျိုးသမီးက ကျေးဇူးတင်သည့်ပုံ မ ပြပေ။

“ရှင်ကရော ဘာဖြစ်ချင်တာလဲ”

ဝမ်ရှောက်ထျန်းက အနည်းငယ် ရှက်ရွံ့သွားသော်လည်း သူသည် စိတ်ဓာတ်ကောင်းသူဖြစ်၍ ဂရုမစိုက်ပေ။ အမျိုးသမီး အဆင်ပြေသည်ကို မြင်ရသောအခါ သူ ခပ်ယဲ့ယဲ့ပြုံးကာ လှည့်ထွက်သွားတော့သည်။ သူ လှည့်ထွက်လာစဉ်မှာပင် အမျိုးသမီးက ရုတ်တရက် ထပ်ပြောသည်။

“ခဏလေး ရှင့်ကားနောက်မှာ ဘာတွေလဲ။”

ဝမ်ရှောက်ထျန်းက အနည်းငယ် ထူးဆန်းသည်ဟု ထင်ပြီး သူမက ဘာကြောင့် ဒီလိုမေးခွန်းမျိုး မေးရတာ လဲဟု တွေးမိသည်။ သို့သော် ဖုံးကွယ်စရာ မရှိဟု ခံစားရသောကြောင့် သူ ရုတ်တရက် ပြန်ဖြေလိုက်သည်။

“ထူးထူးခြားခြား မရှိပါဘူး၊ ဖောက်သည်တစ်ဦးမှာယူထားတဲ့ အစားစာတွေပါပဲ။”

ထိုအမျိုးသမီးက မျက်ခုံးပင့်ကာ လှောင်ပြုံးဖြင့် ပြောလိုက်သည်။

“အပြင်စာ ပို့ဆောင်တာလား။ ကျွန်မအထင်တော့ ရှင့်သေတွင်းရှင်တူးနေတာလို့ ထင်တယ်။ ရှင် အသုံးချခံနေရတာကိုတောင် မသိဘူးလား…။”

ဤစကားကို ကြားသောအခါ ဝမ်ရှောက်ထျန်း၏ ပထမဆုံး တုံ့ပြန်မှုမှာ ဒေါသထွက်ခြင်းဖြစ်သည်။

“ခင်ဗျား ရူးနေတာလား။ ကျုပ်က စေတနာနဲ့ ကူညီတာကို ကျေးဇူးတင်မယ့်အစား ကျုပ်ကိုတောင် ကျိန်ဆဲနေတယ်။ ခင်ဗျားဘာဖြစ်ဖြစ် ဂရုမစိုက်တော့ဘူး…။”

ထိုသို့ပြောပြီးနောက် ဝမ်ရှောက်ထျန်းက ကားပေါ်တက်ကာ ထွက်ခွာလာခဲ့သည်။

ဝမ်ရှောက်ထျန်း တွေးလေလေ ဒေါသထွက်လေလေ ဖြစ်လာသည်။

*ဘယ်လိုလူလဲ ငါ့ရဲ့ ကောင်းမှုကို အသိအမှတ်မပြုဘူး*

ဟု သူ စိတ်ထဲတွင် တွေးလိုက်သည်။

သူ စိတ်ဆိုးနေသော်လည်း အနီရောင်ဝတ် အမျိုးသမီး၏ စကားများသည် ဝမ်ရှောက်ထျန်း၏ စိတ်ထဲတွင် သံသယမျိုးစေ့ကို စိုက်ပျိုးခဲ့လေသည်။ အချိန်ကြာလာသည်နှင့်အမျှ ထိုမျိုးစေ့သည် အမြစ်တွယ်၍ အညှောက်ပေါက်လာခဲ့ပြီး နောက်ဆုံးတွင် ထိုသံသယသည် သူ၏ စိတ်နှလုံးတစ်ခုလုံးကို ဖုံးလွှမ်းသွားလေတော့သည်။

ဝမ်ရှောက်ထျန်းသည် အပူခံသေတ္တာထဲရှိ အနက်ရောင် ပါဆယ်အိတ်ကို နောက်ပြန်လှည့် ကြည့်လိုက်ပြီး အစ်ကိုကြီးလုံက ဤအရာများကို အဘယ်ကြောင့် ဖွင့်မကြည့်ရဟု ထပ်ခါတလဲလဲ ပြောရသနည်းဟု တွေးလိုက်သည်။

အပြင်စာမှာယူမှုမျှသာဖြစ်ပြီး ဖုံးကွယ်စရာ ဘာမှမရှိပေ။

ပထမတွင် ဖောက်သည်ကို ပို၍ လေးစားမှုပြရန်သာ ဖြစ်သည်ဟု သူ ထင်ခဲ့သော်လည်း ယနေ့အနီ ရောင်ဝတ်စုံဖြင့် အမျိုးသမီး ပြောသည်ကို ကြားပြီးနောက် သူ မသိချင်ဘဲ မနေနိုင်တော့ပေ။ အတွင်းမှာ ဘာတွေရှိနေသည်ကို ကြည့်ချင်သော်လည်း အစားအသောက်ကို ထိထားကြောင်း ဖောက်သည်က သတိထားမိပါက မကောင်းမည်ကို စိုးရိမ်မိသည်။

အကယ်၍ အစ်ကိုကြီးလုံထံ အခြားတိုင်ကြားစာတစ်ခု ရောက်လာပါက ဤခက်ခဲစွာ ရရှိထားသော အလုပ်ကိုပါ သူ ထပ်မံ ဆုံးရှုံးရနိုင်ပေသည်။

ဤသို့ တွေးလိုက်သောအခါ ဝမ်ရှောက်ထျန်း သက်ပြင်းချလိုက်ပြီး သူ၏ စိတ်လှုပ်ရှားမှုကို ထိန်းချုပ် လိုက်သည်။

လိပ်စာအတိုင်း ဆက်သွားရာ ဝမ်ရှောက်ထျန်းသည် အနောက်ဘက်ရှိ ရပ်ကွက်ဟောင်းသို့ ရောက်ရှိလာခဲ့သည်။ မကြာသေးမီက သူသည် ကိစ္စတစ်ခုကို သတိထားမိသည်။ အစ်ကိုကြီးလုံဆိုင်မှ ဖောက်သည်များသည် အားလုံး သက်ကြီးရွယ်အိုများ ဖြစ်နေကြခြင်းပင်။

ဝမ်ရှောက်ထျန်းသည် ဤသူများသည် အသက်ကြီးသူများ ဖြစ်နိုင်ပြီး သူတို့၏ ကလေးများက မိမိဘာသာ မချက်ပြုတ်စေချင်သောကြောင့် အပြင်စာ မှာပေးခြင်း ဖြစ်မည်ဟု တွေးလိုက်သည်။ သို့မဟုတ်ပါက ဤလူများသည် အဘယ်ကြောင့် မလိုအပ်ဘဲ ထိုငွေကို သုံးစွဲလိုကြမည်နည်း။ ဝမ်ရှောက်ထျန်း၏ အထင်တွင် သက်ကြီးရွယ်အိုများသည် ယေဘုယျအားဖြင့် အတော်လေး ချွေတာ တတ်ကြလေသည်။

ဝမ်ရှောက်ထျန်း သတ်မှတ်ထားသော တိုက်ခန်းသို့ ရောက်ရှိသောအခါ သူ အနည်းငယ် တွေဝေသွားသည်။

“ဟင် ထူးဆန်းလိုက်တာ။ ဒီနေရာက ဘာလို့ ရင်းနှီးနေရတာလဲ။ ငါ ဒီကို အရင်က ရောက်ဖူးသလား”

ကိုယ့်ဘာသာ တီးတိုး ရေရွတ်မိသည်။ သူ အစားအသောက် ပို့ဆောင်နေသည်မှာ ခုနစ်ရက်၊ ရှစ်ရက် ရှိပြီဖြစ်သော်လည်း မြို့အနှံ့ လှည့်လည်ဖူးသည်ဟု သူ မပြောဝံ့ပေ။

ဝမ်ရှောက်ထျန်း ခဏမျှ စဉ်းစားကြည့်သော်လည်း သူ ဘယ်တုန်းက ရောက်ဖူးသည်ကို စဉ်းစား၍မရ သောကြောင့် ထပ်မံ စိုးရိမ်မနေတော့ဘဲ လှေကားအတိုင်း တိုက်ရိုက် တက်သွားသည်။

၎င်းသည် လှေကားကျဉ်းများရှိသော လူနေရပ်ကွက်ဟောင်းတစ်ခုဖြစ်သည်။ ဝမ်ရှောက်ထျန်းသည် တတိယထပ်သို့ ရောက်ရှိပြီး ဖောက်သည်၏ တံခါးရှေ့တွင် ရပ်လိုက်သောအခါ သူသည် ပတ်ဝန်းကျင်တစ်ခုလုံး မှ မီးလောင်ကျွမ်းထားသော အနံ့သာလျှင် ဖုံးလွှမ်းနေလေသည်

ဝမ်ရှောက်ထျန်း မျက်မှောင်ကြုတ်လိုက်ပြီး မည်သည့် စားသောက်ဆိုင်က အစားအသောက်ကို မီးကျွမ်း ထားသနည်းဟု တွေးလိုက်သည်။

သူ အချိန်သိပ်မရှိတော့ပေ။ ဖောက်သည်၏ ဖုန်းနံပါတ်ကို ခေါ်ဆိုလိုက်သည်။

“ဟလို လူကြီးမင်းမှာယူထားတဲ့ အပြင်စာ ရောက်ပါပြီ။”

ခဏအကြာတွင် သူ့ရှေ့ရှိ တံခါးသည် ဖြည်းဖြည်းချင်း ပွင့်လာပြီး အတွင်းမှ မီးခိုးရောင် သန်းသော အညိုရောင် လက်တစ်ဖက် ထွက်လာသည်။ ဝမ်ရှောက်ထျန်း ခဏတာမျှ ကြောင်အသွားပြီးနောက် ထိုပစ္စည်းကို လှမ်းပေးလိုက်သည်။

သို့သော် တံခါးပွင့်လာသောအခါ မီးလောင်နံ့သည် ပို၍ပင် ပြင်းထန်လာသည်။ ဝမ်ရှောက်ထျန်းက စိတ်ရင်းဖြင့်…

“အမ် လူကြီးမင်းရဲ့ အိမ်ထဲမှာ တစ်ခုခု မီးလောင်ထားတာလား…”

သူ၏ စကားမဆုံးမီ တံခါးသည် ကျယ်လောင်စွာ ပိတ်သွားခဲ့သည်။ ဝမ်ရှောက်ထျန်းသည် ထိုသို့ အေးစက်သော ဧည့်ခံမှုကြောင့် စိတ်ဆိုးသွားပြီး ဒီနေ့ လူတိုင်း ဘာတွေ ဖြစ်နေကြတာလဲဟု တွေးမိလိုက်သည်။ သူတို့ အားလုံး ငါ့ကို မပျော်စေချင်ကြတာပဲလား။

သူ လှည့်ထွက်သွားပြီး အောက်ထပ်သို့ ပြန်ဆင်းကာ လျှပ်စစ်စကူတာကို စက်နှိုးပြီးနောက် ထိုထူးဆန်း သောတိုက်ခန်းဟောင်းကို နောက်ဆုံးတစ်ကြိမ် မော့ကြည့်လိုက်သည်။ ရုတ်တရက် သူ၏့စိတ်ထဲတွင် တစ်စုံတစ်ခုသည် လျှပ်တပြက် ဝင်လာခဲ့လေသည်။

“ဒါ... ဒါက မနေ့က သတင်းမှာပါတဲ့ မီးလောင်မှု ဖြစ်ခဲ့တဲ့နေရာ မဟုတ်ဘူးလား….။”

All Chapters