← Chapters

ကြယ်စင်ဝင်္ကပါအတွင်းမှ စွန့်စားခန်း (နောင်တ_)

Vol. 14 Ch. 194

ကြယ်စင်ဝင်္ကပါအတွင်းမှ စွန့်စားခန်း (နောင်တ_)

Vol. 14 Ch. 194

လျှို့ဝှက်နယ်မြေ အတွင်းသို့ ပထမဦးဆုံး ဝင်ရောက်သူများမှ ဗုဒ္ဓလောက၏ ကိုယ်စာလှယ်များ ဖြစ်ကြသည်။ ချင်ယန်မှ ဦးဆောင်ကာ ဝင်ရောက်သွား ကြလေသည်။

ကြယ်စင်ဝင်္ကပါ အတွင်းတွင် ခြေလှမ်းတိုင်းမှာ ဆန်းကြယ်လှပေသည်။

ပုံမှန်အခြေအနေများမှာပင် ပိုမိုမြင့်မားသည့် ကျင့်ကြံခြင်းအခြေခံ ရှိသူများသည် တာအို သဘောတရားများကို ပို၍နက်ရှိုင်းစွာ နားလည်ထားကြသူများ ဖြစ်လေသည်။ ထို့အတွက်ကြောင့် ထိုသူများသည် ပိုမိုခိုင်ကြည်သည့် တာအိုနှလုံးသား ရှိလေသည်။

သို့သော်လည်း လူတစ်ဦးနှင့်တစ်ဦး မတူညီကြပေ။ တချို့လူများသည် ငယ်ရွယ်စဉ် ကတည်းကပင် အလွန်ခိုင်မာသည့် တာအိုနှလုံးသား ရှိကြသည်။

ချင်ယန်သည် သူ၏လက်ဖဝါးများကို အတူတကွ စုစည်းလိုက်ပြီးနောက် လွင့်မျောနေသည့် ကျောက်သားလမ်းပေါ် ခြေချလိုက်သည်။

ချင်ယန်သည် ခြေတစ်လှမ်း လှမ်းပြီးတိုင်းတွင် တစ်ခါရပ်နားသည်ကို ဖန်သားပြင်မှတစ်ဆင့် အန်လင်းတို့ မြင်နိုင်လေသည်။ ခြေလှမ်းတိုင်းမှာ အတော်လေး ခက်ခဲပုံရသည်။

ခေတ္တမျှ လျှောက်လှမ်းပြီးသည့် နောက်တွင် သူ၏နဖူးထက်၌ ချွေးများစို့လာသည်။ ထို့နောက်တွင် မျက်လုံးများ မှိတ်ကာဖြင့် ဗုဒ္ဓဂုဏ်တော်များ ရွတ်ဖတ်လိုက်သည်။ သူ၏ခြေလှမ်းများ စတင်ယိမ်းယိုင်လာပြီး တုံ့ဆိုင်းလာလေသည်။ မြေပြင်မှ ခြေကြွလိုက်သည့် အခါတွင် ခန္ဓာကိုယ်တစ်ခုလုံး ထိန်းချုပ်မရအောင် တုန်ယင်လာသည်ကြောင့် ခြေလှမ်း ဆက်မလှမ်းနိုင်တော့ချေ။

ချွေးစက်များသည် သူ၏အောက်တွင် ရှိနေသည့် မြစ်အတွင်း ကျဆင်းသွားသည်ကြောင့် ကြယ်ပင်လယ်အား လှိုင်းထစေသည်။

ငါးမိနစ်ကြာပြီးနောက်တွင် သူ၏ခန္ဓာကိုယ်အား အဖြူရောင်အလင်းများ လွှမ်းခြုံလာပြီး တဖြည်းဖြည်း ပျောက်ကွယ်သွားလေသည်။ ထို့နောက်တွင် စင်ပေါ်တွင် ပြန်ပေါ်လာလေသည်။

ဝုန်း

ချင်ယန်၏ မျက်နှာသသည် အားကင် ကုန်ခန်းမှုကြောင့် အနည်းငယ် နီမြန်းနေပြီး သူ၏ခြေထောက်များ ခွေကျသွားလေသည်။ ကြမ်းတမ်းသည့် တိုက်ပွဲတစ်ခုအား ရင်ဆိုင်ခဲ့ရသလိုပင် ရှိနေလေသည်။

“ချင်ယန် ၅၆ လှမ်း ၅.၆ မှတ်”

ကောင်းကင်အင်မော်တယ် ယူဟွာ ကြေညာလိုက်သည်။

မရှေးမနှောင်းမှာပင် ချင်ရှင်း၏ အလှည့်သို့ ရောက်ရှိလာသည်။

သူသည် ချင်ယန်ထက် အနည်းငယ် ဆိုးဝါးခဲ့ပြီး ၅၂ လှမ်းသာ လှမ်းနိုင်ခဲ့သည်ကြောင့် ၅.၁ မှတ် ရရှိခဲ့သည်။

နောက်ဆုံးတွင် ချင်ကျစ်၏ အလှည့်သို့ ရောက်ရှိလာပြီ ဖြစ်သည်။ လူတိုင်းသည် သူ၏အလှည့်အား မျှော်လင့်တကြီး စောင့်မျှော်နေကြခြင်း ဖြစ်သည်။

ချင်ကျစ်သည် ဗုဒ္ဓလောက၏ ကိုယ်စားလှယ် ခေါင်းဆောင် ဖြစ်သည်။ ထို့အပြင် ရောင်စုံကျောက် သစ်တောအုပ်အတွင်း၌ နှစ်ပေါင်း ၂၀ ကြာ တစ်ကိုယ်တည်း ကျင့်ကြံခဲ့သည်။ ထို့ကြောင့် သူ၏စိတ်မှာ လွန်စွာသန့်စင်ပြီး ညစ်နွမ်းခြင်း စိုးစိမျှပင် မရှိချေ။ ထို့နည်းတူ လွန်စွာခိုင်ကျည်သည့် တာအိုနှလုံးသားလည်း ရှိလေသည်။

ဝင်္ကပါအတွင်းသို့ ဝင်ရောက်ပြီးသည်နှင့် တစ်လှမ်းပြီးတစ်လှမ်း လျှောက်လှမ်း သွားလေသည်။ သူ၏ခြေလှမ်းများသည် မြန်ဆန်ခြင်း မရှိသော်လည်း ခိုင်မာမြဲမြံလှသည်။

တစ်ဆယ့် ငါးလှမ်းမြောက်သို့ ရောက်သည့်အခါတွင် ချင်ကျစ်သည် တောင်ကုန်းလေးထိပ်တွင် အစိမ်းရောင် ပုံရိပ်လေးအား မြင်လိုက်ရသည်။

သူမ၏ ကြည်လင်ပြတ်သားသော နှစ်လိုဖွယ်ရာ သီဆိုသံလေးသည် သူ၏နှလုံးသားထဲသို့ တိုက်ရိုက်စီးဝင်လာပြီး နူးညံ့လှသည့် အပြုံးလေးတစ်ခုနှင့် ချစ်စဖွယ် သွင်ပြင်လေးများနှင့်အတူ သွယ်လျလျ လက်ကလေးသည် သူ့ထံသို့ ကမ်းလင့်လာလေသည်။

ချစ်ကျစ်သည် သူမအား ကြယ်စင်ဝင်္ကပါအတွင်း မြင်ရလိမ့်မည်ဟု မထင်မိခဲ့ပေ။ သူ၏နှလုံးသားသည် တသိမ့်သိမ့် တုန်လာလေသည်။

“ကျွန်မကို ဒါယိကာမလေးလို့ မခေါ်ပါနဲ့တော့။ ကျွန်မမှာ နာမည်ရှိတယ်လေ”

“နောက်ကျရင် မိန်းကလေး ရှု လို့ခေါ်နော်”

အစိမ်းရောင်ဝတ်စုံနှင့် မိန်းမငယ်လေးသည် ချိုသာစွာ ပြုံးလိုက်သည်။

သူ၏မျက်လုံးများသည် အနည်းငယ် တည်ငြိမ်မှု ပျက်ပြားသွားပြီး …

“မိန်း ... မိန်းကလေး ရှု ဟုတ်လား”

ဝုန်း

သူ၏စိတ်ထဲတွင် တစ်စုံတစ်ခု ပေါက်ကွဲနေသကဲ့သို့ ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်နေလေသည်။ သူ၏မျက်လုံးများသည် ထိုပုံရိပ်ယောင်များအား ချွန်ထက်နေသည့် ဓားတစ်လက်သဖွယ် ထိုးဖောက်ပစ်လိုက်ပြီး နဖူးတွင် ချွေးများစို့လျက်နှင့် ကြယ်စင်ဝင်္ကပါသို့ ပြန်လည်ရောက်ရှိလာလေသည်.

ချင်ကျစ်၏မျက်နှာတွင် ရှားရှားပါးပါး ကြောက်ရွံ့မှုများ ပေါ်နေသည်။ ကံကောင်းသည်မှာ သူ၏ တာအိုနှလုံးသားသည် ပုံရိပ်ယောင်များအား ဖြတ်ကျော်နိုင်သည်အထိ သန်မာနေခြင်းပင်။

နောက်ထပ်တစ်ဖန် ခြေလှမ်း လှမ်းလိုက်ပြန်သည်။ သို့သော်လည်း ခြေလှမ်းတိုင်း ခြေလှမ်းတိုင်းသည် ပိုမိုကာ ခက်ခဲလာလေသည်။

အဆုံးတွင် ၆၇ လှမ်းမြောက်၌ ရပ်တံ့သွားလေသည်။

“ချင်ကျစ် ၆၇ လှမ်း၊ ၆.၇ မှတ်”

ဒု-ကျောင်းအုပ် ယူဟွာ ကြေညာလိုက်သည်။

ချင်ရှင်းနှင့် ချင်ယန်တိုသည် ထိုရလဒ်ကြောင့် အနည်းငယ် အံ့အားသင့်နေ မိကြသည်။

ချင်ကျစ်၏ တာအိုနှလုံးသားသည် ဗုဒ္ဓလောကတွင် လွန်စွာကျော်ကြား လေသည်။ ထို့ကြောင့် အနည်းဆုံး ခြေလှမ်းပေါင်း ၇၀၊ ၈၀ ခန့် ရရှိလိမ့်မည်ဟု မျှော်မှန်းထား ခဲ့ကြသည်။

ဗုဒ္ဓလောကသည် တာအိုပြိုင်ပွဲတွင် စုစုပေါင်းရမှတ် ၁၇.၁ မှတ် ရရှိလေသည်။

သူတို့၏နောက်တွင် ဖန်တီးခြင်းခန်းမမှ ကိုယ်စားလှယ်များ ယှဉ်ပြိုင်ကြသည်။

သူတို့သည် စုစုပေါင်းရမှတ် ၁၄.၂ မှတ်သာလျှင် ရရှိခဲ့သည်။

ဟုန်သိုသည် ‘ကျောက်သားကဲ့သို့ ခိုင်မာသည့် နှလုံးသားရှိသူ’ ဟူ၍ ကြွေးကျော်ထား သော်လည်း ခြေလှမ်းပေါင်း ၃၂ လှမ်းသာလျှင် လှမ်းနိုင်ခဲ့သည်ကြောင့် အန်လင်းမှာ ကျယ်လောင်စွာ ရယ်မောမိလေသည်။

ဟုန်သို လျှို့ဝှက်နယ်မြေ အပြင်ဘက်သို့ ရောက်သည့်အခါတွင် အန်လင်း၏ အူလှိုက်သည်းလှိုက် ရယ်မောနေသော မြင်ကွင်းသည် သူ့အား ဆီးကြိုနေလေသည်။

မျက်လုံးချင်း ဆုံမိကြသည့်အခါတွင် အန်လင်းသည် လက်မထောင်ပြ လိုက်သည်။

“ကျောက်ဘီလူးကြီး ဟုန်သိုက တကယ်ကို မိုးကောင်းကင်အောက်မှာ အသန်မာဆုံးပါပဲ ခင်ဗျာ”

ဟုန်သိုမှာ ဒေါသထွက်လာသည့် အတွက် မျက်လုံးများ ပြူးကျယ်လာ ကြလေသည်။ ချော်ရည်တစ်ပွက် အန်ထွက်တော့ မတတ်ပင်။ သို့သော်လည်း ရန်မစရဲပေ။

သူ့ထံတွင် ရွေးချယ်စရာ မရှိပါ။ အန်လင်းသည် နျူဗုံးအား အသုံးပြုနိုင်သည် မဟုတ်ပါလား။

ထို့နောက်တွင် ဧဒင်ဥယျာဉ်မှ ကိုယ်စားလှယ်များ ယှဉ်ပြိုင်ကြပြီး ၁၆.၂ မှတ် ရရှိခဲ့သည်။

ဧဒင်ဥယျာဉ်မှ စွမ်းအားအကြီးဆုံး ဖြစ်သည့် ဩဂတ်စ်သည် ၆၃ လှမ်း လှမ်းနိုင်ခဲ့ပြီး ချင်ကျစ်ထက် အနည်းငယ်‌ လျော့နည်းသော်လည်း ကောင်းမွန်သည့်ရလဒ် ဖြစ်သည်။

လျင်လျင်မြန်မြန်ပင် အချိန်ကုန်လာပြီး နောက်တွင် ကောင်းကင်ဘုံ ပိုင်နက်မှ ကိုယ်စားလှယ်များ အလှည့်သို့ ရောက်ရှိလာလေသည်။

ဆွေးနွေးမှုတချို့ ပြုလုပ်ပြီးသည့် နောက်တွင် သူတို့သည် ဝမ်ရွှမ်ကျန့်အား ဦးဆုံးသွားရန် ဆုံးဖြတ်လိုက်သည်။ ထို့နောက်တွင် လျှိုချင်ဟွမ် ဖြစ်ပြီး အန်လင်းမှာ နောက်ဆုံးနေရာ ယှဉ်ပြိုင်ရမည် ဖြစ်သည်။

ဝမ်ရွှမ်ကျန့်၏ အပြောအရဆိုလျှင် အန်လင်းသည် လွန်စွာ မတည်ငြိမ်လှသည့်သူ ဖြစ်သည်။ သူသာ ဦးဆုံးသွားခဲ့လျှင် ကျန်ရှိသည့် အဖွဲ့ဝင်များအတွက် ဖိအားများနိုင်သည်။ ထို့ကြောင့် သူ့အနေဖြင့် မရိုးမသားတစ်ခုခု ပြုလုပ်ချင်လျှင်ပင် နောက်ဆုံးအထိ ကျန်ရစ်ရင် စောင့်ရမည် ဖြစ်သည်။

အန်လင်းမှာ ထိုစကားများကြောင့် ရှုံ့မဲ့သွားသော်လည်း အထွန့်မတက်ရဲပေ။

“ငါတို့အတွက် အစကောင်းအောင် လုပ်ခဲ့မယ်”

ဝမ်ရွှမ်ကျန့်သည် သူတို့နှစ်ဦးအား ယုံကြည်မှုရှိစွာဖြင့် လက်ပြလိုက်ပြီးနောက် သူရဲကောင်း တစ်ဦးသဖွယ် အပြာရောင် တံခါးအတွင်းသို့ ဝင်ရောက်သွားလေသည်။

အန်လင်းသည် စီနီယာ၏ နောက်ကျောအား စိုက်ကြည့်ကာဖြင့် အောင်မြင်မှုများနှင့် ပြန်လာနိုင်ပါစေရန် ဆုတောင်းပေး နေလေသည်။

“ကဲ အခုတော့ ဘယ်လိုအရာတွေနဲ့ ကြုံတွေ့ရမလဲပဲ”

လျှို့ဝှက်နယ်မြေ အတွင်း၌ ဝမ်ရွှမ်ကျန့် ပေါ်လာလေသည်။ သူ၏မျက်နှာတွင် ယုံကြည်ချက် ပြည့်ဝသည့် အပြုံးတစ်ခု ရှိနေဆဲ ဖြစ်သည်။

လောဘ၊ ရမ္မက်၊ ဆာလောင်မှု၊ နာဖျာခြင်း၊ အေးစက်မှု၊ မီးပင်လယ်..။ ဝမ်ရွှမ်ကျန့်သည် သူလျှောက်လှမ်းရာ လမ်းတစ်လျှောက်၌ ယင်းတို့ကို ကြုံတွေ့ရလေသည်။

ခိုင်မာသည့် ခြေလှမ်းများဖြင့် ကျောက်လမ်းတစ်လျှောက် ယုံကြည်ချက်ရှိရှိ လျှောက်လှမ်း နေလေသည်။ သူလျှောက်လှမ်းနေသည့် နှုန်းသည် ချင်ကျစ်ထက်ပင် ပိုကောင်းမွန်သေးသည်။

အန်လင်း၏မျက်လုံးများ တောက်ပလာသည်။ ဝမ်ရွှမ်ကျန့်၏ တာအိုနှလုံးသားမှ လွန်စွာခိုင်မာနေမည်ဟု မည်သူထင်မည်နည်း။ သူတို့သည် ဝမ်ရွှမ်ကျန့်အား မှီခိုနိုင်လေသည်။

၄၆ လှမ်းမြောက်သို့ ရောက်သည့်အခါ ဝမ်ရွှမ်ကျန့်၏ ခြေလှမ်းများ အနည်းငယ် တုံ့ဆိုင်းသွားလေသည်။

အန်လင်းအား မြင်လိုက်ရခြင်း ဖြစ်သည်။

အန်လင်း၏ ညာလက်သီးတွင် ရွှေရောင် လျှပ်စီးကြောင်းများ တောက်ပနေပြီး ကောက်ကျစ်သည့်အပြုံးနှင့် သူ့အား ကြည့်နေလေသည်။

“နျူလျှပ်လက်သီးလေးကို မြည်းကြည့်ပါဦး စီနီယာ ဝမ်”

အဖျက်အဆီး စွမ်းအားများ ပါဝင်သည့် ရွှေရောင် လက်သီးချက်များသည် မိုးပေါက်များကဲ့သို့ သူ့ထံ ရောက်ရှိလာလေသည်။

ဝမ်ရွှမ်ကျန့်မှာ သူ၏ရှေ့မှ ပုံရိပ်ယောင်များကြောင့် ရှုံ့မဲ့သွဦးမိသည်။

ထိုသောက်ရေးမပါသည့် အရာသည် သူ၏ တာအိုနှလုံးသားအား နှောင့်ယှက်နိုင် လိမ့်မည်ဟု မည်သည့်အခါတွင်မျှ မတွေးမိခဲ့ပေ။

သို့သော်လည်း ယင်းအား ကြောက်လန့်ဖို့ရာ မဖြစ်နိုင်ပါ။

“တော်လိုက်တော့”

ခိုင်မာသည့် ခြေလှမ်းများဖြင့် ရှေ့သို့ လျှောက်လှမ်းလျက်ရှိပြီး ပုံရိပ်ယောင် အားလုံးကို ကျော်လွှားပစ်နိုင်ခဲ့သည်။

ခြေလှမ်း ၆၀ မြောက်သို့ ရောက်သည့်အခါတွင် နူးညံ့သည့် အသွင်အပြင်နှင့် အမျိုးသားတစ်ဦးသည် သူ၏အရှေ့တွင် ရပ်နေသည်ကို မြင်လိုက်ရသည်။

“ချန်းချန်း”

ဝမ်ရွှမ်ကျန့်သည် သူ၏အရှေ့တွင် ရှိနေသည့် လူငယ်လေးကြောင့် တုံ့ဆိုင်းသွားပြန်သည်။

ရုတ်တရက်ဆိုသလို သူ၏နှလုံးသား နာကျင်လာသည့်အတွက် ခြေလှမ်းများအား ရပ်တံ့ပစ်ချင်လာမိသည်။ မရတော့ဘူး။ ဆက်မသွားနိုင်တော့ဘူး။

ဝမ်ရွှမ်ကျန့်သည် ချွေးအေးများဖြင့် စိုရွှဲလျက်ရှိနေပြီး အသက်ရှူ မမှန်တော့ချေ။ ကျဆုံးလုနီးနီးအထိ ဖြစ်ခဲ့သည်။

ယင်းသည် သူ၏နှလုံးသားထဲတွင် ရှိနေသည့် စိတ်ဒဏ်ရာတစ်ခု ဖြစ်သည်။ ဝိညာဉ်ဖွဲ့စည်းခြင်း အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သော်လည်း ထိုစိတ်ဒဏ်ရာအား မပယ်ဖျက်နိုင်သေးချေ။

ဆက်လက် လျှောက်လှမ်းလိုက် သော်လည်း ခြေလှမ်းတိုင်းမှာ အလွန် ခက်ခဲလာလေသည်။

ကြည့်ရှုနေကြသူများသည် လက်သီးတင်းတင်း ဆုပ်ကာဖြင့် ဖန်သားပြင်တွင် ပေါ်နေသော ပုံရိပ်အား စိုးရိမ်ပူပန်မှု အပြည့်ဖြင့် ကြည့်နေကြလေသည်။

၆၂ ၆၃ ... ချင်ကျစ် ရောက်ရှိခဲ့သော နေရာနှင့် လွန်စွာနီးကပ်နေပြီ ဖြစ်သည်။

ဝမ်ရွှမ်ကျန့် ၆၈ လှမ်းမြောက်သို့ ရောက်ရှိသည့်အခါတွင် သောင်းသောင်းဖျဖျ ဩဘာသံများ ထွက်ပေါ်လာလေသည်။ ယင်းမှာ တာအိုပြိုင်ပွဲတွင် တစ်ဦးချင်းရမှတ်၌ အမြင့်ဆုံးသောအမှတ် ဖြစ်သွားလေပြီ။

ထိုအချိန်သည ကွင်းပြင်တစ်ခုလုံးရှိ ကျောင်းသားများအား ပျော်ရွှင်မှုကို ဆောင်ယူပေးနိုင်ခဲ့ခြင်း ဖြစ်သည်။ အခြားသော အင်အားကြီး ၃ ရပ် ယှဉ်ပြိုင်နိုင်မည် မဟုတ်သော ကျောင်းတော်၏ အကောင်းဆုံးသော အရည်အချင်းကို ပြသလိုက်ခြင်းလည်း ဖြစ်သည်။

ဝမ်ရွှမ်ကျန့်သည် ဆက်လက် လျှောက်လှမ်းလျက် ရှိသည်။ သို့သော်လည်း ခြေလှမ်း ၇၀ မြောက်သို့ ရောက်ရှိသည့်အခါတွင် သူ၏ခြေလှမ်းများ ရပ်တံ့သွားသလို မျက်လုံးများလည်း ကျဉ်းမြောင်းသွား ပြန်သည်။

အန်လင်းအား ထပ်မံမြင်တွေ့လိုက်ရ လေသည်။

ဤတစ်ကြိမ်တွင် အန်လင်းသည် လက်ချောင်း တစ်ချောင်းအား ဆန့်တန်းလျက် ရှိသည်ကြောင့် သူ၏ခန္ဓာကိုယ်တစ်ခုလုံး ကြောက်ရွံ့မှုဖြင့် ဖုံးလွှမ်းသွားပြီး ထိန်းချုပ်မရအောင် တုန်ယင်လာလေသည်။

ထိုမှတ်ဉာဏ်များ။ သူ မည်သည့်အခါတွင်မျှ မမှတ်မိချင်တော့သည် ထိုမှတ်ဉာဏ်များသည် သူ၏စိတ်ထဲတွင် ပြန်လည်ပေါ်လာလေသည်။

ထိုကဲ့သို့ ကြီးမားလှသည့် စွမ်းအားနှင့် ရင်ဆိုင်ရသည့်အခါတွင် သူ၏မျက်လုံးများမှာ တည်ငြိမ်နိုင်စွမ်း မရှိတော့ဘဲ အမူအရာများလည်း ပျက်ယွင်းလာတော့သည်။

ကောင်းကင်တာအို၏ လက်ချောင်း။

ထိုလက်ချောင်းနှင့် ရင်ဆိုင်ရသည့် အခါတွင် ဝမ်ရွှမ်ကျန့်မှာ ခြေလှမ်း ဆက်မလှမ်းနိုင်တော့ပေ။

ငါးမိနစ် ကြာပြီးသည့်အခါ သူ၏ခန္ဓာကိုယ်သည် နေရာမှာပင် မှေးမှိန်လာပြီး လျှို့ဝှက်နယ်မြေ အတွင်းမှ ပျောက်ကွယ် သွားတော့သည်။

“ဝမ်ရွှမ်ကျန့် ခြေလှမ်း ၇၀၊ ၇ မှတ်”

ဒု-ကျောင်းအုပ် ယူဟွာ ကြေညာလိုက်သည်။

ယင်းသည် ဤပွဲစဉ်အတွက် အမြင့်ဆုံးသော ရမှတ်ဖြစ်လေသည်။ ရင်ပြင်ရှိ ကျောင်းသားများသည် နောက်ထပ်တစ်ကြိမ် လက်ခုပ်ဩဘာ ပေးလိုက်ကြပြန်သည်။

ဝမ်ရွှမ်ကျန့်သည် နဖူးပေါ်ရှိ ချွေးစက်များအား သုတ်ဖယ်လိုက်သည်။ ထို့နောက်တွင် အလွန်ရင်းနှီးနေသည့် မျက်နှာတစ်ခုသည် သူ၏မြင်ကွင်းထဲသို့ ရောက်ရှိလာလေသည်။

အန်လင်းသည် စိတ်လှုပ်ရှားစွာဖြင့် ပြေးလာနေပြီး…

“စီနီယာကတော့ တကယ်ပါပဲဗျာ။ ခြေလှမ်း ၇၀ က အရမ်းကို မိုက်တယ်ဗျို့”

ဝမ်ရွှမ်ကျန့်သည် အားတင်းကာဖြင့် ပြုံးလိုက်ပြီးနောက် …

“မင်းရဲ့ကျေးဇူးတွေကြောင့်ပေါ့ကွာ အန်လင်းရေ”

“ဟမ် ... ကျွန်တော့်ကြောင့် ဟုတ်လား”

အန်လင်းသည် ဝမ်ရွှမ်ကျန့် ဆိုလိုသည်ကို နားမလည်နိုင်ချေ။ ထို့ကြောင့် မျက်တောင်တဖျပ်ဖျပ် ခတ်လိုက်မိသည်။

ဝမ်ရွှမ်ကျန့်သည် အန်လင်းအား စကားပြောချင်စိတ် မရှိချေ။ လျှိုချင်ဟွမ်ဘက်သို့ လှည့်ကာဖြင့် …

“အခုက နင့်အလှည့်ပဲ လျှိုချင်ဟွမ်။ အကောင်းဆုံးလုပ်ခဲ့”

လျှိုချင်ဟွမ်သည် ခပ်ညစ်ညစ် ပြုံးလိုက်ပြီးနောက် ရင်ကော့ကာဖြင့် …

“စောင့်ကြည့်နေပါ စီနီယာ”

***

All Chapters