← Chapters

အစ်ကိုကြီးလုံအား မေးမြန်းခြင်း

Vol. 1 Ch. 7

အစ်ကိုကြီးလုံအား မေးမြန်းခြင်း

Vol. 1 Ch. 7

ဝမ်ရှောက်ထျန်းသည် လျှပ်စစ်စကူတာကို စက်နှိုးပြီး အမြန်ကွေ့လိုက်ကာ ထိုအဆောက်အအုံဟောင်းမှ အမြန်ဆုံး ထွက်ပြေးခဲ့လေသည်။

မြို့လယ်ခေါင်သို့ ပြန်ရောက်၍ လင်းလက်နေသော မီးရောင်များနှင့် လမ်းမပေါ်တွင် လမ်းလျှောက် နေသော လူများကို မြင်တွေ့ရသောအခါမှ သူ၏ ရင်ထဲမှ ကြောက်ရွံ့တုန်လှုပ်နေမှုသည် အနည်းငယ် လျော့ပါးသွားလေတော့သည်။

ဤရက်ပိုင်းအတွင်း ဖြစ်ပျက်ခဲ့သော အရာများသည် လောကကြီးကို သူ ယခင်က နားလည်ထားခြင်း ထက် လုံးဝကို ကျော်လွန်နေခဲ့ပြီး အထူးသဖြင့် အဘွားအိုနှင့် ကိစ္စပြီးနောက်ပိုင်း၌ ဖြစ်သည်။

သူသည် မည်သို့ပင်ဖြစ်စေ အစ်ကိုကြီးလုံအား ကိုယ်တိုင်ကိုယ်ကျ မေးမြန်းရန် ဆုံးဖြတ်လိုက်သည်။ သူသည် လျှပ်စစ်စကူတာကို စီးနင်း၍ လုံအစ်ကိုကြီး၏ အပြင်စာဆိုင်သို့ တန်းတန်းမတ်မတ် မောင်းနှင်လာခဲ့သည်။

ဝမ်ရှောက်ထျန်းသည် အစ်ကိုကြီးလုံ၏ အပြင်စာဆိုင်သို့ ပြန်ရောက်သောအခါ အစ်ကိုကြီးလုံက ဆိုင်၏ ဧည့်ခန်းတွင် ထိုင်လျက် စီးကရက်ကို ပါးစပ်ဖြင့် ကိုက်ထားကာ ဒူးကိုထောင်၍ထိုင်ရင်း အငွေ့တထောင်းထောင်းကို အေးဆေးစွာပင် မှုတ်ထုတ်နေခဲ့သည်။

အသံကြားသဖြင့် အစ်ကိုကြီးလုံက ခေါင်းမော့ပြီး ဆိုင်တံခါးဘက်သို့ လိုက်ကြည့်လိုက်ရာ ကြောက်ရွံ့ ထိတ်လန့်နေသော ဝမ်ရှောက်ထျန်းသည် သူ့ဆီသို့ ချဉ်းကပ်လာသည်ကို တွေ့လိုက်ရသည်။ သူက မျက်မှောင်ကြုတ်မိသွားပြီး စိုးရိမ်ဟန်ဆောင်ကာ မေးလိုက်သည်။

“ရှောက်ထျန်း မင်း ဘာဖြစ်လာတာလဲ။ ချွေးတွေ ရွှဲလို့ပါလား”

အစ်ကိုကြီးလုံသည် အရပ်မြင့်ပြီး ခန္ဓာကိုယ်တောင့်တင်းကာ မျက်ခုံးမွေးထူထူနှင့် ကျားမျက်လုံးများ ပိုင်ဆိုင်ထား၍ ကြောက်စရာကောင်းသော မျက်နှာရှိပြီး လက်မောင်းတွင် နဂါးပုံနှင့် ဖီးနစ်ပုံ တက်တူးထိုးထားသည်။ ဝမ်ရှောက်ထျန်းသည် အစ်ကိုကြီးလုံအကြောင်းကို ပတ်ဝန်းကျင်ရှိ အခြားဆိုင်ရှင်များ ပြောဆိုကြသည်ကို ကြားဖူးသည်။

သို့သော်လည်း တစ်နှစ်ပတ်လုံး မြစ်နားမှာ လမ်းလျှောက်နေသူတွေဟာ ဖိနပ်စိုမှာကို ကြောက်ကြသည်မှာ သဘာဝဖြစ်ပြီး သူတို့အတွက် အကျင့်စရိုက်ပြောင်းလဲခြင်းက မဆန်းတော့ပေ။ ပတ်ဝန်းကျင်က ဈေးသည်တွေသည်လည်း ဒီကိစ္စကို ညစာစားပြီးနောက် စကားစမြည်ပြောစရာအဖြစ်သာ ပြောဆို ကြတော့သည်။

ဝမ်ရှောက်ထျန်းအတွက်မူ ကျောင်းဝင်းထဲကနေမှ အခုမှ ထွက်လာတဲ့ ကျောင်းသားတစ်ယောက် ဖြစ်နေသည့်အတွက် အစ်ကိုကြီးလုံသည် တရားဝင် စီးပွားရေးလုပ်နေသူဖြစ်ပေမဲ့ အစ်ကိုကြီးလုံရှေ့တွင် စကားပြောဖို့အတွက် မှာမူ အနည်းငယ်တော့ ကြောက်ရွံ့နေဆဲပင်ဖြစ်သည်။

ဝမ်ရှောက်ထျန်းသည် အစ်ကိုကြီးလုံ၏ အနီးသို့ လျှောက်သွားပြီး ပါးစပ်ကို ဖွင့်လိုက်ပိတ်လိုက်လုပ်ကာ အနည်းငယ် တုံ့ဆိုင်းစွာဖြင့် မေးလိုက်သည်

“အစ်ကိုကြီးလုံ... ကျွန်တော် နေ့တိုင်း ပို့နေရတဲ့ အပြင်စာတွေက ဘာတွေလဲ”

အစ်ကိုကြီးလုံသည် ထိုစကားကို ကြားသောအခါ မျက်ခုံးမှာပို၍ တွန့်သွားပြီး ဒေါသထွက်သည့် အသွင်က သူ့မျက်နှာပေါ်တွင် ပေါ်လာခဲ့သည်။ သူသည် လက်ချောင်းများကြားမှ ကျန်နေသေးသော စီးကရက်တစ်ဝက်ကို မြေပေါ်သို့ ပစ်ချလိုက်ပြီး အသံခပ်မာမာဖြင့် ပြောလိုက်သည်။

“မင်းကို အရင်ကတည်းက ပြောထားတယ်လေ…၊ မင်းရဲ့ အလုပ်က အစားအသောက်ပို့ဖို့ပဲ တာဝန်ယူရမှာ။ မင်း မဆိုင်တဲ့ တခြားကိစ္စတွေကို စိတ်မပူနဲ့…”

“ဒါပေမဲ့...”

ဝမ်ရှောက်ထျန်း၏ စကားမဆုံးမီ အစ်ကိုကြီးလုံက ထပ်မံ ဖြတ်ပြောလိုက်သည်။ အစ်ကိုကြီးလုံက စိတ်ရင်းမှန်ဖြင့် ဆက်ပြောသည်။

“ဟမ့် မင်းလို ကျောင်းဝင်းထဲကနေ အခုမှ ထွက်လာတဲ့ ကောလိပ်ကျောင်းသားတွေဟာ ကောင်းမွန် တဲ့ ဝန်ထမ်းတစ်ယောက်မှာ ရှိသင့်တဲ့ အရည်အချင်းတွေကို သိချင်မှသိမယ်။ သူဌေးဖြစ်သူက မင်းကို ပေးထားတဲ့ အလုပ်ကို မင်း ကောင်းကောင်း လုပ်နိုင်ရင် ရပြီ။ မလုပ်ခိုင်းတဲ့အရာကို ဝင်ပြီး တာဝန်ယူတာကတော့ အာဏာကို သိမ်းယူတာလို့ ခေါ်တယ်ကွ….”

အစ်ကိုကြီးလုံက “ဟင်း…” ဟု နားမလည်သလို အသံပြုလိုက်ခြင်းသည်။ ခုနက သူပြောတာကို ဝမ်ရှောက်ထျန်း သဘောတူလားဟု မေးလိုက်သကဲ့သို့ ဖြစ်နေလေသည်။ ဝမ်ရှောက်ထျန်းသည် ဆက်မေးလည်း အဖြေရတော့မည် မဟုတ်မှန်း သိသောကြောင့် ဟန်ဆောင်ခေါင်းညိတ်ကာ တုံ့ပြန် လိုက်ရသည်။

ညက ဖြစ်ခဲ့သော အရာများသည် ထူးဆန်းလွန်းသောကြောင့် အစ်ကိုကြီးလုံ၏ ပါးစပ်ကနေ အမှန် တရားကို ရှာဖွေနိုင်မည် မဟုတ်မှန်း သူ့စိတ်ထဲက ရှုပ်ထွေးမှုတွေကို ဖြေရှင်းနိုင်မည် မဟုတ်မှန်း သူ ကောင်းကောင်းသိပေသည်။ သူ့စိတ်ထဲမှ တွေးစရာများအတွက် တစ်ခုတည်းသောအဖြေသည် လီရွှယ် သာလျင်ဖြစ်သည်။

လီရွှယ်သည် သူ့အား အရင်က ပြောခဲ့သော စကားများအရ လီရွှယ်သည် တစ်ခုခုကို သိကိုသိရမည် ဟူသော ခံစားချက်ကို ခံစားနေမိသည်။

အစ်ကိုကြီးလုံသည် ဝမ်ရှောက်ထျန်း စကားမပြောတော့သည်ကို မြင်သောအခါ ဖြည်းဖြည်းချင်း မတ်တပ်ရပ်လိုက်သည်။ သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာပြီး ဝမ်ရှောက်ထျန်း၏ ပခုံးပေါ် လက်တင်ကာ ညင်သာစွာနှင့် ချစ်ခင်ဟန်ဖြင့် ပုတ်ပေးလိုက်ပြီး ငြိမ်သက်သောလေသံဖြင့် ပြောလိုက် သည်။

“ရှောက်ထျန်း၊ မင်းက အမြဲတမ်း အလုပ်ကို ကောင်းကောင်းလုပ်ပြခဲ့တာပဲ။ မင်းကို ပိုက်ဆံနည်းနည်း ထပ်တိုးပေးပြီး ပိုကြိုးစားခိုင်းဖို့ ငါ စဉ်းစားထားတယ်။ ငါ မင်းကို ဆိုးဆိုးရွားရွား ဆက်ဆံမှာမဟုတ် ပါဘူး...”

ဝမ်ရှောက်ထျန်း၏ အတွေးများက လီရွှယ်၏ ကိစ္စတွင်သာရှိနေသေးပြီး လုံအစ်ကိုကြီး၏ စကားများ သည် သူ့နားဘယ်ဘက်မှ ဝင်၍ ညာဘက်မှ ထွက်သွားသကဲ့သို့ ဖြစ်နေကာ လုံးဝ စိတ်ထဲ မထားပေ။ သူသည် ဟန်ဆောင်တုံ့ပြန်မှုသာ ပြန်ပြောလိုက်သည်။

“ဟင်... အင်း”

အစ်ကိုကြီးလုံ၏ အပြင်စာဆိုင်တွင် ဆက်မနေတော့ဘဲ သူသည် လျှပ်စစ်စကူတာလေးကို စီးနင်းကာ သူ ငှားရမ်းထားသည့် အိမ်သို့ ပြန်သွားခဲ့လိုက်သည်။

သူသည် ကောလိပ်မှ ဘွဲ့ရပြီးနောက် မြို့ထဲတွင် ဆက်လက်နေထိုင်ခဲ့ပြီး ကောလိပ်ကျောင်းသားအသစ် ထူးချွန်သူတစ်ဦး၏ ဂုဏ်ပုဒ်အောက်မှာ ကောင်းမွန်သည့် အလုပ်တစ်ခုကို ရှာတွေ့နိုင်လိမ့်မည်ဟု ထင်မိခဲ့သည်။

သို့ပေမယ့်လည်း ဤလူ့အဖွဲ့အစည်းတွင် ကောလိပ်ကျောင်းသားများသည် ရေကြီးသလို များပြားပြီး လမ်းပေါ်မှာ လမ်းလျှောက်ရင်း ဆိုင်းဘုတ်ပြုတ်ကျရင် လူလေးယောက် သေပါက သုံးယောက်က ကောလိပ်ကျောင်းသားတွေဖြစ်ပြီး တစ်ယောက်က မဟာဘွဲ့ရ ဖြစ်နေခြင်းမျိုးတွေ ဖြစ်နေသည် ဆိုခြင်းကို ဘယ်သူကများ ထင်ထားမိနိုင်မည်လဲ။

ဘွဲ့ရပြီးနောက် အလုပ်မရသေးကြောင်းကို အိမ်ကို ပြန်မပြောလိုသဖြင့် အစားအသောက် ပို့ဆောင်ရေး အလုပ်တစ်ခုကို အရင်ရှာပြီး ယာယီအဖြစ် လုပ်နေရင်းမှ အလုပ်ပြောင်းဖို့ ကြိုးစားခဲ့ရသည်။

ပိုက်ဆံ အခက်အခဲရှိသောကြောင့် ဈေးကြီးသော ရပ်ကွက်တွင် မငှားနိုင်ဘဲ ဆင်ခြေဖုံးရှိ ရွာဟောင်း တစ်နေရာတွင်သာ ငှားရမ်းနေထိုင်ရသည်။ ၎င်းသည် လူအများစု ပြောဆိုနေကြသည့် မြို့ပြ-ကျေးလက်ဆုံမှတ်ဟု ခေါ်သည့် နေရာဖြစ်သည်။

သူငှားထားသည့် ခြံဝန်းသို့ ပြန်ရောက်သောအခါ သန်းခေါင်ယံအချိန်ပင် ရောက်နေပြီ ဖြစ်သည်။

ဆင်ခြေဖုံးဒေသများသည် မူလကပင် ဝေးလံခေါင်ဖျားပြီး အနီးနားတွင် နေထိုင်သူ အများစုသည် ရွှေ့ပြောင်းအလုပ်သမားများ ဖြစ်သောကြောင့် စောစောပင်အိပ်ရာဝင်တတ်ကြသည်။ အရာအားလုံး တိတ်ဆိတ်နေပြီး တခါတရံ တောကြောင်နှင့် ခွေးတို့၏ ဟောင်သံ တစ်ချက်နှစ်ချက်ကို ကြားရသည်။ ၎င်းသည် အမှန်တကယ် ပုံမှန် အနေအထားပင် ဖြစ်သည်။

ဝမ်ရှောက်ထျန်းသည် အိမ်ထဲဝင်ကာ ဟိုဟိုဒီဒီလုပ်ပြီးနောက် ဗိုက်ဆာလာသဖြင့် ခေါက်ဆွဲခြောက် တစ်ပန်းကန် ပြင်ဆင်ကာ ဝမ်းကို ဖြည့်တင်းပြီး အိပ်ရာဝင်ခဲ့သည်။

သူသည် နောက်နေ့ နေ့လယ်အထိ အိပ်လိုက်ရာ တံခါးခေါက်သံကြောင့် သူ နိုးလာခဲ့သည်။

အခန်းထဲမှ လှမ်းကြည့်လိုက်ရာ ခြံဝန်းတံခါးအပြင်ဘက်မှ အလယ်အလတ်အရွယ် အမျိုးသမီးတစ်ဦး က အာခေါင်ညစ်၍ အော်ဟစ်နေသည့် အသံကို ကြားနေရသည်။

“မောင်လေး ရှောင်ဝမ်၊ မောင်လေး ရှောင်ဝမ်...”

ထိုထူးခြားသော အသံဖြင့် ခြံဝန်းအပြင်ဘက်ရှိ အမျိုးသမီး မည်သူဖြစ်သည်ကို ဝမ်ရှောက်ထျန်း အလွယ်တကူ သိနိုင်သည်။ ဤအမျိုးသမီးသည် ဒီခြံဝန်း၏ ပိုင်ရှင် အစ်မလီပင်ဖြစ်သည်။

ဝမ်ရှောက်ထျန်းသည် ငိုက်မျဉ်းသော မျက်လုံးများဖြင့် အိပ်ရာမှထကာ ဖိနပ်ပါးကို စီးပြီး အိမ်အပြင်သို့ လျှောက်လာခဲ့သည်။ သူ ခြံဝန်းတံခါးကို ဖွင့်လိုက်သောအခါ သူ့မျက်လုံးထဲသို့ ဝင်လာခဲ့သည်မှာ ခန္ဓာကိုယ် ဖောင်းကားနေသော အမျိုးသမီးတစ်ဦး ဖြစ်ပြီး ဤသူသည် အစ်မလီ သာပင်ဖြစ်သည်။

အစ်မလီသည် အသက် သိပ်မကြီးသေးသော်လည်း သူမသည် ရွာမှ ဆင်းသက်လာသူဖြစ်ပြီး မြို့ထဲက အမျိုးသမီးများကဲ့သို့ သူမ၏ အသားအရေကို ဂရုစိုက်တတ်သူ မဟုတ်ပေ။ အစောပိုင်းနှစ်များက လယ်ယာအလုပ်များကို လုပ်ကိုင်ခဲ့သောကြောင့် သူမ၏ အသက်အရွယ်ထက် များစွာ ပိုမိုအိုမင်း နေသည့်ပုံပေါ်နေသည်။

အစ်မလီသည် သွားဖွေးဖွေးများပေါ်အောင် ပြုံးလိုက်ပြီး ဝမ်ရှောက်ထျန်း ဘေးသို့ အကျွမ်းတဝင် ဝင်ရောက်လာကာ ပြင်းထန်သော လေယူလေသိမ်းဖြင့် ပြောလိုက်သည်။

“မောင်လေးရှောင်ဝမ် ဒီလအတွက် အခန်းခ... ဘယ်လိုလဲ၊ ရပြီလား”

အစ်မလီ၏ စကားများသည် မရှင်းမလင်းဖြစ်သော်လည်း အဓိပ္ပာယ်မှာ ရှင်းလင်းနေသည်။ သူမသည် ယခုတစ်ကြိမ် အခန်းခကောက်ခံရန် ရောက်လာခဲ့ခြင်းဖြစ်ပြီး ဝမ်ရှောက်ထျန်းကို လုံးဝ စိုက်ကြည့် ခြင်းပင်မရှိပေ။

ဝမ်ရှောက်ထျန်းလည်း အနည်းငယ် ခက်ခဲနေလေသည်။ သူသည် သူများအိမ်တွင် နေထိုင်ပြီး အခန်းခ ပေးရသည်မှာ သဘာဝကျသော်လည်း သူသည် အစ်ကိုကြီးလုံ၏ အစားအသောက် ပို့ဆောင်ခြင်းဖြင့်သာ ရပ်တည်နေရသည်။ နေ့စဉ်သုံးစွဲစရိတ်အပြင် အိမ်ရှိ အဖေအမေကိုလည်း လစဉ် ပိုက်ဆံအချို့ ပို့ပေးနေခဲ့ရသောကြောင့် ဤအရာများမှလွဲ၍ လက်ထဲတွင် ဘာမှ မကျန်တော့ပေ။

“အစ်မလီ... ကျွန်တော့်ကို နှစ်ရက်လောက် ဆိုင်းငံ့ပေးလို့ ရမလားခင်ဗျ။ ဒီရက်ပိုင်း ပိုက်ဆံ နည်းနည်း ကျပ်နေလို့၊ လစာရတာနဲ့ ချက်ချင်း ပေးပါ့မယ်…”

ဝမ်ရှောက်ထျန်းသည် အစ်မလီကို မျက်လုံးခြင်းဆုံပြီးပင် မကြည့်ရဲခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် သူသည် ဤအိမ်တွင် ငှားရမ်းနေထိုင်သူဖြစ်ပြီး အခန်းခပေးရမည်မှာ သူ့တာဝန်ဖြစ်ပြီး မပေးဘဲနှင့် မျက်နှာပြောင်တိုက်နေ၍ မရနိုင်ပေ။

All Chapters