လှည့်လည်သွားလာသော တာအိုဘုန်းကြီး
Vol. 1 Ch. 8
ဝမ်ရှောက်ထျန်း၏ စကားကို ကြားလိုက်ရသောအခါ အစ်မလီ၏ မျက်နှာသည် ချက်ချင်း မသာမယာ ဖြစ်သွားပြီး စိတ်ဆိုးသည့် အရိပ်အယောင် ပေါ်လာလေသည်။ သူမသည် လက်ပိုက်လိုက်ပြီး ဝမ်ရှောက်ထျန်းကို အပေါ်အောက် အကဲခတ်ကြည့်လိုက်ပြီးနောက် ခက်ထန်စွာ ပြောလိုက်သည်။
“မင်းကို သုံးရက်အချိန်ပေးမယ်။ အဲဒီအချိန်ထိမှ အိမ်လခ မရဘူးဆိုရင်တော့ ငါ့ကို သက်ညှာမှုမရှိတဲ့ မိန်းမလို့မပြောနဲ့။”
ဝမ်ရှောက်ထျန်းသည် သူမှားကြောင်း သိသဖြင့် ခေါင်းကို အကြိမ်ကြိမ် ညိတ်ကာ သဘောတူလိုက်သည်။
အစ်မလီက ဒေါသတကြီး နှာမှုတ်လိုက်ပြီး ရေပုံးတစ်ပုံးကဲ့သို့ ခါးကို နိမ့်ချီမြင့်ချီ လှုပ်ရမ်းလျက် ခြံဝန်းထဲမှ ထွက်ခွာသွားရာ ဝမ်ရှောက်ထျန်းကို လှည့်ပင် မကြည့်တော့ပေ။
ဝမ်ရှောက်ထျန်းတစ်ယောက်သာ သောကများဖြင့် ခြံဝန်းထဲတွင် ကျန်ရစ်ခဲ့သည်။ သူက လေးပင်စွာ သက်ပြင်းချလိုက်ပြီး မျက်ခုံးများ ရှုံ့မဲ့လျက် စိုးရိမ်ပူပန်နေလေသည်။
အစ်ကိုကြီးလုံ၏ အပြင်စာဆိုင်မှ အခြေအနေသည် မရှင်းမလင်းဖြစ်နေဆဲဖြစ်ရာ အပြင်စာပို့ရန် ပြန် သွားဖို့ သူ့တွင် တကယ်တမ်းပင် သတ္တိမရှိပေ။ ငွေရှာရမည့်အရေး အသက်ပါ ဆုံးရှုံးသွားနိုင်သည်ဖြစ်ရာ မည်သည့်ရှုထောင့်မှ ကြည့်ကြည့် အရှုံးနှင့် ရင်ဆိုင်ရမည်သာဖြစ်သည်။
သို့သော် အစ်မလီက သူ့ကို သုံးရက်သာ အချိန်ပေးထားခဲ့သည်။ ထိုမျှတိုတောင်းသော အချိန်အတွင်း အိမ်လခကို ရရန်မှာ ခိုးခြင်း သို့မဟုတ် လုယက်ခြင်းဖြင့်သာ ရနိုင်ပေသည်။ သို့သော် သူ့မိဘများက သူ့ကို ခိုးဖို့ တစ်ခါမျှ မသင်ကြားခဲ့ဖူးသလို သူ၏ ကိုယ်ကိုးကွယ်ရာ စိတ်ဓာတ်ကလည်း မည်သည့် မကောင်းမှုကိုမှ လုပ်ဖို့ ခွင့်ပြုမည် မဟုတ်ပေ။
ဝမ်ရှောက်ထျန်းသည် ဝမ်းနည်းပူဆွေးမှုများဖြင့် ပြည့်နှက်နေစဉ် ခြံဝန်းတံခါးကို တစ်ဖန် ပြန်ခေါက်လာ ပြန်သည်။
သူက မျက်မှောင်ကြုတ်၍ ကြည့်လိုက်သောအခါ အသက်ကြီးသော တာအိုဘုန်းကြီးတစ်ပါး ခြံဝန်းအဝင်ဝတွင် ရပ်နေသည်ကို တွေ့လိုက်ရသည်။
တာအိုဘုန်းကြီးသည် ဝမ်ရှောက်ထျန်းနှင့် အကြည့်ချင်း ဖလှယ်လိုက်ပြီး ရည်မွန်စွာ ပြုံးပြကာ ဖော်ရွေ စွာဖြင့်ပြောလေသည်၊
“အလှူရှင်လေး၊ ငါဟာ လှည့်လည်သွားလာသူပါ။ ကံအားလျော်စွာနဲ့ ဒီနေရာကို ရောက်လာတာ။ ရေတစ်ပန်းကန်လောက် လှူလို့ရမလား။ ခရီးထွက်လာတာ ကြာပြီဆိုတော့ ပူပြင်းတဲ့ နေရောင်အောက်မှာ အရမ်း ရေငတ်နေလို့ပါ။ ဒါကြောင့် အလှူရှင်လေးဆီလာပြီး အနှောက်ယှက်ဖြစ်အောင် လုပ်မိတာပါ ”
ဝမ်ရှောက်ထျန်းသည် ခြံဝန်းတံခါးမှ တာအိုဘုန်းကြီးကို မနှစ်မြို့သည့်စိတ် မရှိပေ။ အထူးသဖြင့် ဘုန်းကြီးက ရည်မွန်စွာဖြင့် စကားပြောနေသောကြောင့်ပင်။
စကားပုံတစ်ခုရှိသည်မှာ- ပြုံးနေသော မျက်နှာကို မရိုက်နိုင်ပေ။
သူက ရည်မွန်စွာဖြင့် ပြန်ပြောလိုက်သည်။
“ခဏလေး စောင့်ပါခင်ဗျာ”
ထို့နောက် သူလှည့်ကာ အိမ်ထဲဝင်သွားခဲ့ပြီး အေးမြသော ရေနွေးအေးတစ်ပန်းကန် ခပ်ယူလာကာထို တာအိုဘုန်းကြီးအား ကမ်းပေးလိုက်သည်။
တာအိုဘုန်းကြီးသည် ပန်းကန်ကိုယူကာ ရေကို တစ်ကျိုက်တည်း မော့ချလိုက်သည်။ သူပြောခဲ့သည့် အတိုင်းပင် သူသည် အလွန်အမင်း ရေငတ်နေခဲ့သည်မှာ သေချာပေသည်။
တာအိုဘုန်းကြီးအိုကြီးသည် ပါးစပ်ထောင့်မှ တင်ကျန်နေသော ရေစက်များကို သူ့လက်မောင်းနှင့်သုတ် လိုက်ပြီး ပြုံးပြုံးရွှင်ရွှင်ဖြင့်ပင် ကျေးဇူးတင်စကား ပြောလေသည်။
ဝမ်ရှောက်ထျန်းသည် ပန်းကန်ကို ပြန်ယူလိုက်ပြီး ရည်မွန်စွာ ပြန်ဖြေကာ တာအိုဘုန်းကြီးအားနောက် တစ်ပန်းကန် ထပ်ပြီး သောက်လိုပါသေးလားဟု မေးလိုက်သည်။
တာအိုဘုန်းကြီးသည် လက်ဝှေ့ယမ်းပြကာ ပြုံးလျက်ငြင်းဆိုလေသည်။
“ရေတစ်ပန်းကန်ဆို ငါ့အတွက် လုံလောက်ပြီ…”
သို့သော် ထိုသို့ပြောပြီးနောက် တာအိုဘုန်းကြီးအိုကြီးသည် ရုတ်တရက် သူ့အား အံ့သြသလို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်ပြီး ဝမ်ရှောက်ထျန်းကို စိုက်ကြည့်နေခဲ့လေသည်။
ဝမ်ရှောက်ထျန်းသည် စိတ်ရှုပ်ထွေးသွားခဲ့ပြီး ထူးဆန်းသည်ဟု ထင်လိုက်သည်။
*သူဘာကိုများ ကြည့်နေပါလိမ့်….။*
တာအိုဘုန်းကြီးအိုကြီးက အဓိပ္ပာယ်လေးနက်သော လေသံဖြင့် ပြောလိုက်သည်။
“အလှူရှင်လေး၊ မင်းရဲ့ နဖူးက မှောင်မိုက်နေပြီး အသားအရေက ဝါဖျော့နေတယ်။ မင်းမကြာသေးခင်က မကောင်းဆိုးဝါးတွေက နှောက်ယှက်တာကို ခံခဲ့ရပုံပေါ်တယ်”
“မကောင်းဆိုးဝါးတွေနှောက်ယှက်တာဟုတ်လား….”
မကောင်းဆိုးဝါးဟူသော စကားနှစ်လုံးကို ကြားလိုက်ရသည့်အခါ ဝမ်ရှောက်ထျန်းက ချက်ချင်းပင် အလျင်အမြန်မေး လိုက်သည်။
“တာအိုဆရာတော် ဒါကိုဘယ်လိုလုပ်ပြီး သိတာလဲ”
သူ၏လေယူလေသိမ်းသည်လည်း ပို၍ပင် ယဉ်ကျေးလာခဲ့လေသည်။
တာအိုဘုန်းကြီးသည် ဝမ်ရှောက်ထျန်းကို အခက်တွေ့နေစေသော ပဟေဠိများအား အတိအကျ ဖော်ပြနေခြင်းဖြစ်သည်။ အဘွားကြီး၏ ထူးဆန်းသော ခွန်အား၊ မပွင့်သောတံခါး၊ အစ်ကိုကြီးလုံ၏ အပြင် စာထည့်ထားသော အနက်ရောင် ပလတ်စတစ်အိတ်၊ လီရွှယ်၏ စကားများ…
ဤအရာများသည် သိပ္ပံနည်းကျ ဘာသာစကားဖြင့် ရှင်းပြရန် ခက်ခဲပြီး သဘာဝလွန် ရှင်းလင်းချက်များဖြင့် နားလည်ရမည့် အရာများဖြစ်သည်။ ထိုအရာသည် တာအိုဘုန်းကြီးအိုကြီး၏ “မကောင်းဆိုးဝါးနှောက်ယှက်ခြင်း” ဟူ သော ဆိုလိုရင်းပင်ဖြစ်သည်။
ထို့နောက်တာအိုဘုန်းကြီးက ပိုင်နိုင်စွာဖြင့် ပြောလိုက်သည်။
“ငါက တာအိုကျင့်ကြံသူတစ်ဦးဖြစ်ပြီးတော့ မကောင်းဆိုးဝါးတွေကို နှိမ်နင်းတာဟာ တာအိုတွေရဲ့ တာဝန်ပဲ”
“ငါ မင်းကို ဒီနေရာမှာ တွေ့ပြီး ဒီကောင်းသော ဆက်ဆံရေးကို တည်ဆောက်ခဲ့တယ်။ အခု မင်းကို မကောင်းဆိုးဝါးတွေက နှောက်ယှက် ခြောက်လှန့်နေချိန်မှာ ငါ လက်ပိုက်ကြည့်နေလို့ မဖြစ်ဘူး…”
တာအိုဘုန်းကြီး၏ စကားကို ကြားလိုက်ရသည့်အခါ ဝမ်ရှောက်ထျန်း ပြုံးလိုက်မိသည်။ သူ့ရှေ့မှ တာအို ဘုန်းကြီးသည် သူ့၌ မကြာသေးမီက ဖြစ်ပျက်ခဲ့သည့် ကိစ္စများ သူ မည်သူ့ကိုမျှ တစ်ခါမျှ မပြောပြဖူး သည့် ကိစ္စများကို မြင်နိုင်သည်မှာ ထိုတာအိုဘုန်းကြီးတွင် တစ်စုံတစ်ရာသော စွမ်းရည်ရှိကြောင်း ပြသနေလေပေသည်။
ဤကိစ္စသည် သူ့ကို ဒုက္ခပေးနေသည့် အရာပင်ဖြစ်သည်။ အကယ်၍ သူ ဖြေရှင်းနိုင်ခဲ့ပါက လုံအစ်ကို ကြီး၏ အပြင်စာဆိုင်နှင့် လုံးဝ မသက်ဆိုင်ကြောင်း သက်သေပြနိုင်မည် ဖြစ်ပြီး ထို့နောက်မှ သူ စိတ်ချလက်ချ အပြင်စာပို့ကာ အစ်မလီ၏ အိမ်လခကို ပေးနိုင်မည်ဖြစ်သည်။
တာအိုဘုန်းကြီး၏ ရုတ်တရက် ရောက်လာခဲ့ခြင်းသည် ဝမ်ရှောက်ထျန်းအတွက် ကောင်းကင်ဘုံမှ ဆင်းသက်လာသော ကယ်တင်ရှင်ကဲ့သို့ဖြစ်နေသည်။ သူ့ကယ်တင်ရှင်ကို သူ ဘယ်လိုများ ပစ်ပယ် ရဲမည်နည်း။ သူက အလျင်အမြန် တာအိုဘုန်းကြီးကို အိမ်ထဲသို့ ခေါ်ဆောင်လိုက်သည်။
တာအိုဘုန်းကြီးလည်း အိမ်ထဲသို့ ဝင်လာပြီး မကြာသေးခင်က ထူးဆန်းသော ကိစ္စများ တစ်စုံတစ်ရာ ဖြစ်ပျက်ခဲ့ခြင်း ရှိမရှိ ဝမ်ရှောက်ထျန်းကို မေးလိုက်သည်။
ဝမ်ရှောက်ထျန်းသည် အသက်ကယ်ကြိုးကို ဆုပ်ကိုင်ထားသကဲ့သို့ ခံစားရပြီး မည်သည့်အရာကိုမျှ မဖုံးကွယ်ဝံ့တော့ပေ။ သူသည် ပြီးခဲ့သည့်ညက ဖြစ်ပျက်ခဲ့သမျှကို အသေးစိတ် စကားလုံးတစ်လုံးမှ မလွတ်စေဘဲ တာအိုဘုန်းကြီးအိုကြီးအား ပြောပြလိုက်သည်။
တာအိုဘုန်းကြီးသည် ဝမ်ရှောက်ထျန်း၏ ဇာတ်လမ်းကို အဓိပ္ပာယ်ရှိစွာဖြင့် ခေါင်းညိတ်ရင်း နားထောင် နေခဲ့သည်။ ဝမ်ရှောက်ထျန်း စကားဆုံးသွားသည့်အခါ၌ သူက ဆိုလိုက်သည်၊
“မင်း မနေ့က မတော်တဆ ယင်နယ်မြေ(သေလွန်သူများ၏နေရာ) ထဲကို မတော်တဆ လမ်းပျောက်ပြီး ရောက်သွားတာဖြစ်ရမယ်”
“ယင်နယ်မြေလား…”
ဝမ်ရှောက်ထျန်းသည် မအံ့ဩတုန်လှုပ်စွာဖြင့် မေးလိုက်သည်။
တာအိုဘုန်းကြီး၏ ယင်နယ်မြေဟူသော ဖော်ပြချက်သည် သူ့အတွက် လုံးဝအသစ်အဆန်းဖြစ် နေသောကြောင့် လုံးဝ နားမလည်နိုင်ပဲရှိနေသည်။
တာအိုဘုန်းကြီးအိုကြီးက ဖြည်းညှင်းစွာ ရှင်းပြသည်မှာ
“ဒီယင်နယ်မြေဆိုတာက ယင်ဝိညာဉ်တွေ စုဝေးရာနေရာပဲ။ မင်း ဒီယင်နေရာကို ဝင်နိုင်တယ်ဆိုတာက မင်းရဲ့ ကံကြမ္မာဟာ မကောင်းဆိုးဝါးတွေအတွက် ဝင်ရောက်ပူးကပ်ဖို့ လွယ်ကူနေလို့ပဲ…”
တာအိုဘုန်းကြီး၏ ရှင်းလင်းချက်က သူ့ကို ပိုရှုပ်ထွေးသွားစေခဲ့သည်။ သူ ရှင်းပြလိုက်သောအခါ ဝမ်ရှောက်ထျန်းသည် ယခင်ကထက် ပို၍ပင် ရှုပ်ထွေးသွားပြီး ရဟန်းတစ်ပါးက အရာပေါင်း တစ်ထောင်ကို နားလည်အောင် ကြိုးစားနေရသကဲ့သို့ ဖြစ်သွားသည်။
ဝမ်ရှောက်ထျန်းသည် ခေါင်းကုတ်ကာ လုံးဝ ရှုပ်ထွေးသော မျက်နှာဖြင့် မေးလိုက်သည်။
“ဆရာတော် ပိုပြီး ရိုးရိုးရှင်းရှင်းလေး ရှင်းပြလို့ ရမလားခင်ဗျာ။ ဆရာတော်ရဲ့ တာအိုအသုံးအနှုန်းတွေကို ကျွန်တော် နားမလည်လို့ပါ”
တာအိုဘုန်းကြီးသည် စိတ်အနှောင့်အယှက်ဖြစ်သည့် အရိပ်အယောင်မပြဘဲ နှစ်ကြိမ် ကျယ်လောင်စွာ ရယ်လိုက်သည်။ သူက ရယ်မောရင်း ရှင်းပြလေသည်။
“သေဆုံးသူ ဝိညာဉ်များစွာရှိတဲ့ နေရာတွေဟာ ယင်နေရာတွေပဲ။ ယင်နေရာကို ဝင်နိုင်တဲ့သူတွေဟာ ယင်စွမ်းအင် ကြီးမားသူတွေပဲ။ သေဆုံးသူ ဝိညာဉ်တွေနဲ့ လက်စားချေလိုတဲ့ သရဲတွေဟာ သူတို့ကိုယ် သူတို့ ကျင့်ကြံဖို့ ယင်စွမ်းအင် ကြီးမားတဲ့ လူတွေကို အသုံးပြုပြီး စွမ်းအင်တွေ စုဆောင်းရတာကို ကြိုက်တယ်”
အဘိုးကြီး တာအိုဘုန်းကြီး၏ စကားကို ကြားပြီးနောက် ဝမ်ရှောက်ထျန်းသည် သူ၏ ကလေးဘဝမှ အရာတစ်ခုကို ရုတ်တရက် သတိရလိုက်သည်။
ထိုအချိန်က သူသည် ကျောင်းတက်ဖို့ အရွယ်မရောက်သေးဘဲ အခြားအရာများကို မမှတ်မိသော်လည်း ထိုဖြစ်ရပ်တစ်ခုကိုတော့ အထူးသဖြင့် သေသေချာချာ မှတ်မိနေသည်။
သူသည် မိခင်က အိမ်ထဲတွင် ချက်ပြုတ်နေချိန် အိမ်ရှေ့တွင် ဆော့ကစားနေခဲ့သည်။ ထိုစဉ် ရုတ်တရက် အဘိုးကြီးတစ်ယောက်က အဝေးကနေ သူ့ကို လက်ဝှေ့ယမ်း ပြနေတာကို မြင်လိုက်ရပြီး သူ့ကို လာဖို့ အချက်ပြနေသည်ကို တွေ့လိုက်ရသည်။
ထိုအချိန်က သူသည် သတိထားရမည်ဟူသော အသိစိတ် လုံးဝ မရှိသေးပေ။ သူသည် မတ်တပ်ရပ်ကာ အဘိုးကြီးဆီသို့ လျှောက်သွားလိုက်သည်။ သို့သော် အဘိုးကြီးနှင့် နီးကပ်လာလေလေ အဘိုးကြီးက သူ့ခြေထောက်များကို မရွှေ့ဘဲ နောက်ပြန်ဆုတ်သွားလေလေ ဖြစ်သည်။ သူနှင့် အဘိုးကြီးကြားတွင် ရှိသော အကွာအဝေးက ပို၍ ပို၍ ဝေးကွာလာသည်။
သူက ဖြည်းဖြည်းလေး ပြေးကာ အဘိုးကြီးနောက်ကို လိုက်သွားသော်လည်း သူ ဘယ်လောက်ပဲ မြန်မြန်လိုက်လိုက် အဘိုးကြီးနှင့် အကွာအဝေး အတူတူပဲ ရှိနေပြီး ပိုမနီးကပ်လာခဲ့ပေ။
ထိုစဉ် သူ့အမေက သူ့ဘေးနားကို ရောက်လာပြီး သူ့အား အလျင်အမြန် ပွေ့ဖက်ကာ လမ်းပေါ်ကို တစ်ယောက်တည်း ပြေးထွက်သွားသောကြောင့် သူ့တင်ပါးကို နှစ်ချက်ရိုက်ပြီး ဆူပူကြိမ်းမောင်း နေခဲ့သည်။
သူက ရှိုက်ကြီးတငင်ငင်ဖြင့် မလှမ်းမကမ်းမှာ ရပ်နေဆဲ အဘိုးကြီးကို လက်ညှိုးထိုးပြကာ ထိုအဘိုးကြီးက သူ့အား လာခိုင်းကြောင်း ပြောလိုက်သည်။
သို့သော် သူ၏အမေသည် မည်သူ့ကိုမျှ လုံးဝ မမြင်ရဘဲ သူ လက်ညှိုးထိုးပြလိုက်သည့် နေရာမှာ မြို့နယ် ၏ သင်္ချိုင်းနေရာဖြစ်နေသည်။
သူ့အမေက သူ၏လက်ကို အမြန် ဖိချလိုက်ပြီး နှစ်ဦးစလုံးကို ဆူပူကြိမ်းမောင်းနေခဲ့သည်။
ဝမ်ရှောက်ထျန်းသည် ဤအကြောင်းကို တာအိုဘုန်းကြီးအား ပြောပြလိုက်သည်။
တာအိုဘုန်းကြီးက ဖြည်းညှင်းစွာ ခေါင်းညိတ်ပြီး ပြောလိုက်သည်။
“ဒါဟာ ယင်စွမ်းအင်ကြီးမားတဲ့ လူတစ်ယောက်ရဲ့ ထင်ရှားတဲ့လက္ခဏာပဲ၊ သူတို့ဟာ သေဆုံးသူတွေရဲ့ ဝိညာဉ်တွေကို မြင်နိုင်တယ်”